Sunday, August 30, 2009

ဘွဲ့လွန် တက်သင့် မသင့် (၅)

ကျွန်တော် သြစတြေးလျကို ရောက်ရင် ကျောင်းတစ်ခုခု တက်မည်လို့ မရောက်ခင် ကတည်းကတော့ တွေးမိပါသေးတယ်။ ဒါပေမယ့် တစ်နှစ်လောက် ကြာတဲ့ အထိ မတက်မိဘဲ နေသွားပါတယ်။ ရောက်ခါစ ရုန်းကန်တာနဲ့ သားလေးမွေးတာနဲ့ တစ်နှစ်ဆိုတာ အလွယ်လေး ကုန်သွားပါတယ်။ အရင်အလုပ်ကနေ ထွက်မည်ဆိုတုန်းက ကျွန်တော် သြော်ဇီမှာ ကျောင်းတက်ချင်တယ်လို့ Director ကို ပြောထားလို့ သူတို့က မထွက်ရင် ကျောင်းစားရိတ် ခံပေးမည် ညနေဖက်လည်း ကျောင်းသွားခွင့် ပေးမည် ပြောပါသေးတယ်။ အဲဒီ ပညာကလည်း ကျွန်တော် အနည်းငယ် တီးခေါက်မိပြီး ကြိုက်နေတဲ့ ဘာသာရပ်ပါ။ Healthcare Informatics ပါ။ Sydney မှာလည်း အဲဒါနဲ့ ပက်သတ်ပြီး ကျောင်းကောင်းတွေ ရှိပါတယ်။

အဲဒီ အချိန်က ကျွန်တော် အတော် စဉ်းစားလိုက်ရပါတယ်။ ပစ်ရမှာလည်း အဆီ တ၀င်းဝင်းနဲ့ ဖြစ်နေပါတယ်။ အဲဒီ ဘာသာရပ်က စိတ်ဝင်စားဖို့ ကောင်းသလို တကယ်တတ်ရင် အထက်တန်းကို ရောက်နိုင်ပါတယ်။ ခက်နေတာက အဲဒီ ပညာနဲ့ ပက်သတ်ရင် အလုပ်က သီးသန့်ဆန်သွားပါတယ်။ Specialise ဖြစ်သွားတဲ့ သဘောမျိုးပေါ့။ ကိုယ့်ရဲ့ Career Path က ခိုင်မာသွားနိုင်သလို ကျဉ်းမြောင်းပြီး ရွေးချယ်စရာ မရှိလည်း ဖြစ်သွားနိုင်ပါတယ်။ အလုပ်တော့ မရ မဖြစ်ပေမည့် အလုပ် လိုချင်ရင် အလုပ်ရှိရာ သွားရမည့် အခြေအနေ ရောက်နိုင်လို့ပါ။ ဥပမာ တခြားမြို့ သွားလုပ်ရမှာမျိုးတွေပေါ့။ အဲဒီလိုနဲ့ အဲဒီ ကျောင်းမတက်ဖြစ်ပါဘူး။ အဲဒီ အကြောင်းကိုတော့ IT လောကထဲက ကျောင်းဆက်တက်ဖို့ စိတ်ကူးနေသူတွေ အတွက် စဉ်းစားစရာ တစ်ခု ရွေးချယ်စရာ တစ်ခု ရမယ်ထင်လို့ ပြောပြပါတယ်။

အဲဒါနဲ့ အလုပ်သစ်ရောက်တော့ အလုပ်သစ်ထဲမှာ ပထမလတွေက ရုန်းကန်ရပြန်တော့ ကျောင်းကို မစဉ်းစားနိုင်ပြန်ဘူး။ ကိုယ်ကသာ ကျောင်းကို မစဉ်းစားနိုင်ပေမယ့် ဟောတစ်ယောက် ဟောတစ်ယောက် ကျောင်းပြီး သွားတာတွေ ကြားနေ မြင်နေရတော့ ငါတော့ ဒီကိစ္စကို အမြန် စလုံးရေ စ မှ ဖြစ်တော့မည်လို့ စဉ်းစားမိပါတယ်။ သူများလုပ်လို့ လိုက်လုပ်တယ် ပြောလို့ ရပါတယ်။ ကိုယ်က နောက်သူတို့နဲ့ ယှဉ်ရင် ကိုယ့်ဆီမှာ တစ်ခုခု လိုနေတာမျိုး ဖြစ်ပြီး နောင်တရရမှာထက် စာရင်တော့ ကျောင်းတက်လိုက်တာ မမှားဘူး တွေးလိုက်ပါတယ်။

စကားစပ်လို့ ပြောရရင် ဘလော့ ဖတ်သူတွေထဲကနေ စစ်တမ်း ကောက်ကြည့်လိုက်တော့ ရတဲ့ အဖြေက မာစတာကို နိုင်ငံခြားမှာ တက်ထားတဲ့သူတွေက လူများစု ဖြစ်နေတာ တွေ့ရပါတယ်။ အဆင့်ဆင့် တက်လှမ်းရတဲ့ ကိစ္စတွေဟာ အဖျားကျဉ်းသွားတဲ့ လှေကား တက်ရသလိုပါပဲ။ ထိပ်ဆုံးကို ရောက်လေ တက်နိုင်တဲ့သူက နည်းလာလေပါပဲ။ ဒီလို ကိစ္စမျိုးတွေ အတွက် ဂရပ်ဆွဲရင် ၀ိုင်ခွက်ပုံ ဖြစ်မဖြစ်ကြည့်ပြီး အဆင့်ဆင့် တက်လှမ်းလာကြတာ အချိုးကျ မကျ သိနိုင်ပါတယ်။ စစ်တမ်းကောက်ထားတာကနေ ရတဲ့ အရေအတွက်ကို ဂရပ်ဆွဲလိုက်တော့ အ၀ကျယ် ဗိုက်ကျယ် ပုံမှန် ၀ိုင်ခွက်ပုံ ရပါတယ်။ ဒါဟာ အခြေအနေ ကောင်းတဲ့ ဖြစ်စဉ် တစ်ခုကို ကိုယ်စားပြုပါတယ်။


အဲဒီလိုနဲ့ ကျောင်းတက်ဖို့ ရှာတော့ ကျောင်း အထွေအထူး မတွေ့ပါဘူး။ Computer Science အတွက် Course က အချိန်ပိုင်း တက်ဖို့တောင် မနည်းရှာရပါတယ်။ အဲဒီ အချိန်မှာ Open University Australia ဆိုတာက ကြော်ငြာနေတာနဲ့ သူတို့ Website www.open.edu.au ကို ကြည့်ကြည်ပါတယ်။ သူက အဝေးသင်ပါပဲ။ Distance Education ဆိုတာနဲ့ စာရင် ပိုပြီး ကြားကောင်းတဲ့ Open ဆိုတဲ့ စကားလုံးမှာ ကျွန်တော်လည်း အငိုက်မိသွားပါတယ်။

တက်ဖို့ Course တွေကလည်း Project Management တွေလိုမျိုးက များပါတယ်။ ကျွန်တော်က အဲဒီဖက်မှာ စိတ်မပါပြန်ဘူး။ ရှားရှားပါးပါး IT နဲ့ ပတ်သက်ပြီး Post Grad အတွက်က တစ်ခုပဲ ရှိပါတယ်။ ဒါလည်း Computer Science စစ်စစ်တော့ မဟုတ်ပါဘူး။ သူကတော့ Technology Management လို့ ပြောပါတယ်။ Business System Design and Management ဖြစ်ပါတယ်။ ၃ လတာ ကာလအတွက် တစ်ဘာသာကို ၁၅၀၀ + GST ၁၅၀ = ၁၆၅၀ ကျသင့်ပါတယ်။ အထက်က ပြောတဲ့ Part Time Class နဲ့သင်တဲ့ Healthcare Informatics ကတော့ ၁၀၀၀ ကျော်ကျော်ပဲ ကျပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သားနဲ့ သမီးရဲ့ Daycare စားရိတ် ၂ ယောက်ပေါင်း တစ်ရက်ကို ၁၄၀-၁၅၀နဲ့ စာရင်တော့ တက္ကသိုလ် စားရိတ်က အများကြီး သက်သာပါသေးတယ်။

Open University ဆိုတာ တက္ကသိုလ်တွေက စုပေါင်းထားပြီး ကျောင်းအပ် လက်ခံပေးတဲ့ သဘောပါ။ သူ့ဆီမှာ တက္ကသိုလ် ၇ ခု ပါပါတယ်။ Monash University တို့ RMIT တို့လိုမျိုးတွေပါ။ နာမည်ကြီး တက္ကသိုလ်တွေ ဖြစ်တဲ့ Australian National University တို့ University of Sydney တို့ လိုမျိုးတွေတော့ မပါသေးပါဘူး။ ကျွန်တော် ရွေးလိုက်တဲ့ Course ကိုတော့ Swinburne University of Technology က သင်ကြားပေးတာပါ။ အဲဒီ တက္ကသိုလ်ကလည်း နာမည်ကြီး တက္ကသိုလ် တစ်ခုတော့ မဟုတ်ပါဘူး။ အဲဒါကြောင့် GRE တို့ ဘာတို့လည်း မတောင်းပါဘူး။ အဲဒီတော့လည်း အမြန် အလွယ် တက်ဖြစ်သွားတာပါ။ ကြောင်ခံတွင်းပျက်နဲ့ ဇက်ယက် တောင်ပံကျိုး ဆိုတာ ဒီလို ကျောင်းသားနဲ့ ဒီလို ကျောင်းနဲ့ကို ပြောတာ ဖြစ်ရမည်။

အဲဒါနဲ့ တစ်ဘာသာ အစမ်း တက်ကြည့်လိုက်ပါတယ်။ သူ့ Course နဲ့ Curriculum မဆိုးပါဘူး။ ကျွန်တော် တခြားကျောင်းတွေက ဘယ်လို သင်သလဲတော့ အသေအချာ မသိပါဘူး။ တခြားကျောင်းတွေမှာ ဘာတွေ သင်တယ်ဆိုတာလောက်ပဲ Website မှာ အကြမ်းဖျဉ်း သိရပါတယ်။ ဒါပေမယ့် ဒီကျောင်းက Course တွေက IT/IS Manager တစ်ယောက် ဖြစ်ဖို့ အထောက်အကူ ဖြစ်နိုင်တယ် ဆိုတာကိုတော့ အလုပ် အတွေ့အကြုံအရ သိလိုက်ပါတယ်။

တကယ်တော့ အလုပ်ခွင်ထဲမှာ ကျောင်းသင်ခန်းစာတွေက ရမည့် Hard Skill တွေ အပြင် တခြား Soft Skill တွေလည်း လိုပါသေးတယ်။ Hard Skill တွေထဲမှာ ကျောင်းကရမည့် ပညာတွေ အလုပ်အတွေ့အကြုံတွေ အလုပ်နဲ့ ဆိုင်တဲ့ Certificate တွေ အပြင် အင်္ဂလိပ် စကားပြောတွေ ပါပါတယ်။ Soft Skill တွေကတော့ ပြောတတ် ဆိုတတ် ငြင်းခုံတတ်တာမျိုး ခိုင်းတတ်တာမျိုး လျှပ်တစ်ပြက် တုံ့ပြန်တတ်တာမျိုး ဖောက်ထွက် စဉ်းစားတတ်တာမျိုးကနေ လူမှုရေးကောင်းပြီး ပေါင်းတတ် သင်းတတ်တာမျိုးတွေပါ။ အဲဒါကြောင့် Soft Skill ကို လူတွေနဲ့ အလွမ်းသင့်အောင် ဆက်ဆံနည်း People Skill လို့လည်း ပြောကြတာ။ Hard Skill တွေကတော့ ကျောင်းတွေ သင်တန်းတွေက အလွယ် ရနိုင်ပေမည့် Soft Skill တွေကျတော့ မွေးရာပါလိုမျိုး ဖြစ်နေပြီး ရယူဖို့ (ကျွန်တော့်အတွက်တော့) အလွန် ခက်ပါတယ်။ အဲဒီလို Soft Skill ကောင်းတဲ့ သူတွေက တစ်ပန်းသာသွားတာတွေ ခဏခဏ ကြုံရပါတယ်။

အဝေးသင် ပညာရေးတွေကတော့ စာသင်ခန်းထဲမှာ ဆရာနဲ့ သင်တာလောက် ဘယ်တော့မှ ကောင်းမယ် မထင်ပါဘူး။ ကျွန်တော့် အနေနဲ့လည်း ကိုယ်ကို ဘာသာပြန်ပေးမည့် စာဖတ်ပြပေးမည့် ဆရာတစ်ယောက် ထက်စာရင် နည်းနည်းပါးပါး ဆွေးနွေးဖို့ နားမလည်တာလေး နားလည်မှုလွဲနေတာလေးတွေ တိုင်ပင်ဖို့ ဆရာ တစ်ယောက်တော့ လိုချင်ပါတယ်။ ဒီသင်တန်းမှာလည်း Email နဲ့ Skype နဲ့ပဲဖြစ်ဖြစ် ယုတ်စွအဆုံး ဖုန်းဆက် မေးရင်ဖြစ်ဖြစ်တော့ ရပါတယ်တဲ့။ ကျွန်တော်တက်လာတဲ့ ကာလမှာတော့ Email ၂ခါ ၃ခါပဲ ပို့ပြီး မေးဖြစ် ဆွေးနွေးဖြစ်ပါတယ်။ ကိုယ် ပျင်းတာလည်း ပါပါတယ်။

တချို့ဘာသာတွေမှာတော့ သင်ရိုးညွှန်းတမ်း အတွက် ပြဌာန်းထားတဲ့ စာအုပ် သတ်သတ်မှတ်မှတ် ရှိတော့ စာအုပ်ဝယ်ရပြီး သင်တန်း တလျှောက်လုံး အဲဒီ စာအုပ်နဲ့ ဆိုင်တဲ့ Assignment တွေ လုပ်ရပါတယ်။ အဲဒီလို ဘာသာအတွက်တော့ သင်တန်းကာလ ၃ လမှာ စာအုပ် တစ်အုပ်တော့ ကောင်းကောင်း ဖတ်ဖြစ်သွားပါတယ်။ နို့မဟုတ်ရင် စာအုပ်တစ်အုပ်ကို ပြီးအောင် ဆုံးအောင် ကိုယ့်ဘာကိုယ် ဘယ်တော့မှ မဖတ်ဖြစ်ဘူး။ အထူးသဖြင့် ဒီလို သီအိုရီ ဆန်ဆန် စာအုပ်မျိုးတွေကို ကောက်တောင် မကိုင်မိဘူး။ တစ်ခါတစ်လေကျတော့လည်း ဘယ်စာအုပ် ဖတ်ရကောင်းမှန်း မသိတာလည်း ပါပါတယ်။ တချို့ဘာသာတွေ အတွက်တော့ ဟိုစာအုပ်က Chapter တစ်ခု ဒီက တစ်ခု စုပေးထားတာ မျိုးပါ။ အဲဒါလည်း မဆိုးပါဘူး။ စိတ်ဝင်စားဖို့ ကောင်းတဲ့ စာလေးတွေ ဖတ်ဖြစ်သွားပါတယ်။

တချို့စာတွေက အလုပ်ထဲကနေ သိပြီးသား ဖြစ်ပေမည့် ကိုယ်က Academic ဆန်ဆန် မသိထားတော့ ပြောတဲ့ ဆိုတဲ့ အခါမှာ စကားလုံး တစ်လုံးထဲနဲ့ ကျစ်ကျစ်လစ်လစ် ပြီးရမည့် ကိစ္စတွေမှာ ရှည်ရှည်ဝေးဝေး ပြောနေရတာတွေ သတိထားမိလာပါတယ်။ တချိုစာတွေကျတော့ ဖတ်လိုက်တာ keyword တစ်လုံး buzz word တစ်လုံး ရသွားပြီး အဲဒီကနေ အကျယ်အကျယ်လိုက်ဖတ်ဖြစ်သွားတာတွေလည်း ရှိပါတယ်။

တစ်ဘာသာနဲ့ တစ်ဘာသာလည်း ပုံစံမတူပါဘူး။ တချို့ဘာသာတွေက Assignment ၃ ခုနဲ့ပဲ ပျင်းရိငြီးငွေ့ဖွယ် ပြီးသွားပေမည့် တချို့ ဘာသာတွေကတော့ Assignment ၂ ခု၊ Online Test ၂ ခုနဲ့ Lesson Exercise လိုမျိုး ၄ ခုလောက် ပါပါတယ်။ Online Test ကတော့ Open Book လည်း ရှိသလို စာဖြေဌာနတွေမှာ သွားဖြေရတာတွေလည်း ရှိပါတယ်။ Online Test ဆိုပေမည့် MCQ တွေအပြင် Paragraph တွေပါ ရေးပြီး ဖြေရပါတယ်။ စာရွက်ပေါ်မှာ ချရေးသလိုပါပဲ။ အရင်တုန်းကတော့ Open Book တွေ သိပ်ဖြေချင်ခဲ့တယ်။ အခုတကယ် Open Book ဖြေရတော့မှ မလွယ်မှန်း သိလာပါတယ်။ သူရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သူတို့ ချမှတ်ပေးထားတဲ့ စာတွေ တကယ် ဖတ်မဖတ် သိအောင်ပါ။ စာကို အလွတ်ရအောင် ဖတ်ထားစရာ မလိုဘဲ ဘယ်နားမှာ ဘာရှိလဲ သိအောင် ဖတ်ထားရုံဆိုတော့ ကျွန်တော်နဲ့ ကိုက်ပါတယ်။

Lesson Exercise ဆိုတာ အနီးကပ်ဆုံး Blog နဲ့ တူပါတယ်။ Topic တစ်ခုကို ၀င်ရောက် ဆွေးနွေးဖြစ်အောင် လုပ်ထားတာပါ။ တကယ်လည်း Blog ရေးရပါတယ်။ တက္ကသိုလ်ရဲ့ Blog မှာ သတ်မှတ်ထားတဲ့ ခေါင်းစဉ် အောက်မှာ Post တစ်ခု ရေးလိုက်ရုံပါပဲ။ အားထုတ်မှုနဲ့ အချိန်ကလည်း Blog Post တစ်ခုစာလောက်ပဲ လိုအပ်ပါတယ်။ Assignment တစ်ခုကတော့ Blog Post ၁၀ ခုလောက်နဲ့ ညီမယ် ထင်တယ်။ အချိန်ရဲ့ အားထုတ်မှုရယ်ကို ပြောပါတယ်။ Blog ရေးသလိုတော့ ပေါ့ပေါ့ပါးပါး မဟုတ်ဘူးပေါ့။ အဲဒါကြောင့်လည်း နောက်ပိုင်းမှာ ကျွန်တော် ဘလော့အား ကျသွားတာပါ။ ဒီ Post ကိုလည်း အားတဲ့ အချိန်မှပဲ ရေးဖြစ်တော့တယ်။ အခုလည်း Assignment တစ်ခု ရှိနေတာနဲ့ ဒီ Post ကို အဆုံး မသတ်နိုင်ဖြစ်နေတာ။

ကျွန်တော့် အတွက်တော့ Assignment တင်တာနဲ့ Blog ရေးတာ သိပ်ကွာလှတယ် မဟုတ်ပါဘူး။ Topic တစ်ခုကို လေ့လာပြီး ချရေးလိုက်တာပါပဲ။ အဲဒါကြောင့် ကျောင်းတက်ရတာ သိပ်မပင်ပန်းလှပါဘူး။ Assignment မှာတော့ ဆရာက အမှားတွေကို ပယ်ပယ်နယ်နယ် ထောက်ပြပေးပါတယ်။ Blog မှာလည်း Assignment တင်သလို Professional Response တွေ ရရင် အားရပါတယ်။ အရာရာ သဘောတူစရာ မလိုပါဘူး အပြုသဘောဆောင်ရင် ရပါတယ်။ Assignment တွေကို ဘလော့ရေးသလိုပဲ သဘောထားတော့ ပျော်ပေမည့် အချိန်ကတော့ အတော်လေး ယူရပါတယ်။ ဒါပေမယ့် အကျိုးရှိနိုင်ကောင်းရဲ့ဆိုပြီး ကိုယ့်ဘာကိုယ် အားပေးရ အားတင်းထားရ ပါတယ်။

ကျောင်းက ဒီအတိုင်း သွားမည်ဆိုရင် နောက် ၂ နှစ်လောက်တော့ အနည်းဆုံး အချိန်ယူသွားနိုင်ပေမည့် နောက်ကို ပြန်လှည့်ကြည့်တော့လည်း ၁ နှစ်ဆိုတာ အလွယ် ဖြတ်ကျော်ခဲ့တာပါပဲ။ သူများတွေ ရပြီးသား ဖြစ်ပေမည့်လည်း Better late than never ပါပဲ။ နောင်လိုအပ်လာမယ့် အချိန်မှာ အဆင်သင့် ဖြစ်နေရင် တော်ပါပြီ။ ဒီ Post တွေကလည်း ကျောင်းတက်ရင် ကောင်းမလား စဉ်းစားနေသူတွေ အတွက် ရည်ရွယ်ပါတယ်။


13 comments:

tmh - 8/30/09, 2:40 PM

Thanks for your sharing

Rita - 8/30/09, 4:53 PM

တကယ်ပဲ ကျေးဇူးတင်ပါတယ် ကိုအန်ဒီ

Nge Naing - 8/30/09, 4:56 PM

ကျွန်မကတော့ ဘလော့ဂ်မှာ ပို့စ်တင်တာနဲ့ Assignment နဲ့ ဘယ်လိုမှ အတူတူ သဘောမထားနိုင်တာ အမှန်ပဲ။ Assignment တခုတင်ဖို့အရေးဟာ ဖတ်လိုက်ရတဲ့စာ နည်းတာမဟုတ်ဘူး ဒါတောင်မှ Post Graduate မဟုတ်ပဲ Undergraduate မှာပဲရှိသေးတယ်။ ဘလော့ဂ်ကတော့ ၀ါသနာအရဆိုတော့ ကိုယ့်ဘလော့ဂ်မှာ ကိုယ်ကြိုက်တာရေးလို့ ရပြီး Assignment က သူတို့သတ်မှတ်ပေးထားတဲ့ Criteria အောက်မှာ Critical thinking တွေ Interpersonal skill ဆိုတာတွေစုံနေတာပဲ သင်တဲ့ဘာသာရပ်နဲ့ ဘာမှမဆိုင်ပဲနဲ့ Communication အတွက် သက်သက်ကို လိုက်ထည့်ရတဲ့ အချက်တွေ။ ကျွန်မအတွက်တော့ Assignment တခုလုပ်ရတာ ဆေးခါးကြီးတခွက်ကို မသာက်ချင်ပဲနဲ့ မသောက်မနေရ သောက်ရသလိုပါပဲ။ ကိုအန်ဒီလို ကျောင်းတက်တာကို ဘလော့ဂ်ရေးတာလို လွယ်ရင် သိပ်ကောင်းမှာပဲ။

Anonymous - 8/30/09, 5:09 PM

Ko Andy

Thanks for your sharing.I am checking ur blog almost everyday for this post.Awaits for No..6,,7,,8,,9,,......

Anonymous - 8/30/09, 6:11 PM

ကျေး ဇူး အန် ဒီ ။ ဒါ ကြောင့် စာရေး ကျဲ နေ တာ ကိုး ။

August - 8/30/09, 7:02 PM

မိသားစု အလုပ် ပညာရေး အချိန်မျှပေးရတာ တကယ်မလွယ်ကူလှပါဘူး ကိုအန်ဒီ ၊၊ ဝေမျှပေးတာ ကျေးဇူးပါ။ ဒီလို ကျော်ဖြတ်ရင်းနဲ့ အချိန်ကုန်သွားမှာပါ ။ တစ်ချိန်ကိုယ် ပြန်စားဖို့ အတွက် အလျော်တစ်ခု ကြိုပေးထားတယ်လို့ပဲ သဘောပေါက်ထားလိုက်တယ် ။

JuneOne - 8/31/09, 1:36 AM

အလုပ်တစ်ဖက်နဲ့ကျောင်းတတ်ရတာတော့တော်တော်မလွယ်။
ဝေမျှပေးတဲ့ အတွက်ကျေးဇူးပါ။

Anonymous - 8/31/09, 2:15 PM

Thanks for your information. How could we find for engineering course in Ausi Uni? such as civil, electrical

Thanks!

စန္ဒကူးမေ - 8/31/09, 10:45 PM

thanks!!!!!!!!!

Anonymous - 9/1/09, 7:49 PM

better do day care as Professional (2 childrens cost $140-150 per day) instead of going to postgrad UNI.... :)

Andy Myint - 9/1/09, 9:31 PM
Anonymous - 9/1/09 7:49 PM << Right.. that's a good idea.. so sad but true. As parents, we cannot afford for the whole week. We can send only couple of days. If you work at daycare, you will have to take care of at least 5 children for small chunk of salary. Imagine each child needs about 3 diaper changes a day... Daycare owners here are also losing their fortune from operating ones. I dont know where the money goes. Maybe to the government.

Anonymous - 8/31/09 2:15 PM << I don't really know. Maybe you should scope first where about like NSW, Sydney or somewhere and how you want it to be online or somehow.

မငယ်နိုင်က Assignment တွေကို seriously လုပ်လို့ဖြစ်မှာပေါ့။ ကျွန်တော်ကတော့ အေးအေးဆေးဆေးပဲ။ သိရ ဖတ်ရရင် တော်ပြီလေ။ Credit လောက် ရရုံကတော့ ဘလော့ ရေးရုံလောက်လည်း ရပါတယ် ..

ကျေးဇူးတင်တဲ့ သူတွေအားလုံးကိုလည်း ၀ဲလကမ်းပါ။
jasmine - 9/2/09, 1:26 PM

Hi Ko Andy,
i accidentally met ur blog. Most of ur posts give me thought. Among them,i like this post. For me, i am waiver to attend international diploma course here in Myanmar. Now i am working in famous company in HR department but my educational background is not HR.As u said, i have career knowledge but don't have theory. U r post gave me idea for what to do next. Thanks a lot Ko Andy. Hope to read ur next post.

TZA - 9/3/09, 3:16 AM

လေးစားတယ်ဗျား၊ အစစ အဆင်ပြေပါစေ။

Post a Comment

Many thanks for dropping a comment…

Film