Friday, April 03, 2009

Junk လင်မယား

Junk လင်မယားဆိုလို့ ဗြုတ်စဗျင်းတောင်း လင်မယားလားလို့ ထင်ရောမယ်။ ထင်လည်း ထင်ချင်စရာ။ အိမ်မှာ ကလေးနှစ်ယောက်နဲ့ ဆိုတော့ ဧည့်ခန်းက အမှိုက်ပုံလိုပဲ။ အမြဲတမ်း ကလေးကစားစရာတွေနဲ့ ပြည့်နေတာပဲ။ သိမ်းလို့လည်း မရဘူး ခဏနေ သမီးက အကုန် သွန်ချပြီး ဆော့ပြန်ရော။ ဒါတောင် အငယ်ကောင်က ဘာမှ မလုပ်တတ်သေးဘူး။ နောက်ဆိုရင်တော့ နှစ်ကောင် ပေါင်းပြီး နိုင်တောင် နိုင်မှာ မဟုတ်ဘူး။ ထားပါတော့။ သြော်ဇီ စတိုင်နဲ့ Junkie လင်မယားလို့ ပြောပြန်ရင်လည်း ဆေးစွဲနေတဲ့ လင်မယားလို့ ထင်နေဦးမယ်။ Junk လင်မယား ဆိုတာ သူမက Junk Mail တွေ စောင့်ဖတ်တတ်ပြီး ကျွန်တော်က Junk Food တွေကို ကြိုက်လို့ Junk လင်မယားလို့ ပြောတာပါ။

စာဖတ်သူတွေလည်း ကြုံဖူးပါတယ်။ ကိုယ့်အိမ်က စာတိုက်ပုံးထဲ တံဆိပ်ခေါင်းမပါဘဲ ရောက်လာတဲ့ Junk Mail တွေလေ။ Email က လာတဲ့Spam Mail တွေက ဖတ်လို့ မကောင်း အသုံးမ၀င်တဲ့ အတွက် အော်တို ဖျက်ထားပေမည့် ဒီလို အပြင်က Junk Mail တွေကတော့ ကုန်ပစ္စည်း ကြော်ငြာ တွေ ဆိုတော့ ကြည့်လို့ ကောင်းတယ်။ သူမကတော့ အသည်းအသန်။ တနေ့တနေ့ Junk Mail မျှော်တာ ရည်းစားစာ မျှော်သလိုပဲ။ Junk Mail လေးများ မရရင် စားမ၀င် သလိုမျိုး။ ညနေဆို စာတိုက်ပုံး သွားစစ်ပြီး Junk Mail တွေ တထပ်ကြီး ရရင် မျက်နှာကို ဖြီးနေတာပဲ။ ပြီးရင် တစ်ခုပြီး တစ်ခု ဇိမ်ပြေနပြေ ထိုင်ကြည့်ပါလေရော။ အိမ်ပြောင်းလာစတုန်းက အရင် အိမ်ရှင်တွေက Junk Mail မလိုချင်လို့ စာတိုက်ပုံးမှာ No Junk Mail Please ဆိုပြီး ကပ်ထားတယ်။ ကျွန်တော်တို့ ရောက်တော့ No လေးကို တိပ်အနောက်နဲ့ ကပ်ထားလိုက်တယ်။ Junk Mail Please... Junk Mail Please ဆိုပြီး ပူဆာနေတဲ့ စာတိုက်ပုံး အဆန်းလေး ဖြစ်နေတာပေါ့။

စင်္ကာပူမှာတုန်းကလည်း ညဖက်ဆို စာတိုက်ပုံးတွေကို တဂျောင်ဂျောင်းနဲ့ Junk Mail တွေလာထည့်တာ ကြုံဖူးတယ်။ ပေတံလိုမျိုး သုံးပြီး စာရွက်တွေကို စာတိုက်ပုံးထဲ ထည့်တာလေ။ လုပ်နေကြဆိုတော့ ကျွမ်းကျင်နေပြီနဲ့ တူပါတယ်။ စာတိုက်ပုံး ၃၀- ၄၀ ကို လက်တစ်ဘက်က ပေတံနဲ့ တခြား တစ်ဘက်က စာရွက်တွေ အထပ်လိုက် ကိုင်ပြီး တဂျောင်းဂျောင်းထည့်တာ တွေ့ဖူးတယ်။ ဒီက အိမ်မှာတော့ Junk Mail တွေ ပိုလာတယ်။ အိမ်နားမှာ Mall ကြီးတစ်ခု ရှိတော့ အဲဒီက ဆိုင်တွေက ကြော်ငြာတွေ Discount တွေ အပတ်စဉ် ရိုက်ထုတ်နေတာလေ။ သူမ အကြိုက်ပဲပေါ့။ ကျွန်တော်လည်း အီလက်ထရောနစ် ပစ္စည်း ကြော်ငြာတွေဆိုရင်တော့ သူနဲ့ ရောပြီး လိုက်ကြည့်မိပါတယ်။

သူဒီလို Junk Mail တွေ ကြိုက်တတ်တိာု ကျွန်တော်ကလည်း အင်မတိ အင်မတန် သဘောထားကြီးစွာနဲ့ ခွင့်လွှတ်ထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ Junk Mail တွေ ကြည့်ပြီး Grocery Store တွေမှာ Discount ရတယ်လေ။ အစားအသောက်တွေ အိမ်မှာလိုတဲ့ ပစ္စည်းတွေကလွဲရင်တော့ Junk Mail ထဲက တခြား ကြော်ငြာတွေ ဥပမာ ရွှေထည်တို့ ဘာတို့ကိုတော့ မပူလည်း မပူဆာတတ်ဘူးလေ။ နို့မဟုတ်ရင်လည်း ကျွန်တော်က စာတိုက်ပုံးကို သူမ မဖွင့်ခင် ဖွင့်ပြီး အဲဒီလို ကြော်ငြာတွေကို အရင် ဖျောက်ဖျက်ထားရမယ့် ကိန်းပဲ။ နောက်ပြီး ကျွန်တော်ကလည်း ကျွန်တော်ပဲ သူပစ္စည်း တစ်ခု အိမ်မှာလိုပြီဆိုရင် ဆိုပါတော့ ဘီဒိုတစ်ခု လိုချင်နေတယ်ဆိုရင် အေး.. ဘယ်လောက်လည်း ၅၀၀ လား.. ကြည့်ထားလိုက်ကွာ ၄၀၀ နဲ့Discount ရရင် ၀ယ်ပေးမည်ဆိုပြီး အိပ်မက်တွေ ပေးထားလိုက်တယ်။ အဲဒီတော့ သူကလည်း အမှတ်သညာ ကြီးကြီးနဲ့ မှတ်ထားပြီး Junk Mail တွေမှာ လိုက်ရှာပါရော။ တွေ့ရင်တော့ သေပြီ ဆရာပဲ။ ဟယ်.. ဒီမှာ လျှော့နေပြီ.. ၄၀၀ ရရင် ၀ယ်ပေးမည် ပြောထားတယ် မဟုတ်လား ဆိုပြီး စာရွက်ကြီး ကိုင်ပြီး ပြပါလေရော။

Junk Mail တွေကလည်း များလွန်းလို့ တခါတလေကျရင် ၀ယ်မယ် တေးထားပြီးမှ မေ့သွားလို့ Discount Period ကျော်သွားတာတွေလည်း ရှိပြန်တယ်။ အဲဒီတော့ နောက်ပိုင်းဆို Junk Mail တွေထဲက ကိုယ်လိုချင်တာဆို ဖြဲယူပြီး Board မှာ ကပ်ထားရတယ်။ ဒါတောင် Board ကို မကြည့်မိလို့ မေ့သွားတာတွေလည်း ရှိသေးတယ်။ အဲဒီလိုဆိုရင် နှမြေတသနဲ့ ဖြစ်နေပါရော။

Junk Mail သည် ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်တော့ မရှိပေမည့် Junk Food တွေကတော့ ကျန်းမာရေးကို ထိခိုက်နိုင်တယ် ဆိုပဲ။ ကျွန်တော်ကလည်း Junk Food တွေဆို သိပ်ကြိုက်တယ်။ Junk Food လို့ ပြောလိုက်ရင် ဘာဂါတို့ ဘာတို့ကို တန်းခနဲ ပြေးမြင်မည်။ ကျွန်တော်ကလည်း ဘာဂါတို့ KFC က ကြက်ကြော်တို့ ဘာတို့ကို စားသလား မမေးနဲ့။ အဲဒီတော့ Junk Food ဆိုတာ ဘာလဲ။ Fast Food တိုင်းက Junk Food ဖြစ်နေလား။ (မြန်မာတွေ ကြိက်တတ်တဲ့) ဘိုစာတွေကပဲ Junk Food တွေလား။ Junk Food ဆိုတာ ဘိုစာပဲ ဖြစ်ဖြစ် တရုတ်စာပဲ ဖြစ်ဖြစ် ကုလားစာပဲ ဖြစ်ဖြစ် အဟာရမဖြစ်စေဘဲ (Nutrition Value မပါဘဲ) ခန္ဓာကိုယ် အတွက် ဘေးဖြစ်စေတဲ့ အရာတွေ ပါတဲ့ အစာကို Junk Food တဲ့။ ဘေးဖြစ်တဲ့ အရာဆိုတာ ဆိုးဆေးလိုမျိုး ဆိုရင် သိသာပေမယ့် တခြား ဘေးဖြစ်တဲ့ အစာတွေက ဥပမာ သကြားတို့၊ အကြော်ခံဆီ (Trans Fat) တို့၊ (တရုတ်စာတွေမှာ ပါတတ်တဲ့) အငန်ဓါတ် (Sodium) တို့လိုမျိုးပါ။ အတိုပြောတာတော့ HFSS တဲ့။ High Fat, Sugar and Salt တဲ့။ အစတုန်းက လုံးဝ မထင်ထားဘူး။ ရိုးရိုးဂျုံနဲ့ လုပ်ထားရင်တောင်မှ Junk Food လို့ ပြောလို့ ရတယ်ဗျာ။ ဂျုံကြမ်းနဲ့ လုပ်ထားမှ အဟာရ တန်ဖိုး ရှိတာတဲ့။ သူက အမျှင်ဓါတ် (Fibre) ပါတယ်လေ။ အစားအသောက်ဆိုတာကလည်း အမျှင်ဓါတ်၊ ပရိုတင်း၊ ဗီတာမင် တွေမပါရင်လည်း Junk Food ပဲတဲ့ဗျာ။

သူမကတော့ အစတုန်းက အဲဒီလို ဘာဂါတို့ ဘာတို့ကို သိပ်မကြိုက်ဘူး။ ကျွန်တော်နဲ့ ပေါင်းမှ စားဖြစ်လာတာ။ ကျွန်တော်ကလည်း သူကို စည်းရုံးထားမှ ဖြစ်မယ်လေ။ ဒါမှ ကျွန်တော် စားချင်ရင် စားလို့ရမှ။ ကျွန်တော်က Junk Food ကြိုက်ပေမယ့် အမြဲတော့လည်း မစားနိုင်ပါဘူး။ မြန်မာ ထမင်းဟင်းလေးတော့ စားချင်ပါသေးတယ်။ ဒီကလူတွေလို Junk Food တွေ နေ့တိုင်း စားနေတာမှ မဟုတ်တာ။ ဒါတောင် ဒီမှာက စင်္ကာပူမှာနဲ့ ပြောင်းပြန် Mac တို့ ဘာတို့ဆို ရိုးရိုး အစားအစာတွေထက် ဈေးသက်သာတယ်။ ဘာဂါကို အာလူးကြော်တွေနဲ့ အအေးနဲ့ ဆိုမှ ၆ ကျပ်ခွဲ ၇ ကျပ်လောက်ပဲ။ တခြားဟာတွေက အအေးမပါဘဲ ၇ ကျပ်။ ၈ကျပ်။ အအေးလေးနဲ့ဆို ၁၀ လောက် ဖြစ်သွားရော။ အဲဒီတော့ စင်္ကာပူမှာထက် ပိုပြီး စားဖြစ်တယ်။ တစ်ပါတ်မှာ တစ်ခါလောက်တော့ စားဖြစ်နေတယ်။

ဒီက ကောင်တွေလောက် အများကြီး အမြဲတမ်း မစားပေမည့် Junk Food တွေစားတော့ စားတယ်။ အဲဒီတော့ ဒီက ကောင်တွေလောက် ကိုယ်ခန္ဓာ မကြီးလာပေမယ့် ဗိုက်ကတော့ ပူထွက်လာတယ်။ ဇော်ကန့်လန့် ဖြစ်နေတာပေါ့။ အဲဒီတော့ သူမက ဟွန်း Junk Food တွေ အရမ်း မစားရဘူးနော်တဲ့။ ဒီလို ဆိုလာရင် ကျွန်တော်ကလည်း သူ့ကို နိုင်ကွက် ရှိတယ်လေ။ သူမနဲ့ ကျွန်တော်နဲ့ မီးတွေပွင့် လျှပ်စီးတွေ လက်သွားတာ KFC ဆိုတဲ့ Junk Food ဆိုင်လေး တစ်ဆိုင်မှာ ဆိုတော့ KFC လို ဆိုင်မှာ စားချင်ရင် ငါတို့တွေ ဆုံတွေတဲ့တာလေး ပြန်ပြောင်း အောက်မေ့တဲ့ အနေနဲ့ KFC ဆိုင်မှာ သွားစားရအောင်ကွာ ဆိုရင် သူမလည်း ဘယ်ငြင်းနိုင်လိမ့်မလဲ….

တခြားဖတ်ရန် -ဆားပုလင်း Wives

19 comments:

Ko Paw - 4/3/09, 7:11 PM

ဟား….ဟား….ပိုင်ချက်ဗျာ။ ဒီမှာလည်း မဒမ်ပေါကို ဘီယာတိုက်စည်းရုံးထားရတယ်။ ကိုယ်သောက်ချင်ပြီဆိုရင် “ချစ်လေးရေ…. ဒီနေ့ညနေ ဆယ်လီဘရိတ် (Celebrate) လုပ်လိုက်ကြရအောင်ဟေ့” ဆိုရင်… နှစ်ခါ မပြောရဘူး…ဟီးဟီး။

Phyo Evergreen - 4/3/09, 7:53 PM

၆လဗိုက်ဖြစ်တာဒါကြောင့်ကိုး.. .. အပြောကလည်းကောင်းတယ်နော်.. ဖိတ်ဖူး ဖိတ်ဖူး. လေးစားပါတယ်.. သင်တန်းဖွင့်ဖြစ်ရင်ပြောပါ..လာတက်ပါမယ်..။

sin dan lar - 4/3/09, 8:17 PM

ခေါင်းစဉ်ဖတ်ပြီး ဘာလဲလို့.....။
စာတွေ စိပ်စိပ်ဖတ်ရလို့ ဝမ်းသာပါ၏။

ဇနိ - 4/3/09, 8:57 PM

ခေါင်းစဉ်က တမျိုးနဲ့ စိတ်ဝင်စာစရာ ကောင်းနေသလို အမအကျင့်ဖတ်ရတာလည်း ဂွတ်တယ်. အဲဒီအကျင့်ရှိနေတော့ လိုချင်တဲ့ ပစ္စည်းကို ဘယ်အချိန်မှာ ဈေးကဘယ်လောက်ဆိုတာ သိရတာပေါ့
ဗိုက်ကြီးပူမှာ စိုးလို့ဆိုပြီး အမက ဗိုက်ကြောလိမ်မဆွဲဘူးလား ကိုအန်ဒီ..

Phyo Maw - 4/3/09, 9:03 PM

အော် ပြောအားရှိတော့ ပြောကြပါ ပြောကြပါ။
board တောင် လုပ်ထားတယ်ဆိုပဲ။

တစ်ကိုယ်တည်းသမား တွေကျတော့ ဘာ mail လာလာ အရင်ဆုံး ph bill နဲ့ အင်တာနက်bill ရှာရတဲ့ဘ၀ ပါ။
:D ဟဲဟဲ

JulyDream - 4/3/09, 11:28 PM

သြော် ဒီဗိုက် တရားခံက သူကို...
Junk food ပြောတာပါ။ တခြား မတွေးကြပါနဲ့။

Kay - 4/4/09, 12:36 AM

ဘလော့ဂျာ သူမ ကိုပြောလိုက်ပါ။ ဒီမှာ အဖော်ရှိတယ်လို့။း)
ကျမကတော့..အကုန်မဖတ်ဘူး..စာတိုက်ဗုံးဖွင့်ပြီးတာနဲ့..target တို့ kmart တို့ priceline တို့ တခါတည်း ရွေးပြီး ကျန်တာကို အိမ်ရှေ့က..ဗုံးထဲ တခါတည်း ထဲ့ခဲ့တာ။

အသိ အမ တယောက်ဆို..သူ့အိမ်က..ဆေးရုံဝန်ထမ်းအိမ် ဆိုတော့..အဲဒါမျိုးတွေ မလာလို့ ၀မ်းနဲပြီး...လိုက်တောင် ရှာနေရတယ်။း)

ThuHninSee - 4/4/09, 3:00 AM

တစ်ခါတစ်လေ ဖတ်ရတာပျော်တယ်။ couponလေးတွေပေးရင် ဖြတ်သိမ်းထားရတာအမော၊

Anonymous - 4/4/09, 3:16 AM

Ko Andy,

I heard from one of my friends saying that there is a Burmese restaurant name "Pagan" in Sydney. Is it true? Have you been there?

If you did, would you mind writing your dining experience there? We've never been to Australia yet but hopefully can be there for a visit in the near future. Just keep our fingers cross right now. Thanks!

Lin

Moe Cho Thinn - 4/4/09, 9:14 AM

ကိုအန်ဒီက ညီမကိုကျတော့ ဈေးချမှ တဲ့။ ညီမခမျာ အသည်းအသန် မှတ်ထားပြီး ကူပွန်ရှာရတယ်၊ သူ့ Junk food ကျတော့ ပြန်ပြောင်း အောက်မေ့တာ ဆိုပဲ။ တတ်လဲ တတ်နိုင်ပါပေ့..
တို့လဲ ကိုယ်ကြိုက်တဲ့ ဆိုင်ရဲ့ ဒစ်စကောင့် ကူပွန်ဆို သိမ်းထားပြီး သုံးရတယ်။ တခါတလေ ပိုက်ဆံအိတ်ထဲမှာ cash မရှိဘဲ ကူပွန်တွေချည်း ပွထ နေပါရောလား။ :)

ပုံရိပ် / Pon Yate - 4/4/09, 1:55 PM

ကိုအန်ဒီက KFC ကြိုက်လို့များ မဒမ်နဲ့ ဇာတ်လမ်းလေးကို KFC မှာစခဲ့သလား။

nyimuyar - 4/5/09, 3:02 AM

Yeah Bro! :D I also like Junk Mail (adv from vendor) my favourite one is discount cupon, escpecially from Buger King :D :P

nyimuyar - 4/5/09, 3:10 AM

Lin,
I'm not from Au. but I just share info.
Bagan Restaurent is nice one and famous amoung Burmese ppl around Sydney. If I'm not wrong, they move to new place at the beginning of 2006, near Strathfield Stn. Sorry Ko Andy :D

http://www.smh.com.au/news/restaurant-reviews/bagan/2007/09/17/1189881380338.html

http://rwangsa.blogspot.com/2006/03/bagan-strathfield.html

TTSweet - 4/5/09, 9:07 AM

နေစဉ်လာဖတ်ပါသည်။ ကွန့်မန့်မပေးပဲ တိတ်တဆိတ်အားပေနေတာကြာပါပြီ။
ကျွန်မဘလော့လေးလဲ လာလည်ပါဦး။
http://auntysweet.blogspot.com/
တီတီဆွိ

Phyo Maw - 4/5/09, 1:24 PM

အကိုရေ ဒီ post နာမည် ခုတုံးလုပ်ပြီး ရေးဖြစ်ပါသည်။
သဘောထားကြီးကြီးဖြင့်သာ ဆက်သဘောထားကြီးပေးပါ။ :P

khin oo may - 4/5/09, 7:18 PM

ကိုကိုကလည်း ကောင်မလေးတွေ အမြဲကြည့်တယ။် ခြေဆောင့်လို့ရှိရင် မင်းငယ်ငယ်တု့းကနဲ့တူလို့ပါကွာတဲ့။

khin oo may - 4/5/09, 7:20 PM

တို့က ကေအက်ဖစီနဲ့ ဘာဂါကြောငြာ discount တွေကို အမြဲသိမိးတာ.။ ဆိုင် ရောက်တဲု့နေ့ဆိုရင်ဘယ်တော့မှ မပါဘူး။ဘယ်ပါမလဲ ပိုက်ဆံအိတ်က ဟိုဟာလဲလိုက် ဒီဟာလဲလိုက်နဲ့ကိုး။

မိုးကောင်းသူ - 4/6/09, 10:50 AM

ကိုအန်ဒီ ကျွန်မလဲ အစ်မလို အကျင့်ရှိတယ်။ ဟီးဟီး မ၀ယ်လဲ ဟိုဖတ် ဒီဖတ် လုပ်တယ်။

khin oo may - 5/30/09, 11:57 PM

အရေးကောင်းလို့ ထပ်ဖတ်သွားတယ။်

Post a Comment

Many thanks for dropping a comment…

Film