Monday, March 30, 2009

သမီး ၂ နှစ်ပြည့်အလှူ - ဆစ်ဒနီ ပဏ္ဍိတာရာမ

ဒီနေ့ သမီးလေး မြတ်နိုးရဲ့ ၂ နှစ်ပြည့် မွေးနေပါ။ မနေ့က ဆစ်ဒနီထဲက ဘုန်းကြီးကျောင်း တစ်ကျောင်းကို သွားပြီး သမီးလေးအတွက် အလှူ လုပ်ဖြစ်ပါတယ်။ ဘုန်းကြီးကျောင်း ဆိုပေမယ့် တကယ်တော့ တရားကျောင်းပါ။ ဆစ်ဒနီ ပဏ္ဍိတာရာမ သာသနာ့ ရိပ်သာပါ။ ကျောင်းက ဆစ်ဒနီထဲက Smithfield ဆိုတဲ့ နေရာမှာပါ။ ကျွန်တော်တို့ နေတဲ့ နေရာနဲ့ ကီလို ၃၀ လောက် ဝေးပါတယ်။ တရားကျောင်းလေးက ကျောင်းတွေ၊ အဆောင်တွေ ပြည့်စုံဖို့ အတော်ကို လိုပါသေးတယ်။

နယူးဂျာဆီက ဘုန်းကြီးကျောင်း

နိုင်ငံရပ်ခြားက မြန်မာ ဘုန်းကြီးကျောင်းတွေက ရပ်တည်ဖို့ အတော် ခက်ခဲပါတယ်။ ဒီကျောင်းလေးကို မြင်တော့ နယူးဂျာဆီက မြန်မာ ဘုန်းကြီကျောင်းကို သတိရပါတယ်။ အဲဒီကျောင်းလေးက ကျွန်တော်တို့ သွားတုန်းက ကျောင်းဆောင်လေး တစ်ဆောင်ထဲ ရှိပါတယ်။ အခု ဆစ်ဒနီက ကျောင်းနဲ့ အတော့်ကို ဆင်တယ်။ ဘုန်းကြီးကျောင်း ဆိုပေမယ့် ဘိုဆန်ဆန် အိမ် ခပ်နွမ်းနွမ်းလေးပါ။ အခုတော့ စေတီတစ်ဆူ တည်ထားတယ် ကြားပါတယ်။ စင်္ကာပူက ဘုန်းကြီးကျောင်းကြီး တစ်ခုကတော့ အတော့်ကို ကြီးကျယ် သေသပ်ပါတယ်။ လှူတဲ့ ဒကာကလည်း ပေါမှပေါ။ ကိုယ်တင်လည်း ရောက်သွားရင် ဆန်လေး၊ ဆီလေးကို MRT Station ကနေ ၀ယ်ဝယ်သွားတတ်တယ်။ စင်္ကာပူမှာလည်း ခက်ခက်ခဲခဲ ရပ်တည်နေရတဲ့ တခြား ဘုန်းကြီးကျောင်းတွေ ရှိပါသေးတယ်။ ပီနန်က မြန်မာ ဘုန်းကြီးကျောင်းကတော့ အကြိုက်ဆုံးပါပဲ။ ရောက်သွားတာနဲ့ ပြည်မြို့လို မြို့တစ်မြို့က ဘုန်းကြီးကျောင်းထဲကို ရောက်သွားသလို ခံစားရလို့ပါ။ သူက နှစ်ပေါင်း ၂၀၀ ကျော် ကြာပြီကို။

ပီနန်က ဘုန်းကြီးကျောင်း

ရောက်သွားတော့ ဆရာတော်ကြီး မရှိပါဘူး။ ဆရာတော်ကြီးက Blue Mountains မှာ ရှိတဲ့ ကျောင်းတစ်ကျောင်းမှာ တရားသွားပေးနေတယ် ပြောပါတယ်။ လက်ထောက်ကျောင်းထိုင် ဘုန်းကြီး တစ်ပါးပဲ ရှိပါတယ်။ ကျောင်းမှာ ၀ိုင်းလုပ်နေတဲ့ အန်တီကြီးတွေကို သမီးက တွေ့တော့ `ဘွားဘွား... ဘွားဘွား´ ဆိုပြီး ငိုပါလေရော။ ဘုန်းကြီးကိုလည်း ထပ်တွေ့ရော ကြောက်ပြီး ပို ငိုပြန်ရော။ ဘုန်းကြီးက Sunday School ဆိုပြီး ကလေးတွေကို စာပြနေကြဆိုတော့ အထာနပ်တယ်။ သမီးကို ချောကလက်တွေ ကျွေး၊ အရုပ်တွေ ပေးတော့ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ကြာတော့ သမီးလည်း အငိုတိတ်သွားပြီး ဘုန်းကြီးနဲ့ Peace ဖြစ်သွားတယ်။ အဲဒီကျမှ ဘုန်းကြီးလည်း ကျွန်တော်တို့ကို သီလပေးတယ်။ သား၊သမီးနဲ့ ကျွန်တော်တို့ကို မေတ္တာသုတ်တို့ အန္တရာယ်ကင်း ပရိတ်တို့ ရွတ်ဖတ်ပေးတယ်။ သမီးအတွက် အလှူပေးတော့ ရေစက်ချ အမျှဝေဖို့ ရှေ့ကနေ တိုင်ပေးတယ်။ ဒီလိုမျိုး ကိုယ်တိုင်ကိုယ်ကျ လှူရ၊ အမျှဝေရတော့ သူမလည်း သဘောတွေ ကျနေတယ်။ ဒါမျိုးလုပ်ချင်နေတာ ကြာပြီတဲ့။


နောက်တော့ ဘုန်းဘုန်းက ကျောင်းထဲကို လိုက်ပြတယ်။ တရားပြတဲ့ ဓမ္မခန်းမက အရမ်းကြီး မကျယ်ပေမယ့် ကျဉ်းကျဉ်းကျပ်ကျပ်တော့ မဟုတ်ပါဘူး။ လူ ၃၀၊ ၄၀ တော့ ဆန့်မယ်ထင်တယ်။ ခန်းမထဲမှာ မြန်မာပြည်က ပင့်လာတဲ့ ကြေးဆင်းတု ရုပ်ပွားတော် တစ်ဆူ ရှိတယ်။ အတော်လေး ကြီးပြီး သပ္ပာယ်ပါတယ်။ မဟာစည် ဆရာတော်ကြီး ပုံတော်နဲ့ ပဏ္ဍိတာရာမ ဆရာတော်ကြီးပုံတော်လည်း ရှိပါတယ်။


 ပြီးတော့ တရားထိုင်ဖို့ လာတဲ့သူတွေ နေတဲ့ အဆောင်တွေကို လိုက်ပြပါတယ်။ ရုံးပိတ် ရက်ရှည်တွေ၊ အခါကြီးရက်တွေမှာ လာထိုင်တဲ့သူ များပြီး နေရာ ထိုင်ခင်း မလောက်ကြောင်းလည်း ရှင်းပြပါတယ်။ အမျိုးသားဆောင်နဲ့ အမျိုးသမီးဆောင် ခွဲထားပါတယ်။ အမျိုးသမီးဆောင်မှာတော့ ကုတင်ပိုများတာ တွေ့ရပါတယ်။ ၂ထပ်ကုတင်တွေ ထည့်ထားရတယ်။
အမျိုးသားအဆောင်
အမျိုးသမီးအဆောင်


 အဆောင်တွေကတော့ ယာယီသဘောမျိုး ဆောက်ထားပေမည့် သေသေသပ်သပ်ပါပဲ။ ပြီးတော့ နောက်ဖေးမှာ စင်္ကြန်လျှောက်ဖို့ ငှက်ပျောပင်တွေ ဘေးမှာ စိုက်ထားတဲ့ မဂ္ဂင်လမ်းဆိုတာလေး ရှိတယ်။ နိဗ္ဗာန်လမ်းကတော့ မဖောက်ရသေးဘူး။ လျာထားတာလေး ပြတယ်။


နောက်ဖေးမှာပဲ စိုက်ခင်းလေး ရှိတယ်။ နိုင်ငံခြားက မြန်မာဘုန်းကြီးကျောင်းတွေက အဲဒီလိုပဲ စိုက်ထားတာ တွေ့ရတယ်။ ဘူးစင်မှာတောင် ဘူးသီးက သီးနေပြီ။ ငရုတ်၊ ချဉ်ပေါင်ခါး၊ ဂေါ်ရခါး၊ ပင်စိမ်းပင် မျိုးစုံအောင် စိုက်ထားတယ်။

တရားလာထိုင်တဲ့ သူက များပြီး နေရာ မလောက်လို့ အဆောင်လည်း ထပ်မချဲ့နိုင်သေးတော့ Caravan နောက်တွဲယာဉ်တွေ ၀ယ်ပြီး လူအိပ်လို့ ရအောင် ပြင်နေကြလို့ တူရိုက်သံ လွှဖြတ်သံတွေလည်း ကြားခဲ့ရတယ်။
ခဏနေတော့ ပြန်လာခဲ့တယ်။ လှူရတာ အတော် ကြည်နူးခဲ့ရသလို တရားကျောင်းလေးက အတော့်ကို မပြည့်မစုံ ဖြစ်နေတာ ကြည့်ပြီးတော့ စိတ်မကောင်းလည်း ဖြစ်ခဲ့ရတယ်။ ရန်ကုန်က ရွှေတောင်ကုန်း ပဏ္ဍိတာရာမ ကျောင်းကြီးကတော့ ဟီးလို့။ ဒီမှာတော့ အတော့်ကို ခက်ခက်ခဲခဲ ချဲ့ထွင်နေရတယ်။ သားတို့ သမီးတို့ ကြီးလာရင်လည်း Sunday School လိုမျိုး အဲဒီမှာ ပို့လို့ ရရင်ကောင်းမှာ။ ဒီကျောင်းကို နောက်ထပ်လည်း လှူချင်ပါသေးတယ်။ တခြားသူတွေ လှူတန်းချင်တယ် ဆိုရင်လည်း အောက်ပါ လိပ်စာကို ဆက်သွယ်နိုင်ပါတယ်။

Panditarama Sydney Meditation Centre Inc.
70 Market Street
Smithfield NSW 2164
Sydney, Australia

Phone: +61 02 9729 2343
Email: pannathami@panditaramasydney.org
http://www.panditaramasydney.org/

သမီးလေးရဲ့ မွေးနေ့အတွက် အလှူကိုလည်း စာဖတ်သူအပေါင်းကို အမျှဝေပါတယ်။

သမီးလေးက ၂ နှစ်တောင် ပြည့်ပြီ ကျွန်တော်လည်း သူ့ရဲ့ တိုးတက်မှုတွေကို အရင်လို မရေးဖြစ်တော့ဘူး။ အဓိက ကတော့ သူမပါ။ အရင်တုန်းက ရေးတာတွေက သူမက ရေးမှတ်ထားတာ တွေကို ကျွန်တော်က ကြည့်ကောင်းအောင် ပြန်ရေးလိုက်ရုံပဲ။ အခုတော့ ၂ ယောက်စလုံးက မအားတာနဲ့ မရေးဖြစ်ဘူး ဖြစ်နေတယ်။ သမီးလေးကို တစ်ပတ် ၂ ရက် ကလေးထိန်းကျောင်း ပို့ထားတာ ကျောင်းက သူ့ရဲ့ တိုးတက်မှုတွေစုပြီး Scrapbook လေး လုပ်ပေးထားတဲ့ထဲက အခုနောက်ဆုံးဟာလေးကိုတော့ မှတ်မှတ်ရရ တင်လိုက်ပါတယ်။


တစ်လပြည့်အလှူ
၃လပြည့်



Sunday, March 29, 2009

ဟစ် ၃ သိန်းပြည့် အမှတ်တရ

ဘလော်ဂါက အားထုတ်မှု မကောင်းလှပေမယ့် စာဖတ်ပရိတ်သတ်ရဲ့ သစ္စာ ရှိမှုကြောင့် ဟစ် ၂ သိန်း ပြည့်ပြီး ပို့စ် ၁၃ခု အပြီး ဒါမှမဟုတ် ၄လ အကြာမှာ နောက်ထပ် ဟစ်တစ်သိန်း ထပ်ပြည့်သွားပြန်တယ်။ ဟစ် ၁သိန်းနဲ့ ၁သိန်း အကြား ပို့စ်အရေ အတွက်ကို ကြည့်မည်ဆိုရင်

  • ပထမ ဟစ် ၁ သိန်း အတွက် - ပို့စ် ၁၅၀ ကျော်ကို ၁၅လ အတွင်း
  • ဒုတိယ ၁ သိန်းအတွက် - ၄၅ ပို့စ်ကို ၄ လ အတွင်း
  • တတိယ ၁ သိန်းအတွက် - ၁၃ ပို့စ်ကို ၄လ အတွင်း မှာ ရေးခဲ့ပါတယ်။
ဒီလို ကြည့်မည်ဆိုရင် ဘလော်ဂါရဲ့ အားထုတ်မှု နည်းလာတာကို အသေအချာ တွေ့နေရပါတယ်။ တစ်သိန်းပြီး တစ်သိန်းမှာ အားထုတ်မှု ၃ပုံ၁ပုံစီ ကျသွားတာ သတိထားမိပါတယ်။ မကေပြောတဲ့ ဘလော့ဂင်းမှာ curve လေး တစ်ခု ရှိတယ် ဆိုတာ ဒီ Pattern ကိုများ ပြောသလားပဲ။
ဒါတောင် စာဖတ်သူအပေါင်းက သစ္စာရှိရှိ လာလည်ကြသေးတယ်ဆိုတော့ ပထမ ဟစ် ၁ သိန်းမှာ လာလည်သူ အင်မတန် နည်းပါးပေမည့် သစ္စာရှိရှိ ရေးခဲ့တဲ့ အတွက် အကျိုး ပြန်ပေးတယ်လို့များ ယူဆရင် ရမလား မသိ။ ဒီလိုဆိုရင်တော့ လူမစည်ကားသေးပေမည့် အခုမှ အရှိန်ကောင်းကောင်းနဲ့ ဘလော့စရေးနေတဲ့ သူတွေအတွက် အားရစရပဲ။

အခုလို ရေးအား မကောင်းလှပေမည့် ပုံမှန် အလည်လာနေတဲ့ လျို့ဝှက်ချက်ကလည်း သိုသိပ်ထားစရာ မလိုပါဘူး။ အဓိကကတော့ တခြား ဘလော့တွေ့က ကျွန်တော့်ကို လင့်ပေးလို့ရယ် ကျွန်တော့်ဘလော့ ဘေးက Feed Roll ရယ်ကြောင့် ပါပဲ။ တခြား ဘလော့တွေက လင့်ပေးတဲ့ အတွက် စာဖတ် ပရိတ်သတ် အသစ်တွေ ရပြီး ပရိတ်သတ် အသစ်တွေက ပို့စ် အဟောင်းတွေ ပြန်လည် ဖတ်ရှုကြတဲ့ အတွက် ပို့စ် အသစ်မတပ်ပေမည့် ဟစ်တွေတက်လာတာပါ။ နောက်ပြီး ကျွန်တော်က စာရေးအား ကျသွားပေမည့် ဘလော့ဂ်တွေကတော့ ဖတ်နေဆဲဆိုတော့ ဘေးက Feed Roll မှာ ပုံမှန် Update လုပ်ဖြစ်တယ်။ ဒါမှလည်း လာလည်တဲ့ သူတွေက ကျွန်တော့် ပို့စ်အသစ် မတွေ့ပေမယ့် တခြားဖတ်စရာလေးတွေ ရသွားတော့ လာလည်ရကျိုး နပ်မည် ထင်လို့ပါ။

ဘလော့ဂ် လောကက ဆိုတာလည်း တစ်ယောက် ရေးအား ကျသွားရင် နောက်ထပ် ရေးအားကောင်းတဲ့ သူတွေ အလျှိုလျှိုပေါ်လာစမြဲပါ။ သိုင်းလောကမှာလိုပဲ အကုန်လုံးက လူစွမ်းကောင်းတွေချည်းပဲကိုး။ အသစ်အသစ်တွေရဲ့ လက်စွမ်းတွေကို ကြည့်နေရတာနဲ့ ကျသွားတဲ့သူတွေကို နှမြောတသနေဖို့တောင် အချိန် မပေးနိုင်ဘူး ဖြစ်နေရတယ်။ မင်းလက်ကျနေပြီးလား ဒါဆို ညောင်းတော့ ဆိုသလိုမျိုး ဆိုတော့ ကိုယ်က စုန်းစုန်း မမြုတ်ရုံ တမယ် ပေါလောပေါ်ရင် တော်သေးတယ် ဆိုပြီး ကူးခပ်နေရသလိုမျိုး ဖြစ်နေသလားပဲ။ ဘ၀မှာ ဘလော့ဂ်ထက် အရေးကြီးတာတွေ ရှိသေးတယ်ဆိုတဲ့ အချက်ကလည်း လက်အံ သေစေတယ်လေ။

ကြီးကြီးကျယ်ကျယ် ဆီးသီးသည် လေသံနဲ့ ပြောရရင်လည်း မြန်မာ ဘလော့ လောကကြီးကလည်း တိုးတက်လာပါတယ်။ တယ်လီဖုန်း သီအိုရီနဲ့ ကြည့်မည်ဆိုရင် တယ်လီဖုန်းကွန်ယက်တစ်ခုရဲ့ တန်ဖိုးက ချိတ်ဆက်ထားတဲ့ တယ်လီဖုန်း အရေအတွက်ရဲ့ ထပ်ကိန်းနဲ့  အချိုးကျတယ်တဲ့။ တယ်လီဖုန်း ၁ လုံးထဲနဲ့ ကွန်ယက်ဆောက်လို့ မရပါဘူး။ ၂ လုံးရှိရင် ၂ ယောက် ပြောလို့ရတယ်။ ၅ လုံးရှိလာရင် ၅ယောက် အပြန်အလှန်ပြောလို့ ရတဲ့ ချိန်ဆက်မှု ၅* (၅-၁)/၂ = ၁၀ ခု ရှိလာတဲ့ အတွက် တန်ဖိုးက အများကြီးတက်လာတယ်။ တယ်လီဖုန်းအလုံး ၁ သောင်းဆိုရင်တော့ ဒီကွန်ယက်ရဲ့ တန်ဖိုးက အတော်ကို့ ကြီးနေပြီ။ Facebook တို့လို Social Network တွေရဲ့ တန်ဖိုး (ငွေကြေး တန်ဖိုး အပါအ၀င်)ကိုလည်း (Active) User ဘယ်နှယောက် ရှိသလဲနဲ့ တိုင်းတာပါတယ်။

မြန်မာ ဘလော့တွေ များလာတာနဲ့ အမျှ မြန်မာ ဘလော့ ကွန်ယက်ရဲ့ တန်ဖိုးကလည်း အများကြီး တက်လာပါတယ်။ ဒီလို တက်လာတဲ့ တန်ဖိုးကို ဘယ်သူတွေ ခံစားရသလည်းဆိုတော့ ဘလော်ဂါတွေ တင်သာမက စာဖတ်သူတွေပါ အကျိုးရှိလာပါတယ်။ အချင်းချင်း ချိတ်ဆက် ဝေမျှမှုတွေကြောင့် ဘလော်ဂါတွေ အနေနဲ့လည်း ကျွန်တော့်လို ပို့စ် အနည်းငယ်ရေးရုံနဲ့ ပရိတ်သတ်တွေ အတော် ရလာနိုင်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်နဲ့တောင် မတူတော့ပါဘူး။ အရင်နှစ်တွေကဆိုရင် ပို့စ်တစ်ခုရေးရင် နာမည်ကြီး ဘလော်ဂါတွေလောက်ပဲ ပုံမှန် ပရိတ်သတ် ရနိုင်ပေမည့် ကြိုကြား ကြိုကြားရေးသူတွေ ဆိုရင် ဘယ်လောက် ကောင်းအောင် ရေးထား ရေးထား တစ်နေ့မှာ စာဖတ်သူ ၅၀ ရှိရင် ကံကောင်းဆိုသလိုမျိုး ဖြစ်ခဲ့ရတာ။ ဒီနေ့များမှာတော့ စာလုံး ၂၀ မပြည့်အောင် ရေးတာတောင် တစ်နေ့ထဲမှာ စာဖတ်သူ ၂၀၀ ကျော် ရတဲ့ ဘလော်ဂါများရဲ့ စန်းပွင့်ချက်ကတော သြချရတယ်။ သူများ မပြောနဲ့ ကိုယ်တင်ဆိုလည်း တစ်လုံးမှ မရေးတောင် လာလည်ကြသေးတာကိုး။ အားတောင်နာတယ်။

ဒီနေ့ခေတ်မှာတော့ ဘယ်ဘလော့ဂ်မှာ အပ်ကျသလဲဆိုတာ အားလုံးက သိနိုင်တယ်။ နာမည်ကြီးသော မကြီးသော မလိုဘူး။ အင်ဖော်မေးရှင်း ပေးနိုင်လား၊ အတွေး ရသ ပေးနိုင်လား ဒါမှမဟုတ် ဖျော်ဖြေနိုင်လားပဲ လိုတယ်။ စာဖတ် ပရိတ်သတ်တွေက ဒါမျိုးတွေကို စောင့်နေတာ။ အလုပ် ထဲမှာ ပင်ပန်းတယ်။ ဘ၀တွေမှာ ခက်ခဲတယ်။ သတင်းလိုတယ်။ အတင်းလိုတယ်။ အဖျင်းလည်း လိုတယ်။ ပွဲဆူလား ပွဲစည်လား လာထား။ အားပေးကြမည်။ ဒါဟာ ဘာကိုလည်း ပြသေးလဲဆိုတော့ ဘလော့ဂ် ပရိတ်သတ်တွေ တိုးလာတယ် ဆိုတာပါပဲ။ ပြီးခဲ့တဲ့ ၂ နှစ်က မြန်မာဘလော့ ဖတ်တဲ့သူ ရာဂဏန်းသာသာ ရှိမည်ဆို အခုနှစ်တွေမှာ ထောင်ဂဏန်း သောင်းဂဏန်းကို တက်လာတယ် ပြောလို့ရမည်။ အသေအချာ လိုက်မရေနိုင်ပေမည့် ကျွန်တော့် ဘလော့အပါအ၀င် တခြားဘလော့တွေမှာပါ လာလည်သူ ဦးရေ သိသိသာသာ တက်လာတဲ့ အချက်ကို သတိထားမိလို့ ပြောတာပါ။

တယ်လီဖုန်း သီအိုရီလိုပဲ နောက်ထပ် ထင်ဟပ်တဲ့ အချက်က သီးသန့်ဆန်လာတယ်။ တကမ္ဘာလုံးမှာ တယ်လီဖုန်း အလုံးပေါင်း သိန်းနဲ့ သန်းနဲ့ ချီပြီး ရှိပေမည့် လူတိုင်းက ဖုန်းတိုင်းကို ပြောတာမှ မဟုတ်တာ။ စီလုတ်ကြီး တက်ထားတဲ့ ဖုန်းကို အရာကြီးက မလိုဘဲ ခေါ်ပြောနေမှာ မဟုတ်ဘူး။ စီလုတ် စီလုတ်ချင်းတောင် သိမှ လိုမှပဲ ဆက်သွယ်ကြမယ်လေ။ ဘလော့အရေအတွက် အများကြီး တက်လာပေမည့် သူ့ Segment လေးတွေနဲ့ သူ ရှိနေပါသေးတယ်။ ဟိုဘလော့ကို လာလည် ကောမန့်ပေးတိုင်း ဒီဘလော့ကို လာလည်မည် မပြောနိုင်ပါဘူး။ ရသပေးတဲ့ ဘလော့ အသိုင်းအ၀ိုင်းမှ စာဖတ်သူတွေက ဟင်းချက်နည်း ဘလော့တွေ ကွန်ပြူတာ နည်းပညာ ဘလော့တွေကို ၂မျိုးလုံး စိတ်မ၀င်စားဘဲ တော်ရုံ တန်ရုံ လာလည်မှာ မဟုတ်ပါဘူး။

ဒီလို မြန်မာ ဘလော့တွေမှာ အုပ်စုဖွဲ့မှုကို သိချင်ရင် လွယ်ပါတယ်။ ဘလော့ဂ်နဲ့ ကောမန့်ပေးသူတွေ နာမည်ကို ဇယားချကြည့်လိုက်။ ဒါဆိုရင် သိသိသာသာကြီးကို ပေါ်ထွက်လာပါမည်။ ဘယ်သူတွေက ဘယ်ဘလော့တွေမှာပဲ လည်ပတ်တယ် (အတိအကျ ပြောရရင်) ကောမန့်ပေးတယ် ဆိုတာ ချက်ချင်း သိနိုင်ပါတယ်။ ဒီလို Segment လေးတွေလည်း ရှိနေပါသေးတယ်။

ဘိုတွေနဲ့ မတူတဲ့ မြန်မာ ဘလော့တွေမှာက ကောမန့် ပေးလွယ်တယ်။ ကောမန့် ပေးခဲတယ်။ ကိုယ်နဲ့ ရင်းနှီးနေတဲ့ ဘလော့မှာ နေ့တိုင်းလိုလို ပျော်ပျော်ကြီး ကောမန့်ပေးနေကြပေမည့် မှားတာကို ထောက်ပြဖို့တို့ ဝေဖန်ဖို့တို့ ဆွေးနွေးဖို့တော့ ကောမန့်ပေးခဲပါတယ်။ အထူးသဖြင့် ကိုယ်နဲ့ မရင်းနီးတဲ့ သူရဲ့ ဘလော့ဂ်ဆိုရင်ပါ။ Anonymous နဲ့ ပေးလို့ရရင်တောင် ပေးခဲပါတယ်။ ဒါကိုကပဲ ချစ်စရာ မြန်မာ ဘလော့ဂ် ဓလေ့လို့တောင် ပြောရမလို ဖြစ်နေပြီ။

အခုတလော သတိထားမိတဲ့ထဲမှာ ဟင်းချက်နည်း ဘလော့တွေ တိုးလာတာပါပဲ။ အရင်တုန်းကတော့ ဟင်းတစ်ခါ ချက်ဖို့ မြန်မာပြည်ကို ဖုန်းဆက် မေးရတယ်။ ဟင်းချက်ဖို့ မပြောနဲ့ ဟင်းစား (ဘာဟင်းချက်မလဲ) စဉ်းစားဖို့ တောင် မြန်မာပြည်ကို လှမ်းမေးရတယ်။ အခုတော့ ဘလော့တွေ တချက်လောက် ကြည့်လိုက်တာနဲ့ ဟင်းအမယ် ၁၀ မျိုးလောက် ရတယ်။ အထွေအထူး စဉ်းစားစရာမလိုတော့ဘူး။ အဲဒါကြောင့် ဘလော့စရေးချင်သလား ဟင်းချက်နည်းက `စ´ပါလို့ ပြောရမည်။ ကိုယ်တင်လည်း ဒီလိုပဲ လုပ်စားလာတာ။ အနည်းဆုံးတော့ ရေးစရာ ရှားပါးနေရင် ဖြစ်ဖြစ် တွေးဖို့ ရေးဖို့ အချိန် မရှိရင် ဖြစ်ဖြစ် ဟင်းချက်နည်း တစ်ခု ကောက်တင်လိုက်တယ်။ ဟင်းချက်နည်းကနေမှ ဖတ်တဲ့သူ ရှိလာရင် ကိုယ့်ဘလော့ဂ်ကို လူသတိထားမိလာရင် ကိုယ်ရေးချင်တာလည်း ကိုယ့်ခံစားချက် အတွေးလေး ကောက်ရေးလိုက် ရုံပဲ။ နာမည်ကြီး ၀ိတ်ကြီးတွေကတော့ ဒီလို မလိုပါဘူး။ ဘလော့ဂ် လုပ်ချင်ပေမည့် လက်တွန့်နေတဲ့ သူတွေ အတွက်ပါ။ ဟင်းချက်နည်း ဆိုတော့လည်း အငြင်းပွားစရာ သိပ်မရှိတော့ဘူး။ Controversial တော်ရုံတန်ရုံ မဖြစ်တော့ဘူး။ အဲဒီတော့ ရေးရတာ လက်မတွန့်တော့ဘူးပေါ့။

ဒီ ပုံကတော့ Google Analytic အရပါ ။ Google Analytics မှာ တော့ ကျွန်တော် ကိုယ်တိုင် လည်ထားတာတွေ ပါပါတယ်။ Statcounter မှာတော့ Cookie နဲ့ အလွယ် ဖယ်ထုတ်လို့ ရတဲ့ အတွက် မပါပါဘူး။
ဒီ ဟစ် တစ်သိန်းမှာ အမေရိကားက လာလည်သူ တစ်သောင်းကျော် ပါတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ စတုန်းကတော့ ကျွန်တော့် ဘလော့ ဖတ်တဲသူ အတော်များများက စင်္ကာပူက ဖြစ်ပြီး အမေရိကားက အတော် နည်းပါတယ်။ အခုနောက်ပိုင်း အမေရိကားက ပရိတ်သတ်တွေပါ ထပ်ရလာတာ ၀မ်းသာစရာပဲ။

ဟစ် ၃ သောင်းကျော်က တခြား ဘလော့ဂ်တွေက Refer လုပ်ပေးလို ရောက်လာတာပါ။

မခင်ဦးမေ ဘလော့ပါလာတာ မဆန်းပါဘူး။ သူ့ဘလော့က ကြိတ်ကြိတ်သဲ စည်ကားနေတာဆိုတော့။ Refer လုပ်ပေးတဲ့ သူတွေ လင့်ပေးတဲ့ သူတွေအားလုံး အားလုံးကို ကျေးဇူးတင်ပါတယ်။

စာဖတ်သူတွေ အားလုံးကိုလည်း သစ္စာရှိရှိ လာလည် အားပေးတဲ့ အတွက် ကျေးဇူး အထူးတင်ပါတယ်။ နောက်များမှာလည်း ၁၃ ပို့စ်ကနေ သုံးချိုးတစ်ချိုး မဖြစ်အောင် ကြိုစားပါ့မည်လို့ မရဲမတင်း ပြောပါရစေ။

တခြားဖတ်ရန်


Wednesday, March 25, 2009

BPA Free ကလေး နို့ဗူး

အများသိတဲ့ အတိုင်း ကလေးတွေ နို့ထည့်သောက်တဲ့ ဗူးတွေကို ပလတ်စတစ်နဲ့ လုပ်ပါတယ်။ Thermoplastic နည်းနဲ့ လုပ်ပါတယ်။ Thermoplastic ဆိုတာ ပလက်စတစ်ကို အပူပေးကာ ပျော်သွားရင် ပုံးလောင်းပြီး အအေးခံ ခဲလိုက်တဲ့အခါ ကြည်ကြည်လေး ရတဲ့ ပလက်စတစ်ကို ပြောတာပါ။ Thermoplastic နည်းအတွက် Polymer တွေကို သုံးပါတယ်။ Monomer ဆိုတဲ့ မော်လီကျူး သေးသေးလေးတွေ စုပေါင်းပြီး ပေါ်လီမာ ဆိုတဲ့ မော်လီကျူး အကြီးစား ဒြပ်ပေါင်း ဖြစ်လာပါတယ်။ ပလက်စတစ်က Carbonate တွေ စုပေါင်းထားတဲ့ ပေါ်လီမာ မို့လို့ Polycarbonate အမျိုးအစား ဖြစ်ပါတယ်။ ပေါ်လီကာဘွန်နိတ် လုပ်ဖို့ လိုအပ်တဲ့ အဓိက လိုအပ်တဲ့ Monomer တစ်မျိုးကတော့ BPA လို့ အတိုကောက်ခေါ်တဲ့ Bisphenol A ပါ။

Bisphenol A ကို Phenol နှစ်လုံးကို Acetone နဲ့ ပေါင်းခံပြီး လုပ်ပါတယ်။ ဒါကြောင့် A ပါနေတာပါ။ Acetone ဆိုတာ လက်သည်းဖျက်ဆေးမှာ ပါတဲ့ အငွေ့ပျံတတ်တဲ့ အရည်ပါ။ ဆေးသုတ်တဲ့ အခါ သုံးတဲ့ သင်နာ (Thinner) တို့ အရက်ပျံတို့လိုမျိုးပေါ့။ Phenol ဆိုတာ ကာဘော်လစ် အက်ဆစ်ပါ။ ဆေးရုံတွေမှာ ပိုးသတ်ဖို့ အတွက် သုံးလို့ ဆေးရုံသွားရင် အဲဒီ အနံ့ရနေတာ သတိထားမိပါမည်။

ပလက်စတစ်မှ BPA ဒြပ်တွေက Stable မဖြစ်တဲ့ အတွက် ရေမှာ ဖြတ်သန်း ပျော်ဝင်နိုင်ပြီး အထူးသဖြင့် အပူပေးလိုက်ရင် ပိုမို ဆိုးဝါးစေတယ် ဆိုပါတယ်။ ကလေး နို့ဗူးတွေက အပူပေးရတာမို့ နို့ပူတွေမှာ ပိုမို ပါဝင်သွားစေပါတယ်။ အထူးသဖြင့် ဗူးထဲ နို့ထည့်ပြီး Microwave နဲ့ အပူပေးလိုက်ရင် အဆိုးဆုံး ဖြစ်နိုင်ပါတယ်။ လူကြီးသောက်တဲ့ ရေသန့်ဗူးလိုမျိုးတွေမှာလည်း ပါတတ်ပေမည့် ကလေးငယ်တွေကတော့ အင်မတန် နုနယ်ပြီး ဖွံ့ဖြိုးစ ကိုယ်ခန္ဓာ တည်ဆောက်နေချိန်မို့ ပိုမို ထိခိုက်စေတယ် ဆိုပါတယ်။

သုတေသန တချို့က BPAကြောင့်

  • အ၀လွန်ခြင်း၊ ဆီးချိုဖြစ်နိုင်ခြင်း
  • နို့ရည်ကြည်ဂလင်းတွေကို လှုံ့ဆော်တဲ့ အတွက် ရင်သားကင်ဆာဖြစ်နိုင်ခြင်း
  • အချိန်စောကာ အပျိုပေါက်ခြင်း
  • ဟော်မုန်း အပြောင်းအလဲဖြစ်ခြင်း
  • ဆီးကျိတ် ကင်ဆာ ဖြစ်တတ်ခြင်းနဲ့ 
  • ကလေးတွေမှာ အမူအကျင့်ဆိုးတွေ ရှိတတ်ခြင်းတို့ ဖြစ်စေတယ် ဆိုပါတယ်။
နို့ဗူးတင်မက ပလက်စတစ်နဲ့ လုပ်တဲ့ ကလေးသုံး ပစ္စည်းတွေမှာ BPA ပါနိုင်ပါတယ်။ ကလေးတွေ ရေသောက်တဲ့ ခွက်၊ ချိုလိမ် (Pacifier)၊ သွားယားရင် ကိုက်တဲ့ Teether  တွေမှာ ပါပါတယ်။ ဒါပေမယ့် နို့ဗူးက အပူပေးရတာမို့ ကျွန်တော်တို့က နို့ဗူးကိုတော့ BPA Free သုံးပါတယ်။ ကျန်တာတွေကတော့ အများသုံးပါပဲ။ ပလက်စတစ်ဗူးနဲ့ ထည့်ထားတဲ့ ကလေးစာတွေကိုလည်း တတ်နိုင်သမျှ ရှောင်ပါတယ်။ စင်္ကာပူမှာတော့ OG က B-Free Plus နို့ဗူးကို ၀ယ်ပါတယ်။ နို့ကို Microwave နဲ့ နွှေးတဲ့ အခါမှာလည်း ကြွေထည် နို့ကရားနဲ့ နွှေးပြီးမှ နို့ဗူးထဲကို ပြောင်းထည့်ပါတယ်။

ဒီကိစ္စကတော့ မှန်တယ် မမှန်ဘူး အငြင်းပွားနေဆဲပါ။ ကနေဒါမှာတော့ မနှစ်က စပြီး BPA Free နို့ဗူးတွေပဲ သုံးစေပါတယ်။ ကျန်တဲ့ နိုင်ငံတွေမှာတော့ တခြား ပလက်စတစ် နို့ဗူးတွေ ပေးသုံးနေဆဲပါ။ ကလေးတွေနဲ့ ပက်သက်ရင်တော့ တတ်နိုင်သမျှ အတိမ်းအစောင်းမခံတာ အကောင်းဆုံးပါပဲ။ အကောင်းဆုံးကတော့ မိခင်နို့ တိုက်ကျွေးတာပါပဲ။

နားဆင်ရန်
တခြားဖတ်ရန်

Thursday, March 19, 2009

ကိုပေါလို ပေါချင်တယ်

ဒီပို့စ်ဟာ ကိုပေါကို ကြည်ညိုခြင်း ရန်လိုခြင်း မရှိဘဲ “ကိုပေါ” ဆိုတဲ့ နံမယ်ဂျီး ဘလော်ဂါကို ခုတုံးလုပ် ရေးထားခြင်းသာ ဖြစ်တယ်လို့ အရင် ပြောချင်ပါတယ်။ တကယ်တော့ ကျွန်တော့် အကြောင်းသက်သက်ပါ။ ဒါပေမယ့် ကိုပေါဆိုတဲ့ လူကလည်း နာမည်နဲ့ လိုက်အောင် ပေါရှာပါတယ်လေ။ သူကြိုက်တာကိုက ကျွန်တော် ရေးတဲ့ စာတွေလို တည်တည်တံ့တံ့တွေ မဟုတ်ဘဲ သမိန်ပေါသွပ်လိုမျိုးဆိုတော့ ပြောမနေနဲ့တော့။ လူကလည်း အပြောင်အပြက်။ ကာတွန်းကလည်း ရေးသေးတယ်။ စာပေါလောကမှာလည်း ထိပ်က။ ဒီလောက် ပေါတဲ့ သူလို ပေါချင်တာ အကြောင်းတော့ ရှိရမည်။

ကျွန်တော်က သိပ်တည်တာ။ တည်လွန်း အားကြီးတော့ မျက်နှာက စူပုတ်နေရော။ ဒါကလည်း မညီညာတဲ့ သွားတွေ ပေါ်မှာ စိုးလို့ ပါးစပ်ကို ခပ်တင်းတင်း စေ့ထားတာ။ ဒါကို မသိတော့ ကျွန်တော့်ကိုဆို မပြုံးမရယ်သမားလို့ ထင်ကြတယ်။ အကြောင်းမသိသေးရင် ကြည်ညိုတယ်။ မြင်တာကြာလာရင် နည်းနည်းချဉ်တယ်။ ငယ်ငယ်တည်းက မျက်နှာက ဒီလို စူပုတ်နေတော့ (စာလေးကလည်း နည်းနည်း လိုက်နိုင်တော့) ကျောင်းက ဆရာမတွေက ကျွန်တော့်ကိုဆို မာနကြီးတယ်ဆိုပြီး ကြည့်မရဘူး။ ကျွန်တော်ကလည်း တခြားကျောင်းသားတွေလို ဆရာမတွေနဲ့ ဖက်လဲတကင်း နေတာ မဟုတ်ဘူးကိုး။

မိန်းကလေးတွေ မိန်းမတွေကိုလည်း မေးကြည့်လိုက်။ ဘယ်လို ယောက်ျာ(လေး)မျိုး ကြိုက်သလဲလို့။ ငွေရှာနိုင်တာပါရင်တောင် “Sense of Humor” ရှိရမည် ဆိုတာရဲ့ နောက်က။ အပြောင်အပြက် ပြောတတ်တဲ့ သူနဲ့ဆို ရွှန်းရွှန်းကို ဝေနေကြတာပဲ။ အဲဒီမှာ စတွေ့တာပဲ။ စကားလေးပြော လေလေးဖောနဲ့။ လူတစ်ယောက်နဲ့ တစ်ယောက် ခင်ဖို့ ဆိုတာကလည်း စကားစမြည် ပြောကြည့်ပြီးမှ အစပြုတာကိုး။ ခပ်တည်တည် သမားတွေနဲ့ စကားပြောရတာလည်း ပျင်းဖို့ ကောင်းပါတယ်။ ပထမ စကား တစ်ခွန်း စဖို့ ၂ မိနစ်လောက် အချိန် ယူရပြီး နောက်ထပ်၂ မိနစ်လောက် ပြောပြီးရင် အတော်ကို ငြီးငွေ့ဖို့ ကောင်းနေပြီ။ ဟာသနှောပြီး ပြောတတ်တဲ့ သူနဲ့ ဆိုရင်တော့ မိနစ် ၂၀ ဆိုတာ အသာလေးပဲ။

ဆိုတော့ကာ ခပ်တည်တည် နေတတ်တဲ့ သူဆိုရင် မိန်းကလေးတွေရဲ့ ချဉ်ဖတ်။ အနည်းဆုံးတော့ အတင်းတုပ်စရာ ရယ်စရာ ရတာပေါ့။ မိန်းကလေးတိုင်းတော့ ခပ်တည်တည် သမားတွေက ချဉ်တာ မဟုတ်ဘူးပေါ့။ သူမလိုမျိုး ခပ်တည်တည် ခပ်တင်းတင်းသမားကတော့ ကျွန်တော်နဲ့ အဆင်ပြေတယ်။ နှစ်ယောက်စလုံးက ခပ်တည်တည် ခပ်တင်းတင်းဆိုတော့ ကျွန်တော်တို့ နှစ်ယောက်မှာ ခင်မင်တဲ့သူ မတိုးတဲ့ အပြင် အထင်လွဲ စရာတောင် ဖြစ်တယ်။ ကျွန်တော်တို့ကလည်း အမှတ်မရှိ ပေါပေါ ရောရော မနေကြဘူးလေ။ ဘာသိဘာသာပဲ နေတတ်တယ်။ အကြောင်းသိတွေကတော့ အကြောင်းသိပါတယ်။

စာရေးရင်လည်း ပျော်ပျော်ပါးပါး ရေးတတ်တဲ့သူတွေရဲ့ စာတွေက ဖတ်လို့ ဖတ်မှန်း မသိအောင် ဆွဲဆောင်နိုင်တာ။ Seriously ရေးနေလို့ကတော့ သူ့ဆိုင်ရာ ဆိုင်ရာလူတွေပဲ ဖတ်မည်။ အများကိုတော့ ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော်ကလည်း ခပ်ပေါ့ပေါ့ မရေးတတ်။ ခပ်ပေါ့ပေါ့ဆိုတာ အနှစ်မပါတာကို ပြောတာ မဟုတ်ပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ Message တစ်ခု ပေးနိုင်တာမျိုးကို ဆိုတာ။ ခပ်ပေါ့ပေါ့ ရေးတတ်တဲ့ TZA တို့ဆို ၀ိုင်းဝိုင်းကို လည်နေတာပဲ။ (ကြွေးရှင်တွေ)။ ဖြစ်နိုင်ရင်တော့ သူကြီးလိုမျိုး ရေးချင်တာ။ ပေါတယ်ဆိုတာကလည်း ကဗျာ စပ်သလိုမျိုးပဲ။ Instinct ပါမှ လုပ်နိုင်တာမျိုးကို။ အတင်းဖြစ်ညှစ်ပြီး လုပ်ယူရင် အရူးပဲ ဖြစ်မှာ။

ပေါရင် ပျော်စရာ ကောင်းတယ်ဆိုပေမယ့် တောက်လျှောက်ချည်းပဲ ပေါနေရင်တော့ သေချာပေါက် ငပေါပဲ ဖြစ်တော့မှာ။ အဲဒီတော့ တခါတလေမှ ပေါတတ်တဲ့ သူတွေက ငပေါ မဖြစ်ဘဲ လူချစ်လူခင် များတာပေါ့။ အဲဒီလို ပေါတာတွေကို ဇယားချကြည့်တော့ နှစ်မျိုး ရှိတယ်လို့ သူငယ်ချင်း တစ်ယောက်က ပြောဖူးတယ်။ “ပေါတည်”နဲ့ “တည်ပေါ” တဲ့။ “ပေါတည်” ဆိုတာ ဝေလာဝါးလာ ပေါပြီးကာမှ ကောက်ခါငင်ကာ တည်တန့်သွားတာ။ ရုပ်ရှင် သရုပ်ဆောင်တွေလိုပေါ့။ ရုပ်ရှင်ထဲမှာ ကြိုက်သလောက် ပေါ။ အပြင်မှာတော့ ဘုရားသမားလည်း ဖြစ်မည်။ ခပ်တည်တည် သမားလည်း ဖြစ်မည်။ သူတို့ ကျတော့ အပေါ ဘရိတ်အုပ်နိုင်သလို လိုရင်လိုသလို ပေါတတ်တာမျိုး။

“တည်ပေါ” ကျတော့ ကျောင်းဆရာတွေလိုမျိုး။ ကျောင်းဆရာဆိုတော့ ရုပ်တည်နဲ့ လုပ်စားရတာ။ ဒါမှ မိဘတွေက စိတ်ချမှ။ တပည့်တွေကို စာသင်တဲ့ အခါမှတော့ နည်းနည်း ပေါပေးရတယ်။ ဟာသလေး ပြောပြီး သင်မှ ကျောင်းသားတွေက မငြီးငွေ့တာ။ ခပ်တည်တည်နဲ့ ပေါရတယ်။ ဒါကြောင့် ကျောင်းသားတွေက “တည်ပေါ” ဆရာတွေကို ပိုကြိုက်တာ။ အထူးသဖြင့် ကျူရှင်ဆရာတွေ လိုမျိုး။ ပထ၀ီ ဆရာတစ်ယောက်လို ရှေ့ကနေ ဟန်နဲ့ ပန်နဲ့ “ဒါ...... ဘာ.. မြစ်လဲ...” ဆို လိုက်တိုင်ပေးတော့ ကျောင်းသားတွေက နောက်က  “သံလွင်...မြစ်” ဆိုပြီး ညီညီညာညာ လိုက်ဆိုလာကြတာ.. “ဘာ ရိုးမလဲ...” လည်း ဆိုရော “ငါရိုးမ” ဆိုပြီး လိုက်အော်ကြ သလိုမျိုးလည်း ဖြစ်နေဦးမည်။

ကိုပေါကကျတော့ “ပေါတည်”လား “တည်ပေါ” လားတော့ မသိဘူး။ ပေါတော့ ပေါတယ် အမြဲတော့ မပေါပါဘူး။ သူက စာဖတ်ကောင်းတယ်။ စာဖတ်နာတဲ့ သူတွေက သိသာတယ် ထိလာတာနဲ့ လျှံကျလာတာ။ ဒါပေမယ့် သူက ခပ်ပေါပေါနဲ့ ဒိုင်ထည့်တာ။ တကယ်တမ်း ပြောရရင်တော့ သူပေါတာကို ကြိုက်တယ်ဆိုပေမည့် ဒီလို ပေါပေါ ရေးတတ်တာကို ကြိုက်တာ မဟုတ်ပါဘူး။ သူ့ကောမန့်တွေမှာ သူနဲ့ လမ်းစဉ် မတူလို့ပဲ ဖြစ်ဖြစ် မကြိုက်လို့ပဲ ဖြစ်ဖြစ်လာပြီး ခပ်ကြမ်းကြမ်း လာရေးထားရင် ခပ်ပေါပေါ တုန့်ပြန့်တတ်တာကို ပြောတာပါ။ ကျွန်တော်တို့ လင်မယားမှာ သူ ခပ်ပေါပေါ ပြန်ထားတဲ့ ကောမန့်တွေကို ကြည့်ပြီး အံသြရတယ်။ သြော်ငါတို့ ဘလောက်ကိုသာ ဒီလို လာပြောရင်တော့ စိတ်ဆိုး မာန်ဆိုးနဲ့ ပြန်ပြောလိုက်မိမှာပဲလို့။ ကိုပေါကတော့ ဒီလို ခပ်ပေါပေါ တုန့်ပြန်လိုက်တော့ တဖက်သူမှာလည်း အထိမနာ စာဖတ်သူတွေမှာလည်း စိတ်အနှောက်အယှက် မဖြစ်ရဘူးပေါ့။ အဲဒါမျိုးကျတော့ တခြားနေရာမှာလည်း ပေါနေကျမှ ဒီလိုနေရာမှာ ခပ်ပေါပေါနဲ့ ပေါ့ပေါ့ပါးပါး ဖြစ်အောင် လုပ်နိုင်မှာ။ နို့မဟုတ်ရင် နှစ်ဘက်စလုံးက တင်းမာပြီး ပေါက်ကွဲကုန်မှာ။ ကျွန်တော်တို့ကလည်း ဘလောက်ထဲမှာမှ မဟုတ်ပါဘူး။ အပြင်မှာ ဆိုရင်လည်း တစ်ခုခု ထော်လော် ကန့်လန့် လာပြော လာလုပ်ရင် ဘာမှ ပြန်မပြောရင်တောင် မျက်နှာက ပျက်နေပြီ။ ကြည့်လိုက်တာနဲ့ သိသာတယ်။ တွေ့ဖူးတဲ့ သူတစ်ယောက်ကတော့ သူ့ကို မဟုတ်တာ လာလုပ် လာပြောရင် ပေါသလိုလိုနဲ့ ရယ်ကာ မောကာ ပြန်တွယ်တာ။ ကျွန်တော်တို့ကတော့ အဲဒီလို မလုပ်တတ်တာ ခက်တယ်။ ၀င်းဝင်း လိုမျိုး ဖြစ်အောင် မလုပ်တတ်ဘူးပေါ့။ Win-Win ကိုပြောပါတယ်။

ပေါနိုင်တယ် ဆိုတာ ပါရမီ ရှိလို့ပဲ ဖြစ်ဖြစ် ပါးနပ်လိုပဲ ဖြစ်ဖြစ် အရည်အချင်း တစ်ခုခု ရှိမှ ပေါနိုင်တာမျိုးကိုး။ ကျွန်တော်တို့ မပေါတတ်ဖြစ်နေတယ် ဆိုတာကလည်း ကားမောင်း သင်ခါစ။ စက်ဘီးစီး သင်ခါစ လူတွေလိုမျိုး ဖြစ်နေတာ။ သိတယ် မဟုတ်လား။ ကားမောင်း သင်ခါစ ဆို စတီယာတိုင် ကို ဘယ်ညာ မှန်အောင် လှည့်တတ်ဖို့ ဘရိတ်နဲ့ လီဗာနဲ့ မှန်အောင် နင်းတတ်ဖို့ လောက်ပဲ ဂရုစိုက်နိုင်တယ်။ ကုန်းဆင်းမှာ ဖရီးရိုက်ဖို့တို့ မောင်းနေရင်း ကက်ဆက်ဖွင့်ဖို့တို့မျိုး အပိုတွေ လုပ်ဖို့ အာရုံ မလွှဲနိုင်ဘူး ဖြစ်နေတယ်။ အခုလည်း ခပ်တည်တည် နေတယ်ဆိုတာ ဒီလိုပဲ အခြေခံ အလုပ်တွေ အတွက် အာရုံတွေထိန်းနေရတော့ ပေါဖို့ကို အာရုံမလွှဲနိုင်ဘူး ဖြစ်နေရတာ။


အခုလို ခေတ်မကောင်းတဲ့ အချိန်မျိုးမှာ ပေါနိုင်မှ တော်ကာကျမှ။ တချို့ကတော့ ပေါပေါ ပေါပေါနဲ့ လူညွန့် ခူးစားနေတာတွေလည်း ရှိသေးတယ်။ ပေါတယ် ပေါတယ် ဆိုပြီး ရိုင်းတာရော။ ပြင်ပ လောကမှာတင် မဟုတ် ဘလော့လောကမှာပါ ရှိတယ်။ ပေါသလိုလိုနဲ့ ပေါက်ကရ ကောမန့် ပေးတတ်တာရော။ ကိုယ်ကတော့ ခပ်ပေါပေါ ပြန်မတုန့်ပြန်တတ်တော့ ခပ်မဆိတ်ပဲ နေလိုက်ပါတယ်။ အပြင်မှာလည်း အဲဒီလို ဖြစ်နေတတ်တယ်။

ပေါတယ် ပျော်တတ်တယ် ဆိုတာလည်း မွေးကတည်းက ပါလာတာ ကိုယ်တွေ့ပဲ။ သမီးဆို တစ်နှစ်သား အရွယ်အထိ မရယ် မပြုံးဘဲ။ ဒီနေရာမှာ အဖေ၊ အမေနဲ့ လာတူနေတော့ မျက်နှာမာတယ်။ သားလေးကတော့ ပြုံးရွှင်နေတာပဲ။ ဘာပဲဖြစ်ဖြစ် ရုပ်မာပေမယ့် မယုတ်မာ တတ်ရင် တော်သေးတာပေါ့။ရယ်ရယ်ပြုံးပြုံးဆိုရင်တော့ အကောင်းဆုံးပေါ့။

ဒီပို့စ်ကိုတောင် ခပ်ပေါပေါ ရေးတတ်ရင် ကိုပေါက စိတ်မဆိုးမှာ.. အဟီး။

Wednesday, March 11, 2009

ချာပါတီနှင့် ဆိတ်နို့ခဲဟင်း

ချာပါတီနဲ့ ပူတီ ကျွန်တော် ဘယ်တော့မှ မကွဲပြားဘူး။ ဆီနဲ့ ကြော်တာက ချာပါတီလား ပူတီလား မှတ်မှတ်သားသားကို မရှိတာ။ အစတုန်းကတော့ ဆီနဲ့ ကြော်တဲ့ ပူတီကို ပိုကြိုက်တယ်။ ချာပါတီက ခြောက်လို့။ အခုတော့ ဗိုက်က ၆ လ ဗိုက်ဖြစ်ချင်နေတော့ ချာပါတီကို ပိုစားဖြစ်တယ်။

ချာပါတီအတွက် ဂျုံဖောက်နည်းကတော့ ပူတီလုပ်နည်းက အတိုင်းပါပဲ။ ဂျုံကို ၂ နာရီ ၃ နာရီလောက် နှပ်ပြီးတော့ ဂျုံကို ဂေါက်သီလုံးလောက် လုံးပြီး လှိမ့်လုံးနဲ့ ဖြစ်ဖြစ် ပုလင်းနဲ့ ဖြစ်ဖြစ် မထူမပါး အ၀ိုင်းလေးတွေ ရအောင် လုပ်လိုက်ပါတယ်။ မကပ်တဲ့ အိုးမှာ အပူပေးပြီး ဆီနည်းနည်းလေး သုတ်တယ် ဆိုရုံ သုတ်ပြီး ဂျုံပြားကို တင်လိုက်ပါတယ်။ ချာပါတီပြား အရောင် ပြောင်းပြီဆိုမှ နောက်တစ်ဖက်ကို လှန်လိုက်ပါတယ်။ အိုးကင်းတိုက်တာမျိုးပါ။ ဂျုံစိမ်းနဲ့ နည်းနည်း အပူပေးလိုက်လို့ ကျက်သွားတာနဲ့ အရောင် ကွာပါတယ်။ ၁ခု ၂ ခု လုပ်ပြီးရင် သတိထားတတ်သွားပါမည်။ ဂျပ်ခဲကြီးမျိုးလည်း မဖြစ်အောင် သတိထားရပါတယ်။


သီးစုံ ကုလားဟင်းနဲ့ စားဖြစ်ပါတယ်။ ဒီတစ်ခေါက် သီးစုံ ကုလားဟင်းကတော့ ပူတီတုန်းကလို ပဲနဲ့ ပြစ်အောင် ချက်တာ မဟုတ်ဘဲ ခရမ်းသီးကို နူးပြီး ကျေနေအောင် ချက်ပြီး အနှစ် လုပ်ယူတာပါ။ ခရမ်းသီးကတော့ ပိုချိုတာပေါ့။


ချာပါတီနဲ့ စားဖို့ နောက်ထပ် ဟင်းတစ်မျိုးကတော့ ဆိတ်နို့ ဟင်းပါ။ ကုလား မင်္ဂလာဆောင် တစ်ခုမှာ စားလာပြီး ကတည်းက ကိုယ့်ဘာကိုယ် ချက်စားချင်နေတာ နို့ခဲ မရလို့ ချက်မစား ဖြစ်ဘူး။ ဆိတ်နို့ခဲ အတွက် ဆိတ်နို့ကနေ လုပ်ထားတဲ့ Feta Cheese ရိုးရိုး အတုံးမာမာကို သုံးပြီး ချက်စားကြည့်တာ အတော်ကောင်းပြီး အရသာ ဆင်ပါတယ်။ အဖြူရောင် Feta Cheese က Ricotta Cheese ထက် ပိုမာပေမည့် ရိုးရိုး Cheese အ၀ါတုံးတွေထက် အများကြီး နူးညံ့ပါတယ်။ ချက်ရတာလည်း လွယ်ပါတယ်။ ကြက်သွန်ဖြူရယ် အနီများများရယ်ကို ဆီသတ်ပါတယ်။ အရောင်ပဲ လှပြီး မစပ်အောင် Paprika အရောင်တင် ပန်းငရုတ်မှုန့်ကို သုံးပါတယ်။ သမီးကလည်း လူကြီးဟင်းတွေ နှိုက်စားတတ်တော့ နောက်ပိုင်း ဟင်းချက်ရင် Paprika ကို ပိုသုံးဖြစ်ပါတယ်။ ငရုတ်ပွကနေ အမှုန့် ကြိတ်ထားတာဆိုတော့ မွှေးပြီး အရောင်လှပါတယ်။ အရသာကတော့ လုံးဝနီးပါး မစပ်ပါဘူး။ ဆီသတ်ထားတဲ့ထဲ ခရမ်းချဉ်သီးတွေ ထည့်ပြီး ကျေတဲ့ အထိ ချက်လိုက်ပါတယ်။ ပြီးတော့မှ ကြီးရင် လေးစိပ် စိတ် ငယ်ရင် တခြမ်းခြမ်း ထားတဲ့ မှိုတွေကို ခဏ ချက်လိုက်ပါတယ်။ အရည် နည်းနည်း ထည့်ပြီး အရည် စပ်စပ် ချက်တာမျိုးပါ။ ကျက်ခါနီးမှ မီးပိတ်ပြီး Cheese အရွယ်တော် တုံးထားတာတွေကို ထည့်လိုက်ရုံပါပဲ။


Goat Cheese & Mushroom Curry

သီးစုံ ကုလားဟင်း၊ ဆိတ်နို့မှိုဟင်းနဲ့ စားရင်တော့ ခြောက်ပါတယ် ဆိုတဲ့ ချာပါတီကလည်း စားလို့ ကောင်းသွားပါတယ်။

စာဖတ်သူ တစ်ဦးရဲ့ ကောမန့်ပါ
If you have an Indian grocery near by, try Paneer instead of Feta Cheese.
(http://en.wikipedia.org/wiki/Paneer)

တခြားဖတ်ရန်- ပူတီ

Film