Tuesday, December 21, 2010

အပြောင်းအလဲတွင် စီးမျောပါ

၂၀၁၀ ကနေ ၂၀၁၁ ကို ပြောင်းသွားမှာဟာ အားလုံးအတွက် ဆိုင်တဲ့ အပြောင်းအလဲ တစ်ခုဖြစ်ပါတယ်။ ဒီလိုပဲ အပြောင်းအလဲတွေဟာ အခွင့်အလမ်းလို ပုဂွလိက မဆန်ဘဲ အများဆိုင် ဖြစ်တတ်ပါတယ်။ ၂၀၁၁ ကို ပြောင်းလဲသွားမှာဟာ တစ်ဦး တစ်ယောက်တည်း အတွက် အခွင့်အလမ်း မဟုတ်ပါဘူး။ အများနဲ့ ဆိုင်တယ် ဆိုပေမယ့် ၂၀၁၁ အပြောင်းအလဲမှာ စီးမျောနိုင်သလား မနိုင်သလားဆိုတာကတော့ တစ်ဦး တစ်ယောက်ချင်းစီရဲ့ အရည်အချင်း ဖြစ်ပါတယ်။ ၂၀၁၀ မှာလည်း ဒီလိုပဲ ၂၀၁၁မှာလည်း ဒီလိုပဲ ဆိုရင်တော့ အဲဒီ အပြောင်းအလဲမှာ စီမျောခြင်း မရှိဘူးလို့ ဆိုရမှာပဲ။

အပြောင်းအလဲတွေဟာ အများနဲ့ ဆိုင်တဲ့ အတွက် သိပ်ကို မြင်သာသလို သိပ်ကို ရောချလွယ်ပါတယ်။ ကိုယ်ပိုင်ဘ၀ အပြောင်းအလဲတွေဟာလည်း အများဆိုင် အပြောင်းအလဲတွေရဲ့ ဂယက်ကြောင့် ဖြစ်လာရတယ် မြင်ပါတယ်။ ၂၀၁၀ ကနေ ၂၀၁၁ ပြောင်းသွားမှာ အများနဲ့အတူ ကိုယ်ကိုယ်တိုင်ပဲ အမှန်တကယ် ပါဝင်သလို ထင်ရပါတယ်။ ပါဝင်တယ် မ၀င်ဘူး တကယ်တန်း အဆုံးအဖြတ် ပေးမှာကတော့ ၂၀၁၁ အတွက် ကိုယ်ကိုယ်တိုင် ပြင်ဆင်ထားသလားပါပဲ။ အပြောင်းအလဲ အတော်များများဟာ ကိုယ့်ကြောင့် ကိုယ်စတင်လို့ ဖြစ်လာတာ မဟုတ်ပေမယ့် အဲဒီအပြောင်းအလဲတွေမှာ ပါဝင်ဖို့ကတော့ အခြေအနေပေးတတ်ပါတယ်။ အပြောင်းအလဲ တစ်ခုမှာ စီးမျောရတယ် ဆိုတာ အရံသင့် ခူးခပ်ပြီး ထမင်းကို ထစားလိုက်ရုံလိုပါပဲ။ ကြိုက်တတ်ဖို့နဲ့ ၀င်စားလိုက်ဖို့ပဲ လိုတာပါ။

အပြောင်းအလဲဟာ တော်လှန်ရေး မဟုတ်ပါဘူး။ ဥပမာ ပြရရင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာ အပြောင်းအလဲ တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားရေးအတွက် တော်လှန်ရေး မဟုတ်ပါဘူး။ သူမ လွတ်မြောက်အောင် လူအပေါင်းက စွမ်းစွမ်းတမံ ကြိုးစားခဲ့ကြတယ် ဆိုတာရယ် သူမဟာ ဒီလို ဒီမိုကရေစီ ထွန်းကားဖို့ တော်လှန်ရေး တစ်ခုကို ဖြစ်မြောက်အောင် ဦးဆောင်နိုင်သူတွေထဲမှာ ပါဝင်တယ်ဆိုတာရယ် ကလည်း ယုံမှားဖွယ် မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ အပြောင်းအလဲထဲမှာ စီးမျောချင်တယ်ဆိုရင်တော့ သူမရဲ့ မြန်မာပြည် ဒီမိုကရေစီ ထွန်းကားရေး ကြိုးပန်းမှုတွေထဲမှာ တစ်တပ်တစ်အား ပါဝင်မှသာ စီးမျောနိုင်မှာပါ။ နေ့စဉ် သတင်းတွေ မလွတ်တမ်း ဖတ်ရုံနဲ့ ဒီလွတ်မြောက်မှုမှာ စီးမျောနေမှာ မဟုတ်ပါဘူး။

အပြောင်းအလဲဟာ တော်လှန်ရေးလောက် မခက်ခဲပါဘူး။ အပြောင်းအလဲတွေဟာ ကိုယ့်မျက်စိရှေမှာတင် ဖြစ်ပျက်နေတာမျိုးပါ။ တော်လှန်ရေး ဆိုတာမျိုးကတော့ ကိုယ်ကိုယ်တိုင် စတင် ပါဝင်မှသာ ဖြစ်နိုင်တာမျိုးပါ။ တော်လှန်ရေးဆိုတဲ့ စကားလုံးဟာ “နိုင်ငံရေး” ဆန်နေလျင် “စီပွားရေး” ဆန်ဆန် စွန့်ဦးတီထွင်ခြင်းလို့လည်း တွေးကြည့်နိုင်ပါတယ်။ အရပ်ဆန်ဆန် အလွယ်ပဲ ပြောရရင်တော့ မြန်မာပြည်က လူငယ်တွေ စင်္ကာပူလို နိုင်ငံတွေကို အလုပ်သွားလုပ်ကြတာ ခေတ်ရေစီးကြောင်း အပြောင်းအလဲ တစ်ခုဖြစ်ပါတယ်။ ဒီလို ခေတ်ရေစီးကြောင်းထဲမှာ စီးမျောဖို့ဟာ ဟိုးအရင်ကတည်း စင်္ကာပူ နာမည်မကြီးခင်ကတည်းက ထွက်သွားတဲ့ သူတွေလောက်တော့ အရဲ စွန့်စရာ မလိုပါဘူး။ ဒါမှမဟုတ် ကိုယ့်လူတွေ သိပ်မသွားသေးတဲ့ နိုင်ငံကို သွားတာလောက် ပူစရာ မလိုပါဘူး။ စင်္ကာပူမှာ ရပ်တည်နိုင်သလား မရပ်တည်နိုင်ဘူးလား ဆိုတာကတော့ ဒီ ခေတ်ရေစီကြောင်းထဲမှာ စီးမျောနိုင်သလား ဆိုတာပါပဲ။

အခုခေတ်ကြီးမှာ လူငယ်တချို့ရဲ့ ထွက်ပေါက် စင်္ကာပူကို ရှိပြီးသား နာမည်နဲ့ ၀ိတ်နဲ့ သုံးပြီး ပိတ်ချင်တာတွေ တွေ့ရတော့ (လွန်ခဲ့တဲ့ နှစ်တွေက အပေါစား ဗွီဒီယိုတွေမှာ) နိုင်ငံတကာ ဘုံသုံး ဘာသာစကား တစ်ခုအနေနဲ့ ပြောဆိုနေတဲ့ အင်္ဂလိပ်စကားကို သင်္ဘောသား ငပေါယောင် သရုပ်ဆောင်ပြီး ဒွတ်ဒပ် ဘွတ်ရှပ် ဘိုလမ်းနီးတယ် ပြောချင်တဲ့ လူပျက်သရုပ်ဆောင်တွေလို ရွံရှာမိပါတယ်။ အပြောင်းအလဲကို ဖုံးကွယ်လို့ မရပါဘူး။ မဖုံးကွယ်ကောင်းပါဘူး။ ဘာနဲ့ တူသွားမလဲ ဆိုရင်တော့ အပျိုဘော် ၀င်စပြုလာတဲ့ သမီးကို နည်းလမ်းမှန်မှန် ပြုစုပျိုးထောင်တာမျိုး မဟုတ်ဘဲ ရွံရှာ စက်ဆုပ်စရာ လူတော မတိုးဝံ့စရာ တစ်ခုအနေနဲ့ ပြောဆိုနေသလို ဖြစ်ပြီး ဖွံ့ဖြိုးသင့်တာတွေ မဖွံ့ဖြိုး ဖြစ်သွားပါမည်။

အပြောင်းအလဲကို ရှုမြင်သုံးသပ်တတ်မှသာ စီးမျောနိုင်ပါတယ်။ ကိုးကွယ်ရာ ဆင်းတုတော် တစ်ဆူကို စကျင်ကျောက်တုံး တစ်တုံး၊ သစ်တုံး တစ်တုံးလို့သာ မြင်နေသေးတာဟာ အတွင်းသဘောကို သိမြင်တယ် ဆိုတာထက် အပြောင်းအလဲကို မမြင်နိုင် လက်မခံနိုင်တာပါ။ ဆင်းတုတော်ကို ကျောက်တုံးတစ်တုံးလို သစ်တုံးတစ်တုံးလို ပြုမူတာ ဘာသာရေး ကျမ်းတစ်ခုကို စာရွက် တစ်ရွက်လို့ပဲ သဘောထားတာ ကိုးကွယ်သူတွေအမြင် မသင့်တော်တာပဲ ဖြစ်သွားပါမည်။ ဆန်ကနေ ထမင်းဖြစ်သွားတယ်။ ထမင်းကို စားလိုက်လို့ မစင်ဖြစ်သွားတယ် ဆိုတယ် အပြောင်းအလဲကို သိမြင်ပြီး ဆန်နဲ့ မစင်ကို မရောထွေးသကဲ့သို့ အရာတစ်ခု လူတစ်ယောက် ခေတ်တစ်ခေတ်ရဲ့ အပြောင်းအလဲကိုလည်း ယခင် အခြေအနေတွေနဲ့ မလိုအပ်ဘဲ မရေးထွေးသင့်ပါဘူး။ သူ့အပြောင်းအလဲမှာ သူ သင့်တင့် လျောက်ပတ်အောင် စီးမျောရပါမည်။

အပြောင်းအလဲကို ဥပက္ခာ ပြုစရာမလိုပါဘူး။ ပြုလို့မရပါဘူး။ ၂၀၁၀ကနေ ၂၀၁၁ ပြောင်းလဲ သွားမှာကို မီပန်းဖေါက် ကြိုဆိုစရာ မလိုပါဘူး ဆိုချင် ဆိုနိုင်ပေမယ့် ရက်စွဲတပ်တဲ့ အခါဖြစ်ဖြစ် လက်ပတ်နာရီ ကိုဖြစ်ဖြစ် သူ့နည်းတူ ပြောင်းလဲနေအောင် လုပ်ပေးရဦးမှာပါပဲ။ အပြောင်းအလဲကို မမြင်ချင်ယောင် ဆောင်သကဲ့သို့ အပြောင်းအလဲ ဖြစ်သွားတာတောင် မသိလိုက်တာမျိုးတွေ ရှိပါတယ်။ မျက်စိစုံလုံး ကွယ်နေသလို ကိုယ်ပတ်ဝန်းကျင်မှာ ဘာတွေ ပြောင်းလဲနေသလဲ မသိ တရေးနိုးထကြည့်တော့ အတော် နောက်ကျနေပြီ ဆိုတာမျိုးတွေလည်း အများသား ကြုံခဲ့ရတာပါ။ မြင်လိုက်လျက်နဲ့ ကိုယ်တိုင် လိုက်ပါ မစီးမျောတာကလည်း ခြေလက်မပါတဲ့သူ သာသာ ဖြစ်တော့မည်။

၂၀၁၀ကနေ ၂၀၁၁ ကိုပြောင်းသွားတော့မည်။ အသက်တွေလည်း ကြီးသထက်ကြီးလာတယ်။ ဒါကိုမှ မကြီးသယောင် ကြီးသယောင်နဲ့ ယောင်တောင်တောင် လုပ်နေလို့ကတော့ ကြောင်တောင်တောင်ပဲ ဖြစ်သွားပါမည်။ အသက်ပြောင်းလဲမှုမှာ စီလျှင်အောင် မစီးမျောနိုင်မျိုးတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နေတာပါပဲ။ ဒီပြောင်းလဲမှုဟာ နေ့စဉ်နဲ့အမျှ ဖြစ်နေတာမို့ သင့်တော်အောင် လိုက်ပါ စီးမျောဖို့ နေ့တိုင်း ကြိုးစာရမယ့် အရာတစ်ခု ဖြစ်တော့တယ်။

မှန်ကန် သေချာတဲ့ အပြောင်းအလဲအတွက် လမ်းဆုံ လမ်းခွ မရှိပါဘူး။ လမ်းဆုံး လမ်းခွမှာ ဘယ်လမ်း လိုက်ရမယ်မှန်း ဘယ်ကမ်း ကပ်ရမယ်မှန်း မသိတာဟာ အပြောင်းအလဲ မပီပြင်တာပါ။ ဒီလို မပီပြင်တဲ့ အပြောင်းအလဲတွေမှာ တံလျှပ်ရေထင် ရွှေသမင် အလိုက်မှားတာတွေဟာ ဖြစ်နိုင်တာမို့ မဖြစ်ပေါ်သေးတဲ့ အပြောင်းအလဲကိုလည်း ရှုမြင် သုံးသပ် တတ်ရပါမည်။ ဒါပေမယ့် အရာတိုင်းမှာတော ၂၀၁၀ကနေ ၂၀၁၁ကို ပြောင်းသွားမှာလို ပြက်ပြက်ထင်ထင် မမြင်သာပါဘူး။ စွန့်စားလိုက်ရတာတွေ အပြောင်းအလဲဖြစ်သွားအောင် တွန်းထိုးလိုက်ရတာတွေဟာ မြင်သာတဲ့ အပြောင်းအလဲတွေမှာ စီးမျောခြင်းထက် သာလွန် ခက်ခဲပါတယ်။

လွယ်လွယ်ကူကူ မျက်စိရှေ့မှာ ဖြစ်ပေါ်နေတဲ့ သေချာပေါက် အပြောင်းအလဲတစ်ခုမှာ စီးမျောချင်ရင်တော့ အဲဒီ အပြောင်းအလဲထဲ ခြေစုံပစ်ဝင်ပြီး ကိုယ်တိုင်ပါဝင်မှသာ ဖြစ်နိုင်တော့တယ်။ အပြောင်းအလဲတွေကို သတင်းဖတ်သလို ဖတ်နေရုံနဲ့တော့ အပြောင်းအလဲထဲမှာ စီးမျောမှာ မဟုတ်ဘဲ ကိုယ်သာလျင် နောက်ကျကျန်ခဲ့မှာပဲ။ အပြောင်းအလဲကို မြင်လျက်နဲ့ ကိုယ်စွမ်း ကိုယ်စ မရှိလို့ဘဲ ဖြစ်ဖြစ် နောက်တွန့်လို့ပဲ ဖြစ်ဖြစ် စုံဝင် မစီးမျောရင်လည်း ဒီအပြောင်းအလဲဟာ ကိုယ်နဲ့ မဆိုင် အသုံးမ၀င် ဖြစ်တော့မည်။

အပြောင်းအလဲတွေထဲမှာ မျောပါရင် ပြီးရော ကိုယ်တိုင် အဆင်သင့် မဖြစ်သေးဘဲ စုံခုန်ဝင်ရင်လည်း ရေမကူးတတ်ဘဲ မြစ်ထဲကို ခုန်ချသလိုမျိုးပဲ ဖြစ်သွားပါမည်။ အပြောင်းအလဲတွေထဲမှာ ရေစုန်မျောပြီး နောက်ဆုံး ခွေးသေကောင်ပုတ်လို ကြုံရာ ကမ်းတစ်ခုမှ တင်ပြီး ကျီးစား ငှက်စားနဲ့ ဘ၀ဆုံးရုံသာ ရှိတော့တယ်။ ပတ်ဝန်းကျင်မှာ အပြောင်းအလဲတွေ ဖြစ်ပေါ်နေတာကို သိမြင်ပြီး ကိုယ်လိုချင်တဲ့ အနအထားတစ်ခု ရောက်စေမည့် အပြောင်းအလဲတစ်ခုကို ရွေးချယ်ပြီ အဆင်သင့် ဖြစ်တယ်ဆိုရင်ဖြင့် ပါဝင် ဆင်နွှဲဖို့သာ လိုတော့တယ်။

၂၀၁၁ နှစ်ကူး အပြောင်းအလဲ မှာ အမှန်တကယ် စီးမျောနိုင်ဖို့ ဒီစာကို နှစ်ကူး လက်ဆောင်အဖြစ် ရေးလိုက်ပါတယ်။ အပြောင်းအလဲတွေကို သုံးသပ်ပြီး ဘယ်လို စီးမျောမည် ဆုံးဖြတ်ချင်သူများအတွက် နှစ်ကူး သံဓိဌာန် ချနိုင်ဖို့ နှစ်မကူးမီ ကြိုတင်ပြီး ရေးလိုက်ပါတယ်။

စာဖတ်သူအပေါင်း ၂၀၁၁ မှာ စီးမျောနိုင်ပါစေ။ ။


တခြားဖတ်ရန်

* အပြောင်းအလဲ (ကိုပေါ)
* ၂၀၁၀ အတွက် ဒိန်ချဉ် နောက်တစ်အိုး

Sunday, December 19, 2010

အမေစုနှင့် Exclusive Interview


“အကျယ်ချုပ် ထိန်းသိမ်းခံရစဉ်အတွင်း ရဟန်းတော်များ အိမ်ရှေ့မှ ဖြတ်လျှောက်သွားတဲ့အခါ ခြံဝအထိ ထွက်ပြီး ဖူးမြော်ခဲ့ပါတယ်.. အဲဒီအချိန်က ခြံဝကို ထွက်ပြီး သံဃာတော်တွေကို ဖူးမြော်ခဲ့ပါတယ်.. မျက်ရည်ကျ ငိုတယ်ဆိုတာတော့ မဟုတ်ပါဘူး..တကယ်တော့ မြင်လိုက်ရတဲ့အတွက် အရမ်းကို ပျော်ရွှင်ခဲ့ရပြီး ပြုံးခဲ့တာပါ…တချို့လူတွေနဲ့ သံဃာတော် အချို့ကတော့ ကျမကို မြင်တဲ့အတွက် မျက်ရည်ကျကြပါတယ်…ကျမကတော့ သူတို့ဒီလို လမ်းပေါ် ထွက်လာခွင့်ရတဲ့အတွက် မြင်ရတာနဲ့ကို အရမ်းဝမ်းသာမိတာပါပဲ”


ပြည်သူတွေအများစုက ဘယ်အချိန်ပဲ ဖြစ်ဖြစ် တွေ့မြင်လိုက်တိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်အား “အမေစု”ဟု ခေါ်ဝေါ်တဲ့အပေါ် သူမရဲ့ ခံစားချက်ကို ဖြေကြားတဲ့ အခါ

"ပထမဆုံးအနေနဲ့တော့ ကျမ ဖေဖေ့ရဲ့ အမေ အဘွားကို သတိရစေပါတယ်။ အဘွားရဲ့ ဇာတိမြေ နတ်မောက်တစ်မြို့လုံးက ကျမတို့ အဘွားကို အမေစုလို့ပဲ ခေါ်ကြတယ်လေ။ အိမ်နီးချင်းတွေ အမျိုးတွေတင် မဟုတ်ဘဲ ဘာကြောင့်ရယ်တော့ မသိ တစ်မြို့လုံးက အမေစုလို့ပဲ ခေါ်ကြတယ်။ တခြားတစ်ခုကတော့ အမေရယ်လို့ အခေါ်ခံရတာ ရည်ညွှန်းခံရတာ တာဝန်တွေ ပိုကြီးလာပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမေတစ်ယောက်ရဲ့ အခန်းကဏ္ဍက အင်မတန် အရေးပါပြီး တာဝန်ဝတ္တရား ပိုကြီးမားလို့ပါ….”

“ကျမအထင် လူတွေက သူတို့လုပ်ချင် ဖြစ်ချင်တဲ့နေရာတွေကို သွားနိုင်ဖို့ ကျမကို ကူညီစေချင်ခဲ့တာပါ..ကျမ သူတို့ကို ကြိုးစားသင်ပေးနေတာကတော့ သူတို့ကိုယ်တိုင်က ကူညီနိုင်တယ်ဆိုတဲ့ အချက်ပါပဲ... ကျမတို့ တူတူ လုပ်ကြမယ်.. သူတို့ ကျမတစ်ယောက်တည်းကို အားကိုးလို့ မရဘူးလေ..တခြား ဘယ်သူတစ်ဦးတစ်ယောက် ပါတီအဖွဲ့အစည်းတစ်ခုကိုလည်း သူတို့ လိုချင်တာကိုရောက်ဖို့ အားကိုးလို့မရပါဘူး...”

“လူတွေကိုယ်တိုင်..အထူးသဖြင့် လူငယ်လေးတွေဟာ ဒီဇာတ်လမ်းမှာ အရေးကြီးတဲ့ သရုပ်ဆောင်တွေပါပဲ…"

မလွှင့်ထုတ်လိုက်ရတဲ့ အင်တာဗျူးတစ်ခုမှ ကောက်နှုတ်ချက်ကို အင်တာဗျူးခဲ့သူ သတင်းထောက်တစ်ဦးမှတဆင့် ပေးပို့လာတာကို ရေးသားချက် ဖြစ်ပါတယ်။ အင်္ဂလိပ်လို ဖြေကြားတဲ့ အပေါ် ဘာသာပြန်ထားတဲ့ အတွက် စကားလုံး အတိအကျမဟုတ်ပါဘူး။

အထက်ပါစာအာလုံး (ဓါတ်ပုံမပါ)ကို မူရင်းအတိုင်း မပြောင်းလဲဘဲ http://wesheme.blogspot.com/2010/12/exclusive-interview-with-mother-su.html အား Credit ပေး၍ ပြန်လည် ဖြန့်ဝေနိုင်ပါသည်။

ဓါတ်ပုံကို မည်သူ ရိုက်မှန်းမသိ၍ Credit မပေးနိုင်တာကို တောင်းပန်ပါတယ်။ ပေးပို့လာသူကိုလည်း (တောင်းဆိုချက်အရ အမည်မဖော်နိုင်သော်လည်း) ကျေးဇူးအထူးတင်ရှိပါတယ်။

Sunday, July 18, 2010

Iron Cross - Sydney 2010

(ကြော်ငြာ Post ဖြစ်ပါတယ်)
စံပြ မိဘမဲ့ဂေဟာအတွက် ရန်ပုံငွေ ရည်ရွယ်ထားတဲ့ Iron Cross အဖွဲ့ကြီးရဲ့ စင်တင်တေးဂီတ ပွဲကြီးကို သြဂုတ်လအတွင်းမှာ Sydney မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်း၊ ခင်ဘုဏ်းနဲ့ ကြိုးကြာတို့ ပါဝင် သီဆိုမှာ ဖြစ်ပါတယ်။ ပရိတ်သတ် ၁၀၀၀ကျော် အတွက် နှစ်ထောင်း အားရစေမဲ့ ပွဲတစ်ပွဲ ဖြစ်အောင် အားကြိုးမာန်တက် စီစဉ်ထားပါတယ်။ Concert Hall နှင့် Audio System ကိုလည်း Iron Cross အဖွဲ့ရဲ့ စိတ်ကြိုက်အတိုင်း စိစဉ်ပေးထားပါတယ်။ "မျိုးကြီး"ရဲ့ တေးရေးဆရာ "ကိုဖိုးဇော်" ကိုယ်တိုင် စီစဉ်ကြီးကြပ်ပြီး ပြုလုပ်ထားတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။ ဒါအပြင် IC ရဲ့ အဆိုတော်ဟောင်း ထွဏ်းထွဏ်းလဲ လာရောက် အားပေး ကူညီမယ်လို့ သတင်းရရှိထားပါတယ်။ ပွဲမစခင် အဆိုတော်များရဲ့ ကိုယ်ပိုင် အားလပ်ချိန်လေးမှာ ပရိတ်သတ်များနှင့် ဓါတ်ပုံရိုက်နိုင်အောင်၊ အမှတ်တရ လက်မှတ် ရေးထိုးနိုင်အောင်များလည်း စီစဉ်ထားပါတယ်။ အစီစဉ် အသေးစိတ်ကိုတော့ ပိုစတာကို အကြီးချဲ့ပြီး ကြည့်နိုင်ပါတယ်။


Saturday, July 10, 2010

အီတာလျံရွာသို့ တစ်ခေါက်

ကမ္ဘာပေါ်က အထင်ကရ မြို့ကြီးတွေ တော်တော်များများမှာ ဌာနေတွေ (Native) တွေ နေတာက တ၀က်လောက်ပဲ ရှိပါတော့တယ်။ ကျန်တာတွေက ပြည်ပကသူတွေ (Foreign Born) တွေ နေကြတယ်။ အဲဒီလို မြို့ကြီးတွေထဲမှ (၂၀၀၅ စစ်တမ်းအရဆိုရင်) အမေရိကားက မိုင်ယာမီက အဆိုးဆုံး။ တ၀က်ကျော်က ကျူးဘားတွေ။ ခိုးဝင်လာတာရော ဗြောင်ဝင်လာတာရော။ အိန္ဒိယက ကုလားတွေကတော့ ပြောမနေနဲ့ ကမ္ဘာအနှံ့က မြို့ကြီးတွေမှာ သူတို့ပဲ။ ကနေဒါက တိုရန်တို၊ ဆွစ်စလန်က ဂျီနီဗာ လိုမြို့မျိုးတွေကနေ UAE က ဒူဘိုင်းလိုမှာထိ သူတို့တွေက ရာခိုင်နှုန်း အတော်များများ ယူထားကြတယ်။ ကနေဒါက ဗန်ကူးဗားကတော့ တရုတ်တွေ အကြိုက်။ ဆစ်ဒနီမှာလည်း ဗြိတိန်ဖွား ၂ သိန်းနီးပါးပြီးရင် တရုတ်တွေက တစ်သိန်းကျော်နဲ့ ဒုတိယ လိုက်တယ်။

စင်္ကာပူနဲ့ ဆစ်ဒနီကတော့ လူဦးရေ စုစုပေါင်းကလည်း ၄သန်းခွဲ ကျော်ကျော်နဲ့ မတိမ်းမယိမ်း။ Foreign Born တွေကလည်း ၃ ယောက်မှာ ၁ ယောက်နှုန်းလောက်နဲ့ သိပ်မကွာပါဘူး။ ဒါဟာ လန်ဒန်နဲ့ ပါရီထက် Foreign Born ရာခိုင်နှုန်း နည်းနည်းပိုများပါသေးတယ်။ စင်္ကာပူက လူတွေ (သူ့နိုင်ငံသားတွေ)က စင်္ကာပူကို ဘာကြောင့် ကြိုက်သလဲလို့ မေးလို့ရှိရင် စည်းကမ်းရှိရှိ တိုးတက်တာ အပြင် ယဉ်ကျေးမှုစုံလို့ Multi-Culture မို့လို့ ကြိုက်တယ် ပြန်ဖြေရင် သိပ်ကြိုက်တာ။ စင်္ကာပူ အစိုးရကလည်း တရုတ်၊ မလေး၊ ကုလား သုံးမျိုး တည့်ပြီး နေနိုင်အောင် စင်္ကာပူကို Multi-Culture ဖြစ်တယ်လို့ ၀ါဒဖြန့်ထားတာလေ။

တကယ်တမ်း တရုတ် ကုလား မရှိတဲ့ မြို့ကြီးဆိုတာလည်း ခပ်ရှားရှား။ တကယ်တမ်း စင်္ကာပူမှာ အထူးအဆန်းဖြစ်တာ စိတ်ဝင်စားစေတာ မလေးတွေနဲ့ သူတို့ရဲ့ အစားအစာပါ။ Peranakan မလေး-တရုတ်တွေ၊ ပီနန်ဖက်က အစားအစာတွေတော့ ပိုကြိုက်တယ်။ စင်္ကာပူမှာ China Town အပြင် Little India ဆိုပြီး သူ့လူမျိုးနဲ့သူ ဆိုင်တွေ စားသောက်ဆိုင်တွေ ကုန်စုံဆိုင်တွေ ဖွင့်ထားတယ်ဆိုတာတော့ အားလုံး သိပြီးလောက်ပဲ။ NYC (New York City) မှာ လူဦးရေ ၈ သန်းကျော် ရှိရာမှာ ၈% ကျော်က အီတာလျံတွေ အီတာလျံ-အမေရိကန်တွေတဲ့။ နယူးရော့ခ်မှာလည်း Little Italy ဆိုပြီး ရှိတယ်။ အီတလီစာ ကောင်းကောင်း စားချင်ရင် အဲဒီဖက်ကို သွားစားကြတယ်။

ဆစ်ဒနီရောက်တော့ တရုတ်၊ ကုလား ယဉ်ကျေးမှု (အဓိကကတော့ ကိုယ်စိတ်ဝင်စားရာ) အစားအစာ အပြင် ဗီယက်နမ်တွေ၊ ကိုရီးယားတွေ၊ လက်ဘနွန်တွေ၊ ပါရှန်းတွေ (အီရန်တွေ)၊ အီတာလျံတွေရဲ့ အစားအစာတွေကိုပါ လက်လှမ်းမီမီ မြည်းစမ်းခွင့် ရလာတယ်။ သူတို့တွေက တစ်မျိုးကို လူဦးရေ ၅သောင်းကျော် ရှိကြတာဆိုတော့ သူတို့ရဲ့ စားသောက်ဆိုင်တွေများသလို သူတို့ အစားအစာတွေလည်း ကုန်စုံဆိုင်တွေမှာ ပုံမှန်ကို ရောင်းချပေးနေတယ်။

ဗီယက်နမ် အမဲပြုတ် ဟင်းရည် (Pho) “ဖာ” ကောင်းကောင်း သောက်ချင်ရင် ဗီယက်နမ်ဆိုင်မှာ စားလို့ရတယ်။ ပိုကောင်းတာ သောက်ချင်ရင် သူတို့တွေ များများစားစား စုနေတဲ့ နေရာကို သွားစားလို့ရတယ်။ အဲဒီက ဟင်းရည်က ဆိုင်ဂုံ(ဟိုချီမင်း)မှာ တစ်ခါ သောက်ခဲ့ဖူးတာထက်တောင် ပိုကောင်းနေသေးတယ်။ ကိုရီးယားတွေလည်း များများစားစား နေတော့ ကိုရီးယား ဘာဘီကျူး၊ ဟော့ပေါ့လည်း ကောင်းကောင်း စားချင်ရင် စားလို့ရတယ်။ ကျွန်တော် လက်ဘနီစ် နံပြားလို့ ခေါ်တဲ့ Lebanese Bread ကလည်း ဆိုင်တိုင်းမှာ ရောင်းတယ်။ အာရပ်စာ ခပတ်ဘ် (Kebab)ဆိုင်တွေလည်း အတော်များများရှိတယ်။ ပြောရမည်ဆို ဆစ်ဒနီက လူမျိုးအတော်စုံပြီး အစားအသောက်လည်း စုံတော့ တစ်မျိုးပြီး တစ်မျိုး မြည်းစမ်းလို့ မကုန်နိုင်သေးပါဘူး။

အဲဒီလိုနဲ့ ပြီးခဲ့တဲ့ အပတ်က အီတာလျံစာ စားချင်တာရယ် ဆစ်ဒနီထဲက ဟိုနား ဒီနား မရောက်ဖူးသေးတဲ့ နေရာ သွားချင်တာနဲ့ အီတာလီတွေ စုနေတဲ့ Leichardt လို့ခေါ်တဲ့ နေရာကို သွားကြတယ်။ အဲဒီမှာ အီတာလျံ စားသောက်ဆိုင်တွေအပြင် Italian Forum လို့ခေါ်တဲ့ အီတလီကမြို့တွေလို ရင်ပြင်နဲ့ အောက်ထပ်က စားသောက်ဆိုင်နဲ့ အိမ်တွေလိုမျိုး လုပ်ထားတဲ့ နေရာကို ကြည့်ချင်တာနဲ့ သွားကြတယ်။ စင်္ကာပူက Bugis Junction မှာ အခုနောက်ပိုင်း Renovate လုပ်ထားတဲ့ လမ်းကျဉ်ထဲမှာ အောက်က စားသောက်ဆိုင်တွေ အပေါ်က အထည်ဆိုင်တွေလိုမျိုးပါ။


Italian Forum သွားချင်ရင် သူနဲ့ ကပ်လျက်က Norton Plaza မှာ ကား ၂ နာရီ အခမဲ့ ရပ်လို့ရတယ်။ Italian Forum ရောက်တော့ အထဲမှာ အီတာလျံ စားသောက်ဆိုင်က များများ စားစား မရှိပါဘူး။ ၄-၅ ဆိုင်ထဲ ရှိရာမှာ ဘယ်ဆိုင် စားရမယ်မှန်း မသိဖြစ်နေရော။ တစ်ဆိုင်ကတော့ ကောင်းတော့ ကောင်းတယ် ဈေးကြီးမည့် ပုံပေါက်နေတာနဲ့ မ၀င်လိုက်ဘူး။ အပြင်က မန်နူးကဒ်လေးကို ကြည့်လိုက်တော့လည်း ဟင်းတစ်မယ်ကို ၃၀-၄၀ အထက်မှာ။ အဲဒါနဲ့ လျှောက်ပတ်ကြည့်နေတုန်း တစ်ဆိုင်မှာတော့ ဧည့်ကြိုကလည်း အပြင်မှာ ပြုံးရွှင်ဖော်ရွေစွာ နှုတ်ဆက်ပြတယ်။ သူ့မန်နူးကို ကြည့်လိုက်တော့လည်း တစ်ပွဲကို ၂၀ကျော်လောက်ပဲ။ ဧည့်ကြိုကောင်လေးရော စားပွဲထိုးကရော အီတာလျံရုပ်ပဲ။ ဆိုင်ထဲမှာလည်း သမီးကြိုက်တဲ့ အီတလီ ရေခဲမုန့် Gelato ကောင်တာလည်း ရှိတော့ အဲဒီဆိုင်ကို ရွေးလိုက်ပါတယ်။

ဆိုင်ထဲရောက်တော့ ပီဇာရယ် အီတာလျံစာ တစ်ခုရယ် မှာပြီးတော့ သမီးအတွက် ရေခဲမုန့်သွားဝယ်ပေးတော့ ဆိုင်ထိုင်တာ တရုတ်ပါ။ ဟောင်ကောင် တရုတ်ရုပ်ပဲ။ ဆစ်ဒနီမှာ ဟောင်ကောင်က တရုတ်တွေလည်း အတော်ရှိတယ်။ သန့်သန့်ပြန့်ြ့ပန့်နဲ့။ ရေခဲမုန့် ၀ယ်ပြီး ကိုယ့်နေရာကိုယ်လာထိုင်တော့ ကိုယ်ရွှေတရုတ်ကလည်း ထလာပြီး စားပွဲထိုးတွေကို ဟိုခိုင်း ဒီခိုင်း လုပ်တယ်။ သြော် သူက ဆိုင်ရှင်လား တွေးမိတယ်။ အဲဒီ အချိန်မှာပဲ မီးဖိုထဲက ထွက်လာတဲ့ တရုတ်မ စားပွဲထိုးလေး နောက်တစ်ယောက်ကလည်း တခြားဝိုင်းတွေမှာ ဟင်းတွေ ချပေးနေတာတွေ့လိုက်တယ်။ ဆိုင်ထဲမှာလည်း လူတစ်ရပ်လောက် ရှိတဲ့ ဂျူးလိယက်ဆီစာလိုလို ရိုမန် စစ်သားရုပ်အပြင် ကောင်တာပေါ်မှာ လာဘ်ခေါ် အန်းကုံးကြီး အရုပ်သေးသေးလေးပါ ထပ်တွေ့လိုက်တယ်။ ပြီးတော့ နတ်ကွန်းလိုလို အနီရောက် စင်လေးပါ တွေ့လိုက်တော့မှ ဒီဆိုင် တရုတ်ပိုင်တာ ပါလား သတိထားမိတယ်။

မီးဖိုထဲက ဟင်းအဆင်သင့်ဖြစ်လို့ ခေါင်းလောင်းတီးပြီး စားပွဲထိုးကို ခေါ်သံကြားလို့ ကြည့်လိုက်တော့ စာဖိုးမှုးကလည်း လားလား တရုတ်ပါပဲလား။ အီတာလျံစာ စားချင်လို့ ဒီအထိ အိမ်ကနေဆိုရင် မိုင် ၂၀ကျော် ခရီးကို ချီတက်လာပြီးတော့မှ တရုတ်ပိုင်တဲ့ ဆိုင်မှာ တရုတ်စားဖိုမှုးရဲ့ အီတာလျံစာကို စားရပေဦးတော့မည်။ မျက်နှာဖုံးလှလို ၀ယ်လာပြီးမှ ဖတ်မကောင်းတဲ့ စာအုပ်လို ဧည့်ကြို အီတာလျံလေးရဲ့ အပြုံးကြောင့် ၀င်ထိုင်မိပြီးမှ တရုတ်စားဖိုမှုးရဲ့ လက်ရာကို မျိုချရတော့မည်။ ပြင်သစ်စာ အချက်ကောင်းတဲ့ ဂျပန်တွေလည်း ရှိသလို အီတာလျံစာ အချက်ကောင်းတဲ့ တရုတ်လည်း ရှိမှာပဲဆိုပြီး စားကြည့်လိုက်တော့ ပီဇာကလည်း ကိုယ့်အိမ်မှာ Pizza Base ၀ယ်ပြီး လုပ်စားတဲ့ ပီဇာကိုတောင် ခြေဖျားမမီပါလား။ နောက်တစ်မျိုးကတော့ သိပ်မဆိုးလှ။ Veal ကို ချက်ထားတာ ခရမ်းသီး ထည့်ထားတဲ့ နည်းလေးတော့ ရလိုက်ပါတယ်။ ဒီလိုနဲ့ ကုန်အောင် မစားနိုင်တဲ့ ပီဇာကို ထုပ်ခိုင်းပြီးတော့ ငွေရှင်းလိုက်ကာ အီတာလျံရွာလေးကနေ ပြန်လာခဲ့ပါတော့တယ်။

Wednesday, June 30, 2010

ကိုယ်ချင်းစာတယ် ဆိုရာဝယ်

ဒီနေ့သတင်းတစ်ခုမှာ ကိုယ့်ပါတီဝင်တွေကိုယ်တိုင် ၀ိုင်းပြီး ဖြုတ်ချတာ ခံလိုက်ရတဲ့ သြစတြေးလျက ၀န်ကြီးချုပ်ဟောင်း Kevin Rudd ကို ကိုယ်ချင်းစာတဲ့ အကြောင်း သူလိုပဲ ဖြုတ်ချခံရဖူးတဲ့ ပါတီခေါင်းဆောင်ဟောင်းက ဒီလို ပြောပါတယ်။

I don't just have sympathy. I've got empathy.
Sympathy နဲ့ Empathy က ခပ်ဆင်ဆင်ပေမည့် အတွင်း သဘောထားက အတော်လေး ကွာသွားတာကို တွေ့ရပါတယ်။ Sympathy ရဲ့ အဓိပ္ပါယ်ကို မြန်မာ အဘိဓာန်မှာတော့ “ကရုဏာ။ သနားခြင်း။ ကြင်နာခြင်း။ ညှာတာခြင်း။ ထောက်ထားမှု။ စာနာခြင်း။ ထပ်တူ ၀မ်းနည်းကြေကွဲခြင်း။ အမြင်တူခြင်း။ သဘောထားတူခြင်း” လို့ တူမယောင် ကွဲလွဲလေးတွေ ဆိုထားပါတယ်။ Empathy ကတော့ ရှင်းပါတယ်။ “မျှဝေခံစားခြင်း။ စာနာကြည့်ခြင်းလို့” ပဲဆိုထားပါတယ်။ Empathy ကို ခံစားချက်နဲ့ ပတ်သက်ရင်တော့ “တခြားသောသူတစ်ဦး၏ စိတ်ခံစားမှု(Emotion) နှင့် အာရုံခံစားမှု(Feeling) ကို မျှဝေခံစားခြင်း”လို့ ပြောပါတယ်။

Empathy ကို အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ထားကြပါတယ်။
  • တပါးသူကို အလေးပေးထားသော စိတ်ဓါတ်လှုံဆော်မှု
  • တခြားသောသူ၏ တွေ့ကြုံခံစားချက်များကို မိမိ၏ အတွေ့အကြုံနှင့် နှီးနွယ်၍ ခံစားသိရှိနိုင်ခြင်း
  • မိမိကိုယ်ကို တခြားသူ၏ နေရာတွင် ၀င်ရောက်၍ ထိုသူ၏ အာရုံခံစားမှုများကို နားလည်ပေးနိုင်ခြင်း
  • တခြားသူ၏ အခြေအနေကို ကိုယ်ပိုင် အနေအထားထက် ပိုမို သင့်လျော်အောင် အာရုံတုန်ပြန့်မှု
စသည် စသည် ဆိုထားတဲ့ အထဲက တိုတိုနဲ့ နားလည်လွယ်တာတွေကို ထုတ်နှုတ်ယူလိုက်ပါတယ်။

တခြားသူကို Empathise လုပ်ဖို့ ကိုယ်ချင်းစာဖို့ ဆိုတာ ထိုလူရဲ့ စိတ်အနေအထားကို နားလည်နိုင်မှသာ ဖြစ်နိုင်ပါတယ်။ စိတ်အနေအထားဟာလည်း ထင်မြင်ယုံကြည်ချက်(Belief) နှင့် လိုအင်ဆန္ဒတွေ(Desire) အပေါ်မှာ အခြေခံသွားတဲ့ အတွက် ဒီအခြေခံတွေကို နားမလည် သဘောမပေါက်နိုင်လျင် ထိုသူကို ကိုယ်ချင်းစာဖို့ မလွယ်ပါ။ အဲဒါကြောင့် တခြားသူတစ်ဦးရဲ့ နေရာမှာ ၀င်ကြည့်ဖို့ဆိုတာ ရှုပ်ထွေးနက်နဲတဲ့ စိတ်ကူးနိုင်စွမ်း တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် တခြားသူရဲ့ ခံစားချက်တွေကို သိရှိ နားလည်နိုင်စွမ်းကတော့ မွေးရာပါ စွမ်းဆောင်ရည် တစ်မျိုး ဖြစ်ပါတယ်။ သူတပါးရဲ့ ခံစားချက်တွေကို ပိုမို လေးလေးနက်နက် တိတိကျကျ သိနိုင်အောင်တော့ လေ့ကျင့်ယူနိုင်ပါတယ်။ သူနဲ့ကိုယ် တစ်သားတည်း ဖြစ်အောင်တော့ Empathy မရှိနိုင်ပါဘူး။ တခြားသူကို Sympathetic ဖြစ်တယ် ဆိုတာကတော့ အတိဒုက္ခရောက်နေသူ လိုနေသူ တစ်ဦးအတွက် စိုးရိမ်ပူပန်ပြီး ထိုသူကို ပိုမိုကောင်းမွန် ပျော်ရွှင်အောင် လိုအင်ဆန္ဒပြည့်ဝ စေလိုတာမျိုး ဖြစ်ပါတယ်။

Empathy ရှိတယ်ဆိုတိုင်း Sympathetic ဖြစ်တာ မဟုတ်ပါဘူး။ တခြားသူတစ်ဦးရဲ့ အတွေးစိတ်ကူး၊ ခံစားချက်နှင့် ရပ်တည်ချက် သဘောထားတွေကို နားလည်းပေးနိုင်လို့ အဲဒီလူနဲ့ ပိုမို နီးနီးကပ်ကပ် ဆက်ဆံပြောဆိုနိုင်တာ Empathy ပါ။ Empathy ဆိုတာ ကိုယ်တွေ့ကြုံခဲ့ရတာနဲ့ တခြားသူ ခံစားနေတာရတာကနေ တူညီချက်လေးတွေကို မိမိကိုယ်တိုင်နဲ့ ထိုသူကို ရောထွေးမိခြင်း မရှိဘဲ နာလည်းခံယူ ခံစားပေးနိုင်ခြင်းပါ။ Sympathy ကတော့ လူတစ်ယောက်ကို သနားနေတာပဲ ရှိပြီး ထိုသူရဲ့ လက်ရှိအနေအထားကို နားလည်ခြင်း မရှိပါဘူး။ ဥပမာ တစ်ယောက်က “ဟေ့.. ငါတော့ ဒီနေ့ အလုပ် ဖြုတ်ခံလိုက်ရတယ်” လို့ ဆိုလာရင်
(က) - မပူပါနဲ့ကွာ။ ငါတို့လို လူတွေ အတွက် အလုပ်က မရှားပါဘူး။ ခဏနေ ပြန်ရမှာပါ။
(ခ) - ဟင်း.. မင်းတော့ အတော့်ကို ပူပန်နေရမှာပဲ..နော့်
လို့ ပြန်ပြောရင် (က)နဲ့ (ခ)မှာ ဘယ်ဟာက Sympathy ဘယ်ဟာက Empathy ဖြစ်မလဲ။

Sympathy က မိမိကိုယ်တိုင် တခြားသူလို လိုက်ပြီး ခံစား(၀မ်းနည်း)တာပါ။ ဥပမာ ရုပ်ရှင်ကြည့်ပြီး လိုက်ငိုတာ Sympathy ပါ။ သူ့အတွက် ကိုယ်က လိုက်ခံစားတာပါ။ Empathy ကတော့ သူ့ခံစားချက် သူ့အနေအထားကို နားလည်ပေးပြီး သူနဲ့ကိုယ်နဲ့ ဆက်နွယ်မှု တစ်ခု ရယူလိုက်ပေမယ့် သူနဲ့ကိုယ်ကြားမှာ စည်းခြားထားပါတယ်။ Fine Line တစ်ခု ရှိပါတယ်။

Empathy က စိတ်ခံစားချက် ဆိုပေမယ့် Intellectual ဖြစ်ပါတယ်။ Emotional Intelligence ဖြစ်ပါတယ်။ ကိုယ်စိတ် ဒုက္ခရောက်နေသူတစ်ဦးကို ထိရောက်တဲ့ အကူအညီ ပေးနိုင်ဖို့ Sympathy ထက် Empathy ပိုရှိအောင် ကြိုးစား နားလည်ပေးဖို့ လိုပါတယ်။ ဒုက္ခရောက်နေတဲ့သူတစ်ဦအတွက် “အေး ငါလည်း ဒီလိုဖြစ်ဖူးတယ်။ ဒီလို ကြုံဖူးတယ်” လို့ ပြောပေးတာ သူ့အတွက် အားတက်စရာပါ။ “ငါလည်း ဒီလိုတော့ တွေးမိသား” လို့ အတွေးအခေါ်ခြင်း ထပ်တာ နှစ်ဦးနှစ်ဘက် ဆွေးနွေးဖို့ အစကောင်းပါ။ ဒါဟာ Empathy ကို ပြတာပါ။

မိမိ ဆိုလိုနေတာကို နာလည်း သဘောပေါက်အောင် မိမိရပ်နေတဲ့ နေရာကို တခြားသူကို ၀င်ရပ်ပြီး အမြင်ချင်း တူအောင် လုပ်ပေးနိုင်တာ Empathetic Communication တည်ဆောက်နိုင်တာဟာ ကျောင်းဆရာတွေ၊ စာရေးသူတွေ၊ ဆရာဝန်တွေ အတွက် လိုအပ်ချက် တစ်ခုပါ။ Empathy ကို Communication Tool တစ်ခုအနေနဲ့ အကျိုးရှိအောင် အသုံးချနိုင်ပါတယ်။ စာဖတ်သူဟာလည်း စာရေးသူကို Empathy မထားမိရင် စာရေးသူရဲ့ စာကို မိမိ လိုသလို ကောက်ချက်ချနိုင်ပါတယ်။ Empathetic ဖြစ်တဲ့ သူတွေဟာ စာဖတ်တဲ့အခါပဲဖြစ်ဖြစ် ၊ ကျောင်းစာ လေ့လာတဲ့အခါပဲ ဖြစ်ဖြစ်၊ အလုပ်ခွင်ထဲမှာပဲ ဖြစ်ဖြစ် ပိုမို အောင်မြင်ပါတယ်။

တခြားသူကို Empathise ဖြစ်ဖို့ဆိုတာ သူ့နေရာမှာဆို ကိုယ်ဘယ်လို ခံစားရမည်။ ကိုယ်ဘယ်လို ပြုမူမည်လို့ နားလည်ပေးတဲ့ အတွက် Self-concept တစ်ခုပါပဲ။ အရာ ခပ်များများကို သတိမူမိဖို့ Awareness ရှိဖို့တော့ လိုပါတယ်။ သူနဲ့ကိုယ်ရဲ့ အတွေးအခေါ်၊ ခံစားချက်၊ ရပ်တည်ချက် စတာတွေရဲ့ တူညီတာတွေ ကွဲပြားတာတွေကို သတိမူ နားလည်ဖို့ လိုပါတယ်။

ရုပ်ရည် ရူပကာလို ဉာဏ်ရည်ဉာဏ်သွေးလို မျိုးရိုးလိုက်တာမျိုးနဲ့ မတူတာကတော့ Empathy ရှိအောင် လေ့ကျင့်ပေးလို့ ရပါတယ်။ အထူးသဖြင့် ကလေးတွေကိုပါ။ ကလေးက သူ့အမေ စိတ်မကောင်းတဲ့ စိတ်တိုတဲ့အခါ လာချော့တာ ကလေးရဲ့ Empathy ကို ပြတာပါ။ ခွေးလို တိရစ္ဆာန်တွေလည်း သခင်ကို ခေါင်းနဲ့ တိုးဝှေ့တာ လျှာနဲ့ လျက်တာ သခင်ရဲ့ စိတ်ကို နားလည်လို့ပါ။ Empathy မဖွံ့ဖြိုးသေးရင် တခြားကလေးငိုရင် အဲဒီကလေးက လိုက်ငိုချင်တယ်။ တခြားကလေး ဗိုက်နာရင်တောင် သူဗိုက်နာတယ် ထင်တတ်ပါတယ်။ Empathy ရှိလာရင်တော့ တခြားကလေး ငိုရင် သူ့ကစားစရာ သူ့မုန့်လေး ပေးပြီး ချော့မည်။ တခြားကလေး ဗိုက်နာ၊ ခေါင်းနာဖြစ်ရင် သူ့ကို သွားပွတ်ပေးပါမည်။ ဖေးမပေးတဲ့ သဘောပါ။

ကလေးတွေကို Empathy ရှိအောင် ဘယ်လို သင်ပေးရသလဲဆိုတော့ သူတို့ကို တခြားသူရဲ့ ခံစားချက်ကို နားလည်အောင် ပြောပြရပါတယ်။ ဥပမာ ကလေးက တခြားကလေးကို ရိုက်နှက်ရင် ဆူငေါက်တာထက် ဒီလို ရိုက်လာရင် တခြားသူမှာ ဘယ်လိုနာကြောင်း ပြောပြတာ။ (စိတ်ဓါတ်ကျနေလို့) ၀မ်းနည်းနေတဲ့ မိဘတွေ၊ (Stress များလို့) ဒေါသထွက်နေတဲ့ မိဘတွေနဲ့ နေရတဲ့ ကလေးများကတော့ Sympathy နဲ့ ရောထွေးပြီး Empathy မဖွံ့ဖြိုးတော့ပါဘူး။

Empathy ရှိတဲ့သူ သူတပါးကို နားလည်တတ်တဲ့သူဟာ အပေါင်းအသင်းဆံ့ပါတယ်။ ကိုယ်ကိုယ်ကိုသာ အဟုတ်ထင်သူ (Narcissism) တွေဟာ Empathy နည်းပါးပါတယ်။ အရွယ်ရောက်လာတာနဲ့ အမျှ လူဟာ Empathy ပိုရှိလာပြီး ထို့ထက်များအောင် လေ့လာ လေ့ကျင့်လို့ ရပါတယ်။ လူတစ်ယောက်ကို Empathy ထားဖို့ တပါးသူရဲ့ လက်ရှိအခြေအနေကို ထဲထဲဝင်ဝင် သိရှိအောင် ချဉ်းကပ်လေ့လာဖို့ လိုပြီး သူရဲ့ နေရာမှာ ရပ်ကြည့်ဖို့ အတွက် ကိုယ့်ရဲ့ အတ္တနဲ့ မာနကိုလျှော့ပြီး လောဘ၊ ဒေါသ၊ မောဟတွေကို ကင်းနိုင်သမျှ ထားတတ်ဖို့ လိုပါတယ်။ ။

အကိုးအကား
  • http://en.wikipedia.org/wiki/Empathy
  • http://xnet.kp.org/permanentejournal/fall03/cpc.html
  • http://bexhuff.com/2008/05/empathy-vs-sympathy
  • http://www.wisegeek.com/what-is-the-difference-between-sympathy-and-empathy.htm
  • http://www.drkutner.com/parenting/articles/develop_empathy.html
  • http://samvak.tripod.com/empathy.html
  • http://www.parentingtheatriskchild.com/Empathy.html

Sunday, June 27, 2010

Sausage Rolls

အခုတလော လင်မယား ၂ ယောက်စလုံး TV မှာ နေ့တိုင်း ကြည့်ဖြစ်နေတာ MasterChef Series ပါ။ UK က လူတွေကတော့ MasterChef ကို ရင်းနှီးပြီး ဖြစ်မည်။ တခြား TV Show တွေလိုပဲ အပြိုင်အဆိုင်ပေါ့။ သူကတော့ အချက်အပြုတ်ပြိုင်ရတာ။ MasterChef က (Suvivor လို) တခြား TV Show တွေလိုမျိုး Contestant တွေကို အနိုင်ကျင့်တယ်လို့ မခံစားရဘဲ Contestant တွေကို လူလူသူသူ ဆက်ဆံတာ Judge တွေက စော်ကားမော်ကား ပြောတာမျိုး မဟုတ်ဘဲ ထိန်းထိန်းသိမ်းသိမ်းပြောတာတွေကြောင့် ကြည့်ဖြစ်သွားပါတယ်။။ American Idol က Simon Cowell တို့ကျတော့လည်း တည့်တိုးပြောတာ အပြောခံရတဲ့သူတောင် မျက်ရည်နဲ့ မျက်ခွက် ဖြစ်ရပေမည့် ကမ္ဘာကျော်ပြီး သူဌေးဖြစ်နေပြန်ရော။ Gordon Ramsay လောက် အပြောအဆို မဆိုးလျင်ပဲ အပန်းဖြေတဲ့ အချိန်မှာ ကြည့်ရ တော်ပါပြီ။ အခု MasterChef မှာတော့ Judge တွေက အပြောအဆိုလည်း မဆိုးဘူး ပိုကောင်းတာက တစ်ပတ်တစ်ခါ Master Class ဆိုပြီး Contestant တွေကို ချက်ပြတယ် သင်ပေးတယ်။ အဲဒါတွေကြည့်ပြီး ကိုယ်ကြိုက်လောက်မည့် အစာ ချက်နိုင်လောက်တာတွေ လုပ်စားဖြစ်တယ်။ တစ်ခု လုပ်စားဖြစ်တာ အလွယ်ဆုံး Sausage Roll။

ဒီမှာ Sausage Rolls စားကြတာ မြန်မာပြည်မှာ ဘိန်းမုန့်စားသလိုမျိုးပဲ။ မနက်စာ စားကြတယ်။ ဆိုင်တွေမှာလည်း စင်္ကာပူက လက်ဘက်ရည်ဆိုင်တွေ ပေါက်စီ ရောင်းသလိုကို ရောင်းကြတာ။ ရောက်စတုန်းကတော့ ၀ယ်စားသေးတယ်။ နည်းနည်းငန်ပြီး အသားထဲက အဆီများတာနဲ့ ကျန်းမာရေးအတွက် မကောင်းဘူး ဆိုပြီးတော့ မစားဖြစ်တော့ဘူး။ Sausage Roll ဆိုလို့ Sausage ၀က်အူချောင်းလိုမျိုးကို မြင်မိမည်။ တကယ်တော့ အတွင်းမှာ အသားအကြေကို ဌာပနာ လုပ်ထားတာ။ အပြင်က ဆိတ်သားပတ်ဖ်လို Pastry နဲ့ ပတ်ထားတယ်။ နောက်ပိုင်း ၀ယ်မစားဖြစ်တော့ပေမည့် MasterChef မှာ လုပ်ပြတော့မှ မြင်ပြီး အလွယ်လုပ်စားလို့လည်းရ ကိုယ့်ဘာကိုယ် ချက်စားတော့ အဆီ၊ အငန်ကိုလည်း ချိန်လို့ ရတော့ လုပ်စားကြည့်ကြတယ်။

Sausage Roll အတွက် အသားကတော့ ၀က်သားအကြေနဲ့ နွားကလေးသား (Veal) အကြေ ၂၅၀ ဂရမ်စီကို ရောလိုက်ပါတယ်။ Veal က အမဲသားလောက်လည်း မညှီဘူး။ ပိုလည်း နူညံ့တော့ သြော်ဇီရောက်ပြီးတော့မှ စားဖြစ်တယ်။ နို့စား နွားမတွေ နို့လိုက်ဖို့ နှစ်တိုင်း တစ်သား ပေါက်ဖို့လိုတယ်။ တစ်နှစ် တစ်သားမွေးလာတဲ့ နွားပေါက်လေးတွေထဲက အမတွေကိုပဲ နို့စားနွားလုပ်ဖို့ လိုတော့ အထီးတွေကို သိပ်ကြီးအောင် မစောင့်တော့ဘဲ Butcher ဆီပို့လိုက်ရော။ နွားကလေးဆိုတော့ ကြွက်သားတွေက အသားစားနွားတွေလို မမာတော့ စားရတာ နူးညံ့တယ်။ နို့တိုက်ပြီး မွေးထားတဲ့ Veal ဆိုရင် စားရတာ ပိုတောင် နူးညံ့တယ် ဆိုပါတယ်။ Veal အသား Texture နဲ့ အရောင်နဲ့က ၀က်သားနဲ့ အမဲသားကြားမှာ ရှိတော့ ဘယ်လိုရှိမည် ဆိုတာ စိတ်မှန်းကြည့်နိုင်ပါတယ်။

အဲဒီ Show မှာ ပြသွားတာက ကလေးတွေအတွက် လုပ်တာ ဆိုတော့ ကလေးတွေက ဟင်းသီးဟင်းရွက်ဆို ချေးများတတ်တော့ သူတို့ မသိအောင် ဘယ်လို ချက်ရမည် ဆိုတာ ပြသွားပါတယ်။ မုန်လာဥနီ ၂ဥကို အမျှင်တွေရအောင် ခြစ်နဲ့ခြစ်ပြီး ထောပတ် တစ်ဇွန်းလောက်နဲ့ ကြော်လိုက်တယ်။ မုန်လာဥတွေက ပျော်သွားပြီး အနှစ်လိုမျိုး ဖြစ်သွားတယ်။ ကြက်သွန်ဥနီ ၂ဥ ကြက်သွန်ဖြူ ၃-၄တက်ကို လေးစိတ်း သေးသေးလှီးပြီး ဆီနည်းနည်းနဲ့ အပူပေးပြီး မွှေတယ် ဆိုရုံ ကြော်လိုက်တယ်။ အဲဒီအချိန်မှာ Thyme လိုမျိုး အမွှေးအကြိုင် နည်းနည်း ထည့်ကြော်လည်း ရပါတယ်။


ပြီးတော့ အသား ၂ မျိုးရယ် မုန်လာဥနီနဲ့ ကြက်သွန်ကြော်ထားတာတွေရယ် Breadcrumb ၂ ခွက်ရယ် ရောမွှေလိုက်ပါတယ်။ Breadcrumb က ၀က်သား အမဲသားလိုမျိုး အသားအကြေတွေမှာ အဆီထွက်တတ်တော့ သူက အဆီတွေ စုပ်လိုက်နိုင်တယ်။ အရသာကို လုံးစေတယ်။ ဘာဂါအတွက် အသားပြားတွေ ဘာတွေလုပ်ရင်ဖြစ်ဖြစ် အသားလုံး ကြော်ရင်ဖြစ်ဖြစ် ထည့်တယ်။ (စကားမစပ် IT သမားများအတွက် - Web Page တွေမှာ အပေါ်ဘက်နားမှာ ရှိတတ်တဲ့ Navigation Link လေးတွေကို "Breadcrumbs" လိုခေါ်ပါတယ်) အားလုံးကို ဇလုံထဲ ထည့်ပြီး ဆားနည်းနည်းထည့်ပြီး သမသွားအောင် ဖိပြီး ရောမွှေလိုက်ပါတယ်။

ဆိတ်သားပတ်ဖ်လို အပြင်အခွံမှာ အလွှာလွှာ အထပ်ထပ်ဖြစ်တာမျိုးကတော့ Ready-made Puff Pastry ၀ယ်လိုက်ရုံပါပဲ။ Pastry အပြားကြီး တစ်ဖက်ကို ပေတံ ၂ ပြားစာလောက် Roll တစ်ခု လိပ်လို့ ရရုံလောက် ဖြတ်လိုက်ပြီး အသားအကြေတွေကို အတန်းလိုက် တင်ပြီး လိပ်လိုက်ပါတယ်။ လိပ်ပြီးမှ Pastry ပြားကို ဖြတ်ရင်လည်း အတိုင်းအတာ အတိအကျရပါတယ်။

အသား ၅၀၀ ဂရမ်နဲ့ဆို ၄လိပ်လောက် ရပါတယ်။ အလိပ်တွေကို တခါတည်း Baking Tray ထဲထည့်ပြီး အပေါ်က ကြက်ဥအနှစ် သုတ်ပါတယ်။ ကြက်ဥအနှစ်သုတ်ပြီး ဖုတ်လိုက်ရင် အရောင်လှပါတယ်။ ကြက်ဥအနှစ်သုတ်ပြီး အပေါ်က နှမ်းဖြုးပါတယ်။ သူတို့ကတော့ Basil Seed ဆိုတာ ဖြူးပါတယ်။ အိမ်မှာလည်း မရှိ တစ်ခါတစ်လေမှ လုပ်စားတာ ဆိုတော့လည်း ၀ယ်ပြီး မထည့်တော့ပါဘူး။ ပင်စိမ်းရွက် အစေ့ကို အခြောက်မစားဘူး ကြပေမည့် ပင်ပွားတော့ စာဖတ်သူတွေ သောက်ဖူးကြမည် ထင်ပါတယ်။ ပင်ပွားကလည်း ပင်စိမ်းရွက် အစေ့ပါပဲ။ မြိတ်ဖက်က အလှူတွေမှာ တိုက်တတ်တယ်။ Basil Seed လိုမျိုး ဘိန်းစေ့ဖြူးလည်း ရနိုင်ပါတယ်။ ဘိန်းစေ့ကလည်း ဈေးကြီးတော့ နှမ်းပဲ ဖြူးလိုက်ပါတယ်။


ကြက်ဥအနှစ်သုတ်တော့ သမီးက ၀ိုင်းကူပေးတယ်။ သားနဲ့ သမီးက အဖေနဲ့ အမေ ဟင်းချက်ပြီဆို ၀ိုင်းလုပ်ပေးချင်လို့ (ဆော့ချင်လို့) ချောင်းနေကြတာ။ ပေးလုပ်လိုက်တော့ ပျော်သည်ပေါ့။


ပြီးတော့ Oven ထဲကို ထည့်ပြီး ၁၈၀ ဒီကရီနဲ့ ဖုတ်လိုက်ပါတယ်။ ၁၅မိနစ် မိနစ်၂၀လောက် အကြာမှာတော့ Pastry တွေက မွပြီးတက်လာတယ်။ ကြက်ဥအနှစ်တွေက အရောက်တောက်ပြီး နှမ်းတွေက အဆီထွက်ပြီး အထဲက အသားတွေကလည်း ကျက်သွားပါတယ်။ ပြီးရင်တော့ စွေစွေလေးတွေ လှီးပြီးတော့ စားလို့ ရပါပြီ။ Sausage Roll လိုမျိုးပဲ ဖြစ်ဖြစ် ၀က်အူချောင်းလိုမျိုးပြဲဖစ်ဖြစ် ပဲသီးတောင့်လိုမျိုးကိုပဲ ဖြစ်ဖြစ် အဲဒီလို လှီးထားရင် တုံးတိလှီးထားတာထက် ကြည့်ကောင်းပါတယ်။

အခုဆို တစ်ခုခု ချက်စားမည်ဆိုရင် ကလေးရော လူကြီးရော စားလို့ ရတာမျိုးကို ရွေးပြီး လုပ်ဖြစ်တာ များလာတယ်။။ ပြီးတော့ ကလေးတွေက အစားချေးများတာ အကြောင်းရှိပါတယ်။ သမီးနဲ့သားမှာ သမီးက အသားမစားဘူး။ အသားဖတ်တွေကို မ၀ါးနိုင်လို့။ ကျွေးလည်း အသားတွေကို ကွမ်းဝါးသလို ၀ါးပြီး ထွေးထုတ်တယ်။ အဲဒါကြောင့် အခု Sausage Roll လိုမျိုး အသားတွေကိုကြိတ် မုန်လာဥနီတွေကို ကြိတ်ပြီး တခါတည်း စားလို့ ရတာမျိုး လုပ်ပေးတော့ ကြိုက်ပြီး စားကြတယ်။ Dumpling လိုမျိုး Dim Sum လိုမျိုး လုပ်ကျွေးလည်း စားကြတယ်။ အသားလုံးကြော်ကျွေးလည်း စားတယ်။ ကလေးတွေ အသားမစားရင် ဒီလို လုပ်ကျွေးခြင်းဖြင့် အသားများများ ကျွေးနိုင်ပါတယ်။

MasterChef (AU) web site မှာ Recipe တွေကို ဗီဒီယိုနဲ့ ကြည့်နိုင်ပါတယ်။ အခုမှ အစအဆုံး ကြည့်ရင်တော့ Series ကို စောင့်ကြည့်နေတာလောက် စိတ်မ၀င်စားနိုင်ပေမည့် အနောက်တိုင်း အစားအစာ ချက်နည်းတွေကို တီးခေါက်ချင်ရင်တော့ သွားကြည့်သင့်ပါတယ်။ အခု Sausage Rolls လုပ်နည်းကို ရုပ်နဲ့ အသံနဲ့ ကြည့်ချင်ရင်တော့ ဒီမှာ ကြည့်နိုင်ပါတယ်။

Wednesday, June 09, 2010

ကျေးဇူးတင်လိုက်ပါ

ညီလင်းဆက် ရီတာကိုပေါတို့ ရေးထားတာတွေနဲ့ ပြောင်းပြန်ဆန် ရေးရမှာ ခပ်လန့်လန့်ရယ်။ ဒါပေမယ့် သမိုင်းပေး တာဝန် ရှိလာတော့ (ဘယ်သူမှလည်း ပေးထားတာ မဟုတ်ဘဲနဲ့) ရေးလိုက်ပါဦးမည်။ တကယ်တော့ သူတို့နဲ့ ပြောင်းပြန်ရေးတယ် ဆိုတာထက် တခြား Perspective တစ်ခုကနေ ရေးတာပါ။ သူတို့ရေးထာတာတွေကို အပေါ်ယံ ရှပ်ယူလိုက်မည် ဆိုရင်တော့

ကိုယ့်ဝါသနာ ကိုယ့်ခံယူချက်နဲ့ ကိုယ်ကျိုးအတွက် လုပ်နေတာ ကျေးဇူးကို မျှော်လင့်မနေပါနဲ့
လို့ရပါတယ်။ ဒီနေရာမှာ သူတို့က ဒါကို ဆိုလိုချင်တယ် ဆိုတာထက် စာဖတ်သူက ဒီလို ရနိုင်တယ်လို့ ဆိုချင်ပါတယ်။ ကျွန်တော်ကတော့
ကိုယ့်ကို တစ်ခုခု လုပ်ပေးရင် ကျေးဇူးသာ တင်လိုက်ပါ
လို့ ခပ်ရှင်းရှင်းသာ ဆိုချင်ပါတယ်။

ဒီလို ကျွန်တော်နဲ့ သူတို့ ဘာကြောင့် ကွာသွားရသလဲဆိုတော့ Target Audience မတူလို့ပါ။ သုံးနေတဲ့ ဥပမာတွေ ဖြစ်တဲ့ ကျောင်းဆရာ၊ ဆရာဝန်၊ ဂျာနယ်လစ်တွေ၊ ဘလော်ဂါတွေ၊ တောင်သူလယ်သမားတွေ၊ နိုင်ငံရေး လုပ်နေသူတွေကို "ထုတ်လုပ်သူ" တွေလို့ အုပ်စုဖွဲ့လိုက်မည်။ ကျောင်းသားတွေ၊ လူနာတွေ၊ စာဖတ်သူတွေ၊ သာမန် ပြည်သူတွေကို "စားသုံးသူ" တွေလို့ အုပ်စုခွဲလိုက်ရင် သူတို့ ပြောချင်ပုံက ထုတ်လုပ်သူ လူတန်းစားတွေ၊ ထုတ်လုပ်သူဖြစ်မည့် လူတန်းစားတွေကိုပါ။ ကိုယ်ထုတ်လုပ်စရာ ရှိတာ ထုတ်လုပ် စားသုံးသူဆီက ကျေးဇူးကို မျှော်ကိုးပြီး မထုတ်လုပ်နဲ့၊ စားသုံးသူကိုလည်း ကျေးဇူးတွေနဲ့ မချည်နှောင်နဲ့ ဆိုချင်ပုံပါ။

ကျွန်တော်ကတော့ စားသုံးသူ လူတန်းစားတွေကို ပြောချင်တာပါ။ ကျေးဇူးတင်လိုက်ပါလို့။ ကျေးဇူးတင်တယ်ဆိုတာ "Say Thank you" လုပ်လိုက်ပါ လိုမျိုးက အများစုပါ။ "Owe Gratitude" ကတော့ အတိုင်းအဆနဲ့ပါ။ မိဘလိုမျိုးဆိုရင်တော့ Owe Gratitude ဆိုပေမယ့် ဆရာဝန်လိုမျိုးဆိုရင်တော့ Say Thank you ပါ။ ဆရာဝန်တောင်မှ ကိုယ်က ဆေးခန်းသွားပြီး ပြတဲ့ ဆရာဝန်လား ညကြီးမင်းကြီးမှာ သူ့ကိုယ်ရေးကိုယ်တာ ဘေးချိတ်ပြီး ကိုယ့်အသက်ကို ကယ်တဲ့ ဆရာဝန်လား ကွာသွားပြီး Say Thank you လုပ်ဖို့နဲ့ Owe Gratitude လုပ်ဖို့က ကွာသွားပါတယ်။ ဒီနေရာမှာ Say Thank You လုပ်ဖို့ဆိုတာ "ကျေးဇူးတင်ပါတယ်" ပြောတယ်ဆိုတာ အပြင် တခြား တခြား Gesture တွေနဲ့လည်း လုပ်လို့ရပါတယ်။ ပြုံးပြတာကနေ လက်ဆောင်တွေဘာတွေ ပေးတာအထိပေါ့။ သေချာတာကတော့ ဆေးကုပေးတဲ့ ဆရာဝန်ကို ဆေးပြန်ကုပေးပြီး ကျေးဇူးဆပ်ဖို့လိုမျိုးကတော့ တော်ရုံတန်ရုံ မကြုံနိုင်ပါဘူး။ ပြောချင်တာကတာ့ ကိုယ်က ကျေးဇူးတင်ဖို့အတွက် သူလုပ်ပေးထားသလောက် ပြန်မလုပ်ပေးရပါဘူး ဆိုတာပါပဲ။ ကျေးဇူးတင်ရတယ်ဆိုတာ အင်မတန် ပေါ့ပါးပါတယ်။

တကယ်တော့ ညီလင်းဆက်တို့ ကိုပေါတို့က မလိုအပ်ဘဲ Owe Gratitude မလုပ်မိဖို့ ပြောတာပါ။ သူတို့တွေက Say Thank you လုပ်ဖို့ တားတာ မဟုတ်ဘူးဆိုတာကိုတော့ ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် Say Thank you လုပ်ဖို့ ပါ မလိုဘူးလို့ သူတို့ စာဖတ်သူတွေ တဖြည်းဖြည်း စိတ်ထဲကို ၀င်သွားနိုင်တော့ အခုလို ရေးလိုက်တာပါ။ ကျွန်တော်က ဘာကြောင့် ဒီလောက် ကျေးဇူးတင်ဖို့ စွတ်ပြောနေရသလို ဆိုတော့ ခေတ်ကြီးက အချင်းချင်း မထိန်းရင် ပျက်သွားနိုင်တဲ့ အနေအထားမှာ ရှိနေလို့ပါ။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကနေ လူတွေရဲ့ စိတ်နေစိတ်ထားအထိ အချင်းချင်းမှ မထိန်းသိမ်းရင် မကောင်းတဲ့ ဘက်ကိုပဲ ဦးတည်နေချင်ပါတယ်။ လူတွေက (အထူးသဖြင့် လူငယ်တွေက) အရင်တုန်းက လူတွေနဲ့ မတူတော့ ပါဘူး။ အတွေးအခေါ်တွေက ဆန်းသစ်တယ်။ Dynamic ဖြစ်တယ်။ အရှိန်ပါတဲ့ အတွက် လမ်းမကြောင်းပေးရင် မှားယွင်းဖို့ အင်မတန် လွယ်ပါတယ်။ မှားယွင်းသွားရင်လည်း ဆိုးကျိုးက ပိုပြင်းထန်ပါတယ်။

အခုခေတ် လူငယ်တွေက အရာရာကို ပေါ့ပေါ့တန်တန် သဘောထားကြပါတယ်။ အဲဒါကိုမှ လူကြီးများက ဖေါ့ပေးလိုက်ရင် ပိုပြီး လွတ်သွားပြီး စည်းမဲ့ ဘောင်မဲ့ ဖြစ်သွားနိုင်ပါတယ်။ (ဒီနေရာမှာ အချုပ်အချယ် မခံရတဲ့သူတွေက Creativity ပိုကောင်းတယ် ဆိုတာကို နောင်များမှ ပြောချင်ပါတယ်)။ ထုတ်လုပ်သူလူတန်းစားကို ဟေ့လုပ်စရာ ရှိတာလုပ် ကျေးဇူးကို မျှော်ကိုးမနေနဲ့ လို့ဆိုတာကို စားသုံးသူများက ဒီလူတွေ လုပ်စရာ ရှိတာကို လုပ်ကြတာ ကျေးဇူးတင်စရာ မလိုပါဘူးလို ထင်သွားနိုင်ပါတယ်။ နိုင်ငံရေး လုပ်နေသူတွေကိုလည်း လူတွေက ဒီလို ထင်နေကြတာ ခပ်များများပဲ။ သူ့ယုံကြည်ချက် သူ့ခံယူချက်နဲ့ လုပ်နေတာ ကျေးဇူးတင်စရာမလိုပါဘူး ဆိုပြီး သာမန်ပြည်သူတွေက ထင်နေကြတယ်။ ကျေးဇူးမတင်တော့ မထောက်ပံ့။ နောက်က လိုက်လာတဲ့ သူတွေ မပါတော့ ရှေ့တန်းက လူတွေက တဘုန်းဘုန်းကျနဲ့ တိုးမပေါက်ဘူး ဖြစ်နေတာပေါ့။ ကိုပေါဆိုချင်တဲ့ နိုင်ငံရေးသမား ကြောင်ဖားတွေကိုဆိုတာ သဘောပေါက်ပါတယ်။ ဒါပေမယ့် သာမန်ပြည်သူတွေက နိုင်ငံရေးသမားတွေကို ကျေးဇူးတင်စရာမလိုဘူးလို့ အတွေးဝင်သွားမှာ စိုးလို့ ထပ်ဖြည့်ပေးတဲ့ သဘောပါ။ ၀ါဒဖြန့်တယ် ဆိုတဲ့ စကားက အလကား မဟုတ်ပါဘူး။ တစ်ခုခုကို ပြောပါများရင် လူတွေက အဲဒီဘက်ကို ပါသွားချင်ပါတယ်။

မြန်မာများက ကျေးဇူးတင်ချင်ရင် ကိုယ့်အလုပ်ရှင်တောင် ကိုယ်ကျေးဇူးတင်တာ။ တကယ်တော့ အလုပ်ရှင်က ကိုယ့်ကို လုပ်ခပေး ကိုယ်က အလုပ်ပြန်လုပ်ပေး ကျေးဇူးတင်စရာ မလိုပါဘူးလို့ တွေးတဲ့သူတွေလည်း ရှိတယ်။ ဒီနေရာမှာ ကျွန်တော့် အမြင်ကတော့ Say Thank you လုပ်လိုက်ပါ။ ဆိုတာက စိတ်ထဲမှာ ပေါ့ပေါ့ပါးပါးတော့ ကျေးဇူးတင်ပေးလိုက်ပါ။ မိဘနဲ့ သားသမီးလို ကျေးဇူးခံ ကျေးဇူးစားတော့ မဟုတ်ဘူးပေါ့။ ဘာဖြစ်လို့ ကျေးဇူးတင်လိုက်ပါလည်းဆိုတော့ အဲဒီလို ကျေးဇူးတင်တဲ့ စိတ်မရှိရင် အလုပ်ထဲမှာ ကိုယ်က မပျော်တော့ဘူး။ နောက်ဆုံး ကိုယ်ပဲ ပူလောင်လာလိမ့်မည်။ အလုပ်ထဲမှာ မပျော်ဘူး ဖြစ်လာလိမ့်မည်။ (အနိုင်ကျင့်တဲ့ အလုပ်ရှင် ရှိတာ အလုပ်ပြောင်းချင်တာကတော့ တခြား အကြောင်းအရာ တစ်ခုပါ။) အလုပ်ရှင်ကလည်း ကိုယ့်ကို ကျေးဇူးတင်ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ အလုပ်ရှင် ဖြစ်ဖို့တော့ ရေတိုမှာ အခွင့်အလမ်း နည်းပါးပေမည့် Team Leader လိုမျိုး Manager လိုမျိုးဖြစ်လာရင် ကိုယ့် Team ထဲက လက်အောက်ငယ်သားတွေက အလုပ်တစ်ခု ပြီးသွားတိုင်း နှုတ်ကနေ ဖြစ်စေ Email နဲ့ဖြစ်စေ Lunch ကျွေးပြီး ဖြစ်စေ ကျေးဇူးတွေ တင်နေရတာ ကြုံလာရမှာပါ။ အဲဒီလို မလုပ်ဘဲ သူလည်း လခစားမို့လို့ လုပ်နေတာ ကျေးဇူးတင်စရာ မလိုပါဘူး ဆိုရင်တော့ Productivity မှာ အများကြီး ထိခိုက်နိုင်ပါတယ်။

ဟိုတယ် တံခါးစောင့်ကိုတောင် လာလည်သူတွေက ကျေးဇူးတင် ကြသေးတာပဲ။ (Thanks မပြောတောင် ပြုံးပြလိုက်ရင် ရပါပြီ။)သူ့ဘာသူ လစာယူထားလို့ လာသမျှလူကို တံခါးဖွင့်ပေးရတယ်ဆိုတဲ့ စင်္ကာပူက တရုတ်တွေရဲ့ အတွေးအခေါ်ကို မြန်မာတွေဆီကို မကူးဆက်စေချင်ပါဘူး။ နှုတ်ဖျားက ကျေးဇူးတင်လိုက်တာ အပေါ်ယံတွေပါလို့ ရေးမည့်အစား ကျေးဇူးတင်တာ That's the way it works ပါ။ လူယဉ်ကျေးမှုပါလို့ပဲ ရေးချင်ပါတယ်။ Old School ဖြစ်တယ်ပဲ ပြောပြော ဖောက်ထွက်မတွေးဘူးပဲ ပြောပြောပါ။ ဒါမှမဟုတ် ဒီလောက်ကတော့ လူတွေသိပါတယ် ပြောစရာ မလိုဘူးဆိုပေမည့် ကျွန်တော်တော့ ပေါ့ပေါ့ပါးပါးတောင် ကျေးဇူးမတင်တတ်သူတွေနဲ့ အခါများစွာမှာ တွေ့နေရတာပါပဲ။

ကျွန်တော်အနေနဲ့ ဒီနေရာမှာ Say Thank You ကို စောင်းပေးပြောတဲ့ အတွက် ပေါ့ပေါ့ပဲ ကျေးဇူးတင်လိုက်၊ ပြီး ပြီးရော ဆိုတာမျိုးလည်း မဟုတ်သေးပါဘူး။ လူတွေကို လမ်ကြောင်းပေးတဲ့ အခါ အလွယ်လမ်းကနေ စမှ အများစုက လိုက်လာတဲ့ သဘောရှိပါတယ်။ ကျေးဇူးတင်တယ် ဆိုတာ ပါးစပ်ဖျားကနေ ပေါ့ပေါ့လေး ပြောလိုက်ရုံနဲ့ မပြီးဘူး။ သူတထူးကို ကျေးဇူးအထူး သိတတ်ဖို့ ကြုံရင် ကြုံသလို ကျေးဇူးဆပ်တတ်ဖို့ လိုတယ်လို့ အများကြီး ပြောလိုက်ရင် လေးလံသွားပြီး နဂိုကမှ ပေါ့ပေါ့ပါးပါးတောင် ကျေးဇူးမတင်တတ်သူတွေက ခက်ပါတယ်ကွာ ဖြစ်သွားမှာ စိုးလို့ပါ။ Owe Gratitude ကတော့ အခြေအနေ အတိုင်းအဆနဲ့ပါ။ လူတိုင်း အလွယ် ပြုမူသင့်တာကတော့ Say Thank you ပါ။

ကြုံလို့ တစ်ခု ပြောရရင် ကျွန်တော် လူပျိုတုန်းက နိုင်အာဂရာ ရေတံခွန်ကို ကလေးအဖေတစ်ယောက်နဲ့ သွားဖူးပါတယ်။ ဒီလူက မိသားစုအတွက် ပိုက်ဆံစုနေတော့ မသွားချင်ဘူး။ ပြီးတော့ နိုင်အာဂရာလည်း ဘာထူးလည်း ရေတွေ ကျနေတာပဲ ဆိုပြီး ခံယူထားတဲ့လူ။ ကျွန်တော်က အတင်းခေါ်တော့ လိုက်လာပြီး ဟိုကျတော့ မပျော်ဘဲ ဟာ..ရေတွေ ရေတွေ ဟေ့ ဆိုပြီး ကျွန်တော်ကို နောက်ပါတယ်။ တကယ်လည်း သူ စိတ်မပါပါဘူး။ သူ့အတွက်တော့ အတွင်းကျကျ မြင်တော့ ရေတွေကို ရေတွေလို့ပဲ မြင်တယ်။ ကျွန်တော်ကတော့ ရေတွေ ဒီလောက် ထုကြီး ထည်ကြီးနဲ့ ကျနေတာ အဲဒီအောက်ကို ၀င်ရတာ ဘ၀မှာ အတွေ့အကြုံတစ်ခုလို့ပဲ ခံစားရတယ်။ အဲဒီတုန်းကတော့ ကိုယ်က ငယ်သေးတာကိုး။ ဒါပေမယ့် အခုနေ သွားမလား မေးရင် ရေတွေပဲ ဘာလုပ်ဖို့ ပိုက်ဆံ အကုန်ခံပြီး သွားကြည့်မှာလည်း ဆိုပြီး ဒီလူ့လိုပဲ တွေးပြီး သွားမှာ မဟုတ်ဘူး။ ပြောချင်တာကတော့ လူတွေက တစ်ခုခုကို အတွင်းကျကျ မြင်သွားတဲ့ အခါ အပေါ်ယံတွေကို ဂရုမစိုက်တော့ဘူး ဆိုတာပါ။ အသက်အရွယ် အတွေ့အကြုံ ရင့်ကျက်သူများကတော့ အတွင်းကျကျ မြင်နိုင်ပေမည့် သာမန်လူများကတော့ မမြင်နိုင်ပါဘူး။ အဲဒါကို မြင်တဲ့သူတွေက ပြောချလိုက်ရင် မမြင်တဲ့သူတွေက အဓိပ္ပါယ်ကောက်လွဲသွားနိုင်ပါတယ်။ ကျွန်တော်လည်း ကျေးဇူးတင်တယ် ဆိုတာ အခါများစွာမှာ အပေါ်ယံတစ်ခုလို့ပဲ သဘောထားပါတယ်။ အထူးသဖြင့် ကိုယ်က ထုတ်လုပ်သူ ဖြစ်နေရင်ပါ။ ဒါပေမယ့် ဒါကို ကျွန်တော် ဂုဏ်တစ်ခု လုပ်ပြီး ထုတ်မပြောချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက ကျေးဇူးတင်တယ်ဆိုတာ အပေါ်ယံကြောတစ်ခု ဆိုတာ မှတ်ယူသွားပြီး အဲဒီကနေ မလိုအပ်တဲ့ အရာ တစ်ခု လို့ မှတ်ယူသွားနိုင်ပါတယ်။

ကျွန်တော်တို့ ကိုယ်တိုင်က အခြေခံပညာသင်ပေးတဲ့ ဆရာ၊ဆရာမများကိုတော့ အခုထက်ထိ မှတ်မှတ်ရရနဲ့ တွေ့ရင် ထိုင်ကန်တော့ပေမည့် တက္ကသိုလ်တန်းသင် ဆရာ၊ ဆရာမများကိုတော့ အဲဒီလောက် ကျေးဇူးမတင်တတ်ကြပါဘူး။ တကယ်တန်း ပြောရမည်ဆို တက္ကသိုလ်တန်းတင် ဆရာ၊ဆရာမများက ပညာရပ်ဆိုင်ရာမှာ အများကြီး အဆင့်အတန်း မြင့်သေးတယ်။ သူတို့ သင်ပေးတာနဲ့မှ ထမင်းစားရတာ။ ဒါပေမယ့် တက္ကသိုလ်ဆရာများကိုတော့ ပွဲပြီး ဖုတ်ဖတ်ခါ ထသွားကြတဲ့ ကျောင်းသားများက ခပ်များများ။ ဘာကြောင့်များလဲ။ အခြေခံပညာသင် ဆရာများက အနစ်နာခံတယ်လို့ ဆိုမလား။ ဒါဆို အတွင်းကျကျ မြင်တတ်သူများကတော့ ဒီဆရာများဟာ တက္ကသိုလ်ဆရာတွေလောက် ပညာမတတ်လို့ ဒီလောက်လခပဲ ရနေတာ သနားစရာလား စသည် စသည် အဲဒီဘက်ကို အတွေးစ ထုတ်ပေးလိုက်ရင် လူတွေက အဲဒီဘက်ကို ယိုင်သွားနိုင်ပါတယ်။ ငယ်ငယ်တုန်းက အတွေးအခေါ်တွေက ဖြူစင်သေးတော့ (၀ါ) မရင့်ကျက်သေးတော့ အခြေခံပညာသင် ဆရာတွေကို ကျေးဇူးတွေ တင်ပြီး အရွယ်ရောက်တော့ အတွေးအခေါ်တွေက ရှုပ်ထွေးပြီး (၀ါ) ရင့်ကျက်ပြီး တက္ကသိုလ်တန်းသင်ဆရာတွေလည်း PhD တက်ဖို့ ရာထူးတက်ဖို့ ကိုယ့်ကို စာသင်နေတာ ဒီလောက်ကြီး ကျေးဇူးတင်နေစရာ မလိုပါဘူး ထင်ကြတာလား တွေးကြည့်ပါတယ်။ ဒါဆို အတွေးအခေါ် ရင့်ကျက်သွားရင်(၀ါ) ရှုပ်ထွေးသွားရင် ဒါမှမဟုတ် အတွင်းကျကျ ကြည့်လိုက်ရင် ကိုယ့်ကို စာသင်ပေးတဲ့ သူချင်း တူတူကိုတောင် အမြင်တွေ ပြောင်းလဲသွားနိုင်သလား။

ထုတ်လုပ်သူနဲ့ စားသုံးသူ လူတန်းစားက (ပြောရမည်ဆို) 20-80 ရှိပါတယ်။ လောကမှာ စားသုံးသူက ပိုများပါတယ်။ စာဖတ်သူတွေထဲမှာလည်း စားသုံးသူ အချိုးက ပိုများတယ် ဆိုရင် မမှားလောက်ပါဘူး။ စာတွေက ထုတ်လုပ်သူတွေအတွက် ရည်ရွယ်တယ် ဆိုပေမယ့် တကယ်ဖတ်နေကြတာက စားသုံးသူလူတန်းစားတွေက အများစုပါ။ အဲဒီတော့ စာသုံးသူလူတန်းစားက ဘယ်လို အဓိပ္ပါယ် ကောက်သွားနိုင်တယ်ဆိုတာ တာဝန်မယူနိုင်ပါဘူး။ ဥပမာ ၀ိနည်းမညီတဲ့ ဘုန်းကြီးတွေ အကြောင်းရေးတယ်။ ရေးလိုက်တာက ဘလော့မှာ။ ဘလော့ကို ဖတ်တာက ဗုဒ္ဓဘာသာဝင်တွေနဲ့ တခြား ဘာသာဝင်တွေ။ ဘုန်းကြီးနဲ့ သာသနာတော် ပြန့်ပွားရေးက ဘယ်နှယောက်ပါမလဲ။ ဗုဒ္ဓဘာသာဝင်တွေက ငါတို့မှာတော့ လှူလိုက်ရတာ ကန်တော့လိုက်ရတာ ဒင်းတို့ကတော့ နေချင်သလိုနေတယ်ဆိုပြီး လှူချင် တန်းချင်စိတ် ကုန်ခန်းသွားမည်။ တခြား ဘာသာဝင်တွေကရော ဘာပြောမလဲ။။ ရေးလိုတော့ ရပါတယ်။ သတင်းတွေမှာလည်း ခရစ်ယာန်ကျောင်းတွေမှာ ဖောက်ပြန်တဲ့ ဘုန်းကြီးတွေ အကြောင်းတွေ တွေ့နေရတာပဲ။ ရည်ရွယ်ချက်ကတော့ ဒီလို ဖောက်ပြန်တဲ့ သူတွေကို ဒီလိုရှုပ်ချတယ် ဆိုတာရယ် လူတွေကို သတိထားဖို့ အကြောင်းကြားချင်တာရယ်ပါ။ ဒါပေမယ့် ခုတ်ရာတခြား ရှရာတခြား မဖြစ်အောင် အထူးသတိထားဖို့တော့ လိုပါတယ်။

တကယ်တော့ သူတို့ရဲ့စာတွေက ထုတ်လုပ်သူတွေကို အပြင် စာဖတ်သူတွေထဲက စားသုံးသူတွေကိုလည်း မှန်ကန်တဲ့ ထုတ်လုပ်သူတွေ ဖြစ်လာဖို့ လမ်းကြောင်းပေးချင်ပုံပါ။ သူတို့အနေနဲ့ ထုတ်လုပ်သူတွေကို စိတ်ထားတတ်ဖို့ သတိပေးတဲ့ အနေနဲ့ ရေးသလို ကျွန်တော်အနေနဲ့လည်း စားသုံးသူတွေကို ကျေးဇူးတင်တာနဲ့ ပက်သတ်ပြီး အယူမလွဲဖို့ ထပ်ဖြည့်ပေးတယ်ဆိုတာကို နားလည်ပြီး ဖြစ်တာတောင် ထပ်လောင်း ပြောချင်ပါတယ်။

Monday, May 24, 2010

သားထူးမြတ်လင်း ၂နှစ်ပြည့် မွေးနေ့

သားလေး ထူးမြတ်လင်းဟာ ဒီနေ့ဆို ၂ နှစ်ပြည့်ပါပြီ။ ၂ နှစ်ဆိုတဲ့ အချိန်အတွင်းမှာတောင် ဒုတိယနှစ်မှာ အတော်လေး ပင်ပန်းစွာ ဖြတ်သန်းလာရတယ် ဆိုရပါမယ်။ ဒီလို မိသားစုမှာ ကြီးပြင်းလာရတော့ ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ ရုန်းကန်ရတာ (Stress ခံစားရတာ) သားလေးအတွက် တွေးမိပြီး စိတ်မကောင်းရပါဘူး။ သားလေးဟာ တစ်နှစ်သား ကျော်တာနဲ့ ကလေးထိန်းကျောင်းကို မသွားချင်ဘဲ သွားရတာတွေ၊ မနက်ဆို အိပ်ရေး၀၀ မအိပ်ရတာတွေကို တွေးကြည့်ရင်တော့ အင်မတန် သနားဖို့ ကောင်းပါတယ်။ မိဘတွေနဲ့ အတူ ရုန်းကန်နေရတာပါလား ဆိုပြီး သားလေးကို ကျေးဇူးလည်း တင်မိပါတယ်။ တဖက်မှာလည်း သားလေးရဲ့ တိုးတက်မှုတွေကို ကြည့်ရတာ အားရစေပါတယ်။ အထူးသဖြင့် Daycare သွားလို့ ပိုပြီး တတ်သိ နားလည်လာတာတွေပါ။ သားရဲ့ တိုးတက်မှုတွေကို ဒီမှာပဲ မှတ်တမ်းတင်ထားလိုက်ပါတယ်။ အထူးသဖြင့်တော့ ဒီ ဒုတိယနှစ်ဟာ ဘာသာစကား နားလည်ပြောဆိုတတ်တဲ့ နှစ်ပါပဲ။

ဒီအရွယ်ကလေးတွေဟာ မျက်နာရိပ် မျက်နာကဲကို အတော်လေး အကဲခတ်တတ်နေပါပြီ။ အထူးသဖြင့် လူကြီးတွေ စိတ်ဆိုးနေတဲ့ မျက်နာကို သိနေတာပါပဲ။ လူကြီးတွေ စိတ်ဆိုးနေရင် သားက လိုက်ချော့တတ်ပါတယ်။ သူ့ကို ဆူပြီး ခဏလောက်နေရင် စကားသာ ကောင်းကောင်း မပြောတတ်သေးတာ စကားရော ဖောရောတော့ လုပ်တတ်ပါတယ်။ အဖေ TV မှာ သတင်းကြည့်နေရင် "ဖေဖေ News .. News" ဆိုပြီး လိုက်ပြောတာမျိုးတွေပါ။ သားနဲ့ သမီးနဲ့ မတူတာက သမီးက အဖေဆူရင် အမေဆီပြေးတယ်။ အမေဆူရင် အဖေ့သမီး လာလုပ်တယ်။ သားကတော့ သူ့ကို သေးသေးမွှားမွှား ဆူလိုက်ရင်တော့ သူကပဲ ဆူတဲ့သူကို ချော့တယ်။ အရမ်း ဆူလိုက်ပြီး ငိုတာ ယိုတာတွေ ဖြစ်ရင်တော့ အဲဒီလို ဆူလိုက်တဲ့သူက ပြန်လာချော့တဲ့ အထိစောင့်တယ်။ နောက်ဆုံး သူကို ပြန်ချော့ ပြန်ချီမှ ဇာတ်လမ်းက ဆုံးတော့တယ်။ အဖေ အမေ တစ်ခုခု အနာတရ ရရင် ဖြစ်ဖြစ် ဗိုက်နာတာမျိုး ခေါင်းကိုက်တာမျိုးဆိုရင်လည်း "မေမေ.. Ouchy?" ဆိုပြီး လူကို လက်ကလေးနဲ့ ကိုင်ပြီး လာမေးတတ်ပါတယ်။ သမ်းတာမျိုးတွေရင်လည်း "ဖေဖေ Sleepy?" ဆိုပြီး မေးတတ်သေးတယ်။

လူကြီးကို ဂရုတစိုက် ရှိတတ်သလို လူကြီးကိုလည်း ဆရာ ပြန်လုပ်လာပါပြီ။ တစ်ခုခုများဆိုရင် "Stop it" ဆိုပြီး မျက်နာကပါ မာန်တွေ ဟန်တွေနဲ့ ဟန့်တားတတ်သေးတယ်။ သူတို့ ရှေ့မှာများ လင်မယားနှစ်ယောက် လက်ကလေး ခြေကလေးတောင် ကိုင်လို့ မရဘူး။ ကျွန်တော်မှာများ ယောက္ခမကြီးရှေ့မှာတောင် သူ့သမီးကို လက်ကလေးဘာလေး ကိုင်လို့ ရပေမယ့် သားသမီးတွေနဲ့ကျမှ ထိလို့တောင်မရဘူး။ အဖေနဲ့ အမေ ရယ်ရယ်မောမော ပြောဆိုနေရင်လည်း "No Funny.." ဆိုပြီး ပြောသေးတယ်။ သူအကြောင်း အဖေနဲ့ အမေက ပြောနေရင် သူက နားလည်ပြီး သူ့ကို အတင်းတုပ်နေတယ်ဆိုပြီး စိတ်ကောက်တတ်သေးတယ်ဗျာ။ သား စိတ်ကောက်ရင် မျက်လုံးက ထောင့်တစ်ဘက်ကို ကပ်ပြီး ကြည့်နေပြီး နှုတ်ခမ်းကလည်း စူနေသေးတယ်။

သားက စကားပြော အတော်လေးရတော့ "No" လို့ပဲ ပြောရုံတင်မဟုတ်ဘဲ "Dont do it" လိုမျိုး အထိ ပြောတတ်နေပါတယ်။ သူ့အစ်မ တစ်ယောက်လုံး ရှိနေတော့ ဒီလောက်အထိ ပြောတတ်တာပါ။ "ဖေဖေ.. dont do it.." လိုမျိုး "မေမေ .. dont do it" ဆိုပြီး အပြည့်အစုံကို ပြောတတ်နေပါတယ်။ သားက သူဘာသူ တစ်ခုခု လုပ်နိုင်သွားရင် ဥပမာ ဖိနပ် ချွတ်တတ်သွားတာမျိုး အင်္ကျီချွတ်တတ်သွားတာမျိုး ဆိုရင်လည်း "Yeah.. I can do it" ဆိုပြီးလည်း ပြောတတ်သေးတယ်။ "Hooray..." ဆိုပြီး သူတို့ကျောင်းမှာလိုလည်း ကြွေးကြော်တတ်သေးတယ်။ လူကြီးတွေက တစ်ခုခုကို ခက်ခက်ခဲခဲ လုပ်ပေးပြီးရင်လည်း "Yay.. you can do it" ဆိုပြီး အားပေးတတ်သေးတယ်။ ဒီနေရာမှာ စကား ပြောတတ်တာထက် လူကြီးကို Appreciate လုပ်တတ်တာကို မှတ်တမ်းတင်ထားချင်ပါတယ်။


သားက ကျောင်းမှာ အနေများလို့ အင်္ဂလိပ်လို များများ ပြောတတ်ပေမယ့် မြန်မာလိုပဲ ပြောတတ်တာတွေ ရှိသလို နှစ်ဘာသာစလုံးနဲ့ ယှဉ်ပြီးလည်း ပြောတတ်တာတွေလည်း ရှိပါတယ်။ ဘောင်းဘီကိုတော့ မြန်မာလိုပဲ "ဘောင်းဘီ" ပြောပြီး ကျောင်းမှာလည်း ဒီအတိုင်းပြောပုံ ရပါတယ်။ "Here" တို့ "There" တို့ကို မှန်အောင် ပြောတတ်သလို "ဟိုမှာ" "ဒီမှာ" ဆိုပြီးတော့လည်း ထပ်ဆောင်း ပြောတတ်ပါသေးတယ်။ သူနှစ်ဘာသာလုံး တတ်ရင် နှစ်ဘာသာစလုံးနဲ့ တစ်ခါတည်း ပြောပါတယ်။ "ပြီးပြီ"တို့ "တော်ပြီ" တို့ကို ပီပီသသကြီး ပြောတတ်သလို "Finish" ဆိုပြီးတော့လည်း ပြောပါတယ်။ သူဘာသူဆို "ပြီးပြီ" ၊ တခြားသူကို ဥပမာ အဖေက ကလိထိုးတာမျိုးဆို "တော်ပြီ..တော်ပြီ" ဆိုပြီး ပြောပါတယ်။

စကားလုံး တိုတို ဆိုရင်တော့ သူ့အစ်မ ပြောပြီး ခဏနေရင် သူက အဓိပ္ပါယ်ရော အသုံးအနှုန်းပါ သိလာပြီး လိုက်ပြောလာနိုင်ပါတယ်။ သူအစ်မက "Mine" တို့ "Yours"တို့ ပြောတတ်ပြီး မကြာခင်မှာပဲ သားက ပြောတတ်လာတာတွေ့ရပါတယ်။ သူကတောင် "My.. Ko Thoo" တို့ "ဖေဖေ.. Yours" တို့ ထည့်ပြောတတ်ပါသေးတယ်။

သားက စကားကိုတော့ အကြောင်းလိုက် မပြောတတ်သေးသလို သဒ္ဒါလည်း မမှန်သေးပါဘူး။ ပြီးတော့ သူပြောတဲ့ အသံထွက်ကို သူနဲ့ အတူနေတဲ့သူတွေ မိဘတို့ အစ်မတို့ ကလေးထိန်းတို့သာ ကြားတာနဲ့ သိပေမယ့် တခြားသူ ကြားရင်တော့ နားမလည်တတ်လို့ ရှင်းပြပေးနေရပါသေးတယ်။ မိဘထဲမှာတောင် အမေက အရင်ကြုံတွေ့ကြားဖူထားရင် အသံထွက်နဲ့ အဓိပ္ပါယ်သိနေပြီး သားက အဖေကို လာပြောရင် အမေ ပြန်ရှင်းပြမှ အဖေနားလည်နိုင်ပါတယ်။

သားက အင်္ဂလိပ်စကားကို ပီအောင် ပြောတယ်။ Milk ဆိုရင်လည်း နောက်ဆုံးမှာ "ခ" အသံကို ပီပီသသထွက်ပြီး ထည့်ပြောတယ်။ လူကြီးတွေကတောင် သူနဲ့ ပြောရင် မနည်းမှန်အောင် ပြောရတယ်။ သူက Learn လုပ်နေတဲ့ အချိန်ဆိုတော့ ကိုယ်က ပေါ့ပေါ့ ပြောရင် သူကလည်း အဲဒီအတိုင်း လိုက်ထွက်တတ်လို့။

နှစ်ယောက်ရှိတော့ အဖော်ရသလို နှစ်ယောက်ဆိုတော့ ရန်ဖြစ်ဖော်လည်း ရပါတယ်။ သူ့အစ်မကို ပြန်ပြီး ရန်ထောင်တယ်၊ သူအစ်မကို ခြောက်တတ်တယ်။ သူ့အစ်မက အနိုင်ကျင့်နေပြီဆိုရင်တော့ လူကြီးတွေ ကြားအောင် အော်ငိုတော့တယ်။ လူကြီးက ၀င်ပြီး ဖျန်ဖြေပေးရင်လည်း အလိုက်တသိ ငြိမ်ခံတယ်။ ဒါဟာ ၂ နှစ် အရွယ် ကလေးတစ်ယောက်ရဲ့ Social Development တစ်ခုပါ။

One two three four လည်း အတော်လေး ရွတ်တတ်နေပါတယ်။ Triangle နဲ့ Circle ကိုလည်း Shape တွေ သိနေပါတယ်။ Colour တွေလည်း ၃-၄ မျိုး သိနေပါပြီ။ သူတို့ ၂ ယောက် ပစ္စည်း တစ်ခုတည်းကို ရန်ဖြစ်ပြီး လုတတ်လို့ မိဘတွေက သူတို့ ပစ္စည်းတွေကို Colour coded လုပ်ပေးထားရတယ်။ သမီးက မိန်းကလေး ဆိုတော့ Pink ကြိုက်တယ်။ သားက ငယ်ငယ်တုန်းက မသိတော့ သူ့အစ်မ ကြိုက်သမျှ လိုက်ကြိုက်တယ်။ အိပ်တာလည်း သူ့အစ်မလို Princess ခေါင်းဦးနဲ့။ အခုတော့ သူ့အကြိုက်နဲ့ သူဖြစ်သွားပြီ။ ယောက်ျားလေးဆိုတော့ အနီ အပြာ ကြိုက်မယ်လို့ လူကြီးတွေက ထင်ထားတာ။ အခုတော့ သူ့အကြိုက်အရောင်က Orange တဲ့။ ခေါင်းဦးတွေ အိပ်ရာခင်းတွေကလည်း Thomas ဆိုတဲ့ ရထားလေးကို ကြိုက်တယ်။ ငယ်ငယ်လေးကတည်းက Thomas ကို အသည်းစွဲပဲ။
ဆော့တာကလည်း အစ်မနဲ့ဆိုတော့ မိန်းကလေး ဆော့စရာတွေလည်း ဆော့တယ်။ နည်းနည်း အရွယ်ရောက်လာတော့ ဇာတိကတော့ ပြလာတယ်။ ယောက်ျားကလေးဆိုတော့ တုတ်တွေ၊ ဓါးတွေကလည်း ကြိုက်တယ်။ တုတ်တစ်ချောင်း (စားတဲ့ တူ) လက်ထဲမှာ အမြဲကိုင်ထားပြီး Harry Potter လိုလို ဘာလိုလိုနဲ့။ သူ မကျေနပ်ရင် တုတ်ကို သေနတ်ပစ်သလို ရွယ်ပြီး ပွစ်ရှ်ကေး.. ဘွစ်ရှ်ကေးနဲ့ ဘာမှန်းမသိ ပြောပြီး ပစ်တတ်သေးတယ်။ သော့လည်း ကြိုက်တယ်။ သော့တွဲတစ်တွဲ ပေးထားရင် ဟိုဟာလိုက်ဖွင့် ဒီဟာလိုက်ဖွင့်နဲ့။ အခုတလောမှ တခါးမင်းတုန်းတွေ ဖွင့်တတ်တယ်။ သမီးကတော့ တစ်နှစ်ခွဲလောက်ကတည်းက တံခါးလက်ကိုင်ကို ဖွင့်ပြီး အခန်းထဲ ၀င်တာမျိုးတွေ တတ်နေပြီ။ အဖေတူသားက အချက်အပြုတ်လည်း ၀ါသနာပါလိုက်သေးတယ်။ ဟိုဟာချက်လိုက် ဒီဟာချက်လိုက်နဲ့။ အိမ်မှာရော ကျောင်းက ကလေးထိန်းတွေကလည်း သတိထားမိလို့ ပြောပြတယ်။

သားက ချောင်လည်း ကြိုက်တယ်။ သူ့မှာ Favourite Corner လေးတွေရှိတယ်။ ညည အိပ်ရင် အမေနို့ဆို့လို့ ၀ရင် တစ်ခါတစ်လေ ကုတင်အောက်က သူ့ချောင်လေးမှာ သွားသွား အိပ်တတ်တယ်။ သူအိပ်ပျော်သွားမှ လူကြီးက သူ့ကုတင်ပေါ် တင်ပေးရတယ်။ Wardrobe တစ်ခုကိုလည်း အောက်ဖက်မှာ ရှင်းပေးထားရတယ်။ အဲဒီအထဲမှာ ၀င်ဆော့နေတယ်။ တံခါးကိုလည်း ပိတ်ထားသေးတယ်။ ကြေက်လည်း မကြောက်တတ်ဘူး။ အထဲမှာတော့ အလင်းနည်းနည်း ရှိတော့ အဲဒီ အတိုင်းနေပြီးဆော့နေတယ်။ အရမ်းဆော့တတ်တယ်။

သားက နေရာတွေနဲ့ အဖြစ်အပျက်တွေကို တွဲပြီး မှတ်မိတယ်။ နေရာတစ်ခုမှာ အဖြစ်အပျက်တစ်ခုခုကို အကြိမ်နည်းနည်း များများ လုပ်ပြီးသွားရင် အဲဒီနေရာရောက်ရင် ဒီလိုမျိုး ဖြစ်မယ်ဆိုတာ ထင်တတ်တယ်။ သူ့အမေ သင်တန်း တတ်တုန်းက ကားနဲ့ လိုက်ပို့တတ်တဲ့ နေရာတစ်ခုကို အခုနေရောက်ရင် မေမေ.. Go Go ..ဆိုပြီး သွားခိုင်းတယ်။ Mall ကို သွားတာတောင် ၀င်နေကျ အပေါက်ကနေ မ၀င်ဘဲ ကျော်သွားရင် Mall မသွားရတော့ပါဘူး ဆိုပြီး ငိုတတ်သေးတယ်။ နောက်တော့ ရှင်းပြထားတာ ဘယ်စတိုးဆိုင်သွားရင် ဒီဘက် ဟိုဆိုင်သွားရင် ဒီဘက်ဆိုတော့မှ မငြင်းတော့တာ။

သားက သမီးလို Music တော့ သိပ်မကြိုက်ဘူး။ ကလေးသီချင်းတွေ ဖွင့်ထားရင်တော့ လိုက်ကတတ်တယ်။ လူကြီး သီချင်းတွေတော့ လုံးဝ မကြိုက်ဘူး။ ပန်းချီမဆွဲတတ်သေးဘူး။ စိတ်ထဲမှာတော့ ဇာတ်လမ်း လုပ်တတ်တယ်။ ညည အိပ်ခါနီး သူဘာသူ ကွက်စိတ်ဆရာလုပ်တယ်။ စကား တပြောပြောနဲ့ ဇာတ်လမ်းတွေ လုပ်နေတယ်။ တခြား သူနေရာကနေလည်း ၀င်ပြောတယ်။ ဥပမာ သူဈေးသွားတယ်ဆိုတာကို ဆိုင်တွေ နာမည်တွေ တပ်ပြောတယ်။ "Coles.. Woolworth" ပြီးတော့ ဘာတွေ ညာတွေ ၀ယ်တယ်ပေါ့ "Meat Egg.. Milk" ပြီးတော့ "Chop chop.. " တဲ့ ချက်နေတယ်. ပြီးတော့ ထည့်ပေးတယ်။ "မေမေ.. " အဲဒီမှာ အမေနေရာကနေ၀င်ပြီး .."More please" တဲ့.. ပြီးတော့ သူ့နေရာ ပြန်ရောက်သွားပြီး "More? " ဆိုပြီး ထည့်ပေးတယ်။ ပြီးတော့ အမေနေရာ ပြန်ရောက်သွားပြီး "Thank you" ဆိုပြီး ပြန်ပြောတယ်။ နှစ်ယောက် ပြောနေရင် အသံမတူဘူး။ အဲဒါကတော့ လူကြီးတွေ အံသြရဆုံး သူ့ရဲ့ တိုးတက်မှုပါပဲ။ တခြား ဇာတ်လမ်းတွေလည်း လုပ်တတ်တယ်။ သူပြောတတ်တဲ့ စကားလုံးလေးတွေနဲ့ သူဘာသူ စဉ်းစားလိုက် ပြောလိုက်နဲ့ လူကြီးတွေက အသာလေး နားထောင်ပြီး သူ ဘာဇာတ်လမ်း ပြောနေတာလည်း ဆိုတာ စပ်ဆက် အဖြေရှာရတယ်။



သားက Relationship ဆိုတာကို မသိနားမလည်သေးပေမယ့် ခံစားတတ်နေပါပြီ။ သူ့မှာ ဒီအဖေ အမေနဲ့ ဒီအစ်မရှိတဲ့ ဘ၀လေးကို သာယာ ပျော်ရွှင်နေတာပါ။ အမေနို့ဆို့တော့ အမေကိုလည်း သူ့အစ်မထက် ပိုချစ်တယ် ထင်ပါတယ်။ အဖေကိုလည်း ချစ်ကြောက်တယ်။ အဖေကို ခေါ်ရင် "ဖေဖေ" ဆိုပြီး အောက်ကျို့တဲ့ သွေးစမ်းတဲ့ လေသံမျိုးလေးနဲ့ အရင်စခေါ်တယ်။ အဖေက အရေးတယူ မရှိရင် ထပ်ခေါ်တယ်။ အဖေက ချိုချိုသာသာ ကြိုကြိုဆိုဆို ပြန်ပြောမှ သူ့မှာ သောကကင်းသွားတဲ့ မျက်နာမျိုးလေးနဲ့။ အဖေက အလုပ်ရှုပ်နေလို့ဖြစ်ဖြစ် "ဘာလဲကွာ.." ဆိုပြီးများ ပြန်ပြောလိုက်လို့ကတော့ ငိုကြီးချက်မနဲ့ သူ့အမေဆီ ပြန်ပြေးတယ်။ သူ့အစ်မကိုလည်း ဆရာတင်တတ်တယ်။ ဟိုကလည်း အစ်မကြီး ပီပီပဲ။ သူ့အစ်မကလည်း တစ်ခုခု လုပ်ပြလိုက်ရင် သူက ရယ်လိုက်နဲ့ နှစ်ယောက်သား ဟုတ်နေတယ်။ ရန်မဖြစ်မချင်း။

သားလေးက အမေနို့ပဲ စို့တဲ့အတွက်ကြောင့် ညှပ်ပါတယ်။ အစားအသောက်ကလည်း အင်မတန် ချေးများပါတယ်။ အဲဒါကြောင့် ၁၁ ကီလိုပဲ ရှိပါတယ်။ သူ့ခြေထောက်လေးတွေဆို အရိုးပေါ် အရေတင်ပဲ။ သမီးဆို ကိုက်စားချင်စရာတောင် ကောင်းတယ်။ အရပ်ကတော့ မပုပါဘူး။ အခုတော့ နွားနို့နည်းနည်း စသောက်နေပါပြီ။ အမေနို့ဖြတ်ဖို့တော့ စဉ်းစားထားတယ်။ ၂ နှစ်လည်း ကျော်ပြီဆိုတော့။ နည်းနည်း ကြီးလာရင်တော့ အစားအသောက်ကို ပိုစားတတ်အောင် လုပ်ပေးရဦးမယ်။ အသား စားတယ်။ ဟင်းသီးဟင်းရွက် စားတတ်တယ်။ ထမင်းကို လုံးဝ မစားတတ်ဘူး။ ထမင်းလုံးလေးတွေကို သူ့ပါးစပ်ထဲမှာ မထိန်းတတ်လို့။ ခေါက်ဆွဲလိုမျိုးတော့ စားတတ်တယ်။

သားလေး အတွက် မွေးနေ့ပွဲကို ဒီနေ့ သူ့ daycare မှာ စီစဉ်ထားပေးပေမယ့် လူကြီးတွေကတော့ သမီးတုန်းကလို မသွားနိုင်တော့ပါဘူး။ ပြီးခဲ့တဲ့ အပတ်ကပဲ သူတို့ ကလေး ၂ ယောက်စလုံး တစ်ယောက်တစ်လှည်စီ ဖျားလို့ အဖေနဲ့ အမေခွင့်တွေ အတော်ယူလိုက်ရတော့ ဒီနေ့ပါ ခွင့်ထပ်ယူရရင် မကောင်းတော့တာနဲ့ ကျောင်းကိုပဲ အပ်လိုက်ပါတယ်။ သားလေးအတွက် မြန်မာပြည်မှာ ဒီက ဘုန်းကြီးကျောင်းမှာ လှူတန်းထားတာတွေကိုလည်း အများကို အမျှဝေပါတယ်။

တစ်ခါတစ်လေကျတော့လည်း သားလေးက Complement အနေနဲ့ လူ့လောကထဲ ရောက်လာတယ် ခံစားရပါတယ်။ အဖြည့်ခံ အရန် ဆိုတာထက် ဖြည့်စွက်ပေးသူပေါ့။ ဒီမိသားစုကလေးကို ပြည့်စုံတဲ့ မိသားစုလေး တစ်ခု ဖြစ်အောင် ဖြည့်စွက်ပေးတယ်။ သူ့အစ်မအတွက် အဖော်အဖြစ် တစ်ယောက်ရစေတယ်။ သူက ကျွန်တော်တို့ မိသားစုအတွက် လိုအပ်နေတာလေး တစ်ခု ဖြည့်စွက်ပေးလိုက်သလိုဖြစ်လို့ ကျွန်တော်တို့ ၂ ယောက်စလုံးမှာ ၀မ်းသာရပါတယ်။ သားလေးပါရပြီးတဲ့ နောက်မှာ "သားနဲ့သမီး" လိုမျိုး၊ "သားတို့ သမီးတို့" လိုမျိုး စကားလုံးတွေက ပိုပြီး အဓိပ္ပါယ်ရှိလာသလို ခံစားရပါတယ်။ သားလေး ထူးမြတ်လင်းအတွက်လည်း "The whole" ဖြစ်ပါစေ ဆိုတာမျိုးထက် လောကကြီးမှာ လိုအပ်နေတဲ့ နေရာလေးတွေအတွက် တစ်ထောင့်တစ်နေရာကနေ ဖြည့်စွက်ပေးစရာလေးတွေ ဖြစ်ပါစေလို့ ဒီနှစ်အတွက် ဆုတောင်းပေးလိုက်ပါတယ်။ ။

အောက်မှာတော့ သားလေးရဲ့ ၂နှစ်အတွင်း ကြီးပြင်းလာပုံတွေပါ။ ၂ နှစ်အတွင်းမှာ ဓါတ်ပုံပေါင်း ၇၀၀ ကျော် ရိုက်ထားတဲ့ အထဲက တချို့ပါ။ ပုံ အကုန်လုံးကတော့ ဒီမှာပါ ။

It's a boy!
IMG_4162
IMG_4173
IMG_4178
IMG_4205
Mom & Son
IMG_4328
Hey Bro...
Hey.. Yo
It's a boy.... obviously :)
IMG_4841
IMG_4872
7 Weeks
Pajama
Smiley
IMG_5334
IMG_5416
Star...
3 months
IMG_5551
IMG_5661
IMG_5710
IMG_5712
IMG_5719
IMG_5872
IMG_5887
IMG_5985
IMG_6024
Generation Y
IMG_6111
4 months
IMG_6411
5 Months
IMG_6987
IMG_6992
Baby Elmo
IMG_7053
IMG_7062
IMG_7100
Lips Mother Lips Son
IMG_7192
IMG_7227
IMG_7238
IMG_7240
WE
IMG_7446
IMG_7553
IMG_7690
IMG_7697
IMG_7792
IMG_7866
IMG_7931
IMG_8204
IMG_8212
IMG_8300
IMG_8304
IMG_8326
IMG_8413-1
Mighty
IMG_8435-1
IMG_8471
IMG_8562
IMG_8601
IMG_8669
IMG_8673
Ko Thoo
IMG_8762
IMG_8995
All my love...
IMG_9342
IMG_9648
IMG_9710
We
IMG_0022
IMG_0023
IMG_9941
IMG_9960
11 Months
IMG_0050
IMG_0075
IMG_0171
IMG_0260
IMG_0299
IMG_0304
IMG_0388
IMG_0395
IMG_0403
IMG_0434
IMG_0443
IMG_0448
IMG_0453
IMG_0509
Bloke In Flannel Shirt
A bit of care
IMG_0617
Inn-thar Costume
IMG_0654
IMG_0657
IMG_0660
IMG_0671
IMG_0681
IMG_0701
15.7.09 082
15.7.09 186
IMG_0724
IMG_0735
4-5's  05.08.09 097
IMG_0974
0-2s 18.08.09 056
0-2s 18.08.09 060
IMG_1001
IMG_1033
Penalty
0-2s 10.09.09 007
0-2s 11.09.09 008
IMG_1131
Our Bike
IMG_1218
0-2 30.09.09 007
0-2 30.09.09 099
IMG_1219
IMG_1242
IMG_1264
2-3s 2.10.09 300
2-3s 2.10.09 309
IMG_1274
IMG_1310
IMG_1317
IMG_1318
IMG_1329
preschool november 005
joeys november 009
Joey 011
Thoo 16 months
In the basket
Playful..
Ann
Arrr......
P1000215
P1000349
P1000390
DSC_8032
Cooking
MEMO0009
P1000671
P1000749
Banana Trees
P1000810
P1000824
P1000830
P1000837
Ko Thoo
P1000949
P1000967
P1010084
P1010095
P1010124
P1010153
P1010161
P1010173
BIG Chair
P1010198
P1010203
P1010223
P1010331
P1010336
P1010572
P1010717
P1010730
P1010764
P1010783
 

Film