Thursday, September 10, 2009

ရေသည် လင်မယား

အတူနေ လင်မယားတွေ အတွက် ပြောစရာ စကား ကုန်မယ် မထင်ပါဘူး။ ကျွန်တော်တို့ အတွက်လည်း ပြောစရာ မရှိ နောက်ကြောင်းပြန်ပြီး ငယ်ငယ်တုန်းက အကြောင်းတွေ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ပြောဖြစ်ကြတယ်။ တိုက်တိုက် ဆိုင်ဆိုင် ကျွန်တော်တို့ နှစ်ယောက် ပြောဖြစ်ကြတာ ငယ်ငယ်က ဘယ်လောက် ဆင်းရဲကြောင်း ပြောကြတယ်။ (ပြောသာပြောတာ အခုလည်း ချမ်းသာနေတာတော့ မဟုတ်ပြန်ဘူး။) ကျွန်တော်တို့ နှစ်ယောက်စလုံးရဲ့ ငယ်ဘ၀တွေက ရုပ်ရှင်တွေထဲကလို တဲပုတ်ကလေးနဲ့ မွဲတေ ဆင်းရဲ နေတာ မဟုတ်ပေမယ့် ရပ်ကွက်နေ လူတန်းစား လောက်ပဲ ရှိခဲ့တာပါ။ “ဟာ .. ဟုတ်လား.. ငါတို့ ငယ်ငယ်တုန်းကလည်း အဲဒီလိုပဲ” ဆိုပြီး ဘ၀တူ မပြည့်စုံပုံ တူကြပါတယ်။

ကျွန်တော်က သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်ဆိုင် ထိုင်တဲ့ အကြောင်း ပြောပြတယ်။ လက်ဘက်ရည် တစ်ခွက် နှစ်ခွက်တည်း မှာပြီး သူငယ်ချင်း ၄-၅ ယောက်လောက် စုထိုင်ပြီး စကားပြောကြ လမ်းပေါ်က ကောင်မလေးတွေ ငေးတဲ့ အကြောင်း၊ ပြီးတော့ အဲဒီ တစ်ခွက်ကို သူရှင်း ငါရှင်း အလှည့်ကျ ရှင်းတဲ့ အကြောင်း၊ ဒါမှမဟုတ် အားလုံး ၅ကျပ် ၁၀ ထည့်ပြီး ၀ိုင်းရှင်းကြတဲ့ အကြောင်း၊ ပြီးတော့ နောက်မှ ရောက်လာတဲ့ကောင်က သူမမှီလိုက်မှာ စိုးလို့ ရောက်ရောက်ချင်း လက်ဘက်ရည်ခွက်ကို ခွက်ကနဲ့ မော့သောက်တော့ အဲဒီခွက်ကလေးကို အလှကြည့်နေကြတဲ့ အားလုံးက ၀ိုင်းဆဲကြတဲ့ အကြောင်းတွေ ပြောပြတယ်။ အဲဒီလို ပြောပြလွန်းတော့ ကျွန်တော်က သူမကို သူငယ်ချင်း တစ်ယောက် မိတ်ဆက်ပေးရင် “အဲဒါ ညည်းနဲ့ လက်ဘက်ရည် တစ်ခွက်တည်း သောက်တဲ့ သူငယ်ချင်းလား”လို့ တိုးတိုး မေးတာ အကျင့် ဖြစ်နေတယ်။ ဘယ်လောက် အတိုင်းအတာအထိ ခင်ခဲ့သလည်း မေးချင်တာပါ။

နောက်ပြီး ကျွန်တော်က ၀င်ငွေ မကောင်းခင်အထိ ဆိုင်မှာ ကြေးအိုးဆီချက် စားဖူးတာ စုစုပေါင်း ၅ပွဲပင် မရှိတဲ့ အကြောင်းပြောပြတော့ သူမကလည်း မစားဖူး စားရကောင်းမှန်းပင် မသိကြောင်း ပြောပြတယ်။ ငယ်ငယ်က ရိုးရိုး ဆီချက်ခေါက်ဆွဲတော့ လူကြီးတွေနဲ့ လိုက်စားဖြစ်ပေမယ့် စတိုင်လည်းဖြစ် ဈေးလည်း ၂ဆပိုကြီးတဲ့ ကြေးအိုးဆီချက်ကိုတော့ စားဖြစ်တဲ့ အကြိမ်ပေါင်းက လက်ချိုးရေလို့ ရတယ်ဆိုတာ နှစ်ယောက်စလုံး ဖြစ်ခဲ့တာပါ။ အခု ၀ယ်စားနိုင်တဲ့ အချိန်ရောက်တော့ အဲဒီလို ဆိုင်တွေ မရှိတော့ကြောင်း ပြောဖြစ်ကြတယ်။ ဒီမှာလည်း မြန်မာဆိုင်မှာတော့ ၀ယ်စားလို့ ရပေမယ့် ရန်ကုန်က ဆိုင်တွေမှာ ကိုယ်စားချင်တဲ့ အချိန် ပိုက်ဆံ ပေါပေါပဲပဲနဲ့ စားနိုင်တဲ့ ဘ၀လေးကို လိုချင်တာပါ။ အဲဒီလို ဖီလင်လေးကို လိုချင်တာပေါ့။

ငယ်ငယ်က အိမ်မှာ တီဗွီမရှိတော့ သူများအိမ်မှာ ကုတ်ကပ်ပြီး သွားကြည့်ရကြောင်း၊ ဘေးအိမ်က တီဗွီကို ပြတင်းပေါက် ၂ ပေါက်ကျော်ပြီး ကြည့်ရကြောင်းတွေ နောက်ကြောင်းပြန်ကြတယ်။ ကံကောင်းချင်တော့ ရှက်တတ်တဲ့ အရွယ်မှာ အိမ်မှာ ၁၄လက်မ Toshiba တီဗွီလေး တစ်လုံး ၀ယ်နိုင်လာတဲ့ အကြောင်းတို့ တီဗွီဝယ်တဲ့ နေ့တို့ဟာ နှစ်ယောက်စလုံး အတွက် မှတ်မှတ်ရရ ဖြစ်နေတာ တိုက်ဆိုင်နေပါတယ်။ ဒီလို ငယ်ငယ်တုန်းက အဖြစ်အပျက်တွေ ပြန်ပြောင်းသတိရ တစ်ယောက်ကို တစ်ယောက် ပြောဖြစ်တာ ကြည်နူးစရာတော့ ကောင်းပါတယ်။

ငယ်ငယ်က ဂျင်းဂျာကင် (Jean Jacket) တစ်ထည်ရဖို့ ဘယ်လောက် ခက်ခဲကြောင်း ရလိုက်တဲ့ Joy တံဆိတ် ဂျင်းဂျာကင်လေးကို မမေ့တဲ့ အကြောင်းလည်း အခု Levi's ဘောင်းဘီ ၀တ်တိုင်း ပြောဖြစ်ကြတယ်။ အခု အသုတ်စုံ သုတ်စာရင်းလည်း ငယ်ငယ်က ဟင်းမလောက်ရင်ဖြစ်ဖြစ် ဟင်းမချက်ရင်ဖြစ်ဖြစ် ကြာဆံသုတ် တိုဟူးသုတ် ၀ယ်ပြီး ထမင်းနဲ့ စားတဲ့ အကြောင်းကလည်း ခဏခဏ ပြောဖြစ်ပါတယ်။ ငရုတ်ဆီနဲ့ ပဲမှုန့်နဲ့ နယ်ထားတဲ့ လက်သီးဆုပ်စာ အသုတ်နဲ့ ထမင်းတစ်ပန်းကန် လောက်အောင် ဘယ်လို စားကြောင်း ပြောတော့ သူမရဲ့ အဘွားက ကြည့်စားနော်ဆိုလို့ ကြည့်ပြီး စားတာ ထမင်းကုန်မှ အသုတ်ချည်းပဲ စားတဲ့ အကြောင်း ပြန်ပြောတယ်။

တကယ်တော့ ကျွန်တော်တို့ ဘယ်လောက် ဆင်းရဲခဲ့ကြောင်း မပြည့်စုံခဲ့ကြောင်း ကို အခုလို တစ်ယောက်ကို တစ်ယောက် ရင်းနီးသွားမှာ ပြောဖြစ်တာပါ။ သမီးရည်းစား မဖြစ်ခင်နဲ့ ဖြစ်ပြီးတော့လည်း သိပ်မပြောဖြစ်ခဲ့ဘူး။ ဦးပုညရဲ့ ရေသည် လင်မယားလို တစ်ယောက်ကို တစ်ယောက် ဘယ်လောက် ဆင်းရဲကြောင်း (သူတို့အတွက်ကတော့ ဘယ်လောက် ကြွယ်ဝကြောင်းပေါ့) မယူခင် တုန်းက သေသေချာချာ မပြောဖြစ်ခဲ့ကြဘူး။ တစ်ယောက်ကို တစ်ယောက် ဘယ်လောက် ကြွယ်ဝကြောင်း/ဆင်းရဲကြောင်းကို မမေးခဲ့ မစုံစမ်းဖြစ်ခဲ့ပါဘူး။ ကျွန်တော် ၁၀တန်း အောင်ပြီးတော့ သူငယ်ချင်းတွေနဲ့ ပေါင်းပြီး လက်ဘက်ရည်ဆိုင် တစ်ဆိုင် ဖွင့်ဖူးကြောင်း အရင်းပြုတ်ဖူးကြောင်းကိုလည်း သိနေပေမယ့် အဲဒီအချက်တွေက နှစ်ယောက် ပေါင်းဖက်ဖို့အတွက် သူမ ဘာမှ အရေးမထားကြောင်း သိရပါတယ်။

ကျွန်တော်တို့ ၂ ယောက် တွဲနေပြီး နည်းနည်း ကြာတော့ သူငယ်ချင်းတွေက မေးကြတယ်။ “မင်းတို့ ဘယ်အခြေအနေ ရောက်နေကြပြီလည်းကွ”လို့ ရယ်ကျဲကျဲ မေးတော့ “အခုမှ Confidence Building Stage ကို ရောက်နေတာပါ” ပြန်ဖြေလိုက်တယ်။ တကယ်လည်း တစ်ယောက်ကို တစ်ယောက် ယုံကြည်မှု (Trust) တွေ တည်ဆောက်နေတုန်းကပါ။ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက် အတန်းအစား ရှိသလည်း ဘယ်လောက်ချမ်းသာ ဆင်းရဲသလဲ ဘယ်လို အသိုင်းအ၀ိုင်းကလည်း ဆိုတာ အပေါ်ယံ နည်းနည်းပါးပါး သိရရင် ကိုယ်နဲ့ အပ်စပ်တယ် ဆိုတာ သိနိုင်တော့ အတွင်းကျကျ မမေးဖြစ် မပြောဖြစ်ကြပါဘူး။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက်ကြည့်တာ စိတ်ချင်း ပေါင်းဖြစ် မဖြစ်နဲ့ အနာဂတ်မှာ ဘယ်လို ဆက်လှမ်းကြမလဲက အဓိကပါ။ စိတ်သဘောထားချင်း မတိုက်ဆိုင်တဲ့ လူနှစ်ယောက် ရေရှည်ပေါင်းဖို့ မဆိုထားနဲ့ ခဏလောက် ပေါင်းသင်းကြည့်လိုက်ရင်တောင် အတူတူ တသားတည်း မဖြစ်နိုင်တာ သိသာတဲ့ အခါတွေ ရှိပါတယ်။

အဲဒီတုန်းက ဒီလို ငယ်ငယ်တုန်းက မပြည့်စုံတဲ့ အကြောင်းကိုလည်း တမင်တကာ ထိန်ချန်ထားကြတာ မဟုတ်ပေမယ့် မမေးဖြစ် မပြောဖြစ်ကြဘူး။ ယောက်ျားလေး တစ်ယောက်အနေနဲ့တော့ တစ်ဖက်က မိသားစု ချမ်းသာလား ဆင်းရဲလား သိစရာ တော်ရုံတန်ရုံ မလိုပေမယ့် မိန်းကလေး တစ်ယောက်အနေနဲ့တော့ ကိုယ်နဲ့ ပေါင်းသင်းမယ့်လူရဲ့ မိသားစု အကြောင်း သိချင်တာ သဘာဝ ကျပါတယ်။ ဒါပေမယ့် သူမက အဲဒီလို စပ်စပ်စုစု မေးမနေပါဘူး။ နောင်မှာ ဘာ Plan တွေ ရှိသလဲလောက်တော့ မေးပေမယ့် အဲဒီတုန်းက ပြောခဲတဲ့ Plan တွေမှာ အကောင်အထည် ပေါ်တာတွေ ရှိသလို မဖြစ်ထွန်းတာတွေလည်း ရှိခဲ့ပါတယ်။ (တချို့ဟာတွေကလည်း ကြားကောင်းအောင် ကြည့်ရွှေခဲ့တာတွေလေ..)

အခုတော့ ကလေးကလည်း ၂ ယောက်ရှိပြီဆိုတော့ ငယ်ငယ်က ဘယ်လို ဆိုးပေတဲ့ အကြောင်းပြောပြော ငယ်ငယ်က ဘယ်လို မပြည့်စုံတဲ့ အကြောင်း ပြောပြော ပစ်သွား ထားသွားမှာလည်း မဟုတ်တော့ တစ်ယောက်ကို တစ်ယောက် ပြောဖြစ်ကြတယ် ဆိုပါတော့။ ကံကောင်းချင်တော့ နှစ်ယောက်စလုံးက ဘ၀တူတွေ ဆိုတော့ အထူးအဆန်း မဟုတ်တော့ပေမယ့် ကြားရတာ သိရတာ ငယ်ငယ်ဘ၀ကို ဆွတ်ပျံ့ဖွယ်ပဲ ကောင်းပါတယ်။

တခြားဖတ်ရန်


43 comments:

Su - 9/10/09, 2:02 PM

thanks ko andy. feeling all warm and fuzzy after reading this.
please give my best regards to your family. :)

sawphonelu - 9/10/09, 2:07 PM

တို့ မျိုး ဆက် က တော်တော် များ များ ဒီ လို ချည်း ပါ ပဲ ။ ငယ် ငယ် က တော့ မဆလ ခေတ် ဆိုတော့ ၊ ပိုက်ဆံ ရှိ လည်း သုံး စရာ ပစ္စည်း မရှိ ။ ၉၂ လောက် က နေ ပြီး တော့ ၉၆ လောက် က တော့ နည်းနည်း ပြေ လည် တယ် ပြော ရ မယ် ။ ငါတို့ ကျောင်း ပြီးတဲ့ ၂၀၀၁ လောက် က တော့ ဘဝ မှာ အစုတ်ပြတ် ဆုံး လို့ ပြော ရ မယ် ။ အဲဒီတုန်း က လက်ဖက်ရည် ဆိုင် ရှေ့ ဖြတ် အလျှောက် အိပ် ကပ် ထဲ လက် ဖက် ရည် တစ် ခွက် ဖိုး မရှိ လို့ မျက် ရည် ဝိုင်း ခဲ့ ဖူး တယ် ။
အင်း အခုတော့ ---------။

စန္ဒကူးမေ - 9/10/09, 2:31 PM

ကူးကူးတို့ငယ်တုန်းကလဲအဲလိုဘဲ...tv တစ်ရပ်ကွက်လုံးမှ ၁ လုံးရှိတာ.. ဆောက်လုပ်ရေး အရာရှိအိမ်မှာ သွားကြည့်ရတာ..
အဲဒါတောင် အမေခိုင်းတာလုပ်ပေးပီးမှ.. သွားလို့ရတယ်..
အထူးသဖြင့်တနင်္ဂနွေပေါ့..ငယ်ဘ၀ကတော့ဒီလိုပဲ.. အခုလဲမချမ်းသာ ပါဘူး.ဒါပေမယ့် အကိုရေးသလိုပြန်တွေးရင် ရင်ထဲနွေးမိပါတယ်.. ကျေးဇူးပဲအကိုရေ..ဒီပိုစ့်လေးဖတ်ပီး..
စိတ်ထဲကြည်နူးမိလို့.... ပိုစ့်တစ်ခု..ခံစားမှုတစ်ခု ထည့်ပေးတယ်..
ကျေးဇူးးးးးးးးးးးး

rose of sharon - 9/10/09, 2:44 PM

ဟုတ်ပနော်.... ဘဝခရီးဖော်နဲ့ ငယ်ဘဝတွေကို ပြန်ပြောပြ ရတာ ပျော်စရာကြီးနော်.... ပိုရင်းနှီးလာချိန်မှ အားလုံးထုတ်ပြောဖြစ်ကြတာပါဘဲ

Vista - 9/10/09, 2:47 PM

no comment ! :P

ကိုဇေယျာ - 9/10/09, 4:23 PM

အစ်ကို့စာ တစ်ပုဒ်ဆို တစ်ပုဒ် ဖတ်ရ အတော်တန်တာဗျ။

TV ဆိုလို့ လေးတန်းနှစ်မှာ တရုတ်ကက်ဆက်လေးဝယ်တော့ အိမ်မှာ မီးမလာဘူး။ ၇ တန်းနှစ် TV ၀ယ်တော့ အိမ်မှာ မီးမလာဘူး။ ပထမနှစ်ကွန်ပူတာ ၀ယ်တော့ အိမ်မှာ မီးမလာဘူး။ ပစ္စည်းတွေရှေ့က မခွာပဲ မီးလုံးကို ထိုင်ကြည့်နေတာ မှတ်မိနေတယ်။ (မီးမလာတာ ခုချိန်မှာ ဘာမှ မထူးဆန်းတော့ပေမယ့် အရင်ကတော့ ဆန်းတယ်ဗျ :D)

မီယာ - 9/10/09, 5:35 PM

ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်သတိရပြီး ၀မ်းနဲလိုက်တာ... tv သွားကြည့်ဖို့ အဝေးကြီး လမ်းလျှောက်ရတယ်။

Nge Naing - 9/10/09, 6:03 PM

ကျွန်မတို့ကတော့ ကျွန်မငယ်ငယ်က အကြောင်း မေးစရာကိုမလိုဘူး အကုန်ပြောပြခဲ့တယ်။ အခုလို ပြောပြထားခဲ့တော့ ကိုအန်ဒီတို့လို အခုချိန်မှာ ပြန်ပြောစရာ သိပ်မရှိဖြစ်သွားတယ်။ အရင်က မပြောဖြစ်ခဲ့ရင် အကောင်းသား။

Anonymous - 9/10/09, 6:24 PM

သြော်..ကိုယ်မှလားထင်မိတာ..ကိုယ့်လို
လူတွေအများကြီးနော်..ဘ၀မမေ့တဲ့သူ၊ ကြိုးစားရုန်းထွက်နိုင်သူတွေပေါ့။ကိုယ့်မှာ အဆန်တော်တော်လေးချောင်တဲ့ သားတယောက်ရှိတယ်။ သူက မိဘမချောင်လည်ခဲ့တာဆိုလူသိမှာ
သိပ်စိုးသဗျ။ အလွန်စကားပြောသလောက် အလုပ်မတွင်သူ၊ အပေါ်ယံရွှေမှုံကြဲ အလှကို သိပ်မက်မော သူပေါ့။ ဟန်တလုံးပန်တလုံး အလွန်လုပ်သူဆိုပါတော့ဗျာ။ ကျွန်တော့မှာ တသက်လုံး ရိုးရိုးကုပ်ကုပ် ပင်ပင်ပန်းပန်းနဲ့ ဖောက်ထွက်ခဲ့ရသူဆိုတော့ အဆန်ချောင် အောက်ခြေလွတ်သူတွေ့ရင်အင်မတန်ခါးသီးတာ။ သူနဲ့ကြမှ တိုက်တိုက်ဆိုင်ဆိုင်ဗျာ။ ခက်တာက မိဘပြောတော့လဲသူနားမ၀င်ဖူးဗျ၊
တခြားကလေးတွေက သူ့လိုမဟုတ်ဖူး။ သူတယောက်ထဲဖြစ်နေတာ။ဆိုးသလားဆို
တော့လဲ မဆိုးဘူး။ ဒါပေမဲ့ အဲ့ဒီဟန်ကြီးပန်ကြီး
နဲ့ အလုပ်ကိုခါးချိုးမလုပ်ချင်တာကို ကျွန်တော်
ကြည့်မရတာပဲ။သူလေတလုံးမိုးတလုံးပြောပြီဆို ကျွန်တော်သူ့ကိုနပန်ထကျင်းချင်ပြီ။
အရွယ်ကရောက်နေတော့ကျင်းလို့ကမရ၊
ချော့ပြောတော့လဲနားမ၀င်။ ကျွန်တော် အလုပ်
ပျက်လောက်အောင် စိတ်ဆင်းရဲတယ်ဗျာ။
မွေးထားမိလို့သာ။ sorry ဗျာ ကိုအန်ဒီ၊ ခင်ဗျားပိုစ့်တွေ ဖတ်ဖတ်ပြီးသဘောကျနေတာ။
မဆီမဆိုင် ခင်ဗျားအတွက်ရေးတဲ့ ကွန်မင့်မှာ
ကျွန်တော်လာပေါက်ကွဲသွားတယ်။ ခင်ဗျားပိုစ့်တွေ ကျွန်တော်တို့ မိသားစုအမြဲလာ
ဖတ်တယ်။ ကျွန်တော့်သား အဆန်ချောင်က
ွလွဲရင်ပြောတာပါ။

khin oo may - 9/10/09, 6:47 PM

လာဖတ်သွားတယ်ကိုအန်ဒီ

MANORHARY - 9/10/09, 9:20 PM

လာဖတ်သွားပါတယ်
ငယ်အကြောင်းလေးတွေပြန်တွေးဖြစ်သွားတယ်
ဘဝမတူဘယ်ရှိပါ့မလဲနော် ၁၀၀ မှာ ၈၀% တော့တူကြမယ်ထင်ပါတယ်။

ကိုရင်နော်ခင်လေးငယ် - 9/10/09, 9:38 PM

ကြည်နူးစရာကောင်းတဲ့ မိသားစုလေးပါပဲ..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

Nai - 9/10/09, 11:16 PM

၈၀%ထဲ မှာကျွန်တော်လည်းပါတယ်
မဆလ ခေတ် မှာ လူဖြစ် ရတဲ့  ကျွန်တော်တို့ အားလုံး အတူတူ
ဆင်းရဲ ကြတာပါ
ခုမှ ကျွန်တော်တို့  ကံ အကြောင်းသင့် လို့ ရေကြည်ရာမြက်နုရာအရပ်မှာ
ဖေါဖေါသီသီစားသောက်နေထိုင်ကြရတာပါ

Rita - 9/10/09, 11:44 PM

post တခုဆို ဆိုသလောက်ပါ။

JuneOne - 9/11/09, 1:04 AM

ရေသည်လင်မယားခေါင်စဉ်မြင်တော့ ၁၀တန်းစာအုပ်ထဲ
ဆံထုံးတော်ကြီး တမာသီးနှင့် စာသားကိုသွားသတိရတယ်။
ငယ်ငယ် က TV ကိုတော်တော် အရွယ်ရောက်တဲ့အထိ(၉တန်း)အထိမကြည့်ဖူးဘူး။
မင်းသမီးတွေဆို ဘယ်သူဘယ်ဝါကောင်းကောင်းမသိဘူး။

Nu Thwe - 9/11/09, 6:17 AM

လွမ်းစရာလေးတွေကို ပွင့်ပွင့်လင်းလင်း ရိုးရိုးစင်းစင်း ရေးသွားတာ သိပ်သဘောကျတာပဲ။ ငယ်ငယ်တုံးက အကြောင်းတွေကို ဒီလို သူတလှည့် ကိုယ်တလှည့် ပြောနိုင်တယ် ဆိုတာကိုက တယောက်နဲ့ တယောက် ဘယ်လောက်ထိ ယုံကြည် ရင်းနှီး သံယောဇဉ်ရှိ ခိုင်မြဲတယ် ဆိုတာကို ပြပါတယ်။ အားကျစရာကြီး။
မရှိခဲ့တာတွေကို သတိရခြင်းဟာ ရှိနေသမျှလေးအပေါ် ပိုတန်ဖိုးထားစိတ်ကို ဖြစ်စေပါတယ်။ အတိတ်ကို သတိပေးတာ ကျေးဇူးပါပဲ။

KhunTunOo - 9/11/09, 11:57 AM

စနစ်တစ်ခု ဘဝတစ်ခုကို ထင်ဟပ်အောင် ရေးပြထားတဲ့ အကို့လက်ရာကို အရမ်း လေးစားမိပါတယ်။
Nai ပြောသလို ခုမှကျနော်တို့  ကံ အကြောင်းသင့် လို့ ရေကြည်ရာမြက်နုရာအရပ်မှာ
ဖေါဖေါသီသီစားသောက်နေထိုင်ကြရတာပါ ဆိုတာ တွေးမိတော့၊ မြန်မာပြည်မှာ ကိုယ်ဟိုစဉ်က ကြုံခဲ့ရသလို ခုထိ ကြုံနေရသေးတဲ့ လူတွေ အတွက် သက်ပြင်းမောကြီးလည်း ချလိုက်မိပါတယ်။

ZT - 9/12/09, 5:50 AM

ဖတ်လို့ ကောင်းတယ်။ Bravo Ko Andy.

tmh - 9/12/09, 11:48 AM

ဖတ်လို့ ကောင်းတယ်။ :-)

မောင်မောင် - 9/16/09, 12:27 AM

အေးဗျာ ကိုယ့်လိုပဲ ငယ်ငယ်က တီဗီ ကို သူများအိမ်မှာသွားကြည့်ရတယ်ဆိုတာ ဖတ်လိုက်ရတော့ အတိတ်ဆီပြန်ရောက်သွားတယ်။
လဖက်ရည်ဖိုး ကတော့ သူငယ်ချင်းသုံးယောက် လှည့်ပြီးကျခံရတယ်။
ဒီပိုစ့်လေး ကို ဖတ်ရတာ ငယ်ငယ်က ကိုယ့်အကြောင်းနဲ့ တိုက်ဆိုင်နေလို့ 
သဘောကျမိပါတယ်။

သက်ဝေ - 9/16/09, 3:14 PM

ကိုယ်တို့ ငယ်ဘဝတွေက အစိုးရဝန်ထမ်း မိဘတွေရဲ့ သားသမီးဘဝတွေမို့ ယေဘုကျအားဖြင့်တော့ တော်တော်ကို တူကြတယ်။ အဲဒီတုန်းက လူတန်းစား ကွာဟမှုလဲ နည်းပါးတယ်။ ရတာလေးနဲ့ လောက်ငှတယ်။ မီး မှန်မှန်လာတယ်။
အခုခေတ်မှာတော့ မြန်မာပြည်မှာ လူတန်းစား ကွာဟမှုတွေ တော်တော်ကြီးမားနေပါပြီ။ ချမ်းသာတဲ့သူတွေက တအားချမ်းသာပြီး မရှိဆင်းရဲတွေကတော့ ထမင်းရည်တောင် နေ့စဉ်မန်မှန် ဝယ်သောက်စရာ ပိုက်ဆံမရှိကြဘူး လို့ ကြားရတယ်...။ မီးလဲ မှန်မှန်မလာတော့ဘူး...။

အိမ့်ချမ်းမြေ့ - 9/16/09, 4:42 PM

ဖတ်ရသူ စိတ်ကြည်နှုးစရာလေးပါ။ စကတည်းကဆုံးသည်ထိ ပြုံးနေမိပါတယ်။

Ko Paw - 9/17/09, 12:59 PM

အို.... ကိုအင်ဒီကြီးကလဲ.... ကြက်ကန်းခွပ်လို့ ပွဲကျွတ်အောင် နိုင်သေးသပ၊ ကံဆိုင်လို့တကယ်၊ ချက်ကောင်းကိုတွယ်မိလျှင်၊ ရေသည်မောင်မောင် လူနေလှလို့၊ ရွှေချသလိုပြောင်ရော့မယ်။

Andy Myint - 9/17/09, 8:19 PM
ကိုပေါ ပြောသလို ကြက်ကန်းခွပ်ပြီး ထီများပေါက်ခဲ့ရင် ကိုပေါကို ဘီယာ အ၀တိုက်ဦးမှာ... စိုက်ခင်းတစ်ခုလည်း ၀ယ်ပေးဦးမှာ...
Moe Cho Thinn - 9/19/09, 6:37 AM

ဘ၀ကိုကျေနပ်၊ မိသားစုဘ၀ကို ကြည်နူး၊ မယ်နဲ့မောင် ဖူးစာဆုံရတာကို စိတ်ချမ်းမြေ့ပြီး ရေးလိုက်တဲ့ ပို့စ်မို့ ထင်ပါရဲ့။ အချစ်တလုံးမပါဘဲ ချစ်ခြင်းမေတ္တာတွေ ထုံသင်းနေတာမို့ ကြည်နူးစရာ ကောင်းလိုက်တာ။

Anonymous - 9/21/09, 2:59 AM

Don't bull shit man, you think you know a lot?
Your english is dam poor, pls improve it.
I know very well how you get there. you want me to write here?
you know what you are, fuck man

Andy Myint - 9/21/09, 9:36 AM
Are you blackmailing me? Be mature and positive, Reader. Never have I claimed that I have excellent English skill. There is nothing wrong with how I have got here. I have confidence in every piece of it. If you have personal issue, you can drop me email at andmyint@gmail.com. I will make it clear.
Andy Myint - 9/21/09, 11:06 PM
ကဲ ... ဒီကို ဘယ်လို ရောက်လာသလဲ ဆိုတာ ကိုယ့်လူက သိနေမှတော့ လာ ရေးကွာ။ ကိုယ့်လူပြောတဲ့ ပုံက ငါကပဲ ဒီကို အောက်တန်းကျကျ ခိုးကြောင်ခိုးဝှက် မဟုတ်တာ လုပ်ပြီး ရောက်လာသလိုနဲ့ တခြား သူတွေ ယုန်ထင် ကြောင်ထင် ဖြစ်တော့မယ်။ ရှင်းပြနေရင် မထူးဘူး။ သိပ်သိနေမှတော့ လာရေးကွာ။
NL - 9/22/09, 7:02 PM

to Anonymous son of bitch - 9/21/09 2:59 AM ,
Readers can see your jealous and dirty mind easily. your comment show your low standard.
U DAMN POOR,
not dam poor...ha ha

blog reader

nyimuyar - 9/26/09, 3:03 AM

how is the Sydney Red Dust brother?

jasmine - 9/27/09, 4:03 PM

hi,ko andy ....i take already ur blog link.i always visit this blog everyday. but forget to put comment.i like ur blog.
waiting new post,
thank u.

Anonymous - 9/30/09, 9:29 AM

ဘာရရ်မဟုတ်လမ်းကြုံလို့ဝင်ကြည့်ရင်း အရမ်းကိုကြိုက်သွားပါတရ်
ပညာရသွားလို့ပါ... နောက်လည်းလာလည်ပါမရ်....

ဒူကဘာ - 10/10/09, 8:44 PM

အင်း တီဗွီဝယ်မိလို့ အက်(စ်)ဘီက ခေါ်စစ်ခံရတာတွေ၊ Joy ဂျင်း ဆိုလို့ ဝမ်းနိုင်းတို့ ပီဂျေ ဂျင်းတွေတောင် သတိတရ ဖြစ်မိသွားသေး ကိုအန်ဒီရေ....။

sosegado တည်ငြိမ်အေး - 10/18/09, 6:27 PM

ရေးစေချင်သည်၊ ‘အောဆီ တရားစီရင်ရေး’ စလုံးစစ်သားတယောက် အခန်းဖေါ်တွေကို သတ်တာ စစ်ဆေးတာ တရားရုံး တခုခု မှားနေသလားလို့ ။

shwe - 10/27/09, 11:58 PM

ကိုအန်ဒီရေ သားသား ကိုထူး ငိုနေတဲ့ဗီဒီယိုကြည့်ပြီးတော်တော်လေးရီလိုက်ရတယ် မအားလို့ပိုစ့်အသစ်မတင်ရင်တောင် ကလေးဗွီဒီယိုလေးတွေတင် ပါလား ကြည့်ချင်လို့
အမြဲဖတ်ဖြစ်တယ်ဒီဘလော့ကို။
မိသားစုအားလုံးစိတ်ချမ်းသာကြပါစေ။ :)

shwe - 10/28/09, 12:08 AM

ဒီိပိုစ့်နဲ့တော့မဆိုင်ပါဘူး

ဒါပေမဲ့ရေးစရာနေရာမတွေ့လို့ပါ
:D

neking - 11/12/09, 1:37 PM

အကိုရေ...စာလာဖတ်တာပါ...အသစ်တွေရေးပေးပါဦးမှာ... ကျွန်တော်ကအကို့စာဖတ်ပိရိတ်သတ်တစ်ဦးပါ...ကျွန်တော့်ဘလောက်မှာလဲ အကို့ကိုလင့်ထားပါတယ်

Nge Naing - 11/23/09, 10:08 AM

ကိုအန်ဒီ
ပို့စ်မတင်တာ ကြာနေပြီ အသစ်လေးဘာလေး မတင်သေးဘူးလား။

ဟိုတွေးဒီတွေး စာစုများ - 11/24/09, 2:37 AM

တော်တော် တန်ဖိုးရှိတဲ့ စာပါဗျာ။ မှတ်သားသွားပါတယ်။

Anonymous - 11/29/09, 1:39 AM

this family is so quiet for long.
http://myanmarblogreader.blogspot.com/

ဟိုတွေးဒီတွေး စာစုများ - 12/1/09, 12:23 AM

ဟုတ်ပါဗျာ။ ကျွန်တော်တို့ ငယ်ငယ်တုန်းကနေခဲ့ဖူး တဲ့ တောမြို့လေးဆို ကိုယ်ပိုင် တီဗီ ရှိတဲ့ အိမ်တောင် မရှိဘူးဗျ။ ရုံမှာပဲ သွားသွားကြည့်ရတာ။

sosegado - 12/9/09, 3:32 AM

လာလည်သွားပါတယ်၊ ပို့စ်အသစ်တင်ထားပါတယ်၊

sosegado - 12/31/09, 4:24 PM

Happy New Year အရာရာအောင်မြင်ပါစေ

Post a Comment

Many thanks for dropping a comment…

Film