Sunday, April 05, 2009

ငါးခေါင်းဟင်းချို

ငါးခေါင်းဟင်းချိုက ချက်ရတာ လွယ်ပါတယ်။ ငါးခေါင်းဟင်း ချက်တော့ ဖေကြီးကို သတိရတယ်။ (ကျွန်တော်တို့က အဲဒီလိုပဲ ဖေကြီး မေကြီးလို့ ခေါ်တယ်)။ ဖေကြီးက ငါးခေါင်းဟင်း အရမ်းကြိုက်တယ်။ ငယ်ငယ်တုန်းက Bamboo House ဆိုတဲ့ ဆိုင်မှာ လိုက်ကျွေးတာလည်း ပြန်အောက်မေ့တယ်။


ငါးခေါင်းဟင်းအတွက် ကြိုက်တဲ့ ငါးခေါင်းသာသုံး။ ကြီးရင် ပြီးရော။ ကျွန်တော်ကတော့ ဒီမှာ ဆော်လမွန်ငါးခေါင်းတွေ ပေါပေါပဲပဲ ရောင်းနေတော့ ဆော်လမွန် ငါးခေါင်းနဲ့ ချက်တယ်။ စာရှိမိအတွက် အသားတွေ လွှာပြီးတော့ ကျန်တဲ့ ခေါင်း၊ အရိုးနဲ့ အမြီးတွဲလျက်ဟာ တစ်ခုကိုမှ ၂ ကျပ်၊ ၂ ကျပ်ခွဲပဲ။ ကက္ကတစ် ခပ်လတ်လတ် တစ်ကောင် ၁၅ ကျပ်ပေးနေရတဲ့ အချိန်မှာ ၂ကျပ်ဆိုတာ အလကား နီးပါးပဲ။

ငါးခေါင်းထဲက ပါးဟပ်တွေကို ပလိုင်ယာနဲ့ ဆွဲထုတ်လိုက်တယ်။ ပြီင်္းတော့ ဆားလေးပတ်ပြီး (မီးဖိုချောင် အတွက် သပ်သပ်ထားတဲ့) သွားပွတ်တံနဲ့ နည်းနည်း တိုက်လိုက်တယ်။ ပါးနှစ်ဖက်ကို ခုတ်လိုက်တယ်။ ပြီးတော့ ဒယ်အိုးပေါ်မှာ ဆီနည်းနည်းလေး ထည့်ပြီး အပြင် အရေခွံတွေ ကျက်ရုံ ခဏ ကြော်လိုက်ပါတယ်။ ကြော်လိုက်တဲ့ အတွက် မညှီတော့သလို အရေခွံတွေလည်း တင်းသွားပါမည်။

ကြက်သွန်ဖြူ များများ၊ ဂျင်း လက်တစ်ဆစ်၊ စပါးလင်အောက်ပိုင်း ၂ခု ၃ခုလောက်၊ ကြက်သွန်နီ အကြီးကြီးဆို တစ်ဥလောက်နဲ့ ငရုတ်သီးမှုန့်ဖြစ်ဖြစ် အရောင်တင်မှုန့်ဖြစ်ဖြစ် သုံးပြီး ဆီသတ်ပါတယ်။ ပြီးတော့ လက်ညှိုးတစ်ချောင်းစာ ဗျက်လောက် လှီးထားတဲ့ မျှစ်ချဉ်ထည့်လိုက်ပါတယ်။ မျှစ်ချဉ်က မပါမဖြစ်ဆိုပေမယ့် များရင် အနံ့ ပြင်းမှာ ဆိုးလို့ နည်းနည်း လျှော့ထည့်ပြီး တခြား မျှစ်ဆို့ အ၀ါရောင်တွေကို အတုံးကြီးကြီး ဖြစ်အောင် လှီးပြီး ထပ်ထည့်ပါတယ်။ ရေနည်းနည်း ထည့်ပြီး မျှစ်တွေ နူးတဲ့ အထိ တည်ထားလိုက်တယ်။

နောက်မှ ငါးခေါင်းဖတ်တွေရယ်၊ ပဲပြား၊ ပြုတ်ပြီး ခွာထားတဲ့ ငုံးဥ၊ ငါးဖယ်လုံး (မထည့်လည်း ရပါတယ်)၊ ထူထူ လှီးထားတဲ့ မုန်လာဥနီတွေ ထည့်ပြီး ရေထပ်ထည့်ပါတယ်။ စပါးလင် အပေါ်ပိုင်းတွေကိုလည်း ထုံးပြီး ထည့်လိုက်ပါတယ်။ ဆားသင့်ရုံထည့်ပါတယ်။ နောက်အရေးကြီး လိုအပ်တဲ့ ရှောက်ရည် ဒါမှမဟုတ် သံပုရာရည် များများ ထည့်ပါတယ်။ အချဉ်စူးပါစေ။ မန်ကျီးရည် အချဉ်ကို ငံပြာရည်က နိုင်ပေမယ့် ရှောက်၊သံပုရာသီး အချဉ်ကိုတော့ ဆားက ပိုဆိုးစေပါတယ်။ သကြားနည်းနည်း ထည့်ပြီး အရသာကို ထိန်းလိုက်ပါတယ်။ ငံပြာရည် ထည့်ရင်လည်း ငံပြာရည်က တခြား အနံ့တွေကို အုပ်သွားမှာ စိုးလို့ မထည့်ပါဘူး။ သူမတို့ တောင်ကြီးဖက်က စတိုင် (ရှမ်းခေါက်ဆွဲတွင် သုံးသော) ပဲငပိအစပ် ၃-၄ ဇွန်း ထည့်လိုက်ပါတယ်။

ပွက်အောင်တည်ထားလိုက်ပြီး အရသာတွေ ရောသမသွားရင် အဆင်သင့်ဖြစ်ပါပြီ။ ကျသွားရင် အရသာ မြည်းကြည့်ပြီး အချဉ်လိုရင် အချဉ် ထပ်ထည့်နိုင်ပါတယ်။


ငါးခေါင်းဟင်းနဲ့ လိုက်ဖက်တာကတော့ ကုက္ကိုင်းက ကော်ကြော် ဖြစ်ပါတယ်။ စင်္ကာပူ စတိုင် ငါးခေါင်းဟင်း စားချင်ရင်တော့ ဒီမှာ ရနိုင်ပါတယ်။


29 comments:

khin oo may - 4/5/09, 7:14 PM

တို့ ၁ ယူပါရစေ။

khin oo may - 4/5/09, 7:15 PM

တော်လိုက်တာနော်။ မိုးချိုသင်းလာပြီးပညာယူဦးမှာတော့မြင်ယောင်မိသေး..

MrDBA - 4/5/09, 7:41 PM

ကျွန်တော်တော့ ငါးသရက်သီးငပိဟင်း ဒီနေ့ချက်စားတယ်ဗျ။

Anonymous - 4/5/09, 8:20 PM

အိမ်က အဖေလည်ုးကိုက်မှကြိုက်။ ကုလားဈေးနားကဆိုင်မှာ ငါးခူခေါင်းအကြီးကြီးတွေ ၀ယ်ရရင် ချက်ကြွေးရဦးမယ် ဒီနည်းအတိုင်းဘဲစမ်းချက်ရဦးမယ်။ ကျေးဇူးပါဘဲရှင့်း)

sin dan lar - 4/5/09, 8:34 PM

စမ်းချက်ကြည့်စရာ ငါးခေါင်းဟင်းချိုတစ်ခွက်တိုးပြီပေါ့...။

ကိုဒီဘီ.. ဘိုင်ဒဝေးနဲ့ မကြွားပါနဲ့

Anonymous - 4/5/09, 9:30 PM

ကြိုက်ပါတယ်ဗျို့ ချက်စရာ အမယ် တစ်ခုတိုးပြီး
မနက်ဖြန် မျှစ်နဲ့ သံပရာသီ ၀ယ် ၊ စပလင်း ဓါပြားရိုက်လို့ စမ်းလိုက်အုံးမယ် ခင်ညာ

စန္ဒကူးမေ - 4/5/09, 10:46 PM

salmon တော့ဝယ်လို့ရဘူး.. အကိုရေ တူနာခေါင်းနဲ့ရောချက်လို့ရမလား..တူနာအလတ် စား (၃)ကီလိုလောက်အကောင်လေးတွေ..

Phyo Maw - 4/5/09, 11:10 PM

ငါးသေတ္တာဗူးထဲက ငါးနဲ့ကော ချက်လို့ရလားဟင်
(စတာပါ:P)
တစ်ကိုယ်တည်းသမားအတွက် ဟင်းတစ်ခွက်ကတော့ အိမ်မက်ပါပဲဗျာ
ကို we she me တို့ချက်ပြီးတင်တဲ့ ပုံတွေလည်း နောက်ဆို ထမင်းစားရင် ကြည့်ပြီးစားရမယ်။ :D

Taungoo - 4/5/09, 11:34 PM

ဒါတော့ ကြိုက်တယ်ဗျို့။ ငရုတ်သီးခြမ်းကွဲလေးပါ ထည့်ရင် အရသာပိုတက်မယ်ထင်တယ်။

----- Jennifer ----- - 4/5/09, 11:40 PM

ဒီလိုသားမျိုးလေး မွေးချင်လိုက်တာ.

subuueain - 4/6/09, 12:29 AM

အရမ်းကြိုက်

imaginary clouds no 2 - 4/6/09, 12:52 AM
This comment has been removed by the author.
imaginary clouds no 2 - 4/6/09, 12:55 AM

အန်ဒီရေ ချက်စားကြည့်ဦးမယ် ။ အလုပ်များနေလို့ မှတ်ချက်တွေမရေးဖြစ်ဘူးဖြစ်နေတယ် ။

မြူးသျှရီ - 4/6/09, 3:18 AM

ကိုandyရေ.......
ငါးခေါင်းဟင်းချိုနည်းသွားတယ်
Link ချင်လို့ ပါ ရမလား?

မင်းညို - 4/6/09, 5:35 AM

အင်းစိန်ဖော့ကန်ဈေးမှာ ငါးခေါင်းတွေဝယ်ပြီး သူငယ်ချင်းတစ်ခု ချက်စားတာအမှတ်တရရှိတော့တယ်။ အကြီး ၅ ခုမှ ၂၀၀၃ လောက်က ၂၀၀ ကျပ်ပေးရတယ်။ တန်သပေါ့ဗျာ။

Moe Cho Thinn - 4/6/09, 6:10 AM

မမ kom ပြောသလို ပညာလာယူသွားပါပြီ။ အော်.. မကြိုက်တာရယ်လို့လဲ မရှိတော့တဲ့ ငါ့ဘ၀ပါလား။

မိုးကောင်းသူ - 4/6/09, 10:43 AM

ကိုအန်ဒီ
ငါးခေါင်းချဉ်ဟင်းချက်နည်းယူသွားပါတယ်။ ပဲငါးပိ အစပ် လေးထည့်လိုက်တော့ ပိုလို့စားကောင်းတယ်နော်။ အရမ်းကြိုက်တဲ့ဟင်းတခွက်ပါ။ နောက်နေ့များမှာမှ ချက်စားပါအုံးမည်။

Yan - 4/6/09, 12:22 PM

ဟိုက်ရှားပါး....

ဟင်းလျာတစ်ခွက်ချက်နည်းတော့ ရပြီဗျ.

သိုင်းကျူး ဘရို..

:)

Y.

Anonymous - 4/6/09, 5:34 PM

Ko andy,
Red emperor or Snapper fish heads are good too...

T T Sweet - 4/7/09, 2:02 AM

ငါးခေါင်းဟင်း လာစားသွားပါသည်။ စလုံးမှာတော့ ဆိုငှ်မှာ ခဏခဏစားဘူးပါသည်။ ကြည့်ရင်းနဲ့ ဗိုက်ဆာလာပြီ။

Phyo Evergreen - 4/7/09, 10:05 PM

ငါးခေါင်းဟင်းလေးနဲ့ဆို ထမင်းစားမြိန်မှာသေချာတယ်..။ တစ်ရက်တစ်ရက် စားဖို့ ဦးနှောက်ခြောက်နေရတယ်..စားလို့မကောင်းလို့..။ ငါးတွေတော်တော်ဈေးသက်သာတာပဲ.. အမေလည်းအဲသလို ဥနီကို ပန်းပွင့်ပုံဖော်ပြီးချက်တယ်။

Andy Myint - 4/8/09, 9:05 PM
မစန္ဒကူးမေ....စင်္ကာပူမှာတုန်းက ချက်စားဖူးတယ်။ တူနာခေါင်းကတော့ အနံ့နည်းနည်း ပြင်းတယ်။ စားပြီးလို့ လေချင်တက်ရင် ငါးကြီးဆီ (ဆေး) သောက်ထားသလိုမျိုးပဲ
အိမ့်ချမ်းမြေ့ - 4/10/09, 9:35 AM

ကနေဒါကို ဆယ်လ်မွန်တွေ ပြန်လာတာ နည်းသွားတာ ဒါကြောင့်ကိုး :P

Rita - 4/10/09, 7:37 PM

ငုံးဥလေးတွေက ပေါ်လို့ စားချင်လိုက်တာနော်
:)

နုသွဲ့ - 4/11/09, 1:59 AM

အစားတွေပဲ စဉ်းစား (ချက်လည်းစားပါတယ်) မိနေလို့ တင်းခံထားတာ မနေနိုင်တော့လို့ လာဖတ်သွားပြီး) အသေးစိတ် သင်ပေးထားတော့ စမ်းချက်ရတော့မှာပေါ့လေ...ဒုက္ခ ဒုက္ခ။ ပိန်ဦးတော့မှာပဲ။

ဒါနဲ့ Bamboo House က မြေနီကုန်းထဲမှာ မဟုတ်လား။ ငယ်ငယ်က ရောက်ဖူးတယ်။ စားသောက်ဆိုင်ကောင်း ရှားပါးတဲ့ ခေတ်မှာ ဒီဆိုင်က စတိုင်ကျကျ တည်ခင်းဧည့်ခံပြီး အစားအသောက်တွေကလည်း သိပ်ကောင်းတာပဲ။

ThuHninSee - 8/10/09, 7:48 AM

ဒီနေ့ ချက်စားဖြစ်တယ် ကိုအန်ဒီရေ.. ဆရာ့လက်ရာတော့ မမီဘူးပေါ့။
စပါးလင်လတ်လတ်ဆတ်ဆတ်ဝယ်မရလို့. ဆိုင်က ကြိတ်ပြီးသားပဲ
ဝယ်လိုက်ရတယ်။

meemee - 10/6/09, 10:18 PM

ဒီနေချက်စားဖြစ်တယ်...သိုင်းကျူး

ကိုဇော်ကြီး - 1/31/10, 6:42 AM

သိပ်ကောင်းတဲ့ ဟင်းချက်နည်းပါပဲဗျာ။ ကျေးဇူးတင်တယ်နော်။ ဟင်းချက်နည်း မှတ်သွားပါတယ်။ နောက်လည်း လာပြီး နည်းယူပရစေ။

Anonymous - 6/3/10, 3:59 AM

ငါးခေါင်းဟင်းချိုလွမ်းနေတာကြာပြီ
အခု ချက်နည်းတွေ့တော့ အရမ်းဝမ်းသာတာပဲ.
ဒီနေ့ပဲချက်စားကြည့်လိုက်မယ်၊
ချက်နည်းယူသွားမယ်နော်

Post a Comment

Many thanks for dropping a comment…

Film