Monday, January 12, 2009

အစားအသောက်တွေ ဓါတ်ပုံ ရိုက်တဲ့အခါ

ကျွန်တော်က  Pro ဓါတ်ပုံသမား မဟုတ်ပါဘူး။ အပေါစား Point and Shoot ကင်မရာ နဲ့ပဲ ရိုက်ပြီး ကြည့်ကောင်းရင် ပြီးရောတောင်မဟုတ်။ မှတ်တမ်း တင်နိုင်ရင် ပြီးရော ရိုက်တဲ့သူပါ။ မောင်တိန်တို့နဲ့ တွေ့မှပဲ Contrast တွေ Composition တွေ ဓါတ်ပုံမှာ ကြည့်ရကောင်းမှန်း သိတဲ့သူပါ။ ကျွန်တော့်ရဲ့ ဓါတ်ပုံ ရိုက်နည်းကတော့ ၃-၄ပုံရိုက် ကြည့်အကောင်းဆုံးပုံ တစ်ပုံရွေး ဆိုတာမျိုးပါ။ များသောအားဖြင့်တော့ Auto ပဲရိုက်လိုက်ပြီး ညဖက် ရိုက်တာရယ် ပန်းတွေကို အနီးကပ် ရိုက်တဲ့ အခါရယ် Recipe Post တွေအတွက် ဟင်းတွေ ရိုက်တဲ့ အခါမှာရယ်သာ ကင်မရာကို နည်းနည်း ဟိုပြောင်း ဒီပြောင်းလုပ်ပြီး ရိုက်တာပါ။ ဆြာပေါက “၂၀၀၉ ဘလော့ဂ် ဟောစာတမ်း” မှာ

အချို့သော ဘလော့ဂါများအနေဖြင့် အစားအသောက်များကို ကြိုးစားပမ်းစား ပြင်ဆင်ချက်ပြုတ်ခဲ့ပါသော်လည်း ဓါတ်ပုံများကိုမူ ပြီးစလွယ် ရိုက်ကူးတင်ပြသဖြင့် ဖတ်ရှုရသူအပေါင်း ခံတွင်းပျက်လတ္တံ့။ 
ဆိုပြီး ဟောထားလို့ စာဖတ်သူများ ခံတွင်း မပျက်ရလေအောင် ကျွန်တော် ဟင်းတွေ ဓါတ်ပုံ ရိုက်တဲ့ နည်းတွေကို ချရေးလိုက်တာပါ။ ဒါတွေက Pro နည်းတွေတော့ မဟုတ်ပါဘူး။ ရှိတဲ့ ကင်မရာနဲ့ ကြည့်ကောင်းအောင် ရိုက်တာပါ။
  • Lighting က သဘာဝ အရောင် ကောင်းတယ် ဆိုပေမည့် ရိုးရိုး ကင်မရာလေးတွေက Flash ပိတ်ရိုက်ရင် အိမ်ထဲမှာ (မီးဖိုချောင်ထဲမှာ)ဆိုရင် အလင်းနည်းလို့ အလင်းပေးပြီး ရိုက်ပါတယ်။ မီးဖိုအပေါ်တည့်တည့်က အနံ့စုပ်တဲ့ ပန်ကာမှာ မီးလုံး ရှိတဲ့ အတွက် ကျွန်တော်ကတော့ အဲဒီ မီးဖိုပေါ်မှာပဲ ရိုက်ပါတယ်။ တကယ်လို့ အဲဒီလိုမျိုး မရှိရင် ထမင်းစား စားပွဲပေါ်မှာ စာကြည့်မီးနဲ့ ရိုက်လည်း ရပါတယ်။ မီးက အဖြူဆို ပိုကောင်းပေမယ့် ကျွန်တော်ကတော့ အ၀ါရောင်ပဲ ရှိတော့ အ၀ါရောင်နဲ့ပဲ ရိုက်တာပါ။ ဒါပေမယ့် မြန်မာ အစားအစာတွေက မီးအ၀ါနဲ့ ရိုက်ရင်တော့ အရောင် ပိုကောင်းသလိုပဲ။
 
ဒီပုံက နမူနာ ပြထားတာပါ။ 
(ဘလော့ရေးနေတဲ့ အချိန်မှာ ရှိရာ အသီးအနှံတွေ ပန်းကန်ထဲ ထည့်ပြီး ဆက်တင် လုပ်ထားတော့ ပန်းချီဆွဲတဲ့ ပုံလိုလို ဘာလိုလိုနဲ့)

  • Flash ကို ပိတ်ပြီး ရိုက်ပါတယ်။
  • အနီးကပ် Macro သုံးပြီး ရိုက်ပါတယ်။ ဒါကတော့ လုံးဝ Amateur နည်းပဲ။ ကျွန်တော်က Point and Shoot နဲ့ ရိုက်တာ ဆိုတော့ အနီးကပ်အတွက် ဘယ်လိုမှ ချိန်လို့ မရဘူး။ အဲဒီတော့ Macro Mode နဲ့ ရိုက်တယ်။
  • လက်ကို ငြိမ်အောင် ထားပြီး ရိုက်ပါတယ်။ ဘယ်သူမှတော့ မီးဖိုထဲမှာ Tripod နဲ့ ဘာနဲ့ ရိုက်ချင်မှာ မဟုတ်ပါဘူး။ လက်မငြိမ်တတ်ရင် Timer မှာ ၃ စက္ကန့်လောက်ပေးပြီး ရိုက်နိုင်ပါတယ်။
  • အနီးကပ် (ဘေးဖက် ခပ်စောင်းစောင်း ကနေ) ရိုက်တဲ့ အခါ Angle မျိုးစုံကနေ ရိုက်ပြီး ကြည့်အကောင်းဆုံး ပုံကို ရွေးပါတယ်။
  • တစ်ပန်းကန်လုံး ပါစရာ မလိုပါဘူး။ ချက်ထားသမျှ ပါစရာ မလိုပါဘူး။ Ingredients တွေကိုလည်း အမျိုးစုံအောင် ပြနိုင်ရင် ရပါပြီ။ တကယ့် ပမာဏ ပါစရာ မလိုပါဘူး။
  • အစားအစာ အမျိုးအစား ၃ ၄ မျိုး (၃-၄ ပန်းကန်) ပါမှသာ အပေါ်စီးကနေ ရိုက်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင် အနီးကပ် တစောင်း ရိုက်ပါတယ်။


  • ဒီပုံ ၂ ပုံမှာ အနီးကပ် ဘေးစောင်း ရိုက်တာနဲ့ အပေါ်စီးကနေ ရိုက်တာ ဘယ်ပုံက အစားအစာတွေကို ပိုမြင်ရတယ်ဆိုတာ ယှဉ်ကြည့်နိုင်ပါတယ်။
  • Contrast ကို နည်းနည်း တင်လိုက်ပါတယ်။ Photo Editing Application တွေ သုံးပြီး Contrast တင်ပါတယ်။ ဟင်းတွေက အရောင်စုံပြီး သေးသေး သေးသေး အဖတ်လေးတွေ ပါတော့ Contrast တင်လိုက်ရင် အဲဒီ သေးသေး သေးသေးလေးတွေက မြင်သာလာပါတယ်။ ငရုတ်သီးဖတ်က ငရုတ်သီးဖတ်၊ ကြက်သွန်နီဖတ်က ကြက်သွန်နီ မြင်သာလာပြီး ပိုစားချင်စရာ ကောင်းလာပါတယ်။ ဒါမှမဟုတ် ကင်မရာမှာ အရောင်ကို Vivid ဖြစ်အောင် Setting ပြောင်းလိုက်ပါတယ်။

  • ဟင်းချက်ပြီး ကျက်တာနဲ့ ပန်းကန်ထဲ ထည့်လိုက်ပါတယ်။ အငွေ့သေအောင် စောင့်ပြီး ရိုက်ပါတယ်။ ဟင်းတွေက ကျက်ပြီး ခဏနေရင် အရောင် ပြောင်းသွားတတ်တယ်။ ဟင်းရွက်ကြော်လိုမျိုးဆို အရမ်း သိသာသလို ဆီပြန်ဟင်းတွေလည်း သတိထားကြည့်ရင် တွေ့နိုင်ပါတယ်။ ကျက်ကျက်ချင်း အချိန်မှာ ရိုက်လျင် အငွေ့တွေကြောင့်ေ၀၀ါးတတ်လို့ အငွေ့သေအောင်တော့ စောင့်ပါတယ်။
  • မလိုအပ်ဘဲ ဟင်းအိုး၊ ဒယ်အိုးတွေထဲက ဟင်းတွေကို မရိုက်ပါဘူး။ ဟင်းအိုး ဒယ်အိုးထဲမှာ ရိုက်ထားရင် ချက်ပြုတ်ထားတဲ့ အတွက် ပေပွနေပြီး စားချင်စိတ် ကုန်သွားနိုင်တယ်။ ပန်းကန်ထဲ ခပ်ထည့်ပြီး ရိုက်ပါတယ်။ ပန်းကန်ထဲ ထည့်တဲ့ အခါလည်း ဟင်းထဲမှာ ပါတဲ့ အမျိုးအမည် အကုန်လုံး မြင်သာအောင် ထည့်ပြီး ပန်းကန်အနားတွေ ပေနေရင် တစ်လျှူးပေပါနဲ့ သုတ်လိုက်ပါတယ်။
  • ပန်းကန်ထဲမှာလည်း သူ့အစားအစာနဲ့သူ ကြည့်ကောင်းအောင် စီပါတယ်။ စမူဆာတုန်းက သူမဘာသာ ကြော်လှော်ပြီး ဓါတ်ပုံ ရိုက်ထားတာ စမူဆာကို ပန်းကန်ထဲမှာ ကြည့်ကောင်းအောင် ဘယ်လို စီရမှန်း မသိလို့ ပုံစံမျိုးစုံ စီပြီး ရိုက်ထားတာ နောက်ဆုံးတော့ အားလုံး ပုံထည့်ထားတဲ့ ဓါတ်ပုံက ကြည့်ကောင်းနေတာနဲ့ အဲဒါပဲ ရွေးလိုက်တယ်။ နံနံပင်လေး ကြက်သွန်မြိတ်လေး အုပ်ပြီးမှ ရိုက်သင့်ရင် ရိုက်ပါတယ်။
  • ချက်ပြီးသား ပုံတွေကို Blogger မှာ Host လုပ်ပြီး မတင်ပါဘူး။ Flickr သုံးပါတယ်။ Google က Resize လုပ်လိုက်ရင် အစားအသောက်တွေက ကိုယ်ရိုက်ထားတာလောက် ကြည့်မကောင်းတော့သလိုပဲ။ Flickr က Resize လုပ်ပေးတာ အဆင်ပြေပါတယ်။ Blogger မှာ Host လုပ်မည်ဆိုလည်း Photo Editing Tool တစ်ခုခုနဲ့ Resize လုပ်ပြီး Original Size တင်တာ ကောင်းပါတယ်။
  • ဓါတ်ပုံ ကြည့်လိုက်တာနဲ့ စားချင်စိတ် ပေါက်လာအောင် ရိုက်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။

တကယ်တော့ ဓါတ်ပုံရိုက်ရတာ မခက်ပါဘူး။ ဒါပေမယ့် ဟင်းချက်နည်း Post တင်ဖူးတဲ့ သူတိုင်း သိပါတယ်။ ကိုယ့်က အဆင့်ဆင့် ပြချင်ရင် မချက်ခင် အစိမ်းတွေကို စီရရီပြီး ရိုက်၊ ချက်ပြီးတော့ ကြည့်ကောင်းအောင် ပြင်ပြီး ရိုက်နဲ့ နည်းနည်းတော့ လက်ဝင်ပါတယ်။ ဒါကိုက ပျော်စရာလို့ သဘောထားမှသာ မပင်မပန်း လုပ်ဖြစ်တာပါ။ နောက်ပြီး ကိုယ်က Post တင်ဖို့ ချက်စားတာ မဟုတ်ပေမယ့် တန်အောင် Post တင်လိုက်မည် ဆိုပြီး ရိုက်ထားတာတွေလည်း အများကြီးပါပဲ။ တချို့ ဟင်းတွေကျတော့လည်း ဓါတ်ပုံ ကောင်းကောင်း မရလိုက်လို့၊ ဓါတ်ပုံ မရိုက်ဖြစ်လိုက်လို့ မတင်ဖြစ်တာတွေလည်း ရှိပြန်ရော။


ဒါကျွန်တော်တို့ လောလောဆယ် ရိုက်နေတဲ့ နည်းပါ။ Professional ဆန်ဆန် ဘယ်လို ရိုက်မလဲဆိုတာကို "How to take photo food" ဆိုပြီ Google မှာ ရှာကြည့်ရင် ပထမ တစ်မျက်နှာလောက် ဖတ်လိုက်ရင် မီးအလင်းရောင်နဲ့ အလိုက် White Balance ဘယ်လို ချိန်ရမည်၊ ဘယ်အခါမှာ ISO ကို ဘယ်လောက် တင်ရမည် စတာတွေ ဖတ်လို့ရပါတယ်။ Point and Shoot နဲ့ အစားအသောက်တွေကို ဘယ်လို ရိုက်ရမည်ဆိုတာ ထပ်မံ ဖြည့်စွက်ပေးမည်ဆိုရင်လည်း ကျေးဇူးတင်ပါတယ်။ Recipe တွေအတွက် ဓါတ်ပုံရိုက်ဖို့ကင်မရာ ကောင်းကောင်း (Lens ကောင်းကောင်း) ၀ယ်ချင်ရင်ဖြင့် TZA ကိုသာ မေးကြည့်ပေတော့။

Sunday, January 04, 2009

Elite ယောင် ဆောင်ခြင်း

ကျွန်တော် Elite တစ်ယောက် ဖြစ်ခဲ့ချင်ပေမယ့် မဖြစ်ခဲ့ မဖြစ်နေပါဘူး။ ကျွန်တော် Elite တွေနဲ့လည်း မတွေ့ဆုံဖူးပါဘူး။ ကျွန်တော့်မှာ Elite အတန်းအစားကို ၀င်တိုးဖို့ အရည်အချင်း မရှိလို့ပါ။ တွေ့ဖူးတဲ့ များသောအားဖြင့်ကတော့ Elite ယောင်ဆောင်တွေနဲ့ပဲ တွေ့ခဲ့တာပါ။ Elite တွေဟာ ဉာဏ်ရည်၊ စွမ်းဆောင်ရည် မြင့်မားသူတွေ၊ အတွေ့အကြုံ ဗဟုသုတ ကြွယ်ဝသူတွေနဲ့၊ ဥစ္စာဓနကြွယ်ဝသူတွေ အစုအဝေးပါ။ အဲဒါကြောင့်လည်း အခြေအနေ တစ်ရပ် အကြောင်းအရာ တစ်ခုအပေါ်မှာ Elite တွေရဲ့ သုံးသပ် ရှုမြင် အကြံပေးချက်တွေက ၀ိတ် (သြဇာလွှမ်းမိုးမှု) ရှိပြီး  လူအများက တလေးတစား လိုက်နာကြတယ်။ Elite တွေရဲ့ အတွေးအခေါ်၊ အပြုအမူတွေကလည်း လူ့ဘောင်လောကအတွက် အခါများစွာမှာ အကျိုးပြုဖို့ ဖြစ်လာပါတယ်။ ဒီလိုနဲ့ Elite တွေဟာ ဦးဆောင်သူတွေ ဖြစ်လာဖို့ အခြေအနေ ပေးလာပါတယ်။ ဒီလို အရသာကို မက်မောလို့ လူတချို့က Elite ယောင် ဆောင်လာကြပါတယ်။

Elite တွေဟာ အကြောင်းအရာ တစ်ခုကို အသေအချာ လေ့လာသလို အဲဒီ နယ်ပယ်မှာလည်း အောင်မြင်မှုတွေ ရရှိထားပါတယ်။ အဲဒီ နယ်ပယ်ထဲမှာ နှစ်ရှည်လများစွာ စူးစူးစိုက်စိုက် ဇောက်ချ လေ့လာပြီး Contribute လည်း လုပ်ပေးခဲ့ပါတယ်။ Expert တွေကို Elite တွေလို့ ပြောလို့ရပါတယ်။

Elite များဟာ တသီးတသန့် နေလေ့ ရှိပါတယ်။ ဒီနေရာမှာ တသီးတသန့် နေတယ်ဆိုတာ ပညာရပ် တစ်ခုကို စိုက်စိုက်မတ်မတ် လေ့လာပြီး တခြားအရာများနဲ့ ရောထွေး ရှုပ်ထွေးခြင်း မရှိအောင် စူးစိုက်ခြင်း ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်များ ချတဲ့ အခါလည်း တသီးတသန့် ချလေ့ရှိပါတယ်။ ဥပမာ ပုဂ္ဂိုလ်ရေး ခံစားချက်တွေကြောင့် ဆုံးဖြတ်ချက် လမ်းကြောင်း မသွေဖီအောင် မားမားမတ်မတ် ရပ်တည်ခြင်းမျိုး၊ ခြိမ်းခြောက်မှုတွေ မြူဆွယ်မှုတွေကို ဂရုမထားဘဲ တည့်တည့်မတ်မတ် လျှောက်လမ်းခြင်းမျိုးပါ။ Elite ယောင်ဆောင်တွေလည်း တသီးတသန့် နေပါတယ်။ သူတို့ကတော့ Elite တွေ၊ Elite တွေလို့ ထင်တဲ့ သူတွေနဲ့သာ အပေါင်းအသင်း လုပ်ခြင်း၊ သာမန် အရပ်သားလို့ သမုတ်ထားတဲ့ သူတွေနဲ့ အကျွမ်းတ၀င် မနေခြင်းတို့ ဖြစ်ပါတယ်။ ဒီလို နေခြင်းဖြင့် သူတို့ကို သူတို့ အုတ်ရောရော ကျောက်ရောရော မဖြစ်တော့ဘူး တွေးထင်ကြပေမယ့် လက်တွေ့မှာတော့ သူတို့ဟာ အဖြစ်မှန်တွေနဲ့ ဝေးရာကို ရောက်ရှိသွားတတ်ပါတယ်။

Elite ယောင်ဆောင်များမှာ လူမျိုးကြီး ၀ါဒလည်း ရှိတတ်ပါတယ်။ သူတို့ဟာ လူမျိုးကြီး ၀ါဒတွေကို ကျယ်ကျယ်လောင်လောင် ပြောနေရင် သူတို့ကို လူတွေက အထင်ကြီးမယ် အယူရှိကြပါတယ်။ ကျွန်တော် ဒီလိုမျိုးတွေနဲ့ ဆုံးဖူးပါတယ်။ ဥပမာ မူဆလင်တွေကို မုန်းတီးတယ် ပြောနေသူတွေ၊ တရုတ်တွေကို အမြင်ကပ်ကြောင်း ပြောနေသူတွေပါ။ တရုတ်တန်းက လူချမ်းသာတွေ၊ ဆေးတက္ကသိုလ်က မျက်မှန်နဲ့ တရုတ်လေးတွေ တရုတ်မလေးတွေကို မမြင်ချင်တဲ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက် ရှိဖူးပါတယ်။ တိန့်ယန်မင်း ရင်ပြင်မှာ တင့်ကားနဲ့ ကျောင်းသားတွေကို တက်ကြိတ်တဲ့ အကြောင်းကလည်း သူ့လက်စွဲပါပဲ။ လူမျိုးတစ်စုကို မုန်းမှ လူမျိုးကြီး ၀ါဒ မဟုတ်ပါဘူး လူမျိုးတစ်စုကို ရှေ့တန်းတင်ရင်လည်း လူမျိုးကြီးဝါဒ ပါပဲ။ ဘယ်တိုင်းရင်းသားတွေက ဘယ်လို အနှိမ်ခံရတာ၊ ဘယ်တိုင်းရင်းသားတွေက ဘာကြောင့် မြင့်မြတ်ရသလဲ ဆိုတာကို အပြောချည်း သက်သက် လုပ်နေသရွှေ့တော့လည်း Elite ဖြစ်မလာနိုင်ပါဘူး။

Elite ယောင်ဆောင်တွေ လွဲမှားစွာ မှတ်ယူထားတတ်တာကတော့ Elite တွေဟာ အနုပညာမှာ တတ်စွမ်းတယ် ဆိုတာပါပဲ။ အနုပညာရှင် Elite တွေ ရှိသလို Elite တိုင်းလည်း အနုလက်မှုပညာမှာ မဖြစ်ထွန်းပါဘူး။ အနုပညာ အခံ ရှိမှ Elite ဖြစ်နိုင်တာလည်း မဟုတ်ပါဘူး။ Elite ယောင်ဆောင်တွေဟာ ကဗျာတို စာတိုတွေကို အလွတ်မှတ်ထားမယ်။ ကြုံရင်ကြုံသလို ရွတ်ပြမယ်။ ကဗျာတွေ စာတွေ မဖြစ်ညစ်ကျယ် ရေးမည်။ ဒီဟာကိုက Elite ယောင်ဆောင်တွေရဲ့ အမြင်ကျဉ်းမှုပါပဲ။ ကဗျာရေး စာရေးတာလောက်ကိုသာ အနုပညာ ထင်နေတတ်ကြတာ Elite ယောင်ဆောင်တွေမှာ တွေ့နိုင်ပါတယ်။

Elite ယောင်ဆောင်ပါးဝနေသူတွေမှာ လက်သုံး စကားတစ်ခု ရှိပါသေးတယ်။ “ငါဘာမှ မသိသေးပါလား” (The more I know the less I know) ဆိုပြီး လူကြားအောင် ငြီးတွားပြခြင်းပါ။ ဒီလိုဆိုလို့ လူတွေက ပညာမာန်မာန မထောင်လွှားဘူး ဆိုပြီး အထင်ကြီးအောင်ပါ။ ဒီဆိုရိုးဟာ သူ့ဟာနဲ့သူ မှန်သင့်သလောက် မှန်ပေမယ့် Elite ယောင်ဆောင်တွေ အတွက်တော့ လက်စွဲတော်ပါပဲ။

နိုင်ငံရေး၊ နိုင်ငံတည်ဆောက်ရေး နယ်ပယ်မှာ Elite တွေ လိုပြီး Elite တွေကို တွေ့နိုင်ပါတယ်။ နိုင်ငံရေးဟာ အရေးပါတဲ့ ဖြစ်စဉ်တစ်ခု ကြီးမားတဲ့ လုပ်ငန်းတစ်ခု ဖြစ်တဲ့ အတွက် နိုင်ငံရေးနယ်ပယ်မှာ Elite တွေကို တစ်နေရာတည်းမှာ အများအပြား တွေ့ရတာပါ။ စီးပွားရေး ကျွမ်းကျင်သူတွေ၊ စစ်ရေး နိုင်ငံတကာရေးရာ အမှန်တကယ် ကျွမ်းကျင် အကောင်အထည်ဖော် အကျိုးပြုနေသူတွေဟာ Elite တွေပါပဲ။ Elite ယောင်ဆောင်တွေကတော့ နိုင်ငံရေး နယ်ပယ်မှာ တတ်ယောင်ကား ၀င်လုပ်ခြင်းပါပဲ။ နိုင်ငံရေးမှာ ပါဝင်တဲ့ Elite တွေဟာ ရာထူး၊ ဂုဏ်ရှိန် ကြီးသလို ၀င်ငွေကလည်းကောင်းတော့ ဒီနေရာဟာ Elite ယောင်ဆောင်တွေ အတွက် ကြီးကြီးမားမား အိပ်မက်ပါပဲ။ ဒီလောက်အထိ မမှန်းဘဲ လူအထင်ကြီးရုံ သက်သက် နိုင်ငံရေး (စီးပွားရေး) တွေ လူကြားကောင်းရုံ ဟောပြောနေသူတွေကတော့ သိသာတဲ့ Elite အယောင်ဆောင်တွေပါပဲ။

အမှန်အကန် Elite တွေဟာ ရှားပါးပြီး အသုံးဝင်တဲ့ အတွက် Elite တွေနဲ့ အလုပ်လုပ်ဖို့ သူတို့ကို အဖိုးအခ များများပေးဖို့ မတွန့်တိုကြပါဘူး။ Elite ဖြစ်ပြီး ဒါမှမဟုတ် ယောင်ဆောင်ပြီး အဖိုးအခ (လခ) နင့်နေအောင် တောင်းတဲ့ သူတွေလည်း ရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေးနယ်ပယ်မှာပါပဲ။ ဥပမာ စင်္ကာပူ အစိုးရလိုမျိုးပေါ့။ မြန်မာပြည်မှာလည်း ဗိုလ်ခင်ညွန့်တို့ ကောင်းစားစဉ်က (OSS- Office of Strategic Study) `မဟာဗျူဟာ လေ့လာရေး ရုံး´ ဆိုပြီး Elite အဖွဲ့ ဖွဲ့ပါသေးတယ်။ စစ်တပ်ဖက်က ကြည့်ရင်တော့ ဒါဟာ Elite အဖွဲ့အစည်းပါပဲ။ ဒါပေမယ့် သူတို့ အထဲမှာတင် မကျေမလည်တွေ ဖြစ်လို့ ၀ိုင်းပြီး နှိပ်ကွပ်လိုက်တော့ Elite အဖွဲ့လည်း မခံနိုင်ပါဘူး။ Elite တွေဟာ သူဟာနဲ့သူ ကျွမ်းကျင်ကြပေမယ့် လူနည်းစု ဖြစ်တော့ လူပြိန်းတွေ အုပ်နဲ့ ဖိရင်တော့ မခံနိုင်ပါဘူး။

ရေပေါ်ဆီ လူတန်းစားများကလည်း သူတို့ကိုယ် သူတို့ Elite တွေလို့ ထင်တတ်ကြပါတယ်။ ဥစ္စာဓနကြွယ်ဝပြီး အများအတွက် ကောင်းကျိုးပြုဖို့ အသိုင်းအ၀ိုင်းဖွဲ့နေသူတွေက Elite တွေလို့ ပြောလို့ ရပေမယ့် ဒီလို ရေပေါ်ဆီ လူတန်းစားတွေကတော့ Elite မဖြစ်တန်ကောင်းပါဘူး။ ရေပေါ်ဆီ Elite တွေဟာ သူတို့ဘာသူတို့ သုံးနိုင် ဖြုန်းနိုင်သူတွေ စုနေကြပြီး ကျန်တဲ့သူတွေကို လူမထင်တတ်ကြပါဘူး။ ငွေရေးကြေးရေးဟာ အရေးပါလာတဲ့ ခေတ်မှာလည်း "Financial" အကြောင်း "Stock" အကြောင်း နည်းနည်းပါးပါးပြောပြီး Elite ယောင်ဆောင်နေသူတွေလည်း ရှိလာပါတယ်။ အမှန်တကယ် ရင်းနှီးမြုတ်နှံနေတာ မဟုတ်ဘဲ ပြောနေရုံသက်သက်နဲ့တော့ ဒီအပိုင်းမှာ အမှန်တကယ် Elite မဖြစ်လာပါဘူး။

ရှင်းအောင် ပြောရမယ်ဆို မသိတသိ ပြောတဲ့ သူတိုင်းတော့ Elite ယောင်ဆောင်နေတာ မဟုတ်ပါဘူး။ မသိတသိလည်းပြော ကိုယ့်ကိုယ်ကိုလည်း ဆရာကြီး ထင်နေရင် ဆရာကြီးလုပ်နေရင်တော့ Elite ယောင်ဆောင်တာပါ။ ဒါမှဟုတ် ဒီလိုပြောနေတာကို လူအများက ချီးမြောက်လို့ သွေးနထင်ရောက်နေရင်လည်း မသိစိတ်က Elite ဘ၀ကို ကြည်နူးနေတာပါပဲ။ တကယ် Elite ဖြစ်မဖြစ်ကတော့ စောက်ချ လေ့လာ အားထုတ်ပြီး လူ့လောကအတွက် ကူညီ ထောက်ပံ့မှုပေါ်မှာပဲ မူတည်နေပါတယ်။ ။

Thursday, January 01, 2009

၂၀၀၈ မှ ၂၀၀၉ သို့

ဘလော့ကို စိမ်းစိမ်းကားကား ပစ်ထားလိုက်တာ Email နဲ့ လှမ်းပြောတဲ့သူတွေ GTalk နဲ့ လှမ်းပြောသူတွေ အားနာလို့ရယ် ဘလော်ဂျာက မီးတိုက်လို့ရယ် ဆီဗုံးမှာ လာနှုတ်ဆက်သူတွေကို ခင်လို့ရယ် အားလုံးကို နှစ်သစ်မှာ နှုတ်ခွန်းဆက်လိုက်ပါတယ်။ ၂၀၀၉မှာ ပျော်ရွှင်ဖွယ်ရာတွေ ကြုံဆုံ ပိုင်ဆိုင်ပါစေလို့လည်း ကိုယ်တွေအတွက်ရော စာဖတ်သူတွေ အတွက်ပါ ဆုတောင်းပေးလိုက်ပါတယ်။

၂၀၀၈ က ဘယ်လို ကုန်သွားမှန်း မသိလိုက်ဘဲကို ၂၀၀၉ က ရောက်လာပြန်တယ်။ ၂၀၀၈ကို ပြန်တွေးကြည့်ရင် တစ်နှစ်လုံးလိုလို စိတ်ချမ်းသာရပါတယ်။၂၀၀၈ ထဲမှာ အိမ်တစ်ခါ ပြောင်းတယ်။ အလုပ်တစ်ခါပြောင်းတယ်။ သားလေးတစ်ယောက် မိသားစုထဲမှာ တိုးလာတာ မနေ့တနေ့ကလိုပဲ။ ပထမ ၆လ (၅လ) က သားလေးကို ကိုယ်ဝန်ဆောင်ထားလို့ ဆေးရုံသွား ဘာသွားနဲ့ ကုန်သွားတယ်။ နောက် ၆လက သားလေးကို ပြုစုတာရယ် သူမ မိဘတွေ အလည်လာတယ်ရယ်နဲ့ ၆လဆိုတာ ခဏလေးပဲ။ ကျွန်တော်တို့ ၂ ယောက်စလုံး အသက် ၃၀ ကျော်မှ ကိုယ်ပိုင်ကား ဆိုတာ ရှိလာတယ်။ ၂၀၀၈ ထဲမှာ ပညာရေးနဲ့ ပက်သတ်ပြီး ဘာမှ မဖြစ်ထွန်းလိုက်ဘူး။ ဘလော့ မိတ်ဆွေတွေ အများကြီးတိုးတယ်။ ပြင်ပမှာတော့ ရှိရင်းစွဲက လွဲလို့ မိတ်ဆွေ တစ်ယောက်မှ မရလိုက်ဘူး။ ရန်သူ နှောက်ယက်သူလည်း ကြီးကြီးမားမားမရှိလိုက်တာ အင်မတန် စိတ်ချမ်းသာစရာ။ အနီးအပါးမှာ ခရီးအတော် ထွက်ဖြစ်လိုက်ပေမယ့် ပြည်ပ ခရီး တစ်ခုမှ မသွားဖြစ်လိုက်ဘူး။ အလှူအတန်းလည်း ကြီးကြီးမားမား မလုပ်ဖြစ်ဘူး။ ၂၀၀၈ မှာ တခြား ဘလော့အတွက် ပို့စ် ၂၄ ခုရယ် WeSheMe အတွက်ဘလော့ ပို့စ်ပေါင်း ၁၂၀ ရေးဖြစ်တယ်။ အချိန်ပေး လာဖတ်သူတွေ၊ ကောမန့်ရေးသွားသူတွေ အားလုံးကို ကျေးဇူးတင်တယ်။ ဖြစ်နိုင်ရင် လာလည် လာဖတ်သူတွေကို Recipe ထဲက စားစရာတွေနဲ့ ကျွေးလိုက်ချင်ရဲ့။ ဒီလိုနဲ့ ၂၀၀၈ ဟာ သွက်သွက်လက်လက် ဖျတ်ဖျတ်လတ်လတ် ကုန်သွားတယ်။

၂၀၀၉ အတွက်လည်း ထွေထွေထူးထူး ဆုံးဖြတ်ချက် (Resolution) မရှိပါဘူး။ သူမ အလုပ်ခွင် ပြန်ဝင်နိုင်ရေးက ၂၀၀၉ အတွက် အဓိက Objective ဖြစ်တယ်။ ဒါဟာ တခြားသူတွေ အတွက် လွယ်ချင် လွယ်မယ် ကျွန်တော်တို့ အတွက်တော့ ကြီးကြီးမားမား Objective တစ်ခုပါပဲ။ ကျွန်တော်ရဲ့ Career တိုးတက်ဖို့ထက် နည်းနည်းလျှော့ပြီး သူမ Career တိုးတက်ဖို့ ဦးစားပေးရမည်။ ပညာရေးကတော့ စိတ်ဝင်စားရင် စိတ်ဝင်စားသလောက်ပဲ။ ဗဟုသုတနဲ့ ပတ်သက်လို့တော့ Financial ဘက်ကို နည်းနည်း လေ့လာရဦးမည်။ အခုတော့ Zero Knowledge ပဲ။ ဒါကြောင့် သဌေး မဖြစ်တာ။ သားသမီးကတော့ ၂၀၀၇မှာ တစ်ယောက်၊ ၂၀၀၈မှာ တစ်ယောက်နဲ့ ၂၀၀၉ မှာတော့... ဟိုးဆရား ဟိုး.... ဆက်မပြောနဲ့တော့။ ဒီ ၂ ယောက်ကိုတင် မနည်း ပြုစု ပျိုးထောင်ရမည်။ နောက်နှစ်ထဲမှာတော့ သားက သမီးနဲ့ အပြိုင် ဆော့နိုင်တော့မည်။ ဖြစ်နိုင်ရင်တော့ ၂၀၀၉ မှာ အိုးပိုင် အိမ်ပိုင် ဖြစ်ချင်တယ်။ မိတ်ဆွေ အသစ် ၁ ယောက်လောက် ထပ်တိုးချင်တယ်။ ခင်ရင်းစွဲ သူငယ်ချင်းနဲ့ အမျိုးရင်း  ၃ ယောက်လောက် အနား ရောက်လာစေချင်တယ်။ မြန်မာငွေ ၁၀ သိန်း၊ သိန်း ၂၀ တန် အလှူ တစ်ခုလောက် လုပ်ချင်တယ်။ မြန်မာပြည် ပြန်ဖို့တော့ စိတ်ကူး မရှိသေးပါဘူး။ ပြည်ပ ခရီးထွက်ဖို့လည်း စိတ်ကူးတောင် မယဉ်ရဲပါဘူး။ ၂၀၀၉ ဟာလည်း ပုံမှန် ဖြတ်သန်းသွားနိုင်ရင် ကျေနပ်ပါပြီ။ အထူးသဖြင့် ကမ္ဘာ့ စီးပွားရေးတွေ၊ တိုင်းရေး ပြည်ရေး မင်းရေး ခမ်းရေးတွေနဲ့ ဘ၀ဟာ ပုံမှန် ရှိရင်ပဲ ပျော်ပါတယ်။

စာဖတ်သူ အပေါင်းရဲ့ New Year Resolution တွေ ပြည့်ဝ အကောင်အထည် ဖော်နိုင်ပြီး အတွေးတွေ အိပ်မက်တွေလည်း ပီပြင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Film