Thursday, March 19, 2009

ကိုပေါလို ပေါချင်တယ်

ဒီပို့စ်ဟာ ကိုပေါကို ကြည်ညိုခြင်း ရန်လိုခြင်း မရှိဘဲ “ကိုပေါ” ဆိုတဲ့ နံမယ်ဂျီး ဘလော်ဂါကို ခုတုံးလုပ် ရေးထားခြင်းသာ ဖြစ်တယ်လို့ အရင် ပြောချင်ပါတယ်။ တကယ်တော့ ကျွန်တော့် အကြောင်းသက်သက်ပါ။ ဒါပေမယ့် ကိုပေါဆိုတဲ့ လူကလည်း နာမည်နဲ့ လိုက်အောင် ပေါရှာပါတယ်လေ။ သူကြိုက်တာကိုက ကျွန်တော် ရေးတဲ့ စာတွေလို တည်တည်တံ့တံ့တွေ မဟုတ်ဘဲ သမိန်ပေါသွပ်လိုမျိုးဆိုတော့ ပြောမနေနဲ့တော့။ လူကလည်း အပြောင်အပြက်။ ကာတွန်းကလည်း ရေးသေးတယ်။ စာပေါလောကမှာလည်း ထိပ်က။ ဒီလောက် ပေါတဲ့ သူလို ပေါချင်တာ အကြောင်းတော့ ရှိရမည်။

ကျွန်တော်က သိပ်တည်တာ။ တည်လွန်း အားကြီးတော့ မျက်နှာက စူပုတ်နေရော။ ဒါကလည်း မညီညာတဲ့ သွားတွေ ပေါ်မှာ စိုးလို့ ပါးစပ်ကို ခပ်တင်းတင်း စေ့ထားတာ။ ဒါကို မသိတော့ ကျွန်တော့်ကိုဆို မပြုံးမရယ်သမားလို့ ထင်ကြတယ်။ အကြောင်းမသိသေးရင် ကြည်ညိုတယ်။ မြင်တာကြာလာရင် နည်းနည်းချဉ်တယ်။ ငယ်ငယ်တည်းက မျက်နှာက ဒီလို စူပုတ်နေတော့ (စာလေးကလည်း နည်းနည်း လိုက်နိုင်တော့) ကျောင်းက ဆရာမတွေက ကျွန်တော့်ကိုဆို မာနကြီးတယ်ဆိုပြီး ကြည့်မရဘူး။ ကျွန်တော်ကလည်း တခြားကျောင်းသားတွေလို ဆရာမတွေနဲ့ ဖက်လဲတကင်း နေတာ မဟုတ်ဘူးကိုး။

မိန်းကလေးတွေ မိန်းမတွေကိုလည်း မေးကြည့်လိုက်။ ဘယ်လို ယောက်ျာ(လေး)မျိုး ကြိုက်သလဲလို့။ ငွေရှာနိုင်တာပါရင်တောင် “Sense of Humor” ရှိရမည် ဆိုတာရဲ့ နောက်က။ အပြောင်အပြက် ပြောတတ်တဲ့ သူနဲ့ဆို ရွှန်းရွှန်းကို ဝေနေကြတာပဲ။ အဲဒီမှာ စတွေ့တာပဲ။ စကားလေးပြော လေလေးဖောနဲ့။ လူတစ်ယောက်နဲ့ တစ်ယောက် ခင်ဖို့ ဆိုတာကလည်း စကားစမြည် ပြောကြည့်ပြီးမှ အစပြုတာကိုး။ ခပ်တည်တည် သမားတွေနဲ့ စကားပြောရတာလည်း ပျင်းဖို့ ကောင်းပါတယ်။ ပထမ စကား တစ်ခွန်း စဖို့ ၂ မိနစ်လောက် အချိန် ယူရပြီး နောက်ထပ်၂ မိနစ်လောက် ပြောပြီးရင် အတော်ကို ငြီးငွေ့ဖို့ ကောင်းနေပြီ။ ဟာသနှောပြီး ပြောတတ်တဲ့ သူနဲ့ ဆိုရင်တော့ မိနစ် ၂၀ ဆိုတာ အသာလေးပဲ။

ဆိုတော့ကာ ခပ်တည်တည် နေတတ်တဲ့ သူဆိုရင် မိန်းကလေးတွေရဲ့ ချဉ်ဖတ်။ အနည်းဆုံးတော့ အတင်းတုပ်စရာ ရယ်စရာ ရတာပေါ့။ မိန်းကလေးတိုင်းတော့ ခပ်တည်တည် သမားတွေက ချဉ်တာ မဟုတ်ဘူးပေါ့။ သူမလိုမျိုး ခပ်တည်တည် ခပ်တင်းတင်းသမားကတော့ ကျွန်တော်နဲ့ အဆင်ပြေတယ်။ နှစ်ယောက်စလုံးက ခပ်တည်တည် ခပ်တင်းတင်းဆိုတော့ ကျွန်တော်တို့ နှစ်ယောက်မှာ ခင်မင်တဲ့သူ မတိုးတဲ့ အပြင် အထင်လွဲ စရာတောင် ဖြစ်တယ်။ ကျွန်တော်တို့ကလည်း အမှတ်မရှိ ပေါပေါ ရောရော မနေကြဘူးလေ။ ဘာသိဘာသာပဲ နေတတ်တယ်။ အကြောင်းသိတွေကတော့ အကြောင်းသိပါတယ်။

စာရေးရင်လည်း ပျော်ပျော်ပါးပါး ရေးတတ်တဲ့သူတွေရဲ့ စာတွေက ဖတ်လို့ ဖတ်မှန်း မသိအောင် ဆွဲဆောင်နိုင်တာ။ Seriously ရေးနေလို့ကတော့ သူ့ဆိုင်ရာ ဆိုင်ရာလူတွေပဲ ဖတ်မည်။ အများကိုတော့ ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော်ကလည်း ခပ်ပေါ့ပေါ့ မရေးတတ်။ ခပ်ပေါ့ပေါ့ဆိုတာ အနှစ်မပါတာကို ပြောတာ မဟုတ်ပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ Message တစ်ခု ပေးနိုင်တာမျိုးကို ဆိုတာ။ ခပ်ပေါ့ပေါ့ ရေးတတ်တဲ့ TZA တို့ဆို ၀ိုင်းဝိုင်းကို လည်နေတာပဲ။ (ကြွေးရှင်တွေ)။ ဖြစ်နိုင်ရင်တော့ သူကြီးလိုမျိုး ရေးချင်တာ။ ပေါတယ်ဆိုတာကလည်း ကဗျာ စပ်သလိုမျိုးပဲ။ Instinct ပါမှ လုပ်နိုင်တာမျိုးကို။ အတင်းဖြစ်ညှစ်ပြီး လုပ်ယူရင် အရူးပဲ ဖြစ်မှာ။

ပေါရင် ပျော်စရာ ကောင်းတယ်ဆိုပေမယ့် တောက်လျှောက်ချည်းပဲ ပေါနေရင်တော့ သေချာပေါက် ငပေါပဲ ဖြစ်တော့မှာ။ အဲဒီတော့ တခါတလေမှ ပေါတတ်တဲ့ သူတွေက ငပေါ မဖြစ်ဘဲ လူချစ်လူခင် များတာပေါ့။ အဲဒီလို ပေါတာတွေကို ဇယားချကြည့်တော့ နှစ်မျိုး ရှိတယ်လို့ သူငယ်ချင်း တစ်ယောက်က ပြောဖူးတယ်။ “ပေါတည်”နဲ့ “တည်ပေါ” တဲ့။ “ပေါတည်” ဆိုတာ ဝေလာဝါးလာ ပေါပြီးကာမှ ကောက်ခါငင်ကာ တည်တန့်သွားတာ။ ရုပ်ရှင် သရုပ်ဆောင်တွေလိုပေါ့။ ရုပ်ရှင်ထဲမှာ ကြိုက်သလောက် ပေါ။ အပြင်မှာတော့ ဘုရားသမားလည်း ဖြစ်မည်။ ခပ်တည်တည် သမားလည်း ဖြစ်မည်။ သူတို့ ကျတော့ အပေါ ဘရိတ်အုပ်နိုင်သလို လိုရင်လိုသလို ပေါတတ်တာမျိုး။

“တည်ပေါ” ကျတော့ ကျောင်းဆရာတွေလိုမျိုး။ ကျောင်းဆရာဆိုတော့ ရုပ်တည်နဲ့ လုပ်စားရတာ။ ဒါမှ မိဘတွေက စိတ်ချမှ။ တပည့်တွေကို စာသင်တဲ့ အခါမှတော့ နည်းနည်း ပေါပေးရတယ်။ ဟာသလေး ပြောပြီး သင်မှ ကျောင်းသားတွေက မငြီးငွေ့တာ။ ခပ်တည်တည်နဲ့ ပေါရတယ်။ ဒါကြောင့် ကျောင်းသားတွေက “တည်ပေါ” ဆရာတွေကို ပိုကြိုက်တာ။ အထူးသဖြင့် ကျူရှင်ဆရာတွေ လိုမျိုး။ ပထ၀ီ ဆရာတစ်ယောက်လို ရှေ့ကနေ ဟန်နဲ့ ပန်နဲ့ “ဒါ...... ဘာ.. မြစ်လဲ...” ဆို လိုက်တိုင်ပေးတော့ ကျောင်းသားတွေက နောက်က  “သံလွင်...မြစ်” ဆိုပြီး ညီညီညာညာ လိုက်ဆိုလာကြတာ.. “ဘာ ရိုးမလဲ...” လည်း ဆိုရော “ငါရိုးမ” ဆိုပြီး လိုက်အော်ကြ သလိုမျိုးလည်း ဖြစ်နေဦးမည်။

ကိုပေါကကျတော့ “ပေါတည်”လား “တည်ပေါ” လားတော့ မသိဘူး။ ပေါတော့ ပေါတယ် အမြဲတော့ မပေါပါဘူး။ သူက စာဖတ်ကောင်းတယ်။ စာဖတ်နာတဲ့ သူတွေက သိသာတယ် ထိလာတာနဲ့ လျှံကျလာတာ။ ဒါပေမယ့် သူက ခပ်ပေါပေါနဲ့ ဒိုင်ထည့်တာ။ တကယ်တမ်း ပြောရရင်တော့ သူပေါတာကို ကြိုက်တယ်ဆိုပေမည့် ဒီလို ပေါပေါ ရေးတတ်တာကို ကြိုက်တာ မဟုတ်ပါဘူး။ သူ့ကောမန့်တွေမှာ သူနဲ့ လမ်းစဉ် မတူလို့ပဲ ဖြစ်ဖြစ် မကြိုက်လို့ပဲ ဖြစ်ဖြစ်လာပြီး ခပ်ကြမ်းကြမ်း လာရေးထားရင် ခပ်ပေါပေါ တုန့်ပြန့်တတ်တာကို ပြောတာပါ။ ကျွန်တော်တို့ လင်မယားမှာ သူ ခပ်ပေါပေါ ပြန်ထားတဲ့ ကောမန့်တွေကို ကြည့်ပြီး အံသြရတယ်။ သြော်ငါတို့ ဘလောက်ကိုသာ ဒီလို လာပြောရင်တော့ စိတ်ဆိုး မာန်ဆိုးနဲ့ ပြန်ပြောလိုက်မိမှာပဲလို့။ ကိုပေါကတော့ ဒီလို ခပ်ပေါပေါ တုန့်ပြန်လိုက်တော့ တဖက်သူမှာလည်း အထိမနာ စာဖတ်သူတွေမှာလည်း စိတ်အနှောက်အယှက် မဖြစ်ရဘူးပေါ့။ အဲဒါမျိုးကျတော့ တခြားနေရာမှာလည်း ပေါနေကျမှ ဒီလိုနေရာမှာ ခပ်ပေါပေါနဲ့ ပေါ့ပေါ့ပါးပါး ဖြစ်အောင် လုပ်နိုင်မှာ။ နို့မဟုတ်ရင် နှစ်ဘက်စလုံးက တင်းမာပြီး ပေါက်ကွဲကုန်မှာ။ ကျွန်တော်တို့ကလည်း ဘလောက်ထဲမှာမှ မဟုတ်ပါဘူး။ အပြင်မှာ ဆိုရင်လည်း တစ်ခုခု ထော်လော် ကန့်လန့် လာပြော လာလုပ်ရင် ဘာမှ ပြန်မပြောရင်တောင် မျက်နှာက ပျက်နေပြီ။ ကြည့်လိုက်တာနဲ့ သိသာတယ်။ တွေ့ဖူးတဲ့ သူတစ်ယောက်ကတော့ သူ့ကို မဟုတ်တာ လာလုပ် လာပြောရင် ပေါသလိုလိုနဲ့ ရယ်ကာ မောကာ ပြန်တွယ်တာ။ ကျွန်တော်တို့ကတော့ အဲဒီလို မလုပ်တတ်တာ ခက်တယ်။ ၀င်းဝင်း လိုမျိုး ဖြစ်အောင် မလုပ်တတ်ဘူးပေါ့။ Win-Win ကိုပြောပါတယ်။

ပေါနိုင်တယ် ဆိုတာ ပါရမီ ရှိလို့ပဲ ဖြစ်ဖြစ် ပါးနပ်လိုပဲ ဖြစ်ဖြစ် အရည်အချင်း တစ်ခုခု ရှိမှ ပေါနိုင်တာမျိုးကိုး။ ကျွန်တော်တို့ မပေါတတ်ဖြစ်နေတယ် ဆိုတာကလည်း ကားမောင်း သင်ခါစ။ စက်ဘီးစီး သင်ခါစ လူတွေလိုမျိုး ဖြစ်နေတာ။ သိတယ် မဟုတ်လား။ ကားမောင်း သင်ခါစ ဆို စတီယာတိုင် ကို ဘယ်ညာ မှန်အောင် လှည့်တတ်ဖို့ ဘရိတ်နဲ့ လီဗာနဲ့ မှန်အောင် နင်းတတ်ဖို့ လောက်ပဲ ဂရုစိုက်နိုင်တယ်။ ကုန်းဆင်းမှာ ဖရီးရိုက်ဖို့တို့ မောင်းနေရင်း ကက်ဆက်ဖွင့်ဖို့တို့မျိုး အပိုတွေ လုပ်ဖို့ အာရုံ မလွှဲနိုင်ဘူး ဖြစ်နေတယ်။ အခုလည်း ခပ်တည်တည် နေတယ်ဆိုတာ ဒီလိုပဲ အခြေခံ အလုပ်တွေ အတွက် အာရုံတွေထိန်းနေရတော့ ပေါဖို့ကို အာရုံမလွှဲနိုင်ဘူး ဖြစ်နေရတာ။


အခုလို ခေတ်မကောင်းတဲ့ အချိန်မျိုးမှာ ပေါနိုင်မှ တော်ကာကျမှ။ တချို့ကတော့ ပေါပေါ ပေါပေါနဲ့ လူညွန့် ခူးစားနေတာတွေလည်း ရှိသေးတယ်။ ပေါတယ် ပေါတယ် ဆိုပြီး ရိုင်းတာရော။ ပြင်ပ လောကမှာတင် မဟုတ် ဘလော့လောကမှာပါ ရှိတယ်။ ပေါသလိုလိုနဲ့ ပေါက်ကရ ကောမန့် ပေးတတ်တာရော။ ကိုယ်ကတော့ ခပ်ပေါပေါ ပြန်မတုန့်ပြန်တတ်တော့ ခပ်မဆိတ်ပဲ နေလိုက်ပါတယ်။ အပြင်မှာလည်း အဲဒီလို ဖြစ်နေတတ်တယ်။

ပေါတယ် ပျော်တတ်တယ် ဆိုတာလည်း မွေးကတည်းက ပါလာတာ ကိုယ်တွေ့ပဲ။ သမီးဆို တစ်နှစ်သား အရွယ်အထိ မရယ် မပြုံးဘဲ။ ဒီနေရာမှာ အဖေ၊ အမေနဲ့ လာတူနေတော့ မျက်နှာမာတယ်။ သားလေးကတော့ ပြုံးရွှင်နေတာပဲ။ ဘာပဲဖြစ်ဖြစ် ရုပ်မာပေမယ့် မယုတ်မာ တတ်ရင် တော်သေးတာပေါ့။ရယ်ရယ်ပြုံးပြုံးဆိုရင်တော့ အကောင်းဆုံးပေါ့။

ဒီပို့စ်ကိုတောင် ခပ်ပေါပေါ ရေးတတ်ရင် ကိုပေါက စိတ်မဆိုးမှာ.. အဟီး။

31 comments:

့YMT - 3/20/09, 12:17 AM

"ရုပ်မာပေမယ့် မယုတ်မာ တတ်ရင် " ဆိုတဲ့စာသားလေးကို အရမ်း ကြိုက်တယ်ဗျာ။

TZA - 3/20/09, 12:18 AM

ဟားဟား.. ခေါင်းစဉ်ကိုကြည့်ပြီး တွယ်ကုန်ပြီလားလို့ စိတ်ပူသွားတာ၊ ရေပုံးဆွဲပြီး ပြေးလာတာ ခလုတ်တောင်တိုက်တယ်... ဗွမ်း..

ပရက်ရှာများလည်း ပျော်ရွှင်နိုင်ပါစေဗျာ (များပုံမရပါဘူး နှစ်ယောက်တောင် ပြုံးပြုံးလေး မွေးသွားတာပဲ)

MrDBA - 3/20/09, 12:44 AM

ကိုအန်ဒီတို့များ မရေးမရေးနဲ့ မျှော်လိုက်ရတာ။ ဒီမှာလဲ ပရက်ရှာမိနတယ်ဗျာ။ဟုတ်တယ် တခါတခါတော့လဲ ပေါပေါလေးနေချင်တယ်။
ရုတ်တရက်တော့ တီဇက်အေလိုဘဲ စိုးရိမ်သွားတာ။

Phyo Maw - 3/20/09, 12:58 AM

ပေါပေါများများ ဖြစ်ချင်တယ်။
ပေါပေါလောလော ပေးပလိုက်ချင်တယ်။
ပေါပေါ ပေါပေါ ပဲ မန့်တယ်။ လာမန့်ရင်လဲ ပေါပေါ ပေါပေါ ပဲ ပြန်ပလိုက်တယ်။ ဟဲဟဲ။ စာရှည်ပေမယ့် အချိန်ရခိုက် ညချမ်းသာ လမမြင်ရသော်လည်း စဆုံးဖတ်မိပြီး ပြုံးရသေး။ :D
ပေါပေါလေလေ ကူးစက်သွားတယ် စိတ်ဓာတ်တွေ :D

ဘုန်းမြင့်သူ - 3/20/09, 1:07 AM

ဝါကြီးသမားများ၏ ပေါနည်းလေးတွေ လေ့လာသွားသည်။ :P

Ko Paw - 3/20/09, 1:37 AM

အမ်… ကိုပေါဆိုလို့….. ကိုအင်ဒီတယောက် ကိုပေါဟိုမုန်းတွေပါ ထွက်လာပြန်ပလားဆိုပြီး ၀မ်းသာအယ်လဲ ဖတ်လိုက်တာ…. ဖတ်ပြီးတော့ ငိုရမည်လော ရယ်ရမည်လော မသိဖြစ်သွားသဗျ။
အေးလေ…. သူတည်းတယောက်၊ ဟားဖို့ရောက်မူ၊ သူတယောက်မှာ၊ ပေါက်လင့်ကာသာ ဓမ္မတာတည်း….တဲ့။ ပြောရင်းဆိုရင်းကို သမိန်ပေါသွပ်ထဲက စာကို ကိုးကားမိပြန်ပြီ။း-) ဒါပေမယ့် ကိုအင်ဒီ့စာတွေလည်း ကြိုက်ပါသဗျား။
နေဦးဗျ။ ဒီမှာ ကြုံကြိုက်လို့ (ကိုအင်ဒီက အစ)လူတွေ ကျနော့်အပေါ်မှာ ထင်ယောင်ထင်မှား ဖြစ်နေကြတာလေး တခုကို ရှင်းလင်းချင်ပါတယ်။ အစကတော့ အရသာခံပြီး အသာမှိန်းနေတာပါ။ အခုတော့ အသာမှိန်းနေလို့ မရတော့အောင် အခြေအနေက ဆိုက်လာလို့ပါ။
ကျနော်ဟာ အများထင်သလို စာဖတ်နာသူမဟုတ်ဘဲ စာဖတ် အလွန်ပျင်းတဲ့လူဗျ။ ငယ်ငယ်ကတော့ ကာတွန်း၊ ၀တ္ထု စသည် ဘာမဆို ဖတ်ဖြစ်တာပေါ့ဗျာ။ ကြီးလာတော့ မဖတ်ဖြစ်တော့သလောက်ပဲဗျ။ စာဖတ်သင့်တယ်ဆိုတာကို သိတယ်။ ငြင်းကြခုံကြတဲ့အခါ ကျနော်က စာအုပ်တွေဘာတွေ ဆွဲပြီး ကိုးကားတတ်သူမျိုးဆိုတော့ စာဖတ်ဖို့ လိုတယ်ဆိုတာကို ပိုသိလာတယ်။ အဲဒါကြောင့် အကိုးအကားနဲ့ ပြောနိုင်ဖို့ဆိုရင် …စာများများဖတ်ဖို့လိုပါတယ်…. လို့ ကလိုစေးထူးရဲ့ ဘလော့ဂ်ကွန်မင့်ကဏ္ဍမှာ ရေးလိုက်မိတယ်။ အမှန်က …ကျနော့်အနေနဲ့ စာများများဖတ်ဖို့ လိုပါသေးတယ်….လို့ ဆိုလိုချင်တာ။
ဒါပေမယ့် လူတွေက ကျနော့်ဆိုလိုရင်းကို မမိတော့ ကျနော်စာ အရမ်းဖတ်တယ်လို့ ထင်သွားကြဟန်တူပါရဲ့။ ကိုယ့်ထက် စာဖတ်အားနည်းတဲ့လူတွေကလည်း အဲသည် ကွန်မင့်မြင်တော့ ဘုမသိဘမသိနဲ့ ဖြုံသွားဟန်တူတယ်။ ကျနော်က ကိုပေါလောက်တော့ စာဖတ်အားမကောင်းပါဘူး…ဆိုတာမျိုးလေး ရှေ့မှာ စကားခံပြီး ပြောကြတော့ ကျနော့်မှာ မပြုံးဘဲနဲ့ ၀ါးလုံးကွဲပေါ့။ နေရင်းထိုင်ရင်း ပိဋကတ်အိုးကွဲလေးဘ၀ကို အမြိုင့်သား ရောက်သွားတယ်။ ပြောခဲ့တဲ့အတိုင်း အစက အရသာခံပြီး မှိန်းနေခဲ့ပေမယ့် ကြာရင် (ပညာစမ်းချင်တဲ့သူတွေ အလျှိုလျှိုပေါ်ပေါက်လာပြီး) ဒုက္ခရောက်ကိန်းရှိတာမို့ အခု ရှင်းလင်းလိုက်ရပါတယ်။
အဲ…အခုတလောတော့…. အပျော် ဟိုမုန်းသိပ်မထွက်ဘဲ ကလော်ဟိုမုန်းတွေ ထွက်နေသဗျိုး။း-)

Republic - 3/20/09, 1:43 AM

ပြုံးပီဖတ် ၊ ဖတ်ပီး ပြုံး မိပါတယ်၊၊ အဲဒါ လည်း ပေါတာ နေမယ် ကိုအန်ဒီရေ ၊၊

နေညိုရင့် - 3/20/09, 2:27 AM

ရုပ်တည်ကြီးနဲ့  ပေါတတ်တဲ့ သူတွေ့ ရင် အရမ်း ရီရ တယ်ဗျ။ ဥပမာ The Pink Panther ထဲက Steve Martin လိုမျိုး.. :D

subuueain - 3/20/09, 2:38 AM

post တွေကအမြဲ ဖတ်လို့ ကောင်းတယ်။ ကျွန်မကလည်း ခပ်ပေါပေါဘဲ။ :P

ပုံရိပ် / Pon Yate - 3/20/09, 3:34 AM

မပေါတတ်ပေလို့သာပဲ။ သုံးလေးခါလောက် ပြုံးသွားပါတယ်။

ကိုရင်နော်ခင်လေးငယ် - 3/20/09, 5:31 AM

အစ်ကိုရေ..

“ပေါတည်” နဲ့ “တည်ပေါ” ကို မှတ်သားသွားပါတယ်..း)

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

Nyi Nyi Myanmar - 3/20/09, 5:44 AM

လာလည်သွားတယ် အစ်ကိုရေ http://www.nyinyimyanmar.co.cc/

sandra - 3/20/09, 9:17 AM

ပြုံးပြုံးပြုံးပြုံးနဲ့ ဖတ်သွားတယ်။
အဲဒီ ပထ၀ီဆရာက အရမ်းရယ်ရသလို ခေါင်းထဲကို စာတွေရောက်သွားရော။ ပန်းဆိုးတန်းအထက်ကလေ။ တချို့စာတွေဆို ခုချိန်ထိ မှတ်မိနေတုန်းပဲ။

Anonymous - 3/20/09, 10:47 AM

i like all yr post. by the way pls write how to make baby food arond 14 months baby. thanks

မိုးခါး - 3/20/09, 12:02 PM

ဟုတ်တယ် .. မယုတ်မာဖို့သာအရေးကြီးတာနော် ..း) မှတ်သားသွားပါတယ် ..း)

sin dan lar - 3/20/09, 12:33 PM

ပေါရတာ ခက်သလား.....။
မွေးကတ့း်က ပေါလာတော့ ပေါပေါလောလောရတဲ့ ပေါခြင်းကို တန်ဖိုးမထားမိဘူး...။

P.Ti - 3/20/09, 1:08 PM

ပေါတယ်ဆိုတာ လွယ်တာမဟုတ်... ပညာရှိပေါပေါမှ မဟုတ်ရင် ပေါတောတော ပေါ့တော့တော့ ဖြစ်သွားရော...

ပေါသင့်တဲ့အခါမှာပေါပြီး တည်သင့်တဲ့အခါမှာတည်မှသာ ပေါတတ်ခြင်းမည်ပေသည်။

အချိန်တိုင်းပေါနေရင်လည်း ငပေါလို့ နာမည်တတ် လူပေါတွေကသာ လေးစားမည်။

ဘာရယ်မဟုတ် ပေါသွားပါသည်။ :P

Kay - 3/20/09, 1:24 PM

အဟား..ဒီလို ရေးလိုက်တော့မှ..ကိုအန်ဒီ ရဲ့ ဟိုမုန်း ကို ပိုပြီး ခံစားလို့ရသွားတယ်။ ကိုအန်ဒီလဲ..ပေါရေးပေါရာ.. အနုပညာ မှာ ခေသူမှ မဟုတ်တာ။
း)

ခရေဖြူ - 3/20/09, 3:53 PM

ဟုတ်တယ် TZA ကိုတော့ ကြိုက်တာ အမှန်ပဲ ဘာကြိုက်လဲ မေးရင် တော့ သိဝူ:၊ သူ့ဘလောက်က မမကွန်:၊ဆင်ထုံ၊ ကိုဘွိုင်၊ စထရိုက်တို့လို ပင်တိုင် အပေါ (အဲ ဟုတ်ပေါင်) အပျော်သမားတွေကြောင့်လဲ ဖြစ်နိုင်ပါတယ်

Anonymous - 3/20/09, 4:41 PM

့ ကိုအန်ဒီတို့ ပေါစာရေးတာတောင် အတည်ပေါက်နဲ့တော့။

ကြည်

KMA - 3/20/09, 4:42 PM

ကိုယ်တိုင်က ပါရမီလည်းမရှိ၊ ပါးနပ်မှုကလည်း မလုံလောက်တော့၊ သိက္ခာရှိရှိ ပေါတတ်တဲ့သူတွေရဲ့ ဘလော့ဂ်တွေဘဲ နေ့စဉ်လည်ပတ်ရင်း ပေါပေါလောလော အားပေးရပါတယ်။ အပျော်ပေါတွေ၊ အမှန်ပေါတွေကိုနှစ်သက်ပေမယ့်.. အရူးပေါ၊ အပေါပါးတွေကိုတော့ ရွံကြောက်ဘဲဗျို့..။

JuneOne - 3/21/09, 12:24 AM

ဟုတ်တယ် ပေါတယ်ဆိုတာမလွယ်ဘူး။ပါရမီလဲရှိဦးမှ။wesheme ကိုလည်းSGမှာရှိနေစဉ်ကတည်းကအားပေးတာပါ။

khin oo may - 3/21/09, 3:08 AM

ပေါ တာတွေ ကို သေချာရှင်းပြသွားတာဘဲ။ သေချာပြူစုပြီးမှ ရေးတာကိုး..မှတ်သားရပါ၏၏၏

memeelay - 3/21/09, 4:33 PM

Noted...

masumon - 3/21/09, 8:31 PM

ဘာရိုးမလဲ ငါရိုးမပဲ ....ဟဟဟဟ
ကျူရှင်ဆရာတွေ အတိုင်အဖောက်ကို ပြန်သတိရမိတယ်.

Moe Cho Thinn - 3/22/09, 10:18 AM

မပေါတတ်ဘူးသာဆိုတယ်၊ ကိုအန်ဒီ ကုန်းဆင်းမှာ ဖရီးရိုက်ပြီး ကက်ဆက်ဖွင့် သီချင်းဆိုနေတာကို လာနားထောင်သွားပါတယ်။ ပေါ ဆရာကြီးတွေမို့ လေးစားပါတယ်။ အဝေးက ကြည်ညိုနေသူတဦး ဆိုပါတော့။

ကိုပေါစာတွေ အမြဲသွားဖတ်ပါတယ်။ ကိုအန်ဒီပြောသလို ကိုပေါစတိုင်ဆိုတာ တကယ့်ကို ဖတ်သူစိတ်ထဲမှာ ပေါ့ပေါ့ပါးပါး ကြည်ကြည်နူးနူး ရီမိ ပျော်မိတဲ့စာမျိုးကို ဆိုလိုတာ ထင်ပါတယ်။ သူ့မှာ အဲဒီလက် ရှိတာ အသေအချာပါပဲ။ သဘောလဲ ကျတယ်။

အခုတလောတော့ ရှေ့ကွန်မန့်မှာ သူပြောသွားသလို အပျော်ဟိုမုန်း သိပ် မထွက်ဘဲ ကလော်ဟိုမုန်း ထွက်လေသလား မသိ။ ကလော်လေတော့ ဆူးလှည်းလိုပဲ ငြိလေတယ်။ အရင်စတိုင်လေးတွေ လွမ်းမိတယ်။

ရင်ထဲက စကားမို့ ကိုပေါ စိတ်မဆိုးတန်လောက်ဘူး ထင်ပါတယ်လေ။ :))

Anonymous - 3/23/09, 3:21 PM

Hi..

I'm Wondering Why you place a " Ko Paw' blog " in Your post...!

In my Opinion ( as normal myanmar - Blogs' reader ),...


Your blog ' s Insightful, +ive Minded, Humble abit, Sharing Knowledge & Info to People, etc...

But Ko Paw 's Totally Not...That way...!

I think Bcoz of ...

May B U want to Higlight Your Blog to became better / Sharp distinction..? By Comparing Ko Paw blog...?

Juz a Thought..!

Phyo Evergreen - 3/23/09, 6:22 PM

ပေါချင်လည်းပေါပါ.. overကြီးတော့မဖြစ်စေနဲပေါ့ဗျာ..။ မန့်ရမှာ နည်းနည်းရှိန်နေလို့ နောက်ဆုံးက ၀င်ပွားသွားပါတယ်..။

Andy Myint - 3/23/09, 11:18 PM
ကိုယ်က ရုပ်မာတော့လည်း ဒီလိုပဲ ပြောရတာပေါ့ YMT

ဟားဟား.. ဟုတ်တယ် TZA။ ပွဲဆူရင် လူစည်တယ် ဆိုလို့။ ပရက်ရှာထဲက ပလယ်ရှာ ရှာရာတာပေါ့။ ဒါနဲ့ ဘယ်နှယ်ဗျာ ရေပုံးဆွဲလာရာတယ်လို့... ဒီမှာ မကိုက်ရသေးပါဘူး.. သွေးတိုးစမ်း ဟောင်ကြည့်တာ...

ကိုပေါနဲ့ အန်ဒီ နောင်ဂျိန် ပလေးကုန်ပြီလားလို့ ကိုဒီဘီအေ ကိုပေါ ကိုယ်လုံးကြီးနဲ့တော့ သွားမ`စ´ရဲပါဘူးဗျာ...

ပေါပေါလောလောသာ ပေါပေတော့ ဖြိုးမော်

`၀ါ´ဆိုတာ `ဗိုက်´ကို ပြောတာလား ဘုန်းမြင့်သူ... ကျွန်တော်နဲ့ ကိုပေါက `၀ါ´တော့ မသိဘူး ဗိုက်တော့ ပူတယ်။

ဟီးဟီး... ပေါတယ် ပေါတယ်နဲ့ ခေါင်းတက် ခေါက်သလို ဖြစ်သွားရင် ဆောတီး ကိုပေါ။ ဘာပဲဖြစ်ဖြစ် ကိုပေါ စာဖတ်နိုင်တာ သိသာပါတယ်ဗျာ။

ဒီလောက် တည်တဲ့သူကို ပြုံးတယ်ဆိုတော့ မဟုတ်သေးပါဘူး Repblic .. :)

အဲဒီကား မကြည့်ဖူးဘူး နေညိုရင့်... ပေါတတ်အောင် ကြည့်ပြီး လေ့လာဦးမှ

ကောင်းတာပေါ့ ခပ်ပေါပေါပဲ ... Life is too short to paw .. Subuuein ... အင်.. ဘာမှတော့ မဆိုင်သလိုပဲ

တကယ် မပေါတတ်တာပါ မပုံရိပ်ရယ် ...

`ပေါတည်´ လား `တည်ပေါ´လား ကိုရင်နော်ခင်လေးငယ်

လာလည်တာ ကျေးဇူးပါ ညီညီမြန်မာ

အဲဒီ ဆရာပဲလား Sandra

Thanks, Reader... I will write about food for 1 yr+ baby if I have a chance..

သိပ်သေချာတာပေါ မိုးခါး

သူတို့ကျတော့လည်း ပေါပေါလောလောကို ပေါလို့ရနေပါလားနော်... Sin Dan Lar

ပေါသွားတဲ့ ပီတိကိုလည်း ခပ်ပေါပေါ ကျေးဇူးတင်လိုက်ပါတယ်။

ဟိုက်ရှားဘား.. ကျွန်တော်မှာ အပေါ ဟော်မုန်း ရှိသေးလား မကေ

ဟုတ်တယ် မခရေဖြူ TZA ဆီမှာ ကောမန့်တွေ ပေါထားတာ.. အဲ ပြောထားတာတွေ ဖတ်ပြီး ရယ်ရတယ်။

ဟုတ်ပ `ကြည်´။ ဒီလို စာကိုတောင် ပေါပေါ မရေးတတ်တာကိုတော့ ဘ၀ပေး ကုသိုလ်လို့ပဲ သဘောထားပါတော့တယ်။ စမ်းရေးကြည့်သေးတယ်.. အမှန်အကန် ပေါတာ မဟုတ်လို့ ပင်ကို အတိုင်းပဲ ရေးလိုက်တာ။

အရူးပေါ ..အပါးပေါတွေကတော့ ရွံစရာ အမှန်ပဲ KMA

အင်း..နောင်ဘ၀မှာ အပေါ ပါရမီ ရအောင် အခုဘ၀မှာ ဘာတွေ လုပ်ရင် ကောင်းမလဲ JuneOne

မခင်ဦးမေဆီက ကျွန်တော်က လေ့လာရမှာပါ ...ဟီးဟီး..

Thanks, memeelay...

အဲဒီ ကျူရှင်ဆရာတွေ ပျော်စရာတော့ ကောင်းတယ်နော် masumon..

ပေါဆရာ မဟုတ်ရပါဘူး မချိုသင်းရယ်.. ဟုတ်ရင်တော့လည်း ကောင်းသား.. မဟုတ်လို့ တောက်တခေါက်ခေါက် ဖြစ်နေတာ။ ရတယ် အစ်မ ပြောသာပြော ကိုပေါက သဘောကောင်းတယ် .. ဟီးဟီး။

Thanks, Reader.. I'm quite flattered. I link some of his posts becuase I like it or I think it's good to share. Definitely not for contrast.

ဟုတ်တယ် Phyo Evergreen.. အဲဒီလို အိုဗာကြီး ဖြစ်မှာ ကြောက်နေတာနဲ့ မပေါရဲ ဖြစ်နေတာ။
စိုင်းခမ်းထွန်း - 3/24/09, 11:31 PM

ဟီး ... ကျွန်တော်လည်း အပေါ သင်း အပေါဂိုဏ်ထဲဝင်ပါရစေ ...

Nu Thwe - 3/25/09, 9:07 AM

ကိုAndy က ပေါခြင်းကို ဒီလောက် သရုပ်ခွဲနိုင်ပြီ ဆိုမှတော့ ဆရာတစ်ဆူပေပဲ။ တဆက်တည်း ပြောရမယ်ဆို GSOH (Good Sense of Humour) ရှိသူ ပညာရှင် အားလုံးကိုလည်း ဂါရ၀ ပြုသွားကြောင်းပါ။

Post a Comment

Many thanks for dropping a comment…

Film