Friday, July 17, 2009

ဟစ် ၄ သိန်းပြည့် အမှတ်တရ

ထုံးစံအတိုင်း ဟစ် ၁ သိန်းရတိုင်း အမှတ်တရ အနေနဲ့ ပို့စ်တစ်ခု ရေးဖြစ်ခဲ့တော့ အခု ၄ သိန်း ပြည့်တော့လည်း တစ်ပုဒ် ရေးလိုက်တယ်။ အရင်တုန်းကတော့ အတော့်ကို ပျော်လို့ ရေးဖြစ်တာပါ။ အခုတော့ ဟစ်တွေက ဘာလုပ်မှာလည်း အရေးကြီးတာ ကိုယ်ရေးတဲ့စာ သူများအတွက် အပျင်းပြေ အသုံးဝင်ဖို့ရယ် ကိုယ်စိတ်ပျော်ဖို့ရယ်ပဲဆိုတော့ ဟစ်တွေရတဲ့ အကြောင်းရေးရမှာ လက်တွန့်တယ်။

အတ္တစိတ်နဲ့ ပြန်စဉ်းစားကြည့်တော့ ဒီလို ဟစ်တစ်သိန်းရဖို့ ကိုယ့်ဘာတွေ ပေးဆပ်ခဲ့ရသလဲ။ သိသာတာ အများနဲ့ တူတာကတော့ စာရေးတဲ့ အချိန်ပေါ့။ ဟစ် ၃ သိန်းနဲ့ ၄ သိန်းကြားမှာ ပို့စ် ၁၄ ပုဒ်ရေးဖြစ်ခဲ့တယ်။ တစ်ပုဒ်ကို ၂ နာရီခွဲနဲ့ တွက်ရင် စုစုပေါင်း ၃၅ နာရီကို ၄ လအတွင်းမှာ သုံးခဲ့တယ်ဆိုတော့ တစ်လကို ၉ နာရီ တစ်ပတ်ကို ၂ နာရီ ကျော်ကျော်ပေါ့။ ဒီလို ဆိုရင်တော့လည်း မဆိုးပါဘူး။ တစ်ပတ် ၂ နာရီဆိုတာ ရေချိုးရင်း တီဗွီကြည့်ရင်းတောင် ကုန်နိုင်သေးတာပဲ။ ရေလျှော့ချိုးပေါ့ ဒီမှာလည်း ရာသီဥတုက အေးနေတာနဲ့ အတော်ပဲ။

အချိန်အပြင် တခြားဘာတွေ ကုန်သွားသေးလည်း စဉ်းစားကြည့်လိုက်တော့ ကျွန်တော့်ပို့စ်တွေက အရမ်းကို ကိုယ်ရေးကိုယ်တာ ဆန်နေပါလား။ ကျွန်တော့်ရဲ့ Privacy တွေ အနည်းနဲ့ အများ ပွန်းပဲ့သွားတာပါလား မြင်လာတယ်။ ပြောရမယ်ဆိုရင်တော့ ကျွန်တော် ဟစ်တွေရဖို့ အတွက် Privacy တွေနဲ့ Trade လုပ်လိုက်ရပါလားလို့ သုံးသပ်မိတယ်။

လူတွေက Trade လုပ်လို့ ရတာ မှန်သမျှ အကုန်လုပ်တယ်။ ကိုယ်ကာယ ဉာဏ်ရည် ကို Trade လုပ်ပြီး လုပ်အားခ ရယူတယ်။ ဒါဟာ မှန်ကန်တယ်လို့ ယူဆ သတ်မှတ်ထားတဲ့ Trading တစ်ခုပါပဲ။ အရှက်နဲ့ ခန္ဓာကို Trade လုပ်ပြီး ပိုက်ဆံရှာတယ်။ ဒါဟာ မမွန်မြတ်ပေမယ့် ဟိုးရှေးကတည်းက လုပ်စားလာကြတာပဲ။ အခုခေတ်မှာတော့ လူတွေက Privacy တွေကို Trade လုပ်ပြီး အကျိုးအမြတ်တွေ ယူလာကြတယ်။ ကျွန်တော် ဘလော့ရေးပုံကလည်း ဒီအထဲမှာ ပါသွားတယ်။

အထူးသဖြင့် အင်တာနက်မှာ လူတွေ Privacy ကို Trading လုပ်လာကြတယ်။ FaceBook မှာ Friends တွေရဖို့ လူအများ စိတ်ဝင်စားဖို့ ကိုယ့်အကြောင်းတွေ ကိုယ့်ဓါတ်ပုံတွေ တင်ကြတယ်။ လူတွေက ပျော်ပျော်ကြီးကို ကိုယ့်ရဲ့ Information တွေကို Share နေကြတော့တယ်။ ကိုယ်ဘာလုပ်နေလည်း ဘာစားနေလဲကို ခပ်ပေါ့ပေါ့ပဲ ပြောလိုက်တာပဲ။ ဒါတွေဟာ Privacy မဟုတ်တော့သယောင်ကို သဘောထားနေကြတယ်။ ကိုယ့်သူငယ်ချင်းတွေပဲ မြင်တာပဲဆိုတဲ့ အသိကလည်း ဒီလို Private Information တွေကို Share ဖို့ တွန်းအားပေးနေတယ်။

သြော်ဇီမှာ Coles နဲ့ Woolworths လို့ခေါ်တဲ့ ကုန်စုံဆိုင် Grocery/Retail Store Chain ကြီးနှစ်ခု ရှိတယ်။ (စင်္ကာပူမှာလိုဆို NTUC လိုမျိုးပေါ့။ အမေရိကားမှာဆို Wal-Mart လိုမျိုး ဆိုပါတော့) ကားပေါ်တဲ့ ဒီလိုနိုင်ငံမှာ သူတို့တွေက ဓါတ်ဆီဆိုင်တွေနဲ့ ချိတ်ထားတယ်။ (သူတို့ပဲ ပိုင်တာလားတော့ အသေအချာ မသိပါဘူး)။ အဲဒီဆိုင်တွေမှာ သတ်မှတ်ထားတာထက် (ထားပါတော့ ၃၀ ဖိုးထက်) ပိုဝယ်ရင် ဓါတ်ဆီဝယ်တဲ့ အခါ ဈေးလျှော့ပေးတယ်။ များများစားစား မဟုတ်ပါဘူး။ တစ်လီတာကို ၄ ပြားရယ်ပါ။ တစ်ခါထည့် လီတာ ၃-၄၀ ဆိုတော့ ၁ဒေါ်လာသာသာ သက်သာတာပါ။ Coles နဲ့ ချိတ်ထားတဲ့ ဓါတ်ဆီဆိုင်မှာတော့ Receipt ဖြတ်ပိုင်းလေး ပြလိုက်ရင် လျှော့ပေးတယ်။ Woolworths ကတော ပိုပြီး အဆင်ပြေအောင် Member Card လိုမျိုးလေး ပေးထားတယ်။ ဈေးဝယ်တဲ့ အချိန်မှာ အဲဒီကတ်လေး Scan လုပ်လိုက်တယ်။ ပြီးတော့ ဓါတ်ဆီဆိုင်မှာ အဲဒီ ကတ်လေး Scan လုပ်လိုက်ပြီး ကိုယ့်မှာ Limit ကျန်သေးရင် လျှော့ဈေးရတယ်။

အဲဒီတော့ ဖြတ်ပိုင်းလေးတွေ Receipt တွေမသိမ်းထားချင်တဲ့ အတွက် လွယ်လွယ်ကူကူ Card လေးပြလို့ရတဲ့ Woolworths ကိုပိုကြိုက်နေတယ်။ နောက်မှ ကျွန်တော် စဉ်းစားကြည့်မိတယ်။ ကျွန်တော်က ပိုက်ဆံ ၁ဒေါ်လာလောက် သက်သာဖို့ရယ်၊ Convenient ဖြစ်ဖို့ရယ် အတွက် ကျွန်တော့် Privacy တွေကို Trade လုပ်နေပါလားလို့။ ကျွန်တော်တို့ ဈေးဝယ်ပြီးတိုင်း ကတ်ပြားလေး Scan လုပ်လိုက်တာနဲ့ ကျွန်တော် ဘာတွေ ၀ယ်ထားသလဲဆိုတာကို သူတို့တွေ Track လုပ်လို့ရတယ်။ Analyse လုပ်လို့ရတယ်။ ကျွန်တော် ဘယ်ဓါတ်ဆီဆိုင်မှာ ဆီထည့်တတ်သလဲ သူတို့ အလွယ်သိနိုင်တယ်။ Coles ကလိုမျိုး Receipt လေးပြပြီး ဓါတ်ဆီလျှော့ဈေးရတာ ဆိုရင်တော့ Privacy ကိုထိန်းထားနိုင်သေးတယ်။ Member Card လိုမျိုးကတော့ Privacy တွေကို အလွယ်ခိုးကြည့်နေသလိုပါပဲ။ စီးပွားရေးမှာ ဒါမျိုးတွေ လုပ်လာတာကို သတိထားမိတဲ့သူတွေ ရှိတောင် Discount တွေရဖို့ Privacy တွေကို အလွယ် Trade လုပ်ကြတာပဲ။

တချို့ကတော့ ပေါ်တင်ကိုတောင်းတာ။ ဥပမာ Reader's Digest ကို လစဉ်ယူတော့ အဲဒီကနေ Sweepstakes တွေလာသလားမမေးနဲ့။ Sweepstakes ဆိုတာ ဘယ်လိုမျိုးလဲဆိုတော့ BMW ကားတွေ၊ အိမ်ကောင်းကောင်း ပုံကြီးတွေပြထားပြီး ဒါမျိုးတွေကို မဲနှိုက်ပေးနေတယ်ပေါ့။ သင့်ရဲ့ Information အပြည့်အစုံထည့်ပေးပါ။ Survey လေး တစ်ခုနှစ်ခု ဖြေပေးပါ။ ဒါဆို သင်ဟာလည်း ကံထူးသူ တစ်ယောက် ဖြစ်နိုင်တယ် ဘာညာပေါ့။ ထီတောင် ပိုက်ဆံပေးပြီး ထိုးကြသေးတာ။ ဒါမျိုးအလကား ရနိုင်တယ် ဆိုတော့ ဖောင်တွေ ဖြည့်ပြီး စာပြန်ကြပေါ့။ သူတို့ကတော့ တကယ် မဲဖေါက်ပြီး ကားတွေ ဘာတွေ ပေးပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ Information တွေကို သူတို့က နည်းမျိုးစုံ အသုံးချကြတော့တာပဲ။ တခြား စီးပွားရေးတွေကို ရောင်းတယ်။ ကားတစ်စီးစာမက ပြန်ရနိုင်တာပေါ့။ လူတွေကလည်း ကားတစ်စီး၊ အိမ်တစ်လုံး မဲပေါက်နိုင်ဖို့ အရေး ကိုယ့် Privacy တွေကို Trade လုပ်ဖို့ ၀န်မလေးကြပါဘူး။

ကျွန်တော်ဆို ဘလော့ရေးဖို့တင် Privacy တွေ ပေးဆပ်လိုက်ရတာ မဟုတ်ဘူး။ စင်္ကာပူမှာ အလုပ်လုပ်ဖို့ သွားတော့ အလုပ်အတွက် Visa မရခင် ဆေးစစ်ရတယ်။ ဆေးစစ်ဆိုတော့လည်း ဆေးခန်းသွား ဓါတ်မှန်တွေ ဘာတွေ ရိုက်ပေါ့။ ပြီးတော့ ဆရာဝန်နဲ့ စစ်ရသေးတယ်။ ဆရာဝန်က နားကြပ်နဲ့ ဟိုစမ်း ဒီစမ်းပေါ့။ ပြီးတော့ ဘောင်းဘီပါ ချွတ်ခိုင်းတယ်။ ဘောင်းဘီရှည် ချွတ်ပြီးတော့ အောက်ခံဘောင်းဘီလေးနဲ့ ပေပြီး နေကြည့်သေးတယ်။ အကုန်ချွတ်တဲ့။ ပြဿနာပဲ။ ဒီဆရာဝန်မ နဲ့တော့။ ကဲ ၀က်ဖြစ်မှတော့ မစင် မကြောက်တော့ဘူး။ ဒီလိုနဲ့ပဲ စင်္ကာပူမှာ အလုပ်တစ်ခု ရဖို့ ကျွန်တော့်မှာ Privacy တွေ ပေးဆပ်လိုက်ရတယ် ဆိုရင် ဇာတ်က နာတော့မယ်။

ကျန်းမာရေးနဲ့ ပက်သတ်ရင် လူတွေအတွက် Privacy ဆိုတာ နောက်တန်းကပါ။ မိန်းမတွေများ ကလေးမွေးရင် အရှက်ဆိုတာ ကုန်ရော။ ကလေးမွေးချိန်ပဲလား မဟုတ်ဘူး။ ဟိုး ကိုယ်ဝန်ရပြီး ပထမဦးလတွေ ကတည်းက။ ပထမဆုံး ကလေး များဆိုရင်တော့ အတော့်ကို ကသိကအောက်နိုင်တဲ့ အဖြစ်။ အမျိုးသား ဆရာဝန်ဆိုရင်တော့ ကာယကံရှင် မပြောနဲ့ ဘေးက လင်ယောက်ျားတောင် မျက်နှာပူရတဲ့ အဖြစ်မျိုး။ ဒါက မြင်သာအောင် ပြောတာပါ။ စိတ်ရောဂါ ဆရာဝန်လိုမျိုး သွားပြရင်လည်း သူက ကိုယ့်ကို အကုန် အင်တာဗျုးမှာ။ ကျွန်တော် မပြဘူးပါဘူး။ ကြားဖူးတာကို ပြောတာာ။ ကိုယ့်စိတ်ထဲမှာ ဘယ်လိုခံစားရတယ်။ ဘယ်လိုတွေးတယ်ဆိုတာကိုပါ မကျန် အကုန်ပြောရတာမျိုး ဆိုတော့ ကျန်းမာရေးနဲ့ ပက်သတ်ရင် လူတွေက ကိုယ်ရော စိတ်အတွက်ပါ Privacy တွေကို ထည့်မစဉ်းစားနိုင်တော့ပါဘူး။

ကိုယ်က အကူအညီလိုတဲ့ အချိန်မှာဆို Privacy ကို အပေါင်ထားရတာ မျိုးတွေလည်း ကြုံရနိုင်ပါတယ်။ ဥပမာ ငွေချေးဖို့ဆိုရင် ကိုယ်ရဲ့ Privacy တွေကို ဖေါ်ပြပြီး ဇာတ်စုံခင်းပြမှ တဖက်က သနားပြီး ငွေချေးတာမျိုးကို။ ကျွန်တော်ကို့ ငွေတစ်သိန်းလောက် ချေးပါဆိုရင်တော့ ဘယ်သူမှ ချေးမှာ မဟုတ်ဘူး။ ကျွန်တော်က ဘာဖြစ်လို့ ဘာကြောင့် ငွေလိုနေတာ။ ဘယ်အချိန်မှာတော့ ပြန်ဆပ်ပါ့မယ်ဆိုပြီး ကိုယ့်အကြောင်းအကုန်ပြောပြမှ တစ်ဖက်သားက ယုံနိုင် သနားနိုင်တာဆိုတော့ အကူအညီလိုတဲ့ အချိန်မှာ ကိုယ့်ရဲ့ Privacy ကို ပေါင်နှံဖို့လည်း ဖြစ်နိုင်ပါတယ်။ စာဖတ်သူအများရဲ့ Demographic level အတိုင်း ပြောရမယ်ဆိုရင်တော့ ကိုယ်က နိုင်ငံခြားမှာ အလုပ်လုပ်ချင်လို့ ကိုယ့်အကြောင်း ပြောပြပြီး အကူအညီတောင်းရတာတွေ၊ ကိုယ့် Resume ကို တဆင့်တင်ပေးဖို့ ပေးလိုက်ရတာမျိုးတွေ ကြုံခဲ့ရကောင်းမှာပဲ။ ဒါတွေဟာ Privacy ကို Trade လုပ်ခဲ့ရတဲ့ အချိန်တွေပေါ့။

ကိုယ့်က အကူအညီတောင်းမှ မဟုတ်ပါဘူး ကိုယ့်က အကူအညီပေးတဲ့ အခါလည်း Privacy တွေ ပေးလိုက်ရတာ ရှိပါတယ်။ ကိုယ့်ပိုင်အချိန်တွေ ပေးလိုက်ရတယ်။ ကိုယ်ပိုင် အတွေးအခေါ်တွေ ပေးလိုက်ရတယ်။ ဒါတွေဟာ Privacy တွေပါ။ ကျွန်တော်ဆို နိုင်ငံရပ်ခြား တစ်ခုကို အခြေချဖို့ ရောက်တဲ့ အခါတိုင်း ရောက်ရောက်ချင်း ပထမလတွေမှာ အသိတွေ သူငယ်ချင်းတွေ အမျိုးတွေ အိမ်မှာ တက်နေရတယ်။ သူတို့က လှိုက်လှိုက်လှဲလှဲ ကူညီတာပါ။ လူတစ်ယောက် စိမ်းသည် ဖြစ်စေ၊ ကျက်သည် ဖြစ်စေကို အိမ်ပေါ်မှာ တစ်ပတ်တန်သည် တစ်လတန်သည် ခေါ်တင်ထားဖို့ဆိုတာ အတော် မလွယ်တဲ့ ကိစ္စပါ။ ကိုယ့်ရဲ့ Privacy ကို အတော်များများ ဖဲ့ပေးလိုက်ရတာမျိုးပါ။ ယောက်ျားတွေ မိန်းမတွေချည်းပဲ သူငယ်ချင်းတွေ စုနေတာ မျိုးထက် ကိုယ်က မိသားစုနဲ့ နေပြီး အိမ်မှာ တပါးသူကိုပါ ပေးနေတာ မျိုးဆိုရင် ပိုသိသာပါတယ်။ ဒီလို ကျေးဇူးတွေကို အောက်မေ့ပြီး ကျွန်တော်လည်း စင်္ကာပူမှာ ကိုယ့်အလှည့် အိမ်တစ်ခန်းလုံး ငှားနေနိုင်တုန်းက ခဏလာနေတဲ့ သူတွေ အလုပ်လာရှာတဲ့ သူတွေကို အိမ်မှာ ဒီလိုပဲ တင်ထားတယ်။ အိမ်မှာလည်း စည်ကားတယ်လေ။ များသောအားဖြင့်ကတော့ အမျိုးတွေပါ။

ဘလော့ရေးတာ Information ပေးဖို့ဆိုတာ အသာထား Popularity ရဖို့အတွက် Privacy တွေ Trade လုပ်တယ်။ Discount တွေ Sweepstakes တွေ မျှော်ကိုးပြီး Privacy တွေ ရောင်းစားတယ်။ ကျန်းမာရေး လူမှုရေးအတွက် ကိုယ့် Privacy တွေ အလျှော့ပေးရတယ်။ အကူအညီတောင်းဖို့ အကူအညီပေးဖို့ Privacy တွေ ဖဲ့ပေးရတယ်။ အခင်အမင် မပျက်အောင် သူငယ်ချင်းတိုးပွားအောင် Privacy တွေ ဖော်ပြပေးတယ်။ ကျွန်တော်တို့တွေ ကိုယ့်Privacyကို ကိုယ်အလေးထားတယ် တန်ဖိုးထားတယ် ဆိုပေမယ့် မသိလို့ပဲ ဖြစ်ဖြစ် သိလျက်နဲ့ပဲ ဖြစ်ဖြစ် အကျိုးတစုံတရာ အတွက် Trade လုပ်လိုက်ကြတယ်။ အခုလို Information ခေတ်ကြီးမှာ Privacy တွေ Trade လုပ်ဖို့ဆိုတာ အလွယ်လေး။

မလွဲမရှောင်သာလို့ပဲ ဖြစ်ဖြစ် သိလျက်နဲ့ပဲ ဖြစ်ဖြစ် Privacy တွေကို ထုတ်ဖော်ပြသလိုက်ရတိုင်း နစ်နာသွားသလားဆိုတာတော့ တဖက်လူပေါ်မှာ အတော်ကို မူတည်နေတယ်။ ကိုယ်က ကူညီချင်လို့ ကိုယ့်ကို ခင်မင်လို့ အိမ်ပေါ်ခေါ်တင်ထားတာကို အိမ်မှာ ဖြစ်ပျက်နေတာတွေ တွေ့သမျှ အိမ်တွင်းရေးတွေကို တခြားသူတွေကို လျှောက်ပြောရင်တော့ ဒါဟာ Privacy ကို Abuse လုပ်တာပဲ။ ဆေးစစ်တုန်းကများ ဆရာဝန်မ ငယ်ငယ် ချောချောလေးက ကျွန်တော့်ကို Abuse လုပ်လိုက်ရင်တော့ ကျွန်တော်တော့ ရေတိမ်နစ်ပါပြီ။ ကျန်းမာရေးနဲ့ ပက်သတ်ပြီး Privacy တွေကို Abuse လုပ်ခံရတာတွေ အများကြီး ရှိတယ်။ အမျိုးသမီးတွေကို ကိုယ်ကျင့်တရား မကောင်းတဲ့ ဆရာဝန်တွေက အခွင့်အရေး ယူတယ် ဆိုတာ ကျွန်တော်တို့ သိနေ ကြားနေရပေမယ့် ကျွန်တော်တို့ ဆေးမှတ်တမ်းတွေ ကျန်းမာရေး ရာဇ၀င်တွေကို ဆေးခန်းတွေ ဆေးရုံတွေက တခြားသူတွေကို ရောင်းစားနေသလား ကျွန်တော်တို့ မသိနိုင်ဘူး။ ဆေးကုမ္ပဏီတွေ ကျန်းမာရေး အာမခံ ကုမ္ပဏီတွေက ဒါမျိုးတွေနောက် လိုက်နေတာ။ ကိုယ့်ရှေ့နေက ကိုယ့်အတွင်းရေး တခြားသူကို ပြောပြလာဆိုတာ အာမမခံနိုင်ဘူး။

ကျွန်တော်က တွေကြံခဲ့ရတဲ့ အဖြစ်အပျက်လေးတွေကို ကိုယ်ရေးကိုယ်တာနှောပြီး ဘလော့မှာ ပြောလိုက်တာကို စာဖတ်သူတွေက သုတနဲ့ ရသပဲ ရှပ်ယူသွားသလား အတွင်းရေးတွေကို မှန်းဆပြီး လိုရာ ကောက်ချက်ချနေကြသလား ကျွန်တော် အသေအချာ မသိနိုင်ဘူး။ ကိုယ်တိုင်ကလည်း စာဖတ်မနာ စာရေးမပိုင်တော့ ဒီလိုပဲ ကိုယ့်အကြောင်းလောက်ပဲ ရေးတတ်တယ်။ စာဖတ်သူတွေကိုလည်း ယုံတာ ပါမှာပေါ့။ ငါ့ပရိတ်သတ်က ဒီလို Abuse မလုပ်လောက်ပါဘူးလို့။ ဘယ်လိုပဲ ဖြစ်ဖြစ် ကံကံ၏ အကျိုးပါပဲ။ စဉ်ဆက်မပြတ်အားပေးနေကြပြီး Privacy ကို Abuse မလုပ်တဲ့ ပရိတ်သတ်တွေကို ကျေးဇူး အထူးတင်ပါတယ်။ ။

တခြားဖတ်ရန်
ဟစ် ၃ သိန်းပြည့် အမှတ်တရ

တယ်လီဖုန်း သီအိုရီနဲ့ ကြည့်မည်ဆိုရင် တယ်လီဖုန်းကွန်ယက်တစ်ခုရဲ့ တန်ဖိုးက ချိတ်ဆက်ထားတဲ့ တယ်လီဖုန်း အရေအတွက်ရဲ့ ထပ်ကိန်းနဲ့  အချိုးကျတယ်တဲ့။ တယ်လီဖုန်း ၁ လုံးထဲနဲ့ ကွန်ယက်ဆောက်လို့ မရပါဘူး။

ဟစ် ၂ သိန်းပြည့် အမှတ်တရ
`ကွန်ပြူတာ သုံး တာ ၁၀ မိနစ် ပြည့် တိုင်း.. မျက်စိကို အနားပေးဖို့..အဝေး ကို လှမ်းလှမ်း ကြည့် ပေးပါ´ ဆို သလိုပဲ.. ပုံရိပ်ယောင် ကမ္ဘာထဲ မှာ..ပျော်မွေ့ပြီးတိုင်း.. ဘလော့ တွေ ဖတ်ပြီးတိုင်း.. ဟိုး-------အဝေးကို လှမ်း လှမ်း ကြည့်ပေး ကြ ရမယ် ..ထင်ပါရဲ့။
Hit တစ်သိန်း အမှတ်တရ

အရင်းကြေလား မကြေလား ဘယ်လို တွက်လဲဆိုတော့ ကျွန်တော် ပို့စ်တစ်ခု ရေးဖို့ အနည်းဆုံး ၂ နာရီကနေ ၆ နာရီလောက် အချိန်ယူရပါတယ်။ ပျမ်းမျှဆို ၄ နာရီပဲထား။

Monday, July 13, 2009

သြော်ဇီမှာ အလုပ်ရှာမယ်ဆိုရင်

“Local Experience ရှိတဲ့သူတွေကိုပဲ အလုပ်ခန့်မည် ဆိုရင်တော့ အကောင်းဆုံးသူတွေကို ရနိုင်တော့မှာ မဟုတ်ပါဘူး” လို့ Karalyn Brown က ရေးထားပါတယ်။ Skilled Migrants တွေအတွက် အလုပ်ရှာပေးတဲ့Tribus Logna တည်ထောင်သူ Allis Logan က“သြော်ဇီမှာ ဘီလ်ဂိတ်စ်လာပြီး အလုပ်လျှောက်ရင်တောင် ရမှာ မဟုတ်ဘူး။ Local Experience မရှိလို့.....”လို့ အတည်တ၀က် အပြောင်တ၀က် ဆိုပါတယ်။ သြစတြေးလျက အလုပ်ရှင်တွေက အမေရိကားနဲ့ ဥရောပက ဟာတွေထက် Local Experience ရှိတဲ့သူတွေကို ပိုပြီး တန်ဖိုးထားတယ် ဆိုတာကိုတော့ သူမလည်း ယုံကြည်ထားပါတယ်။

Local Experience မရှိတာ ဘယ်လောက်အထိ သက်ရောက်နိုင်သလည်း။ ငါတို့ (သြော်ဇီ)တွေ ဒေသစွဲ သိပ်ကြီးလွန်းလို့ ဘီလ်ဂိတ်စ် အလုပ်လာလျှောက်ရင်တောင် ငြင်းလွှတ်လိုက်မှာလား။ ငါတို့တွေ Uniquely Australian Way နဲ့ပဲ စီးပွားရေးလုပ်နေကြသလား။ သြော်ဇီတွေ ရေခြား မြေခြားမှာ သွားလုပ်ပြီး ရလာတဲ့ ဘ၀အတွေ့အကြုံတွေနဲ့ လုပ်သက်တွေကို ဒီမှာ တန်ဖိုးနေပေမည့် တခြားသူတွေ တခြားနေရာမှာ ရလာတဲ့ အတွေ့အကြုံတွေကိုတော့ ဘာကြောင့်များ သံသယထားနေရမှာလဲ။

“Project Australia: Land that Engineering Job in Australia” ရေးတဲ့ Ian Little ကတော့ သြစတြေးလျရဲ့ ပထ၀ီဝင် အနေအထားက သြော်ဇီတွေရဲ့ ရှေးရိုးစွဲဝါဒကို ပိုမိုကြီးမားစေတယ် ဆိုပါတယ်။ Worely Parson လို စက်မှုကုမ္ပဏီကြီးမှာ အကြီးတန်း အင်ဂျင်နီယာ မန်နေဂျာအဖြစ် လုပ်နေတဲ့ သူက နိုင်ငံခြားသား ကျွမ်းကျင်သူတွေ များစွာကို အလုပ်ခန့်ခဲ့ပါတယ်။ သြစတြေးလျမှာ အတွေ့အကြုံ မရှိတာဟာ အသစ်လာတဲ့ သူတွေ အတွက်တော့ အခက်အခဲကြီး တစ်ခုပါပဲလို့ သူက ယုံကြည်ပါတယ်။ အလုပ်ရှင်တွေ ကြည့်ရတာ Skilled Migrant တွေရဲ့ Communication Skill ကို စိုးရိမ်ပုံ ရပါတယ်။

နိုင်ငံခြားသား ကျွမ်းကျင်သူတွေဆီက စုတ်စုတ်ပြတ်ပြတ် ရေးထားတဲ့ Resume တွေကလည်း အလုပ်ရှင်တွေရဲ့ သံသယကို မီးထိုးပေးသလို ဖြစ်စေပါတယ်။ အသစ်ရောက်တဲ့ သူတွေဆီက Resume အညံ့စားတွေ များစွာ တွေ့နေရပါတယ်လို့ Litte ရော Logan ရောက ပြောပါတယ်။ ဒါကြောင့် သူတို့ရဲ့ တကယ့် အရည်အချင်းကို အကဲဖြတ်ဖို့မှာ အလွန်ခက်ခဲစေပါတယ်။ Logan က အကြံပေးတာက အသစ်ရောက်သူတွေဟာ သူတို့ လုပ်ခဲ့တဲ့ အလုပ်တွေအကြောင်းကို သေသေချာချာ ဆက်စပ်ပြောရပါမည်။ ရှင်းပြရပါမည်။ အလုပ်လျှောက်တဲ့သူဟာ ဘာနိုင်ငံသား ဖြစ်ခဲ့ဖူးတယ် ဘယ်လို အကျင့်စရိုက် ရှိတယ်ဆိုတာကို ထည့်သွင်းစဉ်းစားပြီး Resume ကို ဖတ်ဖို့ ဆိုတာ အလုပ်ရှင်တွေ အတွက် ခက်လှပါတယ်။ (စကားချပ်-ဥပမာ ဗမာတွေဆိုရင် အလုပ်ထဲမှာ ရိုကျိုးတယ် ကြိုးစားတာပဲ ခန့်လိုက်မည် ဆိုပြီး အလုပ်ရှင်တွေ အနေနဲ့ တွေးဖို့ သြစတြေးလျမှာတော့ မဖြစ်နိုင်ပါဘူး။)

လူတွေဟာ ဘယ်တော့မှ ခွဲခွဲခြားခြား မဆက်ဆံတတ်ပါဘူး ပြောရင်တော့ ပြောတဲ့သူပဲ ငတုံးဖြစ်မယ်။ ဒါပေမယ့် သြော်ဇီတွေဟာ ၀မ်းတွင်းစွဲ လူမျိုးရေး ခွဲခြားတတ်တယ်ဆိုတာကိုတော့ Little က မယုံကြည်ပါဘူး။ အလုပ်ခန့်တဲ့ နေရာမှာတော့ သြော်ဇီ အလုပ်ရှင်တွေဟာ အရဲမစွန့်ချင်ပါဘူး။ လူတွေက အလုပ်တစ်မျိုးကနေ တစ်မျိုး ပြောင်းရင် အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ အလုပ်ရှင်တွေက ခေတ်ကြီးဘယ်လောက် မကောင်းဘူးဆိုတာကို မသိကြပါဘူး။ နည်းနည်းပါးပါးတော့ အလျှော့အတင်း ရှိသင့်ပါတယ်။

လူတိုင်း အင်္ဂလိပ်လို ပြောနေရင်တောင် အဓိပ္ပါယ်ကောက် လွဲမှုတွေ ရှိနိုင်သေးတယ်။ Logan ထောက်ပြတာက သြော်ဇီတွေက ပျော်ပျော်နေတတ်တာကို အသစ်ရောက်တဲ့သူတွေက အထင်လွဲမှားနိုင်တယ်တဲ့။ သြော်ဇီတွေက လျော့တိလျော့ရဲ ဖြစ်တယ် ထင်နေကြတာ လုံးဝ မဟုတ်ပါဘူး။ “စကားစမြည်ပြောဖို့ လာခဲ့ကွာ” ပြောတာ အမှန်အကန် အင်တာဗျူးဖို့ ဖြစ်နိုင်တာမို့ အသေအချာ ပြင်ဆင်သွားသင့်ပါတယ်။

နှုတ်ကပြောတာထက် အများကြီးတာသွားတာတွေလည်း ရှိပါသေးတယ်။ ကိုယ်အမူအယာတွေက အဓိပ္ပါယ်တွေ အများကြီးဆောင်နိုင်ပြီး လူမျိုး တစ်မျိုးနဲ့ တစ်မျိုး ကွဲပြားနိုင်ပါတယ်။ ယဉ်ကျေးမှု မတူတဲ့ လူမျိုးကွဲတွေနဲ့ အင်တာဗျူးမှာ ဆက်ဆံရေးတွေကို လေ့လာ သုတေသန လုပ်နေတဲ့ ကွင်းစလန် တက္ကသိုလ်က Aparna Hebbani က ပြောတာက လက်ဆွဲ နှုတ်ဆက်တာတွေ မျက်လုံးချင်း ဆိုင်ကြည့်တာတွေဟာ လူမှုဆက်ဆံရေးမှာ ၆၆%လောက် အရေးပါပါတယ်တဲ့။

ယဉ်ကျေးမှု မတူလို့ အင်တာဗျူးတွေမှာ အဓိပ္ပါယ်ကောက် လွဲမှားတာတွေ သူမ အများကြီး တွေ့ဖူးပါတယ်။ ဥပမာ India က လူတစ်ယောက်ကို အင်တာဗျူးရင် သူက မျက်လုံးချင်း စေ့စေ့ကြည့်ဖို့ သင့်တော် လိုအပ်သလောက် လုပ်မိမှာ မဟုတ်ပါဘူး။ အင်တာဗျူးတဲ့သူက ဒီလူဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိသလို ယုံကြည့်စိတ်ချရမှုလည်း မရှိနိုင်ဘူးလို့ မှတ်ချက်ချသွားနိုင်ပါတယ်။ တကယ်တော့ အဲဒီ Indian ဟာ အင်တာဗျူးတဲ့သူကို စေ့စေ့ကြည့်ရင် အရိုအသေ မပေးရာ ရောက်မှာ စိုးလို့ပါ။

ယဉ်ကျေးမှု စရိုက်မတူတဲ့သူတွေ အင်တာဗျူးကို ရှုမြင်ပုံတွေက အောင်မြင်ဖို့ အခွင့်အလမ်းကို အဆုံးအဖြတ် ပေးနိုင်ပါတယ်။ တချို့တွေက ကိုယ့်အရည်အချင်းကို ရောင်းပန်းတင်တဲ့ အချိန်မှာ အရမ်း နှိမ့်ချ ကျိုးနွံလွန်းပါတယ်လို့ Little က ပြောပါတယ်။ အလုပ်ခန့်တယ်ဆိုတာ နှစ်ဦးနှစ်ဖက် အကျိုးပါ။ ဒါမျိုးမြင်တတ်တဲ့ နိုင်ငံခြားသား ကျွမ်းကျင်သူတွေကို မတွေ့သလောက်ပါပဲ။ သူတို့တွေက သူတို့ဆီမှာ ကမ်းလှမ်းစရာ (အရည်အချင်း) တွေ ရှိတယ်ဆိုတာကို နားမလည်ကြဘူး။

အသစ်ရောက်လာသူတွေကို အလုပ်ခန့်ဖို့ရာ နားလည်ရခက်တဲ့ ဆက်ဆံရေးတွေ အပြင် တခြားဘာတွေ အရဲစွန့်ရဦးမလဲ။ Logan နဲ့ Little က အသစ်ရောက်လာသူတွေဟာ သြစတြေးလျက ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေအပြင် ဒီက အလုပ်လုပ်ပုံကို ယေဘုယျ သိထားသင့်တယ် ဆိုပါတယ်။ Engineering မှာ အသစ်ရောက်တဲ့သူတွေ Adapt လုပ်နိုင်ပါမလားလို့ အလုပ်ရှင်တွေက တကယ်ဖြစ်သင့်တာထက် တွေးပူလွန်းပါတယ်။ တကယ်တော့ Engineering ဆိုတာ ဘယ်မှာမှ မပြောင်းလဲတဲ့ Law of Science ပါပဲလို့ Little က ထောက်ပြပါတယ်။

တချို့ အသက်မွေးဝမ်းကျောင်းတွေမှာတော့ နယ်ခံဒေသ ဗဟုသုတကို လေ့လာဖို့ ပိုခက်ခဲပြီး အချိန်ယူနိုင်ပါတယ်။ စာရင်းကိုင် အလုပ်ကတော့ ဥပမာ တစ်ခုပါပဲ။ အရင်တုန်းက PKF စာရင်းကိုင် ကုမ္ပဏီမှာ အစုဝင်လည်း ဖြစ်ခဲဖူး Institute of Chartered Accountants မှာလည်း ဥက္ကဌ ဖြစ်ခဲ့ဖူးတဲ့ David Smith က Smithink ဆိုတဲ့ Accountants တွေအတွက် အုပ်ချုပ်ရေး အကြံပေး ကုမ္ပဏီ တစ်ခု ထောင်ထားပါတယ်။ Communication Skill အပြင် အင်မတန်မှ ရှုပ်ထွေးခက်ခဲတဲ့ သြစတြေးလျ အခွန်စနစ်တွေနဲ့ Super Annnuation (ပင်စင်စုငွေ) စနစ်တွေကို Immigrant တွေ နားလည်ပါ့မလားလို့ အလုပ်ရှင်တွေ စိုးရိမ်တာဟာ ဒီကို အလုပ်လာရှာတဲ့ စာရင်းကိုင်တွေအတွက် အဓိက အဟန့်အတားပါပဲလို့ သူက ပြောပါတယ်။

အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေဟာ ၇၀% လောက်ထိ ရှိပြီး သြစတြေးလျရဲ့ စီးပွားရေး ဖွဲ့စည်းတည်ဆောက်ပုံဟာ ခေတ်ဟောင်းပုံစံ ဖြစ်နေတယ်ဆိုတာကို အလုပ်လာရှာတဲ့ နိုင်ငံခြားသား ကျွမ်းကျင်သူတွေဟာ နားလည်ဖို့ လိုတယ်လို့ Logan က ပြောပါတယ်။

စာရင်းကိုင် လုပ်ငန်းမှာတော့ ဒီလိုမျိုးကို ဖြစ်နေတာပါ။ အလုပ်ခန့်လိုက်ပြီးတာနဲ့ ချက်ချင်း စမလုပ်နိုင်တဲ့ သူတွေကို အလုပ်ခန့်ဖို့ဆိုတာ အသေးစား စာရင်းကိုင် ကုမ္ပဏီတစ်ခု အတွက် မဖြစ်နိုင်ပါဘူး လို့ Smith က ပြောပါတယ်။ လုပ်ငန်းအသေးလေးတွေဟာ အသစ်ရောက်လာတဲ့သူတွေရဲ့ အရည်အချင်းကို အတည်ပြု စစ်ဆေးဖို့တို့ သင်တန်းပေးဖို့တို့ မတတ်နိုင်ပါဘူး။ အသစ်ရောက်လာတဲ့သူတွေ အခက်အခဲကြားမှာ ရုန်းကန်နေရတာကိုတောင်မှ စိတ်ရှည် သည်းခံနေမှာ မဟုတ်လောက်ပါဘူး။

အခုမှရောက်တဲ့သူတွေအတွက် အလုပ်ရဖို့ တခြား အဟန့်အတားတွေလည်း ရှိပါသေးတယ်။ အလုပ်ရှင်တွေဟာ နိုင်ငံခြားသား ကျွမ်းကျင်သူတွေကို အလုပ်ခန့်ဖို့ရာမှာ ဒီလူတွေ ဘယ်လောက်လွယ်လွယ် အလိုက်သင့် ပြောင်းလဲနိုင်မလဲဆိုတာကို သိဖို့ စရိုက် အကျင့်တွေကို အကဲဖြတ်ပါသေးတယ်လို့ Smith နဲ့ Little က အဆိုပြုပါတယ်။

အလုပ်ရှင် တော်တော်များများက ၁၉၈၀ လောက်က နည်းတွေနဲ့ တွေးခေါ်နေကြတုန်းပဲ။ အဲဒီတုန်းက ရွေးချယ်ဖို့ လူတွေအများကြီး ရှိပြီး တော်တော်သွေးဆူတဲ့ အလုပ်သမား သမဂ္ဂတွေ ရှိပါတယ်။ အလုပ်ရှင်တွေက မှန်မှန်ကန်ကန် ရွေးချယ် အလုပ် မခန့်မိရင် သမဂ္ဂတွေရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ ဘယ်လိုမှ ထောက်ကွက် မရှိတဲ့ စနစ်မျိုး လိုခဲ့ပါတယ်။ အလုပ်ရှင်တွေက လစ်လပ်သွားတဲ့နေရာမှာ အစားထိုးဖို့ထက် Team တစ်ခု ဖွဲ့ရပါမည်။ အားနည်းချက်တွေကို ချီးမွမ်းစရာ စွမ်းဆောင်ရည်တွေနဲ့ ဖာထေးရပါမည်လို့ Little က ယုံကြည်ပါတယ်။

HR ကလူတွေကတော့ အလုပ်ခန့်တဲ့ နည်းစနစ်တွေက ပြောင်းလဲ တိုးတက်နေပါပြီ ဆိုပါတယ်။ ကုမ္ပဏီကြီးတွေက အလုပ်ခန့်တဲ့ နေရာမှာ သူတို့ အထာ ဘယ်လို ရှိတယ်ဆိုတာကို ထည့်သွင်း ဖြည့်စွက်ထားပါတယ်။ ဒါမှ သူတို့လိုချင်တဲ့ ကိုယ်ကျင့်သဘောထား (right attitude) ရှိတဲ့သူတွေကို ရနိုင်မှာ မို့လို့ပါ။ ဒါပေမယ့် ရှေးရိုးစွဲ အင်တာဗျူးတွေနဲ့ Resume ဖတ်ပြီး အကဲဖြတ်ရင်တော Right Attitude ဆိုတာဟာလည်း မသိမသာကွဲပြားနေဦးမှာပါပဲ။

Online ကနေ Resume တွေ တင်နိုင် ဖတ်နိုင်တာဟာလည်း အလုပ်လျှောက်သူတွေအတွက် အလှမ်းဝေးစေပါတယ်။ အလုပ်ကြော်ငြာအတော်များများမှာ အလုပ်ရှင်တွေရဲ့ အမည်တွေ ဆက်သွယ်ဖို့ ဖုန်းနံပါတ်တွေ မပါပါဘူး။ ဒါဟာ လုပ်ငန်းအကြောင်းကို ဂဃနဏ သိတဲ့သူနဲ့ တိုက်ရိုက် ပြောဆိုပြီး ဒီအလုပ်ဟာ ကိုယ်နဲ့ တကယ် ကိုက်မကိုက် သိဖို့ အလုပ်လျှောက်သူတွေအတွက် ခက်ခဲစေပါတယ်။

လုပ်ငန်းရှင်တွေဟာ သူတို့ရဲ့ တံခါးတွေကို ကျယ်ကျယ်ဖွင့်ထားလို့ သူတို့အတွက်ပဲ အကျိုးများစေတယ်လို့ Little က မြင်ပါတယ်။ နိုင်ငံခြားသား အင်ဂျင်နီယာကို ခန့်လိုက်ရင် သြော်ဇီတစ်ယောက်နဲ့စာရင် လောလောဆယ် အလုပ် သိပ်မတွင်ကျယ်လှပေမယ့် ရေရှည်မှာတော့ အကျိုးရနိုင်တယ်လို့ သုံးသပ်ပါတယ်။ နိုင်ငံခြားသားတွေက သြော်ဇီတွေလောက် အလုပ် အပြောင်းအရွှေ့မလုပ်ဘဲ အလုပ်ထဲမှာ ပိုမိုခင်တွယ်တယ် အကျင့်သိက္ခာ ပိုရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံခြားသား ကျွမ်းကျင်သူတွေဟာ သြစတြေးလျမှာ မရှိတဲ့ အတွေ့အကြုံတွေကို သယ်ဆောင်လာပြီး အဲဒီ ဗဟုသုတတွေနဲ့ အရည်အချင်းတွေနဲ့ နိုင်ငံတကာမှာ လုပ်ငန်းလည်ပတ်ဖို့ စွမ်းဆောင်စေနိုင်ပါတယ်။

Other side of 'Think Local' September 20, 2008 from The Australian ကို ဆီလျော်အောင် ဘာသာပြန်ထားပါတယ်။

Film