Wednesday, August 12, 2009

ဘွဲ့လွန် တက်သင့် မသင့် (၄)

အထူးသဖြင့် ကျွန်တော်တို့လို IT လုပ်နေသူတွေဟာ ကျောင်းစာတွေ တက္ကသိုလ်တက်ဖို့တွေကို ယုံကြည်မှု နည်းကြပါတယ်။ ဆရာဝန်တွေလိုမျိုး ကျောင်းက သင်တွေ စာတွေကို အသေအချာ လေ့လာမှ လုပ်စားလို့ ရတာမျိုးမဟုတ်ဘဲ ကွန်ပြူတာ နည်းပညာနဲ့ ပက်သတ်ရင် အပြင်မှာ ဖတ်လည်း ရတော့ IT သမားတချို့ဟာ တက္ကသိုလ်က စာတွေကို လိုအပ်တယ် မထင်ကြပါဘူး။ ကွန်ပြူတာလိုင်းမှာ Software ရေးတာပဲဖြစ်ဖြစ် Network ဆင်ဖို့ပဲ ဖြစ်ဖြစ်က တကယ်တန်း စာ ၁ နှစ် ၂ နှစ်လောက် ဖတ်လိုက်ရင် လုပ်စားလို့ ရတော့ တက္ကသိုလ် သင်ရိုးညွှန်းတမ်းတွေကို မလိုအပ်ဖူး ထင်တတ်ကြပါတယ်။

တက္ကသိုလ်တွေမှာ သင်တဲ့ စာတွေက အခြေခံတွေ အနှစ်တွေပါ။ ပြင်ပမှာ ဖတ်လို့ ရတာတွေက နည်းပညာ တစ်ခုကို ဘယ်လို အသုံးချမလဲ သာသာပါ။ Program တစ်ပုဒ် အတော်အတန် ရေးတတ်ပေမည့် B-Tree တို့ Semaphore အကြောင်းတို့ ကောင်းကောင်း မသိတဲ့ Programmer တွေ ရှိသလို Network တစ်ခု ဆင်တတ်ပေမည့် ကွန်ယက်ပေါ်မှာ Data Packet တွေ ဘယ်လို သွားသလဲ အမှားဘယ်လို ရှောင်သလဲ Parity Check ဘယ်လို လုပ်သလဲ မသိတာတွေလည်း ရှိပါတယ်။ သိဖို့ မလိုအပ်ဘူးလို့လည်း ထင်ကြပါတယ်။

တက္ကသိုလ်တွေမှာ သင်တဲ့ စာတွေက အမှန်တကယ်တော့ ပျင်းဖို့ ကောင်းတာ အမှန်ပေမည့် အခြေခံကျတော့ တော်ရုံတန်ရုံ Update လုပ်စရာ မလိုပါဘူး။ အပြင်က စာတွေကတော့ နည်းပညာ တစ်ခု ပြောင်းရင် ပြောင်းသလို အမြဲတမ်း လိုက်မီနေဖို့ လိုပါတယ်။ ကွန်ပြူတာမှာ မဟုတ်ပါဘူး။ တခြား ဘာသာရပ်တွေမှာလည်း Fundamental Knowledge နဲ့ Career Knowledge ရှိပါတယ်။ အခြေခံ ပိုင်ထားတဲ့သူက Career Skill ရဖို လွယ်ပါတယ်။ သက်လုံကောင်းပြီး ရေရှည် အလုပ်လုပ်နိုင်ပါတယ်။ ဘွဲ့လွန်တော့ တက်ထားပါတယ် အလုပ် မကောင်းသေးဘူး ဆိုတဲ့သူတွေကလည်း Career Knowledge တွေ လိုအပ်နေလို့ပါ။ သူတို့အတွက်က ဒီလို လိုအပ်တာက သိသာတော့ အလုပ်အတွက် လိုအပ်တာတွေကို လေ့လာဖြစ်ပါတယ်။

မသိသာဘဲ အပျော်လွန်နေတာက Career Knowledge တွေ ရထားပြီး အလုပ်ကောင်းနေတဲ့ သူတွေပါ။ ကျွန်တော်လည်း ပါပါတယ်။ ခဏလောက် သင်ထားတဲ့ ပညာကို တစ်သက်လုံး အသုံးချနိုင်မည် ထင်နေပါတယ်။ ၃-၄ နှစ် သင်ထားတဲ့ ပညာကို ဘယ်နှနှစ် အသုံးချနိုင်မယ် ထင်သလဲ။ ၁၀ နှစ်- ၁၅ နှစ် ပေါ့။ လွန်ရော ကျွန်ရော အနှစ် ၂၀ လောက်ပေါ့။ အဲဒီ အနှစ် ၂၀ ပြီးရင် ဘ၀မှာ နောက်ထပ် အနှစ် ၂၀ ထပ်လုပ်ရဦးမှပဲ။ အဲဒီ အခါအတွက် ဒီပညာလောက်နဲ့ လောက်ငမယ် မထင်တော့ ပါဘူး။ ကျွန်တော့် ဘာသာ ဖြစ်ချင်တာ တစ်ခုရှိပါတယ်။ ဆေးပညာလို ခက်ခဲ နက်နဲတဲ့ ပညာမျိုးတွေက လွဲရင်ပေါ့။ ပထမ ၄ နှစ်လောက် စာသင်ပြီး ၁၀ နှစ်လောက် အလုပ်လုပ်။ နောက်ထပ် ၃ နှစ်လောက် ထပ်လေ့လာ နောက် ၁၀ နှစ်အတွက်။ နောက် ၁၀ နှစ်အတွက် ၂ နှစ်လောက်ထပ်သင် အဲဒီလိုဆိုရင် ပညာကို တမျှော်တခေါ်ကြီး သင်စရာ မလိုတော့သလို ဘယ်လို ဘယ်မှာ အသုံးချရမလဲ သိတဲ့ အတွက် အလုပ်ထဲမှာလည်း အဆင်ပြေတယ်။ ကျောင်းနဲ့ အလုပ် ငြီးငွေ့ဖွယ် စာအုပ်နဲ့ မက်မောဖွယ် ၀င်ငွေမျှနေတော့ ဘ၀မှာလည်း Balance ဖြစ်ပြီး နေပျော်မယ် ထင်တယ်။ နည်းနည်း နည်းနည်း စီပေါ့။

ကျွန်တော် ဒီနှစ်ဆန်းကတည်းက ကျောင်းတစ်ခု ဆက်တက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကြီးကျယ် မြင့်မားတဲ့ ရည်ရွယ်ချက်တွေတော့ မရှိတာ အမှန်ပါပဲ။ သူငယ်ချင်း တစ်ယောက်နဲ့ တွေ့လည်း ဘွဲ့လွန်တက်နေတယ်။ တခြား တစ်ယောက် အကြောင်းကြားလည်း မာစတာ ရသွားပြီ။ လူတိုင်းလိုလိုက ကျောင်းဆက်တက်နေတာ ကြားတော့ ကျွန်တော်လည်း အများတန်းတူ ဖြစ်အောင် နေဖို့ လိုပြီ ထင်လို့ ကျောင်းတက်တာပါ။ ကျောင်းတက်ဖို့ လိုမှန်းတော့ သိထားပေမယ့် အများကပါ တက်နေပြီဆိုတော့ မရှိမဖြစ်အနေနဲ့ ယူဆပြီး ဆက်တက်ဖို့ ဆုံးဖြတ်လိုက်တာပါ။

နောက်တစ်ချက်ကတော့ ကျွန်တော်က Self-Discipline မကောင်းဘူး။ စာဖတ်ရမယ်မှန်း သိပေမယ့် စာအုပ်ကို မကိုင်မိဘဲ တခြားဟာတွေ (ဘလော့လိုမျိုး) မှာ စိတ်ရောက်နေတယ်။ အဲဒီပေါ်မှာ ကုန်တဲ့ အချိန်တွေကို တစ်ယောက်က ကောမန့်တစ်ခုမှာ တွက်ပြထားတော့ ဒီ`အား´တွေကို တခြား နေရာ တစ်ခုမှာ သုံးလိုက်ရင် ကောင်းမယ်။ Occupied ဖြစ်စရာ တစ်ခု ရှိထားရင် ကောင်းမယ်။ သတ်သတ်မှတ်မှတ်လေး အချိန်နဲ့ ဘာဖတ်ရမယ်ဆိုတာလေး ရှိရင် ကောင်းမယ်ဆိုပြီး ကျောင်းအပ်လိုက်တာပါ။

နောက်တစ်ချက်ကလည်း ကလေးတွေ ရလာတာလည်း ပါတယ်။ ကလေးတွေက ငယ်သေးတာ ကျောင်းတက်ဖို့ အချက်ကောင်း တစ်ချက်ပါပဲ။ ဟုတ်ပါ့မလား ကိုအန်ဒီဆိုရင် ကလေးအဖေတွေကို တိုးတိုးလေး Tip ပေးလိုက်ပါမယ်။ ကျောင်းတက်နေ စာဖတ်နေရတာ အကြောင်းပြလို့ ရတော့ ကလေးထိန်းရတာ သက်သာတာပေါ့။ ကလေးအမေကို လွှဲချလို့ ရတာပေါ့။ "တိန်" (သူမ၏ အသံ)။ "ဂေါက်" (နောက်ဆက်တွဲ)။

နောက်တာပါ။ ဒီလိုပါ။ ကလေးတွေက ငယ်သေးတော့ အပြင်တွေ ဘာတွေ တော်ရုံမသွားဖြစ်ပါဘူး။ အပျော်အပါးက နည်းလာတယ်။ လူမှုရေးက နည်းလာတယ်။ အိမ်မှာပဲ ကလေးတွေ နားမှာ နေနေဖြစ်တယ်။ ကလေးတွေကို ထိန်းရင်း ဘာပိုလုပ်ဖြစ်သလဲ ဆိုတော့ တီဗွီပဲ ကြည့်ဖြစ်တယ်။ အင်တာနက်ပဲ သုံးဖြစ်တယ်။ အဲဒါကြောင့် သူတို့ ဆော့နေချိန်မှာ စာတစ်ခုခု ဖတ်နေရင် အဆင်ပြေတယ်။ ဒီကလေးတွေ ကြီးလာပြီး Outdoor Activity တွေ များလာမယ့် အချိန် မရောက်ခင် ကိုယ်က စာဖတ်ထား နိုင်မှာ အဆင်ပြေမယ်။ တကယ်ပြောတာပါ။ ကလေးနှစ်ယောက်နဲ့လည်း ကျောင်းစာဖတ်ရတာ စာလုပ်ရတာ ဒီလောက်ကြီး မခက်ခဲပါဘူး။ သူတို့ကတော့ စာဖတ်ခန်းထဲမှာ ကွန်ပြူတာဘေးမှာ လိုက်ဆော့ လိုက်ရှုပ်ပေမယ့် ကလေးတွေကြောင့် ကိုယ့်အချိန်တွေ ကုန်သွားတယ် ဆိုတာမျိုး မရှိတော့ဘူးပေါ့။

ကျောင်းစာတွေ သိပ်ဖတ်ချင်သပ ဆိုရင်တော့ MIT က Open Courseware တွေမှာ ရှာဖတ်လို့လည်း ရမှာပါ။ ဒါပေမယ့် စာဖတ်ရမယ့် အတူတူတော့ ဘွဲ့လက်မှတ် တစ်ခုရထားတာ ကောင်းတယ်။ ပြီးတော့ ကျွန်တော် ရထားတဲ့ ဘွဲ့က မြန်မာပြည်က ဆိုတော့ နိုင်ငံခြားဘွဲ့ တစ်ခုတော့ လိုချင်ပါသေးတယ်။ တခြားကြောင့်တော့ မဟုတ်ပါဘူး။ အလုပ်ရှာရင် အဆင်ပြေအောင်ပါ။ အထူးသဖြင့် ဒေသစွဲကြီးတယ်ဆိုတဲ့ သြစတြေးလျမှာ နေချင်ရင် အလုပ် လုပ်ချင်ရင်တော့ ဒီက ဘွဲ့တစ်ခုတော့ ရှိထားရင် ကောင်းမယ်ဆိုပြီး ဒီက ပေးတဲ့ အဝေးသင် ဘွဲ့လွန် သင်တန်း တစ်ခု ဆက်တက်ဖို့စဉ်းစားတာပါ။

အဲဒီ ဘွဲ့လွန် သင်တန်း တစ်ခု တက်ဖို့ ပိုက်ဆံ ၂ သောင်းလောက် အချိန် ၂ နှစ် ၃ နှစ် အတွင်းမှာ ကုန်နိုင်ပါတယ်။ ဒီမှာကတော့ ကိုယ့်ရဲ့ Education အသုံးစားရိတ်က ကိုယ်လက်ရှိ လုပ်နေတဲ့ အလုပ်ကို အထောက်အကူ ဖြစ်စေတယ်။ ကိုယ့်ကိုယ် လစာ တိုးစေမယ်ဆိုရင် အခွန်ကင်းလွတ်ခွင့် ရပါတယ်။ ၂ သောင်းအတွက် အခွန် လွတ်သွားရင် ၅-၆ ထောင်လောက် အခွန် သက်သာသွားပါတယ်။ အဲဒီတော့ တကယ် ၂ သောင်းမကျတော့ဘဲ ၁ သောင်းခွဲလောက်ပဲ ကျပြီး Tax Effective ဖြစ်ပါတယ်။ တခါတည်းတော့ မကုန်ပါဘူး။ ၃ လကြာတဲ့ Study Period တစ်ခုမှာ တစ်ဘာသာပဲ ယူရင် တစ်ဘာသာကို ၁၅၀၀ ကျော်နဲ့ တစ်လကို ၅၀၀ လောက်ပဲ ကျတော့မှာပါ။ ဒါကတော့ ဘွဲ့လွန် ယူရခြင်း အဓိက အကြောင်းတော့ မဟုတ်ပါဘူး။

ဆက်ရေးပါဦးမည်...

17 comments:

khin oo may - 8/13/09, 12:34 AM

စိတ်ဝင်စားစရာဘဲ။ အသိခေါက်ခက်အဝင်နက်နေတာကတော့ကြာပါပြီ။

khin oo may - 8/13/09, 12:35 AM

တို့သာဆိုရင်တော့ ရှည်ရှည်ဝေးဝေးတွက်ပြမနေဘူး။။ တက်သင့်တယ်။ ဒါဘဲ။

Rita - 8/13/09, 1:40 AM

စိတ်ဝင်တစားပါပဲ။

ဒါပေမဲ့ စာရွက်စာတမ်းတွေ စုရမှာက စလို့ ကျောင်းစာ ဆိုတာ အလယ် ကျောင်း ဆိုတာ အဆုံး ဘာနဲ့မှ မပတ်သတ်ချင်သေးဘူး ဖြစ်နေတယ်။

bro ဆီက တရားလေး လာလာ နာမှ။

အင်း အသိခေါက်ခက် အ၀င်နက်၊ ဆိုလို့တော့ ကောင်းတယ်။

MrDBA - 8/13/09, 2:19 AM

ကျွန်တော်လဲ တက်ဖို့ကြိုးစားနေတာ ကြာပြီဗျ။ ဒီမှာတက်ရမလိုလို တခြားရောက်မှ တက်ရမလိုလိုနဲ့ .. လိုလိုတွေများနေတာ။ တကယ် စိတ်ဝင်စားစရာကောင်းပြီး အကျိုးများပါတယ် ဆက်ရေးပါဦး။

Anonymous - 8/13/09, 9:33 AM

Thanks for ur post that supports me to be a good decision in my future. thanks a lot!
cheers!

Cho - 8/13/09, 11:17 AM

Yeah, I think that most of the programmers might think they are good enough to work if they know one or two programming languages very well. What I reckon is those programming languages are important but they are developing all the time, and programmers should have very basic knowledge of data structures, Big-O and effective algorithms to produce better programs with less errors.

T T Sweet - 8/15/09, 12:44 PM

ကိုအန်ဒီ ... ပညာလို အိုသည်မရှိ ... တက်သင့်ပါတယ် ... နိုင်ငံခြားဘွဲ့ကိုသိပ်အထင်ကြီးလွန်းလို့တော့မဟုတ် ... သူ့နိုင်ငံမှာ အလုပ်လုပ်ရင် သူ့နိုင်ငံကဘွဲ့တစ်ခုရထားတာ နောင်ရေးအတွက် အများကြီး အထောက်အကူပြုပါတယ်။

စကားမစပ် နောက်လဆန်းပိုင်းလောက် ကိုယ့်အိမ်ကလူ အဲဒီမှာ အလုပ်လာရှာဖြစ်လိမ့်မယ် ... အဲဒီကို အသိုက်ပြောင်းကြတော့မလို့ ... အလုပ် အဆင်ပြေရင်ပေါ့လေ ...

YC - 8/16/09, 6:15 PM

Ko Andy, I can relate to your dilemma, I am pretty much in the same situation as yours. I only have a bachelor's degree from Myanmar and I thought about getting a Master while I was in Singapore about 10 years ago. That time I was 26. I kept it on hold and I came to Canada and was thinking of getting a degree from a Canadian University before finding a job. Unexpectadely, I've landed a good job in my field while I was in the process of applying into a program. I kept in on hold again and on wroking. I was also tempted to leave my job and go back to school in these years because of my inseurity. At work I am the only one graduated from an Asian University. We have graduates from MIT, UBC, SFU and U of Toronto. I was promoted to a managerial positon recently and now it is even harder for me to leave my job and go back to school becasue of higher stakes. When I was in Myanmar, I never thought highly of Myanmr Education and I did not try hard enouhg while I was in school, and I graduated with bad grades. It turns out I was wrong. Myamar Education is not that bad as many people think and I have high hope on the futrue generation of Myanmar. Who would have thought a graduate from Myanmar has come this far in a top technology company? But, I am always fighting with my own insecurity of not having a degree from a world class university. Of course, I did not show it at my workplace.
Now, I am thinking of an MBA part time. But, MBAs has become a source of jokes here in Canada. There are many jokes about MBAs here though, to name a few, "Mediocre But Arrogant", Feddex
commerical "even an MBA can do it" Fedex precedures are so simple that an MBA can perform a simple shipping and receiveing job, and many more. That is why I am a little bit relutant to apply for an MBA.

I think of this way, before I can set up my own company in Canada or Myanmar, having an MBA is better than nothing for a corporate slave like me and I don't need to fight with my own insecurity anymore.

Andy Myint - 8/16/09, 7:45 PM
Thanks a bunch, YC. You see me through. Part of this is also my insecurity and uncertainty about my future though I have achieved to some extent with a degree from MM. I appreciate your comment and support.
Nge Naing - 8/17/09, 7:35 PM

ကျွန်မ ဒီဘလော့ဂ်ကို မကြာခဏ ရောက်ပါတယ်။ C-Box မတွေ့တာနဲ့ပဲ နှုတ်မဆက်ဖြစ်ပဲ ပြန်သွားတာများပါတယ်။ ပို့စ်တွေအောက်မှာ နှုတ်ဆက်ထားခဲ့ဖို့ဆိုတော့လည်း စာတွေကို ဖတ်ဖို့ အချိန်မရ ဖြစ်နေလို့ အချိန်ရမှပဲ အေးအေးဆေးဆေးလာဖတ်ပြီး မှတ်ချက်ပေးမယ်ဆိုပြီး ပြန်သွားတာပဲ များပါတယ်။ အခုတော့ စာမဖတ်ဖြစ်ပေမယ့် နှုတ်ဆက်ထားခဲ့ပါတယ် ဘလော့ဂ်သက်တမ်း တလကျော်ကျော်လေး ရှိနေပြီ ဖြစ်တဲ့ ကျွန်မဘလော့ဂ်ကိုလည်း နောက်ပိုင်း ပို့စ် တင်ဖြစ်ရင် လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။ လောလောဆယ်တော့ အလုပ်များနေလို့ အသစ်မရေးနိုင်ပဲ သူများရေးတာနဲ့ ကိုယ်တိုင် အရင်က တခြားဘလော့ဂ်မှာ ရေးတာကို ပြန်တင်နေပါတယ်။ ဒီဘလော့ဂ်ကိုလည်း Link လို့ ခွင့်တောင်းပါရစေ။

Nge Naing - 8/18/09, 5:53 AM

ဆစ်ဒနီကို ဘယ်တုန်းက ရောက်လာတယ်ဆိုတာ မသိလိုက်ဘူး။ မဲလ်ဘုန်းမှာပဲ ထင်နေတာ။ ရောက်လာတာ မကြာသေးဘူး ထင်တယ်။ မြန်မာစားသောက်ဆိုင်တွေနဲ့ မြန်မာပစ္စည်း ၀ယ်လို့ရတဲ့နေရာတွေ သိလား။

KiKi - 8/18/09, 10:54 AM

Thi bu. pyaw pya. naw.

Andy Myint - 8/18/09, 11:33 AM
I know only Bagan and other small one .. please let us know. Thanks alot.
neking - 8/19/09, 12:27 AM

စာတွေတော့အမြဲတမ်းလာဖတ်နေကြအကိုရ။ဒါပေမယ့်ကော်မန့်မပေးဘူး။ဗဟုသုတရလို့လေအကို့စာတွေက။ကျေးဇူးပါခင်ဗျ

ကျော်မှူးပိုင် - 8/21/09, 6:42 AM

တက်သင့်တယ်လို့ ထင်ပါတယ်။ကျွန်တော့်အယူအဆအရဆိုရင်.....
ဗုဒ္ဓတရားတော်မှာလည်း ပညာက ထိပ်ကပဲ။ သီလသိက္ခာ၊ သမာဓိ သိက္ခာ၊ပညာသိက္ခာ ဆိုပြီး သာသနာ သုံးရပ် ဗုဒ္ဓက ဟောခဲ့တာရှိတယ်။ဒါကကျွန်တော် ဆရာတက္ကသိုလ် ဘုန်းနိုင် ရဲ့ ပညာရဲ့ သဘော ဆိုတဲ့ စာအုပ်ကကောက်နှုတ်ချက်လေး ကိုဝင်ပြောပြတာပါ။ အဲဒီစာအုပ်လေး ကိုဖတ်လိုက်ရင်ပိုရှင်းသွားပါလိမ့်မယ် ။ ပညာဘယ်လောက်အရေးပါတယ်ဆိုတာ ကို။မာစတာအခွင့်အရေး ရှိခဲ့ရင်တော့ လက်မလွတ်သင့်ဘူး လို့ ဆိုချင်ပါတယ်။

TNO - 8/29/09, 2:14 PM

ကျွန်တော်ပဲ နဲနဲဝေးတာလားမသိဘူး နောက်ဆုံးစာပိုက်ကို သိပ်မရှင်းဘူးဖြစ်နေတယ်...
"၂ သောင်းအတွက် အခွန် လွတ်သွားရင် ၅-၆ ထောင်လောက် အခွန် သက်သာသွားပါတယ်။"
သဘောက.. ကျောင်းလခတွက် အခွန်ဆောင်ဖို့လိုတဲသဘောပေါ့နော်...

Andy Myint - 8/30/09, 1:15 PM
ဒီလိုပါ တစ်နှစ်ကို တစ်သိန်းဝင်တဲ့ သူဟာ အခွန် ၃ သောင်းဆောင်ရမည် ဆိုပါစို့။ ကျောင်းတက်တာ ၁ သောင်း ကုန်ကျသွားတယ် ဆိုရင် ၀င်ငွေ ၁ သိန်းလုံးစာ အတွက် အခွန် ဆောင်စရာ မလိုဘဲ ၉ သောင်းစာ ပဲ ဆောင်စရာ လိုပါတော့တယ်။ ၁ သောင်းအတွက် (ဆိုပါစို့) ၃၀၀၀ သက်သာသွားတဲ့ အတွက် အခွန် ၃ သောင်းပေးရမည့် နေရာမှာ ၂၇၀၀၀ ပဲ ပေးရပါတော့မည်။ အခွန်မှာ သက်သာသွားတာဟာ ကျောင်းစားရိတ် ၁ သောင်းမှာ ပြန်ကာမိရင် ကျောင်းစားရိတ်က ၇၀၀၀ ပဲ ကျတော့မည့် သဘော ဖြစ်သွားပါတယ်။

Post a Comment

Many thanks for dropping a comment…

Film