Friday, July 17, 2009

ဟစ် ၄ သိန်းပြည့် အမှတ်တရ

ထုံးစံအတိုင်း ဟစ် ၁ သိန်းရတိုင်း အမှတ်တရ အနေနဲ့ ပို့စ်တစ်ခု ရေးဖြစ်ခဲ့တော့ အခု ၄ သိန်း ပြည့်တော့လည်း တစ်ပုဒ် ရေးလိုက်တယ်။ အရင်တုန်းကတော့ အတော့်ကို ပျော်လို့ ရေးဖြစ်တာပါ။ အခုတော့ ဟစ်တွေက ဘာလုပ်မှာလည်း အရေးကြီးတာ ကိုယ်ရေးတဲ့စာ သူများအတွက် အပျင်းပြေ အသုံးဝင်ဖို့ရယ် ကိုယ်စိတ်ပျော်ဖို့ရယ်ပဲဆိုတော့ ဟစ်တွေရတဲ့ အကြောင်းရေးရမှာ လက်တွန့်တယ်။

အတ္တစိတ်နဲ့ ပြန်စဉ်းစားကြည့်တော့ ဒီလို ဟစ်တစ်သိန်းရဖို့ ကိုယ့်ဘာတွေ ပေးဆပ်ခဲ့ရသလဲ။ သိသာတာ အများနဲ့ တူတာကတော့ စာရေးတဲ့ အချိန်ပေါ့။ ဟစ် ၃ သိန်းနဲ့ ၄ သိန်းကြားမှာ ပို့စ် ၁၄ ပုဒ်ရေးဖြစ်ခဲ့တယ်။ တစ်ပုဒ်ကို ၂ နာရီခွဲနဲ့ တွက်ရင် စုစုပေါင်း ၃၅ နာရီကို ၄ လအတွင်းမှာ သုံးခဲ့တယ်ဆိုတော့ တစ်လကို ၉ နာရီ တစ်ပတ်ကို ၂ နာရီ ကျော်ကျော်ပေါ့။ ဒီလို ဆိုရင်တော့လည်း မဆိုးပါဘူး။ တစ်ပတ် ၂ နာရီဆိုတာ ရေချိုးရင်း တီဗွီကြည့်ရင်းတောင် ကုန်နိုင်သေးတာပဲ။ ရေလျှော့ချိုးပေါ့ ဒီမှာလည်း ရာသီဥတုက အေးနေတာနဲ့ အတော်ပဲ။

အချိန်အပြင် တခြားဘာတွေ ကုန်သွားသေးလည်း စဉ်းစားကြည့်လိုက်တော့ ကျွန်တော့်ပို့စ်တွေက အရမ်းကို ကိုယ်ရေးကိုယ်တာ ဆန်နေပါလား။ ကျွန်တော့်ရဲ့ Privacy တွေ အနည်းနဲ့ အများ ပွန်းပဲ့သွားတာပါလား မြင်လာတယ်။ ပြောရမယ်ဆိုရင်တော့ ကျွန်တော် ဟစ်တွေရဖို့ အတွက် Privacy တွေနဲ့ Trade လုပ်လိုက်ရပါလားလို့ သုံးသပ်မိတယ်။

လူတွေက Trade လုပ်လို့ ရတာ မှန်သမျှ အကုန်လုပ်တယ်။ ကိုယ်ကာယ ဉာဏ်ရည် ကို Trade လုပ်ပြီး လုပ်အားခ ရယူတယ်။ ဒါဟာ မှန်ကန်တယ်လို့ ယူဆ သတ်မှတ်ထားတဲ့ Trading တစ်ခုပါပဲ။ အရှက်နဲ့ ခန္ဓာကို Trade လုပ်ပြီး ပိုက်ဆံရှာတယ်။ ဒါဟာ မမွန်မြတ်ပေမယ့် ဟိုးရှေးကတည်းက လုပ်စားလာကြတာပဲ။ အခုခေတ်မှာတော့ လူတွေက Privacy တွေကို Trade လုပ်ပြီး အကျိုးအမြတ်တွေ ယူလာကြတယ်။ ကျွန်တော် ဘလော့ရေးပုံကလည်း ဒီအထဲမှာ ပါသွားတယ်။

အထူးသဖြင့် အင်တာနက်မှာ လူတွေ Privacy ကို Trading လုပ်လာကြတယ်။ FaceBook မှာ Friends တွေရဖို့ လူအများ စိတ်ဝင်စားဖို့ ကိုယ့်အကြောင်းတွေ ကိုယ့်ဓါတ်ပုံတွေ တင်ကြတယ်။ လူတွေက ပျော်ပျော်ကြီးကို ကိုယ့်ရဲ့ Information တွေကို Share နေကြတော့တယ်။ ကိုယ်ဘာလုပ်နေလည်း ဘာစားနေလဲကို ခပ်ပေါ့ပေါ့ပဲ ပြောလိုက်တာပဲ။ ဒါတွေဟာ Privacy မဟုတ်တော့သယောင်ကို သဘောထားနေကြတယ်။ ကိုယ့်သူငယ်ချင်းတွေပဲ မြင်တာပဲဆိုတဲ့ အသိကလည်း ဒီလို Private Information တွေကို Share ဖို့ တွန်းအားပေးနေတယ်။

သြော်ဇီမှာ Coles နဲ့ Woolworths လို့ခေါ်တဲ့ ကုန်စုံဆိုင် Grocery/Retail Store Chain ကြီးနှစ်ခု ရှိတယ်။ (စင်္ကာပူမှာလိုဆို NTUC လိုမျိုးပေါ့။ အမေရိကားမှာဆို Wal-Mart လိုမျိုး ဆိုပါတော့) ကားပေါ်တဲ့ ဒီလိုနိုင်ငံမှာ သူတို့တွေက ဓါတ်ဆီဆိုင်တွေနဲ့ ချိတ်ထားတယ်။ (သူတို့ပဲ ပိုင်တာလားတော့ အသေအချာ မသိပါဘူး)။ အဲဒီဆိုင်တွေမှာ သတ်မှတ်ထားတာထက် (ထားပါတော့ ၃၀ ဖိုးထက်) ပိုဝယ်ရင် ဓါတ်ဆီဝယ်တဲ့ အခါ ဈေးလျှော့ပေးတယ်။ များများစားစား မဟုတ်ပါဘူး။ တစ်လီတာကို ၄ ပြားရယ်ပါ။ တစ်ခါထည့် လီတာ ၃-၄၀ ဆိုတော့ ၁ဒေါ်လာသာသာ သက်သာတာပါ။ Coles နဲ့ ချိတ်ထားတဲ့ ဓါတ်ဆီဆိုင်မှာတော့ Receipt ဖြတ်ပိုင်းလေး ပြလိုက်ရင် လျှော့ပေးတယ်။ Woolworths ကတော ပိုပြီး အဆင်ပြေအောင် Member Card လိုမျိုးလေး ပေးထားတယ်။ ဈေးဝယ်တဲ့ အချိန်မှာ အဲဒီကတ်လေး Scan လုပ်လိုက်တယ်။ ပြီးတော့ ဓါတ်ဆီဆိုင်မှာ အဲဒီ ကတ်လေး Scan လုပ်လိုက်ပြီး ကိုယ့်မှာ Limit ကျန်သေးရင် လျှော့ဈေးရတယ်။

အဲဒီတော့ ဖြတ်ပိုင်းလေးတွေ Receipt တွေမသိမ်းထားချင်တဲ့ အတွက် လွယ်လွယ်ကူကူ Card လေးပြလို့ရတဲ့ Woolworths ကိုပိုကြိုက်နေတယ်။ နောက်မှ ကျွန်တော် စဉ်းစားကြည့်မိတယ်။ ကျွန်တော်က ပိုက်ဆံ ၁ဒေါ်လာလောက် သက်သာဖို့ရယ်၊ Convenient ဖြစ်ဖို့ရယ် အတွက် ကျွန်တော့် Privacy တွေကို Trade လုပ်နေပါလားလို့။ ကျွန်တော်တို့ ဈေးဝယ်ပြီးတိုင်း ကတ်ပြားလေး Scan လုပ်လိုက်တာနဲ့ ကျွန်တော် ဘာတွေ ၀ယ်ထားသလဲဆိုတာကို သူတို့တွေ Track လုပ်လို့ရတယ်။ Analyse လုပ်လို့ရတယ်။ ကျွန်တော် ဘယ်ဓါတ်ဆီဆိုင်မှာ ဆီထည့်တတ်သလဲ သူတို့ အလွယ်သိနိုင်တယ်။ Coles ကလိုမျိုး Receipt လေးပြပြီး ဓါတ်ဆီလျှော့ဈေးရတာ ဆိုရင်တော့ Privacy ကိုထိန်းထားနိုင်သေးတယ်။ Member Card လိုမျိုးကတော့ Privacy တွေကို အလွယ်ခိုးကြည့်နေသလိုပါပဲ။ စီးပွားရေးမှာ ဒါမျိုးတွေ လုပ်လာတာကို သတိထားမိတဲ့သူတွေ ရှိတောင် Discount တွေရဖို့ Privacy တွေကို အလွယ် Trade လုပ်ကြတာပဲ။

တချို့ကတော့ ပေါ်တင်ကိုတောင်းတာ။ ဥပမာ Reader's Digest ကို လစဉ်ယူတော့ အဲဒီကနေ Sweepstakes တွေလာသလားမမေးနဲ့။ Sweepstakes ဆိုတာ ဘယ်လိုမျိုးလဲဆိုတော့ BMW ကားတွေ၊ အိမ်ကောင်းကောင်း ပုံကြီးတွေပြထားပြီး ဒါမျိုးတွေကို မဲနှိုက်ပေးနေတယ်ပေါ့။ သင့်ရဲ့ Information အပြည့်အစုံထည့်ပေးပါ။ Survey လေး တစ်ခုနှစ်ခု ဖြေပေးပါ။ ဒါဆို သင်ဟာလည်း ကံထူးသူ တစ်ယောက် ဖြစ်နိုင်တယ် ဘာညာပေါ့။ ထီတောင် ပိုက်ဆံပေးပြီး ထိုးကြသေးတာ။ ဒါမျိုးအလကား ရနိုင်တယ် ဆိုတော့ ဖောင်တွေ ဖြည့်ပြီး စာပြန်ကြပေါ့။ သူတို့ကတော့ တကယ် မဲဖေါက်ပြီး ကားတွေ ဘာတွေ ပေးပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ Information တွေကို သူတို့က နည်းမျိုးစုံ အသုံးချကြတော့တာပဲ။ တခြား စီးပွားရေးတွေကို ရောင်းတယ်။ ကားတစ်စီးစာမက ပြန်ရနိုင်တာပေါ့။ လူတွေကလည်း ကားတစ်စီး၊ အိမ်တစ်လုံး မဲပေါက်နိုင်ဖို့ အရေး ကိုယ့် Privacy တွေကို Trade လုပ်ဖို့ ၀န်မလေးကြပါဘူး။

ကျွန်တော်ဆို ဘလော့ရေးဖို့တင် Privacy တွေ ပေးဆပ်လိုက်ရတာ မဟုတ်ဘူး။ စင်္ကာပူမှာ အလုပ်လုပ်ဖို့ သွားတော့ အလုပ်အတွက် Visa မရခင် ဆေးစစ်ရတယ်။ ဆေးစစ်ဆိုတော့လည်း ဆေးခန်းသွား ဓါတ်မှန်တွေ ဘာတွေ ရိုက်ပေါ့။ ပြီးတော့ ဆရာဝန်နဲ့ စစ်ရသေးတယ်။ ဆရာဝန်က နားကြပ်နဲ့ ဟိုစမ်း ဒီစမ်းပေါ့။ ပြီးတော့ ဘောင်းဘီပါ ချွတ်ခိုင်းတယ်။ ဘောင်းဘီရှည် ချွတ်ပြီးတော့ အောက်ခံဘောင်းဘီလေးနဲ့ ပေပြီး နေကြည့်သေးတယ်။ အကုန်ချွတ်တဲ့။ ပြဿနာပဲ။ ဒီဆရာဝန်မ နဲ့တော့။ ကဲ ၀က်ဖြစ်မှတော့ မစင် မကြောက်တော့ဘူး။ ဒီလိုနဲ့ပဲ စင်္ကာပူမှာ အလုပ်တစ်ခု ရဖို့ ကျွန်တော့်မှာ Privacy တွေ ပေးဆပ်လိုက်ရတယ် ဆိုရင် ဇာတ်က နာတော့မယ်။

ကျန်းမာရေးနဲ့ ပက်သတ်ရင် လူတွေအတွက် Privacy ဆိုတာ နောက်တန်းကပါ။ မိန်းမတွေများ ကလေးမွေးရင် အရှက်ဆိုတာ ကုန်ရော။ ကလေးမွေးချိန်ပဲလား မဟုတ်ဘူး။ ဟိုး ကိုယ်ဝန်ရပြီး ပထမဦးလတွေ ကတည်းက။ ပထမဆုံး ကလေး များဆိုရင်တော့ အတော့်ကို ကသိကအောက်နိုင်တဲ့ အဖြစ်။ အမျိုးသား ဆရာဝန်ဆိုရင်တော့ ကာယကံရှင် မပြောနဲ့ ဘေးက လင်ယောက်ျားတောင် မျက်နှာပူရတဲ့ အဖြစ်မျိုး။ ဒါက မြင်သာအောင် ပြောတာပါ။ စိတ်ရောဂါ ဆရာဝန်လိုမျိုး သွားပြရင်လည်း သူက ကိုယ့်ကို အကုန် အင်တာဗျုးမှာ။ ကျွန်တော် မပြဘူးပါဘူး။ ကြားဖူးတာကို ပြောတာာ။ ကိုယ့်စိတ်ထဲမှာ ဘယ်လိုခံစားရတယ်။ ဘယ်လိုတွေးတယ်ဆိုတာကိုပါ မကျန် အကုန်ပြောရတာမျိုး ဆိုတော့ ကျန်းမာရေးနဲ့ ပက်သတ်ရင် လူတွေက ကိုယ်ရော စိတ်အတွက်ပါ Privacy တွေကို ထည့်မစဉ်းစားနိုင်တော့ပါဘူး။

ကိုယ်က အကူအညီလိုတဲ့ အချိန်မှာဆို Privacy ကို အပေါင်ထားရတာ မျိုးတွေလည်း ကြုံရနိုင်ပါတယ်။ ဥပမာ ငွေချေးဖို့ဆိုရင် ကိုယ်ရဲ့ Privacy တွေကို ဖေါ်ပြပြီး ဇာတ်စုံခင်းပြမှ တဖက်က သနားပြီး ငွေချေးတာမျိုးကို။ ကျွန်တော်ကို့ ငွေတစ်သိန်းလောက် ချေးပါဆိုရင်တော့ ဘယ်သူမှ ချေးမှာ မဟုတ်ဘူး။ ကျွန်တော်က ဘာဖြစ်လို့ ဘာကြောင့် ငွေလိုနေတာ။ ဘယ်အချိန်မှာတော့ ပြန်ဆပ်ပါ့မယ်ဆိုပြီး ကိုယ့်အကြောင်းအကုန်ပြောပြမှ တစ်ဖက်သားက ယုံနိုင် သနားနိုင်တာဆိုတော့ အကူအညီလိုတဲ့ အချိန်မှာ ကိုယ့်ရဲ့ Privacy ကို ပေါင်နှံဖို့လည်း ဖြစ်နိုင်ပါတယ်။ စာဖတ်သူအများရဲ့ Demographic level အတိုင်း ပြောရမယ်ဆိုရင်တော့ ကိုယ်က နိုင်ငံခြားမှာ အလုပ်လုပ်ချင်လို့ ကိုယ့်အကြောင်း ပြောပြပြီး အကူအညီတောင်းရတာတွေ၊ ကိုယ့် Resume ကို တဆင့်တင်ပေးဖို့ ပေးလိုက်ရတာမျိုးတွေ ကြုံခဲ့ရကောင်းမှာပဲ။ ဒါတွေဟာ Privacy ကို Trade လုပ်ခဲ့ရတဲ့ အချိန်တွေပေါ့။

ကိုယ့်က အကူအညီတောင်းမှ မဟုတ်ပါဘူး ကိုယ့်က အကူအညီပေးတဲ့ အခါလည်း Privacy တွေ ပေးလိုက်ရတာ ရှိပါတယ်။ ကိုယ့်ပိုင်အချိန်တွေ ပေးလိုက်ရတယ်။ ကိုယ်ပိုင် အတွေးအခေါ်တွေ ပေးလိုက်ရတယ်။ ဒါတွေဟာ Privacy တွေပါ။ ကျွန်တော်ဆို နိုင်ငံရပ်ခြား တစ်ခုကို အခြေချဖို့ ရောက်တဲ့ အခါတိုင်း ရောက်ရောက်ချင်း ပထမလတွေမှာ အသိတွေ သူငယ်ချင်းတွေ အမျိုးတွေ အိမ်မှာ တက်နေရတယ်။ သူတို့က လှိုက်လှိုက်လှဲလှဲ ကူညီတာပါ။ လူတစ်ယောက် စိမ်းသည် ဖြစ်စေ၊ ကျက်သည် ဖြစ်စေကို အိမ်ပေါ်မှာ တစ်ပတ်တန်သည် တစ်လတန်သည် ခေါ်တင်ထားဖို့ဆိုတာ အတော် မလွယ်တဲ့ ကိစ္စပါ။ ကိုယ့်ရဲ့ Privacy ကို အတော်များများ ဖဲ့ပေးလိုက်ရတာမျိုးပါ။ ယောက်ျားတွေ မိန်းမတွေချည်းပဲ သူငယ်ချင်းတွေ စုနေတာ မျိုးထက် ကိုယ်က မိသားစုနဲ့ နေပြီး အိမ်မှာ တပါးသူကိုပါ ပေးနေတာ မျိုးဆိုရင် ပိုသိသာပါတယ်။ ဒီလို ကျေးဇူးတွေကို အောက်မေ့ပြီး ကျွန်တော်လည်း စင်္ကာပူမှာ ကိုယ့်အလှည့် အိမ်တစ်ခန်းလုံး ငှားနေနိုင်တုန်းက ခဏလာနေတဲ့ သူတွေ အလုပ်လာရှာတဲ့ သူတွေကို အိမ်မှာ ဒီလိုပဲ တင်ထားတယ်။ အိမ်မှာလည်း စည်ကားတယ်လေ။ များသောအားဖြင့်ကတော့ အမျိုးတွေပါ။

ဘလော့ရေးတာ Information ပေးဖို့ဆိုတာ အသာထား Popularity ရဖို့အတွက် Privacy တွေ Trade လုပ်တယ်။ Discount တွေ Sweepstakes တွေ မျှော်ကိုးပြီး Privacy တွေ ရောင်းစားတယ်။ ကျန်းမာရေး လူမှုရေးအတွက် ကိုယ့် Privacy တွေ အလျှော့ပေးရတယ်။ အကူအညီတောင်းဖို့ အကူအညီပေးဖို့ Privacy တွေ ဖဲ့ပေးရတယ်။ အခင်အမင် မပျက်အောင် သူငယ်ချင်းတိုးပွားအောင် Privacy တွေ ဖော်ပြပေးတယ်။ ကျွန်တော်တို့တွေ ကိုယ့်Privacyကို ကိုယ်အလေးထားတယ် တန်ဖိုးထားတယ် ဆိုပေမယ့် မသိလို့ပဲ ဖြစ်ဖြစ် သိလျက်နဲ့ပဲ ဖြစ်ဖြစ် အကျိုးတစုံတရာ အတွက် Trade လုပ်လိုက်ကြတယ်။ အခုလို Information ခေတ်ကြီးမှာ Privacy တွေ Trade လုပ်ဖို့ဆိုတာ အလွယ်လေး။

မလွဲမရှောင်သာလို့ပဲ ဖြစ်ဖြစ် သိလျက်နဲ့ပဲ ဖြစ်ဖြစ် Privacy တွေကို ထုတ်ဖော်ပြသလိုက်ရတိုင်း နစ်နာသွားသလားဆိုတာတော့ တဖက်လူပေါ်မှာ အတော်ကို မူတည်နေတယ်။ ကိုယ်က ကူညီချင်လို့ ကိုယ့်ကို ခင်မင်လို့ အိမ်ပေါ်ခေါ်တင်ထားတာကို အိမ်မှာ ဖြစ်ပျက်နေတာတွေ တွေ့သမျှ အိမ်တွင်းရေးတွေကို တခြားသူတွေကို လျှောက်ပြောရင်တော့ ဒါဟာ Privacy ကို Abuse လုပ်တာပဲ။ ဆေးစစ်တုန်းကများ ဆရာဝန်မ ငယ်ငယ် ချောချောလေးက ကျွန်တော့်ကို Abuse လုပ်လိုက်ရင်တော့ ကျွန်တော်တော့ ရေတိမ်နစ်ပါပြီ။ ကျန်းမာရေးနဲ့ ပက်သတ်ပြီး Privacy တွေကို Abuse လုပ်ခံရတာတွေ အများကြီး ရှိတယ်။ အမျိုးသမီးတွေကို ကိုယ်ကျင့်တရား မကောင်းတဲ့ ဆရာဝန်တွေက အခွင့်အရေး ယူတယ် ဆိုတာ ကျွန်တော်တို့ သိနေ ကြားနေရပေမယ့် ကျွန်တော်တို့ ဆေးမှတ်တမ်းတွေ ကျန်းမာရေး ရာဇ၀င်တွေကို ဆေးခန်းတွေ ဆေးရုံတွေက တခြားသူတွေကို ရောင်းစားနေသလား ကျွန်တော်တို့ မသိနိုင်ဘူး။ ဆေးကုမ္ပဏီတွေ ကျန်းမာရေး အာမခံ ကုမ္ပဏီတွေက ဒါမျိုးတွေနောက် လိုက်နေတာ။ ကိုယ့်ရှေ့နေက ကိုယ့်အတွင်းရေး တခြားသူကို ပြောပြလာဆိုတာ အာမမခံနိုင်ဘူး။

ကျွန်တော်က တွေကြံခဲ့ရတဲ့ အဖြစ်အပျက်လေးတွေကို ကိုယ်ရေးကိုယ်တာနှောပြီး ဘလော့မှာ ပြောလိုက်တာကို စာဖတ်သူတွေက သုတနဲ့ ရသပဲ ရှပ်ယူသွားသလား အတွင်းရေးတွေကို မှန်းဆပြီး လိုရာ ကောက်ချက်ချနေကြသလား ကျွန်တော် အသေအချာ မသိနိုင်ဘူး။ ကိုယ်တိုင်ကလည်း စာဖတ်မနာ စာရေးမပိုင်တော့ ဒီလိုပဲ ကိုယ့်အကြောင်းလောက်ပဲ ရေးတတ်တယ်။ စာဖတ်သူတွေကိုလည်း ယုံတာ ပါမှာပေါ့။ ငါ့ပရိတ်သတ်က ဒီလို Abuse မလုပ်လောက်ပါဘူးလို့။ ဘယ်လိုပဲ ဖြစ်ဖြစ် ကံကံ၏ အကျိုးပါပဲ။ စဉ်ဆက်မပြတ်အားပေးနေကြပြီး Privacy ကို Abuse မလုပ်တဲ့ ပရိတ်သတ်တွေကို ကျေးဇူး အထူးတင်ပါတယ်။ ။

တခြားဖတ်ရန်
ဟစ် ၃ သိန်းပြည့် အမှတ်တရ

တယ်လီဖုန်း သီအိုရီနဲ့ ကြည့်မည်ဆိုရင် တယ်လီဖုန်းကွန်ယက်တစ်ခုရဲ့ တန်ဖိုးက ချိတ်ဆက်ထားတဲ့ တယ်လီဖုန်း အရေအတွက်ရဲ့ ထပ်ကိန်းနဲ့  အချိုးကျတယ်တဲ့။ တယ်လီဖုန်း ၁ လုံးထဲနဲ့ ကွန်ယက်ဆောက်လို့ မရပါဘူး။

ဟစ် ၂ သိန်းပြည့် အမှတ်တရ
`ကွန်ပြူတာ သုံး တာ ၁၀ မိနစ် ပြည့် တိုင်း.. မျက်စိကို အနားပေးဖို့..အဝေး ကို လှမ်းလှမ်း ကြည့် ပေးပါ´ ဆို သလိုပဲ.. ပုံရိပ်ယောင် ကမ္ဘာထဲ မှာ..ပျော်မွေ့ပြီးတိုင်း.. ဘလော့ တွေ ဖတ်ပြီးတိုင်း.. ဟိုး-------အဝေးကို လှမ်း လှမ်း ကြည့်ပေး ကြ ရမယ် ..ထင်ပါရဲ့။
Hit တစ်သိန်း အမှတ်တရ

အရင်းကြေလား မကြေလား ဘယ်လို တွက်လဲဆိုတော့ ကျွန်တော် ပို့စ်တစ်ခု ရေးဖို့ အနည်းဆုံး ၂ နာရီကနေ ၆ နာရီလောက် အချိန်ယူရပါတယ်။ ပျမ်းမျှဆို ၄ နာရီပဲထား။

20 comments:

စန္ဒကူးမေ - 7/17/09, 11:17 AM

အကိုပြောတာမှန်ပါတယ်..
ဘလော့ပေါ်ရောက်တဲ့စာသားတွေက ကိုယ့်အကြောင်းကိုယ်ဖော်ပြတာများလို့ ကျွန်မကိုတောင်ချစ်သူက မရှက်ဖူးလားလို့မေးခဲ့ဖူးပါတယ်။ အဲတုန်းကများစိတ်ပျက်ပီး စာတောင်မရေးချင်တော့ဘူး..နောက်ပိုင်းမှာတော့အကုန်မဟုတ်၊ အသေးစိတ်မဟုတ်.. သိစေလိုတဲ့အကြောင်းရာတွေသာတင်တော့တယ်.. FB မှာလဲအဲလိုဘဲ.. ကိုယ့်သူငယ်ချင်းအရင်းတွေမဟုတ်ရင် accept မလုပ်ရဲတော့ဘူး။
အကိုရေးထားတဲ့အကြောင်းရာဖတ်ပီး ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်မိတယ်.. ကျေးဇူးတင်ပါတယ်။ စာတစ်ကြောင်းဆို ဆိုသလောက်ဗဟုသုတ နဲ့မှတ်သားစရာတွေချည်းပါဘဲ..

"ဆေးစစ်တုန်းကများ ဆရာဝန်မ ငယ်ငယ် ချောချောလေးက ကျွန်တော့်ကို Abuse လုပ်လိုက်ရင်တော့ ကျွန်တော်တော့ ရေတိမ်နစ်ပါပြီ။"
တော်သေးတယ်နော်.. သူတို့ဘာမှမလုပ်လိုက်လို့..း))

whe - 7/17/09, 11:34 AM

Marriage also waives privacy.

Heartmuseum - 7/17/09, 11:35 AM

အေးဗျ...... ကျွန်တော်တော့ အခုထိ Privacy ကို Trade လုပ်ရမှာ သေမလောက် ကြောက်သေးတယ်ဗျ။ ကိုယ်ကလဲ ကိုAndy လို ကောင်းတာလုပ်၊ မှန်တာပြော၊ ငြိမ်းငြိမ်းချမ်းချမ်း နေတဲ့လူ မဟုတ်လေတော့လေ.... :D :P

uranusaquarian - 7/17/09, 11:51 AM

အဲဒီလို Abuse လုပ်ဖို့ ချောင်းနေတဲ့လူကတော့ ဘာလေးပဲ ရရ၊ လုပ်မှာလို့ပဲ ထင်တာပဲ။ ခုလို Information တွေပါ စေတနာနဲ့ ထည့် Share ပေးနေတာ၊ Feed Roll နဲ့ အတွေးအမြင်စုံ မျှဝေနိုင်တာ၊ အားလုံးအတွက် ကျေးဇူးအထူးပါဗျာ။ အားကျ၊ ၀မ်းမြောက်မိပါကြောင်း။ :))

kelvin - 7/17/09, 12:09 PM

best hint post among your last 3 hint post !

MrDBA - 7/17/09, 12:25 PM

ဒီတစ်ခါရေးတာမှာ တွေးစရာ၊ သတိထားစရာတွေ အများကြီးပါတယ်။
Hit ၄သိန်းမှသည် သိန်းလေးထောင်ဆီသို့ တက်လှမ်းနိုင်ပါစေ။

ZT - 7/17/09, 12:49 PM

ဒီတစ်ခါတော့ စဉ်းစားစရာ အတော် ရသွားတယ်။ ကျေးဇူးပဲ။ :)

Talkii - 7/17/09, 4:42 PM

Privacy တွေကတော့ ကိုယ်ကပေးတဲ့အလှည့်ရှိသလို ကိုယ်ကယူရတဲ့အလှည့်လည်းရှိလာတတ်တာပါပဲ။ အကောင်းဆုံးက personal ethic ကောင်းကောင်းထားတတ်ဖို့ပဲလိုမယ်ထင်တယ်။ သူ့စည်းကိုယ့်စည်းပေါ့။ :)

Myo Kyaw Htun - 7/17/09, 5:26 PM

Hit ၄သိန်းပြည့် အမှတ်တရ and privacy :) Nice!

မဟာဆန် - 7/17/09, 7:12 PM

privacy ကို အခြေခံတယ် ဆိုပေမဲ့လည်း စာအရေးအသား၊ ပေးတဲ့ information တွေ ကောင်းလို့ ဟစ်တွေ အမြန်တက်ပြီး အောင်မြင်တာပါ။ သားနဲ့ သမီးကို အကောင်းဆုံး ဖြစ်အောင် ပြုစုပျိုးထောင်ရင်း ဒီဘလော့ဂ်လေးကိုလည်း ဆက်လက် အောင်မြင်အောင် ဆောင်ရွက်နိုင်ပါစေ။

Rita - 7/17/09, 10:06 PM

Great!

Kay - 7/18/09, 1:05 AM

ကိုအန်ဒီ တင်ပြ တာ..အတော်ကောင်းတယ်။ တကယ်လဲ မှန်ပါတယ်။း)
အခုဆို..ကိုအန်ဒီတို့ မိသားစု အကြောင်း..တမြို့ထဲနေတဲ့ မိတ်ဆွေ တွေထက်တောင် ပိုသိ..ရင်းနှီးနေတယ်။ Abuse တော့ မလုပ်ပါဘူး ။း))

Reader digest က လုပ်တာတွေက..အတော်ဆိုးတာပါ။ ကျမ ဖြင့်..သူလို သိက္ခာရှိ စာစောင်တခုက..အဲဒီလို.. အတင်းရော ကာရော ကြော်ငြာတာ.. ။ အဲဒါတွေမြင်ပြီး..အထင်တောင် သေးမိသွားတယ်။ ဟစ် ၅ သိန်းကျရင်တော့..ပိုဖတ်ကောင်းတော့မယ်။း) သူမ နဲ့..သားသားမီးမီး..တို့ကို နှုတ်ဆက်ပါတယ်။

Moe Cho Thinn - 7/18/09, 1:54 AM

ကို Andy ဒီလို ပြောပြတော့လဲ စဉ်းစားမိသွားရတာပေါ့။ သိပ်ကောင်းတဲ့ ပို့စ်ပါပဲ။ ဒါပေမဲ့ ဘလော့ရေးတာတခုကိုတော့ ကိုယ့်အကြောင်းချည်း ရေးတာ လို့ မထင်လို့ Privacy ကို Trade လုပ်တာထက် ပိုလေးနက်မယ်လို့ ထင်မိတာပါ၊

တို့ wesheme ကို လာဖတ်တာ ကိုAndy မိသားစု အကြောင်း သိချင်လို့ သပ်သပ်ချည်း မဟုတ်ပါဘူး။ ကိုယ်မမြင်တဲ့ ထောင့်လေးတွေ၊ ကိုယ်မသိတဲ့ ဗဟုသုတတွေ၊ ကိုယ် မတွေးမိတဲ့ အချက်လေးတွေကြောင့် သဘောကျပြီး လာလာနေတာပါ။ ကိုAndy ကိုလဲ အကျိုးလိုလို့ ညောင်ရေလောင်း ဘလော့ ရေးနေတာလို့ ဘယ်တုန်းကမှ မထင်မိဘူး။ sharing လုပ်နေတယ်လို့ပဲ မြင်နေတယ်။ ဒီလိုလာရင်းနဲ့ မမြင်ဖူးပေမဲ့ ရင်းနှီးခင်မင်နေတော့ မိသားစု အကြောင်းရေးလဲ ခင်စရာ ချစ်စရာ လို့ မြင်တယ်။ ငါ သူ့ information တွေ ယူနေမိပါလားလို့ မတွေးမိဘူး။ trade လုပ်တာလို့ တခါမှ မတွေးဖူးတာ လူတွေအပေါ် ယုံကြည်စိတ် များနေလို့များလား လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိသွားရတယ်။ ဘလော့ရေးတာနဲ့ ပတ်သက်လို့ အမ အမြင်ပါလေ။ ကွဲလွဲနိုင်ပါတယ်။

ကားပေးမယ်၊ အိမ်ပေးမယ် ဆိုတာတွေတော့ ဒီကို ရောက်စက Mall မှာ တခါ ဖြည့်ဖူးပါတယ်။ နောက်တော့ အဲဒီက information ရပြီး Resort ရောင်းတာတွေ လာနေလို့ သဘောပေါက်ပြီး မဖြည့်တော့တာ ခုထိပါပဲ။

khin oo may - 7/18/09, 3:23 AM

ဝမ်းမြောက်ပါကြေင်း

Nu Thwe - 7/18/09, 10:18 AM

ကိုယ့်အကြောင်းတွေကို ဘယ်လောက် ထုတ်ပြောလဲ၊ ဘာကြောင့် ပြောလဲ ဆိုတာ အရေးကြီးပါတယ်။ သုံးတတ်ရင် ကိုယ့်အတွက်ရော၊ သူများအတွက်ပါ အကျိုးရှိတယ်လို့ မြင်ပါတယ်။ အတွေ့အကြုံဆိုတာ ဖလှယ်ဖို့ မဟုတ်လား။
အင်တာနက်ခေတ်မှာ လူတကာ ရေးချင်ရာ ရေးနိုင်နေတဲ့နောက် ဘယ်သူ ပြောတာကို ယုံကြည်ရမှာလဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာတယ်။ လူကို အတိုင်းအတာ တစ်ခုထိ သိမှသာ သူပြောတာကို လက်ခံ သို့မဟုတ် ယုံကြည်မှာပေါ့။
Credibility တည်ဆောက်တဲ့ နေရာမှာ ကိုယ့်အကြောင်းကို အတိုင်းအတာ တစ်ခုထိ ရင်းရတာ မဆန်းဘူးလို့ လက်ခံထားပါတယ်။ လူတိုင်းဟာ ကိုယ့်ငယ်ပေါင်းကြီးဖော်တွေမှ မဟုတ်တာ။ ကိုယ့်ကို အလကားနေရင်း ဘယ်သိ၊ ဘယ်ယုံပါ့မလဲ။
တချိန်တည်းမှာပဲ ကြံကြောက်မယ်ဆို ကြောက်စရာတွေ အများကြီးပေါ့။ ကိုယ်က နာမည်ရင်းနဲ့ ရေးတာကိုး။ နာမည်ရင်းနဲ့ မရေးတောင် သိချင်ရင် သိအောင် လုပ်လို့ ရတဲ့နည်းတွေ ရှိမှာပါ။ ခုခေတ်ကြီးက နည်းပညာတွေ မဟားတရား ထွန်းကားတာ မဟုတ်လား။ ဒါပေမယ့် လူတွေမှာ ဒီ့ထက် အရေးကြီး၊ တန်ဖိုးရှိတဲ့ အလုပ်တွေ ရှိသေးတယ်လို့ ယုံကြည်ချင်ပါတယ်း)
မြန်မာ Blogoshere မှာ ကိုအင်ဒီရဲ့ contribution ဟာ ငြင်းမရအောင် အရေးပါပါတယ်။ ကျေးဇူးတင် ခံထိုက်ပါတယ်။ ဆက်လက် အောင်မြင်ပါစေ။

Andy Myint - 7/18/09, 10:36 AM
ဘလော့ပေါ်မှာတော့ ဒီလိုပဲ ကိုယ်ရေးချင်တာ ရေးကြတာပေါ့ မစန္ဒကူး။ ကိုယ့်အကြောင်းတွေ သိပ်များသွားလို့ ဘရိတ်အုပ်ရတာ ဆင်ခြင်ရတာတွေလည်း ရှိပေါ့။

That’s a good statement, whe- “Marriage also waives privacy”. Nice point. I learnt from the word you used – “waives”. Decent and appropriate.

ဟားဟား မြှောက်နေပြီ Heartmuseum… ဒီလိုပါပဲ အတူတူတွေပါ

ဟုတ်တယ် ကုမ်ရာသီသူ Abuse လုပ်ချင်သူတွေကတော့ ဘာလေးပဲရရ ချောင်းနေမှာပဲ။ ကျေးဇူးပါ။

Thanks, Kelvin … I will try my best

သိန်း ၄ ထောင်တော့ မလုပ်ပါနဲ့ DBA ရာ။ နည်းနည်းလျှော့။

ZT အတွက် ကြက်စွပ်ပြုတ်တစ်ခွက်ပေါ့

အင်းဟုတ်တယ်… “Ethic” က အရေးကြီးတယ် Talkii ။ လူတိုင်း စောင့်ထိန်းနိုင်ရင်တော့ အကောင်းဆုံးပဲ။

Thanks, Ko Myo Kyaw Htun. မြန်မာဘလော့လေး တစ်ခု (တခြားနာမည်နဲကပဲ ဖြစ်ဖြစ်) လုပ်ပါဦး ကိုယ့်ဆရာရယ်။ ဘိုလိုရေးထားတာတွေ Reader မှာ ဖတ်ဖြစ်ပေမယ့် ဖီလင် မတူဘူးဖြစ်နေလို့။

သားရယ် သမီးရယ် ဘလော့ရယ် အကုန်လုံးက ကိုယ်မွေးထား ကိုယ်ပြုစု ပျိုးထောင်ထားတာလေးတွေဆိုတော့ အရိပ်တကြည့်ကြည့်ပေါ့ မဟာဆန်

Thanks, Rita

ဟုတ်ပ မကေရေ.. မပြောချင်ဘူး.. အခုတော့ အပ်ကျမတ်ကျ သိကုန်ကြပါပြီ။
နောက်ဆို ကျွန်တော် Reader Digest က လာတဲ့ စာအိတ်တွေဆိုဖောက်တောင် မဖောက်တော့ဘူး။ Recycle ပုံးထဲ တန်းထည့်လိုက်တာ။


ဟုတ်ပါတယ် မချိုသင်း ဘလော့ရေးတာ ကိုယ့်အကြောင်းထက် နောက်မှ ပေးချင်တဲ့ Message က ရှိနေတော့ လေးနက်ပါတယ်။ ကျွန်တော်က Privacy Trading ဘက်ကို Highlight လုပ်လိုက်တာပါ။ အစ်မတို့ ဒီလို အားပေးနေလို့လည်း ဆက်ရေးဖြစ်နေတာပါ။ အားပေးမယ့်သူ မရှိလို့ကတော့ ဘလော်ဂါတွေဆိုတာလည်း ထမင်းကြမ်းလေးပဲ ယပ်ခတ်ပြီး စားနေကြမှာပေါ့ ;-)

ဒေါ်ခင်ဦးမေတို့ ၀မ်းမြောက်ကြောင်း အားပေးလို့ ၀မ်းမြောက်ပါကြောင်း :D

Credibility .. ဟုတ်တယ် ဒါလည်း နောက်တစ်ချက်ပဲ Privacy ကို ရင်းမှ ရနိုင်တာ။ ဟီးဟီး Blogosphere ကြီးနဲ့ဆိုတော့ မြင့်လိုက်တာ မနုသွဲ့.. အဲဒီလောက်မဟုတ်ပါဘူး (မြှောက်တော့လည်း ကြိုက်တာပေါ့)။ ကျွန်တော်က အပျော်ရေး သက်သက်ပါ။
rose of sharon - 7/18/09, 6:28 PM

တွေးကြည့်ရင်တော့ ဘလော့မှာရေးတဲ့ privacy တွေက ဘောင်တခုအတွင်း မှာစည်းကမ်းတကျ သူ့နေရာနဲ့သူရှိနေတာပါ... အတုယူစရာ တွေးတော ဆင်ခြင်နိုင်စရာ တွေအများကြီးပါနေတယ်လေ.. (ကျမအတွက်ပေါ့) Trade လုပ်ရကျိုးနပ်မှာပါး)

ksanchaung - 7/20/09, 12:08 AM

လူဆိုတာ ကိုယ့်အကြောင်း ကိုယ်အသိဆုံးပါ။ ကိုယ်အသိဆုံး ကိုယ့်အကြောင်းကို ကိုယ်တိုင်ပြန်ရေးမှတော့ ကောင်းတာချည်းပဲ။ အနုပညာအခံအရ တင်ပြပုံပေါ် မူတည်ပြီးပဲ အကောင်းအဆိုး ဖြစ်ရတယ်။

သိချင်ယောင် တတ်ချင်ယောင်ဆောင်ပြီး ကြွားတဲ့ အသိတုအမြင်တုတွေကို မဖတ်ချင်ဘူး။ ကိုအန်ဒီရေးတဲ့ ကိုအန်ဒီအကြောင်းကို ဖတ်ပြီး ကိုအန်ဒီရဲ့ အတ္တလေးတွေကို ချောင်းကြည့်ခွင့်ရရင်ကို ကျေနပ်လှပါပြီ။

အိမ်ချမ်း - 7/22/09, 8:20 AM

ကျမလဲ ဘယ်အတိုင်းအတာထိ ကိုယ့်အကြောင်းဝေမျှရမလဲဆိုတာ ခုထိ တိတိကျကျမသိသေးဘူး။ အနုပညာခံစားချက်နဲ့တော့ ရင်ထဲရှိသမျှအကုန်ချပြတတ်ပေမယ့် ကျောင်းတုန်းက ကိုယ်နဲ့သိပ်ခင်တဲ့ သူငယ်ချင်းအယောက်၂၀လောက်ပဲရှိတဲ့ facebook မှာတောင် ဘာပုံမှကို မတင်ဘူး ကျမအဖြစ်ကတော့..
ကိုအန်ဒီနဲ့အစ်မတို့ ကလေးလေးကြီးလာရင် (အထူးသဖြင့် သမီး) ဓာတ်ပုံတွေတင်တာ သတိများထားရတော့မယ်ထင်ပါတယ်.. မြန်မာတွေမှာ အဲလိုစိတ်တွေမရှိပေမယ့်လေ...

ဆရာလုပ်တာမဟုတ်ပါဘူးနော်..
ခင်မင်လျှက်..

TZA - 7/26/09, 6:12 AM

မှတ်သားစရာတွေပါပဲ.. ဆက်ရေးနိုင်ပါစေ။

Post a Comment

Many thanks for dropping a comment…

Film