Thursday, December 31, 2009

၂၀၁၀ အတွက် ဒိန်ချဉ် နောက်တစ်အိုး

အိမ်မှာ ကိုယ့်ဘာကိုယ် ဒိန်ချဉ်လုပ်ချင်ရင် လွယ်ပါတယ်တဲ့။ နို့ကို ကျိုပြီး အအေးခံ၊ ပြီးရင် ဒိန်ချဉ် ၂ ဇွန်းလောက် ထည့်လိုက်ပါ။ တစ်ညလောက် သိပ်ထားလိုက်ရင် နောက်နေ့ မနက်ကျရင် ဒိန်ချဉ် တစ်အိုးရပါလေရော။ နောက်တစ်အိုး ထပ်တည်ချင်ရင်လည်း ဒိန်ချဉ် နည်းနည်းလောက် ချန်ထားပြီး နို့အသစ်ထဲ့ ထပ်ထည့်လိုက်ရင် ဒိန်ချဉ် ထပ်လုပ်လို့ ရပါသေးတယ်။ ဒီလိုနဲ့ ဒိန်ချဉ်တွေ တစ်အိုးပြီး တစ်အိုး လုပ်လို့ ရသွားပါလိမ့်မည်။ ဒါပေမယ့် တကယ်လုပ်ကြည့်ရင် ပြောသလောက် မလွယ်တာကို တွေရပါလိမ့်မည်။ နို့တစ်အိုးလုံး မပျက်သွားအောင် အစစအရာရာ သတိထား သန့်သန့်ရှင်းရှင်း လုပ်ဖို့ အညွှန်းကို အတိအကျ လိုက်နာဖို့တော့ လိုပါလိမ့်မည်။

၂၀၀၉ ကုန်ပြီး ၂၀၁၀ ကိုကူးတော့မည်။ ၂၀၁၀ ဆိုတာ လူတိုင်းအတွက် ရထားတဲ့ နို့အိုး အသစ်တစ်လုံးစီ ဆိုပါတော့။ ဒီနို့အိုးတစ်အိုးနဲ့ ဘာဖြစ်အောင် လုပ်မည် ကြံထား စီမံထားတယ် ဆိုပါဦးတော့ ၂၀၀၉က လက်ကျန် ဒိန်ချဉ်လေး တစ်ဇွန်း နှစ်ဇွန်းဖြင့် ထည့်လိုက်ရင်တော့ ၂၀၁၀ မှာလည်း နောက်ထပ် ဒိန်ချဉ် တစ်အိုးပဲ ဖြစ်လာဦးမှာပါ။ တခြား အထွေးအထူးတော့ ဖြစ်လာဦးမည် မထင်။ ကိုယ်ရထားတဲ့ နို့အိုးလေး မချဉ်မသိုးသွားရင်ပဲ ပုံမှန်ဖြစ်လာပြီ။ သာမန်ဆန်လှပြီ။

နှစ်သစ်မှာ စိတ်သစ်၊ လူသစ် အကျင့်သစ်နဲ့ စချင်ကြတယ် ဆိုပေမည့် ကိုယ်တစ်ကိုယ်လုံး စိတ်တစ်စိတ်လုံးကို ပြောင်းလိုက်ဖို့ဆိုတာလည်း နတ်ရေကန်ထဲ ခုန်ချသလိုမျိုး မဟုတ်ပြန်။ မြန်မာနှစ်ကူးလို အတာရေနဲ့ ဆေးကြောတာတောင် မသန့်စင်နိုင်တာ စက္ကန့်တံ တစ်ချက် ပြောင်းသွားရုံနဲ့တော့ အစစ အရာရာပြောင်းလဲသွားဖို့ ဆိုတာ စိတ်ကူးယဉ်သက်သက်လည်း ဖြစ်မည်။ စိတ်ဝေဒနာဆန်ဆန်လည်း ဖြစ်ကောင်းဖြစ်မည်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တို့ပဲ သတ်မှတ်ထားတဲ့ ဒီအချိန် အပိုင်းအခြား သတ်မှတ်ချက်လေးကို အခြေခံပြီး နှိုင်းယှဉ် တိုင်းတာမှုတွေတော့ဖြစ်လည်း လုပ်နိုင်သေးတာပဲ။ ၂၀၀၉ မှာတော့ ဒီလောက် ၂၀၁၀ မှာတော့ ဒီလောက်ပေါ့။ ဒီလိုနဲ့ နောက်ကို ပြန်ကြည့်မည်။ ရှေ့ကိုမျှော်ကြည့်မည်။ နောင်တတွေရမည်။ အိပ်မက်တွေ မက်မည်။ ကုန်လွန်သွားတာတွေကို နှမြောမည်။ ဘာတွေလာဦးမလည်းလို့ မတွေးရဲရှိမည်။ေ၀၀ါး ကွယ်ပျောက်သွားတာတွေရှိမည်။ေ၀၀ါး မပီပြင် မမြင်နိုင်တာတွေ ရှိမည်။

ဘယ်လိုပဲ အသစ်ဖြစ်အောင် လုပ်လုပ် လက်ကျန် ဒိန်ချဉ် တစ်ဇွန်းကတော့ ရှိနေဦးမှာပဲ။ အဲဒီ ဒိန်ချဉ်တစ်ဇွန်းနဲ့ ၂၀၁၀ဆိုတဲံ နို့တစ်အိုးကလည်း နောက်ထပ် ဒိန်ချဉ်တစ်အိုး ထပ်ဖြစ်ဦးမှာပါပဲ။ အဲဒီ ဒိန်ချဉ် တစ်ဇွန်းက စိတ်ပုတ် စိတ်ယုတ်လည်း ဖြစ်နိုင်တယ်။ စိတ်ဖျင်း စိတ်ညံ့လည်း ဖြစ်နိုင်သလို စိတ်ကောင်း စိတ်ကြည်လည်း ဖြစ်နိုင်တယ်။ စိတ်တည် စိတ်သန့်လည်း ဖြစ်နိုင်ပါတယ်။ အဆိုးတစ်ခုတည်းကို မဆိုလိုပါဘူး။ ၂၀၀၉ မှာ သင်ယူခဲ့တဲ့ သင်ခန်းစာတွေကလည်း ၂၀၁၀ အတွက် ဒိန်ချဉ် တစ်ဇွန်း ဖြစ်နိုင်ပါတယ်။ ၂၀၀၉ မှာ ကျူးလွန်ခဲ့တဲ့ အမှား တစ်ခုဟာလည်း ၂၀၁၀ အတွက် အရိပ်တစ်ခု ဖြစ်နိုင်ပါတယ်။ အဲဒီ ဒိန်ချဉ်တစ်ဇွန်းဟာ ၂၀၁၀ ဆိုတဲ့ နို့အိုးကို တစ်ခုခု ပြောင်းလဲပစ်မှာကတော့ အသေအချာပါပဲ။

၂၀၀၉က သယ်ဆောင်လာတဲ့ ကန့်သန့်ချက်တွေ၊ အချုပ်အနှောင်တွေကလည်း ၂၀၁၀ အတွက် လက်ကျန် ဒိန်ချဉ် တစ်ဇွန်းဖြစ်သွားမှာပါ။ ၂၀၀၉က လက်ဆင့်ကမ်းလိုက်တဲ့ အခွင့်အလမ်းတွေ အတွေ့အကြုံတွေကလည်း ၂၀၁၀ အတွက် ဒိန်ချဉ် တစ်ဇွန်း ဖြစ်သွားမှာပါပဲ။ အဲဒီ တစ်ဇွန်းကပဲ ၂၀၁၀ဆိုတဲ့ နို့အိုးကို ပုံစံပြောင်းလိုက်မှာပါ။

ဟင်းချက်နည်းမှာတော့ ကိုယ့်မှာ လက်ကျန် ဒိန်ချဉ် မရှိရင် ဘယ်လို လုပ်ရမည်ဆိုတာတော့ ပြောထားပါတယ်။ ဆိုင်မှာ ဒိန်ချဉ် သွားဝယ်ပါတဲ့။ တစ်နေရာရာမှာတော့ ဒိန်ချဉ် တစ်ဇွန်း နှစ်ဇွန်း ရနိုင်ပါတယ်။ နည်းနည်းတော့ ရှာကြံရမည်။ အဖိုးအခလည်း ပိုပေးရနိုင်ပါတယ်။ ၂၀၀၉မှာ ရထားတဲ့ နို့အိုးကို ကောင်းကောင်း ဒိန်ချဉ် မတည်လိုက်နိုင်လို့ ၂၀၁၀ အတွက် အခက်တွေ့နေသူတွေလည်း နီးစပ်ရာ နေရာမှာ ဒိန်ချဉ် နည်းနည်း ရှာဖွေလိုက်ပါ။ အဲဒီ Starter လေး ရပြီဆိုရင်တော့ ဒိန်ချဉ်တွေ နောက်တစ်အိုးပြီး တစ်အိုးတည်ဖို့ဆိုတာ ပထမအိုးလောက် မခက်ခဲတော့ပါဘူး။ ဒိန်ချဉ်တည်ထားနိုင်တဲ့ သူတွေအနေနဲ့လည်း ဒိန်ချဉ် တစ်ဇွန်း နှစ်ဇွန်း ဝေမျှဖိုဆိုတာ ဖြစ်နိုင်ပါတယ်။ ဖြစ်သင့်ပါတယ်။

နွားနို့အိုးထဲ ဒိန်ချဉ်ထည့်လိုက်ရုံနဲ့ ဒိန်ချဉ် တစ်အိုးရမည် ဆိုရင်တော့ သိပ်ကိုလွယ်လွန်းပါတယ်။ လက်တွေ့မှာတော့ အဲဒီလောက် အပေါစား မဆန်ပါဘူး။ ဒိန်ချဉ်လုပ်တဲ့ အခါ အစစ အရာရာ သန့်ရှင်းအောင် သတိထားရပါတယ်။ နို့မဟုတ်ရင်ဖြင့် နို့တစ်အိုးလုံး ပစ်ရသွားပါမည်။ ဒီလိုနဲ့ ပစ်လိုက်ရတဲ့ နို့အိုးပေါင်း ဘယ်လောက် ရှိပြီဆိုတာကတော့ ကိုယ်ပိုင် သင်ခန်းစာပါပဲ။ ဒိန်ချဉ် တစ်အိုး နှစ်အိုးတည်တတ်သွားရင်တော့ အရှိန်ရသွားပြီး နောက်ထပ် ဒိန်ချဉ်အိုးတွေ တည်ဖို့ဆိုတာ အရမ်းကြီး မခက်ခဲတော့ပါဘူး အရေးကြီးတာ ခက်ခဲတာကတော့ ပထမ တစ်အိုး နှစ်အိုးပါပဲ။

ပိုင်နိုင် ကျွမ်းကျင်သွားရင်တော့ ရလာတဲ့ နို့တစ်အိုးကို ဒိန်ချဉ်တင်မက ထောပတ်၊ ဒိန်ခဲ၊ မလိုင် မျိုးစုံ လုပ်နိုင်ပါသေးတယ်။ ကျွမ်းကျင်မှုနဲ့ တခြား Ingredients လေးတွေတော့ လိုပါသေးတယ်။ တစ်ခါလာလည်း ဒိန်ချဉ် နောက်တစ်ခါလာလည်း ဒိန်ချဉ် မလုပ်ချင်ရင်တော့ Recipes နဲ့ Ingredients လေးတွေ ရှာဖွေ စုဆောင်း လေ့လာ သင်ယူနိုင်ပါသေးတယ်။ မြန်မာတစ်ယောက်က နို့တစ်အိုးကနေ Parmesan Cheese လိုမျိုး အီတာလျံဒိန် လုပ်ဖို့တော့ အတော်လေး ခက်ခဲပေလိမ့်မည်။ မဖြစ်နိုင်ဟုတော့ မဆိုလိုချင်ပါ။

နွားနို့တစ်အိုးကနေ ဒိန်ချဉ်အပြင် တခြားအမျိုးအမည် စားစရာ အထောင်အသောင်းမက လုပ်နိုင်ပါတယ်။ ဒိန်ချဉ်မှာတင် အမျိုးရာချီ လုပ်နိုင်သလို၊ ဒိန်ချဉ်တစ်မျိုးတည်း သုံးပြီးတော့လည်း စားစရာ အထွေအထူး မျိုးစုံ လုပ်နိုင်ပါတယ်။ မပျက်မစီး မပုတ်မသိုးဘဲ ဒိန်ချဉ်တစ်အိုး၊ ဒီထက်ပိုပြီး အရသာရှိတဲ့ စားဖွယ် တစ်ခု ဖန်တီးနိုင်ဖို့အတွက် လူတိုင်းရဲ့ ၂၀၁၀ နွားနို့အိုးလေးတွေ အတွက် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ။

30 comments:

လွတ်ငြိမ်းလေပြေ (breeze) - 12/31/09, 7:20 PM

စာကောင်းလေးအတွက် ကျေးဇူးတင်ပါတယ် အစ်ကို
ကျွန်မတော့ ဒိန်ချဉ်ဖြစ်အောင်တောင် ကြိုးစားရပါဦးမယ်

Moe Cho Thinn - 12/31/09, 7:27 PM

ရေးလိုက်ရင်တော့ တွေးစရာလေးတွေ ပါတာချည်းပဲပေါ့။
ဒိန်ချဉ်ကောင်းကောင်းလေး တခွက် သောက်လိုက်ရသလို စိတ်ကို ကြည်သွားစေတာပေါ့။
ကျေးဇူးပါပဲ ကိုAndy။ ဒိထက် ပိုပြီး အရသာရှိတဲ့ စားဖွယ်တွေ ချက်ကျွေးမှာကို မျှော်လင့်လို့ နေပါတယ်။

Happy New Year ပါ ကိုAndy နဲ့ ချစ်စရာ မိသားစုလေးရေ..

Anonymous - 12/31/09, 9:24 PM

ဘယ်ပျောက်နေကြတာလဲဗျာ ။ အခု ပို့စ် အသစ်မြင်ရမှ ၀မ်းသာသွားတယ် ။ နှစ်သစ်မှာ ခွန်အားသစ်နဲ့ ဘ၀ခရီးလမ်းကို ဆက်လျှောက်နိုင်ကြဖို့ ဆုမွန်တောင်းလိုက်ပါတယ် ။

Khaing - 12/31/09, 9:37 PM

Happy New Year to Ko Andy & Family!!!
wish you to be able to make good yogurt and many more varieties in 2010.

Thanks for this post too. It's worth it to wait for so long... :)

Looking forward to read more posts in 2010.

subuueain - 12/31/09, 9:59 PM

Thanks for this post. Happy New Year To You and Your Family!

Anonymous - 1/1/10, 1:26 AM

Happy New Year WESHEME family.

http://myanmarblogreader.blogspot.com/

JuneOne - 1/1/10, 2:16 AM

နှစ်သစ်မှာ ပျော်ရွှင်ပါစေ။

ksanchaung - 1/1/10, 2:55 AM

Happy New Year!!! ပါ။ လူတယောက်အတွက် ကိုယ့်သမိုင်းကြောင်း (ကိုယ့် ပင်ကိုယ်စရိုက်) ကို ဖျောက်ဖျက်ဖို့ ခက်ပါတယ်။ လွယ်မယောင်နဲ့ ခက်တာပဲ။ ကိုယ့်ကိုကိုယ် မှားမှန်းသိတောင်မှ ဘ၀သစ်စဖို့ အချိန်အတော်ယူရလိမ့်မယ်။

ကိုဇေယျာ - 1/1/10, 3:43 AM

မျှော်ရကြိုး နပ်တယ်ဗျာ ..
You make my day with that post bro.
Thanks alot.
and Happy New Year.

pandora - 1/1/10, 3:50 AM

နှစ်သစ်တိုင်းမှာ အောင်မြင်မှုပန်းတိုင်တွေ တစ်တိုင်ပြီး တစ်တိုင် စိုက်နိုင်ပါစေ။

khin oo may - 1/1/10, 3:53 AM

ဒီနေ့ဘဲသတိရနေတာ မရေးတာကြာပြီလို့။

khin oo may - 1/1/10, 3:54 AM

အဲသလိုပြောလို့ လုပ်ကြည့်ဘူးတယ်။ ဒီန်ချဥမဖြစ်ပါဘူး လွတ်ပစ်လိုက်ရတယ်။

khin oo may - 1/1/10, 3:55 AM

၂၀၁၀ မှာ တို့အတွက်အကောင်းဆုံးကတော့ဘလော့လျော့လိုက်ဘို့ဘဲ အများကြီးပိုတိုးတက်သွာိးုနိုင်တယ် အားလုံးအလုံးစုံ

KHIN ZIN MINN - 1/1/10, 7:51 AM

ko andy and family
thanks for this post, who let me think that life is not easy to continue.But road is already have, try to continue , and think well how we would like to continue?????
for this 2010, let me share.....my best wishes
to your ennemy-forgiveness
to an opponent-tolerance
to a friend-your heart
to yourslf-respect
to all - charity

sawphonelu - 1/1/10, 11:02 AM

Waiting long for your post . thanks and happy new year.

Andy Myint - 1/1/10, 11:14 AM
အားလုံးပဲ Happy New Year ပါ...

၂၀၁၀ မှာ ဒိန်ချဉ်၊ ဒိန်ခဲတွေ ဖြစ်ပါစေ မလေပြေ

မချိုသင်းပြောမှ ဒိန်ချဉ်တောင် သောက်ချင်သွားတယ်။ ထန်းလျက်နဲ့လည်း ကြိုက်တယ်။ ရေခဲနဲ့ဆို လှည်းကလေးနဲ့ ဒိန်ချဉ်သည်ကိုတောင် သတိရတယ်။

ပျောက်ဆို အလုပ်ရှုပ် စိတ်ရှုပ်နဲ့ ပျင်းတာလည်း ပါပါတယ် စာဖတ်သူ... ခွန်အားသစ်တွေ အခွင့်အလမ်း အသစ်တွေ ရပါစေ

Thanks, Ma Khaing.. To you as well... I'll try to post more

Thanks, subuuein.. Happy new year

Happy New Year... wish you a happy and prosperous for you growing family :)

နှစ်သစ်မင်္ဂလာပါ ကိုKစမ်းချောင်း.. ဟုတ်ပါတယ် သမိုင်းကြောင်းကိုတော့ ဖျောက်ဖျက်ဖို့ မလွယ်ပါ.. ဖျောက်ဖျက်ရန် မသင့်ပါ

ကျေးဇူပဲ ဇေယျာ..

Happy New Year မပန်.... အောင်မြင်မှုတွေဆိုလို့ ကိုယ်ကိုကိုယ် အတော့်ကို ပြန်စမ်းစစ်ကြည့်ရတယ် ရုန်းကန်နေဆဲပါ

သတိတရရှိတာ ၀မ်းသာပါတယ် မခင်ဦးမေ.. မခင်ဦးမေကတော့ စည်ကားလွန်းလို့ ခါချနေရတာ ဆိုတော့ ဟုတ်ပါတယ်။ ဧည့်ခံနေရတာနဲ့ အတော် အချိန်ပေးရမယ်နော်

Thanks a lot Ma Khin Zin Minn...
Andy Myint - 1/1/10, 11:15 AM
Happy New Year.. ကိုစော.. တခြား Comment တွေ ပြန်နေတဲ့ အချိန်ဆိုတော့ ကိုစော Comment ကို မမြင်လိုက်ဘူး။ Celeberate မလုပ်လိုက်ရတာတော့ နာတယ်ဗျာ
Ko Paw - 1/1/10, 11:41 AM

ကိုအင်ဒီကြီး ပျောက်နေတာ... လက်စသတ်တော့ ဒိန်ချဉ်ဖောက်နေတာကိုး။

ကိုအင်ဒီတို့ တမိသားစုလုံး ပျော်ရွှင်ချမ်းမြေ့သော နှစ်ဖြစ်ပါစေဗျိုး။

ကိုရင်နော်ခင်လေးငယ် - 1/1/10, 12:34 PM

ကိုအင်ဒီတို့မိသားတစ်စု..
မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ နှစ်သစ်ဖြစ်ပါစေ..
စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် ကံကောင်းခြင်းများ ဆက်တိုက်ကြုံတွေ့ရပါစေ..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော် ခင်လေးငယ်

Thant - 1/1/10, 2:05 PM

Wishing you and your family a prosperous new year 2010 ... & thanks for this post.
Happy New Year !!!

ရွှေရတုမှတ်တမ်း - 1/1/10, 2:30 PM

နှစ်သစ်မှာ..ဒိန်ချဉ်တည်ဖို့..၂ လလောက်ပျောက်နေတာကိုး...
ဒီမိသားစု...ကျန်းမာရွှင်လန်းစွာနဲ့..နှစ်သစ်ပေါင်းများစွာတွေ့နိုင်ပါစေဗျား..

သက်ဝေ - 1/1/10, 5:18 PM

တွေးစရာလေးမို့ တွေးပြီး သဘောကျသွားပါတယ်...
ပျော်စရာမိသားစုလေးအတွက် ပျော်စရာ နှစ်သစ် ဖြစ်ပါစေ...

Nu Thwe - 1/2/10, 11:29 AM

နှစ်ခါပြန်ဖတ်သွားပါတယ်။ ဦးနှောက်က သိပ်မကောင်းတော့လို့လေ ဟဲဟဲ။

ဒိန်ချဉ်လက်ကျန်က တဇွန်းမကဘူး။ အများကြီးပဲ။ နှစ်ပေါင်းများစွာ လုပ်စားလာတာမို့ နောက်ထပ် အိုးပေါင်းများစွာ ပွါးချင်ရင် ပွါးနိုင်သေးတယ်။ ဒါပေမယ့် ဒိန်ချဉ်ကို သိပ်ချဉ်တယ် ထင်လာလို့ လွှင့်ပစ်ဖို့ ကြိုးစားနေတာ။ သူများကို ပေးမိရင်လည်း အန္တရာယ် ဖြစ်မှာစိုးလို့ နည်းနည်းချင်း မြေမြှုပ်ပစ်ရရင် ကောင်းလေမလား။ ကိုယ် စဉ်းစားမိတာ ပြောတာပါ။ ဘာရယ် မဟုတ်ပါဘူးး)

ကို Andy တို့ မိသားစုအတွက် မင်္ဂလာရှိသော နှစ်သစ် ဖြစ်ပါစေ။

Andy Myint - 1/2/10, 11:44 AM
ဝမ်းရေးအတွက် ဒိန်ချဉ်ရောင်းနေရတာပါ ကိုပေါ

ကိုရင်နော် ခင်လေးငယ်တို့လည်း မင်္ဂလာ နှစ်သစ်ဖြစ်ပါစေ

Happy New Year Thant

အဟုတ်ပါပဲ ရွှေရတုမှတ်တမ်း... ၂၀၁၀ အတွက် လက်ကျန်ဒိန်ချဉ်လေးတွေ တည်နေတာလေ

ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေ မသက်ဝေ

အပြောင်းအလဲလေး ဖြစ်အောင် တခြားဟာလေး လုပ်ပေါ့ မနုသွဲ့.. ဒိန်ချဉ်တ၀က် ဒိန်ခဲတ၀က်လည်း ဖြစ်တာပဲ... ဒီမှာတော့ အမျှင်မပြတ်သေးလို့ နောက်တစ်အိုး ထပ်ဖောက်လိုက်ဦးမယ်
P.Ti - 1/2/10, 2:57 PM

နှစ်သစ်မှာ မင်္ဂလာပါ။ သူများနဲ့ မတူ အတွေးပါနဲ့ ပို့စ်နဲ့ နှစ်သစ်ဆုတောင်ကို သဘောကျမိပါတယ်။


နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်း ချမ်းမြေ့ကြပါစေ။

Space - 1/2/10, 3:19 PM

Happy New Year!

မီယာ - 1/2/10, 10:42 PM

အသစ်တွေ့လို့ နှစ်သစ် လက်ဆောင် ရသလိုပါပဲ ၀မ်းသာ အားရ လာဖတ်တာ... ကို Andy တို့ မိသားစု နှစ်သစ်မှာ ပျော်ရွှင် ချမ်းမြေ့ကြပါစေ...

Nge Naing - 1/3/10, 3:25 AM

Happy New Year ပါ ကို အန်ဒီနဲ့ မိသားစု။

သူများဖေါ်စပ်ထားတဲ့ အစားကောင်း အသောက်ကောင်းကို ရှိတဲ့ နည်းအတိုင်း မလုပ်ဘဲ ဒိန်ချဉ်အမည်ကိုတော့ ခံထားတယ် ဒါပေမဲ့ ဒိန်ချဉ်လုပ်ဖို့ ပေးထားတဲ့ နည်းအတိုင်း မလုပ်ဘဲ မြန်မာ့နည်းမြန်မာ့ဟန် ပြုပြင်မယ်ဆိုရင်တော့ ဒိန်ချဉ် ဖြစ်လာဖို့ မရှိပဲ နို့ တအိုးလုံး ဆုံးတာပဲ အဖတ်တင်မှာ သေချာနေတယ်။

နှစ်သစ်မှာ ကိုအန်ဒီတို့ မိသားစု အစစအရာရာ အဆင်ပြေပါစေ။

Andy Myint - 1/3/10, 8:12 PM
တစ်ယောက်တစ်မျိုးစီပေါ့ ကိုပီတိ.. တစ်အိုးတစ်သည်စီ အရသာ ရှိပါပေတယ်

Happy New Year, Space

မီယာတို့လည်း ပျော်ရွင်ပါစေ

စောင့်ကြည့်ရမှာပေါ မငယ်နိုင်... ၂၀၁၀ မှာ အမှန်အကန် ဒိန်ချဉ်အိုး ရမယ် မရဘူးဆိုတာ...
Phyo Wai Kyaw - 1/6/10, 12:19 PM

လာလည်သွားတယ်ဗျာ... ပိုစ့် အသစ်ကလေးတွေ လဲ အားပါးတရ ဖတ်သွား မှတ်သွားပါတယ်ဗျာ... AKM တို့မိသားစု နှစ်သစ်မှာ ကျန်းမာချမ်းသာပြီး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေကြပါစေဗျာ... :)

Post a Comment

Many thanks for dropping a comment…

Film