Sunday, January 03, 2010

မြန်မာပြည်အတွက် လူကြုံပစ္စည်း

ရေခြာမြေခြား ရောက်နေသူတွေအတွက် မြန်မာပြည်က ကိုယ့်မိသားစုကိုပဲဖြစ်ဖြစ် သူတို့ဆီကပဲဖြစ်ဖြစ် လူကြုံပစ္စည်း ပေးနေ ယူနေကြပါပဲ။ အခုဆို နိုင်ငံခြားထွက်တဲ့သူကလည်း သိပ်ကိုများတာဆိုတော့ တစ်ခါမဟုတ် တစ်ခါတော့ ကိုယ်သိတဲ့ သူနဲ့ လူကြုံပါးလိုက်ဖို့ သိပ်ကို လွယ်သွားပြီ။ စင်္ကာပူလို နိုင်ငံဆို အသိမရှိရင်တောင် အခကြေးပေးနိုင်တဲ့ Courier Service တွေကဆင့် ရန်ကုန်ကနေ ပေးမလား စင်္ကာပူကနေ ပေးမလား လေယာဉ်ထွက်တဲ့ နေ့တိုင်း စာရွက်စာတမ်းတွေ ပစ္စည်းတွေ ပေးနိုင်တယ်။ အစားအသောက်တောင် ပေးနိုင်သေးတယ်။ သိုင်းဝတ္ထုတွေထဲက အာမခံကုမ္ပဏီတွေလို အန္တရာယ် မများလို့တော်တော့တယ်။ စင်္ကာပူကသူတွေအတွက် အလျင်လိုရင် လေဆိပ်မှာစောင့်ပြီးတောင် ပေးနိုင်သေးတယ်။ ကူညီတတ်တဲ့သူ ကူညီနိုင်တဲ့ သူနဲ့ဆို ဖြစ်နိုင်တယ်။ ဘာတွေပါသလဲဆိုတာတော့ သယ်တဲ့သူကို ဖွင့်ပြရတာပေါ့။

စင်္ကာပူမှာတုန်းကတော့ လူကြုံပေးဖို့ သိပ်လွယ်တယ်။ ကိုယ့်အသိမရှိရင်တောင် အသိရဲ့အသိကနေ တဆင့် လူကြုံပေးနိုင်သေးတယ်။ တစ်ယောက်တစ်ယောက် ပြန်ခါနီးဆို လက်တို့ကြပြီ။ SMS ပို့ကြပြီ။ ဘယ်နေ့သွားပြီး ဘယ်နေ့ပြန်လာမှာ။ ဒီကနေလည်း ထည့်ပေးလို့ရတယ်။ ဟိုကနေလည်း ထည့်ပေးလို့ရတယ်ဆိုပြီး ပြောကြ ကူညီကြတယ်။ မြန်မာပြည်က ထည့်ပေးလိုက်တဲ့ လူကြုံပစ္စည်းတွေ သွားယူရင်လည်း ကိုယ်နဲ့တောင် တခါမှ မတွေ့ဘူးတဲ့ သူတွေလည်း ပါတတ်တယ်။ စင်္ကာပူကို အလုပ်လာလုပ်တဲ့သူကနေ ရုံးကိစ္စနဲ့လာတဲ့သူ အလည်လာတဲ့သူ ဆေးလာကုတဲ့သူ စသည်စသည်နဲ့ လူကြုံထည့်ပေးလိုက်တာမျိုးတွေ ကြုံဖူး ကြားဖူးတယ်။

စင်္ကာပူမှာကလည်း ဈေးဝယ်လို့ သိပ်ကောင်းတာ။ မြန်မာပြည်ကလူတွေကလည်း စင်္ကာပူကဆို အ၀တ်အထည်ကနေ လျှပ်စစ်ပစ္စည်းတွေ အထိကြိုက်ကြတာဆိုတော့ မြန်မာပြည်က ကိုယ့်မိသားစုကို ကိုယ်ပြန်တဲ့ အချိန်အထိ မစောင့်နိုင်တော့ဘဲ လူကြုံနဲ့ နည်းနည်းစီ နည်းနည်းစီ ထည့်ပေးလိုက်ကြတတ်တယ်။ လူကြုံရှိရှိ မရှိရှိ ဈေးကျတဲ့ အချိန် ၀ယ်ပြီးစုထားတယ်။ လူကြုံရပြီဆိုတာနဲ့ ထည့်ပေးလိုက်ရုံပဲ။ တစ်ခါတစ်လေကျတော့ ဆေးဝါးတွေ ကျန်းမာရေးသုံးပစ္စည်းတွေ ဖြစ်နိုင်သလို စင်္ကာပူကနေ ကြမ်းတိုက်တဲ့ တုတ်တံနဲ့ ရေပုံးကို ကြိုက်လွန်းလို့ မြန်မာပြည်ကို လူကြုံပါးလိုက်တာ ကြားဖူးတယ်။

မြန်မာပြည်ကနေဆို စာရွက်စာတမ်းကနေ ငပိထောင်းအထိ လူကြုံနဲ့ပဲ ဖြစ်ဖြစ် ၀န်ဆောင်ပေးတဲ့သူတွေနဲ့ပဲ ဖြစ်ဖြစ်ထည့်ပေးကြတယ်။ အဓိကကတော့ စာရွက်စာတမ်းတွေပါ။ စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ သားသမီးတွေအတွက် မြန်မာပြည်ကနေ တစ်ပတ်တစ်ခါ တစ်ပတ်စာ ဟင်းချက်ပြီး ပို့ပေးတယ်ဆို အမှန်တကယ်ပါ။ ကျွန်တော့် အသိတစ်ယောက်ပါ။ စင်္ကာပူ ရောက်စတုန်းကလည်း အိမ်ကနေ လူကြုံတွေ ထည့်ထည့်ပေးတတ်တယ်။ နောက်တော့ သွားယူရတာ အဆင်မပြေတာတို့ ဘာတို့ကြောင့် အရေးကြီးတာပဲ ထည့်ပေးဖို့ အိမ်ကို ပြောထားရတယ်။

ကျွန်တော်တို့ကတော့ တချို့တွေလို စင်္ကာပူနဲ့ ရန်ကုန်ကို အိမ်ဦးနဲ့ ကြမ်းပြင် ဥဒဟို ကူးသန်း သွားလာခဲ့တာ မဟုတ်တော့ ကိုယ်က လူကြုံသယ်ပေးရတယ်ဆိုတာ ယှဉ်ကြည့်ရင် အင်မတန် နည်းပါတယ်။ သူများတွေကပဲ ကိုယ့်အတွက် လူကြုံသယ်ပေးရတာမျိုး။ လူကြုံသယ်ပေးတာတောင် ကျေးဇူးမတင်တဲ့ အခွင့်အရေးယူတဲ့သူတွေလည်း ရှိတတ်ပါတယ်။ ဥပမာ လူကြုံပစ္စည်းက အကြောင်းတစုံတရာကြောင့် ပုံပျက်သွားရင် သံသယ၀င်တာမျိုး။ ဒါမျိုးက မြန်မာပြည်ကို သယ်သွားရင် ဖြစ်တတ်တယ်။ ရန်ကုန်လေဆိပ်က မင်းမှုထမ်းများကလည်း တာဝန်အရဆိုပြီး ဟိုဖြဲ ဒီဖြဲ ရှာတတ်တာကိုး။ တချို့ကလည်း စီးပွားဖြစ်ပစ္စည်းတွေကို လူကြုံနဲ့ထည့်ပေးတတ်တယ်။

သြစတြေးလျ ရောက်တော့ လူကြုံက အတော်နည်း သွားပြီ။ ကိုယ်ကိုယ်တိုင်က အသိနည်းတာလည်း ပါပါတယ်။ သြော်ဇီ အကောက်ခွန်ကလည်း အစားအသောက်ဆို အင်မတန်စစ်ဆေး တားမြစ်တတ်တော့ စင်္ကာပူလို အစစ အရာရာ လူကြုံထည့်ဖို့ မှာဖို့ဆိုတာ သိပ်မလွယ်တော့ဘူး။ ဒီက မြန်မာဆိုင်တွေကလည်း စင်္ကာပူလို ၀န်ဆောင်ပေးတယ် မကြားမိဘူး။ (ရှိရင်လည်း ရှိမှာပေါ့)

တလောက သူငယ်ချင်း တစ်ယောက်ပြန်လို့ မြန်မာပြည်ကို လူကြုံပါးလိုက်တယ်။ လူကြုံထည့်ပေးလိုက်တာက သားနဲ့ သမီးရဲ့ ဓါတ်ပုံတွေနဲ့ ဗီဒီယိုတွေပါ။ Soft copy တွေလည်း ဖြစ် DVD နဲ့ ရိုက်ရင် ၁၀ချပ် ၁၅ချပ်လောက် ဖြစ်နေတာနဲ့ Portable Harddisk လေးထဲထည့်ပေးလိုက်တယ်။ ကျွန်တော်တို့ကလည်း သားနဲ့ သမီးကို ကြုံရင်ကြုံသလို ဓါတ်ပုံ၊ ဗီဒီယို ရိုက်ရိုက်နေတာဆိုတော့ အတော်လေးကို များပါတယ်။ ပြောရရင် 40GB လောက်ကို ရှိတယ်။ ဒါတောင် တစ်နှစ်စာပဲ ရှိသေးတယ်။ ရန်ကုန်က အဘိုးအဘွားတွေ ဘကြီးဦးလေး ဒေါ်ကြီးဒေါ်လေးတွေကလည်း ကလေးတွေကို အရမ်းကြည့်ချင်ကြတာ ဆိုတော့ သူတို့ကလည်း လူကြုံ ရှိရင် ဒါလေးတွေပဲ စောင့်နေကြတာ။

တကယ်ဆိုရင်တော့ ဒီလိုမျိုးတွေက လူကြုံနဲ့ ပေးစရာ မလိုသင့်ပါဘူး။ အင်တာနက်ကြီး ရှိနေတာ အင်တာနက်ပေါ်ကနေ ၀ိုင်ယာကြိုးမျှင် ဖန်ကြိုးမျှင်တွေကနေ တဆင့် Upload လုပ်ပေးလိုက်။ ဟိုကနေ Download လုပ်ယူ။ ဒီလိုမျိုး ဖြစ်နေရမှာ။ အခုခေတ် အင်တာနက်ကလည်း ဓါတ်ပုံတွေ ဗီဒီယို Sharing Site တွေဆိုတာ အတော်ရေပန်းစား သုံးလို့ လွယ်နေတာပဲ။ ခက်တာက မြန်မာပြည်က အင်တာနက်ကလည်း ပက်ကျိလို နှေးတာဆိုတော့ ဗီဒီယို မပြောနဲ့ ဓါတ်ပုံတစ်ပုံ ကူးယူဖို့တောင် ၃-၄ မိနစ်လောက် စောင့်ရတာ။ အင်တာနက်သုံးဖို့ကလည်း ဟိုကျော်ဒီခွနဲ့ ပညာရှင်တွေပဲ ကိုယ်သွားချင်တဲ့ Web Site သွားလို့ရတာ ဆိုတော့ သူများတွေ ၀ါယာကြိုးပေါ်ကနေ ပို့တဲ့ဟာကို ကိုယ့်အလှည့်ကျမှပဲ လူကြုံနဲ့ ထည့်ပေးလိုက်ရတော့တယ်။ လူကြုံကို မစောင့်ဘဲ စာတိုက်ကနေများ ထည့်ပေးချင်ရင်တော့ ဒီလို ပစ္စည်းမျိုးဆို အမျှသာ အရင်ဝေလိုက်တော့။ DVD လောက်ဆိုရင်တော့ ရကောင်းတယ်။ ၂ ပတ်လောက်ကြာရင်။

အဓိကကတော့ မြန်မာပြည်မှာ Infrastructure ကောင်းကောင်း မရှိတော့ အင်တာနက်ကို ကောင်းကောင်း မထောက်ပံ့နိုင်ဘူး။ နိုင်ငံခြားထွက်တဲ့သူ များလာတဲ့ အတွက် ရေခြား မြေခြားကနေ ဆက်သွယ်မှုတွေ များလာတယ်။ ဒီအတွက် Email လောက်တော့ ရနေသေးတာကိုပဲ မောင်မင်းကြီးသားများကို ကျေးဇူးတောင် တင်နေရဦးမယ်။ တချို့ကိစ္စ အတော်များများတွေ အတွက်တော့ မြန်မာပြည်က အင်တာနက်က ဘယ်လိုနည်းနဲ့မှ မလုံလောက်သေးပါဘူး။ အခြေခံ အုတ်မြစ်မကောင်းတော့ ဒီပေါ်မှာ အဆောက်အဦးတွေ ထပ်မဆောက်နိုင်တာ ရှင်းပါတယ်။ မြန်မာပြည်မှာ software ပဲဖြစ်ဖြစ် Animation လိုမျိုး digital media တွေအတွက် Out-sourcing လုပ်ဖို့ဆိုတာ အင်မတန်ကို ခက်ခဲသွားပြီ။ စကားမစပ် တလောက ကြားလိုက်တာ အိန္ဒိယက ကုမ္ပဏီ တစ်ခု အမေရိကားမှာရှိတဲ့ ဆေးရုံတွေအတွက် CT Scan လိုမျိုး လူနာကို ဓါတ်မှန်လိုမျိုး ရိုက်ထားတာကို ကုလားဆရာဝန်တွေက စစ်ဆေးပေး ကြည့်ပေးပြီး Result ကို ချက်ချင်းပို့ပေးတယ်တဲ့။ Digital နဲ့ ပက်သက်လာရင် Outsourcing ဆိုတာ Software တင် Animation တင်မကဘဲ ဒါမျိုးတွေလည်း လုပ်လို့ ရပါသေးတယ်။

ကျွန်တော်တို့လိုမျိုးတော့ ဓါတ်ပုံ၊ ဗီဒီယို ပို့ဖို့ အခက်အခဲဖြစ်တာ နည်းပါတယ်။ ဒါပေမယ့် နိုင်ငံခြားရောက်နေတဲ့ သူတိုင်းအတွက် တကယ် လိုအပ်တာကတော့ မြန်မာပြည်ကို ငွေလွဲဖို့ပါ။ သူသူငါငါကတော့ မြန်မာပြည်ကို ငွေပြန်ပို့ကြတယ်။ နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့သူတွေကလည်း ငွေလိုတဲ့ အခါ လှမ်းမှာရတာ ရှိတယ်။ အဲဒီလို ငွေလွဲငွေပို့ဖို့က တရားဝင်လွှဲဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ မြန်မာပြည်မှာ အစိုးရအောက်က နိုင်ငံခြားငွေကြေးဘဏ်လား ဘာလားတော့ ရှိတယ်။ အဲဒီမှာ စာရင်းဖွင့်ဖို့ဆိုတာ လူတိုင်း လုပ်နိုင်တာမျိုးမဟုတ်ဘူး။ ကုမ္ပဏီရှိတဲ့သူပဲ သင်္ဘောသားပဲ ဖွင့်နိုင်တယ် ဆိုလား။ ပြီးတော့ ၁၀% အခွန်ဖြတ်တယ် ဆိုလား။ အသေအချာတော့ မသိ။ မလွယ်တာ လူတိုင်း မလုပ်နိုင်တာ မကိုက်တာကတော့ အသေအချာပဲ။

အဲဒီတော့ ဟွန်ဒီခေါ်တဲ့ ငွေလွှဲ ငွေပို့ စနစ်ကိုပဲ အားကိုးနေရတယ်။ စင်္ကာပူမှာကတော့ ဟွန်ဒီတွေက Pennisula Plaza မှာ ကွမ်းယာဆိုင်ထက် များသေးတယ် ဆိုရင် မလွန်ပါဘူး။ သြစတြေးလျတို့ အမေရိကားတို့မှာတော့ ငွေလွှဲချင်ရင် ဖုန်းဆက်လိုက်ပြီး သူတို့ Account ထဲ ငွေထည့်ပေးလိုက်ရတယ်။ ကိုယ်တိုင်ကိုယ်ကျ သွားဖို့ မလွယ်ဘူးလေ။ တလောကပဲ အမေရိကားက မြန်မာ ဟွန်ဒီတစ်ယောက်ကို ငွေကြေးခ၀ါချမှုနဲ့ အဖမ်းခံရတယ် ဆိုတာကြားလိုက်သေးတယ်။ နိုင်ငံခြားရောက်နေတဲ့ မြန်မာတွေက နည်းမှ မနည်းတာ။ အားလုံးက တစ်ယောက် နည်းနည်း ပို့တဲ့ ငွေတွေကို ဟွန်ဒီနည်းနည်းလေးက လွှဲပေးနေရင်တော့ သူတို့ဆီမှာ ငွေကြေးစီးဆင်းနှုန်းက ကြောက်ခမန်းလိလိပဲ။ အစိုးရက အာရုံစိုက်မိရင်တော့ မလွယ်ကြောပဲ။ အမေရိကားလို Big Brother ကြီးက စောင့်ကြည့်နေရင်တော့ ဘယ်သူ့ Account မှာ ငွေတွေ ဘယ်လောက် စီးဆင်းနေတယ်ဆိုတာ အလွယ်သိနိုင်တာမျိုးကိုး။

ငွေလွဲဖို့ စနစ်ကောင်းကောင်း ရှိဖို့ကတော့ ဗီဒီယို ဓါတ်ပုံ Online ကြည့်နိုင်သလောက်တော့ မရိုးရှင်းပါဘူး။ နောက်ကွယ်မှာ အင်မတန် နက်နဲတဲ့ အရာတွေ များစွာပါနေပြီ။ Infrastructure တင် Procedure တင် မကတော့ဘူး။ ငွေကြေးစနစ်တွေ နိုင်ငံရေးတွေ ပါ ပါဝင်လာပြီဆိုတော့ နိုင်ငံခြား Account ကနေ မြန်မာပြည်က Account ကို ငွေလွှဲဖို့ဆိုတာ နောက် ၅ နှစ်မှာ ဖြစ်ရင် အင်မတိ အင်မတန် ကံကောင်းလို့လို့ ဆိုရမယ်။ Account to Account မလွှဲနိုင်ရင်တောင် Western Union လိုမျိုး နိုင်ငံတကာ ငွေပို့ငွေလွှဲ စနစ်လောက် ဖြစ်ထွန်းရင်တောင် အတော်ကျေးဇူးတင်ရမည်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုဖြစ်ဖို့ မြန်မာငွေကြေးက နိုင်ငံတကာမှာ လဲလှယ်နိုင်တဲ့ အနေအထားကို ရောက်နေပြီလို့ ယူဆနိုင်မယ်။

ငွေတွေ Data တွေ လွှဲတာ ပို့တာ အခုနေတော့လည်း မြန်မာ့နည်း မြန်မာ့ဟန်ပေါ့လေ။ လုံးဝကြီး မဖြစ်နိုင်တာမဟုတ်သေးပေမယ့် သူ့ဟာနဲ့သူတော့ အဆင်ပြေအောင် ဖန်တီးယူနေကြတာဆိုတော့....။ ။

13 comments:

ZT - 1/4/10, 1:15 AM

ကျွန်တော်တို့ဆီက ကွမ်းနတ်ရှင်ကြီး မကောင်းတာကတော့ ပြောမနေပါနဲ့။ ဒါတောင် အခုပိုကောင်းလာတာ။ အရင်ကဆို အီးမေးလ်ရောက်ဖို့ ၁ ရက်လောက် စောင့်ရတယ် ပြောတယ်။ :D

ငွေလွှဲတာကတော့ မလွယ်ပါဘူး။ Western Union မှာလည်း လွှဲခ ပေးရတာ မချောင်ဘူး။ ဟိုတစ်လောက ဟောင်ကောင်ကို စင်ကာပူ ဒေါ်လာ ၂၀၀ လွှဲတာ လွှဲခ ၂၇ ဒေါ်လာ ပေးရမယ် ဆိုတာနဲ့ မလွှဲဘဲ ပြန်ယူလာခဲ့တယ်။

Anonymous - 1/4/10, 1:32 AM

နိုင်ငံရေးစနစ်မကောင်းလို့ နောက်ဆက်တွဲဖြစ်လာတဲ့စီးပွားရေးဆိုးကျိုးတွေပါလို့ မဖြစ်စလောက် ဗဟုသုတနဲ့ မန့်သွားပါတယ်...

thandar kyaw - 1/4/10, 2:23 AM

ကွန်နက်ရှင် မကောင်းချက်ကတော့ ပြောမနေပါနဲ့တော့ စကားလေးတစ်လုံး ပြောဖို့ကို ကြားလားက ၃ခေါက်လောက်ပြောရတယ် ။ ကြားလား ကြားတယ် နဲ့ နားရောဂါတောင် ကြာရင်ရလောက်တယ် ...း) ။

khin oo may - 1/4/10, 5:48 AM

လူကြုံဒုက္ခအကြောင်းများဖတ်ရမလားလို့ ခေါင်းစဉ်နဲ့နဲနဲလွဲသွားတယ။် ဘာဘဲဖြစ်ဖြစ်ဖတ်တာပါဘဲ။

Nge Naing - 1/4/10, 1:06 PM

စားစရာတော့ ဘယ်ကမှ ပို့ခိုင်းဖို့မစဉ်းစားနဲ့ ကိုအန်ဒီ။ ကျွန်မညီမက ကနေဒါကနေ ဆတ်သားခြောက်တွေ ပို့လာတာ ကျွန်မဆီမရောက်လာဘူး စာတစောင်ပဲ ရောက်လာတယ်။ သြကြေးလျားမှာ မှီတင်းနေထိုင်သူတွေအတွက် စားသုံးဖို့ Safety နဲ့ မညီလို့ သိမ်းထားတယ်တဲ့။ အဲဒါကို ပို့လာတဲ့ လိပ်စာအတိုင်း ကနေဒါကို ပြန်ပို့ပေးရမယ်ဆိုရင် ပိုက်ဆံ ၃၀ ပို့ပေးပါ။ ၁၄ ရက်အတွင်း အကြောင်းပြန်တာ မရရင် ဖျက်ဆီးလိုက်မယ် ဆိုပြီး စာတိုက်ကစာလာတယ်။ ကျွန်မက အများကြီးဆိုရင်လည်း ပစ်လိုက်ရမှာ နှမြောလို့ ပြန်ပို့ခိုင်းသင့်ရင်လည်း ပို့ခိုင်းလို့ ရအောင် ဆတ်သားခြောက်က ဘယ်လောက်များလဲလို့ ညီမကို မေးကြည့်တော့ နည်းနည်းလေးပါပဲ ဆိုလို့ ဘာမှ အကြောင်းမပြန်ဖြစ်ဘူး။ သူများတွေ လူကြုံနဲ့ လ္ဘက်ထုပ်တွေ ပို့ကြတာလည်း လေဆိပ်မှာ အကုန်ထားခဲ့ရတယ်လို့ ပြောတယ်။ ဒါကြောင့် စားစရာပို့ဖို့ယူဖို့ကို ကျွန်မ လုံးဝ မမစဉ်းစားတော့ဘူး။

Moe Moe - 1/4/10, 1:17 PM

ဒါတွေကြောင့် Aussie မှာနေရတာ မပျော်ဖူး။ Singapore မှာဆို စားချင်တာ မြန်မာစာ အကုန်နီးပါးရတယ်။ ငွေလွဲဖို့ကလဲ လွယ်မှလွယ်။ အိမ်ကလည်း လာဖို့လွယ်တယ်။ ဒို့တော့ Singapore ပဲပြန်တော့မယ်။:P

phyu - 1/5/10, 1:57 AM

sis !can u give me ur email address

Andy Myint - 1/6/10, 1:39 PM
TT(Tele-Transfer) ကို bank to bank လွှဲလည်း အဲဒီလောက် ပေးရတယ် ကိုZT

ဒီလိုပဲပေါ့ စာဖတ်သူ နောက်ဆက်တွဲတွေကလည်း အတော်များတော့ ခံရခက်တယ်။

မြန်မာပြည်က အင်တာနက် ကဖီးမှာလည်း လူတွေ “ကြားလား..ကြားတယ်” ပဲ ပြောနေကြတယ်တဲ့ မသန္တာကျော်

မှန်းချက်နဲ့ လွဲသွားလို့ စိတ်မကောင်းပါဘူး မခင်ဦးမေ

စားစရာက ပို့လို့ရတာ ရှိတယ်။ မရတာရှိတယ် မဟုတ်လား မငယ်နိုင်။ အသားနဲ့ Process မလုပ်ရသေးတဲ့ ဟင်းသီးဟင်းရွက် သစ်သီး သစ်စေ့တွေ မရပေမယ့် လက်ဖက်လို Process လုပ်ပြီးသား အစာတွေ ပုဇွန်ခြောက်တို့ ငါးခြောက်တို့လို ရေထွက် ပစ္စည်းတွေတော့ ရတယ်တဲ့။

ဒီလိုပဲပေါ့ မမိုးမိုးရယ် ပျော်ရာရယ် တော်ရာရယ်ပေါ့

It’s minminsoe@gmail.com, Phyu.
Moe Cho Thinn - 1/6/10, 3:38 PM

လူကြုံပေးလိုက်တယ်ဆိုကတည်းက ပေးတဲ့လူကလဲ ကိုယ့်ကို သတိတရ ရှိနေလို့၊ ယူတဲ့လူကလဲ တန်ဖိုးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မေတ္တာလက်ဆင့်ကမ်းလိုက်သလို ခံစားရတာမို့ အမကတော့ ခေတ်နဲ့အညီ တိုးတက်သာ တိုးတက်ပါစေ..လူကြုံစနစ်လေးတော့ ရှိနေစေချင်သေးတာ..။

ငွေလွှဲကတော့ တကယ်ကို စနစ်ကောင်းကောင်းရှိသင့်တာ ကြာပါပြီလေ။ အင်တာနက်လဲ လိုက်ပိတ်ပင်နေရတဲ့ ဒုက္ခကြီးကိုက ကြီးမားလိုက်တာ သူတို့ မသိဘူးလား မသိ။ :)

ဒူကဘာ - 1/8/10, 12:25 AM

နိုင်ငံခြားမှာ ကြုံရဆုံရတာတွေထဲ ဒါတွေလဲ ပါတယ်လေ။ တော်နေ ရွာက အစားအသောက် ဘာလေးစားချင်တာနဲ့ စိတ်များကို ပြောပါတယ်။

Andy Myint - 1/11/10, 11:56 PM
ကိုယ့်မရှိစုမဲ့ ရှိစုမဲ့ ကီလိုလေး ၂၀ ကို အများအတွက် ဖဲ့ပေးတာ အဝေးရောက် မြန်မာတွေ အတွက် ယဉ်ကျေးမှုလိုကို ဖြစ်နေတာ .. ဒီလို လူကြုံ စနစ်လေးကိုတော့ ကျေးဇူးတင်စရာပဲ မချိုသင်း


ကိုယ့်ဘာကိုယ် ဒီအတိုင်းဆိုတော်သေးတယ် ကိုဒူကဘာ..တော်ကြာ ဟိုလူက သူဘာစားကြောင်း တင်လိုက် ဒီလူက တင်လိုက်နဲ့ ရွာက အစာတွေ ကိုယ့်ပါ လိုက်စားချင်လာတာ ပြသနာလေ...
Anonymous - 1/16/10, 2:13 AM

ကိုယ့်ဆရာရေ..အခု Pennisula Plaza မှာလည်း ကွမ်းယာဆိုင်တွေက ဟွန်ဒီ တွေ လောက်ဖြစ်နေပီဗျ...ရဲရဲတောက်ဒို့ဗမာတွေပေါ့ဗျာ :)

Andy Myint - 1/26/10, 10:17 PM
ဟုတ်လား.. စားပြီးတော့ ဘယ်မှများ သွားထွေးကြသလဲဗျာ.. ဒီလောက် ဒဏ်ရိုက်တဲ့ နိုင်ငံမှာ..

Post a Comment

Many thanks for dropping a comment…

Film