Friday, January 08, 2010

ပဲစောင်းလျားသီးသုပ်

ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး။ မြင်တော့လည်း စားချင်တာနဲ့ ပဲစောင်းလျားသီး သုပ်စားဖြစ်တယ်။ အနီးအနားမှာတော့ အလွယ်တကူ ၀ယ်လို့မရပေမယ့် ဆစ်ဒနီမြို့တောင်ဘက်က Cabramatta ဆိုတဲ့ ဆင်ခြေဖုံး တစ်နေရာမှာ ဗီယက်နမ်ဈေးသွားတော့ တွေ့လို့ဝယ်ခဲ့တာ။ သြစတြေးလျမှာ လူမျိုးပေါင်းစုံနေတယ်။ ဒီမှာ ဗြိတိလျှတွေအပြင် ဗီယက်နမ်တွေ၊ ကိုရီးယားတွေ အရှေ့အလယ်ပိုင်းက အီရန်တွေ လက်ဘနွန်(နီစ်)တွေ ဆူဒန်နီစ်တွေ စုံနေအောင် ရှိတယ်။ အဲဒီ ကဘ္ဘရာမတ္တားမှာတော့ ဗီယက်နမ်တွေ စုနေပြီး အဲဒီက ဈေးကြီးက ဗီယက်နမ်ဈေးလို့ ပြောရအောင် ရောက်သွားတာနဲ့ လူတွေ ရောင်းတဲ့ ပစ္စည်းတွေ ဆိုင်တွေ အစားအသောက်တွေ အမြင် အကြားအနံ့ အကုန်လုံးက သြစတြေးလျနဲ့ ဘာမှကို မဆိုင် ဗီယက်နမ်က ဈေးတစ်ခုထဲ ရောက်သွားသလား ခံစားရမယ်။ အဲဒီမှာ မြန်မာ အကြိုက် ဟင်းသီးဟင်းရွက်တွေလည်း အတော်များများရှိတော့ သူမက အဲဒီကိုဆို သိပ်သွားချင်တာ။ အိမ်နဲ့က အသွားပြန်ဆို ကီလို ၇၀ လောက်ဝေးတာ ဆိုတော့ ရန်ကုန်-တိုက်ကြီး ခရီးနီးပါပါပဲ။ အသွားဖြစ်ဖြစ် အပြန်ဖြစ်ဖြစ် ၁ နာရီကျော်ကျော်ပဲ မောင်းရပါတယ်။

လူဆိုတာလည်း အခက်သား။ အစားအသောက်ဆို Exotic ဖြစ်ရင် ပိုစားချင်တယ်။ ရန်ကုန်မှာတုန်းက ဘာဂါတွေ၊ ပီဇာတွေ မကောင်းပေမယ့် စားချင်တယ်။ နိုင်ငံခြားရောက်တော့ မြန်မာပြည်က ဟင်းရွက်ကန်ဇွန်းကို တမ်းတမ်းတတ စားချင်ပြန်တယ်။ ဒီတစ်ခေါက်ရောက်သွားတော့ ၀ယ်ဖြစ်တဲ့အထဲမှာ ပဲစောင်းလျားသီးလည်း သုပ်စားဖို့ ပါတယ်။ ပဲစောင်းလျားသီးက အစိမ်းစားကြည့်ရင် နာမည်နဲ့ လိုက်အောင် အနည်းငယ် ဖန်ပါတယ်။ အဲဒါကြောင့် ရေနွေးကို ပွက်ပွက်ဆူအောင် တည်ပြီး ၂ မိနစ် ၃ မိနစ်လောက် ပြုတ်လိုက်ပါတယ်။ အစိမ်းရောင်လည်း မနွမ်းသွားစေရပါဘူး။ အဲဒါဆို အဖန်ပျောက်ပြီး အချိုတက်လာပါတယ်။ ပြီးတော့ ဟိုဖက်ထိပ် ဒီဖက်ထိပ်အနေ အညှာကို ချိုးပြီး အကြောမျှင် နှစ်ဘက် နွှာလိုက်ပါတယ်။ ပြီးတော့ မထူမပါးလှီးပြီး ကြက်သွန်ကြော်၊ နှမ်း၊ ငရုတ်သီးစိမ်းထည့် ဆားဖြူး သံပုရာသီးနည်းနည်း ညှစ်ပြီး သုတ်လိုက်ပါတယ်။ မြေပဲနည်းနည်းထောင်းထည့်လည်း ကောင်းပါတယ်။ သရက်ချဉ်သုပ်လိုပဲပေါ့။ အရသာကတော့ တခြားအသုပ်တွေလို ခပ်ပြင်းပြင်းမဟုတ်ပေမယ့် စားလိုကောင်းပါတယ်။




ပဲစောင်းလျားသီးကို သူမတို့ဘက်မှာ တောင်ကြီးမှာတော့ ပဲလေးထောင့်လို့ခေါ်တယ်။ ဘိုလိုတော့ Winged Bean တဲ့။ Four-Angled Bean လို့လည်းပြောတယ်။ သူဟာနဲ့ သူတော့ ဟုတ်နေ မှန်နေတာပဲ။ ရှမ်းပြည်မှာ ပအို့တွေက ပဲလေးထောင့်ကို ရင့်သွားရင် အထဲက ပဲစေ့တွေကို လှော်စားတယ်။ အရမ်းမွှေးပြီး စားလို့ကောင်းတယ်တဲ့။ ပဲစောင်းလျားသီးက တစ်ပင်လုံး စားလို့ရတယ်။ အထူးသဖြင့်တော့ အမြစ်ကို ပြုတ်စားကြတယ်။ ပဲမြစ်ပြုတ်ဆိုတာ ပဲစောင်းလျား အပင်ကပေါ့။ ဆီလေးနဲ့ ဆားလေးနဲ့ဆို ပဲမြစ်ပြုတ်က စားလို့ကောင်းတယ်။ စင်္ကာပူက အစားအသောက်တွေ Blog တစ်ခုမှာတော့ ပဲစောင်းလျားသီးကို Cuttlefish နဲ့ ငရုတ်ဆီနဲ့ သုတ်ထားတွေ့မိတယ်။ စားလို့ကောင်းမဲ့ပုံပဲ။ ပဲစောင်းလျားသီးကို သီးစုံချဉ်ရည်ဟင်းထဲ ထည့်ချက်လည်း ရတယ်။ ဟင်းရည်ကို ပိုချိုစေတယ်။ ပြုတ်ပြီး Sambal Paste နဲ့ တို့စားလည်းကောင်းတယ်။ အဲဒီ ပုဇွန်ခြောက် ငရုတ်သီးအနှစ်နဲ့ပဲ ကြော်စားလည်း စပ်စပ်လေး ရတယ်။ ထိုင်း အင်ဒိုနီးရှာ စားသောက်ဆိုင်တွေမှာ အဲဒီလိုမျိုးတွေ ရနိုင်တယ်။



ှSource: http://singapuradailyphoto.blogspot.com/2009/12/2nd-kitchen-balestier-road.html

ပဲစောင်း“ခါး”သီးလို့ ရေးထားတာကို စာဖတ်သူ တစ်ယောက် အမှန်ပြင်ပေးလို့ ပဲစောင်း“လျား”သီးလို ပြင်လိုက်ပါတယ်။ စိတ်ထဲမှာ လုံးလုံးကို ပဲစောင်းခါးသီးလို့ပဲ ထင်ထားတာပါ။

တခြားဖတ်ရန် - မုန်လာချဉ်ဖတ်သုပ်




15 comments:

thandar kyaw - 1/8/10, 1:05 PM

ကိုအန်ဒီတို့မိသားစု ဒီနေ့ အသုတ်နဲ့နှိပ်စက်တယ်ဟေ့ ..း)

Anonymous - 1/8/10, 2:05 PM

ပဲစောင်းလျားသီးကို ပဲစောင်းခါးသီးလို့ပေါင်းတာ ခုမှမြင်ဖူးတယ်

တောင်ပေါ်သား - 1/8/10, 2:07 PM

စားချင်လိုက်တာ အိမ်ပြန်ဝယ်ပြီး သုတ်စားဦးမှ

သဉ္ဇာ - Thinzar - 1/8/10, 2:27 PM

အဲဒီ ပဲစောင်းခါးသီးနဲ့ ပဲမြစ်နဲ့ အမျိုးတော်မှန်း ခုမှ သိတယ် :D

Andy Myint - 1/8/10, 2:34 PM
ကျေးဇူးပဲ စာဖတ်သူ ..ပဲစောင်းလျားသီးလို့ ပြန်ပြင်လိုက်ပါပြီ။ စိတ်ထဲမှာ ပဲစောင်းခါးသီးလို့ပဲ ထင်ထားတာ။
ကိုဇေယျာ - 1/8/10, 3:02 PM

2010 မှာ ကိုအင်ဒီ blog post တွေပြန်တက်လာတာ မင်္ဂလာတစ်ပါးပဲဗျာ။
ဒီအပါတ် ပဲစောင်းလျားသီးသုပ်စားမယ် ကျေးဇူး။

ရွှေရတုမှတ်တမ်း - 1/8/10, 3:23 PM

ပဲစောင်းလျားသီးကို အစိမ်းအတိုင်းဂျွတ်ဂျွတ်မည်အောင်စားရတာကြိုက်တယ်

Anonymous - 1/8/10, 5:54 PM

ပဲမြစ်က ပဲလေးထောင့်ပင်ရဲ့ အမြစ်မှန်း ခုမှပဲ သိတော့တယ်
အဘွားက သွားမကောင်းလို့ အမြဲတမ်းပြုတ်ပြီး သုတ်စားတယ်
လူငယ်တွေက အစိမ်းလိုက်ပဲ ကျွတ်ကျွတ်လေး သုတ်စားတယ်
ခရမ်းချဉ်သီး ထည့်သုတ်ရင် ပိုစားလို့ ကောင်းပါတယ်

Ko Layy - 1/8/10, 10:58 PM

Mingalar bar byar

Thanks for the menus. I really like it. Please visit to my blog www.samadihti.co.cc

Ko Layy

Nge Naing - 1/8/10, 11:10 PM

ကျွန်မက ပဲစောင်းလျားကို စိမ်းစားငပိဖျော်နဲ့ အစိမ်းတို့စားတာပဲ ကြိုက်တယ်။ ကျွန်မတို့ အလှူအတန်းလုပ်ဖို့ ဈေးဝယ်ရင် အဲဒီမှာပဲ သွားဝယ်တယ် ကိုအန်ဒီ။ အဲဒီက BKK မှာ ထိုင်းမှာရှိတာ အကုန်ရတယ်။ ဆန်၊ ငပိ၊ ငါးခြောက်၊ ငန်ပြာရည် သဘောင်္သီးထောင်းတဲ့ ဂဏန်းစတာတွေကို ကျွန်မတို့ အဲဒီမှာပဲ သွားဝယ်တယ်။

Anonymous - 1/9/10, 5:15 AM

Pronunciation is correct.
Try to dip it in hot water for 5 minutes and eat it on its own. Guarantee you will like it.

khin oo may - 1/9/10, 10:27 PM

kom: အပြောကောင်းလို့ ရိုးရိုးပဲစောင်းခါးသီးတောင် စားချင်စရာဖြစ်သွားတယ် သုပ်စားချင်စမ်းပါဘီ

Rita - 1/10/10, 3:51 AM

(လူဆိုတာလည်း အခက်သား။ အစားအသောက်ဆို Exotic ဖြစ်ရင် ပိုစားချင်တယ်။ ရန်ကုန်မှာတုန်းက ဘာဂါတွေ၊ ပီဇာတွေ မကောင်းပေမယ့် စားချင်တယ်။ နိုင်ငံခြားရောက်တော့ မြန်မာပြည်က ဟင်းရွက်ကန်ဇွန်းကို တမ်းတမ်းတတ စားချင်ပြန်တယ်။)

အဲဒါ သိပ်မှန်တာပဲ :(

JUSTICE999BURMA - 1/15/11, 3:20 PM

ကျနော်တော့ ပဲစောင်းလျားသီးကို ရေနွေးဖျော (ခဏမျှစိမ်) ပြီး သေးသေးလေးတွေလှီး မြေပဲ (ထောင်း) နဲ့  ဆီချက်ထည့်၊ သံပုရာသီးလေး ညစ် ပြီးသုတ်စား ရတာ သိပ်ကြိုက်တယ်....ငြုပ်သီးကတော့ အရင်ကထဲက အစပ်ကြောက်လို့  ထည့်စားဖို့ စိတ်မကူးဘူး....... အဟီး.... အိပ်ယာနိုးစ ကိုအင်ဒီနဲ့  အစ်မ တို့ ဘလော့မှာ သွားမတိုက်ပဲ ၀င်ဖတ်သွားအိ..........

Anonymous - 11/19/12, 1:50 PM

ပဲစောင်းလျားသီးသုပ် လိုကရှာရင်း နည်းစုံ တွေ့သွားတယ်..

Post a Comment

Many thanks for dropping a comment…

Film