Monday, April 20, 2009

“အထွေထွေ” ဘလော့ဂ်များ

ဘလော့တွေကို အစု အစု Category ခွဲခြားတဲ့ အခါ နိုင်ငံရေး၊ နည်းပညာ၊ သုတ၊ ရသနဲ့ “အထွေထွေ”ဆိုပြီး ခွဲခြားလေ့ ရှိပါတယ်။ အခုနောက်ပိုင်း ဘလော်ဂါတွေကလည်း ကိုယ့်ဘလော့မှာ သတ်သတ်မှတ်မှတ် ရေးလာကြပါတယ်။ ဒါပေမယ့် တော်ရုံတန်ရုံတော့ ကဗျာနဲ့ ဆောင်းပါး မရောချင်လို့ ကဗျာ အတွက် ဘလော့ တစ်ခု၊ ဆောင်းပါး အတွက် ဘလော့ တစ်ခု သတ်သတ်မှတ်မှတ် ဖွင့်မနေတော့ပါဘူး။ နည်းနည်းပါးပါးတော့ ရောရေးကြပါတယ်။

နိုင်ငံရေး ဘလော့တွေကတော့ လည်ပတ်သူ အများဆုံးပါ။ သတင်းအနေနဲ့ ဖြစ်ဖြစ် ကြည့်ကြလို့ပါ။ တကမ္ဘာလုံးက မြန်မာတွေက ကိုယ့်အမိနိုင်ငံမှာ ဘာဖြစ်နေလဲဆိုတာ စိတ်ဝင်စားတော့ လူတိုင်းလိုလို ကြည့်ကြတဲ့ အတွက် အဲဒီဘလော့တွေဟာ လည်ပတ်သူ သန်းချီရှိသလို နေ့စဉ်လည်း Update လုပ်နေကြပါတယ်။ မှန်တာ မမှန်တာ။ ကူးချတာ မကူးချတာ အပထား အဲဒီဘလော့တွေက မြန်မာ ဘလော့လောကမှာ ကျန်တဲ့ ဘလော်ဂါတွေ ဘလော်ဂါ မထင်လောက်အောင် အောင်မြင်ကြပါတယ်။ အနည်းငယ်သော နိုင်ငံရေး ဘလော်ဂါများကလွဲရင် ဘလော်ဂါ တော်တော်များများက ကျန်တဲ့ မြန်မာ ဘလော်ဂါတွေလို အုတ်ရောရော ကျောက်ရောရော မလုပ်ကြပါဘူး။ ဒီလို လုပ်တာ တကယ်တော့ ကောင်းပါတယ်။ တကယ်တမ်း ပြောရမည်ဆို ဘလော်ဂါ အတော်များများက အဲဒီလို နိုင်ငံရေး ဘလော်ဂါတွေ နာမည်ကိုပဲဖြစ်ဖြစ် ဆက်နွယ်မှုပဲဖြစ်ဖြစ် ကိုယ့်ဘလော့မှာ ပါလာရင် အန္တရယ်ရှိနိုင်တယ် ယူဆနိုင်ကြတဲ့အတွက် ဒီလို နိုင်ငံရေး ဘလော်ဂါတွေနဲ့ ခပ်စိမ်းစိမ်းပဲ နေချင်ကြမှာပါ။

နည်းပညာ ရေးတဲ့ ဘလော့တွေမှာ ဘလော့ နည်းပညာရေးတဲ့ ဘလော်ဂါတွေကလွဲရင် ကျန်တဲ့ သူတွေ ခမျာ အားထုတ်မှုအတွက် တူညီတဲ့ အားပေးမှု မရကြပါဘူး။ ဥပမာ ရထားလမ်းတွေ ဥမင်တွေ အကြောင်းရေးတဲ့ ဘလော့တစ်ခုဆို အောင်မြင်သင့်သလောက် အောင်မြင်ပေမည့် အနုမြူအကြောင်းရေးတဲ့ မြန်မာ ဘလော့ ရှိတယ်ဆိုရင် ယုံမှာတောင် မဟုတ်ဘူး။ ဒါကလည်း မြန်မာဘလော့ ဖတ်သူတွေက နည်းပညာရှာဖို့ ဖတ်တာ မဟုတ်တဲ့ အတွက်ရယ် နည်းပညာအကြောင်းက အင်္ဂလိပ်လို ရေးထားတာ ရာနဲ့ချီပြီး ရှိလိုပါပဲ။ ကျန်းမာရေး ဘလော့တွေကတော့ အောင်မြင်ပါတယ်။ လူတိုင်းက ကျန်းမာရေးကို စိတ်ဝင်စားပြီး တခြား နိုင်ငံရောက်နေတုန်း ကျန်းမာရေးနဲ့ ပတ်သက်တာတွေကို အလွယ် မြန်မာလို ဖတ်ချင်လို့၊ ဆောင်သင့် ရှောင်သင့်တာတွေ သိချင်လို့ပါ။ ဒါကလည်း မြန်မာပြည်က စာနယ်ဇင်း လောကကို ရောင်ပြန်ဟပ်တာပါပဲ။ မြန်မာပြည်မှာ ကွန်ပြူတာ ဂျာနယ်၊ ဆေးပညာ မဂ္ဂဇင်းတွေ ရောင်းရပေမယ့် အနုမြူဂျာနယ်တို့ Rocket Science ဂျာနယ်တို့ သင်္ချာဂျာနယ် ဆိုတာ ရှိမှ မရှိတာ။ (ရန်ကုန်တက္ကသိုလ် ဘာသာရပ်ဆိုင်ရာ အသင်းတွေမှတော့ နှစ်စဉ် ထွက်ပေမယ့် အပြင်မှာ တွေ့ရခဲပါတယ်။ အခုတော့ ထွက်သေးလား မသေချာပါဘူး။)

နည်းပညာနဲ့ သုတကို ဘယ်လို ခွဲရမလဲတောင် မသိဘူး။ ဘာသာရပ် သီးသန့် ရေးပြီး အတွင်းကျကျ ရေးတဲ့ ဘလော့တွေကို နည်းပညာ ဘလော့ ခေါ်ပြီး အထွေထွေ ဗဟုသုတ ရေးတဲ့ ဘလော့ကိုတော့ သုတ ဘလော့လို့ ခေါ်မလားပဲ။ ဘလော့နည်းပညာ ဒါမှမဟုတ်IT နည်းပညာရေးမှ သုတလို့ သတ်မှတ်ရင်တော့ အမြင်ကျဉ်းရာ ကျသွားပါမယ်။ နိုင်ငံတကာ အကြောင်း ရေးတဲ့ ဘလော့တွေက သုတထဲမှာ ပါနိုင်ပါတယ်။ တကယ်ဆိုရင် နိုင်ငံရေးထဲမှာလည်း ပါနိုင်ပါတယ်။ (ကျွန်တော်ဖတ်တဲ့ အထဲမှာ) မကေသွယ် ဘလော့နဲ့ TZAရဲ့ ဒီဂိုလာ ဘလော့နှစ်ခုကတော့ နိုင်ငံတကာ အကြောင်း အတော် ရေးနိုင်တာ တွေ့ရပါတယ်။ မကေသွယ်ဘလော့က (မဆလ ခေတ်တုန်းက ဖတ်ကောင်းတဲ့) နိုင်ငံတကာရေးရာ ဂျာနယ် ဖတ်ရသလိုမျိုးပါပဲ။ Analysis ပိုဆန်ပါတယ်။ ဒီဂိုလာ ဘလော့ကတော့ သတင်း ကြည့်ရသလိုပေါ့။ Pop ပိုဆန်ပါတယ်။ သူတို့ ဘလော့တွေဟာ ဒီလို Category ထဲမှာ ရှိတယ် မဆိုလိုပါ။ သူတို့ ရေးတဲ့ အထဲက နိုင်ငံတကာနဲ့ ဆိုင်တာတွေ ကြိုက်တယ် ပြောပါတယ်။

ဘလော့တွေ ပေါ်မှာ မဟုတ်ဘဲ အပြင်မှာ စားရေးဖို့ မြေစမ်း ခရမ်းပျိုးကြတာ ကဗျာတိုလေး ၀တ္ထုတိုလေး ဆောင်းပါးတိုလေးတွေနဲ့ စကြပါတယ်။ မြန်မာဘလော့မှာတော့ မြန်မာပြည်တွင်း ဘလော့များနဲ့ ပြည်ပဘလော့များ ဆိုပြီး ခွဲကြည့်လိုက်ရင် မြန်မာ ပြည်တွင်း ဘလော့များကတော့ စာစရေးသူတွေလို ကဗျာတို့ ဘာတို့ကနေ စကြပါတယ်။ ပြည်ပ ဘလော့များကတော့ တခြား ကိုယ်ရေးကိုယ်တာကနေ စပါတယ်။ အလွယ်ဆုံး ပြောရရင်တော့ ကိုယ့်တွေ့ကြုံခဲ့တဲ့ ဓါတ်ပုံတွေ တင်ပြီး စာတိုလေးတွေ ရေးပြီး စကြပါတယ်။ ညီလင်းဆက်လို မြန်မာဘလော့ ဘိုးအေကြီးတောင် ဓါတ်ပုံလေးတွေ တင်ပြီး စခဲ့တာပါ။

မြန်မာဘလော့ အကယ်ဒမီဆိုပြီး လုပ်ကြတုန်းက ပန်ဒိုရာ ဘလော့ကို “အထွေထွေ” ဆိုတာထဲ ထည့်ထားတာ အင်မတန် နှမြောဖို့ ကောင်းပါတယ်။ မပန် ဘလော့က ရသ ဘလော့ဂ်တွေမှာ ထိပ်ဆုံးတန်းကနေ ရှိတယ်လို့ အချင်းချင်းတွေ မြှောက်မပြောချင်ပေမယ့် ပန်ဒိုရာ ဘလော့က တစ်ပုဒ်ဆို တစ်ပုဒ် ရသပေးနိုင်တာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ သူ့အနေနဲ့လည်း (ဥပမာ) ရသပေးတဲ့ ပို့စ် ၅ ပုဒ်လောက် ရေးပြီး တစ်ပုဒ်လောက်တော့ လွတ်လွတ်လပ်လပ် ရေးချင်ရှာမှာပါ။ ဘလော့ရေးတယ်ဆိုတာ စိတ် အပန်းပြေအောင် ရေးကြတာပဲ။ Seriously ရသ ရေးတဲ့ တောကျောင်းဆရာလို ၉၉.၉၉% ရသ ဘလော့တွေ ဆိုတာ အင်မတန် ရှားပါတယ်။ မနော်ဟရီတောင် သူ့သားမွေးနေ့ ဘလော့မှာ ရေးသေးတာပဲ။ ဒါကိုရော ရသ မဟုတ်ဘူးဆိုပြီး သူ့ဘလော့ကို အထွေထွေထဲ ထည့်ဦးမလား။

ကဗျာတွေ အတွေးအခေါ်တွေပဲ ရေးတဲ့ ဘလော့တွေကို ရသအုပ်စုထဲ ထည့်တာ လွယ်လွယ်ကူကူ နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကျန်တာတွေကို “အထွေထွေ” ဆိုတဲ့ အထဲ ထည့်လိုက်တာတော့ နားလည်ရခက်ပါတယ်။ ဒါပေမယ့် နိုင်ငံရေး၊ နည်းပညာ၊ သုတနဲ့ ရသပြီးရင် ကျန်တာတွေက မြောင်းထဲ မဟုတ်တောင် အထွေထွေ ဆိုတာထဲ ရောက်သွားတာကတော့ Classification ထပ်မံပြီး မလုပ်ကြတာ အတော် စိတ်ဝင်စားဖို့ ကောင်းတယ်။(အခုမှ ဇာတ်လမ်းက စမှာပါ.. ဒန်.. တန့်တန်)

(နိုင်ငံတကာမှာ) ဘလော့ရဲ သဘောက Commentary ဒါမှမဟုတ် News ဒါမှမဟုတ် Diary ဆန်ပါတယ်။ ဘလော့ကို မြန်မာပြည်က စာနယ်ဇင်းတွေလို စာရေးဆရာတွေ ရသမြောက်အောင် ရေးသလို စည်းနဲ့ ဘောင်နဲ့ ရသဆန်ဖို့ မမျှော်လင့်သင့်ပါဘူး။ (ကျွန်တော်ကလည်း ရသ မရေးတတ်တော့ ကျွန်တော့် ဘလော့လို ဘလော့တွေဘက်ကနေ ရှေ့နေ လိုက်ပါမည်)။ ဒီလို ဘလော့တွေကိုမှ ကိုယ်ရေးကိုယ်တာတွေ ရေးလို့ စာရေးတာ မဟုတ်ဘူး ဆိုလည်း ရှိပါစေတော့။ သူတို့ Blog ရဲ့ သဘောကို နားမလည်လို့လို့ မှတ်လိုက်တယ်။

ကျွန်တော် ယုံကြည်တယ်။ (တစ်ဦးတည်း ရေးတဲ့) ဘလော့ဆိုတာ ကိုယ်ရေးကိုယ်တာ ဆန်ပါတယ်။ မဟုတ်ဘူးဆိုရင် ဘယ်ဘလော့ဆိုတာ အားလုံးသိအောင် ပြောနိုင်ပါတယ်။ ရှိလှ ၅ ခု မရှိပါဘူး။ အဲဒါကိုမှ ဘလော့တွေက ကိုယ်ရေးကိုယ်တာ ဆန်တယ် ဆိုရင် ထပ်ရှင်းပြစရာ မလိုပါဘူး။ တကယ့်တကယ် ကိုယ်ရေးကိုယ်တာ သိပ် ဆန်လွန်းအား ကြီးသွားမှသာ အများက စိတ်ဝင်စားတော့ မှာမဟုတ်ပါဘူး။ ဘလော့တစ်ခုဟာ ကိုယ်ရေးကိုယ်တာတွေပဲ ရေးပေးမယ့် စိတ်ဝင်စားတဲ့လူ ရှိနေသေးတာကလည်း သူ့စာထဲမှာ “Common Ground” တစ်ခု “Interestingness” တစ်ခု ရှိနေသေးလို့ပါပဲ။ (ကျွန်တော့်ဘလော့ဂ်ကို ကိုယ်ရည်သွေးရန် မဆိုလိုပါ။ တခြား ကိုယ်ရေးကိုယ်တာ ဆန်ပေမယ့် လူအများ စိတ်ဝင်စားနေတဲ့ ဘလော့တွေကိုလည်း ပြောပါတယ်။)

အရင်တုန်းက ကိုယ့်ဘလော့မှာ နိုင်ငံရေး မရေးရင် Spy လိုလို စစ်တပ်ကလိုလို အထင်ခံရမယ့် ကာလလေးတွေ ရှိခဲ့ပါတယ်။ ဒီပို့စ်ရေးနေတဲ့ ယနေထက်တိုင်တော့ ဘလော့မှာ ရသမရေးရင် စာရေးရာ မမြည်ဘူးဆိုတဲ့ အတွေးအခေါ်လေးတွေ ရှိနေဆဲပါ။ ဟုတ်တော့လည်း ဟုတ်တာပဲ။ ဘလော့ရေးတာပဲ စာ(ရသစာပေ) ရေးတာမှ မဟုတ်တာ။ ကျွန်တော် ဘလော့ စရေးတုန်းကလည်း အတွေးအခေါ်လည်း မဟုတ်၊ ရသလည်း မပေးနိုင်လို့ ကျွန်တော့် ဘလော့က ပုံမှန် အားပေးနေကြသူတွေ ကလွဲရင် တော်ရုံတန်ရုံ အတန်းထဲ မထည့်ချင်ပါဘူး။ အဲဒီတော့ We She Me က “အထွေထွေ” ဘလော့ဂ် ဖြစ်နေတာပေါ့။

သုတေသနဆန်ဆန် စစ်တမ်းတော့ မကောက်ထားပေမယ့် တွေ့နေရတာတော့ (ပြည်ပမှ) မြန်မာဘလော့တွေမှာ ၁၀% ကပဲ နာမည် တပ်ထားတဲ့ နိုင်ငံရေး၊ နည်းပညာနဲ့ ရသ အုပ်စုထဲမှာ ရှိနိုင်ပါတယ်။ ကျန်တဲ့ ဘလော့ဂ်တွေကတော့ “အထွေထွေ” ဆိုတဲ့ အုပ်စုကြီး အောက် ရောက်နေပါတယ်။ အဲဒီ အထွေထွေ အုပ်စကနေမှ တသီးတသန့် အောင်အောင်မြင်မြင် ခွဲထွက်လာနိုင်တာ ဟင်းချက်နည်း ဘလော့တွေပဲ ရှိပါသေးတယ်။ ကျွန်တော်တို့လို ဘလော့က “ဗြောက်သောက်”လို့ အဓိပ္ပါယ် ယူချင် ယူနိုင်တဲ့ “အထွေထွေ” အုပ်စုထဲမှာ ရှိနေပါသေးတယ်။

စာဖတ်သူ တော်တော်များများကတော့ ဘလော့တွေကို အုပ်စုခွဲပြီး ဖတ်နေတာ မဟုတ်ဘဲ ဒီဘလော့ရောက်ရင် ဒီလို ခံစားရမည် ဒီလို သုတရမည် (ကျွန်တော့် စကားနဲ့ဆို ဒီဟော်မုန်း ထွက်မည်) ဆိုတဲ့ အသိနဲ့ပဲ ဖတ်ကြပါတယ်။ ဒါပေမယ့် ဘလော်ဂါရဲ့ အားသန်မှုပေါ် မူတည်ပြီး အပျော်ဟော်မုန်းလား သရော်ဟော်မုန်းလား ရသဟော်မုန်းလား စတာပဲ ကွဲသွားပါတယ်။

ဒီလို ဘလော့တွေမှာ သီးသန့် မဆန်နိုင်တဲ့ အတွက် ဒီနှစ် မြန်မာဘလော့ အကယ်ဒမီကျရင်တော့ ဘယ်လို အုပ်စုခွဲမလဲ ဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ မနှစ်က Vote ကြတုန်းက We She Me လေးကို အားပေးကြပါတယ်။ ဒါပေမယ့် အဲဒီလို အုပ်စုခွဲထားတာကို သဘောမကျလို့ ကိုယ့်အတွက် Vote ပေးကြသူတွေကိုတောင် ကျေးဇူးတင်ကြောင်း မပြောလိုက်ရဘူး။ သူတိုရဲ့ စေတနာနဲ့ အားထုတ်မှုကို Appreciate လုပ်ပါတယ်။ ဒီလို Categorize လုပ်တာရယ် ဘလော့ဆိုတာ အနည်းနဲ့ အများတော့ ဟိုကဏ္ဍ ဒီကဏ္ဍပါတယ်ဆိုတာကိုလည်း သိစေချင်ပါတယ်။ အဲဒီအချက်ကြောင့် ဘလော့ အကယ်ဒမီဆိုတာ ရုပ်ရှင် အကယ်ဒမီလို မဖြစ်နိုင်ပါဘူး။ ရုပ်ရှင်ဆိုတာ တစ်ကားတည်းပါ။ ဇာတ်လမ်း ကျောရိုး တစ်ခုတည်းပါ။ ဘလော့ဆိုတာ ပို့စ်တွေ အများကြီးပါပါတယ်။ ပို့စ်တိုင်းလိုလိုဟာ Category တစ်ခု အောက်မှာ ရှိမနေနိုင်ပါဘူး။

အုပ်စု ခွဲချင်သပဆိုလည်း ခွဲကြ။ သူများ ပေးတဲ့ အုပ်စုကို မကြိုက်ဘူးဆိုလည်း ကိုယ့်ဘာကြိုက်လည်း ပြောကြေးဆိုရင်တော့ ကျွန်တော် ကိုယ့်ဘလော့ဂ်ကို ကိုယ် Lifestyle အုပ်စုထဲ ထည့်ချင်တယ်။ ကျွန်တော့် ဘလော့မှာ ကျွန်တော် ဘယ်လိုနေတယ်၊ စားတယ်။ ဘယ်သွားတယ် ဆိုတာတွေပဲ ရေးတယ်။ ကိုယ့်မိသားစု အကြောင်း ကိုယ်ရေးတယ်။ ဒါကြောင့် Lifestyle အုပ်စုထဲ ထည့်ချင်တယ်။ ဒီလို Lifestyle မဂ္ဂဇင်းတွေတောင် မြန်မာပြည်မှာ ဆိုရင် စာရေးဆရာတွေက ဇယားထဲ ထည့်တာ မဟုတ်ဘူး။ ရသ စာပေသမားတွေကလည်း ဒီမဂ္ဂဇင်းတွေက ကြွေစက္ကူတွေ သုံးပေမယ့် အနှစ်မရှိဘူး ဆိုပြီး သတ်မှတ်ကြတာ။ ရှိပါစေတော့ ဒါ မြန်မာပြည် စာနယ်ဇင်းလောက။ ကိုယ်နဲ့ အလှမ်းဝေးတယ်။ ဘလော့မှာတော့ အဆင့်အတန်း သတ်သတ်မှတ်မှတ် မရှိလှတဲ့ “အထွေထွေ” ဆိုတာထက် စာရင် ကိုယ်ပေးချင်တာ ပေးထားတဲ့ “Lifestyle” ဆိုတာက တော်သေးတယ်။


ဒီအကြောင်းက ရေးဖို့ ခေါင်းထဲ ရှိနေတာ ကြာပါပြီ။ ကိုရင်ညိန်းရဲ့ တစ်နှစ်ပြည့်ပို့စ် အနှီဗာစရီ (Anniversary) အထူပို့စ်ဖတ်ပြီးတော့ ချရေးဖြစ်သွားတာပါ။ သူနဲ့ အမြင်ကွဲတာတွေ ထောက်ခံတာတွေ မဟုတ်ပါဘူး။ ရင်ထဲမှာ ရှိနေတာလေးတွေ သူ့ပို့စ်ဖတ်ပြီးနောက် ချရေးလိုက်တာပါ။ ဒါကျွန်တော့် ခံစားချက် သက်သက်ပါ။ ကျန်တဲ့ သူတွေလည်း ကြိုက်သလို ခံစားနိုင်ပါတယ်။

ဘလောဂါတွေရော အုပ်စုခွဲမှ ရမည်ဆို ကိုယ့်ဘလော့ကို ဘယ်လို နာမည် ပေးထားတဲ့ Category ထဲ ထည့်ချင်သလဲ သိချင်ပါတယ်။ တကယ်လို့များ အကယ်ဒမီ ဘုတ်အဖွဲ့က ကိုယ်မလိုချင်တဲ့ အထဲ ထည့်လိုက်တာ မကြိုက်ဘူးဆိုရင်ပေါ့။ ဒီစာဖတ်ပြီး ကျွန်တော့်ဘလော့ဟာ ဘယ်လို ဖတ်လို့ ကောင်းကြောင်း ဘာကြောင်း အလာပ သလာပ Comment ပေးသွားရင် ကျေးဇူတင်ပါတယ်။ ပိုပြီး ကျေးဇူးတင်မှာကတော့ ဒီအကြောင်းအရာပေါ် ဖြည့်စွက် ပြောသွားရင်ပါ။ ဒါမှမဟုတ် စာဖတ်သူတွေက ဘယ်လိုမျိုး ကြိုက်သလဲဆိုလည်း သိရတာပေါ့။ ဒါပေမယ့် ခက်တာက ဒီဘလော့ ဖတ်တဲ့ သူတွေက “အထွေထွေ” ဘလော့ ဖတ်တဲ့သူတွေ များမှာ ဆိုတော့ ဒီဘလော့မှာ လာမေးရင် ဒီလေသံပဲ ထွက်နေမှာပေါ့။

24 comments:

pm - 4/20/09, 4:30 PM

ဖတ်ပြီး အများကြီး စဉ်းစားဖြစ်သွားတယ်...။
သုံးသပ်စရာတွေများသား...

The Bagan Land - 4/20/09, 7:00 PM

http://www.mmonlinewatch.com/

ကျွန်တော့်ရဲ့ Site လေးပါခင်ဗျာ။ စံနစ်မကျသေးပါဘူး။ လာရောက်လည်ပတ်ပြီးအကြံပြုပေးပါအုံးခင်ဗျ။

လေးစားစွာဖြင့်
အေးမင်းထွန်း

zizawa - 4/20/09, 7:11 PM

I think 'lifestyle' category is still too broad. Perhaps 'Family and Friends' for your blog? It's not right either, since you also write about IT. Categorising is quite tricky, and may be we need to form a working committee to determine which blog falls under what category.

နေညိုရင့် - 4/20/09, 9:14 PM

အကယ်ဒမီဘုတ်အဖွဲ့ ကို အကြံပြုပေးချင်တာကတော့ "အထွေထွေ" ဆိုတဲ့ Category ကို ထပ်မံ classify လုပ်ပေးဖို့  တောင်းဆိုချင်ပါတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ ကိုအန်ဒီရေးသွားသလိုပါပဲ blog အများစုက ကိုယ်ရေးကိုယ်တာ၊ ကိုယ်နဲ့ ထိတွေ့ ရာ ပတ်ဝန်းကျင်၊ ခံစားမှု စတာတွေ ရေးကြသလို၊ ရသပိုင်းတွေ ၊ ဆောင်းပါးတွေလဲ ပါဝင်တာကို တွေ့ ရပါလိမ့်မယ်။ အဲဒီတော့ အကယ်ဒမီဘုတ် အဖွဲ့ က blog တခုဟာ နိုင်ငံရေးဆိုင်ရာ၊ ဟင်းချက်နည်း၊ IT ပိုင်းဆိုင်ရာ၊ ခရီးသွားဆိုင်ရာ စတဲ့ သီးသန့် လိုင်း မဟုတ်ခဲ့ဘူးဆိုရင် ပထမအဆင့်အနေနဲ့  အထွေထွေဆိုတဲ့ category အောက်ကို ထည့်ပါ.. ဒုတိယအဆင့်အနေနဲ့  အဲဒီ blog မှာပါဝင်တဲ့ post တွေ label တွေအရ ထပ်မံပြီး ခွဲခြမ်း ပိုင်းဖြတ်ဖို့ ပါ။ ပြီးတော့မှ Voting လုပ်တာကို launch လုပ်ပါလို့  အကြံပြုချင်ပါတယ်ဗျာ။

TZA - 4/20/09, 11:00 PM

အကယ်ဒမီတုန်းက တခုခုလိုနေတယ်ဆိုတာ တွေးမိပေမယ့် ဘာလိုနေမှန်း အသေအချာ သွားမတွေးကြည့်ဘူး၊ ကိုအန်ဒီကတော့ အချိန်ပေးပြီး တွေး+ရေး တယ်၊ စေတနာတွေ တွေ့ရပါတယ်။ ကျနော့်အထင် အဲသလို မဲပေးတာ ကောင်းတဲ့အလုပ်ပါ၊ ဒါမှ အားလုံး ပိုကောင်းအောင် ကြိုးစားကြမှာ၊ ဒါပေမဲ့ မဲကို တဆင့်တည်း ပေးလိုက်တာမျိုးထက် အဆင့်ဆင့် ဆန်ခါတင်သွားရင် ပိုကောင်းမယ်ထင်တယ်။ ရွေးစရာ နည်းသွားလေလေ ကိုယ့်အကြိုက်ကို ပိုသိလေလေပဲ။

Anonymous - 4/21/09, 1:24 AM

I do not think anything wrong with the blogs under general category.The way I perceive is, these blogers who are quite well rounded ,can write anything. I am just a blog reader and enjoy all sorts of blogs. The most importent thing for the blogger is ,whatever you write must interest the readers. Not anly the substance but also the style of writing.....
I always enjoy reading your posts. Keep going!

Moe Cho Thinn - 4/21/09, 2:59 AM

ကို Andy တယောက်တော့ ရင်ထဲမှာ ကျလိ ကျလိ ဖြစ်နေတာလေးတွေ ဒီပို့စ်နဲ့ ကုတ်လိုက်ပုံပဲ။
မှန်ပါတယ်။ ရေးသမျှတော့ ခေါင်းစဉ်တခုတည်း အောက်မှာ နံမည်တပ်ဖို့ ခက်လှတယ်။ သူတို့လဲ ပထမဆုံးအကြိမ်မို့ အသေအချာ စဉ်းစားဖို့ အချိန်မရတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အခုလို အကြံပြုကြရင် နောင် ပိုစနစ်ကျလာမှာပေါ့။ နောက်ပြီး ရေးသမျှလဲ ကောင်းဖို့၊ ဖတ်သူရော ရေးသူပါ အကြိုက်တွေ့ဖို့ ခက်တယ်လို့ အမ ထင်တယ်။ တခါတလေ ကိုယ်က မကြိုက်၊ စာဖတ်သူက ကြိုက်။ တခါတလေ ကိုယ်က သိပ်လက်တွေ့နေ၊ စာဖတ်သူက မကြိုက်ပေ :) ။
အမကတော့ ကိုယ်နှစ်သက်ရာ ဖတ်နေရရင် ကျေနပ်နေတာပါပဲ။ ကိုယ်က ရသ စာပေ ပိုကြိုက်တာမို့ ရသလေးတွေ ပိုနှစ်သက်တယ်။ တခုပဲ။ အကျိုးလဲ ရှိ၊ စိတ်လဲ ပျော်၊ အပန်းလဲ ပြေချင်လို့ stress တွေကြားက လာလာဖတ်ရတာမို့ စာကြည်ကြည်လေးတွေ ပိုဖတ်ချင်မိတာ အမှန်ပဲ။
IT ကျတော့ ခပ်တုံးတုံးမို့ စူးစိုက်ပြီး ဖတ်ရတယ်။ တို့လို လူချည်းဆို ကမ္ဘာကြီး တိုးတက်မှာကို မဟုတ်ဘူးလို့ ကိုယ့်ဖာသာကိုယ် ကောက်ချက်ချရတော့တာပဲ။ :))

မီယာ - 4/21/09, 7:29 AM

မမလှထုံ အဖွဲ့ထဲ ပါမယ်နော် :)
အလုပ်က ပြန်ရောက်တာနဲ့ ဘလော့ဂ်တွေလည်ပြီး အပန်းဖြေတာပဲ... သူငယ်ချင်းတွေ အကြောင်းဖတ်ရသလို တခါတလေ ခံစားရသလို စိတ်ညစ်တာတွေ ပြေသွားအောင် ရယ်ရတဲ့ အခါ လည်းရှိတယ်။ general ဖြစ်ဖြစ် တခြား category ဖြစ်ဖြစ် ကိုယ်နှစ်သက်တဲ့ ဘလော့ဂ်တွေဆို မှန်မှန် သွားဖတ်တာပါပဲ။ we she me က တခုပေါ့။

Nu Thwe - 4/21/09, 9:20 AM

ဘလော့ဂ်တွေကို ကဏ္ဍ (category) သတ်မှတ်မယ်ဆိုရင် ကောင်းတာ ရှိသလို၊ မကောင်းတာလည်း ရှိနိုင်တယ်လို့ မြင်ပါတယ်။

ကောင်းတာက ကဏ္ဍ သတ်မှတ် ဆုပေးတဲ့အတွက် အရည်အသွေး ထိန်းသိမ်းမှု ကောင်းလာနိုင်တဲ့ အလားအလာပေါ့။ ရေးတဲ့သူတွေလည်း ကိုယ် သန်ရာသန်ရာကို ပိုအားစိုက်ထုတ် ရေးသားလာကြမယ်။ “ဗြောက်သောက်” ရေးတာ နည်းလာမယ်။

မကောင်းတာက ကဏ္ဍ သတ်မှတ်လိုက်တဲ့အတွက် ဘောင်ခတ်လိုက်သလို ဖြစ်သွားနိုင်တယ်။ ဘလော့ဂါ အများစုဟာ professional စာရေးဆရာတွေ မဟုတ်ကြဘူး။ ကိုယ့်စိတ်ထဲမှာ ရှိတာလေးကို ပြောပြချင်၊ ဝေမျှချင်တဲ့ သူ များတယ်။ လွတ်လပ်စွာ ရေးသား ပြောဆိုခွင့် မရခဲ့တဲ့ နေရာက လာတဲ့ (သို့မဟုတ် ရှိနေသေးတဲ့)၊ ရောက်နေတဲ့ ပတ်ဝန်းကျင်သစ်မှာ လုံးဝ တစ်သားတည်း ပျော်ဝင်သွားဖို့ အခက်အခဲ ရှိနေ(သေး)တဲ့ သူတွေ များတာကိုး။ (ကိုယ် အပါအ၀င်ပါ)

ဒီလို အခြေခံ အကြောင်းတရားတွေကြောင့် ဘလော့ဂ် ရေးနေကြသူတွေရဲ့ လွတ်လပ်စွာ ရေးနိုင်ခွင့်နဲ့ ဖန်တီးမှုအတတ် (creativity) အပေါ် categorisation က ကန့်သတ်လိုက်သလို ဖြစ်သွားမလား။ ဒါပေမယ့်လည်း ဒါကို လိုက်နာရမယ်လို့ ဘယ်သူကမှ အတင်း တိုက်တွန်း ခြိမ်းခြောက်နေတာ မဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် award ဆိုတာက a formal way of appreciation မို့ ဒါကို စိတ်ဝင်စား မျှော်လင့်မိတဲ့သူက အများစု ဖြစ်လိမ့်မယ် ထင်ပါတယ်။ ဒီနေရာမှာ categorisation ဘယ်လို လုပ်လဲဆိုတာ အရေးကြီးလာပြီ။ ရေးချင်တာလေးတွေ ကြားညှပ်ရေးမိတာနဲ့ပဲ “ဗြောက်သောက်”လို့ သတ်မှတ်ခံရသင့်သလား။ “ဗြောက်သောက်” ဖြစ်တော့ရော ဘာဖြစ်လို့လဲ။

ကိုယ့်အမြင်ကတော့ ဘလော့ဂ်တစ်ခုဟာ သူ့ရဲ့ Prevailing theme (ပေါ်လွင်ထင်ရှားသော အဓိက အကြောင်း) ပေါ် မူတည်ပြီးပဲ categorise လုပ်ခံရသင့်တယ်လို့ မြင်ပါတယ်။ ဒီနေရာမှာ ဘယ်အမျိုးအစားကို ဘယ်လောက် ရာခိုင်နှုန်း ရေးမိရင် prevailing theme ရယ်လို့ သတ်မှတ်မယ် ဆိုတာကို စဉ်းစား ဆွေးနွေး သဘောတူဖို့ လိုလာမယ်။ ဓမ္မဓိဌာန် ကျမှု (objectivity) အတွက်ပါ။

ဘလော့ဂ်တစ်ခုကို ရေးရ ထိန်းသိမ်းရတာဟာ ခက်တယ်ဆိုရင် ဘလော့ဂ်တွေ အများကြီးကို categorise လုပ်ရတာ ပိုခက်ခဲပါတယ်။ အတွေ့အကြုံ၊ ဗဟုသုတနဲ့ ဓမ္မဓိဌာန် ကျမှု လိုတယ်လို့ မြင်ပါတယ်။ သိက္ခာရှိရှိ ပီပီပြင်ပြင် လုပ်ချင်တယ်ဆိုရင်ပေါ့။

စဉ်းစားမိတာလေးတွေကတော့-
မြန်မာစာပေဆိုင်ရာ
မြန်မာ့ ယဉ်ကျေးမှုဆိုင်ရာ
နိုင်ငံရေး
သတင်း
ရသ (ကဗျာ)
ရသ (စကားပြေ)
သုတ (သိပ္ပံ)
သုတ (၀ိဇ္ဇာ)
သုတ (အထွေထွေ)
ပုဂ္ဂလိက (အတွေးအခေါ်)
ပုဂ္ဂလိက (အတွေ့အကြုံ) တို့ပါပဲ။ ဒါလောက်ဆို တော်လောက်ပြီ ထင်တယ်။ သိပ်များတော့လည်း မကောင်းဘူး။ တန်ဖိုး လျော့တယ်။

ကိုယ့်ဘလော့ဂ်ကို ကိုယ် ပြန်ဆန်းစစ်ဦးမှလို့ စဉ်းစားနေတုံး ကိုအင်ဒီ့မေးခွန်းကြောင့် ပြန်ကြည့်ဖြစ်သွားတယ်။ ကိုယ်ကတော့ ဟိုရောဒီရော ရေးချင်၊ ရေးနေတဲ့အတွက် (အနည်းဆုံး ခုလောလောဆယ်မှာတော့) “အထွေထွေ” သို့မဟုတ် “ဗြောက်သောက်” ပဲ သတ်မှတ်ခံရဖို့ များတယ်။ ကိစ္စ မရှိပါဘူး။ ကိုယ့်ရဲ့ လွတ်လပ်ခွင့်ကို ပျော်ပျော်ကြီး ဖက်တွယ်ထားခွင့် ရလို့ ကျေနပ်မိတယ်။ ဒါပေမယ့် ကိုယ် ရေးတဲ့ စာကိုတော့ ကိုယ် တာဝန်ယူပါတယ်။

ကဲ လေတော်တော် ရှည်သွားပြီ။ ကိုအင်ဒီ အစဖော်ပေးလို့ စဉ်းစားဆွေးနွေးဖြစ်သွားတာ။ ကျေးဇူးပါပဲ။

Anonymous - 4/21/09, 7:31 PM

arr arr yar yar blog

တောင်ပေါ်သား - 4/22/09, 4:49 PM

အကိုရေ သေချာဖတ်သွားပါတယ်။ စီစဉ်သူတွေလဲ သိတဲ့အတိုင်း မြန်မာဘလော့တွေက အရမ်းများတော့ ခွဲရခက်သွားတယ်လို့ ကျနော်ယူဆမိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့လို ပရိတ်သတ်တွေကတော့ လိုက်ဖတ်ဖြစ်နေပါတယ်။ ခေါင်းစဉ်ကြီး ခွဲခြားနေတာထက် အရေးအသား၊ တင်ဆက်ပုံလေးတွေကို ပိုမိုနှစ်သက်မလားလို့ စာဖတ်ပရိသတ်တွေကလေ... အကိုပြောခဲ့သလို ကျနော်တို့ ဘလော့တွေကို ခေါင်းစဉ်တခုထဲအောက်ကို ထည့်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်တာပဲ။ လူဆိုတာ သူအားသန်ရာရေးနေမှာပါလေ ရသရေးတဲ့ဘလော့ကြီးမှာလဲ တခါတလေ နိုင်ငံရေးဘာညာ စသည်ဖြင့် ပါလာမှာပါပဲ။


လေးစားလျက်
တောင်ပေါ်သား

ဆောင်း - 4/23/09, 7:40 AM

rocket science, space science စသဖြင့် သိချင်ရင် myanmarastronomy.blogspot.com ကိုလာလည်န်ာအဟင်း...း-)

ဆောင်း - 4/23/09, 7:50 AM
This comment has been removed by the author.
ဆောင်း - 4/23/09, 8:11 AM

ကျမတော့ ကိုယ်ရေးချင်တာ ချရေးနိုင်တဲ့ ငွေမကုန် အလကားရတဲ့ အင်တာနက် စာမျက်နှာမှာ သူများတကာက ဘောင်ခတ် သတ်မှတ်တာ ကို အလေးမထားချင်ဘူး။ ကိုယ်ရေးချင်တာ၊ ရင်ထဲကခံစားချက်တွေ ချရေး လိုက်ရဖို့ ဘဲ အလေးထားတယ်။ ကျေနပ်တယ်။ အိမ်တအိမ် ဆောက်ထားသလိုပါဘဲ။ ကိုယ့်အိမ်လေးထဲမှာ ပျော်ရွှင်တာရော၊ ၀မ်းနည်းတာရော၊ နည်းပညာပေးမှု့ တွေရော၊ ချက်ပြုတ် စားသောက်တာရော၊ ကိုယ့်အတွေ့ အကြုံရော၊ မိတ်ဆွေ သူငယ်ချင်းအကြောင်းရော၊ လျှောက်လည်တဲ့ အကြောင်းရော အကုန်ပါနေမှာဘဲ။ အခန်းကန်တ ပိုင်းခြားခံရဖို့  ဘာကိုရေးသင့်တယ်လို့  ဦးတည်ချက်ချလိုက်ရင် ဘလော့ပိုင်ရှင်ရဲ့  လွတ်လပ်စွာ စာရေးပိုင်ခွင့် မရှိတော့ဘဲ အကျဉ်းချခံထားရသလို Brainwash လုပ်ထားခံရသလို ဖြစ်သွားမယ်လို့  ယူဆမိတယ်။ ဒါကြောင့် ကိုယ်ရေးချင်တာ ရေးထားတဲ့ ကိုယ်ပိုင် ကိုယ်စိတ်ကြိုက် ဖန်တီးထားတဲ့ အနုပညာအိမ်ကလေး (ဘလော့စာမျက်နာ) လေးဟာ ကိုယ့်အတွက် စိတ်ကြေနပ်မှု့  စိတ်အကျဉ်းကြပ်ကင်းကင်းနဲ့  ရင်ထဲက အကြောင်းတွေ ဖွင့်ချနိုင်ဖို့ဘဲ လိုအပ်တယ် လို မြင်ပါတယ်။

pandora - 4/24/09, 2:40 AM

တွေးစရာပါ။ မနုသွဲ့နဲ့ ဆောင်းပြောတာလည်း စဉ်းစားစရာပဲ။

ကန့်သန့်လွန်းရင် ဘောင်ခတ်သလိုဖြစ်နိုင်သလို သတ်သတ်မှတ်မှတ်မရှိ ရောထွေးလွန်းတာကလည်း ရည်ရွယ်ချက်ရဲ့ ပြောင်းပြန် အကျိုးသက်ရောက်နိုင်တယ်။

pandora - 4/24/09, 2:41 AM

စာလုံးပေါင်းပြင် "ကန့်သတ်"

Anonymous - 4/24/09, 6:40 PM

မှန်ပါတယ်ရှင် ဥပမာပေါ့ ကျမပါဝင်ရေးနေတဲ့ myanmarastronomy.blogspot.com ဆိုတာက သီးသန့်  အာကာသ သိပံအကြောင်းရေးတာပါ။ ကျမရဲ့ကိုယ်ပိုင် ဘလော့ကတော့ ကိုယ့်ရဲ့ ခံစားချက်တွေ ရင်ဖွင့်တဲ့ နေရာ စိတ်အကျဉ်းကြပ်တွေ ရင်ဖွင့်တဲ့ နေရာလေ. အဲဒီနေရာက နေ ဘလော့မောင်နှမ တွေ ရှာတဲ့ နေရာ လို့ ပြောလို့ ရပါတယ်။ ဆွေးနွေးခွင့်ရတာ ကျေးဇူးတင်ပါတယ်ရှင်
ဆောင်း

လင်းကြယ်ဖြူ - 4/28/09, 9:13 AM

ဟုတ်ပါတယ်ခင်ဗျာ။
လူအမျိုးမျိုးစိတ်အထ္ဂေထ္ဂေ သုတအထ္ဂေထ္ဂေပေါ့နော်။
မှတ်သားစရာဆိုရင်တော့ ရတဲ့နေရာကနေယူသင့်ပါတယ်ခင်ဗျာ
ပျော်ပါစေ

မြူးသျှရီ - 4/29/09, 12:05 PM

လာလည်ဖတ်သွားပါတယ်။

မဆုမွန် - 4/30/09, 8:58 PM

We She Me ဘလော့ဟာ ကျွန်မ အမြဲလာအားပေးတဲ့ ဘလော့ပါ
အခုတင်ထားတဲ့ ပို့စ်ကိုလည်း သေသေချာချာ ဖတ်သွားပါတယ်။။ ဒါပေမယ်

အနည်းငယ်သော နိုင်ငံရေး ဘလော်ဂါများကလွဲရင် ဘလော်ဂါ တော်တော်များများက ကျန်တဲ့ မြန်မာ ဘလော်ဂါတွေလို အုတ်ရောရော ကျောက်ရောရော မလုပ်ကြပါဘူး။

ဆိုတဲ့ စာပိုဒ်မှာ ကျန်တဲ့ မြန်မာဘလော့ခ်ဂါတွေလို အုတ်ရောရော ကျောက်ရောရော မလုပ်ကြဘူးဆိုတာလေး သိပ်မရှင်းလို့ ပါ.. ကျွန်မသိတဲ့ အုတ်ရောရော ကျောက်ရောရောဆိုတဲ့ စကားက မြန်မာပြည်မှာ အရပ်ထဲမှာ လူတွေကို ပြောတာလေ ဒီကောင် အုတ်ရောရော ကျောက်ရောရောနဲ့ပါလာတာပါ ဒီလူတွေက အုတ်ရောရော ကျောက်ရောရောတွေပါ ဆိုတာ က အဆိုးဘက်ကို ပြတဲ့ စာလုံးလို့ မြင်မိလို့ပါ

Andy Myint - 4/30/09, 11:07 PM
အထွေအထူး မဟုတ်ပါဘူး မဆုမွန်။ ကျောက်တွေလို နိုင်ငံရေး ဘလော်ဂါ(တချို့ သို့မဟုတ်) တော်တော်များများက သာမန် အရပ်သား ဘလော်ဂါတွေနဲ့ ရောရော နှောနှော မနေတတ်ကြဘူးလို့ ပြောတာပါ။ အတွေးအခေါ် အတွေ့အကြုံ အသက်အရွယ် မတူလို့ ဖြစ်နိုင်သလို မရောချင်လို့လည်း ဖြစ်နိုင်တာပဲ။ နိုင်ငံရေး သမားတွေ ကျွန်တော်တို့လို အရပ်သားတွေနဲ့ ရောရော နှောနှော နေသင့်လား မနေသင့်လား ဆိုတာကိုတော့ နိုင်ငံရေးသမားတွေ အသိသင့်ဆုံးပါ။ အားပေးတာ ကျေးဇူးပါ။
မဆုမွန် - 5/1/09, 9:51 AM

ဟုတ်ကဲ့ ဖြေပေးတာ ကျေးဇူးပါရှင် ကိုအန်ဒီတို့မိသားစု စိတ်ချမ်းသာခြင်း ကိုယ်ကျမ်းမာခြင်းနဲ့ ပြည့်စုံပါစေ

khin oo may - 5/1/09, 4:39 PM

ဖတ်လို့တော့အတော်ကောင်းတယ်။ ဆွဲဆောင်မျူရှိတယ.်
ကျန်တာတော့ကြိုက်တာ လုပ်ပါ။

Anonymous - 3/2/13, 5:31 PM

အကွပ်မဲ့ကြမ်း ပရမ်းပတာ - ဆိုတော့ စည်းကမ်းရှိသင့်သလောက်တော့
ရှိသင့်တယ်လို့ယူဆမိပါတယ်။ စည်းတွေ ဘောင်တွေနဲ့ ကန့်သတ် ချုပ် ချယ်ထားတားမျိုးတော့ မဖြစ်သင့်ဘူးထင်ပါတယ်။ ဒီတော့ အစွန်း လွတ် ကန့်သတ်ချက်တော့ ရှိသင့်တယ်လို့ ထင်မြင်ယူဆမိပါကြောင်း။

Post a Comment

Many thanks for dropping a comment…

Film