Friday, February 27, 2009

မိုးချိုသင်း ဟော်မုန်း

ခေါင်းစဉ်ကြည့်ပြီး ဘာတွေလည်း တွေးနေကောင်းမည်။ တကယ်တော့ နာမည်ကြီးကို ခုတုံးလုပ်တာပါ။ ဒီအကြောင်းကို ရေးဖို့ စဉ်းစားမိနေတာတော့ ကြာပါပြီ။ မရေးဖြစ်ပဲ နေလာပေမည့် တစ်ခါက မချိုသင်း ဘလော့မှာ ကွန်မန့်သွားရေးတော့ ဒီလိုမျိုး ရေးဖြစ်ပါတယ်။

..... .... .... ... ... အစ်မရဲ့ စတိုင်က Unique ဖြစ်လွန်းလို့ စာ အများကြီး မဖတ်ဖူးထားတာတောင် တစ်ပုဒ် တစ်ပုဒ် ဖတ်လိုက်တာနဲ့ ကျွန်တော့် ကိုယ်ထဲမှာ “မိုးချိုသင်း ဟော်မုန်း” တွေ ထွက်လာတယ်။ မရှင်းတတ်ဘူး သိတယ် မဟုတ်လား။ ချောကလက် စားလိုက်ရင် သွေးထဲမှာ ချောကလက် ဟော်မုန်းတွေ ထွက်လာ သလိုမျိုး။ သရဲအကြောင်း ပြောလိုက်ရင် ကြောက်တဲ့ ဟော်မုန်းတွေ ထွက်လာသလိုမျိုး။ ... ... ... ... ...
ကျွန်တော်က ခန္ဓာဗေဒတို့၊ ဓါတုဖြစ်စဉ်တို့ ၊ ဇီဝဖြစ်စဉ်တို့ နားလည်တဲ့ ဆရာဝန် တစ်ယောက် မဟုတ်သလို၊ ရုပ်တွေ ခန္ဓာတွေမှာ ဖြစ်နေ ပျက်နေတာတွေကို ရှုမှတ်နိုင်လောက်အောင် တရားပြည့်တဲ့ သူလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ဆီမှာ ဖြစ်နေတာ တစ်ခုတော့ နည်းနည်း သတိထားမိတယ်။ တစ်ခုခု ထူးထူးခြားခြား ဖြစ်ပြီး နောက်တစ်ခါ အဲဒီလို မျိုးဖြစ်ရင် အဲဒီလို အခြေအနေ ပြန်ခံစားရရင် အဲဒီတုန်းက ထွက်တဲ့ ဟော်မုန်းတွေ ထွက်လာတာ သတိထားမိတယ်။ ဥပမာ ကျွန်တော် နိုင်ငံခြား စထွက်တုန်းက အဲဒီမှာ ဘရစ်တနီတို့၊  ခရစ်စ်တီးနားတို့၊ ရှနိုင်းရားတို့ သီချင်းတွေ နာမည်ကြီးနေပြီး ရောက်ရောက်ချင်းမှာ နားထောင်ဖြစ်တယ်။ နောက်အဲဒီမှာ မဟုတ်တောင် အဲဒီ သီချင်းတွေ ပြန်ကြားရရင် အဲဒီတုန်းက ခံစားချက်လိုမျိုး ပြန်ပြီး ခံစားနေရတယ်။ ကိုယ်ထဲမှာ အဲဒီတုန်းက ထွက်သွားတဲ့ ဟော်မုန်းတွေ ပြန်ထွက်လာတာ သိနေသလိုပဲ။

ခံစားချက် တစ်မျိုးစီ၊ အဖြစ်အပျက် တစ်ခုစီအတွက် ထွက်တဲ့ ဟော်မုန်းကလည်း မတူသလို ထွက်တဲ့ နေရာကလည်း မတူတာ သတိထားမိပြန်ရော။ ကြောက်စရာ တစ်ခုခုတွေ့လိုက်ရင် လက်ဖျားကနေ ဖြန်းကနဲ တစ်ကိုယ်လုံးကို ပြန့်သွားသလိုလို။ ရှောက်သီးဖတ်တွေ၊ ငါးပိဖုတ်နဲ့ သုပ်ထားတဲ့ ပန်းကန်ကြီး စိတ်ကူးကြည့်မိတာနဲ့ ပါးတွေ လျှာတွေကနေ ထွက်လာတဲ့ ဟော်မုန်းတွေဆိုတာ။ တစ်ခါတစ်လေကျရင် နောက်စေ့က ထွက်သလိုလို၊ ရင်ညွန့်က စထွက်သလိုလို၊ တစ်ခါတစ်လေကျရင် ဆီးခုံနားက ထွက်သလိုလို သတိထားမိပြန်ရော။ ရုပ်ရှင်ထဲက ဂရပ်ဖစ်တွေလိုဆိုရင် သွေးကြောထဲမှာ အပြာရောင် ဟော်မုန်းတွေ ဝေါကနဲ စီးသွားလိုက်၊ အစိမ်းရောင် ဟော်မုန်းတွေ ဝေါကနဲ စီးသွားလိုက် လိုမျိုးပဲ။ ဟော်မုန်းတွေမှာသာ အရောင်ရှိရင် ကျွန်တော့် ကိုယ်လည်း ပုတ်သင်ညိုလို အစိမ်းရောင် ဗြန်းကနဲ ဖြစ်သွားလိုက်၊ အ၀ါရောင် သန်းသွားလိုက် ဖြစ်နေမှာပဲ။ အပျိုစင်လေး ရှက်သွေးဖြန်းတာရော ဟော်မုန်းကြောင့်ပဲလား စဉ်းစားမိသေးတယ်။

ဘလော့တစ်ခုကို ဖတ်နေချိန်မှာ ဟော်မုန်း တစ်မျိုး ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ စီးနေတယ် ခံစားရရင် အဲဒီ ဘလော့က Unique ဖြစ်တယ်လို့ ကျွန်တော့်ဘာသာ ကျွန်တော် သတ်မှတ်ပါတယ်။ မချိုသင်းတို့၊ ကိုနဗနတို့လိုတွေရဲ့ ဘလော့တွေကို ဖတ်နေချိန်မှာ မိုးချိုသင်း ဟော်မုန်းတို့၊ နဗန ဟော်မုန်းတွေက တစ်ကြောင်းလောက် ဖတ်လိုက်တာနဲ့ စီးထွက်လာတယ်။ ဒီလို ခံစားရတဲ့ တခြား ဘလော့တွေလည်း အများကြီး ရှိပါသေးတယ်။ ဘလော့မှ မဟုတ်ပါဘူး။ တခြား စာတွေ အထူးသဖြင့် ၀တ္ထုတွေ ဖတ်လိုက်ရင်လည်း သူဆိုင်ရာ ဆိုင်ရာ စာရေးဆရာတွေရဲ့ ဟော်မုန်းတွေ ထွက်လာတယ်။ ခင်ခင်ထူး ဟော်မုန်းတို့ ဂျူးဟော်မုန်း တို့လိုမျိုးပေါ့။ တစ်ခုနဲ့ တစ်ခုကလည်း သေချာပေါက် မတူပါဘူး။

လေးဖြူသီးချင်း နားထောင်ရင် လေးဖြူ ဟော်မုန်းတွေ ထွက်လာပေမယ့် စိုင်ထီးဆိုင် သီချင်း နားထောင်ရင်တော့ စိုင်းခမ်းလိတ် ဟော်မုန်းတွေ ထွက်လာပါတယ်။ ဆိုလိုတာက စိုင်းခမ်းလိတ် ရေးထားတဲ့ သီးချင်ကို စိုင်ထီးဆိုင် ဆိုဆို၊ ဘိုဖြူ ဆိုဆို စာသားကိုပဲ ခံစားတော့ ထွက်တဲ့ ဟော်မုန်းက အတူတူပဲပေါ့။

ဒါကလည်း စာရေးဆရာတွေ၊ သီချင်းရေးဆရာတွေက ဘာရေးရေး မူတူနေလို့လည်း ဖြစ်နိုင်တယ်။ ခင်မောင်တိုး သီချင်းဆိုလည်း ဘာဆိုဆို ဒီအသံ ဒီတုန်းပဲ နားထောင်နေရပြီး ဒီဟော်မုန်းပဲ ထွက်နေသလိုမျိုးပေါ့။ ဒါပေမယ့် မြသန်းတင့် ၀တ္ထု ဖတ်နေချိန်မှာတော့ ကျွန်တော့် ကိုယ်ထဲမှာ မြသန်းတင့် ဟော်မုန်းတွေ ထွက်မနေပါဘူး။ ရေပွက်ပမာ ဟော်မုန်းနဲ့ လေလွင့်သူ ဟော်မုန်းက မတူပါဘူး။ ရုပ်ရှင် သရုပ်ဆောင်တွေ ကြည့်မည်ဆိုလည်း ကျော်ဟိန်းကား ကြည့်နေချိန်ဆို ကျော်ဟိန်း ဟော်မုန်းတွေ ထွက်မည်။ န၀ရတ်ဆို န၀ရတ် ဟော်မုန်း ထွက်နေမည်။ ရှောင်ပန်းကို ကြည့်တဲ့ အချိန်မှာတော့ ရှောင်ပန်း ဟော်မုန်းတွေ ထွက်မနေပါဘူး။ မိန်းမလျှာ တစ်ယောက်ကို ကြည့်ရတဲ့ ဟော်မုန်းဖြစ်ဖြစ်၊ ကျပ်မပြည့်တဲ့ ဖခင် တစ်ယောက်ကို ကြည့်ရတဲ့ ဟော်မုန်း ဖြစ်ဖြစ်၊ နှလုံးရောဂါသည် တစ်ယောက်အတွက် ဟော်မုန်းဖြစ်ဖြစ် ထွက်လာတာပါ။ ဇာတ်ရုပ်ကို မမြင်ဘဲ ဇာတ်လိုက်ကိုပဲ မြင်နေရင်တော့ ဒါဟာ သရုပ်ဆောင်တာ ထပ်တလဲလဲ ဖြစ်နေလို့ ဒီထွက်နေကျ ဟော်မုန်းကပဲ ထွက်လာတာ။ ဒါ ညာလို့ မရပါဘူး။

ကျွန်တော့်အတွက် ဘလော့ဆိုတာ စာရေးခြင်း (အနုပညာ)ဆိုပေမည့် ပုဂ္ဂိုလ်ရေး ပိုဆန်တဲ့ အတွက် ဒီဘလော့ဖတ်လို့ ဒီဟော်မုန်းပဲ ထွက်မည်ဆိုရင်တော့ ပိုကြိုက်ပါတယ်။ စာကြီး ပေကြီး ရေးမှ၊ ဗဟုသုတ ပေးမှ ဒီလို ဟော်မုန်း ထွက်လာတာ မဟုတ်ပါဘူး။ ပြောရမည်ဆို စတိုင်ပေါ့။ တချို့ ဘလော့တွေလည်း အပျော်ဖတ်ဆိုပေမည့် ထူးခြားတဲ့ ဟော်မုန်း တစ်မျိုး ထွက်စေပါတယ်။ ဘလော့တစ်ခုကို ကြိုက်မှ ဒီဘလော့အတွက် ဟော်မုန်း ထွက်တာ မဟုတ်ပြန်ဘူး။ အမြင်ကပ်တဲ့ ဘလော့၊ တလွဲတွေ ရေးထားတဲ့ ဘလော့တွေကလည်း အမြင်ကပ်တဲ့ ဟော်မုန်းတွေ၊ သောက်တလွဲ ဟော်မုန်းတွေ ထွက်စေပါရော။


တလောက ရုပ်ရှင်တစ်ကား ကြည့်လိုက်ရတယ်။ လူတစ်ယောက်က စိတ်တိုလာမည်၊ စိတ်မြန်လာမည် ဆိုရင် နှလုံးခုန်တာ အရမ်းမြန်လာလို့ ဆေးသောက်ပြီး ထိန်းနေရတယ်။ နောက်မှ အဖွဲ့ တစ်ဖွဲ့က သူကို ဆက်သွယ်လာပြီး ဒီလို ဖြစ်ရတာ မင်းကိုယ်ထဲမှာ Adrenaline ဟော်မုန်းတွေ စီးလာလို့ ဖြစ်ရတာ။ Adrenaline ဟော်မုန်းတွေက လူကို သာမန် အချိန်မှာ မစွမ်းဆောင်နိုင်တာတွေ လုပ်ဆောင်နိုင်စေတယ်။ ဥပမာ နောက်က လူတွေ လိုက်လာချိန်မှာ သူခိုးက ပေ ၂၀ လောက် အုတ်တံတိုင်းကို လွှားကနဲ ကျော်သွားနိုင်သလိုမျိုး။ သိပ္ပံနည်းကျဆိုလည်း Adrenaline ဟော်မုန်းတွေက နှလုံး ခုန်နှုန်းတွေကို မြန်စေတယ်၊ သွေးညှစ်နှုန်းတွေကို တက်စေတယ်။ အသည်းမှာ သိုလှောင်ထားတဲ့ သကြားတွေကို အမြန် ဓါတ်ပြောင်းလဲပေးပြီး ခန္ဓာကိုယ်ထဲကို အမြန် ရောက်စေတယ်။ လောလောဆယ် မလိုတဲ့ အလုပ်တွေ (ဥပမာ အစာခြေတာမျိုး) ကို ခဏ ရပ်နားပြီး အရေးပေါ်လိုအပ်တဲ့ နေရာတွေ ဦးနှောက်တို့၊ ခြေတွေ၊ လက်တွေကို အား (သကြားတို့ အောက်ဆီဂျင်တို့) တွေ အမြန် ပို့ပေးတယ်။

အဲဒီ Adrenaline က လုံးဝ အရေးပေါ် အခြေအနေမှာမှ ထွက်လာတာမို့ ကိုယ့်ဘာကိုယ် ထွက်အောင် မထွက်အောင် ထိန်းချုပ်ပေးနိုင်ရင် ကိုယ့်ကိုယ်ကို သာမန် မဟုတ်တဲ့ စွမ်းဆောင်အားတွေ ရရှိလာနိုင်စေတယ် ဆိုပြီး ကျင့်လိုက်တာ သေနတ် ကျည်ဆံကိုတော့ လမ်းကြောင်း ကွေးပြီး သွားအောင် ပစ်နိုင်တဲ့ အစွမ်း အစတွေ ရသွားတယ်။ ဟုတ်သလိုလိုတော့ ရှိသား။ တကယ်တော့ လူတိုင်း အနည်းနဲ့ အများတော့ လုပ်နိုင်ပါတယ်။ ဥပမာ စာမေးပွဲ အခန်းထဲမှာ ဆိုရင် Adrenaline တွေ ထွက်နေတယ် ဆိုတာ သတိလည်း ထားမိတဲ့ အပြင် လိုသလို ထိန်းနိုင်တယ်။ ထိန်းနိုင်တယ် ဆိုတာ ဒီလိုလေ။ Adrenaline တွေ ကြောင့် နှလုံးခုန်တာ မြန်လာပြီး ဦးနှောက်ကို အောက်ဆီဂျင် များများ ပို့ပေးတယ်။ စဉ်းစား တွေးခေါ်ရတာတွေ၊ မှတ်ဉာဏ်ထဲက သိုလှောင်ထားတာတွေကို သည် ၏ မရွေး ပြန်ထုတ်နေသလို လက်ကလည်း မော်တာ တပ်ထားသလို စာတွေကို ၂ နာရီ ၃ နာရီ အတွင်းမှာ စာမျက်နှာ နှစ်ဆယ် အစိတ်လောက်ကို အသာလေး ချရေးနိုင်တယ်။ ဒီအချိန်မှာ Adrenaline တွေကို ကောင်းကောင်း ထိန်းချုပ်နိုင်လို့ ဒီလို စွမ်းဆောင်ချက်ကို စွမ်းဆောင်နိုင်တာပါ။ သာမန်အချိန် မပြောနဲ့ စာမေးပွဲမှာတောင် အစဉ်ကြီးနဲ့ အစမ်းနဲ့ဆိုရင် Adrenaline ထွက်တာ အများကြီး ကွာပါသေးတယ်။

တလောက ညီငယ်တစ်ယောက် ပထမဆုံး အလုပ် အင်တာဗျူးသွားဖို့ အကြံဉာဏ် တောင်းတော့ ကျွန်တော်က ဒါမင်း ပထမဆုံး အင်တာဗျူးပဲ အလုပ်ရမှာ မဟုတ်ဘူး။ သူတို့ မေးချင်တာ မေးပါစေ။ မင်းကြိုက်တာ ဖြေခဲ့။ ပြီးတော့ သူတို့ကို များများပြန်မေးခဲ့ဆိုပြီး မြှောက်ပေးလိုက်တယ်။ အဲဒီ အင်တာဗျူးမှာတင် သူအလုပ်ရသွားတယ်။ တကယ်တော့ သူ့ကို အင်တာဗျူးမှာ အကြောက် ဟော်မုန်းတွေ၊ မျှော်လင့်ချက် ဟော်မုန်းတွေ မထွက်အောင် သွယ်ဝိုက်ပြီး ပြောလိုက်တာပါ။ အင်တာဗျူးမှာ Seller ဟော်မုန်း မထွက်ဘဲ Buyer ဟော်မုန်း ထွက်အောင် ကျင့်နိုင်မည်ဆို အင်တာဗျူးမှာ ကိုယ်က စင်ပေါ်ကပါ။ ကိုယ်က ဒီမှာ အလုပ် ရပါ့မလား စဉ်းစား ပြောဆိုနေတာနဲ့ ကိုယ်ဒီမှာ အလုပ်လုပ်ရင် အဆင်ပြေပါ့မလား ကိုယ့်အတွက် ကောင်းပါမလားလို့ စဉ်းစာနေတဲ့ ဟော်မုန်း နှစ်မျိုးက ပြောင်းပြန်ပါ။ အဲဒီ ဟော်မုန်းတွေကို လိုသလို ထိန်းချုပ်နိုင်ရင်တော့ အင်တာဗျူးက အဆင်ပြေမှာပါ။

ဟော်မုန်းနဲ့ ပက်သတ်ပြီးYou Tube မှာလား မသိ တစ်ခု ကြည့်လိုက်ရသေးတယ်။ နွားတွေကို သတ်တာ တခါတည်း သေအောင် မသတ်ဘဲ နာကျင် ကြောက်လန့်စေပြီးမှာ သတ်တာ။ အဲဒီလိုဆိုရင် နွားက ကြောက်လန့်ပြီး Adrenaline တွေ ထွက်နေပြီး အသားထဲကို စိမ့်ဝင်သွားရော။ အဲဒီလို ဆိုရင် ပိုပြီး စားကောင်းတယ် ဆိုပြီး လုပ်တာ။ တချို့ကလည်း အဲဒါကြောင့် အသားတွေ စားရင် ကင်ဆာ ပိုဖြစ်စေတယ် ပြောကြတယ်။ ရှေးခေတ်တုန်းကတော့ စစ်တိုက်ခါနီးဆို အဲဒီလို သတ်ထားတဲ့ တိရစ္ဆာန်တွေရဲ့ သွေးစိမ်းတွေကို သောက်ကြတယ်။ ဒါမှ တိရစ္ဆာန်သွေးထဲက Adrenaline တွေ ကိုယ့်ကိုယ်ထဲ ရောက်ပြီး Booster လိုမျိုး ဖြစ်အောင်ဆိုပြီး။

ဘာကြောင့်ပဲ ဖြစ်ဖြစ် ဘာအမျိုးအစား ဟော်မုန်းပဲ ဖြစ်ဖြစ် ထွက်တဲ့ အချိန်မှာ သတိထားမိပြီး နောက်ပိုင်းတွေ ကိုယ့်ဘာကိုယ် ထိန်းချုပ်နိုင်မည်ဆို အရာရာမှာ စွမ်းဆောင်လာနိုင်မှာပါ။
သတိပေးချက်။ ။ ဤ Post သည် သိပ္ပံနည်းကျ မှန်ကန်မည်ဟု အာမမခံပါ။ ကျွန်ုပ်၏ ခံစားချက်များကို အပျော်ဖတ် ရေးထားခြင်းသာ ဖြစ်သည်။

တောင်းပန်ချက်။ ။ ဖတ်ရ ရေးရ လွယ်စေရန် သက်ကြီး ၀ါကြီး အနုပညာရှင်များကို ဆရာ၊ ဆရာမ များ တပ် မခေါ်ထားပါ။

Thursday, February 26, 2009

Studying Medicine in AU and US

နိုင်ငံခြားကို အထင်မကြီးသူများ Post မှာ ဖြည့်စွက် ရေးသွားပေးတဲ့ ကော့မန့်တွေကို နိုင်ငံခြားကို အထင်မကြီးသူများ - ပြန်ကြားစာများ မှာ ဖြည့်စွက် ထားပါတယ်။

One of the great things about Aus is that, here in Australia, the government pays a lot of contribution towards your tuition fees when you're a PR or a citizen. Not only that, you also get Austudy (a living expense contribution) of up to 800AUD /month.

I'm currently studying medicine here, and 80% of tuition fees are being paid by the government. One of my friends, who's studying med in US has to pay all her tuition fees by herself, even though she's a green card holder.
In US, med tuition fees are around USD 200,000 for the 4 years MD. In Aus, med tuition fees are around AUD 170,000 for the 4 years MBBS, for which gov pays ~80% (AUD 135,000). If you think about it like that, AUD 135K is almost half of a house value. This is excluding the living expense contribution.

4 years med schools cost around USD 200,000.. And they can't even directly go to med school with their K-12 education unlike some Europe countries, SG or Myanmar.. They need an undergraduate degree with pre-med courses.. (an undegrad degree is also required for Vet and Law Schools) Then they can attend 4 years med school and about 3 years of internship.. Also they need to take exam for licence which allowed only two times in their entire life.. (they need to take in their 1st or 2nd year of intern.. not sure about it).. So typically a US doc spends average 13 years after their K-12 to become a registered GP..
In Aus, we have undergrad entry med (admission is based on your year 12 & UMAT scores & interview) and graduate entry med (admission is based on undergrad degree GPA, GAMSAT scores & interview). Among the number of places available, graduate entry stream makes up about 60% and it's going to increase (I think the Aus medical education sys will also transform into US like system in the future). Undergrad entry MBBS is 6-7 years in duration and grad entry is 4 years. We also need to do 1 year intern, 2 years residency and an exam before we can register to be a GP. 

So yes, it takes about 13 years (after year 12) to be a fully registered GP. [4 years undergrad + atleast 2 years in admission process for GAMSAT exam, interview, etc + 4 years med school + 1 year intern + 2 years residency/registeration]
-Ma yangonthu

ဖြည့်စွက် ရေးသွားတဲ့ မရန်ကုန်သူကို ကျေးဇူးတင်စရာပဲ။ ဆေးကျောင်းတက်တာလည်း အတော် ကုန်တာပဲကိုး။ မြန်မာပြည်မှာတောင် အတော်ကုန်တာဆိုတော့ ဒီမှာနဲ့ States မှာနဲ့ဆို အဲဒီလောက် ကုန်တာ မဆန်းဘူးပေါ့။ အခုတော့ နည်းနည်း ပိုသိလိုက်ရပါတယ်။


ဒီအကြောင်းနဲ့ ပက်သတ်ပြီး ကောမန့် ပေးချင်ရင် အဲဒီ Post တွေမှာ တစုတစည်းတည်း ပေးနိုင်ပါတယ်။

Sunday, February 22, 2009

ဟင်းသီးဝလံ မီးဖုတ်သုပ်

သက်သတ်လွတ် စားနေတဲ့ သူတွေအတွက် အနောက်တိုင်း အရသာ အသုပ်တစ်မျိုးကို ဝေမျှလိုက်ပါတယ်။ အနောက်တိုင်း အရသာ ဆိုပေမယ့် မြန်မာလျှာနဲ့လည်း အဆင်ပြေပါတယ်။ ဟင်းသီးဟင်းရွက် မီးဖုတ်သုတ်ပါ။ မြန်မာစာ ခရမ်းသီး မီးဖုတ်သုပ်လိုလိုပေါ့။ တူတာ ပြောပြတာပါ အရသာတော့ ကွာပါတယ်။ လိုအပ်တဲ့ သီးနှံဝလံတွေကတော့

  • ဖရုံသီး တစ်ခြမ်း - Butternut Pumpkin ရှည်ရှည်မျိုးဆို အရသာကောင်းပြီး အနံ့ မပြင်းပါဘူး။
  • ခရမ်းသီး ပုလုံးလုံး တစ်လုံး - ခရမ်းသီးက အရှည်မျိုးလည်း ရှိပါတယ်။ အရှည်မျိုးက ဟင်းချက်စားရင် ပိုကောင်းတယ်။
  • ငရုတ်ပွ - ကြိုက်တဲ့ အရောင် ထည့်ပါ။ ဈေးနည်းနည်း ပိုကြီးတဲ့ အနီရောင်ကတော့ ပိုမွှေးတယ်။
  • ခရမ်းချဉ်သီး
  • မှို (မထည့်လည်း ရပါတယ်)
  • ဇူခီးနီး (Zucchini) (မထည့်လည်း ရပါတယ်) - ဇူခီးနီးက ဘူး၊ ဖရုံမျိုးပါပဲ။ အရသာ ချိုပါတယ်။ နွယ်က သီးရင် ၀လံ ဆိုတော့ ဖရုံသီးနဲ့ ဇူခီးနီးက ၀လံတွေပေါ့။

  • ဆလပ်ရွက် ဆလတ်ရွက် ရောရာ - Salad လုပ်စားတဲ့ အရွက်တွေ ၃-၄ မျိုး ရောထားတဲ့ အထုတ်တွေ ရှိတတ်ပါတယ်။ မရနိုင်ရင်လည်း Iceberg Lettuce ဆလပ် တစ်ထုတ် ဆိုရင်လည်း ဖြစ်ပါတယ်။
  • Artichoke Heart - ဂေါ်ဖီထုပ်လိုလို အဖူးပါ။ အထဲက အဆံကို အချဉ်တည်ထားတဲ့ ပုလင်းတွေ ၀ယ်လို့ ရပါတယ်။ စာဖတ်သူ တစ်ဦးက ဖြည့်စွက်သွားပါတယ်။ "artichoke ဆိုတာ ဆူးလေသီးပါ။ ဆူးလေပင်က သီးတဲ့ ဆူးလေသီးပါတဲ့ရှင်။"

သီးနှံတွေကို မလှီးခင် ရေဆေးလိုက်ပါတယ်။ ခရမ်းသီးကို အရှည်လိုက် မထူမပါး လှီးပါတယ်။ ဇူခီးနီးကိုလည်း တ၀က်ဝက်ပြီး အရှည်လိုက် လှီးပါတယ်။ ဖရုံသီးကို အခွံခွာပြီး လက်တစ်ဆစ် ပတ်လည် အတုံးလေးတွေ တုံးပါတယ်။ ငရုတ်ပွ အစိမ်းရောင် ဖြစ်ဖြစ် အနီရောင် ဖြစ်ဖြစ် နှစ်မျိုးစလုံး ဖြစ်ဖြစ်ကို ၄-၅ စိပ် စိပ်ပြီး အစေ့တွေ ထုတ်လိုက်ပါတယ်။ ခရမ်းချဉ်သီးကိုလည်း ၄-၅ စိပ် စိပ်ပြီး အစေ့တွေ အနှစ်တွေ ထုတ်လိုက်ပါတယ်။ မှိုတွေကို လေးစိတ် စိတ်လိုက်ပါတယ်။

လှီးထားတာတွေ အားလုံးကို ဗန်းထဲ ထည့်ပြီး Oven ထဲမှာထည့် ၂၀၀ စင်တီမှာ မိနစ် ၂၀ လောက် ဖုတ်လိုက်ပါတယ်။ စင်္ကာပူက အိမ်တချို့မှာ Oven အကြီးစား မရှိတတ်ရင်လည်း Toaster Oven နဲ့ ဖုတ်လည်း ရပါတယ်။ လှီးပြီး ဗန်းထဲ ထည့်လိုက်ရင် များနေတယ် ထင်ရပေမယ့် ဖုတ်ပြီး သုတ်လိုက်ရင် တ၀က်တောင် မကျန်ချင်ပါဘူး။ မှန်းရ လွယ်အောင် ပြောပါတယ်။

ဖုတ်ထားတဲ့ သီးနှံတွေရယ်၊ ဆလပ်ရွက် ဆလတ်ရွက် ရောရာရယ်၊ အာတီချုပ် အဆံရယ်၊ သံလွင်ဆီ သင့်တော်ရုံ(တခြား အနံ မပြင်းတဲ့ ဆီလည်း ရပါတယ်) ရောပြီး ထည့်ထားတာကို French Dressing သင့်တော်ရုံ၊ ဆားနည်းနည်း ထည့်ပြီး ရောမွှေလိုက်ရင် ဆလပ်က ဆဲလက်ဒ်က အဆင်သင့် စားလို့ ရပါပြီ။ အာတီချုပ် အဆံက အချဉ်တည်ထားတာမို့ အချဉ်ကဲပါတယ်။ Dressing ကလည်း ချဉ်တတ်လို့ ထိန်းထည့်ရပါတယ်။ ဖရုံသီး မီးဖုတ်က စိမ့်စိမ့်နဲ့ အာတီချုပ်က အချဉ်နဲ့က သူ့ဘာသူ ထိန်းသွားပြီး စားမြိန်ပါတယ်။ ထောပတ်ထမင်း အုန်းထမင်းလို အအီစာတွေနဲ့ အင်မတန် လိုက်ဖက်တဲ့ အသုပ် တစ်မျိုး ဖြစ်ပါတယ်။




ဝမ်းနွေးစရာ ဟင်းချိုတစ်ခွက် (Pumpkin Soup)



Sunday, February 08, 2009

Generation 2.2

နိုင်ငံခြားမှာ အထူးသဖြင့် အမေရိကားတို့ သြော်ဇီတို့လိုမှာ Asian လူငယ်တွေ ဘိုလို မွှတ်နေအောင်ပြော၊ ကျောင်းတွေတက် အလုပ်တွေလုပ်နေတာတွေ တွေ့ရရင် အရမ်း အားရတယ်။ သူတို့တွေက 2nd Generation Immigrant တွေ။ သူတို့ မိဘတွေက ဒီနိုင်ငံတွေကို ပြောင်းရွှေ့လာပြီး ဒီကလေးတွေက ခြံပေါက်တွေ ဆိုတော့ ဒီမှာ (အသားရောင်က လွဲရင်) တသားတည်း ဖြစ်နေပြီ။ ဒီက အစားအစာတွေကို ကြိုက်ကြိုက်မက်မက် စားတယ်။ ကိုယ့်မိဘတွေ ချက်တဲ့ ပင်ကို အစားအစာတွေလည်း စားတတ်တယ်။ ၀တ်တာ စားတာကလည်း ခေတ်ရေစီးကြောင်းအတိုင်းပဲ။ စနေ တနင်္ဂနွေနေ့တွေ Shopping Mall ထဲမှာ စတိုင် ဘောင်းဘီနဲ့၊ ရှပ်အင်္ကျီ လက်ရှည်နဲ့ ရုံးတတ် ၀တ်စုံ ၀တ်ပြီး လျှောက်သွားတတ်တာမျိုး မဟုတ်ဘူး။ အလုပ်ဆိုတာကလည်း ကျောင်းတတ်ရင်း ကုန်စုံဆိုင် ငွေရှင်း ကောင်တာမှာ လုပ်မလား၊ စားသောက်ဆိုင်မှာ လုပ်မလား ဒီလိုပဲ လုပ်လိုက်တာပဲ။ ကျောင်းပြီးရင်လည်း သင့်တော်ရာ အလုပ်တစ်ခုကို အချိန်တို အတွင်းမှာ ရသွားကြတယ်။ အလုပ်ထဲမှာလည်း အဆင်မပြေဘူးဆိုတာ ခပ်ရှားရှား။ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် ရပြီး တိုးတက်သွားကြတာပဲ။ အချိန်တန်တော့ အိမ်တွေ ကားတွေဆိုတာ အသက် ခပ်လတ်လတ်မှာ ပိုင်ဆိုင်နေကြပြီ။ အသက် အစိတ်လောက်မှာ အလုပ်အကိုင် တည်ငြိမ်နေပြီဆိုတော့ အသက် ၃၅ မှာ ဘ၀က အတော်အသင့် ခိုင်မာနေပြီ။ အသက်နှစ်ဆယ် ကနေ အစိတ်ကလည်း သူတို့ ဘ၀မှာ ပျော်စရာ အကောင်းဆုံး အချိန်တွေ။ ဒီလို အဆင်ပြေတာ သူတို့က 2nd Generation တွေမို့လို့။

သူတို့ မိဘ 1st Generation တွေက Generation တစ်ခုလုံး ရင်းနှီးမြုတ်နှံထားလိုက်လို့ သားသမီးတွေ အလှည့်ကျတော့ ကောင်းစားနေရတာ။ ဒီမိဘတွေ ရောက်လာတုန်းကဆိုတာ အ၀တ်အစားဆိုလည်း ကိုယ်မှာ ကပ်တာပဲ ပါတာမျိုး။ တရုတ်ပြည်ကနေ၊ ဗီယက်နမ်ကနေ လှေအကြီးစားမျိုးနဲ့ ပင်လယ်ထဲမှာ ရက်ပေါင်းများစာ ကူးခပ်ပြီး မှာ ဒုက္ခသည်အဖြစ် ရောက်လာတဲ့ မိဘတွေလည်း အတော်ပါတာ။ ဒီလောက်အထိ ဇာတ်မနာရင်တောင်မှ ဒုတိယနိုင်ငံကို ရောက်လာရင် ရရာ အလုပ်လုပ် ခြစ်ကုပ်ပြီး စုဆောင်းနေရတဲ့ မိဘတွေက ရာခိုင်နှုန်း အတော်များများ။ သူတို့အတွက် ကိုယ်မကျင်လည်ရာ နေရာမှာ ကိုယ်မကျွမ်းကျင်ရာ အလုပ်ကို ပင်ပင်ပန်းပန်း လုပ်ပြီး အဆင်မပြေမှုဆိုတာ နေ့တိုင်း တွေ့ကြုံနေရတာမျိုး။ သူတို့မှာ ဘာကိုမှ စဉ်းစားနိုင်တာ စိတ်ကူးယဉ်နိုင်တာမျိုး မဟုတ်ဘဲ ရောက်ပြီး ၁၀ နှစ်လောက်ကြာမှ အဆင်ပြေ သွားတတ်တာ။ ဘ၀မှာ အဆင်ပြေစပြုတော့ အသက်က ၄၀ - ၅၀ လောက်ဖြစ်နေပြီ။ ဒီအချိန်မှာ အလုပ်ထဲမှာ နေရာ အပိုင် တစ်ခုလောက် ရနေပြီ။ နေရာဆိုပေမယ့် စစ်တပ်ထဲမှာလိုမျိုးဆိုရင် တပ်ကြပ်ကြီးလိုမျိုးနေရာပေါ့။ ကိုယ့်ထက် ငယ်တဲ့ ဗိုလ်လောင်းသင်တန်းဆင်း ဘာအတွေ့အကြုံမှ မရှိတဲ့ သူတွေရဲ့ သီအိုရီတွေ စကားလုံးတွေနဲ့ ကိုင်ပေါက် ခိုင်းတာတွေကို ၁၀ နှစ် ၁၅ နှစ်လောက် အလုပ်လုပ်ခဲ့တဲ့ ကိုယ့်က ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့ လိုက်လုပ်ရတာမျိုး။ ဒါမှမဟုတ် ကုန်စုံဆိုင် တစ်ဆိုင်၊ စားသောက်ဆိုင် တစ်ဆိုင်လောက် ပိုင်နေလောက်ပြီ။ ဒါမျိုးကတော့ ရှားတယ်။ ဒါပေမယ့် အတော်များများကတော့ သားသမီးတွေ အတွက် အိမ်တစ်လုံး၊ အိမ်တစ်ခန်းတော့ ရှိနေပြီ။

1st Generation တိုင်းကတော့ 2nd Generation တွေကို မွေးထုတ်ပေးနိုင်တာမျိုး မဟုတ်ပါဘူး။ မအောင်မြင်ခဲ့လို့ စားရင်းတောင် မသွင်းနိုင်လိုက်တဲ့ 1st Generation တွေဆိုတာ အပုံလိုက်။ လူမသိ သူမသိ ကြေကွဲဖွယ် ဇာတ်လမ်းတွေဆိုတာ ရုပ်ရှင် ရိုက်မယ်ဆို ကုန်မှာတောင် မဟုတ်ဘူး။ `မိုးကောင်းကင် အိပ်မက်´လိုမျိုး စီးရီးစွဲလိုက်ရင် ဒီတစ်သက် ပြီးမှာတောင် မဟုတ်ဘူး။ 2nd Generation လောက်အထိ မမွေးထုတ်ပေးနိုင်ရင်တော့ သားသမီးတွေ ရပြီး သားသမီးတွေက ဒီနိုင်ငံသားတွေလိုတော့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနိုင်ငံသားတွေလောက် မအောင်မြင်တာတွေလည်း ရှိတယ်။ သူတို့ကို Generation 1.7 လို့ ခေါ်မည်။ ဒီလို Generation 1.7 အတွက် ဥပမာ ကောင်းကောင်းက ကျွန်တော်တို့ မိဘတွေ ဖြစ်နေရတာတော့ စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ ၂ ယောက်လုံးရဲ့ အဖေတွေက တရုတ်တွေ။ သူတို့ အဖေတွေ (ကျွန်တော်တို့ အဘိုးတွေ) မြန်မာပြည်ကို Migrate လုပ်လာပြီး အခြေချကာ အလုပ်ကို ကုန်းရုန်းလုပ်ကြတယ်။ ဆိုင်တွေ ကုန်ထုတ်လုပ်ငန်းတွေတော့ ပိုင်ပါတယ်။ သားသမီးတွေ မွေးထုတ်ပြီး သားသမီးတွေကို ပြုစု ပျိုးထောင်ပေးပေမည့် သားသမီးတွေမှာ ပေါက်မြောက်သွားတာ ရှားတယ်။ တစ်ယောက် နှစ်ယောက်ကတော့ တင့်တောင်း တင့်တယ် ဖြစ်သွားမည်။ သားသမီးတွေ အကုန်လုံးကတော့ ထွန်းထွန်းပေါက်ပေါက် မအောင်မြင်လိုက်ဘူး။ အဖေတို့ဆိုလည်း သူ့မိသားစုကို အောင်မြင်အောင် ပြုစုပျိုးထောင်းပေးနိုင်ပေမည့် သူတို့ ဘ၀မှာ ကြီးကြီကျယ်ကျယ် အောင်မြင်ခဲ့ရတာမျိုး မဟုတ်ဘူး။ အဘိုး၊ အဖေကနေ သားသမီး ရောက်မှ 2nd Generation လိုမျိုး ဖြစ်တာ။ အခုခေတ် ဆေးကျောင်းက တရုတ်လေးတွေလိုမျိုးပေါ့။ သူများတွေ မျိုးဆက် ၁ခု ပဲ ရင်းရတဲ့ အချိန်မှာ အဘိုးတို့ အဖေတို့က မြန်မာပြည်မှာ မျိုးဆက် ၂ခု ရင်းနှီးခဲ့ရတာမျိုး။ အဘိုးက အဖေ့ကို ကျောင်းစာတော်အောင် ထားလည်း အဖေက ဆေးကျောင်းတက်ခွင့် မရလို့ ရူပဗေဒလိုမျိုး သွားတတ်ရတဲ့ ကျွန်တော့် ကျူရှင်ဆရာ တရုတ် တစ်ယောက်လိုမျိုး ဖြစ်မှာပဲ။ အဘိုးက သူ့သားသမီးတွေ အတွက် ကုန်းရုန်းရှာထားတာတွေလည်း ပြည်သူပိုင် သိမ်းတော့ ပါသွားတာမျိုး ဖြစ်တာပဲ။ ဒါက မြန်မာပြည်လို နိုင်ငံကို Migrate လုပ်လာလို့။ စင်္ကာပူကို Migrate လုပ်သွားတဲ့ အဘိုးရဲ့ သူငယ်ချင်းတွေ အမျိုးတွေဆိုရင် အဆင်ပြေနေလောက်ပြီ။ ဒီလို့ မျိုးဆက် တစ်ခုအကြာမှာ ပြည့်ပြည့်၀၀ မအောင်မြင်ရတာ နိုင်ငံကြောင့်လည်း ပါသလို သားသမီးတွေ မကြိုးစားလို့လည်း ပါတယ်။ ဒီနိုင်ငံတွေမှာလည်း 2nd Generation တိုင်း အဆင်ပြေတာတော့ မဟုတ်ဘူး။ အဆင်မပြေတဲ့ သူတွေလည်း တွေ့နေရတာပဲ။

အောင်မြင်တဲ့ ဒုတိယ မျိုးဆက်တွေကို မွေးထုတ်ပေးနိုင်ဖို့ 1st Generation တွေ မှာ အခွင့်အလမ်း အတော်အသင့် ရှိပေမည့် အခွင့်အလမ်း လုံးဝ နီးပါး မရှိတဲ့ သူတွေလည်း ရှိတာပဲ။ သူတို့ကို Generation 0.8 လို့ ခေါ်မည်။ သူတို့က ဘယ်လိုမျိုးလည်း ဆိုတော့ ထိုင်းနိုင်ငံ လိုမျိုးမှာ ငါးဖမ်း သင်္ဘောမှာ လုပ်တဲ့ သူတွေမျိုး၊ မလေးရှားလို နိုင်ငံက ဆီအုန်းခြံတွေ မှာ လုပ်ရတဲ့ သူမျိုးတွေ။ သူတို့ကို နှိမ်ပြောတာ မဟုတ်ဘူး။ သူတို့ ဘ၀က အတော့်ကို ခက်ခဲ ပင်ပန်း ကြမ်းတမ်းတာ။ သူတို့ဆီကနေ အထက်က ပြောထာတဲ့ စံနဲ့ 2nd Generation ထွက်ဖို့ဆိုတာ ၁၀၀ မှာ ၁ ယောက်ပဲ။ မြန်မာပြည်မှာ အဆင်မပြေလို့ အဆင်ပြေရာ သွားလုပ်ပေမည့် အနှိမ်ခံရတော့ အောင်မြင်တဲ့ မျိုးဆက် တစ်ခု မွေးထုတ်ပေးဖို့ ဆိုတာ အတော် မလွယ်တာ။ ဒါသူတို့ တော်တာ လျှော်တာနဲ့ မဆိုင်ဘူး။ မစန်းမြင့်တို့ဆို ဒုတိယ မျိုးဆက် တစ်ခု မွေးထုတ်ပေးနိုင်တယ်။ မစန်းမြင့်ဆိုတာ တလောက တီဗွီမှာ ကြည့်လိုက်ရတာ။ သူတို့ မိသားစုက ကရင် ဒုက္ခသည် စခန်းက။ သြစတြေးလျ အစိုးရက ကရင်ဒုက္ခသည် စခန်းက လူတချို့ကို သူနိုင်ငံမှာ ခိုလှုံခွင့် ပေးမည်ဆိုတော့ မစန်းမြင့်တို့ မဲပေါက်သွားတယ်။ သူတို့ လင်မယားမှာ ကလေးက ၃-၄ ယောက် ရှိတယ်။ အင်္ဂလိပ်စကားဆိုတာ ABC တောင် သိတာမျိုး မဟုတ်ဘူး။ သြစတြေးလျရောက်မှ ဘ၀ဆိုတာ စလုံးရေ စရတယ်။ သူတို့က ရောက်ပြီး ခဏနေတော့ အိမ်ရတယ်။ အိမ်မှာမှ ခြံနဲ့ လုံးချင်းအိမ်။ ကျွန်တော်တို့တောင် တီဗွီမှာ ကြည့်ပြီး သူတို့ အိမ်လေးကို အားကျရတယ်။ သူတို့ သားသမီးတွေက ကျောင်းတက်ရတယ်။ ရောက်ပြီး ခဏ ဘ၀ကိုပဲ ကြည့်လိုက်ရပေမည့် ကျွန်တော် ပြောနိုင်တယ်။ သူ့သားသမီးတွေက 2nd Generation တွေ ဖြစ်မယ်ဆိုတာ။

ကျွန်တော်တို့ ဒုတိယ နိုင်ငံတွေကို သွားတော့ အထက်က 1st Generation လောက် ဘ၀တွေက မခက်ခဲတော့ဘူး။ အလုပ်ဆိုတာ ရှာရင် ရတယ်။ လုပ်ခဆိုတာလည်း မျိုးမျိုးမြတ်မြတ် ရတယ်။ ကျွန်တော်တို့က Generation 1.2 တွေ။ ဒုတိယ နိုင်ငံရောက်ပြီး ခဏနေတော့ ဘ၀က အခြေတည်နိုင်ပြီ။ ၁၀နှစ် ၁၀မိုး စောင့်စရာ မလိုဘူး။ ၃ ၄ နှစ်လောက်ပဲ။ နောက်ထပ် မျိုးဆက်တစ်ခု မွေးဖို့ဆိုတာလည်း အများကြီး ခက်ခဲတာမျိုး မဟုတ်တော့ဘူး။ ဒုတိယနိုင်ငံမှာ တစ်သားတည်း မဖြစ်နိုင်ပေမည့် အလုပ်ထဲမှာတော့ သူ့နိုင်ငံသားတွေနဲ့ ကောင်းကောင်း ယှဉ်နိုင်တယ်။ ဘ၀မှာ ခက်ခဲတာတွေ ရှိပေမည့် Generation 1 နဲ့ စာရင် မပြောပလောက်ဘူး။ Generation 1.2 ထက် ကံကောင်းတာ Generation 1.3။ သူတို့က ကျွန်တော်တို့ ညီတွေ၊ ညီအစ်မတွေ။ သူတို့လည်း ကျွန်တော်တို့လိုပဲ ဒုတိယ နိုင်ငံမှာ အလုပ်လာလုပ်သူတွေ။ သူတို့က ကျွန်တော်တို့ထက် စာရင် ပိုလွယ်သွားတယ်။ လမ်းကြောင်းဆိုတာ ဖောက်ပြီးသား မြင်နေရပြီ။ လိုက်လျှောက်ရုံပဲ။ ကျွန်တော်တို့တွေ ဒုတိယနိုင်ငံရောက်တော့ အူကြောင်ကြောင်နဲ့ ဘယ်မှာ နေရမှန်း။ ဘယ်လိုသွား ဘယ်လိုစားရမှန်း မသိပေမယ့် သူတို့ အတွက်တော့ အရာရာ Guide လုပ်ပေးမည့်သူက ရှိနေပြီ။ ဒါပေမယ့် သူတို့ရော ကျွန်တော်တို့ရော တူတာကတော့ ရောက်စမှာ နေထိုင်ခွင့်ဆိုတာ ယာယီပဲ။ ဒီနေရာမှာတော့ Generation 1.5 တွေက သာသွားတယ်။ သူတို့တွေက ဒုတိယနိုင်ငံ ရောက်ပြီးသား မိဘတွေက အမြဲနေထိုင်နိုင်အောင် ခေါ်တဲ့သူတွေ၊ ဒါမှမဟုတ် ဒုတိယနိုင်ငံမှာ အမြဲတမ်း နေထိုင်နေသူနဲ့ အိမ်ထောက်ကျလို့ အမြဲတမ်းနေထိုင်ခွင့် ချက်ချင်း ရသွားတဲ့ သူတွေမျိုး။ သူတို့လည်း အလုပ်ရှာရတာချင်း၊ ဒုတိယ နိုင်ငံသားတွေနဲ့ တသားတည်း မကျတာချင်း တူပေမည့် သူတို့မှာတော့ နေထိုင်ခွင့် ဆိုတာ ပူစရာ မဟုတ်တော့ဘူး။ Generation 1.x တွေက 2nd Generation တစ်ခု မွေးထုတ်ပေးဖို့ ဆိုတာ သိပ်ခက်ခဲတာမျိုး မဟုတ်တော့ဘူး။ Generation 1.6 ဆိုတာလည်း ရှိသေးတယ်။ သူတို့က Generation 1.2 တို့ 1.3 တို့ 1.5 တို့လိုမျိုးပဲ။ ဒုတိယနိုင်ငံ ရောက်ပြီး ၂-၃ နှစ်လောက်နေတော့ လူရေလည်သွားပြီ။ နေထိုင်ခွင့် ဆိုတာလည်း အတည်နီးပါး ဖြစ်နေပြီ။ ဒုတိယ နိုင်ငံသားတွေနဲ့ ဒါမှ မဟုတ် ဒုတိယ နိုင်ငံမှာ ရောက်တာ ကြာပြီးသား လူတွေနဲ့ ပေါင်းဖော်တယ်။ သူတို့လို သုံးဖြုန်းတယ်။ ပါတီဘယ်မှာ Night Club ဘယ်မှာ ရှိလဲ သိတယ်။ ဒီနိုင်ငံသားတွေနဲ့ တစ်သားတည်း ဖြစ်အောင် လုပ်ဖို့ ကြိုးစားတယ်။ စားတာ သောက်တာ ၀တ်တာ စားတာက အစ။ သုံးဖြုန်း ပျော်ပါးတဲ့ နေရာမှာ ပြောတာ။ တချို့ဆို နောက်ထပ် Generation တစ်ခု မွေးထုတ်ပေးဖို့ဆိုတာ မစဉ်းစားဘူး။ ဒါကိုက သူတို့အတွက် အခက်အခဲ (တကယ်တော့ အဟန့်အတား) တစ်ခု ဖြစ်နေတယ် ယူဆတယ်။ သူတို့က 2nd Generation တစ်ခု မမွေးထုတ်ပေးပေမယ့် သူတို့ကိုယ်တိုင်က 2nd Generation လိုမျိုးလည်း ဖြစ်သွားနိုင်တာပဲ။

Generation 2.5 ဆိုတာကတော့ အပျံစားပဲ။ 1st Generation တိုင်းရဲ့အိပ်မက်။ 1st Generation က မွေးထုတ်လိုက်တဲ့ သားသမီးတွေ MITလို Harvard လို ကျောင်းတွေ အထိ တက်နိုင်ပြီး သူတို့ အလှည့်ကျတော့ ဒုတိယ နိုင်ငံသားတွေကိုတောင် ကျော်တက်သွားတာမျိုး။ ဒီလို Generation တွေ အများဆုံး ဖြစ်ထွန်းနိုင်တာကတော့ အမေရိကားမှာပဲ။ အမေရိကားမှာ အခု အောင်မြင်နေတဲ့ သူတချို့ရဲ့ မိဘတွေက 1st Generation ကလိုမျိုး ဒုက္ခ ခံလာရတာတွေ ရှိတယ်။ ဒီနေရာမှာ တရုတ်တွေ ကုလားတွေကို ပဲ ပြေးမမြင်ဘဲ ဂျူးတွေ၊ စပိန်တွေ၊ မက္ကစီကန်တွေ၊ အာဖရိကန်တွေကိုလည်း တွေးကြည့်နိုင်ပါတယ်။ သူတို့လောက် မအောင်မြင်တောင် သာမန် 2nd Generation မကဘဲ ဒီထက် အောင်မြင်နေတာတွေလည်း ရှိပါသေးတယ်။ ကျွန်တော်တို့ ရုံးက Regional Manager ဆို အသက် ၃၅ နှစ်လောက်ပဲ ရှိသေးတယ်။ သူမိဘတွေကလည်း သြော်ဇီကို ပြောင်းလာတာ။ သူက တော်တယ်။ အသက် ၃၀ ကျော်ကတည်းက မန်နေဂျာ ဖြစ်နေပြီ။ ရုံးကို ပြောင်းလာတော့ သူ့အောက်က တခြား မန်နေဂျာတွေက အနည်းဆုံး အသက် ၄၀ လောက် ရှိတာမျိုး။ သူက Obama လောက်တော်တဲ့ Generation 2.5 တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော့် စံနဲဆိုရင်တော့ Generation 2.2 လို ပေးလိုက်မည်။

ကျွန်တော် ဆုတောင်းတယ်။ ကျွန်တော် သားသမီးတွေ အနည်းဆုံးတော့ Generation 2.0 ဖြစ်ပါစေ ဆိုပြီး။ စိတ်ကူးတာတော့ Generation 2.2 လောက် မှန်းတယ်ပေါ့။ ဖြစ်လာ မလာကလည်း တခြား Factor တွေ အများကြီးနဲ့ ဆိုင်နေသေးတာပဲ။ Generation 1.2 ကနေ Generation 2.2 ဖြစ်ဖို့ ဘယ်လောက် ခက်ခဲသလဲ ဆိုတာတွေကတော့ ကျွန်တော်တို့ လင်မယားကို စိန်ခေါ်နေပါတယ်။

တခြားဖတ်ရန် - Me Generation (by K)

Film