Monday, April 20, 2009

“အထွေထွေ” ဘလော့ဂ်များ

ဘလော့တွေကို အစု အစု Category ခွဲခြားတဲ့ အခါ နိုင်ငံရေး၊ နည်းပညာ၊ သုတ၊ ရသနဲ့ “အထွေထွေ”ဆိုပြီး ခွဲခြားလေ့ ရှိပါတယ်။ အခုနောက်ပိုင်း ဘလော်ဂါတွေကလည်း ကိုယ့်ဘလော့မှာ သတ်သတ်မှတ်မှတ် ရေးလာကြပါတယ်။ ဒါပေမယ့် တော်ရုံတန်ရုံတော့ ကဗျာနဲ့ ဆောင်းပါး မရောချင်လို့ ကဗျာ အတွက် ဘလော့ တစ်ခု၊ ဆောင်းပါး အတွက် ဘလော့ တစ်ခု သတ်သတ်မှတ်မှတ် ဖွင့်မနေတော့ပါဘူး။ နည်းနည်းပါးပါးတော့ ရောရေးကြပါတယ်။

နိုင်ငံရေး ဘလော့တွေကတော့ လည်ပတ်သူ အများဆုံးပါ။ သတင်းအနေနဲ့ ဖြစ်ဖြစ် ကြည့်ကြလို့ပါ။ တကမ္ဘာလုံးက မြန်မာတွေက ကိုယ့်အမိနိုင်ငံမှာ ဘာဖြစ်နေလဲဆိုတာ စိတ်ဝင်စားတော့ လူတိုင်းလိုလို ကြည့်ကြတဲ့ အတွက် အဲဒီဘလော့တွေဟာ လည်ပတ်သူ သန်းချီရှိသလို နေ့စဉ်လည်း Update လုပ်နေကြပါတယ်။ မှန်တာ မမှန်တာ။ ကူးချတာ မကူးချတာ အပထား အဲဒီဘလော့တွေက မြန်မာ ဘလော့လောကမှာ ကျန်တဲ့ ဘလော်ဂါတွေ ဘလော်ဂါ မထင်လောက်အောင် အောင်မြင်ကြပါတယ်။ အနည်းငယ်သော နိုင်ငံရေး ဘလော်ဂါများကလွဲရင် ဘလော်ဂါ တော်တော်များများက ကျန်တဲ့ မြန်မာ ဘလော်ဂါတွေလို အုတ်ရောရော ကျောက်ရောရော မလုပ်ကြပါဘူး။ ဒီလို လုပ်တာ တကယ်တော့ ကောင်းပါတယ်။ တကယ်တမ်း ပြောရမည်ဆို ဘလော်ဂါ အတော်များများက အဲဒီလို နိုင်ငံရေး ဘလော်ဂါတွေ နာမည်ကိုပဲဖြစ်ဖြစ် ဆက်နွယ်မှုပဲဖြစ်ဖြစ် ကိုယ့်ဘလော့မှာ ပါလာရင် အန္တရယ်ရှိနိုင်တယ် ယူဆနိုင်ကြတဲ့အတွက် ဒီလို နိုင်ငံရေး ဘလော်ဂါတွေနဲ့ ခပ်စိမ်းစိမ်းပဲ နေချင်ကြမှာပါ။

နည်းပညာ ရေးတဲ့ ဘလော့တွေမှာ ဘလော့ နည်းပညာရေးတဲ့ ဘလော်ဂါတွေကလွဲရင် ကျန်တဲ့ သူတွေ ခမျာ အားထုတ်မှုအတွက် တူညီတဲ့ အားပေးမှု မရကြပါဘူး။ ဥပမာ ရထားလမ်းတွေ ဥမင်တွေ အကြောင်းရေးတဲ့ ဘလော့တစ်ခုဆို အောင်မြင်သင့်သလောက် အောင်မြင်ပေမည့် အနုမြူအကြောင်းရေးတဲ့ မြန်မာ ဘလော့ ရှိတယ်ဆိုရင် ယုံမှာတောင် မဟုတ်ဘူး။ ဒါကလည်း မြန်မာဘလော့ ဖတ်သူတွေက နည်းပညာရှာဖို့ ဖတ်တာ မဟုတ်တဲ့ အတွက်ရယ် နည်းပညာအကြောင်းက အင်္ဂလိပ်လို ရေးထားတာ ရာနဲ့ချီပြီး ရှိလိုပါပဲ။ ကျန်းမာရေး ဘလော့တွေကတော့ အောင်မြင်ပါတယ်။ လူတိုင်းက ကျန်းမာရေးကို စိတ်ဝင်စားပြီး တခြား နိုင်ငံရောက်နေတုန်း ကျန်းမာရေးနဲ့ ပတ်သက်တာတွေကို အလွယ် မြန်မာလို ဖတ်ချင်လို့၊ ဆောင်သင့် ရှောင်သင့်တာတွေ သိချင်လို့ပါ။ ဒါကလည်း မြန်မာပြည်က စာနယ်ဇင်း လောကကို ရောင်ပြန်ဟပ်တာပါပဲ။ မြန်မာပြည်မှာ ကွန်ပြူတာ ဂျာနယ်၊ ဆေးပညာ မဂ္ဂဇင်းတွေ ရောင်းရပေမယ့် အနုမြူဂျာနယ်တို့ Rocket Science ဂျာနယ်တို့ သင်္ချာဂျာနယ် ဆိုတာ ရှိမှ မရှိတာ။ (ရန်ကုန်တက္ကသိုလ် ဘာသာရပ်ဆိုင်ရာ အသင်းတွေမှတော့ နှစ်စဉ် ထွက်ပေမယ့် အပြင်မှာ တွေ့ရခဲပါတယ်။ အခုတော့ ထွက်သေးလား မသေချာပါဘူး။)

နည်းပညာနဲ့ သုတကို ဘယ်လို ခွဲရမလဲတောင် မသိဘူး။ ဘာသာရပ် သီးသန့် ရေးပြီး အတွင်းကျကျ ရေးတဲ့ ဘလော့တွေကို နည်းပညာ ဘလော့ ခေါ်ပြီး အထွေထွေ ဗဟုသုတ ရေးတဲ့ ဘလော့ကိုတော့ သုတ ဘလော့လို့ ခေါ်မလားပဲ။ ဘလော့နည်းပညာ ဒါမှမဟုတ်IT နည်းပညာရေးမှ သုတလို့ သတ်မှတ်ရင်တော့ အမြင်ကျဉ်းရာ ကျသွားပါမယ်။ နိုင်ငံတကာ အကြောင်း ရေးတဲ့ ဘလော့တွေက သုတထဲမှာ ပါနိုင်ပါတယ်။ တကယ်ဆိုရင် နိုင်ငံရေးထဲမှာလည်း ပါနိုင်ပါတယ်။ (ကျွန်တော်ဖတ်တဲ့ အထဲမှာ) မကေသွယ် ဘလော့နဲ့ TZAရဲ့ ဒီဂိုလာ ဘလော့နှစ်ခုကတော့ နိုင်ငံတကာ အကြောင်း အတော် ရေးနိုင်တာ တွေ့ရပါတယ်။ မကေသွယ်ဘလော့က (မဆလ ခေတ်တုန်းက ဖတ်ကောင်းတဲ့) နိုင်ငံတကာရေးရာ ဂျာနယ် ဖတ်ရသလိုမျိုးပါပဲ။ Analysis ပိုဆန်ပါတယ်။ ဒီဂိုလာ ဘလော့ကတော့ သတင်း ကြည့်ရသလိုပေါ့။ Pop ပိုဆန်ပါတယ်။ သူတို့ ဘလော့တွေဟာ ဒီလို Category ထဲမှာ ရှိတယ် မဆိုလိုပါ။ သူတို့ ရေးတဲ့ အထဲက နိုင်ငံတကာနဲ့ ဆိုင်တာတွေ ကြိုက်တယ် ပြောပါတယ်။

ဘလော့တွေ ပေါ်မှာ မဟုတ်ဘဲ အပြင်မှာ စားရေးဖို့ မြေစမ်း ခရမ်းပျိုးကြတာ ကဗျာတိုလေး ၀တ္ထုတိုလေး ဆောင်းပါးတိုလေးတွေနဲ့ စကြပါတယ်။ မြန်မာဘလော့မှာတော့ မြန်မာပြည်တွင်း ဘလော့များနဲ့ ပြည်ပဘလော့များ ဆိုပြီး ခွဲကြည့်လိုက်ရင် မြန်မာ ပြည်တွင်း ဘလော့များကတော့ စာစရေးသူတွေလို ကဗျာတို့ ဘာတို့ကနေ စကြပါတယ်။ ပြည်ပ ဘလော့များကတော့ တခြား ကိုယ်ရေးကိုယ်တာကနေ စပါတယ်။ အလွယ်ဆုံး ပြောရရင်တော့ ကိုယ့်တွေ့ကြုံခဲ့တဲ့ ဓါတ်ပုံတွေ တင်ပြီး စာတိုလေးတွေ ရေးပြီး စကြပါတယ်။ ညီလင်းဆက်လို မြန်မာဘလော့ ဘိုးအေကြီးတောင် ဓါတ်ပုံလေးတွေ တင်ပြီး စခဲ့တာပါ။

မြန်မာဘလော့ အကယ်ဒမီဆိုပြီး လုပ်ကြတုန်းက ပန်ဒိုရာ ဘလော့ကို “အထွေထွေ” ဆိုတာထဲ ထည့်ထားတာ အင်မတန် နှမြောဖို့ ကောင်းပါတယ်။ မပန် ဘလော့က ရသ ဘလော့ဂ်တွေမှာ ထိပ်ဆုံးတန်းကနေ ရှိတယ်လို့ အချင်းချင်းတွေ မြှောက်မပြောချင်ပေမယ့် ပန်ဒိုရာ ဘလော့က တစ်ပုဒ်ဆို တစ်ပုဒ် ရသပေးနိုင်တာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ သူ့အနေနဲ့လည်း (ဥပမာ) ရသပေးတဲ့ ပို့စ် ၅ ပုဒ်လောက် ရေးပြီး တစ်ပုဒ်လောက်တော့ လွတ်လွတ်လပ်လပ် ရေးချင်ရှာမှာပါ။ ဘလော့ရေးတယ်ဆိုတာ စိတ် အပန်းပြေအောင် ရေးကြတာပဲ။ Seriously ရသ ရေးတဲ့ တောကျောင်းဆရာလို ၉၉.၉၉% ရသ ဘလော့တွေ ဆိုတာ အင်မတန် ရှားပါတယ်။ မနော်ဟရီတောင် သူ့သားမွေးနေ့ ဘလော့မှာ ရေးသေးတာပဲ။ ဒါကိုရော ရသ မဟုတ်ဘူးဆိုပြီး သူ့ဘလော့ကို အထွေထွေထဲ ထည့်ဦးမလား။

ကဗျာတွေ အတွေးအခေါ်တွေပဲ ရေးတဲ့ ဘလော့တွေကို ရသအုပ်စုထဲ ထည့်တာ လွယ်လွယ်ကူကူ နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကျန်တာတွေကို “အထွေထွေ” ဆိုတဲ့ အထဲ ထည့်လိုက်တာတော့ နားလည်ရခက်ပါတယ်။ ဒါပေမယ့် နိုင်ငံရေး၊ နည်းပညာ၊ သုတနဲ့ ရသပြီးရင် ကျန်တာတွေက မြောင်းထဲ မဟုတ်တောင် အထွေထွေ ဆိုတာထဲ ရောက်သွားတာကတော့ Classification ထပ်မံပြီး မလုပ်ကြတာ အတော် စိတ်ဝင်စားဖို့ ကောင်းတယ်။(အခုမှ ဇာတ်လမ်းက စမှာပါ.. ဒန်.. တန့်တန်)

(နိုင်ငံတကာမှာ) ဘလော့ရဲ သဘောက Commentary ဒါမှမဟုတ် News ဒါမှမဟုတ် Diary ဆန်ပါတယ်။ ဘလော့ကို မြန်မာပြည်က စာနယ်ဇင်းတွေလို စာရေးဆရာတွေ ရသမြောက်အောင် ရေးသလို စည်းနဲ့ ဘောင်နဲ့ ရသဆန်ဖို့ မမျှော်လင့်သင့်ပါဘူး။ (ကျွန်တော်ကလည်း ရသ မရေးတတ်တော့ ကျွန်တော့် ဘလော့လို ဘလော့တွေဘက်ကနေ ရှေ့နေ လိုက်ပါမည်)။ ဒီလို ဘလော့တွေကိုမှ ကိုယ်ရေးကိုယ်တာတွေ ရေးလို့ စာရေးတာ မဟုတ်ဘူး ဆိုလည်း ရှိပါစေတော့။ သူတို့ Blog ရဲ့ သဘောကို နားမလည်လို့လို့ မှတ်လိုက်တယ်။

ကျွန်တော် ယုံကြည်တယ်။ (တစ်ဦးတည်း ရေးတဲ့) ဘလော့ဆိုတာ ကိုယ်ရေးကိုယ်တာ ဆန်ပါတယ်။ မဟုတ်ဘူးဆိုရင် ဘယ်ဘလော့ဆိုတာ အားလုံးသိအောင် ပြောနိုင်ပါတယ်။ ရှိလှ ၅ ခု မရှိပါဘူး။ အဲဒါကိုမှ ဘလော့တွေက ကိုယ်ရေးကိုယ်တာ ဆန်တယ် ဆိုရင် ထပ်ရှင်းပြစရာ မလိုပါဘူး။ တကယ့်တကယ် ကိုယ်ရေးကိုယ်တာ သိပ် ဆန်လွန်းအား ကြီးသွားမှသာ အများက စိတ်ဝင်စားတော့ မှာမဟုတ်ပါဘူး။ ဘလော့တစ်ခုဟာ ကိုယ်ရေးကိုယ်တာတွေပဲ ရေးပေးမယ့် စိတ်ဝင်စားတဲ့လူ ရှိနေသေးတာကလည်း သူ့စာထဲမှာ “Common Ground” တစ်ခု “Interestingness” တစ်ခု ရှိနေသေးလို့ပါပဲ။ (ကျွန်တော့်ဘလော့ဂ်ကို ကိုယ်ရည်သွေးရန် မဆိုလိုပါ။ တခြား ကိုယ်ရေးကိုယ်တာ ဆန်ပေမယ့် လူအများ စိတ်ဝင်စားနေတဲ့ ဘလော့တွေကိုလည်း ပြောပါတယ်။)

အရင်တုန်းက ကိုယ့်ဘလော့မှာ နိုင်ငံရေး မရေးရင် Spy လိုလို စစ်တပ်ကလိုလို အထင်ခံရမယ့် ကာလလေးတွေ ရှိခဲ့ပါတယ်။ ဒီပို့စ်ရေးနေတဲ့ ယနေထက်တိုင်တော့ ဘလော့မှာ ရသမရေးရင် စာရေးရာ မမြည်ဘူးဆိုတဲ့ အတွေးအခေါ်လေးတွေ ရှိနေဆဲပါ။ ဟုတ်တော့လည်း ဟုတ်တာပဲ။ ဘလော့ရေးတာပဲ စာ(ရသစာပေ) ရေးတာမှ မဟုတ်တာ။ ကျွန်တော် ဘလော့ စရေးတုန်းကလည်း အတွေးအခေါ်လည်း မဟုတ်၊ ရသလည်း မပေးနိုင်လို့ ကျွန်တော့် ဘလော့က ပုံမှန် အားပေးနေကြသူတွေ ကလွဲရင် တော်ရုံတန်ရုံ အတန်းထဲ မထည့်ချင်ပါဘူး။ အဲဒီတော့ We She Me က “အထွေထွေ” ဘလော့ဂ် ဖြစ်နေတာပေါ့။

သုတေသနဆန်ဆန် စစ်တမ်းတော့ မကောက်ထားပေမယ့် တွေ့နေရတာတော့ (ပြည်ပမှ) မြန်မာဘလော့တွေမှာ ၁၀% ကပဲ နာမည် တပ်ထားတဲ့ နိုင်ငံရေး၊ နည်းပညာနဲ့ ရသ အုပ်စုထဲမှာ ရှိနိုင်ပါတယ်။ ကျန်တဲ့ ဘလော့ဂ်တွေကတော့ “အထွေထွေ” ဆိုတဲ့ အုပ်စုကြီး အောက် ရောက်နေပါတယ်။ အဲဒီ အထွေထွေ အုပ်စကနေမှ တသီးတသန့် အောင်အောင်မြင်မြင် ခွဲထွက်လာနိုင်တာ ဟင်းချက်နည်း ဘလော့တွေပဲ ရှိပါသေးတယ်။ ကျွန်တော်တို့လို ဘလော့က “ဗြောက်သောက်”လို့ အဓိပ္ပါယ် ယူချင် ယူနိုင်တဲ့ “အထွေထွေ” အုပ်စုထဲမှာ ရှိနေပါသေးတယ်။

စာဖတ်သူ တော်တော်များများကတော့ ဘလော့တွေကို အုပ်စုခွဲပြီး ဖတ်နေတာ မဟုတ်ဘဲ ဒီဘလော့ရောက်ရင် ဒီလို ခံစားရမည် ဒီလို သုတရမည် (ကျွန်တော့် စကားနဲ့ဆို ဒီဟော်မုန်း ထွက်မည်) ဆိုတဲ့ အသိနဲ့ပဲ ဖတ်ကြပါတယ်။ ဒါပေမယ့် ဘလော်ဂါရဲ့ အားသန်မှုပေါ် မူတည်ပြီး အပျော်ဟော်မုန်းလား သရော်ဟော်မုန်းလား ရသဟော်မုန်းလား စတာပဲ ကွဲသွားပါတယ်။

ဒီလို ဘလော့တွေမှာ သီးသန့် မဆန်နိုင်တဲ့ အတွက် ဒီနှစ် မြန်မာဘလော့ အကယ်ဒမီကျရင်တော့ ဘယ်လို အုပ်စုခွဲမလဲ ဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ မနှစ်က Vote ကြတုန်းက We She Me လေးကို အားပေးကြပါတယ်။ ဒါပေမယ့် အဲဒီလို အုပ်စုခွဲထားတာကို သဘောမကျလို့ ကိုယ့်အတွက် Vote ပေးကြသူတွေကိုတောင် ကျေးဇူးတင်ကြောင်း မပြောလိုက်ရဘူး။ သူတိုရဲ့ စေတနာနဲ့ အားထုတ်မှုကို Appreciate လုပ်ပါတယ်။ ဒီလို Categorize လုပ်တာရယ် ဘလော့ဆိုတာ အနည်းနဲ့ အများတော့ ဟိုကဏ္ဍ ဒီကဏ္ဍပါတယ်ဆိုတာကိုလည်း သိစေချင်ပါတယ်။ အဲဒီအချက်ကြောင့် ဘလော့ အကယ်ဒမီဆိုတာ ရုပ်ရှင် အကယ်ဒမီလို မဖြစ်နိုင်ပါဘူး။ ရုပ်ရှင်ဆိုတာ တစ်ကားတည်းပါ။ ဇာတ်လမ်း ကျောရိုး တစ်ခုတည်းပါ။ ဘလော့ဆိုတာ ပို့စ်တွေ အများကြီးပါပါတယ်။ ပို့စ်တိုင်းလိုလိုဟာ Category တစ်ခု အောက်မှာ ရှိမနေနိုင်ပါဘူး။

အုပ်စု ခွဲချင်သပဆိုလည်း ခွဲကြ။ သူများ ပေးတဲ့ အုပ်စုကို မကြိုက်ဘူးဆိုလည်း ကိုယ့်ဘာကြိုက်လည်း ပြောကြေးဆိုရင်တော့ ကျွန်တော် ကိုယ့်ဘလော့ဂ်ကို ကိုယ် Lifestyle အုပ်စုထဲ ထည့်ချင်တယ်။ ကျွန်တော့် ဘလော့မှာ ကျွန်တော် ဘယ်လိုနေတယ်၊ စားတယ်။ ဘယ်သွားတယ် ဆိုတာတွေပဲ ရေးတယ်။ ကိုယ့်မိသားစု အကြောင်း ကိုယ်ရေးတယ်။ ဒါကြောင့် Lifestyle အုပ်စုထဲ ထည့်ချင်တယ်။ ဒီလို Lifestyle မဂ္ဂဇင်းတွေတောင် မြန်မာပြည်မှာ ဆိုရင် စာရေးဆရာတွေက ဇယားထဲ ထည့်တာ မဟုတ်ဘူး။ ရသ စာပေသမားတွေကလည်း ဒီမဂ္ဂဇင်းတွေက ကြွေစက္ကူတွေ သုံးပေမယ့် အနှစ်မရှိဘူး ဆိုပြီး သတ်မှတ်ကြတာ။ ရှိပါစေတော့ ဒါ မြန်မာပြည် စာနယ်ဇင်းလောက။ ကိုယ်နဲ့ အလှမ်းဝေးတယ်။ ဘလော့မှာတော့ အဆင့်အတန်း သတ်သတ်မှတ်မှတ် မရှိလှတဲ့ “အထွေထွေ” ဆိုတာထက် စာရင် ကိုယ်ပေးချင်တာ ပေးထားတဲ့ “Lifestyle” ဆိုတာက တော်သေးတယ်။


ဒီအကြောင်းက ရေးဖို့ ခေါင်းထဲ ရှိနေတာ ကြာပါပြီ။ ကိုရင်ညိန်းရဲ့ တစ်နှစ်ပြည့်ပို့စ် အနှီဗာစရီ (Anniversary) အထူပို့စ်ဖတ်ပြီးတော့ ချရေးဖြစ်သွားတာပါ။ သူနဲ့ အမြင်ကွဲတာတွေ ထောက်ခံတာတွေ မဟုတ်ပါဘူး။ ရင်ထဲမှာ ရှိနေတာလေးတွေ သူ့ပို့စ်ဖတ်ပြီးနောက် ချရေးလိုက်တာပါ။ ဒါကျွန်တော့် ခံစားချက် သက်သက်ပါ။ ကျန်တဲ့ သူတွေလည်း ကြိုက်သလို ခံစားနိုင်ပါတယ်။

ဘလောဂါတွေရော အုပ်စုခွဲမှ ရမည်ဆို ကိုယ့်ဘလော့ကို ဘယ်လို နာမည် ပေးထားတဲ့ Category ထဲ ထည့်ချင်သလဲ သိချင်ပါတယ်။ တကယ်လို့များ အကယ်ဒမီ ဘုတ်အဖွဲ့က ကိုယ်မလိုချင်တဲ့ အထဲ ထည့်လိုက်တာ မကြိုက်ဘူးဆိုရင်ပေါ့။ ဒီစာဖတ်ပြီး ကျွန်တော့်ဘလော့ဟာ ဘယ်လို ဖတ်လို့ ကောင်းကြောင်း ဘာကြောင်း အလာပ သလာပ Comment ပေးသွားရင် ကျေးဇူတင်ပါတယ်။ ပိုပြီး ကျေးဇူးတင်မှာကတော့ ဒီအကြောင်းအရာပေါ် ဖြည့်စွက် ပြောသွားရင်ပါ။ ဒါမှမဟုတ် စာဖတ်သူတွေက ဘယ်လိုမျိုး ကြိုက်သလဲဆိုလည်း သိရတာပေါ့။ ဒါပေမယ့် ခက်တာက ဒီဘလော့ ဖတ်တဲ့ သူတွေက “အထွေထွေ” ဘလော့ ဖတ်တဲ့သူတွေ များမှာ ဆိုတော့ ဒီဘလော့မှာ လာမေးရင် ဒီလေသံပဲ ထွက်နေမှာပေါ့။

Sunday, April 19, 2009

သမီးလေး ဆွဲတဲ့ ပန်းချီ

Daycare မှာ မြတ်နိုး ဆွဲတဲ့ပုံတွေကို အမှတ်တရ တင်ထားတာပါ။ လူပုံတွေ ဘာတွေ မဆွဲတတ်သေးတော့လည်း Abstract ပေါ့။ ပုံတွေကြည့်ပြီး မောင်တိန်တို့ ထိုင်ငိုသွားမယ်။ ကလေးဆိုတော့လည်း ဘာရယ် မဟုတ် လျှောက်ခြစ်ထားတာပါ။ Expression တော့ပါချင်ပါမည်။ Technique တွေတော့ မပါဘူးပေါ့။ အပြင်မှာ ပျောက်သွားမှာစိုးလို့ Digitise လုပ်လိုက်တာပါ။


ဒီပုံကိုတော့ ကျွန်တော်က "The Nest" လို့ အမည်ပေးထားပါတယ်။ သမီးကတော့ ငှက်သိုက်လိုမျိုး တစ်ခါမှ မမြင်ဖူးပါဘူး။ သူ့ဘာသူ လျှောက်ခြစ်ထားတာ။ ကျွန်တော် နာမည်တွေ လျှောက်တပ်လိုက်လို့ ပုံကြည့်တဲ့ သူတွေ ကလေးရဲ့ ခံစားချက်တွေကို နားလည်မှုလွဲနေမှာလည်း စိုးရဲ့။



ဒီပုံကိုတော့ "Footprints" လို့ ပေးထားပြီး သူဘယ်လမ်းကြောင်း သွားနေလဲ ခံစားကြည့်ပါတယ်။ အိမ်မှာတော့ ဘောပင် အချွန်တွေနဲ့ လုပ်လို့ မနည်း ဆွဲထားရတယ်။


ကလေးထိန်းတဲ့ ဆရာမတွေ ပေးထားတဲ့ မှတ်ချက်ပါ။

"Myat Noe enjoyed painting with a paint brush. She held it with her right hand and using palmar grasp"
စုတ်တံကို လက်ထဲမှာ ဆုပ်ကိုင်ပြီး (Palmar grasp)နဲ့ ဆွဲထားတယ်တဲ့။





တခြားကလေးတွေ ဆွဲတဲ့ ပန်းချီးများ
မတန်ခူးသားလေး
 
တီတီဆွိသမီးလေး
 
ကိုပေါသမီးလေး

Friday, April 17, 2009

The Godfather

Godfather ရုပ်ရှင် အတွဲအားလုံးက ကျွန်တော် အကြိုက်ဆုံးထဲမှာ ပါပါတယ်။မာလွန်းဘရန်ဒို လည်းကြိုက်၊ အယ်လ်ပါစီးနိုးလည်း ကြိုက်တယ်။ ငယ်ငယ်တုန်းက အီတလီ မာဖီယားဂိုဏ်းတွေ အကြောင်း ရုပ်ရှင် ကြည့်ပြီးတော့ Godfather ဆိုတာ လူဆိုးဂိုဏ်း ခေါင်းဆောင်ပဲလို့ အမှတ် စွဲနေခဲ့ပါတယ်။ နှစ်ခြင်း ခရစ်ယာန်တွေမှာ ခေါင်းကိုင်ပေးတဲ့ ဘုန်းကြီးကိုလည်း Godfather ခေါ်တယ် ဆိုပါတယ်။ `ခေါင်းကိုင် အဖ´ လို့ ပြောပါတယ်။ ယေဘုယျအားဖြင့်ဆိုရင် သြဇာအရှိန်အ၀ါကြီးပြီး အစပျိုးပေး ပျိုးထောင်ပေးပြီး အုပ်ထိန်း စောင့်ရှောက်သူကို Godfather လို့ ပြောမလားပဲ။ အီတလီက Godfather တွေကလည်း မာဖီးယားဂိုဏ်းတွေမှာသာ ခေါင်းဆောင်မဟုတ်ဘဲ မိသားစုထဲမှာပါ အရာအကြီးဆုံး ဖြစ်နေတာ ရုပ်ရှင်တစ်ခုမှာ ကြည့်လိုက်ရတယ်။ မိသားစု အကြီးကြီးကို ကျွေးမွေးထားပြီး အကုန်လုံးက သူ့ကိုဆိုရင် ပါပါး ပါပါးနဲ့ ချစ်ကြောက် ရိုသေကြတယ်။ သူကလည်း မိသားစု အပေါ်မှာ တာဝန် အပြည့်အ၀ယူပြီး သူ့မိသားစုဝင် တစ်ယောက်ကို ထိရင် (မာဖီယားဂိုဏ်း ခေါင်းဆောင်ကလည်း ဖြစ်တော့) အသေအကြေ ပြန်ပြီး ကလဲ့စားချေတာမျိုးတွေ ကြည့်ရတယ်။

မိသားစု တစ်ခုမှာလည်း အဖေက သိပ်အလုပ် မလုပ်နိုင်တော့ အစ်ကိုကြီးက အမိအဘကို လုပ်ကျွေး ညီအစ်ကို မောင်နှမတွေရောပြုစု ပျိုးထောင်ပေးရတယ်။ အစ်ကိုကြီးက လုပ်ကျွေးလာတာ အချိန် နည်းနည်း ကြာတော့ အဖေကလည်း အရင်တုန်းကဆို စိတ်ကြီးပေမယ့် လုပ်ကျွေးတဲ့ သားကြီးကိုဆိုရင် အလေး ပေးလာတယ်။ အမေကလည်း အဖေကို ပြုစုသလိုမျိုး သားကြီးကို ဂရုစိုက်လာတယ်။ သားကြီးက အိမ်မှာ သြဇာ အရှိန်အ၀ါ ကြီးလာတယ်။ Godfather လိုမျိုး ဖြစ်လာတယ် ဆိုပါတော့။ ညီငယ် ညီမငယ်တွေကလည်း သူ့ကိုဆိုရင် ကြောက်နေရတယ်။

အဲဒီမှာ ညီငယ်တစ်ယောက်က အစ်ကိုကြီး အိမ်မှာ ခြယ်လှယ်နေပြီး သူက သိမ်ငယ်တယ်ဆိုတော့ အစ်ကိုကြီး နေရာ လိုချင်တယ်။ ဘေးက သွေးထိုးပေးတာလည်း ပါနိုင်တယ်။ သိပ်မကြာပါဘူး။ အစ်ကိုကြီးကလည်း အိမ်ထောင်တွေ ဘာတွေကျ ကိုယ်ပိုင် မိသားစုတွေ ဘာတွေ ရှိလာတော့ သူ့အရင် မိသားစုကို ကောင်းကောင်း မကြည့်နိုင်တော့ဘူး။ သူပျိုးထောင်ပေးထားတဲ့ ညီငယ် ညီမငယ်တွေကလည်း သူတို့ဘာသာ သူတို့အတော်အတန် ရပ်တည်နိုင်ပြီး ကျန်ခဲ့တဲ့အထဲက ညီအကြီးဆုံးက အဆင်ပြေတော့ သူက မိသားစုကို တစ်ဖန်ပြန် ကြည့်ရတယ်။

၁နှစ် ၂နှစ် ကြာတော့ ညီငယ်ကလည်း အိမ်မှာ Godfather လိုမျိုး ဖြစ်လာတယ်။ ဒါပေမယ့် Godfather နေရာက `ဖင်ပူ´မှန်း အဲဒီနေရာကို ထိုင်ကြည့်မှ သိတော့တယ်။ မိသားစု တစ်စုလုံးကို ကြည့်ရှု့စောင်ရှောက်ရတာ ဘယ်လောက် တာဝန် ကြီးမှန်း အဲဒီ နေရာ ရောက်မှ သိတော့တယ်။ အရင်တုန်းကတော့ လေး၊ငါး၊ ဆယ်နှစ် အစ်ကိုကြီးက အိမ်မှာ Godfather ဖြစ်နေတာ အဖေက အလေးပေး အမေက ပြုစုတာပဲ သိတယ်။ ဘယ်လောက်တာဝန်ကြီးပြီး ဘယ်လောက် Sacrifice လုပ်ရတယ်ဆိုတာ မသိဘူး။ ညီငယ်ကိုယ်တိုင် ၂ နှစ် ၃ နှစ်လောက် ၀င်ထိုင်ကြည့်မှ အဲဒီနေရာဟာ ဘယ်လောက် ဖင်ပူမှန်း သိတော့တယ်။ သိချင်မှလည်း သိမှာပါ။ သူက သူ့အစ်ကိုကြီးကိုပဲ ကြည့်နေတာ ဆိုတော့ သူ့အစ်ကိုကြီး သူ့မိသားစုနဲ့ ပျော်နေတာပဲ မြင်နိုင်ကောင်းတယ်။ အဲဒီနေရာကို ထပ်လိုချင် လိုချင်နေဦးမှာ။ ဒီလို ကိုယ်ပိုင် မိသားစုထောင်တာ မိဘမောင်ဘွား မိသားစုကို ထောက်ပံ့တာထက် ၂ဆ မက တာဝန်ပိုကြီးတယ်ဆိုတာ ညီငယ် သိစေချင်တယ်။

မိသားစုထဲမှာ အဖေပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် Godfather လိုမျိုးဖြစ်နေတယ်ဆိုတာ တာဝန်ကြီးလွန်းလို့ ဖြစ်နေရတာ။ သူ့ကို (အီတာလျံ ရုပ်ရှင်ထဲက ပါပါး ပါပါးနဲ့  ခေါ်နေသလို) အရေးပေးတယ်ဆိုတာ သူရဲ့ မိသားစုအပေါ်မှာ ဘယ်လောက် လုပ်ကျွေးနေသလည်းပေါ် မှီတည်နေတယ်။ သူ့နောက်ကွယ်က တာဝန်ကိုတော့ သူကိုယ်တိုင်က လွဲရင် ဘယ်သူမှ မသိနိုင်ဘူး။

ရုံးတစ်ရုံးမှာတော့ မန်နေဂျာကို လက်အောက်ငယ်သား တစ်ယောက်က မကြည်ဘူး။ သူက အမိန့်လေး ပေးလိုက်ရုံပဲ။ လက်အောက်ငယ်သားတွေက အကုန် လုပ်ရတယ်လို့ မြင်တယ်။ အောက်ခြေ အလုပ်သမားလေး မသိတာတော့ အဲဒီ မန်နေဂျာက သူတစ်ယောက်တည်းကို အမိန့်ပေးရတာ မဟုတ်ဘဲ တခြား အလုပ်သမားတွေကိုပါ အမိန့်ပေးရတယ်။ တစ်ယောက်ကို တစ်ယောက် အမိန့် တစ်ခွန်း ပေးဖို့ မန်နေဂျာက နောက်ကွယ်မှာ တစ်နာရီ တစ်ရက်လောက် တွက်ချက်ပြီး အချိန်ယူရတယ်။ အခြေခံ အလုပ်သမားတွေက ကိုယ့်အလုပ်မှာ စိတ်နှစ်ပြီး လုပ်နေချိန်မှာ မန်နေဂျာက အထက်ကိုလည်း Report တင်ရတယ်။ တခြားဌာနက မန်နေဂျာတွေနဲ့ တွေ့ဆုံရတယ်။ Client တွေ Customer တွေနဲ့လည်း ဆက်ဆံရတယ်။ ဗျာများနေရတယ်။ မန်နေဂျာဆိုတာ အမိန့် ပေးတယ်လောက်ပဲ သိတာ အောက်ခြေ အလုပ်သမားတွေ အတွက် မဆန်းပါဘူး။ Authority နောက်ကွယ်မှာ Responsibility ရှိနေပါတယ်။ Responsibility ပေးပြီး Authority မပေးပြန်ရင်လည်း အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။

တာဝန်ယူလို့ Godfather ဖြစ်။ Godfather ဖြစ်လို့ အားလုံးက တလေးတစား ချစ်ကြောက် ရိုသေကြတယ်။ အဲဒီ အဆင်ကို သိလို့ Godfather လုပ်ယူနေတာမျိုးလည်း ရှိသေးတယ်။ ဒီလိုမျိုးမှာ သာယာဖို့ ကောင်းတယ်လေ။  ဒါကလည်း လွယ်တော့ မလွယ်ဘူး။ လုပ်တတ်တဲ့လူ လုပ်နိုင်တဲ့သူမှာ ဖြစ်တာမျိုးကို။ တမင်တကာ လုပ်ယူတယ်ပဲ ဖြစ်ဖြစ် ကျေးဇူးကြွေးတွေ ချဖို့ဆိုတာ ကိုယ့်ဖက်ကလည်း တတ်နိုင်မှ ဖြစ်တာမျိုးကိုး။  အကြောင်းသိ တချို့ကလည်း သူ့ကို ပါပါး ပါပါးသာခေါ် အကုန် လုပ်ပေးတယ် ဆိုတာမျိုးလည်း ရှိသေးတယ်။ တချို့ကျတော့လည်း ကျေးဇူးကို မသိတတ်တော့ လုပ်ပေးပေမယ့် ဘာမှ ပြန်မလာတာမျိုး ရှိနိုင်သေးတာပဲ။ စေတနာ မှန်ရင်တော့ ရောင်ပြန် ဟပ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို လုပ်ယူတဲ့ Godfather တွေဟာလည်း အတိုင်းအတာ တစ်ခုအထိတော့ သြဇာလွှမ်းမိုးနိုင်တာ တွေ့ရပါတယ်။

To all the breadwinners.....

Sunday, April 12, 2009

သားနဲ့ သမီးရဲ့ မတိုးတက်မှု

သားနဲ့ သမီးရဲ့ တိုးတက်မှုတွေချည်းပဲ ရေးနေလို့ ကိုယ့်သားသမီးကိုတော့ အရမ်း တိုးတက်နေပြီလို့ မိဘတွေကတော့ ထင်နေမှာပဲ မှတ်ချက် ပေးမိချင် ပေးမိကောင်းမယ်။ တကယ်တော့ ကျွန်တော်တို့ သားသမီးတွေက အရမ်း မတိုးတက်တဲ့ အထဲမှာ ပါပါတယ်။

မြတ်နိုး ငယ်ငယ်တုန်းကဆို တစ်နှစ်အထိက ပုံမှန် တိုးတက်မှုက နှေးပါတယ်။ အသိသာဆုံးကတော့ ဆံပင်ပါပဲ။ သမီး ငယ်ငယ်တုန်းက ရယ်ရတယ်။ ဆံပင်က ပါးပါးကျဲကျဲနဲ့။ ကီတုန်းလေး။ ထိပ်ပြောင်လေး။ သမီးခေါင်းက အပူအရမ်း ထွက်တယ်။ အဲဒါကြောင့်ပဲ အမေနို့ကို အားနဲ့ ပါးနဲ့ စို့ရင် ချွေးတွေ ထွက်ပြီး စိတ်တွေတိုလာတယ်။ ခဏနေရင် ဆက်မစို့တော့ဘူး။ အဲဒီလိုနဲ့ပဲ နို့ဗူး စို့တဲ့ အကျင့် ရသွားတာ။ အဘွား လာမှပဲ ခေါင်းက အပူထွက်ရင် အုန်းဆီလိမ်းပေးရမယ်ဆိုပြီး အုန်းဆီတွေ ရွှဲနေအောင် လိမ်းပေးလိုက်တာ အုန်းဆီက Coolant လိုမျိုး ဖြစ်ပြီး ခေါင်းက အပူတွေကို စုပ်ယူလိုက်မှ ဆံပင်က ကောင်းကောင်း ပြန်ပေါက်လာတော့တယ်။

အခုလည်း ၂ နှစ်ပြည့်ပြီး သွားပြီ။ စကားကို ကောင်းကောင်း မပြောသေးဘူး။ မြင်ဘူးတဲ့ တခြား ကလေးတွေ၊ တူမလေးဆို ၂ နှစ်မှာ အတော် ပြောနေပြီ။ စကားနည်းတဲ့ အဖေ အမေရဲ့ သားသမီး ဆိုတော့ စကားနည်းတာ မဆန်းပါဘူးလေ။ ဒါပေမယ့် လုံးဝ အသံမထွက်တတ်တာမျိုး အသံ ထွက်ဖို့ ကိုယ့်ခန္ဓာက မစွမ်းသာတာမျိုး မဟုတ်ဘဲ စကားလုံး နည်းနည်းတော့ ပြောတော့ အရမ်းကြီး မစိုးရိမ်မိပါဘူး။ အခုဆိုရင်တော့ စာကြောင်းလိုက် မပြောတတ်သေးပေးမယ့် ၂ လုံးတွဲလောက်တော့ ပြောတတ်နေပြီ ဆိုတော့ မဆိုးဘူးပေါ့။ ဥပမာ `ဖေဖေ .. Up´ ဆိုပြီး အဖေကို ထခိုင်းတယ်။ တချို့ကလေးတွေဆို လုံးဝ တေမိပဲ။ ၂နှစ်ခွဲ ၃နှစ်လောက်လည်း ကျရော ပေါက်ပေါက် ဖောက်သလို စကားပြောပါလေရော။ ပြောတာမှ မြန်မာလိုရော တရုတ်လိုရောတဲ့။ ကလေးတွေ စကားပြောဖို့ ဖြစ်နိုင်လား မဖြစ်နိုင်လားဆိုတာ မိဘတွေ သတိမူမိရင်တော့ စကားမပြောသေးတောင် အလွန်အမင်း စိုးရိမ်စရာ မရှိပါဘူး။ သမီးက အခုအတော်တော့ ပြောနေပြီ။ သူ့နာမည် ဘာလဲ မေးရင် `နတ်မိုး´ တဲ့။ `မြတ်နိုး´ ကို ပြောင်းပြန် ထွက်တာ။ သူ့ကို Diaper လဲပေးလို့ Smelly... လို့ပြောရင် `မဲဆီး´တဲ့။

သားကကျတော့ သမီးလောက် လှုပ်လှုပ်ရှားရှား မနေသေးဘူး။ သမီးတုန်းကတော့ အင်မတန် ဇွဲကြီး စိတ်ကြီးသလောက် သားက အေးဆေးပဲ။ ဖြေးဖြေး ဖြေးဖြေးနဲ့ သူ့ကိုယ်သူ နာမှာ အင်မတန် စိုးရိမ်တတ်တယ်။ ပြီးတော့ အရင်နေတဲ့ အိမ်က အခုအိမ်ထက် ပိုကျယ်တယ်။ ကော်ဇောကလည်း ဆက်တိုက် အပြည့်ခင်းထားတာ ဆိုတော့ သမီးတုန်းကဆို တစ်အိမ်လုံး လျှောက်သွားနေတာ။ သားက ၁၀လ ရှိပြီး လေးဘက် မထောက်သေးဘူး တွားသွားတုန်းပဲ။ ကော်ဇောကလည်း ဧည့်ခန်းမှာ တစ်ပြတ်၊ အိမ်ခန်းမှာ တစ်ပြတ် ခင်းထားတာ။ ကလေးတွေက ဒီလို မတူတာကို သတိထားမိတော့ သားက ကော်ဇော အစပ်ရောက်ပြီဆို ဆက်မသွားတော့ဘူး။ သူ့အတွက် နယ်နမိတ် သတ်မှတ်ပေးလိုက်သလို ဖြစ်သွားတယ်။

ပြီးတော့ ကစားစရာတွေကလည်း အရမ်းများတော့ ကစားစရာတွေနဲ့ အခန်းက ပြည့်နေတယ်။ ကလေးက လွတ်လွတ်လပ်လပ် မသွားရတော့ဘူး။ ကစားစရာ တစ်မျိုးပြီး တစ်မျိုး ကိုင်ကြည့်နေတာနဲ့ ကိုယ်လက် လှုပ်ရှား မလုပ်တော့ဘူး။ ပြီးတော့ ကိုထူးက သူ့အစ်မကို အရမ်း သဘောကျတာ။ သူ့အစ်မ ဘာလုပ်လုပ် ခိုးခိုးခွိခွိရယ်ပြီး ကြည့်နေတော့တာပဲ။ သူ့အစ်မနဲ့သူ Entertained ဖြစ်နေတာနဲ့ သူ့ဘာသူ ဆော့ဖို့ အားကို မထုတ်တော့ဘူး။ သမီးတုန်းကတော့ သူဘာသူ လုပ်ဆော့ရတာဆိုတော့ မရရ အောင် ကြိုးစားပြီး လုပ်တယ်။ အဖေ အမေနဲ့ ဆော့ရတာ၊ ဥပမာ လူကြီးတွေ ထိုင်နေတဲ့ ခုံပေါ်လိုက် တက်ချင်တာမျိုးတွေဆိုတော့ မရရအောင် လုပ်တော့ အခု သားအရွယ်မှာ ထိုင်ခုံကိုင်ပြီး ရပ်တတ်နေပြီ။ သားကတော့ လေးဘက်တောင် မထောက်သေးဘူး။

သမီးနဲ့ သား တစ်နှစ်ကျော်ကျော်ပဲ ကွာပြီး အရမ်းကပ်နေတော့ ဒီအရွယ်မှာ လူကြီးတွေအတော် ဒုက္ခရောက်တယ်။ သားက သူအစ်မကို အရမ်းချစ်။ သူ့အစ်မ ကိုင်သမျှ လိုက်ကိုင်ကြည့်ချင်တယ်။ သမီးကလည်း အခုအရွယ်မှ `ပိုင်ဆိုင်မှု´ဆိုတာကို စသိတာ ဆိုတော့ Sharing လုပ်ဖို့ ကောင်းကောင်း နားမလည်သေးဘူး ဖြစ်နေတယ်။ သင်ပေးလို့လည်း မရသေးဘူး။ မောင်နှမ နှစ်ယောက်ကို အဝေတည့်အောင် လုပ်ပေးဖို့ကလည်း အမြဲတမ်း မဖြစ်နိုင်ဘူးလေ။ အရမ်းပြောလို့ သမီး စိတ်ထဲမှာ တစ်ခုခု ဖြစ်သွားမှာလည်း စိုးရိမ်ရသေးတယ်။သူ့မောင်လေးကိုလည်း တွယ်သလားမမေးနဲ့။ ကိုထူးကလည်း သူ့အစ်မနားပဲ ကပ်တယ်။ အမှတ်မရှိဘူး။ သူက သူ့အစ်မနဲ့ ဆော့ချင်တာကိုး။ မြတ်နိုးက အကပ်မခံဘဲ သူကစားစရာတွေ လုမှာစိုးလို့။ Mine.. Mine နဲ့ အသံကို စာနေတာပဲ။ Daycare က တတ်လာတဲ့ အကျင့်လေ။

သားရော သမီးရော Social တော့ ကောင်းကောင်း မရသေးဘူး။ လူတွေ့ရင် ကြောက်တတ်တယ်။ သူစိမ်းကို လက်ခံ မလွယ်ဘူး။ အဖေအမေကလည်း Social မကောင်းဘူးလေ။ ဖိန့်ဖိန့်တွေ၊ ဖောဖောတွေ မတတ်ဘူး။ လူအများကြီးနဲ့လည်း မနေရတာလည်း ပါတယ်။ အဲဒါကြောင့် သမီးက တစ်ပတ်ကို ၁ရက် ၂ရက် Daycare ပို့ထားတာ။ သမီးကလည်း ပျော်တယ်။ အတော်လည်း တိုးတက်လာတယ်။

သူတို့ အမေကလည်း အစိုးရိမ်ကြီးတယ်။ နည်းနည်း တစ်ခုခု ဖြစ်ပြီ ဆိုလည်းပြော၊ တစ်ခုခု မဖြစ်ဘူး ဆိုရင်လည်း ပြော။ ကျွန်တော်ကလည်း ကျွန်တော်ပဲ။ တစ်ခေါက်လောက် ပြောရုံနဲ့ အရေးစိုက်တာ မဟုတ်ဘူးလေ။ တခြား အာရုံတွေကလည်း များတယ်။ အဲဒါကြောင့် ပြောထားရတယ်။ ကလေးတွေ စိုးရိမ်စရာ တစ်ခုခု ဖြစ်နေရင် ၃ ခေါက်ထက်လည်း လျှော့မပြောနဲ့ ၅ ခေါက်ထက်လည်း ပိုမပြောနဲ့လို့။ သူမက တစ်ခါလာပြောလို့ ကျွန်တော်က သြော်ဒါ သူ့ဘာသူ အစိုးရိမ်လွန်ပြီး လာပြောတာဆိုပြီ ဂရုမစိုက်ဖြစ်မိမှာလေ။ အဲဒါကြောင့် တစ်ခေါက်လောက် ပြောပြီး မေ့မေ့ပျောက်ပျောက် ဖြစ်သွားရင် ကလေးတွေက အဖေနဲ့ အမေကြားမှာ သတိလက်လွတ် ဖြစ်သွားမှာ စိုးလို့။

ကလေးတွေမှာ မတိုးတက်လို့ ဖြစ်ဖြစ်၊ တစ်ခုခု ပုံမှန် မဟုတ်တာဖြစ်ဖြစ် စိုးရိမ်စရာ တစ်ခုခု ရှိပြီဆိုရင်
ကလေးအဖေကို သတိမူမိတဲ့ အထိ ပြောရပါမည်။ စိုးရိမ်တတ်တဲ့ အမေနဲ့ အလုပ်များတဲ့ အဖေကြားမှာ ကလေးတွေက ဓါးစားခံ မဖြစ်သင့်ပါဘူး။။ ကလေးအမေကလည်း ကြားဖန်များလို့ ကလေးအဖေ ထုံသွားတာမျိုး မဖြစ်အောင် အမြဲတမ်း အစိုးရိမ် ပိုမနေသင့်ပါဘူး။ သူငယ်ချင်းတွေ အသိတွေကို ဖွင့်ပြောပြပါ။ သူတို့ဆီက Tip တွေ ရနိုင်ပါတယ်။ ဒါပေမယ့် ကလေးအဖေပဲ ဖြစ်ဖြစ် အသိကလေးမိဘတွေပဲ ဖြစ်ဖြစ် ဆရာဝန်လောက်တော့ ကောင်းကောင်း မသိနိုင်တဲ့ အတွက် ဆရာဝန်နဲ့ တိုင်ပင်တာ အကောင်းဆုံးပဲ။ ဆရာဝန်တွေကလည်း ပထမအကြိမ် သွားပြရင်တော့ တော်ရုံတန်ရုံ မမြင်သာတဲ့ ဟာမျိုးဆို စိုးရိမ်စရာ မရှိကြောင်း ပြောလိုက်မှာပဲ။ ၂ပတ် ၃ ပတ်ကြာလို့မှ မပျောက်သေးရင် အဲဒီ ဆရာဝန်ဆီပဲ နောက်တစ်ခေါက်ထပ်သွားပြီး အသေအချာ ပိုမို စစ်ကြည့်သင့်ပါတယ်။ ဆရာဝန်တွေက တော်ရုံတန်ရုံ မမှားတတ်ပေမယ့် ကိုယ့်စိတ်ထဲမှာ ဒီဆရာဝန်နဲ့ အဆင်မပြေဘူးဆိုလည်း နောက်ဆရာဝန် တစ်ယောက် ပြောင်းပြဖို့ ၀န်မလေးပါနဲ့။ ဒီလိုနဲ့ပဲ ကလေးတွေက အိမ်မှာ VIP ဖြစ်နေတော့တယ်။ ။

Monday, April 06, 2009

VOA နှင့် အင်တာဗျူး

Voice Of America (VOA) မြန်မာပိုင်းအစီအစဉ်ရဲ့ “ဘလော့ဂါတွေ ပြောသမျှ” ကဏ္ဍမှာ We She Me ဘလော့ အကြောင်း အင်တာဗျူး အတိုလေး ထုတ်လွှင့်ထားတာ နားဆင်ချင်ရင်တော့ ဒီမှာပါ။ MP3 ဖိုင်ကိုတော့ ဒီမှာ download လုပ်လို့ရပါတယ်။ အလုပ်ထဲက ကွန်ပြူတာမှာ ကျွန်တော့် အသံကြီး ထွက်လာလို့ အနားကလူတွေ ဘုကြည့်ကြည့်ရင်တော့ တာဝန်မယူပါဘူး :-)


Sunday, April 05, 2009

ငါးခေါင်းဟင်းချို

ငါးခေါင်းဟင်းချိုက ချက်ရတာ လွယ်ပါတယ်။ ငါးခေါင်းဟင်း ချက်တော့ ဖေကြီးကို သတိရတယ်။ (ကျွန်တော်တို့က အဲဒီလိုပဲ ဖေကြီး မေကြီးလို့ ခေါ်တယ်)။ ဖေကြီးက ငါးခေါင်းဟင်း အရမ်းကြိုက်တယ်။ ငယ်ငယ်တုန်းက Bamboo House ဆိုတဲ့ ဆိုင်မှာ လိုက်ကျွေးတာလည်း ပြန်အောက်မေ့တယ်။


ငါးခေါင်းဟင်းအတွက် ကြိုက်တဲ့ ငါးခေါင်းသာသုံး။ ကြီးရင် ပြီးရော။ ကျွန်တော်ကတော့ ဒီမှာ ဆော်လမွန်ငါးခေါင်းတွေ ပေါပေါပဲပဲ ရောင်းနေတော့ ဆော်လမွန် ငါးခေါင်းနဲ့ ချက်တယ်။ စာရှိမိအတွက် အသားတွေ လွှာပြီးတော့ ကျန်တဲ့ ခေါင်း၊ အရိုးနဲ့ အမြီးတွဲလျက်ဟာ တစ်ခုကိုမှ ၂ ကျပ်၊ ၂ ကျပ်ခွဲပဲ။ ကက္ကတစ် ခပ်လတ်လတ် တစ်ကောင် ၁၅ ကျပ်ပေးနေရတဲ့ အချိန်မှာ ၂ကျပ်ဆိုတာ အလကား နီးပါးပဲ။

ငါးခေါင်းထဲက ပါးဟပ်တွေကို ပလိုင်ယာနဲ့ ဆွဲထုတ်လိုက်တယ်။ ပြီင်္းတော့ ဆားလေးပတ်ပြီး (မီးဖိုချောင် အတွက် သပ်သပ်ထားတဲ့) သွားပွတ်တံနဲ့ နည်းနည်း တိုက်လိုက်တယ်။ ပါးနှစ်ဖက်ကို ခုတ်လိုက်တယ်။ ပြီးတော့ ဒယ်အိုးပေါ်မှာ ဆီနည်းနည်းလေး ထည့်ပြီး အပြင် အရေခွံတွေ ကျက်ရုံ ခဏ ကြော်လိုက်ပါတယ်။ ကြော်လိုက်တဲ့ အတွက် မညှီတော့သလို အရေခွံတွေလည်း တင်းသွားပါမည်။

ကြက်သွန်ဖြူ များများ၊ ဂျင်း လက်တစ်ဆစ်၊ စပါးလင်အောက်ပိုင်း ၂ခု ၃ခုလောက်၊ ကြက်သွန်နီ အကြီးကြီးဆို တစ်ဥလောက်နဲ့ ငရုတ်သီးမှုန့်ဖြစ်ဖြစ် အရောင်တင်မှုန့်ဖြစ်ဖြစ် သုံးပြီး ဆီသတ်ပါတယ်။ ပြီးတော့ လက်ညှိုးတစ်ချောင်းစာ ဗျက်လောက် လှီးထားတဲ့ မျှစ်ချဉ်ထည့်လိုက်ပါတယ်။ မျှစ်ချဉ်က မပါမဖြစ်ဆိုပေမယ့် များရင် အနံ့ ပြင်းမှာ ဆိုးလို့ နည်းနည်း လျှော့ထည့်ပြီး တခြား မျှစ်ဆို့ အ၀ါရောင်တွေကို အတုံးကြီးကြီး ဖြစ်အောင် လှီးပြီး ထပ်ထည့်ပါတယ်။ ရေနည်းနည်း ထည့်ပြီး မျှစ်တွေ နူးတဲ့ အထိ တည်ထားလိုက်တယ်။

နောက်မှ ငါးခေါင်းဖတ်တွေရယ်၊ ပဲပြား၊ ပြုတ်ပြီး ခွာထားတဲ့ ငုံးဥ၊ ငါးဖယ်လုံး (မထည့်လည်း ရပါတယ်)၊ ထူထူ လှီးထားတဲ့ မုန်လာဥနီတွေ ထည့်ပြီး ရေထပ်ထည့်ပါတယ်။ စပါးလင် အပေါ်ပိုင်းတွေကိုလည်း ထုံးပြီး ထည့်လိုက်ပါတယ်။ ဆားသင့်ရုံထည့်ပါတယ်။ နောက်အရေးကြီး လိုအပ်တဲ့ ရှောက်ရည် ဒါမှမဟုတ် သံပုရာရည် များများ ထည့်ပါတယ်။ အချဉ်စူးပါစေ။ မန်ကျီးရည် အချဉ်ကို ငံပြာရည်က နိုင်ပေမယ့် ရှောက်၊သံပုရာသီး အချဉ်ကိုတော့ ဆားက ပိုဆိုးစေပါတယ်။ သကြားနည်းနည်း ထည့်ပြီး အရသာကို ထိန်းလိုက်ပါတယ်။ ငံပြာရည် ထည့်ရင်လည်း ငံပြာရည်က တခြား အနံ့တွေကို အုပ်သွားမှာ စိုးလို့ မထည့်ပါဘူး။ သူမတို့ တောင်ကြီးဖက်က စတိုင် (ရှမ်းခေါက်ဆွဲတွင် သုံးသော) ပဲငပိအစပ် ၃-၄ ဇွန်း ထည့်လိုက်ပါတယ်။

ပွက်အောင်တည်ထားလိုက်ပြီး အရသာတွေ ရောသမသွားရင် အဆင်သင့်ဖြစ်ပါပြီ။ ကျသွားရင် အရသာ မြည်းကြည့်ပြီး အချဉ်လိုရင် အချဉ် ထပ်ထည့်နိုင်ပါတယ်။


ငါးခေါင်းဟင်းနဲ့ လိုက်ဖက်တာကတော့ ကုက္ကိုင်းက ကော်ကြော် ဖြစ်ပါတယ်။ စင်္ကာပူ စတိုင် ငါးခေါင်းဟင်း စားချင်ရင်တော့ ဒီမှာ ရနိုင်ပါတယ်။


Friday, April 03, 2009

Junk လင်မယား

Junk လင်မယားဆိုလို့ ဗြုတ်စဗျင်းတောင်း လင်မယားလားလို့ ထင်ရောမယ်။ ထင်လည်း ထင်ချင်စရာ။ အိမ်မှာ ကလေးနှစ်ယောက်နဲ့ ဆိုတော့ ဧည့်ခန်းက အမှိုက်ပုံလိုပဲ။ အမြဲတမ်း ကလေးကစားစရာတွေနဲ့ ပြည့်နေတာပဲ။ သိမ်းလို့လည်း မရဘူး ခဏနေ သမီးက အကုန် သွန်ချပြီး ဆော့ပြန်ရော။ ဒါတောင် အငယ်ကောင်က ဘာမှ မလုပ်တတ်သေးဘူး။ နောက်ဆိုရင်တော့ နှစ်ကောင် ပေါင်းပြီး နိုင်တောင် နိုင်မှာ မဟုတ်ဘူး။ ထားပါတော့။ သြော်ဇီ စတိုင်နဲ့ Junkie လင်မယားလို့ ပြောပြန်ရင်လည်း ဆေးစွဲနေတဲ့ လင်မယားလို့ ထင်နေဦးမယ်။ Junk လင်မယား ဆိုတာ သူမက Junk Mail တွေ စောင့်ဖတ်တတ်ပြီး ကျွန်တော်က Junk Food တွေကို ကြိုက်လို့ Junk လင်မယားလို့ ပြောတာပါ။

စာဖတ်သူတွေလည်း ကြုံဖူးပါတယ်။ ကိုယ့်အိမ်က စာတိုက်ပုံးထဲ တံဆိပ်ခေါင်းမပါဘဲ ရောက်လာတဲ့ Junk Mail တွေလေ။ Email က လာတဲ့Spam Mail တွေက ဖတ်လို့ မကောင်း အသုံးမ၀င်တဲ့ အတွက် အော်တို ဖျက်ထားပေမည့် ဒီလို အပြင်က Junk Mail တွေကတော့ ကုန်ပစ္စည်း ကြော်ငြာ တွေ ဆိုတော့ ကြည့်လို့ ကောင်းတယ်။ သူမကတော့ အသည်းအသန်။ တနေ့တနေ့ Junk Mail မျှော်တာ ရည်းစားစာ မျှော်သလိုပဲ။ Junk Mail လေးများ မရရင် စားမ၀င် သလိုမျိုး။ ညနေဆို စာတိုက်ပုံး သွားစစ်ပြီး Junk Mail တွေ တထပ်ကြီး ရရင် မျက်နှာကို ဖြီးနေတာပဲ။ ပြီးရင် တစ်ခုပြီး တစ်ခု ဇိမ်ပြေနပြေ ထိုင်ကြည့်ပါလေရော။ အိမ်ပြောင်းလာစတုန်းက အရင် အိမ်ရှင်တွေက Junk Mail မလိုချင်လို့ စာတိုက်ပုံးမှာ No Junk Mail Please ဆိုပြီး ကပ်ထားတယ်။ ကျွန်တော်တို့ ရောက်တော့ No လေးကို တိပ်အနောက်နဲ့ ကပ်ထားလိုက်တယ်။ Junk Mail Please... Junk Mail Please ဆိုပြီး ပူဆာနေတဲ့ စာတိုက်ပုံး အဆန်းလေး ဖြစ်နေတာပေါ့။

စင်္ကာပူမှာတုန်းကလည်း ညဖက်ဆို စာတိုက်ပုံးတွေကို တဂျောင်ဂျောင်းနဲ့ Junk Mail တွေလာထည့်တာ ကြုံဖူးတယ်။ ပေတံလိုမျိုး သုံးပြီး စာရွက်တွေကို စာတိုက်ပုံးထဲ ထည့်တာလေ။ လုပ်နေကြဆိုတော့ ကျွမ်းကျင်နေပြီနဲ့ တူပါတယ်။ စာတိုက်ပုံး ၃၀- ၄၀ ကို လက်တစ်ဘက်က ပေတံနဲ့ တခြား တစ်ဘက်က စာရွက်တွေ အထပ်လိုက် ကိုင်ပြီး တဂျောင်းဂျောင်းထည့်တာ တွေ့ဖူးတယ်။ ဒီက အိမ်မှာတော့ Junk Mail တွေ ပိုလာတယ်။ အိမ်နားမှာ Mall ကြီးတစ်ခု ရှိတော့ အဲဒီက ဆိုင်တွေက ကြော်ငြာတွေ Discount တွေ အပတ်စဉ် ရိုက်ထုတ်နေတာလေ။ သူမ အကြိုက်ပဲပေါ့။ ကျွန်တော်လည်း အီလက်ထရောနစ် ပစ္စည်း ကြော်ငြာတွေဆိုရင်တော့ သူနဲ့ ရောပြီး လိုက်ကြည့်မိပါတယ်။

သူဒီလို Junk Mail တွေ ကြိုက်တတ်တိာု ကျွန်တော်ကလည်း အင်မတိ အင်မတန် သဘောထားကြီးစွာနဲ့ ခွင့်လွှတ်ထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ Junk Mail တွေ ကြည့်ပြီး Grocery Store တွေမှာ Discount ရတယ်လေ။ အစားအသောက်တွေ အိမ်မှာလိုတဲ့ ပစ္စည်းတွေကလွဲရင်တော့ Junk Mail ထဲက တခြား ကြော်ငြာတွေ ဥပမာ ရွှေထည်တို့ ဘာတို့ကိုတော့ မပူလည်း မပူဆာတတ်ဘူးလေ။ နို့မဟုတ်ရင်လည်း ကျွန်တော်က စာတိုက်ပုံးကို သူမ မဖွင့်ခင် ဖွင့်ပြီး အဲဒီလို ကြော်ငြာတွေကို အရင် ဖျောက်ဖျက်ထားရမယ့် ကိန်းပဲ။ နောက်ပြီး ကျွန်တော်ကလည်း ကျွန်တော်ပဲ သူပစ္စည်း တစ်ခု အိမ်မှာလိုပြီဆိုရင် ဆိုပါတော့ ဘီဒိုတစ်ခု လိုချင်နေတယ်ဆိုရင် အေး.. ဘယ်လောက်လည်း ၅၀၀ လား.. ကြည့်ထားလိုက်ကွာ ၄၀၀ နဲ့Discount ရရင် ၀ယ်ပေးမည်ဆိုပြီး အိပ်မက်တွေ ပေးထားလိုက်တယ်။ အဲဒီတော့ သူကလည်း အမှတ်သညာ ကြီးကြီးနဲ့ မှတ်ထားပြီး Junk Mail တွေမှာ လိုက်ရှာပါရော။ တွေ့ရင်တော့ သေပြီ ဆရာပဲ။ ဟယ်.. ဒီမှာ လျှော့နေပြီ.. ၄၀၀ ရရင် ၀ယ်ပေးမည် ပြောထားတယ် မဟုတ်လား ဆိုပြီး စာရွက်ကြီး ကိုင်ပြီး ပြပါလေရော။

Junk Mail တွေကလည်း များလွန်းလို့ တခါတလေကျရင် ၀ယ်မယ် တေးထားပြီးမှ မေ့သွားလို့ Discount Period ကျော်သွားတာတွေလည်း ရှိပြန်တယ်။ အဲဒီတော့ နောက်ပိုင်းဆို Junk Mail တွေထဲက ကိုယ်လိုချင်တာဆို ဖြဲယူပြီး Board မှာ ကပ်ထားရတယ်။ ဒါတောင် Board ကို မကြည့်မိလို့ မေ့သွားတာတွေလည်း ရှိသေးတယ်။ အဲဒီလိုဆိုရင် နှမြေတသနဲ့ ဖြစ်နေပါရော။

Junk Mail သည် ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်တော့ မရှိပေမည့် Junk Food တွေကတော့ ကျန်းမာရေးကို ထိခိုက်နိုင်တယ် ဆိုပဲ။ ကျွန်တော်ကလည်း Junk Food တွေဆို သိပ်ကြိုက်တယ်။ Junk Food လို့ ပြောလိုက်ရင် ဘာဂါတို့ ဘာတို့ကို တန်းခနဲ ပြေးမြင်မည်။ ကျွန်တော်ကလည်း ဘာဂါတို့ KFC က ကြက်ကြော်တို့ ဘာတို့ကို စားသလား မမေးနဲ့။ အဲဒီတော့ Junk Food ဆိုတာ ဘာလဲ။ Fast Food တိုင်းက Junk Food ဖြစ်နေလား။ (မြန်မာတွေ ကြိက်တတ်တဲ့) ဘိုစာတွေကပဲ Junk Food တွေလား။ Junk Food ဆိုတာ ဘိုစာပဲ ဖြစ်ဖြစ် တရုတ်စာပဲ ဖြစ်ဖြစ် ကုလားစာပဲ ဖြစ်ဖြစ် အဟာရမဖြစ်စေဘဲ (Nutrition Value မပါဘဲ) ခန္ဓာကိုယ် အတွက် ဘေးဖြစ်စေတဲ့ အရာတွေ ပါတဲ့ အစာကို Junk Food တဲ့။ ဘေးဖြစ်တဲ့ အရာဆိုတာ ဆိုးဆေးလိုမျိုး ဆိုရင် သိသာပေမယ့် တခြား ဘေးဖြစ်တဲ့ အစာတွေက ဥပမာ သကြားတို့၊ အကြော်ခံဆီ (Trans Fat) တို့၊ (တရုတ်စာတွေမှာ ပါတတ်တဲ့) အငန်ဓါတ် (Sodium) တို့လိုမျိုးပါ။ အတိုပြောတာတော့ HFSS တဲ့။ High Fat, Sugar and Salt တဲ့။ အစတုန်းက လုံးဝ မထင်ထားဘူး။ ရိုးရိုးဂျုံနဲ့ လုပ်ထားရင်တောင်မှ Junk Food လို့ ပြောလို့ ရတယ်ဗျာ။ ဂျုံကြမ်းနဲ့ လုပ်ထားမှ အဟာရ တန်ဖိုး ရှိတာတဲ့။ သူက အမျှင်ဓါတ် (Fibre) ပါတယ်လေ။ အစားအသောက်ဆိုတာကလည်း အမျှင်ဓါတ်၊ ပရိုတင်း၊ ဗီတာမင် တွေမပါရင်လည်း Junk Food ပဲတဲ့ဗျာ။

သူမကတော့ အစတုန်းက အဲဒီလို ဘာဂါတို့ ဘာတို့ကို သိပ်မကြိုက်ဘူး။ ကျွန်တော်နဲ့ ပေါင်းမှ စားဖြစ်လာတာ။ ကျွန်တော်ကလည်း သူကို စည်းရုံးထားမှ ဖြစ်မယ်လေ။ ဒါမှ ကျွန်တော် စားချင်ရင် စားလို့ရမှ။ ကျွန်တော်က Junk Food ကြိုက်ပေမယ့် အမြဲတော့လည်း မစားနိုင်ပါဘူး။ မြန်မာ ထမင်းဟင်းလေးတော့ စားချင်ပါသေးတယ်။ ဒီကလူတွေလို Junk Food တွေ နေ့တိုင်း စားနေတာမှ မဟုတ်တာ။ ဒါတောင် ဒီမှာက စင်္ကာပူမှာနဲ့ ပြောင်းပြန် Mac တို့ ဘာတို့ဆို ရိုးရိုး အစားအစာတွေထက် ဈေးသက်သာတယ်။ ဘာဂါကို အာလူးကြော်တွေနဲ့ အအေးနဲ့ ဆိုမှ ၆ ကျပ်ခွဲ ၇ ကျပ်လောက်ပဲ။ တခြားဟာတွေက အအေးမပါဘဲ ၇ ကျပ်။ ၈ကျပ်။ အအေးလေးနဲ့ဆို ၁၀ လောက် ဖြစ်သွားရော။ အဲဒီတော့ စင်္ကာပူမှာထက် ပိုပြီး စားဖြစ်တယ်။ တစ်ပါတ်မှာ တစ်ခါလောက်တော့ စားဖြစ်နေတယ်။

ဒီက ကောင်တွေလောက် အများကြီး အမြဲတမ်း မစားပေမည့် Junk Food တွေစားတော့ စားတယ်။ အဲဒီတော့ ဒီက ကောင်တွေလောက် ကိုယ်ခန္ဓာ မကြီးလာပေမယ့် ဗိုက်ကတော့ ပူထွက်လာတယ်။ ဇော်ကန့်လန့် ဖြစ်နေတာပေါ့။ အဲဒီတော့ သူမက ဟွန်း Junk Food တွေ အရမ်း မစားရဘူးနော်တဲ့။ ဒီလို ဆိုလာရင် ကျွန်တော်ကလည်း သူ့ကို နိုင်ကွက် ရှိတယ်လေ။ သူမနဲ့ ကျွန်တော်နဲ့ မီးတွေပွင့် လျှပ်စီးတွေ လက်သွားတာ KFC ဆိုတဲ့ Junk Food ဆိုင်လေး တစ်ဆိုင်မှာ ဆိုတော့ KFC လို ဆိုင်မှာ စားချင်ရင် ငါတို့တွေ ဆုံတွေတဲ့တာလေး ပြန်ပြောင်း အောက်မေ့တဲ့ အနေနဲ့ KFC ဆိုင်မှာ သွားစားရအောင်ကွာ ဆိုရင် သူမလည်း ဘယ်ငြင်းနိုင်လိမ့်မလဲ….

တခြားဖတ်ရန် -ဆားပုလင်း Wives

Film