Wednesday, March 11, 2009

ချာပါတီနှင့် ဆိတ်နို့ခဲဟင်း

ချာပါတီနဲ့ ပူတီ ကျွန်တော် ဘယ်တော့မှ မကွဲပြားဘူး။ ဆီနဲ့ ကြော်တာက ချာပါတီလား ပူတီလား မှတ်မှတ်သားသားကို မရှိတာ။ အစတုန်းကတော့ ဆီနဲ့ ကြော်တဲ့ ပူတီကို ပိုကြိုက်တယ်။ ချာပါတီက ခြောက်လို့။ အခုတော့ ဗိုက်က ၆ လ ဗိုက်ဖြစ်ချင်နေတော့ ချာပါတီကို ပိုစားဖြစ်တယ်။

ချာပါတီအတွက် ဂျုံဖောက်နည်းကတော့ ပူတီလုပ်နည်းက အတိုင်းပါပဲ။ ဂျုံကို ၂ နာရီ ၃ နာရီလောက် နှပ်ပြီးတော့ ဂျုံကို ဂေါက်သီလုံးလောက် လုံးပြီး လှိမ့်လုံးနဲ့ ဖြစ်ဖြစ် ပုလင်းနဲ့ ဖြစ်ဖြစ် မထူမပါး အ၀ိုင်းလေးတွေ ရအောင် လုပ်လိုက်ပါတယ်။ မကပ်တဲ့ အိုးမှာ အပူပေးပြီး ဆီနည်းနည်းလေး သုတ်တယ် ဆိုရုံ သုတ်ပြီး ဂျုံပြားကို တင်လိုက်ပါတယ်။ ချာပါတီပြား အရောင် ပြောင်းပြီဆိုမှ နောက်တစ်ဖက်ကို လှန်လိုက်ပါတယ်။ အိုးကင်းတိုက်တာမျိုးပါ။ ဂျုံစိမ်းနဲ့ နည်းနည်း အပူပေးလိုက်လို့ ကျက်သွားတာနဲ့ အရောင် ကွာပါတယ်။ ၁ခု ၂ ခု လုပ်ပြီးရင် သတိထားတတ်သွားပါမည်။ ဂျပ်ခဲကြီးမျိုးလည်း မဖြစ်အောင် သတိထားရပါတယ်။


သီးစုံ ကုလားဟင်းနဲ့ စားဖြစ်ပါတယ်။ ဒီတစ်ခေါက် သီးစုံ ကုလားဟင်းကတော့ ပူတီတုန်းကလို ပဲနဲ့ ပြစ်အောင် ချက်တာ မဟုတ်ဘဲ ခရမ်းသီးကို နူးပြီး ကျေနေအောင် ချက်ပြီး အနှစ် လုပ်ယူတာပါ။ ခရမ်းသီးကတော့ ပိုချိုတာပေါ့။


ချာပါတီနဲ့ စားဖို့ နောက်ထပ် ဟင်းတစ်မျိုးကတော့ ဆိတ်နို့ ဟင်းပါ။ ကုလား မင်္ဂလာဆောင် တစ်ခုမှာ စားလာပြီး ကတည်းက ကိုယ့်ဘာကိုယ် ချက်စားချင်နေတာ နို့ခဲ မရလို့ ချက်မစား ဖြစ်ဘူး။ ဆိတ်နို့ခဲ အတွက် ဆိတ်နို့ကနေ လုပ်ထားတဲ့ Feta Cheese ရိုးရိုး အတုံးမာမာကို သုံးပြီး ချက်စားကြည့်တာ အတော်ကောင်းပြီး အရသာ ဆင်ပါတယ်။ အဖြူရောင် Feta Cheese က Ricotta Cheese ထက် ပိုမာပေမည့် ရိုးရိုး Cheese အ၀ါတုံးတွေထက် အများကြီး နူးညံ့ပါတယ်။ ချက်ရတာလည်း လွယ်ပါတယ်။ ကြက်သွန်ဖြူရယ် အနီများများရယ်ကို ဆီသတ်ပါတယ်။ အရောင်ပဲ လှပြီး မစပ်အောင် Paprika အရောင်တင် ပန်းငရုတ်မှုန့်ကို သုံးပါတယ်။ သမီးကလည်း လူကြီးဟင်းတွေ နှိုက်စားတတ်တော့ နောက်ပိုင်း ဟင်းချက်ရင် Paprika ကို ပိုသုံးဖြစ်ပါတယ်။ ငရုတ်ပွကနေ အမှုန့် ကြိတ်ထားတာဆိုတော့ မွှေးပြီး အရောင်လှပါတယ်။ အရသာကတော့ လုံးဝနီးပါး မစပ်ပါဘူး။ ဆီသတ်ထားတဲ့ထဲ ခရမ်းချဉ်သီးတွေ ထည့်ပြီး ကျေတဲ့ အထိ ချက်လိုက်ပါတယ်။ ပြီးတော့မှ ကြီးရင် လေးစိပ် စိတ် ငယ်ရင် တခြမ်းခြမ်း ထားတဲ့ မှိုတွေကို ခဏ ချက်လိုက်ပါတယ်။ အရည် နည်းနည်း ထည့်ပြီး အရည် စပ်စပ် ချက်တာမျိုးပါ။ ကျက်ခါနီးမှ မီးပိတ်ပြီး Cheese အရွယ်တော် တုံးထားတာတွေကို ထည့်လိုက်ရုံပါပဲ။


Goat Cheese & Mushroom Curry

သီးစုံ ကုလားဟင်း၊ ဆိတ်နို့မှိုဟင်းနဲ့ စားရင်တော့ ခြောက်ပါတယ် ဆိုတဲ့ ချာပါတီကလည်း စားလို့ ကောင်းသွားပါတယ်။

စာဖတ်သူ တစ်ဦးရဲ့ ကောမန့်ပါ
If you have an Indian grocery near by, try Paneer instead of Feta Cheese.
(http://en.wikipedia.org/wiki/Paneer)

တခြားဖတ်ရန်- ပူတီ

15 comments:

Anonymous - 3/12/09, 12:13 AM

စားချင်လိုက်တာ...

nu-san - 3/12/09, 1:02 AM

Andy က ၆ လဗိုက်ဆိုတော့ ဘယ်တော့ မွေးမှာလဲ.. :P

ချာပါတီ၊ ပူတီ အားလုံး စားချင်တယ်.. မလုပ်ဖြစ်သေးဘူး.. လုပ်ဖြစ်တဲ့ ပေါက်စီကတော့ မစားလိုက်ရဘူး Andy ရေ.. ဆော်ဒါတွေ များပြီး စားမကောင်းဘူး.. အဟိ.. :D

မြတ်နိုးလေးက လူကြီးတွေ စားသလို စားနိုင်နေပြီပေါ့.. ဓာတ်ပုံတွေပဲ ကြည့်ပြီး သူတို့မောင်နှမကို သဘောကျနေတာ.. မြတ်နိုးက လုံးကျစ်နေတာပဲ.. ပဲလည်း များတတ်လာပြီ... :D

MrDBA - 3/12/09, 1:17 AM

ခုမှဘဲပြန်ချက်နိုင်တော့တယ်ထင်ပါရဲ့ .. (ဟီးဟီး)

Anonymous - 3/12/09, 3:00 AM

ဗိုက်ဆာလိုက်တာ

ဒိန်ခဲမှိုဟင်းချက်ပြီးထဲကို ခေါက်ဆွဲထည့်စားကြည့်ဦးမယ်။

Phyo Evergreen - 3/12/09, 11:45 AM

သီးစုံကုလားဟင်းက ပုံမြင်တာနဲ့တင်ကောင်းမှန်းသိတယ်.. စားချင်တယ်..။
ဟဲဟဲ ၆ လဗိုက်ဖြစ်တာရိုးမှရိုးရဲ့လားကိုအန်ဒီ...။

Thant - 3/12/09, 1:03 PM

တံတွေးတွေပဲ ခဏခဏမြိုချ ... ဂလု ဂလု....

Phyo Wai Kyaw - 3/12/09, 2:01 PM

မဆိုးဘူးဗျ ... ချီး(စ်) = ဆိတ်နို့ခဲ ဆိုတာ တို့.... ပဲပုတ် = Tempeh ဆိုတာလေးတွေ ... ဒါလဲ ရှာဖွေ တွေ့ရှိမှုလို့ ပြောလို့ရတယ်ဗျ...

Moe Cho Thinn - 3/12/09, 3:57 PM

အော်..မြင်သာမြင်ရ မစားရတဲ့ ငါ့ဘ၀ပါလားနော်..

မိုးခါး - 3/12/09, 5:11 PM

အားး.. အစားငမ်းသွားပါ၏ .. ဒါလည်းဒုက္ခပေတကား .. :D

ဝါ၀ါ - 3/12/09, 9:21 PM

စားချင်တယ်.. စားချင်တယ်.....
ဟီးဟီး.. ၆လဗိုက်ဆိုလို့ နောက်တစ်ယောက်များလားလို့...
တောာ်သေးတာပေါ့.. ကိုအန်ဒီဗိုက်မို.လို.

ksanchaung - 3/13/09, 5:28 AM

ဒိန်ခဲ မှို ဆိုတဲ့ ဟင်းကို အတော်စိတ်ဝင်စားသွားပြီ ချာပါတီကတော့ ဆိုင်မှာပဲ သွားဝယ်စားလိုက်တယ်

khin oo may - 3/13/09, 5:31 PM

NTUC က ဝယ်လိုက်မယ်။ မလုပ်တတ်လို့. ဟင်းကကော။။ အာ ရှုပ်ပါတယ် အောက်ထပ် က ကုလားဆိုင်ဆီဘဲ သွားတော့မယ်။

ဝေတိုး - 3/17/09, 3:45 AM

သေ ချာ မ မှတ် ပဲ ချက် လိုက်တာ FETA CHEESE ထည့် တာ စောပြီး CHEESE ကျေ ကုန် တယ်။ အရသာ တော့ ကောင်း သား..အဟိ.. :D

Thank for recipe.

Anonymous - 3/19/09, 2:50 PM

If you have an Indian grocery near by, try Paneer instead of Feta Cheese.
(http://en.wikipedia.org/wiki/Paneer)

Andy Myint - 3/23/09, 11:33 PM
အ၀သာ စားသွား စာဖတ်သူ

မမွေးဘဲ အမြဲတမ်း ၆လ ဗိုက်ဖြစ်လို့ ခက်နေတာ မနုစံရေ... သူမကတော့ နှစ်ယောက်ရြှိ့ပီ မွေးပြီးတော့ ဗိုက်ပြန်ချပ်သွားတာ ဒီမှာတော့ အမြဲတမ်း ၆လ ဖြစ်နေတယ်။ မြတ်နိုးက လူကြီးစာလည်း နှိုက်စားတယ်။ နို့ကလည်း အရမ်းသောက်တော့ လုံးနေတာပေါ့။ ကျွန်တော်တို့ ပထမ တစ်ခေါက် လုပ်တုန်းကတော့ ဆိုဒါနည်းလို့လား မသိဘူး ကျစ်သွားတယ်။

ချက်တော့ ချက်ပါတယ် ကိုဒီဘီအေ .. မတင်ဖြစ်တာ..

ခေါက်ဆွဲနဲ့ ဒိန်ခဲမှိုဟင်း.. အင်း... ဆိုးတော့ မဆိုးပါဘူး

ဘယ်ရိုးပါမလဲ Phyo Evergreen ရယ် .. `သူမ´ပေါ့... ကျွန်တော်လို စွံတဲ့သူကို တခြားသူတွေဆီ ပါသွားမှာ စိုးလို့ ဗိုက်ကြီးအောင် စားကောင်းသောက်ဖွယ်တွေ စားစေတာ။

ဂလု ဂလုနဲ့ .. နောက်ဆို ဒီဘလော့မှာ အစားသောက် Post ဆို Warning ထည့်ထားပေးမည် Thant.. ဗိုက်ဆာချိန် မဖတ်ရ ဆိုပြီး

ဒီလိုပဲ လုပ်စားရတာပေါ ကိုဖြိုး

သေချာတယ် ကျွန်တော်တော့ နောက်ဘ၀မှာ ပြိတ္တာဖြစ်မှာ။ မချိုသင်းတို့ကို အစားအသောက်ပုံလေးတွေ ပြပြီး တကယ် မကျွေးလို့

သြော် ဘလော့ ဖတ်ရတဲ့ ဒုက္ခပါလား မိုးခါး

ဟီးဟီး ကျွန်တော် ဗိုက်ကတော့ အမြဲတမ်း ၆လမှာ တန့်နေတော့ နောက်တစ်ယောက်မထွက်ဘူး ၀ါဝါ

ဝယ်လို့ ရရင်တော့ အလုပ်ရှုပ် မခံနဲ့ ksanchaung

ကုလားဆီမှာ ၀ယ်တော့ Authentic ကုလားစာ ရတာပေါ့ မခင်ဦးမေ

မဝေတိုး တစ်ယောက် ပျောက်နေလို့ စိတ်ပူသလိုလို (ငါ့ ဘလော့ကို မလာတော့ဘူးလို့)စိတ်မကောင်း ဖြစ်သလိုလို တကယ်ဖြစ်နေတာ မဝေတိုး... အခုမှပဲ အလုံးကြီး ကျသွားတော့တယ်

Thanks, Reader... that's what I have been after... I just didnt know how to call it. Appreciate it. I will try. Cheers!

Post a Comment

Many thanks for dropping a comment…

Film