Monday, January 11, 2010

ကလေးခင်အောင်လုပ်နည်း

ကိုယ်နဲ့ မခင်သေးတဲ့ ကလေး (ဆိုပါတော့ စကားလည်း နည်းနည်းပါးပါး ပြောတတ် ကိုယ်ပြောတာလည်း နားလည်တဲ့ ၂နှစ်ခွဲ ၃နှစ်ကနေ ၅နှစ် ၆နှစ် ကလေး)တစ်ယောက်နဲ့ ဆုံလို့ သူနဲ့ ခင်အောင် ဘယ်လို စလုပ်မလဲ။ များသောအားဖြင့်ကတော့ သားနာမည် ဘယ်လိုခေါ်လဲ သမီးနာမည် ဘယ်လိုခေါ်သလည်း မေးမယ်။ ပြီးတော့ အင်္ကျီလေးက လှတယ် ဘာတယ်ပြောမယ်။

တကယ်တော့ ကလေးတွေကို နာမည်မေးရင် သူတို့က သူစိမ်းဆိုရင် သိပ်မပြောချင်ပါဘူး။ နာမည်မေးတာမှ မဟုတ်ပါဘူး။ သူစိမ်းဆိုရင် သူတို့က ရုတ်တရက်ကြီးတော့ စကားဘယ်ပြန်မလဲ။ ပြီးတော့ ဒီလိုမေး ဒီလိုပြောရုံနဲ့ ကလေးကလည်း ကိုယ့်ကို တော်ရုံတန်ရုံ မခင်လွယ်ပါဘူး။ တွေ့တုန်း ခဏပဲ ဖြစ်ပါမယ်။

ကလေးတွေကို ခင်အောင် လုပ်တဲ့ ကိုယ်တွေ့ နည်းတစ်ခု ပြောပြချင်တယ်။ Bluffing လုပ်ပါ။ ညာတယ် ဖြီးတယ်တော့ မဟုတ်ပါဘူး။ ကလေးတွေကို Bluff လုပ်တယ် ဆိုတာ သူတို့ သိထားတာ တစ်ခုကို ကိုယ်က မသိချင်ယောင် မှားချင်းယောင်ဆောင်ပြီး လုပ်ပြ ပြောဆိုတာပါ။

ကလေးက ခွေးရုပ်လေး ကိုင်ထားရင် ကြောင်လေးက ချစ်စရာလေးပါလားလို့ ပြောကြည့်ပါလား။ သူက မသိချင်ယောင် ဆောင်နေသေးရင် ငှက်ကလေးက ချစ်စရာလေးပါလား ဆက်ပြောကြည့်ပါ။ ကလေးက ပြန်ပြီး တုန့်ပြန်လာပါလိမ့်မယ်။ တကယ်လို့မှ မတုန့်ပြန်သေးရင် အရုပ်ကလေးကို ကိုင်နေတုန်း အား ကိုက်တယ် ကိုက်တယ်ဆိုပြီး အရုပ်က ကိုယ့်ကို ကိုက်တဲ့ပုံ ဆောင်ကြည့်ရင် အနည်းဆုံးတော့ ကလေးက ရယ်လိမ့်မယ်။ အဲဒီအချိန်က စပြီး ကလေးက ကိုယ့်ကို စိတ်ဝင်စားသွားမယ်။ ကိုယ့်ကို ခင်ချင်သွားပါမည်။

ပြီးတော့ ကလေးတွေ ရှေ့မှာ ပေါက်ကရ တစ်ခုခု လုပ်ပြရင် သူတို့က ပြင်ပေးပါလိမ့်မယ်။ ဒီနေရာမှာတော့ ကလေးရဲ့ အခြေခံနဲ့ ပတ်ဝန်းကျင် အနေအထားကို အံဝင်ဂွင်ကျ လုပ်တတ်ဖို့တော့ လိုတယ်။ ဥပမာ ရေခွက်ကိုင်ထားရင် ရေကို နှာခေါင်းကနေ သောက်ပြသလို နားကနေ သောက်ပြသလိုပဲ ဖြစ်ဖြစ် လုပ်ပြတာမျိုးတို့ပါ။ သူ့ကစားစရာ တစ်ခုခု ရှိရင်လည်း အဲဒီ ကစားစရာနဲ့ အမှားတစ်ခုခု လုပ်ပြရင် သူက ကြည့်ပြီး အသည်းယားလာပြီး နည်းနည်းရဲလာရင် ကိုယ့်ကိုပြင်ပေးမယ် ပြီးတော့ ဘယ်လို လုပ်ရမည်ဆိုတာ သင်ပေးမယ်။ ဒီလိုနဲ့ ကလေးနဲ့ အတူတူ ဆော့ဖြစ်သွားပါလိမ့်မည်။

ကလေးတွေက သရုပ်ဆောင်တာလည်း ကြိုက်တယ်။ ဥပမာ သူတို့ ရှေ့မှာ အစားစားရင် အစာနင်သလိုမျိုး လည်ပင်းကို ကိုင်ပြီး အ..အ.. အစ်..အစ် ဆိုပြီး လုပ်ပြရင်လည်း စိတ်ဝင်တစား ကြည့်လာပါလိမ့်မည်။ ဒါမှ မဟုတ် အိပ်ငိုက်ချင်ယောင်ဆောင်ပြလည်း ကြိုက်တတ်ပါတယ်။ ဥပမာ ပြောတာပါ။ ဒါတွေမှ မဟုတ်ပါဘူး။ အဆင်ပြေသလိုသာ လုပ်ပြကြည့် ကလေးက စိတ်ဝင်စားလာပြီး ကိုယ်နဲ့ ခင်လာပါလိမ့်မည်။

သူစိမ်းကလေးမှ မဟုတ်ပါဘူး ကိုယ့်ကလေးကို ကိုယ် Bluff လုပ်ရင်လည်း ကိုယ်နဲ့ ပိုခင်လာပါလိမ့်မည်။ ဒီနေရာမှာ ကိုပေါရဲ့ သူ့သမီးလေးကို Bluffing လုပ်ပုံလေးကို သူ့blog ကနေ ကူးယူ ဖော်ပြလိုက်ပါတယ်။

သမီးတို့ ကျောင်းကို မိဘအနေနဲ့ အတူလိုက်ရတော့မယ့် အခါမျိုးဆိုရင် “သမီး… ဘာမှ မပူနဲ့သိလား။ သမီးသူငယ်ချင်းတွေကိုတွေ့ရင် ဖေဖေ အင်ဒီးယန်းအက ကပြမယ်” လို့ ကြိုပြောထားနှင့် တတ်သေးတယ်။ အဲဒီတော့ သမီးက ကျောင်းရောက်တဲ့အခါ ကျနော်တကယ် ထဖောက်လေမလားဆိုပြီး သူ့မှာ စိုးတထင့်ထင့်နဲ့။ ကျောင်းမှာ သူက တနေရာသတ်သတ်။ ကျနော်တို့က တနေရာသတ်သတ် ထိုင်ရတာမျိုးဆိုရင် သမီးနဲ့ အကြည့်ချင်းဆုံတဲ့အခါ ဘယ်သူမှ မသိအောင် မသိမသာ အင်ဒီယန်းအက ကသလို တွန့်ပြတာမျိုး ကျနော် လုပ်ပြလေ့ရှိပါတယ်။ သမီးက အဲဒီအခါကျရင် မမြင်ချင်ယောင် ဆောင်နေတတ်တယ်။

နောက်ပြီး ကလေးတွေကို Bluff လုပ်တာလည်း တစ်ခါတည်း မလုပ်ဘဲ တစ်မျိုးတည်းကိုပဲ အခါခါ လုပ်ပြလည်း သူတို့က ငြီးငွေ့သွားတယ် မရှိပါဘူး။ အထပ်ထပ် လုပ်လေ သဘောကျလေပါ။ ကိုယ်မှားတိုင်းလည်း သူတို့က ပြင်ပေးပါလိမ့်မည်။ ကိုယ်လုပ်ပြတိုင်းလည်း သူတို့က ပျော်ပါတယ်။ ကလေးတွေကလည်း ကိုယ် Bluffing လုပ်နေမှန်း သိတာတောင် အသည်းယားတတ်ပါတယ်။ အဲဒီလို ကလေး အသည်းယားတတ်တာ အင်မတန် ချစ်ဖို့ ကောင်းပါတယ်။ ပျော်စရာကောင်းပါတယ်။

ကလေးတွေကို တစ်ခုခု (သချာင်္လို ဘာသာစကားလိုမျိုးတော့ မဟုတ်ဘူးပေါ့။ သေးသေးမွှားမွှား တစ်ခုခု) သင်ချင်ရင်လည်း သူတို့ကို ဒီအတိုင်း သွားမသင်ပါနဲ့။ သူတို့ကို မေမြန်းပြီး သူတို့ အသင်ကို ခံလိုက်ရင် ကလေးက စိတ်ပါလက်ပါ မျောပါလာပါတယ်။ အဲဒီကျမှ ကိုယ်က ကိုယ်ပြောချင်တာလေးတွေ ပြောပြ မှားနေတာလေးတွေ ပြင်ပေးရင်းနဲ့ ကလေးက တတ်သွားပါတယ်။

ကလေးတွေကို အတင်းဝင်မရောပါနဲ့။ သူကို မသိချင်ယောင်ဆောင်ပြီး သူစိတ်ဝင်စားအောင် လုပ်ပြပါ။ သူတို့ Interact လုပ်လာအောင် စပေးပါ။ အထူးသဖြင့် အမှားပြင်ပေးချင်သလိုမျိုး။ လူကြီးတွေကို သင်ပေးချင်စိတ် ပြင်ပေးချင်စိတ်က ကလေးတွေမှာ ရှိနေပါတယ်။ Bluffing လုပ်တဲ့အခါ ကလေးတွေ အမှတ်မမှားသွားအောင် စိတ်မထိခိုက်သွားအောင်တော့ သတိထား ရမှာပေါ့။ ဒီလိုလေး သိထားရင် ကလေးတစ်ယောက်က ကိုယ့်ကို စွဲစွဲမက်မက် ခင်သွားအောင် လုပ်ဖို့ မခက်တော့ ပါဘူး။ အရေးကြီးဆုံးကတော့ ဒီနည်းတွေနဲ့ ကိုယ့်ရဲ သားသမီးတွေကိုပါ ခင်အောင်လုပ်လို့ရတာပါပဲ။

စကားချပ်။ ။ လူကြီးများလည်း အမှန်ကို သိလျက်နဲ့ Bluffing လုပ်ခံရတာ ကြိုက်ပါတယ်။ အမျိုးသားများ အမျိုးသမီးများကို Bluffing လုပ်နည်းကတော့ မခင်ဦးမေတို့ TZAတို့ ရေးရင် ဖတ်ရတာပေါ့။ (ပျော်စေ ခင်စေပါ။)

တခြားဖတ်ရန် - “ကိုယ့်ရှူးကိုယ့်ပတ်” (ကိုပေါ)

18 comments:

တောင်ငူသား - 1/11/10, 1:45 AM

ကိုအန်ဒီ အခုတလော ဓါတ်ကျနေတယ်ထင်တယ်။ ပို့စ်တွေ သိပ်မပြတ်ဘူး ဆက်တိုက်နီးပါးပဲ။

ကလေးခင်အောင် လုပ်နည်းလေးတွေက တကယ်မိုက်တယ်ဗျ။ ဖတ်ရင်းနဲ့ကို လက်တွေ စမ်းကြည့်ချင်လာတယ်။ ခက်တာက ဒီရောက်နေတဲ့ ကျွန်တော့် အသိုင်းဝိုင်းတစ်ခုလုံး ကလေးမရှိကြဘူး။

Bluffing လုပ်နည်းလေးတွေကို Gtalk မှာသုံးပြီး Q ရရင် အသုံးတည့်မလားပဲဗျ။ :P

Anonymous - 1/11/10, 2:01 AM

ကိုအန်ဒီရှင့် ။ ကလေးတွေ ကို ခင်အောင်ရေးထားတာလေးဖတ်ပြီး သဘောကျလို့ ဆက်စဉ်းစားမိတာလေး ရေးလိုက်ပါတယ် ။ ကလေးက ခွေးရုပ်ကလေးကိုင်ထားတာကို လူကြီးက ကြောင်ရုပ်ကလေးလို့ပြောလိုက်တဲ့အခါ ၊ ကလေးက အမှားကြီးပြောနေတာကိုသိလို့ ပြင်ပေးချင်စိတ်နဲ့ ပြန်ပြောတာလား ၊ တတ်သိသူတွေပြောတာကတော့ တဖက်သူရဲ့ ချို့ယွင်းချက်ကို ပြုပြင်ထောက်ပြလိုက်ချိန်မှာ ကိုယ်ကသူ့ထက်ပိုသိတယ် ၊ တတ်တယ် ဆိုတဲ့ သာယာမူစိတ်ကြောင့်လား ။ အဲသလိုမျိုးသာဟုတ်ခဲ့ရင် လူ့သဘာဝ ၊ လူတိုင်းကြိုက်တခုလား ။ ဒါပေမဲ့ တဖက်သူကလည်း အဲသလို ပြင်ပေးခွင့်ရအောင် ဖန်တီးပေးထားတာလား ။ အဲသလိုမျိုးဖြစ်စေချင်တာလား ။ စကားဝိုင်းပြီးလို့ ၊ ခင်ဗျားနဲ့စကားပြောရတာ သိပ်ကောင်းတယ်လို့ အမြဲတမ်းပြောသူတွေဟာ စကားဝိုင်းတလျောက်လုံး သူကသာ အချိန်တော်တော်များများကို ဦးဆောင်ပြောနေတဲ့သူတယောက်ဖြစ်နေတာများလား ။ ကျေးဇူး။

Rita - 1/11/10, 3:03 AM

ဒီလိုအကြောင်းအရာမျိုးကို သိပ်စိတ်ဝင်စားတယ်။

khin oo may - 1/11/10, 3:45 AM

အကြံထုတ်လိုက်ပါဦးမယ်။

Anonymous - 1/11/10, 7:13 AM

နည်းနည်းတော့ သဘောကွဲလွဲချင်ပါတယ်။ နှာခေါင်းက နားရွက်က ရေသောက်တာမျိုး အမှားတွေ လုပ်ပြတယ်ဆိုရင် ကလေးတွေက မပြင်ပေးချင်ဘဲ သူတို့ပါ လိုက်လုပ်နေရင် မခက်လား။ ပြီးတော့ မနာဘဲ နာချင်ယောင်ဆောင်တာ၊ အစာနင်သလို ဟန်ဆောင်တာမျိုးကလဲ ကလေးတွေ လိုက်တုပြီး လုပ်နေတတ်နိုင်တာပဲ။ ကလေးကိုယ့်ကို ခင်တာ မခင်တာထက် ကလေးအတုခိုးမမှားဖို့က ပိုအရေးကြီးမယ် ထင်ပါတယ်။ ပင်ကိုယ်စရိုက် ရိုးသားတဲ့ ကလေးတွေ လိမ်ညာဟန်ဆောင်တတ်အောင် လူကြီးတွေက ရှေ့ဆောင်ပေးသလို မဖြစ်ရင်တော့ အကောင်းဆုံးပါပဲ။

Ko Paw - 1/11/10, 12:58 PM

ကိုအင်ဒီကို ကြည့်ရတာ ကလေးချစ်တတ်ပုံရတယ်။ အိမ်လာလည်တဲ့ မိတ်ဆွေတွေကို သတိထားကြည့်မိရင် ကလေးခင်အောင် လုပ်တတ်သူနဲ့ မလုပ်တတ်သူ နှစ်မျိုးရှိတာ သတိထားမိတယ်။ တချို့ဆိုရင် ဘယ်ကလေးနဲ့ဖြစ်ဖြစ် ချက်ချင်း ခင်သွားအောင် နေတတ်တဲ့ ရောတတ်တဲ့လူတွေရှိတယ်။ ကျနော်ကတော့ အဲသည်လောက် ပါရမီမရှိပါဘူး။ ကျနော့်မိတ်ဆွေတွေထဲမှာတော့ ကလေးတွေခင်တတ်တဲ့လူမျိုးတွေ ရှိပါတယ်။ အခုလို နည်းစနစ်ကလေးကို သတ်သတ်မှတ်မှတ်ရေးပြတော့ ကလေးချစ်သူတွေ သိရမှတ်ရတာပေါ့။

တောင်ပေါ်သား - 1/11/10, 1:39 PM

နောက်တခါကလေးတွေ တွေ့ရင် စမ်းသပ်ဦးမှပဲး) ကျနော့်ကိုတော့ ကလေးတွေက ခင်တယ်း)

လေးစားလျက်
တောင်ပေါ်သား

Andy Myint - 1/11/10, 2:08 PM
ရေတက်တုန်း ခဏ၊ အားတုန်း ခဏ ဘလော့ဂ် ဘက်ရောက်နေတာပါ ကိုတောင်ငူသား

စဉ်းစားစရာပါပဲ စာဖတ်သူ ခင်ဗျာ။ အမှားကိုတွေ့ရင် ထောက်ပြချင်တာ လူတွေရဲ့ (ကောင်းတဲ့) ဉာဉ်ဖြစ်မယ်။ ကလေးကို မေးခွန်းတွေ မေးပြီး ဖြေခိုင်းတာထက်စာရင် တခြားနည်းနဲ့ ကလေးကို စကားစပြောစေတော့ ကလေးက ကိုယ့်ကို ခင်လာတာမျိုးပေါ့။

Child Psychology လိုမျိုးကို စိတ်ဝင်စားတယ်လား Rita

ရေးမှာကို စောင့်နေမယ် မခင်ဦးမေ

ဟုတ်တော့ ဟုတ်ပါတယ်။ အဲဒါကတော့ ကလေးရဲ့ အခြေခံနဲ့ ကိုယ့်ရဲ့ အပြုအမူပေါ် မူတည်ပါတယ်။ အဲဒါကြောင့် ကလေးတွေ အမှတ်မမှားသွားအောင် မလိုလားအပ်တဲ့ Impact မဖြစ်အောင်တော့ အထူး သတိထားဖို့ လိုပါလိမ့်မယ်။ ဥပမာ မီးခြစ်နဲ့ ဆော့ပြတာမျိုးတို့ ဓါးနဲ့ ဆော့ပြတာမျိုးတော့ မလုပ်သင့်ဘူးပေါ့။ (ကျွန်တော် တွေ့ဖူးတဲ့) ကလေးတွေကတော့ ရိုးသားပြီး အဖြောင့်တွေးပါတယ်။ အိပ်ချင်ယောင် ဆောင်ပြတာ သူတို့ အတွက် ဖျော်ဖြေမှု တစ်ခုသာသာပဲ ယူပါတယ်။ အဲဒီလို လုပ်ပြတဲ့ လူကြီးကို နှိုးချင်တာ ကလွဲရင် စိတ်ထဲမှာ တခြားမရှိပါဘူး။ ခွေးရုပ်ကို ကြောင်လေးက ချစ်စရာလေး ပြောလို့ သူတို့က ခွေးကို ကြောင်လို့ ညာတယ်ဆိုပြီး မမှတ်ယူပါဘူး။ သူတို့ စိတ်ထဲမှာ ဒါခွေးလေးလို့ ပြင်ပေးချင်စိတ်ပဲ ရှိပါတယ်။ ကလေးက အရမ်း ဉာဏ်ရည် အရမ်းဖွံ့ဖြိုးတယ်။ ဒါမှမဟုတ် အသက်ကြီးတယ် ဆိုရင်တော့ တခြား လိုက်တုပတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ့်တွေ့ကိုပဲ အခြေခံတဲ့ အတွက် ဘယ်လို ဖြစ်နိုင်တယ်ဆိုတာကိုတော့ Child Psychology စာအုပ်တွေကို ဖတ်ကြည့်လိုက်ပါဦးမယ်။ ကလေးတွေ Impersonate လုပ်တတ်တာ၊ ပုံပြင် ဇာတ်လမ်းလုပ် ပြောတတ်တာ (လီဆယ်ပြောတတ်တာလို့တော့ မယူချင်ပါ) ကလေးတွေရဲ့ တိုးတက်မှု တိုင်းတာတာ တစ်ခုလို့တော့ ဖတ်ဖူးပါတယ်။ ဥပမာ သမီးက အမေလိုမျိုး ဈေးသွားတာ။ ရုံးသွားတာမျိုး။ ထောက်ပြတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ကလေး ၂ ယောက်မွေးထားတာ ဆိုတော့လည်း ဒီလိုပဲ သတိထားမိတာပါ ကိုပေါ။ ဟုတ်တယ် ကလေးတွေ ခင်အောင် လုပ်တတ်တဲ့သူတွေ ရှိသလို ကလေးမခင်တဲ့ သူတွေလည်း ရှိတယ်။ နည်းစနစ်ရယ်တော့ မဟုတ်ပါဘူးဗျာ။
Andy Myint - 1/11/10, 2:11 PM
ဒါဆို တောင်ပေါ်သားရဲ့ ကလေးတွေ ခင်အောင်လုပ်နည်းလေး ရှဲပါဦး
An Asian Tour Operator - 1/11/10, 5:31 PM

မှတ်သားစရာပါ...။

TZA - 1/11/10, 10:31 PM

ဟာ.. ဒီလူ.. ပို့စ်ထဲမှာ နာမည်ပါလို့ ပျော်ရမလားမှတ်တယ်၊ သိပ်နောက်တာပဲ.. :p

Andy Myint - 1/11/10, 11:59 PM
Dont take it serious TZA, I'm just bluffing.. :)

Thanks, Mr Asian Tour Operator.. never seen you before..i will visit your blog again..
တန်ခူး - 1/12/10, 1:04 AM

စိတ်ဝင်စရာပါကိုအန်ဒီရေ… သားကို အဲဒီနည်းတခါမှ သုံးမကြည့်သေးဘူး… ကိုအန်ဒီပြောသလို စမ်းကြည့်ဦးမှ… မျှဝေပေးတာကျေးဇူးပါ

Vista - 1/12/10, 8:45 PM

ဟမ် တကယ်လား
ကျနော်ကတော့ ကလေးတွေနဲ့ သိပ်မနေတတ်ဘူး
သူတို့ ဘာလုပ်ချင်လည်းသိပ်မသိဘူး
ကိုယ်တိုင်အငယ်ဆုံးမိုလို့ ထင်တယ်
ကလေးတွေကတော့ ခင်တယ် အလာကားနေရင်းခင်နေတာ ...
သူတို့ ကိုသိပ်မရောလို့ ထင်ရဲ့ 
အနားလာလိုက် ကြည့်လိုက် စလိုက်လုပ်ကြတယ် ..
ကိုယ်ကတော့ခပ်ခွာခွာပဲနေတယ် ငိုရင်မချော့တတ်လို့ ...

rose of sharon - 1/13/10, 1:36 AM

ကျမကတော့ခလေးတွေနဲ့ အတူတူလိုက်ဆော့နေကျမို့ ခလေးတိုင်းနဲ့ အဆင်ပြေတာများတယ်.... ဒီနည်းလေးကမိုက်တယ်... အလွယ်တကူ အဆင်မပြေတတ်တဲ့ ခလေးမျိုးနဲ့တွေ့ရင် အသုံးချရမယ်....

shwe - 1/15/10, 2:59 AM

ကိုအန်ဒီရေ။ ကလေးတွေ ဗွီဒီယို ကို ခဏခဏလာကြည့်ဖြစ်တယ် ၃ ၄ ခါလောက်ရှိပီ။ ထူးမြတ်နဲ့ မီးမီး ကတာကို သဘောကအကျဆုံးပဲ ထူးမြတ်က အမကြီးဆိုတာ ကို လိုက်ဝါး ပီးဆိုနေတာချစ်စရာ :)

Moe Cho Thinn - 1/24/10, 11:12 AM

ဒီပို့စ်လေးလဲ ကြိုက်တယ်။ ဟုတ်တယ်နော် ကလေးတွေ ကိုယ့်ကို ခင်အောင် လုပ်ဖို့ စိတ်ကူးရတာကိုက ပျော်စရာ..။
အိမ်မှာ အမထက် အမအမျိုးသားက အဲဒီနည်းလေးတွေ သုံးတတ်တာ သတိထားမိတယ်။ ကလေးတွေက သူ့ကို ခင်ကြတာ အမှန်ပဲ။ အမကတော့ ကိုယ်ကသာ ချစ်ရ သူ့လောက် အချစ်မခံရဘူးလေ..။

Andy Myint - 1/26/10, 10:14 PM
မတန်ခူး သားက Smart ဖြစ်တော့ သွားပတ်လို ရမယ် မထင်ဘူးနော်.. :)

အဲဒီအတွက်တော့ မပူနဲ့ Vista ... ကလေးတွေ ငိုရင် သူ့အဖေ အမေကလွဲရင် တော်ရုံလူ ချော့လို့ မရဘူး

ဟုတ်တယ် Sharon ... အထူးသဖြင့် အလွယ်တကူ အရောမ၀င်တတ်တဲ့ ကလေးမျိုးနဲ့ဆို ပိုသင့်တော်တယ်

ကိုထူးကတော့ သူအစ်မလုပ်သမျှ အကုန်နောက်က လိုက်လုပ်တယ် shwe

အဲဒါ ယောက်ျားတွေ ကလေးထိန်းနည်းလေ မချိုသင်း .. အစ်မအမျိုသားလုပ်တယ်ဆိုတာ ကျွန်တော် စိတ်ကူးကြည့်လို့ ရပါတယ်။

Post a Comment

Many thanks for dropping a comment…

Film