Sunday, April 12, 2009

သားနဲ့ သမီးရဲ့ မတိုးတက်မှု

သားနဲ့ သမီးရဲ့ တိုးတက်မှုတွေချည်းပဲ ရေးနေလို့ ကိုယ့်သားသမီးကိုတော့ အရမ်း တိုးတက်နေပြီလို့ မိဘတွေကတော့ ထင်နေမှာပဲ မှတ်ချက် ပေးမိချင် ပေးမိကောင်းမယ်။ တကယ်တော့ ကျွန်တော်တို့ သားသမီးတွေက အရမ်း မတိုးတက်တဲ့ အထဲမှာ ပါပါတယ်။

မြတ်နိုး ငယ်ငယ်တုန်းကဆို တစ်နှစ်အထိက ပုံမှန် တိုးတက်မှုက နှေးပါတယ်။ အသိသာဆုံးကတော့ ဆံပင်ပါပဲ။ သမီး ငယ်ငယ်တုန်းက ရယ်ရတယ်။ ဆံပင်က ပါးပါးကျဲကျဲနဲ့။ ကီတုန်းလေး။ ထိပ်ပြောင်လေး။ သမီးခေါင်းက အပူအရမ်း ထွက်တယ်။ အဲဒါကြောင့်ပဲ အမေနို့ကို အားနဲ့ ပါးနဲ့ စို့ရင် ချွေးတွေ ထွက်ပြီး စိတ်တွေတိုလာတယ်။ ခဏနေရင် ဆက်မစို့တော့ဘူး။ အဲဒီလိုနဲ့ပဲ နို့ဗူး စို့တဲ့ အကျင့် ရသွားတာ။ အဘွား လာမှပဲ ခေါင်းက အပူထွက်ရင် အုန်းဆီလိမ်းပေးရမယ်ဆိုပြီး အုန်းဆီတွေ ရွှဲနေအောင် လိမ်းပေးလိုက်တာ အုန်းဆီက Coolant လိုမျိုး ဖြစ်ပြီး ခေါင်းက အပူတွေကို စုပ်ယူလိုက်မှ ဆံပင်က ကောင်းကောင်း ပြန်ပေါက်လာတော့တယ်။

အခုလည်း ၂ နှစ်ပြည့်ပြီး သွားပြီ။ စကားကို ကောင်းကောင်း မပြောသေးဘူး။ မြင်ဘူးတဲ့ တခြား ကလေးတွေ၊ တူမလေးဆို ၂ နှစ်မှာ အတော် ပြောနေပြီ။ စကားနည်းတဲ့ အဖေ အမေရဲ့ သားသမီး ဆိုတော့ စကားနည်းတာ မဆန်းပါဘူးလေ။ ဒါပေမယ့် လုံးဝ အသံမထွက်တတ်တာမျိုး အသံ ထွက်ဖို့ ကိုယ့်ခန္ဓာက မစွမ်းသာတာမျိုး မဟုတ်ဘဲ စကားလုံး နည်းနည်းတော့ ပြောတော့ အရမ်းကြီး မစိုးရိမ်မိပါဘူး။ အခုဆိုရင်တော့ စာကြောင်းလိုက် မပြောတတ်သေးပေးမယ့် ၂ လုံးတွဲလောက်တော့ ပြောတတ်နေပြီ ဆိုတော့ မဆိုးဘူးပေါ့။ ဥပမာ `ဖေဖေ .. Up´ ဆိုပြီး အဖေကို ထခိုင်းတယ်။ တချို့ကလေးတွေဆို လုံးဝ တေမိပဲ။ ၂နှစ်ခွဲ ၃နှစ်လောက်လည်း ကျရော ပေါက်ပေါက် ဖောက်သလို စကားပြောပါလေရော။ ပြောတာမှ မြန်မာလိုရော တရုတ်လိုရောတဲ့။ ကလေးတွေ စကားပြောဖို့ ဖြစ်နိုင်လား မဖြစ်နိုင်လားဆိုတာ မိဘတွေ သတိမူမိရင်တော့ စကားမပြောသေးတောင် အလွန်အမင်း စိုးရိမ်စရာ မရှိပါဘူး။ သမီးက အခုအတော်တော့ ပြောနေပြီ။ သူ့နာမည် ဘာလဲ မေးရင် `နတ်မိုး´ တဲ့။ `မြတ်နိုး´ ကို ပြောင်းပြန် ထွက်တာ။ သူ့ကို Diaper လဲပေးလို့ Smelly... လို့ပြောရင် `မဲဆီး´တဲ့။

သားကကျတော့ သမီးလောက် လှုပ်လှုပ်ရှားရှား မနေသေးဘူး။ သမီးတုန်းကတော့ အင်မတန် ဇွဲကြီး စိတ်ကြီးသလောက် သားက အေးဆေးပဲ။ ဖြေးဖြေး ဖြေးဖြေးနဲ့ သူ့ကိုယ်သူ နာမှာ အင်မတန် စိုးရိမ်တတ်တယ်။ ပြီးတော့ အရင်နေတဲ့ အိမ်က အခုအိမ်ထက် ပိုကျယ်တယ်။ ကော်ဇောကလည်း ဆက်တိုက် အပြည့်ခင်းထားတာ ဆိုတော့ သမီးတုန်းကဆို တစ်အိမ်လုံး လျှောက်သွားနေတာ။ သားက ၁၀လ ရှိပြီး လေးဘက် မထောက်သေးဘူး တွားသွားတုန်းပဲ။ ကော်ဇောကလည်း ဧည့်ခန်းမှာ တစ်ပြတ်၊ အိမ်ခန်းမှာ တစ်ပြတ် ခင်းထားတာ။ ကလေးတွေက ဒီလို မတူတာကို သတိထားမိတော့ သားက ကော်ဇော အစပ်ရောက်ပြီဆို ဆက်မသွားတော့ဘူး။ သူ့အတွက် နယ်နမိတ် သတ်မှတ်ပေးလိုက်သလို ဖြစ်သွားတယ်။

ပြီးတော့ ကစားစရာတွေကလည်း အရမ်းများတော့ ကစားစရာတွေနဲ့ အခန်းက ပြည့်နေတယ်။ ကလေးက လွတ်လွတ်လပ်လပ် မသွားရတော့ဘူး။ ကစားစရာ တစ်မျိုးပြီး တစ်မျိုး ကိုင်ကြည့်နေတာနဲ့ ကိုယ်လက် လှုပ်ရှား မလုပ်တော့ဘူး။ ပြီးတော့ ကိုထူးက သူ့အစ်မကို အရမ်း သဘောကျတာ။ သူ့အစ်မ ဘာလုပ်လုပ် ခိုးခိုးခွိခွိရယ်ပြီး ကြည့်နေတော့တာပဲ။ သူ့အစ်မနဲ့သူ Entertained ဖြစ်နေတာနဲ့ သူ့ဘာသူ ဆော့ဖို့ အားကို မထုတ်တော့ဘူး။ သမီးတုန်းကတော့ သူဘာသူ လုပ်ဆော့ရတာဆိုတော့ မရရ အောင် ကြိုးစားပြီး လုပ်တယ်။ အဖေ အမေနဲ့ ဆော့ရတာ၊ ဥပမာ လူကြီးတွေ ထိုင်နေတဲ့ ခုံပေါ်လိုက် တက်ချင်တာမျိုးတွေဆိုတော့ မရရအောင် လုပ်တော့ အခု သားအရွယ်မှာ ထိုင်ခုံကိုင်ပြီး ရပ်တတ်နေပြီ။ သားကတော့ လေးဘက်တောင် မထောက်သေးဘူး။

သမီးနဲ့ သား တစ်နှစ်ကျော်ကျော်ပဲ ကွာပြီး အရမ်းကပ်နေတော့ ဒီအရွယ်မှာ လူကြီးတွေအတော် ဒုက္ခရောက်တယ်။ သားက သူအစ်မကို အရမ်းချစ်။ သူ့အစ်မ ကိုင်သမျှ လိုက်ကိုင်ကြည့်ချင်တယ်။ သမီးကလည်း အခုအရွယ်မှ `ပိုင်ဆိုင်မှု´ဆိုတာကို စသိတာ ဆိုတော့ Sharing လုပ်ဖို့ ကောင်းကောင်း နားမလည်သေးဘူး ဖြစ်နေတယ်။ သင်ပေးလို့လည်း မရသေးဘူး။ မောင်နှမ နှစ်ယောက်ကို အဝေတည့်အောင် လုပ်ပေးဖို့ကလည်း အမြဲတမ်း မဖြစ်နိုင်ဘူးလေ။ အရမ်းပြောလို့ သမီး စိတ်ထဲမှာ တစ်ခုခု ဖြစ်သွားမှာလည်း စိုးရိမ်ရသေးတယ်။သူ့မောင်လေးကိုလည်း တွယ်သလားမမေးနဲ့။ ကိုထူးကလည်း သူ့အစ်မနားပဲ ကပ်တယ်။ အမှတ်မရှိဘူး။ သူက သူ့အစ်မနဲ့ ဆော့ချင်တာကိုး။ မြတ်နိုးက အကပ်မခံဘဲ သူကစားစရာတွေ လုမှာစိုးလို့။ Mine.. Mine နဲ့ အသံကို စာနေတာပဲ။ Daycare က တတ်လာတဲ့ အကျင့်လေ။

သားရော သမီးရော Social တော့ ကောင်းကောင်း မရသေးဘူး။ လူတွေ့ရင် ကြောက်တတ်တယ်။ သူစိမ်းကို လက်ခံ မလွယ်ဘူး။ အဖေအမေကလည်း Social မကောင်းဘူးလေ။ ဖိန့်ဖိန့်တွေ၊ ဖောဖောတွေ မတတ်ဘူး။ လူအများကြီးနဲ့လည်း မနေရတာလည်း ပါတယ်။ အဲဒါကြောင့် သမီးက တစ်ပတ်ကို ၁ရက် ၂ရက် Daycare ပို့ထားတာ။ သမီးကလည်း ပျော်တယ်။ အတော်လည်း တိုးတက်လာတယ်။

သူတို့ အမေကလည်း အစိုးရိမ်ကြီးတယ်။ နည်းနည်း တစ်ခုခု ဖြစ်ပြီ ဆိုလည်းပြော၊ တစ်ခုခု မဖြစ်ဘူး ဆိုရင်လည်း ပြော။ ကျွန်တော်ကလည်း ကျွန်တော်ပဲ။ တစ်ခေါက်လောက် ပြောရုံနဲ့ အရေးစိုက်တာ မဟုတ်ဘူးလေ။ တခြား အာရုံတွေကလည်း များတယ်။ အဲဒါကြောင့် ပြောထားရတယ်။ ကလေးတွေ စိုးရိမ်စရာ တစ်ခုခု ဖြစ်နေရင် ၃ ခေါက်ထက်လည်း လျှော့မပြောနဲ့ ၅ ခေါက်ထက်လည်း ပိုမပြောနဲ့လို့။ သူမက တစ်ခါလာပြောလို့ ကျွန်တော်က သြော်ဒါ သူ့ဘာသူ အစိုးရိမ်လွန်ပြီး လာပြောတာဆိုပြီ ဂရုမစိုက်ဖြစ်မိမှာလေ။ အဲဒါကြောင့် တစ်ခေါက်လောက် ပြောပြီး မေ့မေ့ပျောက်ပျောက် ဖြစ်သွားရင် ကလေးတွေက အဖေနဲ့ အမေကြားမှာ သတိလက်လွတ် ဖြစ်သွားမှာ စိုးလို့။

ကလေးတွေမှာ မတိုးတက်လို့ ဖြစ်ဖြစ်၊ တစ်ခုခု ပုံမှန် မဟုတ်တာဖြစ်ဖြစ် စိုးရိမ်စရာ တစ်ခုခု ရှိပြီဆိုရင်
ကလေးအဖေကို သတိမူမိတဲ့ အထိ ပြောရပါမည်။ စိုးရိမ်တတ်တဲ့ အမေနဲ့ အလုပ်များတဲ့ အဖေကြားမှာ ကလေးတွေက ဓါးစားခံ မဖြစ်သင့်ပါဘူး။။ ကလေးအမေကလည်း ကြားဖန်များလို့ ကလေးအဖေ ထုံသွားတာမျိုး မဖြစ်အောင် အမြဲတမ်း အစိုးရိမ် ပိုမနေသင့်ပါဘူး။ သူငယ်ချင်းတွေ အသိတွေကို ဖွင့်ပြောပြပါ။ သူတို့ဆီက Tip တွေ ရနိုင်ပါတယ်။ ဒါပေမယ့် ကလေးအဖေပဲ ဖြစ်ဖြစ် အသိကလေးမိဘတွေပဲ ဖြစ်ဖြစ် ဆရာဝန်လောက်တော့ ကောင်းကောင်း မသိနိုင်တဲ့ အတွက် ဆရာဝန်နဲ့ တိုင်ပင်တာ အကောင်းဆုံးပဲ။ ဆရာဝန်တွေကလည်း ပထမအကြိမ် သွားပြရင်တော့ တော်ရုံတန်ရုံ မမြင်သာတဲ့ ဟာမျိုးဆို စိုးရိမ်စရာ မရှိကြောင်း ပြောလိုက်မှာပဲ။ ၂ပတ် ၃ ပတ်ကြာလို့မှ မပျောက်သေးရင် အဲဒီ ဆရာဝန်ဆီပဲ နောက်တစ်ခေါက်ထပ်သွားပြီး အသေအချာ ပိုမို စစ်ကြည့်သင့်ပါတယ်။ ဆရာဝန်တွေက တော်ရုံတန်ရုံ မမှားတတ်ပေမယ့် ကိုယ့်စိတ်ထဲမှာ ဒီဆရာဝန်နဲ့ အဆင်မပြေဘူးဆိုလည်း နောက်ဆရာဝန် တစ်ယောက် ပြောင်းပြဖို့ ၀န်မလေးပါနဲ့။ ဒီလိုနဲ့ပဲ ကလေးတွေက အိမ်မှာ VIP ဖြစ်နေတော့တယ်။ ။

22 comments:

ZIN MINN - 4/12/09, 10:06 PM

ko andy,
My two children have 30 months different, but as you says, elder one can't share at this age. For my son, since his one year old, i gave him big toys and i explain him that it is his friend.
Believe me he understand, thus why when her younger sister want to play with him no problem.
Now they are three to play together.
P.S sorry for my english, cause i speak french and burmese, but i can't type burmese letter on computer.

Anonymous - 4/12/09, 10:17 PM

Reserved for KOM

MOK

Phyo Evergreen - 4/12/09, 11:00 PM

ကလေးတွေအကြောင်းဖတ်ရတာ ကြည်နူးဖို့ကောင်းတယ်..။ နောက်လည်း မကြာမကြာရေးပါ..။

Rita - 4/12/09, 11:19 PM

ဒီတခါ ကလေးလေးတွေအကြောင်း စိတ်ဝင်တစားလာဖတ်သွားပါတယ်။
တော်တော် မလွယ်တဲ့ အနုပညာတရပ်လို့ ခံစားရပါတယ်။

sin dan lar - 4/13/09, 12:54 AM

ကလေးခေါင်း အပူထွက်လှင် အုန်းဆီလိမ်းပေးရကြောင်း မှတ်သွားပါသည်။

rita - 4/13/09, 12:57 AM

according to their photos n their clips,,can see myat noe is a bit active n ko htoo is cool n steady ,,,
dont worry ,,they r just 2 n 1 yrs old
wait n see par oo lay
:)

Nu Thwe - 4/13/09, 1:58 AM

အမေတွေက စိတ်ပူပြီး အသေးစိတ်လေးတွေက အစ သတိထားမိတတ်တာ၊ အဖေတွေက အေးအေးဆေးဆေးနဲ့ တော်ရုံ မပူတတ်တာ...မြင်နေကျပဲ ကိုအင်ဒီ။ ထုံးစံလို့ပဲ ပြောရမယ် ထင်ရဲ့။ မဟေသီကို မှာပုံလေး ကြိုက်တယ်။ သုံးခါထက် မနည်း ငါးခါထက် မများ-တဲ့။ သိပ်တိကျတာပဲး)
သူငယ်ချင်းတွေကို နည်းလမ်း ပေးလိုက်ဦးမယ်။
စိတ်ထဲမှာ တခုခု ထင်ရင် ဆရာဝန် ပြတာ ကောင်းပါတယ်။ တချို့ ဆရာဝန် GP တွေက ခဏခဏလာတဲ့ အမေတွေကို သည်းတယ်လို့တော့ ထင်တတ်တယ်-တဲ့။ ဒါပေမယ့် ကိုယ် မသေချာတာတော့ သွားပြရမှာပဲ။ မပြမိပဲ တကယ် တခုခု ဖြစ်နေရင် ကိုယ့်ကလေးပဲ နစ်နာမှာလေ။
သမီးလေး ဆံပင် သန်လာပြီဆိုလို့ ၀မ်းသာတယ်။ သူလေးက လှချင်တော့မှာ။ နေ့ကလေးထိန်းကျောင်း အချိန်ပိုင်း ပို့လိုက်တာ ကောင်းပါတယ်။ Sharing ဆိုတာကို နားလည်လာမယ်။ Social skills တွေ Discipline တွေ နားလည်လာမယ်။ အိမ်မှာ မိဘနဲ့က ဘိုကျလို့ ရနေတာကိုး။ သူ ပျော်တော့ ပိုကောင်းတာပေါ့။
ယောက်ျားလေးက စကားပြော နောက်ကျတတ်တယ်။ ကိုယ့်သူငယ်ချင်းတွေရဲ့ သားတွေဆို သုံးနှစ်ကျော်မှ ကောင်းကောင်း ပြောတာ။ အိမ်နဲ့ ကျောင်း (နေ့ကလေးထိန်း) ကြား မတူတဲ့ ဘာသာစကားကလည်း မျက်စိလည်စေသေးတယ်တဲ့။
ဒါပေမယ့် နိုင်ငံခြားရောက် မြန်မာကလေးတွေ မြန်မာလို မတတ်တော့တာ စိတ်မကောင်းစရာပဲ။ နည်းနည်း ကြီးလာလို့ မြန်မာပြည် ပြန်လည်ရင် မြန်မာစကား မတတ်ခဲ့သော် ဆွေမျိုး၊ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရ ခက်လိမ့်မယ်။ Sense of belonging မရှိတော့ပဲ ကိုယ့်ဇာစ်မြစ်နဲ့ ပိုဝေးသွားတတ်တာမို့ မိဘများ သတိထားစရာလို့ မြင်မိတယ်။
အိန္ဒိယလူမျိုးများကတော့ အိမ်မှာ သူတို့ဘာသာစကားပဲ ပြောတာပဲတဲ့။ ကလေးတွေက အင်္ဂလိပ်လိုလည်း မွတ်နေတယ်။ မြန်မာမိဘတွေက အပူလွန်ကြတာလားလို့ စဉ်းစားနေတယ်။

Phyo Maw - 4/13/09, 2:42 AM

မိသားစု ဘ၀လေးပါလား...
ကျနော် ငယ်ငယ်တုန်းကတော့ အဖေမရှိဘူးဗျ။ မြေခြားမှာ အလုပ်လုပ်နေလို့။ ဒီတော့ လူမှန်းနည်းနည်း သိတတ်တဲ့အထိ အမေ့လက်၊ အဖွားလက်နဲ့ အဒေါ်လက် တွေပေါ်မှာ ကြီးပြင်းခဲ့တာ။ :D

Zephyr - 4/13/09, 3:46 AM

ကိုအန်ဒီရေ ... We She Me blog လေးကို link ချင်လို့ ခွင့်တောင်းပါတယ် ...။

Anonymous - 4/13/09, 5:33 AM

သမီးလေး စကားနည်းသေးတာက စကားသင်ဖို့ အနားမှာ လူများများ မရှိသေးလို့ ဖြစ်နိုင်ပါတယ်။ မြန်မာပြည်မှာဆို မြင့်မြတ်နိုးတို့ 'မြင့်နားညည်း ဖြစ်အောင် ပေါက်ပေါက်ဖောက်သလို စကားတွေ ပြောနေရောပေါ့။ ဘာသာစကား နှစ်ခု ဖြစ်နေလို့လဲ ဖြစ်နိုင်ပါတယ်။

Life is for Success - 4/13/09, 6:24 AM

dude,
coz of ur post, i just notice that myat noe hair is too thick already. in sg, most of ppl hair not thick due to water (including me, ithink next 2 or three yr later i no more hair already) ....

ပုံ့ရိပ် - 4/13/09, 1:01 PM

ဒီလိုနဲ့ပဲ အရိပ်ရိပ်တကြည့်ကြည့်လုပ်ရင်း ကြီးလာကြမှာပဲ။ ချစ်စရာလေးတွေ။

khin oo may - 4/13/09, 2:03 PM

နှစ်သစ်မှာ ချမ်းမြေ့ပါစေ

Anonymous - 4/13/09, 10:06 PM

မမမြတ်နိုးရယ်

လက်သံတွေ ပြောင်နေတယ်ပေါ့လေ။ေုကာက်စရာုကီးပါလားတော်

ဝါ၀ါမောင် - 4/13/09, 10:13 PM

သားနဲ့ သမီးလေးတို့အကြောင်း လာဖတ်သွားပါတယ် ကိုအန်ဒီ ရေ.
မိသားစုအားလုံး နှစ်သစ်မှာ မဂ်လာအပေါင်းနဲ့ ပြည့်စုံနိုင်ကြပါစေရှင်.

WWKM

nyimuyar - 4/13/09, 11:39 PM

သမီး နဲ့ သားလေးကို နှစ်သစ်မှာဒီထက်မက ပိုတိုးတက်ပါစေလို့ဆုမွန်ကောင်းတောင်းရင်း ရေလာလောင်းသွားတယ် ဗွမ်းးးးးးးဗွမ်းးးးးး နှစ်သစ်မှာပျော်ရွှင်ပါစေ။

မိုးချိုသင်း - 4/14/09, 3:09 AM

ကိုအန်ဒီရေ
ကလေးလေးတွေကို စောင့်ကြည့်ရတာ၊ သူတို့ တိုးတက်မှု အပြုအမူလေးတွေ သတိထားနေရတာ ကြည်နူးစရာပါပဲ။ အမ တူမလေးလဲ ၂ နှစ်ခွဲလောက်ထိ စကားမပြောဘူး။ နည်းနည်းပဲ။ သူက မှားသွားမှာစိုးလို့ သတိထားနေတာ။ ပြောတော့မယ်ဆိုရင် ပါးစပ်က အရင်ရွတ်သေးတာ။ ၃နှစ်လောက်လဲ ရောက်ရော ၀ါကျ အရှည်ကြီးတွေကို ပြောတော့တာ။ ကြော်ငြာလာရင်လဲ သူ့အသံချည်းပဲ ဆိုပါတော့ လိုက်ဆိုတာလေ။
မောင်တွေက အမတွေကို အမြဲပဲ အထင်ကြီးတယ်။ အခု မြတ်နိုးလေးကို ကိုထူးနဲ့ အသက်သိပ်မခြားဘဲ မွေးတော့ အဖော်ရတယ်။ ငယ်သေးလို့ sharing တွေ နားမလည်ပေမဲ့ နောင်ကျရင် ကိုထူးအတွက်ချည်း ဖြစ်နေမှာ။ တို့တုန်းကလဲ ပထမတော့ ကိုယ့်မောင်ကို ဆော်တာပဲ။ နောက်တော့ သူလိုတာပဲ လိုက်ကြည့်ပြီး လုပ်ပေးချင်တော့တာလေ။
ဒီပို့စ်လေးဖတ်ရတာ ကောင်းလိုက်တာ။

sandra - 4/14/09, 5:55 AM

မြတ်နိုးလေးက ခုမှ ၂နှစ်ပဲရှိသေးတာ။ ကျွန်မ သမီးဆို ၂နှစ်နဲ့၉လ ရှိပြီ။ စကားကောင်းကောင်း မပြောသေးဘူး။ စကားနည်းတဲ့ မိဘရယ်၊ ပြောတဲ့ ဘာသာစကား များနေတာကြောင့်လို့ ထင်တာပါပဲ။
ကိုအန်ဒီရေ.. အားရင် www.yourbabycanread.com ကို တစ်ချက် သွားကြည့်စေချင်ပါတယ်။ ကျွန်မ သမီးကို ၂နှစ်က စပြီး ၀ယ်ပေးထားလိုက်တယ်။ ခုဆို တော်တော်တတ်နေပြီ။ မျက်စေ့ရှေ့မှာတင် တိုးတက်မှု တွေ့ရတယ်။ ကိုယ့်ကလေး အတွက် အကျိုးရှိတော့ တခြား ကလေးမိဘတွေကိုလည်း ဝေမျှပေးတာပါ။
ကော်မရှင်မရပါဘူး။ စားသုံးသူသက်သက်ပါ။

T T Sweet - 4/15/09, 3:00 AM

သမီးတုံးကလဲ ၂နှစ်ခွဲလောက်မှ စကားစပြောတယ်။ နားကြားတယ်ဆိုတာ သိတော့ စကားပြောနောက်ကျတာ လုံးဝ မစိုးရိန်ပါဘူး။အိမ်ဘေးက သူငယ်ချင်းသမီးကျ ၂နှစ်မှာ အတော်ကို ပြောတတ်နေပြီ။ သမီးကခုတော့လည်း စကားအလွန်များပါတယ်။ဘာတွေ ဘယ်လိုကွာလို့ ခုလိုဖြစ်ရလဲတော့မသိပါ။ အတွေ့အကြုံလေးတွေ ရှယ်ပေးတာ ကျေးဇူးတင်ပါတယ်။

Melody - 4/15/09, 12:25 PM

အိမ်က သမီးလေးကတော့။ ပြောလိုက်တာ လွန်ရော။ သူများအိမ် သွားလည်လည်း (အကုန်လုံး) သူ့ ဟာတွေချည်းပဲ။ "ပေါက်ပေါက် ဟာ"။ "ပေါက်ပေါက် ဟာ"။ ဆိုပြီးတော့ ပြောနေလိုက်တာ။ နားကို ညည်းရော။ ပြီးရင် ပြောပြပါလိမ့်မယ် ။ "ဒါကောင်းတယ်။" "ဟိုဟာမကောင်းဘူး" ပြီးတော့ mummy ရှိနေရင် ကျန်တဲ့လူတွေ ဘာမှ မလုပ်နဲ့ ။ "အကုန်လုံး mummy လုပ်လိမ့်မယ်" တဲ့။ :(

မိုးကောင်းသူ - 4/16/09, 2:48 PM

သားသားနဲ့ မီးမီး အကြောင်းလဲ နောက်တခါ ဖတ်ရင်း နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည်စုံပါစေရှင်။

Anonymous - 8/5/09, 10:26 AM

hi ko andy,

i would like to read your child's sleeping pattern. now i have one son but he didn't sleep much. if u have chance, please post ur child's sleeping pattern. love to read ur blog.

Post a Comment

Many thanks for dropping a comment…

Film