Sunday, May 24, 2009

အော်တိုမက်တစ် သားသားရဲ့ တစ်နှစ်ပြည့် မွေးနေ့

သား ထူးမြတ်လင်း တစ်ယောက် မွေးပြီးတော့ တစ်နှစ်ပြည့်သွားတာ အရမ်း မြန်တယ်။ အော်တိုမက်တစ် ပြည့်သွားသလိုပဲ။ အစကတည်းက သားက အော်တိုမက်တစ် ရလာတာကိုး။ အော်တိုမက်တစ် ရလာတယ် ဆိုတာ တခြားဟာတွေကို ပြောပါတယ်။ သမီးလေး မြတ်နိုးတုန်းကဆို ယူမယ် မယူဘူး စဉ်းစားလိုက်ရတာ။ တွက်ချက်လိုက်ရတာ။ သားငယ် ကိုထူးကတော့ မထင်မှတ်ဘဲ ရလာတယ် ဆိုတော့ တွေးစရာ တွက်စရာ မလိုတော့ဘူး။ အရင်ကတည်းကလည်း ကလေး ၂ ယောက်လောက် ယူမယ် စိတ်ကူးထားတဲ့ အတွက် ကိစ္စတော့ မရှိပါဘူး။ သမီးကိုယ်ဝန်နဲ့ တုန်းကလည်း ယောက်ျားလေး ဖြစ်အောင် သားဆုပန်ဖို့တို့ ဘာတို့ လုပ်လိုက်သေးတယ်။ သားလေး အလှည့်ကျတော့ အလိုက်တသိနဲ့ ယောက်ျားလေး ဖြစ်သွားတာ ကံကောင်းတယ်။

သားလေးက မွေးတုန်းကလည်း အော်တိုမက်တစ်ပဲ။ သမီးတုန်းကဆို ဆေးတွေ ဘာတွေနဲ့ တစ်နေကုန် ချူထားပြီး မွေးတော့လည်း Vacumm တွေဘာတွေ လုပ်ရသေးတယ်။ သားကတော့ ဆေးရုံရောက်ပြီး တစ်နာရီတောင် မပြည့်ဘူး။ ၄၅ မိနစ်နေတော့ ထွက်လာပြီ။ အမေလည်း အရမ်း မနာကျင် မပင်ပန်းလိုက်ရဘူး။

သမီးတုန်းကတော့ ကလေး တစ်ယောက်မွေးဖို့ ပိုက်ဆံတွေ စုလိုက်ရတာ။ မွေးတော့လည်း အတော်လေး ကုန်တယ်။ ဆိတ်အထွာနဲ့ ဆိုရင် ပြောပါတယ်။ သားကတော့ မွေးပြီးတော့လည်း အစိုးရဆီက ထောက်ပံ့ကြေးရ ကာကွယ်ဆေးထိုးတာ ဆေးခန်းပြတာလည်း ဖရီးဆိုတော့ ငွေရေး ကြေးရေးဆိုတာ သိပ်မပူရဘူး။ သားက သူ့အထုတ်နဲ့ သူလာတယ်ဆိုပြီး ပြောနေကြတယ်။ သားအလှည့်ကျတော့ အခုထိ အမေနို့ပဲ သောက်တယ်။ အမေနို့က အော်တိုမက်တစ် ထွက်တာ ဆိုတော့ အင်မတန် စားရိတ်ငြိမ်းတယ်။ နို့ဗူးတွေ အဲဒီ နို့ဗူးတွေ ဆေးဖို့ ပေါင်းဖို့ ဘာညာကွိကွတွေ ရှာစရာ ၀ယ်စရာ မလိုတော့ဘူ။ နို့မှုန့်ဗူးဖိုးလည်း မကုန်တော့ဘူး။ အထူးသဖြင့်တော့ ညည နို့ထဖျော်ရတာမျိုး ကရိကထ မများတော့ဘူး။ သားဆာပြီဆိုတာနဲ့ နို့က အဆင့်သင့်ပဲ။ ကစားစရာတွေလည်း အထွေအထူး ၀ယ်နေစရာ မလိုဘူး။ သမီးတုန်းက ကစားစရာတွေနဲ့ပဲ ဟုတ်နေတယ်။ အ၀တ်အစားတွေတောင် ငယ်သေးတော့ တချို့ဟာတွေ ၀တ်လို့ ရနေသေးတယ်။ ဒါတောင် သူ့အမေက သမီးဘောင်းဘီ ပန်းရောင်တွေ ၀တ်ပေးလို့ ပြောတော့လည်း အိမ်နေရင်းပဲ ဘာဖြစ်လဲတဲ့။

တခုခု တတ်တာဆိုရင်လည်း သားက အချိန်ရောက်ရင် သူ့ဘာသူ တတ်သွားရော။ ဥပမာ မှောက်တတ်ခါစတုန်းကတို့၊ မွေ့ယာပေါ်က လျှောချတာတို့ ဆိုဖာကို လက်နဲ့ ဆွဲပြီး ရပ်တာတို့။ သမီးတုန်းကဆို မရမချင်း အနာခံပြီး ကြိုးစားတယ်။ သားကတော့ သူမလုပ်နိုင်သေးရင် မလုပ်ဘူး။ အနာခံပြီးတော့လည်း မလုပ်ဘူး။ သူတတ်စရာရှိ သူ့ဘာသူ တတ်သွားတာပါပဲ။
ကျွန်တော်တို့ကလည်း နောက်ကလေးဆိုတော့ အထာကျသွားတာလည်း ပါတယ်။ ဘာဆိုဘာ သိနေတော့ စိတ်အရမ်းပူရတာတွေ ဘာတွေ မရှိတော့ဘူး။ သမီးတုန်းကလည်း ဗိုက်နာ လေနာ၊ ရာသီဥတု ပူတာ အေးတာ သိပ်ပြဿနာ များတယ်။ ကျွန်တော်တို့က ကဲတာ သဲတာလည်း ပါတယ်။ သားကတော့ တော်ရုံတန်ရုံ ဘာမှ ကြည့်စရာ ပူစရာမလိုဘူး။ သူ့ဘာသူ ဟုတ်နေတာပဲ။

အထူးသဖြင့်တော့ သူ့ထက် အကြီး တစ်ယောက် ရှိတာ အင်မတန် အဆင်ပြေတယ်။ သိပ်ပြီးတော့ ထိန်းစရာ ဆော့ပေးစရာ မလိုတော့ဘူး။ ကိုထူးက သူ့အစ်မနဲ့ ဆော့ရတာ အရမ်း ပျော်တယ်။ သူ့အစ်မကလည်း သူ့မောင်လေးကို ချစ်တော့ ချစ်ပါတယ်။ ဒါပေမယ့် နားမလည်သေးလို့ အရုပ်တွေဆိုရင် လုတယ်။ သူ့မောင်လေးကိုဆိုရင် တွယ်သလား မမေးနဲ့။ အဲဒီလို လုပ်လွန်းလို့ သားသားက ကစားစရာ တစ်ခုခုနဲ့ ဆော့နေတာ သူ့အစ်မ လာပြီဆိုရင် လက်ထဲကဟာကို လှမ်းပေးပြီးသား ဖြစ်နေရော။ သူ့အစ်မ စိတ်ဆိုးနေပြီ ဆိုရင်လည်း မျက်စိလေးမှိတ်ပြီး ခေါင်းလေး ရှေ့တိုးပြီး ခံပေးတယ်ဗျာ။ တကယ်ပြောတာ။ အခုတော့ သားကလည်း သူစိတ်ဆိုးပြီဆိုရင် ပြန်တွယ်တယ်။ ဒါပေမယ့် သူပဲ ခံရတာပါပဲ။ သူ့အစ်မက သူ့အတွက် အစစ အရာရာ အားကျစရာ သင်ယူစရာပဲ။ သူ့အစ်မကို ဆိုရင် ကြည့်နေတာ အထင်ကြီး ချစ်ခင်တဲ့ပုံနဲ့။ သူ့အစ်မက သူ့အတွက်ဆို ဆရာကြီးပေါ့။ သူ့အစ်မ ဘာလုပ်ပြ လုပ်ပြ သဘောကျပြီး တခွိခွိ ရယ်တာဆိုရင် မဆုံးတော့ဘူး။ မောင်နှမနှစ်ယောက်ဆိုတော့ အဖော်ရတော့ အတော်ဆော့တယ်။ ကိုထူးကလည်း လမ်းသာ မလျှောက်တတ်သေးတာ မျောက်ကလေးလိုပဲ ကျော်ခွတက်ဆော့တယ်။
သမီးက ၁ နှစ် မွေးနေ့လုပ်တော့ မျက်နှာလေးက ဘာမှ နားမလည်သေးသလိုပဲ။ သားသားကတော့ အေးဆေးပဲ။ သူ့ဘာသူ နားလည်နေသလိုပဲ။ မျက်လုံးတွေက နားလည်တာ ပြနေတယ်။ သားက ပိုနားလည်လွယ် ပိုတတ်လွယ်တယ်။ လူကြီးတွေနဲ့လည်း ဆက်ဆံ တတ်ပုံပဲ။ လူစိမ်းတွေဆိုလည်း သမီးလောက် မကြောက်တတ်ဘူး။

ယောက်ျားကလေးဆိုတော့လည်း သူ့အထာနဲ့သူ။ သားနဲ့ သမီးက အတော်ကွာတယ်။ မျက်စိရှေ့မှာ နှစ်ယောက်စလုံးကို ကပ်လျက် မြင်နေရတော့ သားယောက်ျားလေးနဲ့ သမီး မိန်းကလေး ကွာတာတွေ တွေ့နေရတယ်။ ကြီးလာရင် ပိုကွာမည်။ မိဘတွေလည်း နှစ်ကောင်စလုံးကို နိုင်အောင် ထိန်းကျောင်းရမှာဆိုတော့ အထာနှစ်မျိုးစလုံး နပ်မှ ဖြစ်မယ်။
အဘိုးတွေ အဘွားတွေတုန်းက ကလေးတွေ ၇ယောက် ၈ယောက် ဘယ်လိုများ မွေးပြီး ဘယ်လိုများ ကြီးပြင်းအောင် ပျိုးထောင်ပေးသလည်းဆိုတော့ ဒီလိုပဲ မွေးပြီး သူ့ဘာသူ ဖြစ်သွားတာပဲတဲ့။ အခုခေတ်လည်း ကလေးတွေကို Special Care မလိုဘဲ သူတို့ဘသာ သူတို့ ကြီးပြင်း ဖြစ်ထွန်း သွားရင် ကောင်းမည်။ ဒါပေမယ့် သားသမီးတွေဆိုတာ မိဘက အလိုက်အထိုက် ကြည့်ပေး ပျိုးထောင်ပေးရုံနဲ့ သူ့ဘာသူ ဖြစ်ထွန်းသွားတဲ့ အော်တိုမက်တစ် သားသမီးတွေ ရှိသလို မိဘက ဟဲ့စာကြည့် ဟဲ့ကျောင်းသွား ဟဲ့အလုပ်လုပ် နောက်ကနေ လိုက်ပြောနေတာတောင် သူများနောက် အောက်ကျနောက်ကျ ဖြစ်နေတဲ့ သားသမီးမျိုးလည်း ရှိနိုင်တာပဲ။ အခုခေတ်ကလေးတွေအတွက် မိဘတွေက ပိုပြီး လုပ်ပေးရသလိုပဲ။ ခေတ်ကြီးကပဲ ပိုပြီး Competitive ဖြစ်လာတာပဲလားတော့ မပြောတတ်ဘူး။

သားသားကတော့ ကိုယ်ဝန်ဆောင်ကတည်းကနေ ပထမ တစ်နှစ်အထိကတော့ အော်တို နီးနီးပဲ။ နောက်ကြီးလာရင်တော့ ဘယ်လို နေမလဲ မသိဘူး။ ဒီနေ့က သားသားအတွက် ပထမဆုံး မွေးနေ့ဆိုတော့လည်း မှတ်မှတ်ရရ လုပ်ပေးလိုက်တယ်။ မနေ့က ဘုန်းကြီးကျောင်း သွားပြီး ဘုန်းကြီးကို သွားပြီး အလှူသွားလုပ်တယ်။ သမီး မွေးနေ့တုန်းက သွားတဲ့ ကျောင်းပဲ။ အဲဒီကျောင်းနဲ့ ဓါတ်ကျနေတယ်။ ဘုန်းဘုန်းကလည်း ကလေးတွေကို ချစ်တယ်။ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး ဘုန်းကြီးနဲ့ ကျောင်းအတွက် အလှူငွေလှူပြီး ကလေးတွေကို ဘုန်းကြီးကျောင်း ခေါ်သွားချင်တာရောပါ။ ဒီနေ့တော့ သူငယ်ချင်း မိသားစုတွေ ဖိတ်ပြီး မွေးနေ့လေး လုပ်တယ်။ သားသားကတော့ ဘာမှ မသိသေးဘူး။ သူ့အစ်မကတော့ ကလေးထိန်းကျောင်းမှာ Happy Birthday လုပ်နေကျဆိုတော့ နည်းနည်းတော့ သိနေပြီ။

မွေးလာပြီးတော့လည်း ကလေးတွေကို အော်တိုမက်တစ် ကြီးသွားပါစေတော့ပဲ ဆုတောင်းနေတော့တယ်။ ။

Film