Sunday, February 14, 2010

ဘ၀ရဲ့ Sine Wave များ

Sine Wave တွေရဲ့ အတက်အကျ Pattern နဲ့ ရင်းနှီးခဲ့တာ အထက်တန်းကျောင်းသား ဘ၀ထဲကပါ။ အဲဒီလို အဖြူအစိမ်းဝတ် ကျောင်းသားဘ၀ ပြီးကတည်းကလည်း ဘ၀မှာ အတက်အကျတွေ စတင်ကြုံတွေ့ ရပြီး သတိထားမိခဲ့ပါတယ်။ ကံကောင်းချင်းတော့ ကျွန်တော့်ဘ၀ဟာ အကျချည်းပဲ မဟုတ်ခဲ့သလို အတက်ချည်းပဲလည်း မဟုတ်ခဲ့ပါဘူး။

 
(Drawing: icn2)
ဘ၀မှာ ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ သူ တစ်ယောက် အတက်အကျ သိပ်မြန် သိပ်များတဲ့ သူ တစ်ယောက်က ကြည့်မယ်ဆိုရင်တော့ ကျွန်တော့်ဘ၀ဟာ တုန်နှုန်းမဲ့ မျဉ်းဖြောင့် တစ်ကြောင်းလို၊ မတီးခတ်ဘဲထားတဲ့ ဂီတာကြိုး တစ်ချောင်းလို ပျင်းရိစရာ ကောင်းနေမှာပဲ။ တကယ်လည်း ကျွန်တော့်ဘ၀ဟာ စိတ်ဝင်စားဖွယ် ကောင်းလောက်အောင် စိတ်လှုပ်ရှားဖွယ်ကောင်းလောက်အောင် စာတစ်ပုဒ် မမြည်ပါဘူး။ တော်တော်များများ အတွက်တော့ ကျွန်တော့် ဘ၀ရဲ့ Wave တွေဟာ Amplitude နည်းလှပါတယ်။ ပြီးတော့ Frequency အမယ်မစုံတဲ့အတွက် ဂီတသံစဉ်တစ်ခုလို နားထောင်လို့ ကောင်းတဲ့ ကိုယ်ရေး အထုပ္ပ္ပတ္တိကောင်း တစ်ခုလည်း မရှိနိုင်ပါဘူး။ ကိစ္စမရှိပါဘူး။ လူတိုင်းမှာ Sine Wave တွေရှိနေပေမည့် စကေးတော့ မတူနိုင်ဘူးလေ။

အတွင်းသိတဲ့ သူတချို့ကတော့ ကျွန်တော်က အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်ရင် Fast Forward တစ်ခု ရခဲ့လို့ ကံကောင်းတယ် ပြောကြပါတယ်။ တကယ်တော့ အဲဒီလမ်းကြောင်းမှာလည်း ကျွန်တော် အတက်အကျလေးတွေ ရှိခဲ့ပါတယ်။ အတိအကျ ပြောရမယ်ဆို အဲဒီကာလတွေမှာတောင် တ၀က်တိတိကပဲ ကံကောင်းပြီး တ၀က်တိတိက မျှော်လင့်ထားသလောက် မဖြစ်ခဲ့ပါဘူး။ အဲဒီ ပုံစံဟာ အင်မတန် သေသပ်တဲ့ Sine Wave တစ်ခုပါပဲ။ တွက်တတ်ရင် အဖြေထွက်နိုင်တဲ့ Pattern တစ်ခုပါပဲ။ အဲဒီလိုမျိုး Pattern တွေအတွက် ကျွန်တော် မတုန်လှုပ်သင့်ပါဘူး။

ဒီလို အတက်အကျတွေနဲ့ ကျွန်တော် ဆက်လျှောက်ခဲ့တော့ ကျွန်တော့် Wave မှာ နောက်ထပ် Circle တွေ တစ်ခုပြီး တစ်ခု ရောက်ခဲ့ပါတယ်။ ဒီနေရာမှာ သချာင်္သဘောတရားနဲ့ အတော် တူပါတယ်။ Wave တွေမှာ Circle တစ်ခုပြီး တစ်ခု ရှိသလို ကျွန်တော့် ဘ၀ရဲ့ Sine Wave တွေမှာလည်း Circle (Cycle) လေးတွေ ရှိတာကို သတိပြုမိလာတယ်။ Circle (Cycle) တစ်ခုနဲ့ တစ်ခုမှာတော့ ကြာချိန်တွေက တသမတ်တည်း မရှိတော့ မတူညီတဲ့ တုန်နှုန်းတွေလို ကွဲပြားခြားနားတဲ့ ခံစားမှုတွေ ခံစားချက်တွေ ရှိလာပါတယ်။

ကျွန်တော် ကံကောင်းပါတယ်။ ဒီလို တက်လိုက်ကျလိုက် ဖြစ်နေပေမည့် အသေအချာ ပြန်သုံးသပ်ကြည့်တော့ လွန်ခဲ့တဲ့ ၅ နှစ် ၁၀ နှစ်ကနဲ့ စာရင် ကျွန်တော်ဟာ အနေအထား တစ်ခုကို ရောက်နေပါတယ်။ ဒါဟာ ကျွန်တော် တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ကျွန်တော်နဲ့ ရွယ်တူတွေက ဒီနေရာ မတိမ်းမယိမ်းမှာ ကိုယ့်စကေးနဲ့ ကိုယ်စီ ရှိနေကြတာပါ။ အသက် ၃၀ ကျော်ဆိုတာ လူတော်တော်များများရဲ့ တိုးတက်ဖို့ အရွယ်ဆိုတော့ ဒီနေရာရောက်နေတာ မထူးဆန်းပါဘူး။

ဒါပေမယ့် အသက်တွေကိုသာ X ၀င်ရိုးမှာ ထားလိုက်ရင် အသက် ၅၀ ဆိုတာ ယေဘုယျအားဖြင့် ကျချိန်လို့ ပြောလို့ရတဲ့ အတွက် ကျွန်တော်ဟာ ဒီအသက်အရွယ်မှာ Sine Wave ရဲ့ အပေါ်ထိပ်နားက Phase တစ်ခုကို ရောက်နေပါတယ်။။ (Phase ဆိုတာ မြင်အောင် ပြောရရင် Wave တစ်ခုပေါ်မှာ ကြိုက်တဲ့ နေရာ တစ်ခုကို လက်ထောက်လိုက် အဲဒါ Phase တစ်ခုပဲ။ ဒီကရီနဲ့လည်း တိုင်းပါတယ်)။ ဒီကရီနဲ့ ပြောမယ်ဆိုရင်တော့ Sine Wave မှာ အမြင့်ဆုံးနေရာက ၉၀ ဒီကရီဆို ကျွန်တော်က ၇၀ ဒီကရီလောက် ရောက်နေပါလား။ ရုတ်တရက် ကြည့်မည်ဆိုရင်တော့ ကျွန်တော်က ငါထိပ်နားရောက်တော့မည် ပြောတာဟာ သိပ်ဂုဏ်ယူနေသလိုပါပဲ။ ကိုယ့်ဘာသာကိုယ်တော့ ၇၀ ဒီကရီမှာတောင် ဒီလောက်ပဲ ရှိတာ ဘ၀ရဲ့ အမြင့်ဆုံး ၉၀ ဒီကရီမှာ ဘယ်လောက် အထိပဲ ရောက်နေမှာ အချိုးကျ တွက်ကြည်လိုက်တဲ့အခါ အတော်လေး အားမရဖြစ်စရာပါ။

ဒါဟာ အသက် ၄၀ မှာ လူတိုင်း Wave ရဲ့ထိပ်ဆုံးကို ရောက်တယ်ဆိုပြီး ကောက်ချက်ချထားလို့ပါ။ တကယ်တော့ ပုံသေမရှိပါဘူး။ ဥပမာပေးရရင် ရုပ်ရှင် မင်းသမီးတွေ အားကစားသမားတွေက အသက်ငယ်ငယ်မှာ Wave ရဲ့ ထပ်ဆုံးကို ရောက်ပေမည့် နိုင်ငံ့ခေါင်းဆောင်တွေလိုမျိုး ဆရာဝန်တွေလိုမျိုးတော့ အသက်အတော်ရမှ Peak ကိုရောက်တာမျိုး။ ဒါပေမယ့် ပြောလို့ရတာတော့ အသက်မွေးဝမ်းကျောင်းတစ်ခုမှာတော့ အသက်နဲ့ ဆိုင်တဲ့ Waveform တစ်ခုစီ ရှိတဲ့ အတွက် ကျွန်တော် လုပ်ကိုင်စားသောက်နေပုံနဲ့ ကျွန်တော့်ဘ၀ရဲ့ Waveform ကို ခန့်မှန်းကြည့်ဖို့ သိပ်မခက်လှပါဘူး။

ဘ၀မှာ အတက်အကျတွေရှိတယ် ဆိုပေမည့် အရာရာတိုင်း အတွက်တော့ မတူပါဘူး။ ဥပမာ ကျွန်တော့်အနေနဲ့ အခုအချိန်မှာ သားတစ်ယောက် သမီးတစ်ယောက် ရှိတဲ့အတွက် သားသမီးကံကောင်းတယ် ဆိုပေမယ့် အလုပ်အကိုင်မှာပဲ ဖြစ်ဖြစ်၊ ပညာရေးမှာပဲ ဖြစ်ဖြစ် အတက်ဘက်မှာ မရှိပါဘူး။ လူတစ်ယောက်စီအတွက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး စသည်စသည်တွေ အတွက် အတက်အကျမတူတဲ့ Wave လေးတွေ ရှိနေနိုင်တာပဲ။ လူတစ်ယောက်ဟာ အစစ အရာရာ ထပ်ဆုံးကို ရောက်နေဖို့ဆိုတာ သိပ်တော့ မလွယ်ကူလှပါဘူး။ (အစစ အရာရာ အောက်ဆုံးကို ရောက်နေဖို့တော့ ခြွင်းချက် အနေနဲ့ လွယ်ကူပါတယ်။)

ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့လည်း သံသရာကို ယုံကြည်တဲ့ အတွက် ဘ၀အဆက်ဆက်ကို Wave ပုံစံနဲ့ ကြည့်လိုက်မည် ဆိုရင် လူ့ဘ၀ကို ရထားတဲ့ အတွက် အတော်အတန်မြင့်တဲ့ နေရာတစ်ခု Phase တစ်ခုကို ရောက်ထားတယ် နားလည်ထားတယ်။ အခုဘ၀မှာ မကောင်းမှုတွေ လုပ်ရင် နောက်ဘ၀မှာ ခွေးဖြစ်ရင်တောင် ပြိတ္တာဘ၀ ငရဲသားဘ၀ထက်စာရင် တော်သေးတယ် ပြောလို့ရမည်။ သံသရာ တစ်ဘက်ကမ်းကို မရောက်မချင်းကတော့ ဘ၀တွေမျိုးစုံမှာ အတက်အကျတွေ မျိုးစုံမှာ ကျင်လည်နေရဦးမှာပဲ။ ။

17 comments:

Republic - 2/14/10, 1:31 PM

လော့ဂျစ်ကယ် အရေးအတွေး သိပ်ကောင်းပါတယ်။

khin oo may - 2/14/10, 2:45 PM

ဒါမျိုးကတော့နားထောင်ရုံဘဲ သိတ်မဆွေးနွေးတတ်ပါဘူး

khin oo may - 2/14/10, 2:46 PM

ဘန်နာလေးပြောင်းသွားသလိုဘဲ ။

ရွှေရတုမှတ်တမ်း - 2/14/10, 3:22 PM

လက်ရှိဘဝမှာကိုwaveတွေများလွန်းလို့...လှိုင်းစီးနေရသလိုပါပဲဗျာ..

ko hinthar - 2/14/10, 5:00 PM

ကိုအန်ဒီ.စာတွေစောင်.မျှော်ဖတ်နေပါတယ်။ တွေးစရာအစလေးတွေဆွဲထုတ်ပေးတာကျေးဇူးပါ

Bino - 2/14/10, 7:19 PM

The sine Waves of the people are different character.
Some wave forms are smooth and beautiful.
Some are high amplitude and flap Phase on height.
Waves phenomenon can change depend on the environment effect.
I had never been learned about human life waves.
But I had observed tidal survey in my past.
I familiarized with sine wave.

I got the word " NOTHING LASTS FOREVER".

BINO

ဂျေဂျူဝိုင် - 2/14/10, 7:34 PM

ပထမအကြိမ် ရောက်ဖူးတယ်လို့ ပြောခဲ့ရင် “ဒီဘလော့” ကို မသိရကောင်းလားလို့တော့ စိတ် မခုလောက်ပါ။


:P

Nge Naing - 2/14/10, 9:28 PM

ကိုအန်ဒီက အသက် ၅၀ ဆို အကျပိုင်းလို့ ပြောတယ် ကျွန်မကိုတော့ အသက်ကြီးပိုင်းမှ ကောင်းစားမယ်လို့ အိုဇာတာကောင်းတယ်လို့ ငယ်ငယ်က ဗေဒင်ဟော ဖူးတာ ရှိလို့ အဲဒီလိုပဲ မျှော်လင့်နေတယ်။

T T Sweet - 2/15/10, 3:29 AM

ဟုတ်ပါတယ် ... ကိုအန်ဒီရဲ့ ပို့စ်လေးတွေဆို စောင့်ဖတ်ရတယ်။ အတွေးအရေးလေးတွေ အနိုင်းလေးတွေ သိပ်ကောင်းတယ်။

ဟိုးအောက်ဆုံးက အပိုဒ်လေးဖတ်ရတော့ နောင်ဘ၀တွေအတွက် ကိုယ့်ရဲ့ sine wave လေးမှာ အမြင့်လေးရောက်ဖို့ အတွက် ကြိုးစားဖို့ လိုပါသေးလားဆိုတာ သတိပေးလိုက်သလိုပါပဲ။ ကျေးဇူးပါ။

Sandakuu - 2/15/10, 2:14 PM

အတက် အကျတွေတော့သေချာ graph ဆွဲပီး ကိုယ့်ဘ၀ကိုယ်မလေ့ လာမိသေးဘူး... အကိုလုပ်ထားတာတိကျတယ်.. ကောင်းတယ်..
အမှန်တော့ ကိုယ့်ဘ၀အတက်ကျ စိတ်ဝင်တစား ကိုယ်သာလျှင် analysis လုပ်နိုင်တာပါ..

Moe Cho Thinn - 2/16/10, 3:42 PM

ကို Andy ရေ.. ရေတွင်းမှာ ရေပုံးကို ဆွဲခပ်နေတဲ့ လူတွေကို တွေ့ဖူးမှာပေါ့။ အမ ဂရပ်ဖ်မှာတော့ အဲလို ဆွဲတင်နေရပါတယ်ကွယ်.. :))

Anonymous - 2/19/10, 12:46 AM

Nice post, Andy, There is always a rhythm in nature but in Buddhism , you always collect good deeds and bad deeds which will effect your future life so the more you collect good ones, you can escape from samsara and rhythematic life circle.

regards,

mayburma.

အိမ့်ချမ်းမြေ့ - 2/19/10, 3:26 PM

ဒီပိုစ်လေး တော်တော်လေး ကောင်းတယ် ကိုအန်ဒီ။
ကျမဖြတ်သန်းခဲ့တဲ့ Wave တွေရဲ့Patternတွေကို ပြန်မြင်ပြီး တရားလည်းရ စိတ်လည်းတော်တော် မောသွားပါတယ်။

Thu - 6/20/10, 4:00 PM

An interesting analog of Kama was illustrated by accelerated and perished waves phenomena by Buddha. The superimposed of previous and current lifes' hi-amplitude is known as good fortune time and so on.
Additional phase is wave can be changed particles propsed by Eistein.

Thank You !

ချစ်ကြည်အေး - 6/24/10, 9:47 PM

အများစုရဲ့ ဘဝတွေက ဒီလိုပါပဲ ကိုအန်ဒီ ups & downs တွေ သိတ်များမှာပါ၊ ကျမမှာလည်း အများကြီးပဲ ရှိခဲ့တာပါ။ ကျန်းမာရေး တကြောင်း၊ စီးပွားရေး/အလုပ်အကိုင် တကြောင်း၊ မိသားစုအရေး တကြောင်း...အင်း အဲဒါတွေသာ လစဉ် ဂရပ်ဆွဲကြည့်ရင် အတော် စိတ်ဝင်စားစရာ လိုင်းအတက်အကျတွေ ထွက်လာမှာပဲ သေချာတယ်...

Anonymous - 1/26/11, 5:32 PM

Nice thinking and nice post, but i'm just wondering "circle or cycle". i think it suppose to be cycle. Please don't take it as an offense, i just want to give feedback.

Andy Myint - 1/27/11, 9:43 PM
Thanks for you comment, Reader. We can as well use "cycle" (a series of events) when talking about life. I took the word "circle" from sine wave circle which starts from 0´ and ends at 360´ and it happens again and again.

Post a Comment

Many thanks for dropping a comment…

Film