Friday, April 17, 2009

The Godfather

Godfather ရုပ်ရှင် အတွဲအားလုံးက ကျွန်တော် အကြိုက်ဆုံးထဲမှာ ပါပါတယ်။မာလွန်းဘရန်ဒို လည်းကြိုက်၊ အယ်လ်ပါစီးနိုးလည်း ကြိုက်တယ်။ ငယ်ငယ်တုန်းက အီတလီ မာဖီယားဂိုဏ်းတွေ အကြောင်း ရုပ်ရှင် ကြည့်ပြီးတော့ Godfather ဆိုတာ လူဆိုးဂိုဏ်း ခေါင်းဆောင်ပဲလို့ အမှတ် စွဲနေခဲ့ပါတယ်။ နှစ်ခြင်း ခရစ်ယာန်တွေမှာ ခေါင်းကိုင်ပေးတဲ့ ဘုန်းကြီးကိုလည်း Godfather ခေါ်တယ် ဆိုပါတယ်။ `ခေါင်းကိုင် အဖ´ လို့ ပြောပါတယ်။ ယေဘုယျအားဖြင့်ဆိုရင် သြဇာအရှိန်အ၀ါကြီးပြီး အစပျိုးပေး ပျိုးထောင်ပေးပြီး အုပ်ထိန်း စောင့်ရှောက်သူကို Godfather လို့ ပြောမလားပဲ။ အီတလီက Godfather တွေကလည်း မာဖီးယားဂိုဏ်းတွေမှာသာ ခေါင်းဆောင်မဟုတ်ဘဲ မိသားစုထဲမှာပါ အရာအကြီးဆုံး ဖြစ်နေတာ ရုပ်ရှင်တစ်ခုမှာ ကြည့်လိုက်ရတယ်။ မိသားစု အကြီးကြီးကို ကျွေးမွေးထားပြီး အကုန်လုံးက သူ့ကိုဆိုရင် ပါပါး ပါပါးနဲ့ ချစ်ကြောက် ရိုသေကြတယ်။ သူကလည်း မိသားစု အပေါ်မှာ တာဝန် အပြည့်အ၀ယူပြီး သူ့မိသားစုဝင် တစ်ယောက်ကို ထိရင် (မာဖီယားဂိုဏ်း ခေါင်းဆောင်ကလည်း ဖြစ်တော့) အသေအကြေ ပြန်ပြီး ကလဲ့စားချေတာမျိုးတွေ ကြည့်ရတယ်။

မိသားစု တစ်ခုမှာလည်း အဖေက သိပ်အလုပ် မလုပ်နိုင်တော့ အစ်ကိုကြီးက အမိအဘကို လုပ်ကျွေး ညီအစ်ကို မောင်နှမတွေရောပြုစု ပျိုးထောင်ပေးရတယ်။ အစ်ကိုကြီးက လုပ်ကျွေးလာတာ အချိန် နည်းနည်း ကြာတော့ အဖေကလည်း အရင်တုန်းကဆို စိတ်ကြီးပေမယ့် လုပ်ကျွေးတဲ့ သားကြီးကိုဆိုရင် အလေး ပေးလာတယ်။ အမေကလည်း အဖေကို ပြုစုသလိုမျိုး သားကြီးကို ဂရုစိုက်လာတယ်။ သားကြီးက အိမ်မှာ သြဇာ အရှိန်အ၀ါ ကြီးလာတယ်။ Godfather လိုမျိုး ဖြစ်လာတယ် ဆိုပါတော့။ ညီငယ် ညီမငယ်တွေကလည်း သူ့ကိုဆိုရင် ကြောက်နေရတယ်။

အဲဒီမှာ ညီငယ်တစ်ယောက်က အစ်ကိုကြီး အိမ်မှာ ခြယ်လှယ်နေပြီး သူက သိမ်ငယ်တယ်ဆိုတော့ အစ်ကိုကြီး နေရာ လိုချင်တယ်။ ဘေးက သွေးထိုးပေးတာလည်း ပါနိုင်တယ်။ သိပ်မကြာပါဘူး။ အစ်ကိုကြီးကလည်း အိမ်ထောင်တွေ ဘာတွေကျ ကိုယ်ပိုင် မိသားစုတွေ ဘာတွေ ရှိလာတော့ သူ့အရင် မိသားစုကို ကောင်းကောင်း မကြည့်နိုင်တော့ဘူး။ သူပျိုးထောင်ပေးထားတဲ့ ညီငယ် ညီမငယ်တွေကလည်း သူတို့ဘာသာ သူတို့အတော်အတန် ရပ်တည်နိုင်ပြီး ကျန်ခဲ့တဲ့အထဲက ညီအကြီးဆုံးက အဆင်ပြေတော့ သူက မိသားစုကို တစ်ဖန်ပြန် ကြည့်ရတယ်။

၁နှစ် ၂နှစ် ကြာတော့ ညီငယ်ကလည်း အိမ်မှာ Godfather လိုမျိုး ဖြစ်လာတယ်။ ဒါပေမယ့် Godfather နေရာက `ဖင်ပူ´မှန်း အဲဒီနေရာကို ထိုင်ကြည့်မှ သိတော့တယ်။ မိသားစု တစ်စုလုံးကို ကြည့်ရှု့စောင်ရှောက်ရတာ ဘယ်လောက် တာဝန် ကြီးမှန်း အဲဒီ နေရာ ရောက်မှ သိတော့တယ်။ အရင်တုန်းကတော့ လေး၊ငါး၊ ဆယ်နှစ် အစ်ကိုကြီးက အိမ်မှာ Godfather ဖြစ်နေတာ အဖေက အလေးပေး အမေက ပြုစုတာပဲ သိတယ်။ ဘယ်လောက်တာဝန်ကြီးပြီး ဘယ်လောက် Sacrifice လုပ်ရတယ်ဆိုတာ မသိဘူး။ ညီငယ်ကိုယ်တိုင် ၂ နှစ် ၃ နှစ်လောက် ၀င်ထိုင်ကြည့်မှ အဲဒီနေရာဟာ ဘယ်လောက် ဖင်ပူမှန်း သိတော့တယ်။ သိချင်မှလည်း သိမှာပါ။ သူက သူ့အစ်ကိုကြီးကိုပဲ ကြည့်နေတာ ဆိုတော့ သူ့အစ်ကိုကြီး သူ့မိသားစုနဲ့ ပျော်နေတာပဲ မြင်နိုင်ကောင်းတယ်။ အဲဒီနေရာကို ထပ်လိုချင် လိုချင်နေဦးမှာ။ ဒီလို ကိုယ်ပိုင် မိသားစုထောင်တာ မိဘမောင်ဘွား မိသားစုကို ထောက်ပံ့တာထက် ၂ဆ မက တာဝန်ပိုကြီးတယ်ဆိုတာ ညီငယ် သိစေချင်တယ်။

မိသားစုထဲမှာ အဖေပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် Godfather လိုမျိုးဖြစ်နေတယ်ဆိုတာ တာဝန်ကြီးလွန်းလို့ ဖြစ်နေရတာ။ သူ့ကို (အီတာလျံ ရုပ်ရှင်ထဲက ပါပါး ပါပါးနဲ့  ခေါ်နေသလို) အရေးပေးတယ်ဆိုတာ သူရဲ့ မိသားစုအပေါ်မှာ ဘယ်လောက် လုပ်ကျွေးနေသလည်းပေါ် မှီတည်နေတယ်။ သူ့နောက်ကွယ်က တာဝန်ကိုတော့ သူကိုယ်တိုင်က လွဲရင် ဘယ်သူမှ မသိနိုင်ဘူး။

ရုံးတစ်ရုံးမှာတော့ မန်နေဂျာကို လက်အောက်ငယ်သား တစ်ယောက်က မကြည်ဘူး။ သူက အမိန့်လေး ပေးလိုက်ရုံပဲ။ လက်အောက်ငယ်သားတွေက အကုန် လုပ်ရတယ်လို့ မြင်တယ်။ အောက်ခြေ အလုပ်သမားလေး မသိတာတော့ အဲဒီ မန်နေဂျာက သူတစ်ယောက်တည်းကို အမိန့်ပေးရတာ မဟုတ်ဘဲ တခြား အလုပ်သမားတွေကိုပါ အမိန့်ပေးရတယ်။ တစ်ယောက်ကို တစ်ယောက် အမိန့် တစ်ခွန်း ပေးဖို့ မန်နေဂျာက နောက်ကွယ်မှာ တစ်နာရီ တစ်ရက်လောက် တွက်ချက်ပြီး အချိန်ယူရတယ်။ အခြေခံ အလုပ်သမားတွေက ကိုယ့်အလုပ်မှာ စိတ်နှစ်ပြီး လုပ်နေချိန်မှာ မန်နေဂျာက အထက်ကိုလည်း Report တင်ရတယ်။ တခြားဌာနက မန်နေဂျာတွေနဲ့ တွေ့ဆုံရတယ်။ Client တွေ Customer တွေနဲ့လည်း ဆက်ဆံရတယ်။ ဗျာများနေရတယ်။ မန်နေဂျာဆိုတာ အမိန့် ပေးတယ်လောက်ပဲ သိတာ အောက်ခြေ အလုပ်သမားတွေ အတွက် မဆန်းပါဘူး။ Authority နောက်ကွယ်မှာ Responsibility ရှိနေပါတယ်။ Responsibility ပေးပြီး Authority မပေးပြန်ရင်လည်း အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။

တာဝန်ယူလို့ Godfather ဖြစ်။ Godfather ဖြစ်လို့ အားလုံးက တလေးတစား ချစ်ကြောက် ရိုသေကြတယ်။ အဲဒီ အဆင်ကို သိလို့ Godfather လုပ်ယူနေတာမျိုးလည်း ရှိသေးတယ်။ ဒီလိုမျိုးမှာ သာယာဖို့ ကောင်းတယ်လေ။  ဒါကလည်း လွယ်တော့ မလွယ်ဘူး။ လုပ်တတ်တဲ့လူ လုပ်နိုင်တဲ့သူမှာ ဖြစ်တာမျိုးကို။ တမင်တကာ လုပ်ယူတယ်ပဲ ဖြစ်ဖြစ် ကျေးဇူးကြွေးတွေ ချဖို့ဆိုတာ ကိုယ့်ဖက်ကလည်း တတ်နိုင်မှ ဖြစ်တာမျိုးကိုး။  အကြောင်းသိ တချို့ကလည်း သူ့ကို ပါပါး ပါပါးသာခေါ် အကုန် လုပ်ပေးတယ် ဆိုတာမျိုးလည်း ရှိသေးတယ်။ တချို့ကျတော့လည်း ကျေးဇူးကို မသိတတ်တော့ လုပ်ပေးပေမယ့် ဘာမှ ပြန်မလာတာမျိုး ရှိနိုင်သေးတာပဲ။ စေတနာ မှန်ရင်တော့ ရောင်ပြန် ဟပ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို လုပ်ယူတဲ့ Godfather တွေဟာလည်း အတိုင်းအတာ တစ်ခုအထိတော့ သြဇာလွှမ်းမိုးနိုင်တာ တွေ့ရပါတယ်။

To all the breadwinners.....

16 comments:

MrDBA - 4/17/09, 10:48 AM

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေဗျာ။

P.Ti - 4/17/09, 12:02 PM

အဟုတ်ပဲ။ ကိုယ်ကိုတိုင် အဲလိုနေရာရောက်မှ ခံစားတတ်မှာ။ အဲဒီရုပ်ရှင် ထပ်ကြည့်ချင်သွားပြီ။

မင်္ဂလာနှစ်သစ်ပါ။ ကိုအန်ဒီတို့မိသားစု နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ။

Ko Paw - 4/17/09, 12:51 PM

ကိုယ့်ဆရာကြည့်ရတာ ဖင်ပူနေပြီ ထင်ရဲ့။ ဒီမှာလည်း ဖင်မီးလောင်နေပြီဗျိုး။ ဂေါ့ဒ်ဆန်းလုပ်ရတာလောက်တော့ ဘယ်ဟာမှ ဇိမ်ကျမယ်မထင်ဘူး။း-)

ဘလော့ဂါရော၊ ဘလော့ဂျာ သူမရော၊ သမီးနဲ့သားပါ မင်္ဂလာနှစ်သစ်ပါ….လို့။ (သတိထားရင်း “လို့” ကြီး ပါသွားပြန်ပြီ။)

Phyo Maw - 4/17/09, 2:57 PM

ဒေါင်း ပြီးကြည့်လိုက်ဦးမယ်။
ဝေမျှတာ ၀မ်းသာစရာ :D

Phyo Evergreen - 4/17/09, 3:29 PM

ဟုတ်တယ်.. အိမ်မှာ ဘကြီးတစ်ယောက်ကိုဆို ဦးလေးတွေအဒေါ်တွေက ခုထိကြောက်ရတုန်း.. မင်္ဂလာနှစ်သစ်ပါဗျာ..။

Anonymous - 4/17/09, 3:40 PM

မင်္ဂလာနှစ်သစ်ပါ..အစ်ကို၊ အစ်မနဲ့ တူတူမလေး။
mm

နေညိုရင့် - 4/17/09, 6:58 PM

ဟုတ်ပါတယ်ဗျာ။ Godfather ရဲ့ တာဝန်က ခေါင်းကြီးပါတယ်။ သူ့ ကို ချစ်ကြောက်ရိုသေမှု ပေးကြသလို သူကလည်း ကာကွယ်စောင့်ရှောက်မှု ၀တ္ထရားတွေ ကျေပြွန်အောင် လုပ်ပေးရတာ မလွယ်ပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် Godfather လိုလူတွေ မရှိစေချင်ပါဘူး။
မာဖီးယားဂိုဏ်းလို နေရာမျိုး Godfather တွေဆက်ရှိနေတာ အဓိပ္ပာယ်မဲ့လုပ်ရပ်တွေကို သူကိုယ်တိုင်ကော သူ့ လက်အောက်ငယ်သားပါ ကျူးလွန်ဖို့  တွန်းအားပေးနေတယ်ပါပဲ။
ထို့ အတူ မိသားစုမှာပဲ ဖြစ်ဖြစ် အလုပ်ထဲမှာပဲဖြစ်ဖြစ် တာဝန်မှု ပိုများနေတဲ့သူကို Godfather တယောက်လို မဆက်ဆံချင်ပါဘူး။
Godfather လိုလူတွေထက် Leadership သမားတွေကိုပဲ မြင်ချင်ပါတယ်ဗျာ။ ကိုအင်ဒီရေ အခုတော့ Godfather ရုပ်ရှင် ပြန်ကြည့်နေမိတယ်။ :)
မိသားစုတခုလုံး မင်္ဂလာရှိသော နှစ်သစ်နဲ့ အစပြုပါစေ။

nyimuyar - 4/17/09, 9:45 PM

မင်္ဂလာနှစ်သစ်မှာ တမိသားစုလုံး ရွှင်လန်းချမ်းမြေ့ အေးချမ်း ပါစေဗျာ။ သြော် သူတို့  အရပ်မှာ တကယ်ပဲ ချမ်းအေးတော့မှာပါလား။ ဒီမှာတော့ ပူလို့ ဗျို့ ။

ဇနိ - 4/17/09, 10:52 PM

ဂေါ့ဖားသားဇာတ်ကားတွဲကို သဘောကျတယ်...
ရှေ့ရောက်လာရင် တာဝန်လည်း ကြီးသလို တာဝန်လည်း ယူတတ်ဖို့လည်း လိုပါတယ်။ တာဝန်ယူတတ်တဲ့ အစွမ်းအစမရှိရင်တော့ နောက်ကို ပြန်ဆုတ်တာ ကောင်းပါတယ်။ တာဝန်ကလည်း မယူတတ်၊ နေရာကလည်း မဖယ်ဆိုရင်တော့ အတော်ခက်ပါတယ်။

ကိုအန်ဒီ၊ အမ၊ သမီး နဲ့ သား - နှစ်သစ်မှာ ပျော်ရွှင်မှု အောင်မြင်မှုတွေ ရရှိပါစေ။

TZA - 4/17/09, 11:33 PM

ဂေါ့ဖားသားကြိုက်တာချင်းတူတယ်.. ကျနော်ကတော့ မာလွန်ဘရန်ဒိုလို အသံဩဩနဲ့ ပြောနိုင်အောင်ပဲကျင့်နေတာဗျ။

Rita - 4/18/09, 12:26 AM

ကျွန်မကတော့ စာအုပ်ပဲ ဖတ်ဖူးတာပါ။
ခုမှ ရုပ်ရှင်ကြည့်ရကောင်းမလား တွေးမိတယ်။
ဘယ်က ဒေါင်းရမလဲဟင်
Where & How လေး သိတဲ့သူ ပြောကြပါဦး။

"God daughter"

မီယာ - 4/18/09, 3:14 AM

ရုံးမှာ job swap လုပ်ဖို့ အကြံပေးဖူးတယ်... သူများနေရာ ယူချင်တဲ့သူတွေကို တနေ့လောက် နေရာ ယူခိုင်းကြည့်ချင်တယ်။ ကိုအန်ဒီတို့ မိသားစု နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေနော်

imaginary clouds no 2 - 4/18/09, 9:22 PM

ဒီအရေးအသားလေးကို ကြိုက်တယ်ဗျာ ။

imaginary clouds no 2 - 4/18/09, 9:24 PM

ကိုယ်တိုင် ပလေယာ ၊ ကိုယ်တိုင်လည်း မန်နေဂျာ ဆိုတဲ့ ဘောလုံးသမားတွေလိုပေါ့ ကိုယ့်အသင်းအခြေအနေမကောင်းတော့ရင် ကိုယ်တိုင်လည်း ဝင်ကန်ရတာပဲ ။

T T Sweet - 4/19/09, 2:44 AM

ဂေါ့ဖားသား သိပ်ကြိုက်ပါတယ်။ အိမ်မှာ အခွေပိုင်ဝယ်ထားတယ်။ ကိုယ်ကတော့ အဲဒီထဲက ဒွန်တွေကိုလဲ စိတ်ဝင်စားတယ်။ ဂေါ့ဖားသားဖြစ်ဖို့ကလည်း မလွယ်ပါဘူး။ အရည်အချင်းရှိမှ။ တော်မှ။နောက် လက်ရဲဇတ်ရဲဘို့လဲလိုသေးတယ်။ အဲဒီကားမှာ အယ်ပါစီနိုက အကိုအကြီးဆုံးနဲ့ အလတ်ကို ကျော်ပြီး ဂေါ့ဖားသားဖြစ်လာတာပဲကြည့်လေ။ ကိုအန်ဒီပြောသလို ဂေါ့ဖားသားဆိုတဲ့ နာမည်ရအောင် တာဝန်ယူမှုတွေ ပေးဆပ်မှုတွေကလဲ အများကြီးကိုး။

Anonymous - 5/15/09, 8:59 AM

All three series of Godfather were my favorites movies. I watch them several time. When I was young, I kind of admired Michael. Recently I watched it again and I have kind of disgusting feeling for Michael. I can't understand how he can kill his own brother. or can't justify it.

min

Post a Comment

Many thanks for dropping a comment…

Film