Monday, March 30, 2009

သမီး ၂ နှစ်ပြည့်အလှူ - ဆစ်ဒနီ ပဏ္ဍိတာရာမ

ဒီနေ့ သမီးလေး မြတ်နိုးရဲ့ ၂ နှစ်ပြည့် မွေးနေပါ။ မနေ့က ဆစ်ဒနီထဲက ဘုန်းကြီးကျောင်း တစ်ကျောင်းကို သွားပြီး သမီးလေးအတွက် အလှူ လုပ်ဖြစ်ပါတယ်။ ဘုန်းကြီးကျောင်း ဆိုပေမယ့် တကယ်တော့ တရားကျောင်းပါ။ ဆစ်ဒနီ ပဏ္ဍိတာရာမ သာသနာ့ ရိပ်သာပါ။ ကျောင်းက ဆစ်ဒနီထဲက Smithfield ဆိုတဲ့ နေရာမှာပါ။ ကျွန်တော်တို့ နေတဲ့ နေရာနဲ့ ကီလို ၃၀ လောက် ဝေးပါတယ်။ တရားကျောင်းလေးက ကျောင်းတွေ၊ အဆောင်တွေ ပြည့်စုံဖို့ အတော်ကို လိုပါသေးတယ်။

နယူးဂျာဆီက ဘုန်းကြီးကျောင်း

နိုင်ငံရပ်ခြားက မြန်မာ ဘုန်းကြီးကျောင်းတွေက ရပ်တည်ဖို့ အတော် ခက်ခဲပါတယ်။ ဒီကျောင်းလေးကို မြင်တော့ နယူးဂျာဆီက မြန်မာ ဘုန်းကြီကျောင်းကို သတိရပါတယ်။ အဲဒီကျောင်းလေးက ကျွန်တော်တို့ သွားတုန်းက ကျောင်းဆောင်လေး တစ်ဆောင်ထဲ ရှိပါတယ်။ အခု ဆစ်ဒနီက ကျောင်းနဲ့ အတော့်ကို ဆင်တယ်။ ဘုန်းကြီးကျောင်း ဆိုပေမယ့် ဘိုဆန်ဆန် အိမ် ခပ်နွမ်းနွမ်းလေးပါ။ အခုတော့ စေတီတစ်ဆူ တည်ထားတယ် ကြားပါတယ်။ စင်္ကာပူက ဘုန်းကြီးကျောင်းကြီး တစ်ခုကတော့ အတော့်ကို ကြီးကျယ် သေသပ်ပါတယ်။ လှူတဲ့ ဒကာကလည်း ပေါမှပေါ။ ကိုယ်တင်လည်း ရောက်သွားရင် ဆန်လေး၊ ဆီလေးကို MRT Station ကနေ ၀ယ်ဝယ်သွားတတ်တယ်။ စင်္ကာပူမှာလည်း ခက်ခက်ခဲခဲ ရပ်တည်နေရတဲ့ တခြား ဘုန်းကြီးကျောင်းတွေ ရှိပါသေးတယ်။ ပီနန်က မြန်မာ ဘုန်းကြီးကျောင်းကတော့ အကြိုက်ဆုံးပါပဲ။ ရောက်သွားတာနဲ့ ပြည်မြို့လို မြို့တစ်မြို့က ဘုန်းကြီးကျောင်းထဲကို ရောက်သွားသလို ခံစားရလို့ပါ။ သူက နှစ်ပေါင်း ၂၀၀ ကျော် ကြာပြီကို။

ပီနန်က ဘုန်းကြီးကျောင်း

ရောက်သွားတော့ ဆရာတော်ကြီး မရှိပါဘူး။ ဆရာတော်ကြီးက Blue Mountains မှာ ရှိတဲ့ ကျောင်းတစ်ကျောင်းမှာ တရားသွားပေးနေတယ် ပြောပါတယ်။ လက်ထောက်ကျောင်းထိုင် ဘုန်းကြီး တစ်ပါးပဲ ရှိပါတယ်။ ကျောင်းမှာ ၀ိုင်းလုပ်နေတဲ့ အန်တီကြီးတွေကို သမီးက တွေ့တော့ `ဘွားဘွား... ဘွားဘွား´ ဆိုပြီး ငိုပါလေရော။ ဘုန်းကြီးကိုလည်း ထပ်တွေ့ရော ကြောက်ပြီး ပို ငိုပြန်ရော။ ဘုန်းကြီးက Sunday School ဆိုပြီး ကလေးတွေကို စာပြနေကြဆိုတော့ အထာနပ်တယ်။ သမီးကို ချောကလက်တွေ ကျွေး၊ အရုပ်တွေ ပေးတော့ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ကြာတော့ သမီးလည်း အငိုတိတ်သွားပြီး ဘုန်းကြီးနဲ့ Peace ဖြစ်သွားတယ်။ အဲဒီကျမှ ဘုန်းကြီးလည်း ကျွန်တော်တို့ကို သီလပေးတယ်။ သား၊သမီးနဲ့ ကျွန်တော်တို့ကို မေတ္တာသုတ်တို့ အန္တရာယ်ကင်း ပရိတ်တို့ ရွတ်ဖတ်ပေးတယ်။ သမီးအတွက် အလှူပေးတော့ ရေစက်ချ အမျှဝေဖို့ ရှေ့ကနေ တိုင်ပေးတယ်။ ဒီလိုမျိုး ကိုယ်တိုင်ကိုယ်ကျ လှူရ၊ အမျှဝေရတော့ သူမလည်း သဘောတွေ ကျနေတယ်။ ဒါမျိုးလုပ်ချင်နေတာ ကြာပြီတဲ့။


နောက်တော့ ဘုန်းဘုန်းက ကျောင်းထဲကို လိုက်ပြတယ်။ တရားပြတဲ့ ဓမ္မခန်းမက အရမ်းကြီး မကျယ်ပေမယ့် ကျဉ်းကျဉ်းကျပ်ကျပ်တော့ မဟုတ်ပါဘူး။ လူ ၃၀၊ ၄၀ တော့ ဆန့်မယ်ထင်တယ်။ ခန်းမထဲမှာ မြန်မာပြည်က ပင့်လာတဲ့ ကြေးဆင်းတု ရုပ်ပွားတော် တစ်ဆူ ရှိတယ်။ အတော်လေး ကြီးပြီး သပ္ပာယ်ပါတယ်။ မဟာစည် ဆရာတော်ကြီး ပုံတော်နဲ့ ပဏ္ဍိတာရာမ ဆရာတော်ကြီးပုံတော်လည်း ရှိပါတယ်။


 ပြီးတော့ တရားထိုင်ဖို့ လာတဲ့သူတွေ နေတဲ့ အဆောင်တွေကို လိုက်ပြပါတယ်။ ရုံးပိတ် ရက်ရှည်တွေ၊ အခါကြီးရက်တွေမှာ လာထိုင်တဲ့သူ များပြီး နေရာ ထိုင်ခင်း မလောက်ကြောင်းလည်း ရှင်းပြပါတယ်။ အမျိုးသားဆောင်နဲ့ အမျိုးသမီးဆောင် ခွဲထားပါတယ်။ အမျိုးသမီးဆောင်မှာတော့ ကုတင်ပိုများတာ တွေ့ရပါတယ်။ ၂ထပ်ကုတင်တွေ ထည့်ထားရတယ်။
အမျိုးသားအဆောင်
အမျိုးသမီးအဆောင်


 အဆောင်တွေကတော့ ယာယီသဘောမျိုး ဆောက်ထားပေမည့် သေသေသပ်သပ်ပါပဲ။ ပြီးတော့ နောက်ဖေးမှာ စင်္ကြန်လျှောက်ဖို့ ငှက်ပျောပင်တွေ ဘေးမှာ စိုက်ထားတဲ့ မဂ္ဂင်လမ်းဆိုတာလေး ရှိတယ်။ နိဗ္ဗာန်လမ်းကတော့ မဖောက်ရသေးဘူး။ လျာထားတာလေး ပြတယ်။


နောက်ဖေးမှာပဲ စိုက်ခင်းလေး ရှိတယ်။ နိုင်ငံခြားက မြန်မာဘုန်းကြီးကျောင်းတွေက အဲဒီလိုပဲ စိုက်ထားတာ တွေ့ရတယ်။ ဘူးစင်မှာတောင် ဘူးသီးက သီးနေပြီ။ ငရုတ်၊ ချဉ်ပေါင်ခါး၊ ဂေါ်ရခါး၊ ပင်စိမ်းပင် မျိုးစုံအောင် စိုက်ထားတယ်။

တရားလာထိုင်တဲ့ သူက များပြီး နေရာ မလောက်လို့ အဆောင်လည်း ထပ်မချဲ့နိုင်သေးတော့ Caravan နောက်တွဲယာဉ်တွေ ၀ယ်ပြီး လူအိပ်လို့ ရအောင် ပြင်နေကြလို့ တူရိုက်သံ လွှဖြတ်သံတွေလည်း ကြားခဲ့ရတယ်။
ခဏနေတော့ ပြန်လာခဲ့တယ်။ လှူရတာ အတော် ကြည်နူးခဲ့ရသလို တရားကျောင်းလေးက အတော့်ကို မပြည့်မစုံ ဖြစ်နေတာ ကြည့်ပြီးတော့ စိတ်မကောင်းလည်း ဖြစ်ခဲ့ရတယ်။ ရန်ကုန်က ရွှေတောင်ကုန်း ပဏ္ဍိတာရာမ ကျောင်းကြီးကတော့ ဟီးလို့။ ဒီမှာတော့ အတော့်ကို ခက်ခက်ခဲခဲ ချဲ့ထွင်နေရတယ်။ သားတို့ သမီးတို့ ကြီးလာရင်လည်း Sunday School လိုမျိုး အဲဒီမှာ ပို့လို့ ရရင်ကောင်းမှာ။ ဒီကျောင်းကို နောက်ထပ်လည်း လှူချင်ပါသေးတယ်။ တခြားသူတွေ လှူတန်းချင်တယ် ဆိုရင်လည်း အောက်ပါ လိပ်စာကို ဆက်သွယ်နိုင်ပါတယ်။

Panditarama Sydney Meditation Centre Inc.
70 Market Street
Smithfield NSW 2164
Sydney, Australia

Phone: +61 02 9729 2343
Email: pannathami@panditaramasydney.org
http://www.panditaramasydney.org/

သမီးလေးရဲ့ မွေးနေ့အတွက် အလှူကိုလည်း စာဖတ်သူအပေါင်းကို အမျှဝေပါတယ်။

သမီးလေးက ၂ နှစ်တောင် ပြည့်ပြီ ကျွန်တော်လည်း သူ့ရဲ့ တိုးတက်မှုတွေကို အရင်လို မရေးဖြစ်တော့ဘူး။ အဓိက ကတော့ သူမပါ။ အရင်တုန်းက ရေးတာတွေက သူမက ရေးမှတ်ထားတာ တွေကို ကျွန်တော်က ကြည့်ကောင်းအောင် ပြန်ရေးလိုက်ရုံပဲ။ အခုတော့ ၂ ယောက်စလုံးက မအားတာနဲ့ မရေးဖြစ်ဘူး ဖြစ်နေတယ်။ သမီးလေးကို တစ်ပတ် ၂ ရက် ကလေးထိန်းကျောင်း ပို့ထားတာ ကျောင်းက သူ့ရဲ့ တိုးတက်မှုတွေစုပြီး Scrapbook လေး လုပ်ပေးထားတဲ့ထဲက အခုနောက်ဆုံးဟာလေးကိုတော့ မှတ်မှတ်ရရ တင်လိုက်ပါတယ်။


တစ်လပြည့်အလှူ
၃လပြည့်



25 comments:

Andy Myint - 3/30/09, 11:28 PM
ကိုယ့်ဘာကိုယ်ပဲ မှတ်ချက် ပြန်ရေးလိုက်ဦးမည်။ စာဖတ်သူတွေမှာလည်း Bravo အော်ရ၊ Congrats လုပ်လိုက်ရ၊ Happy Birthday ဆိုရနဲ့ မျက်နှာတောင် ပူတယ်။ Attention အရမ်း လိုချင်တဲ့ ကလေးတစ်ယောက်ရဲ့ စိတ်ဝေဒနာ ဒီဘလော်ဂါမှာများ အစပြုနေပြီလာတောင် ထင်ရောမယ်။ တိုက်ဆိုင်သွားလို့ပါ။ ကျေးဇူးလည်း တင်တယ်။ အားလည်းနာတယ်။
zizawa - 3/30/09, 11:49 PM

မင်္ဂလာမွေးနေ့ ပါ..မြတ်နိုးလေး။ သမီးလေးရဲ့ အရည်အချင်းကို ကောင်းကောင်း မြေတောင်မြှောက်ပေးနိုင်တဲ့ ပတ်ဝန်းကျင်မှာ ကြီးရလို့ လူချွန်လူကောင်း တယောက်ဖြစ်မှာပါ။

အချိန်ကုန်ခံပြီး မှတ်တမ်းလေးတွေ စာဖတ်သူတွေအတွက် တင်ပေးတာ ကျေးဇူးပါ၊ ကိုအန်ဒီ။

ကိုဇနိ - 3/31/09, 1:25 AM

ကိုအန်ဒီရေ ဘယ်လိုမှ စိတ်ထဲမခံစားပါနဲ့ ဘရာဗိုတွေ ကွန်ဂရက်တွေကလည်း တိုက်တိုက်ဆိုင်ဆိုင် လိုအပ်လို့ လုပ်သင့်လို့ လုပ်ရတာကိုး..
အခုလည်း သမီးလေးအတွက် ဆုမွန်ကောင်း တောင်းပေးပါတယ်။
သမီးလေး.. ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ။

Kay - 3/31/09, 2:18 AM

မြတ်နိုးလေးကို happy Birthday လုပ်မလို့ဟာ..ကိုအန်ဒီ ကွန်မန့်ကို မြင်ပြီး ပြုံးချင်သွားတယ်။
Happy Birthday က Happy birthday ပါပဲ..
ဟစ်သိန်းချီတာလဲ.. ကွန်ဂရက် ပါပဲ..ပျော်စရာ မိသားစုလေးရေ-

Taungoo - 3/31/09, 2:48 AM

Happy Birthday ပါ နိုးနိုးရေ။

JulyDream - 3/31/09, 2:54 AM

အလှူဒါနအတွက် သာဓုပါခင်ဗျာ။ မွေးနေ့ရှင်အတွက်လည်း Happy birthday ပါ ခင်ဗျာ။ =)

ZT - 3/31/09, 3:09 AM

အားနာစရာ မလိုပါဘူး ကိုအင်န်ဒီရေ။ မွေးနေ့က မွေးနေ့ပါပဲ။ Birthday Wish လုပ်ပေးရမှာပေါ့။

ပျော်စရာ ကောင်းတဲ့ မွေးနေ့ ဖြစ်ပါစေ မြတ်နိုးရေ။ နောက်နှစ်ပေါင်းများစွာ ပျော်ရွှင်စွာနဲ့ ဘဝလမ်းခရီးကို လျှောက်လမ်းနိုင်ပါစေ။

Moe Cho Thinn - 3/31/09, 9:05 AM

သမီးလေး မြတ်နိုးရဲ့ တိုးတက်မှု မှတ်တမ်းလေးကို ဖတ်ပြီး သဘောကျနေမိတယ်။
ဒီမြေ ဒီရေ ဒီဥယျာဉ်မှူးနဲ့တော့ ဒီပန်းကလေး လှပ မွှေးပျံ့မှာ အမှန်။ Happy Birthday thameelay yay..

နုသွဲ့ - 3/31/09, 10:17 AM

ဟယ် မရဘူး။ ဆုတောင်းမယ်ဆို တောင်းမှာပဲ။

သမီးလေးမြတ်နိုး ဖေဖေ၊မေမေ၊မောင်လေးတို့နဲ့အတူ ပျော်ရွှင် အောင်မြင် ငြိမ်းချမ်းသော ဘ၀ကို နှစ်ပေါင်းများစွာ ပိုင်ဆိုင်ပါစေ။

မေတ္တာဖြင့် -
အန်တီ (မြန်မာဆန်ချင်ရင်တော့ ကြီးတော်ပေါ့လေ) နုသွဲ့

ပုံရိပ် - 3/31/09, 12:43 PM

သမီးမြတ်နိုး မွေးနေ့အလှူကို သာဓုခေါ်ပါတယ်။ စနစ်တကျလေး မှတ်တမ်းထားပေးတာ သဘောကျတယ်။ သူတို့လေးတွေ ကြီးလာရင် ပြန်ကြည့်လို့ ရတာပေါ့။

rita - 3/31/09, 12:47 PM

myat noe lay yayy,,
HAPPY BIRTHDAY

sin dan lar - 3/31/09, 1:32 PM

ဟယ်... အားနာတတ်လိုက်တာ...
ကလေးအတွက်ဆုတောင်းတာပဲဟာ....
မင်္ဂလာမေါးနေ့ပါ.. သမီးလေး မြတ်နိုးရေ....။

Phyo Evergreen - 3/31/09, 1:38 PM

မြတ်နိုးတောင် ၂ နှစ်ပြည့်သွားပြီ.. အချိန်တွေကမြန်လိုက်တာ..။ ၂နှစ်ထက်ပိုထွားသလိုဘဲ..။

nu-san - 3/31/09, 2:12 PM

မနေ့ကတည်းက သမီးလေး မွေးနေ့ကို သတိရတယ်.. Happy Birthday လုပ်ဦးမလို့ member list တောင် ၀င်လိုက်သေးတယ်..:)

ဟိုရက်တွေကတည်းက ဘာရယ်မဟုတ်ဘူး.. ကလေးလေး ၂ ယောက်ရဲ့ မွေးမှတ်တမ်းလေးတွေ တောင် သေချာပြန်ဖတ်ဖြစ်လိုက်သေးတယ်.. ဘာလိုလိုနဲ့ သမီးလေးတောင် ၂ နှစ်ပြည့်သွားပြီ..
သမီးမွေးနေ့အတွက် အလှူလုပ်ထားတာ ဖတ်ပြီးတော့ စိတ်ထဲမှာ သာဓုခေါ်မိပါတယ်.. ကြည်နူးတယ်.. ကိုယ်တိုင်ကိုယ်ကျလေး လှူရတော့ ပိုပြီး စိတ်သဒ္ဒါဖြစ်တာပေါ့.. :)

“ထူးချွန်ထက်မြက်တဲ့ သမီးအလိမ္မာလေး ဖြစ်ပါစေ..”

Rita - 3/31/09, 4:09 PM

တရက်နောက်ကျသွားတယ်
Happy Birthday ပါ ကလေးလေးရေ

မဇနိ - 3/31/09, 9:07 PM

သမီးလေးမြတ်နိုး ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေနော်။ သမီးလေးက ဆံပင်တွေရှည် ပိုလှနေတယ်။

ဝါ၀ါ - 4/1/09, 12:42 AM

Belated happy birthday to မြတ်နိုးလေး..
၂နှစ်ကလည်း ခနလေးလိုပါပဲ..

May Moe - 4/1/09, 3:30 AM

ပျော်ရွှင်ဖွယ်ရာ မွေးနေ့ပါ မြတ်နိုးလေးရေ ။ အလှုကိုလဲသာဓု * ၃ ကြိမ်ခေါ်သွားပါတယ်နော်

မိုးကောင်းသူ - 4/1/09, 2:24 PM

ဒီဘလော့ကို အမြဲဖတ်နေကြပါရှင်။ အချိန်တွေက မြန်လိုက်တာ သမီးလေးတောင် နှစ်နှစ်ရှိသွားပြီကိုး။ သမီးလေး မြတ်နိုးရေ.........မွေးနေ့မှာပျော်ရွှင်ပါစေ။


တလက်စတည်းပြောလိုက်ပါတယ်။
ကျွန်မရဲ့ဘလော့မှာ လင့်ချင်လို့ခွင့်ပြုပါရှင်။

sandra - 4/2/09, 7:09 AM

Happy Birthday ပါ သမီးလေး မြတ်နိုး။
သမီးလေးက ဘလော့ဂ်ဖတ် ပရိသတ်ရဲ့ မေတ္တာကို တပွေ့တပိုက်ကြီးရထားတာ ကျေနပ်စရာပဲ။

Thant - 4/2/09, 2:08 PM

Happy Birthday ကလေးလေး ... သမီးလေးရဲ့ တိုးတက်မှုမှတ်တမ်းလေးတွေ့တော့ သဘောကျမိတယ် ။ သမီးလေးရဲ့ မွေးနေ့ အလှူအတွက်လည်း သာဓုပါရှင် ။

Yu Wa Yi - 4/3/09, 4:18 AM

သမီးလေးမွေးနေ့ အလှူကို မုဒိတာ ပွားမိပါတယ်။

Phyo Wai Kyaw - 4/3/09, 12:28 PM

oh...time moves so fast! seem everything just happened at the last few months. just wanna say "Thar Du" for your donations. :)

ko 9 - 4/4/09, 6:13 PM

ုko andy & family,
1st of all HAPPY BIRTH DAY THAMEELAY
my daughter also coming 17 Apr will 8th B'day.my son also 20 Apr and going 2 yr.

cleaner - 4/12/09, 1:16 AM

အကိုေ၇......................... သဗ္ဗေ္ဗသတ္တာ ကမ္မသကာ .............ပါ ..ကြားဘူးလား...............................

Post a Comment

Many thanks for dropping a comment…

Film