Monday, March 08, 2010

သားဦး သမီးဦး

မြန်မာ စကားတစ်ခုရှိတယ်။ သားဦး အရူးတဲ့။ တကယ်တော့ သားဦး သမီးဦးဆို မိဘတွေက အရူးအမူး ချစ်တတ်ကြလို့ သားဦး အရူးလို့ ပြောကြတယ်ဆိုပဲ။ သားသမီးဦး ရလာတဲ့ မိဘတွေ အရူးအမူး ဖြစ်ကြပြီး ကလေးကို မလုပ်သင့် တာတွေလုပ် မပြုသင့်တာတွေ ပြုနေတာမျိုးတွေ တွေ့နေရရင်တောင် မိဘတွေကို သားဦးအရူးမို့ ဖြစ်နေတာပါဆိုပြီး အပြစ်မဆိုရက်ကြပါဘူး။ ကြည့်ပါဦး သူ့ကလေးကို ချစ်လိုက်တာ ဆိုပြီး မိဘကိုတောင် ချီးကျူးတတ်ပါသေးတယ်။ ဒီစကားကိုပဲ တခြား နောက်တစ်မျိုး အဓိပ္ပါယ် ယူပြီး ပြောကြတာလည်း ရှိသေးတယ်။ သားအကြီးဆုံး သမီးအကြီးဆုံးများဖြစ်ရင် သားဦးအရူး ဆိုပြီးတော့။ ကျွန်တော့် အထက်မှာ အစ်ကိုတစ်ယောက် ရှိတယ်။ အိမ်မှာများ သူပေါက်ကရတစ်ခု လုပ်ပြီဆို အမေကနေစပြီး ကျန်တဲ့ ညီအစ်ကိုတွေက ဆွမ်းကြီး ၀ိုင်းလောင်းကြတယ်။ သားဦး အရူးလေ ဆိုပြီးတော့။

နောက်ပြီး ကျွန်တော် တွေ့ကြုံခဲ့ရတဲ့ မိသားစုတွေ အားလုံးကို ပြန်သုံးသပ်ကြည့်လိုက်တော့ များသောအားဖြင့်က သားဦး သမီးဦးတွေက အငယ်တွေလောက် မဖြစ်ထွန်းကြပါဘူး။ (ကိုယ်တွေ့ဖူးတဲ့ အထဲက ပြောတာပါ။ ယေဘုယျအားဖြင့် သဘာဝအားဖြင့် မှန်ချင်မှလည်း မှန်မယ်လေ။)အိမ်မှာလည်း သမီးကြီးနဲ့ သားအငယ် ရှိတာ အသက်ကသာ ကွာတာ သားက သမီးလုပ်သမျှ သမီးပြောသမျှကို အကုန်လိုက်ပြောနိုင်တယ် အကုန် လိုက်လုပ်နိုင်တယ်။ နောက်ဆို သမီးကတောင် နောက်ကောက်ကျသွားနိုင်တယ်။ သားက အရမ်းသွက်တယ်။ အလွန်အကင်းပါးတယ်။ စကားဆိုလည်း အတော်လေးကို ပြောတတ်နေပြီ။ သမီး သားအရွယ်ကနဲ့ စရင် သားက အများကြီးသာတယ်။

ပြောရမည်ဆိုရင်တော့ သားက သမီးထက် အစစ အရာရာ ပိုပြီး ဖွံ့ဖြိုးတိုးတက်တယ်။ ကျွန်တော်တို့ တွေးမိတယ်။ သိပ္ပံနည်းကျတော့ မှန်ချင်မှ မှန်မည်။ သားကို ကိုယ်ဝန်ဆောင်တော့ အမေဗိုက်က ချောင်ချောင်ချိချိ ဖြစ်နေပြီ။ သမီးကို ကိုယ်ဝန်ဆောင်ပြီးသားဆိုတော့ မိခင်က အစစအရာ ကမ္မဇီဝအားဖြင့် ပြောင်းလဲထားပြီးပြီဆိုတော့ သားအတွက် ပိုပြီး အဆင်ပြေစေတယ်။ အဲဒီလိုနဲ့ သားက မိခင်ဆီက အဟာရတွေ သွေးတွေ ကောင်းကောင်း ရထားလို့များ သားအငယ်က သမီးကြီးထက် ပိုပြီး ဖွံ့ဖြိုးတိုးတက်ရတာများလားပေါ့။ ပြောလို့မရဘူး ဒီအကြောင်းကို ဆေးဘက်ဆိုင်ရာတွေက စစ်တမ်းတွေ ကောက်ပြီး လုပ်ချင်လည်း လုပ်ကြမလားပဲ။ ဥပမာ မိခင် ဆေးလိပ်သောက်တဲ့ သားသမီးတွေက တိုးတက်မှု နည်းတာတို့ ကိုယ်ဝန်ဆောင်စဉ်မှာ အဟာရချို့တဲ့သော အိုင်အိုးဒင်း ချို့တဲ့သော မိခင်တွေရဲ့သားသမီးတွေက ဉာဏ်ရည်သိပ်မကောင်းတာတို့ ဘာတို့တောင် ဒီလိုပဲ စစ်တမ်းတွေကောက် စစ်ဆေးပြီး စူးစမ်းထားကြသေးတာပဲ။

နောက်တစ်ချက် ဖြစ်နိုင်တာက မိဘတွေက ပထမဆုံး ကလေးမှာတော့ မလုပ်တတ် မကိုင်တတ်နဲ့ ဖြစ်ပြီး နောက်ကလေးတွေကျတော့ အတွေ့အကြုံရှိထားတော့ ပိုကောင်းအောင် ပြုစု ပျိုးထောင်နိုင်တာလည်း ဖြစ်မည်။ ဥပမာ ကျွန်တော်ငယ်ငယ်က ဘယ်ဘက်လက်နဲ့ စာရေးတော့ ကျွန်တော့် အစ်ကိုတုန်းကလို အတင်း မလုပ်တော့ဘဲ ပေးရေးတာမျိုး။ အထူးသဖြင့် ပညာရေး ကျန်းမာရေးနဲ့ ပက်သက်ရင် မိဘတွေက ပထမဆုံး ကလေးမှာတော့ အသေအချာ ရေရေရာရာ မသိထားရင်တောင် နောက်ကလေးတွေဆို ပိုပြီး ဗဟုသုတ ပြည့်ဝနေတော့ နောက်မှ ရောက်တဲ့ ကလေးအတွက် အစစ အရာရာ ပိုကောင်းနေတတ်တယ်။ ပထမကလေးမှာ ပထမဆုံးအကြိမ် အပြင်းအထန်ဖျားလို့ ကိုယ်အပူချိန် အရမ်းများနေတာကို မိဘတွေ အနေနဲ့ အပူချိန် အရမ်း မတက်သွားအောင် ရေပတ် တိုက်ပေးရကောင်းမှန်း မသိပေမယ့် နောက်အကြိမ်တွေ နောက်ကလေးတွေမှာတော့ ဒီလိုမျိုး ထပ်မဖြစ်နိုင်တော့တာမျိုး။ သားသမီး အကြီးတွေ ပညာရေးအတွက် ဘယ်ကျောင်းထားရမလဲ ဘယ်စာကို ဘယ်လို သင်ပေးရမယ်မှန်း မသိပေမယ့် နောက်ကလေးတွေမှာတော့ အတော်များများကို မိဘတွေက သိနေတာမျိုးတွေက သာဓကတွေပါပဲ။

နောက်တစ်မျိုး တွေးကြည့်တာကတော့ ကလေးအငယ်တွေက ကိုယ့်ထက် အကြီးကို လိုက်ကြည့်ထားပြီး သင်ယူလို့ အငယ်တွေက အကြီးတွေထက် ပိုပြီး ဖြစ်ထွန်းတာလည်း ဖြစ်နိုင်တယ်။ သားကဆို သမီးလုပ်သမျှ အကုန် လိုက်ကြည့်ထားတယ်။ မှတ်ထားတယ်။ ပြီးတော့ ရှောင်သင့်ရင် ရှောင်တယ်။ ဘယ်စကားလုံးကို ဘယ်အချိန်မှာ ပြောလိုက်လည်း ရှေ့ကတစ်ယောက် ပြောတာကို ကြည့်ထားပြီး သူ့ဘာသူ စကားပြောသင်တယ်။ ကျွန်တော်တို့ကတောင် အထူးတလည် သင်ပေးနေစရာ မလိုဘူး။ သူ့အစ်မဆီကနေ သူ့ဘာသူ ကြည့်ပြီး သင်ယူသွားတယ်။ တစ်ခါတစ်လေ သူ့ဘာသာပြောတဲ့ စကားလုံးတွေကိုတောင် သမီးက လိုက်တုပပြီး ပြောနေသေးတယ်။ ဘယ်ကနေ ဘယ်လို ရသွားလဲ မသိဘူး။ သားက သူ မကြိုက်တာ ကျွေးရင်ပဲဖြစ်ဖြစ် တစ်ခုခု မကြိုက်တာဆိုရင် ကယ်..ကယ်နဲ့ ပြောရော အဲဒါကို သမီးက လိုက်တုပြီးပြောတယ်။ သမီးကလိုက်ပြောတာ ဆိုက်ကိုလည်း ပါတယ်။ သားက တစ်ခုခု လုပ်ပြ ပြောပြရင် လူကြီးတွေက ၀ိုင်းချီးကျူးကြ ၀ိုင်းချစ်ကြဆိုတော့ သမီးက သူကျန်ခဲ့မှာ စိုးလို့ လိုက်လုပ်တာ။

တကယ်တော့ ကလေးတွေ အတွက် အကောင်းဆုံး မြင်ဆရာကတော့ သူတို့ အရွယ်ကလေးတွေပါပဲ။ တချို့ အပိုင်းတွေဆို လူကြီးတွေက သင်ပေးမိချင်မှ သင်ပေးမိမည်။ သူတို့ အချင်းချင်း တစ်ယောက်ဆီက တစ်ယောက် သင်ယူတာက ပိုပြီးတော့လည်း အတတ်မြန်တယ်။ လူကြီးသင်ပေးတာထက်လည်း အလွယ်တကူ လက်ခံတယ်။ လူကြီးက အကောင်း ပြောရင်တောင် ကလေးတွေက လက်ခံချင်မှ လက်ခံတာ။ သူတို့ အချင်းချင်းဆိုရင်တော့ ဟုတ်နေတာပဲ။ သားနဲ့ သမီးကို ကလေးထိန်းကျောင်း ပို့ထားတာ ဒီလိုမျိုး အတွက်တော့ ကောင်းတယ်။ ဒီအရွယ်ကလေးတွေမှာ ဘာတွေ တတ်နေပြီလဲ ဘာတွေ လုပ်တတ်ရမှာလည်း ဘယ်လို Activity တွေ ရှိရမည်ဆိုတာ ကလေးထိန်းကျောင်းမှာ သူ့ဘာသူ ဖြစ်သွားတယ်။ ကလေးကို အိမ်မှာ တစ်ယောက်တည်း ထားမှ ကိုယ်က တခြားကလေးတွေနဲ့ တန်းတူ ဖြစ်အောင် မျက်ချည်မပြတ် လိုက်ကြည့်ပြီး တစ်ခုမကျန်အောင် အသေအချာ လိုက်လုပ်ပေးနေရမည်။

နောက်ပြီးတော့ အကြီးတွေက အငယ်တွေကို တွဲခေါ်တယ်။ သင်ပေးတယ်။ ပြောပြတယ်။ အဲဒီတော့ အငယ်တွေက အမှားကို အကြီးတွေလောက် မလုပ်မိတော့ဘူး။ သမီးဆို အသက်သာ သုံးနှစ် မပြည့်သေးတယ်။ သူ့မောင်လေးကို ပြုစု စောင့်ရှောက်ပုံများကတော့ တကယ့်အစ်မကြီးပဲ။ အမကြီးတော့လည် အမိအရာ အစ်ကိုကြီးတော့လည်း အဖ အရာပေါ့။ သူ့မောင်လေး တစ်ခုခု မဟုတ်တာ လုပ်နေရင် ကျွန်တော်တို့ကို လာပြောတယ်။ သူ့မောင်လေးကိုလည်း မလုပ်ရဘူး ပြောပြတယ်။ သူ့မောင်လေး ပါးစပ်ထဲကို မဟုတ်တာ တစ်ခုခု ထည့်နေမလား။ သောက်စရာ အရည်တွေ မှောက်ချထားမလား ပူစရာမလိုရဘူး။ သမီးက အစအစ အရာရာ တကယ့် အစ်မကြီး တစ်ယောက်လိုပဲ။ သူ့မောင်လေး လူကြီးတွေ ဆူလိုက်လို့ဖြစ်ဖြစ် လိုချင်တာ မရလို့ဖြစ်ဖြစ် ငိုနေပြီ ဆိုရင်လည်း သမီးက သူ့စောင်လေးနဲ့ မျက်ရည် သုတ်ပေးတယ်။ ခေါင်းတွေဘာတွေ စောင့်မိလို နာပြီး ငိုနေရင်လည်း မြတ်နိုးက မိဘတွေထက် ဦးအောင် သူ့စောင်လေးနဲ့ ကျတ်ပူထိုးပေးတယ်။ အသက် ဘယ်လောက်ငယ်ငယ် အကြီးတွေကတော့ အကြီးလိုပါပဲ။ အငယ်တွေကိုဆိုရင် ပြုစု စောင့်ရှောက်ပေးတယ်။ အဖော်လုပ်ပေးတယ်။ အခါများစွာမှာလည်း အကြီးတွေက စွန့်လွှတ် အနစ်နာခံပေးလိုက်လို့ အငယ်တွေရဲ့ ဘ၀က ပိုမို ကောင်းမွန်သွားစေတယ်။

အလယ်မို့လို့ လပ်တယ် အလယ်အလတ်ဆိုပြီး အလတ်ကောင်တွေ အတွက် စကားရှိတယ်လေ။ သားဦးသမီးဦးလေးဆိုလည်း ရူးနေအောင် ချစ်လိုက်ရ။ အငယ်ဆုံး အထွေးဆုံး သားသမီးဆိုရင်လည်း အလိုလိုက်ရ ချစ်လိုက်ရနဲ့ အလယ်က သားသမီးတွေ မိဘတွေရဲ့ မေတ္တာကို ငတ်မွတ်တယ်ဆိုပြီး ခံစားကြတယ်။ အဲဒီလိုမျိုးပဲ သားလေးကို သမီးလေးနဲ့ ကပ်လျှက်မွေးလိုက်တော့ သမီးလေးကို ဂရုမစိုက်နိုင် ဖြစ်မှာစိုးလို့ သူ့အမေ သားငယ်ထူးကို ဂရုစိုက်နေချိန်မှာ ကျွန်တော်က သမီးလေးမြတ်နိုးကို ပိုပြီး ဂရုစိုက်ရ အလိုလိုက်ရရော။ အဲဒီလို လုပ်တော့လည်း သူ့အမေက ဒီသားလေးက မမျှော်လင့်ဘဲ ရလာတာမို့ Plan မဆွဲဘဲ ရလာတာမို့ ကျွန်တော်က မချစ်ဘူး တွေးထင်ပြီး ခံစားနေမှာ စိုးလို့ သားလေးကိုလည်း ကျွန်တော်မှ ချစ်ပြလိုက်ရတာ။ တကယ်လည်း ချစ်ပါတယ်။ ဒါပေမယ့် အဲဒီလို မခံစားရအောင် Assure လုပ်ရတော့ ကျွန်တော့်မှာ သားနဲ့ သမီးကို လိုအပ်တာထက်တောင် ပိုချစ်နေသေးတယ်။ စာဖတ်ပရိတ်သတ် တချို့ကလည်း သမီးလေးတုန်းက Post တွေ အများကြီး ရေးတယ်နော်။ သားလေး အကြောင်းကနည်းတယ်တဲ့။ တကယ်တော့ နှစ်ယောက်စလုံးကို ချစ်ပါတယ်။ အခု နှစ်ယောက် ရှိလာတော့ အလုပ်ပိုရှုပ်လာပြီး သူတို့ အကြောင်းတွေကို အသေအချာ မမှတ်ထားမိလို့ သားလေး မွေးပြီးတဲ့ နောက်ပိုင်းမှာ ကလေးအကြောင်း Post တွေက နည်းသွားတာပါ။ နောက်ပြီး ကလေးတွေက ကလေးထိန်းကျောင်းသွား မိဘတွေက ရုံးတက်နဲ့ ဆိုတာကြောင့်လည်း နည်းနည်းပါပါတယ်။ သမီးကိုလည်း သားဦး အရူးပေါ့ အရူးအမူးချစ်ရ။ သားကိုလည်း အငယ်လေး မို့လိုချစ်ရနဲ့။ ဘယ်လိုပဲ အဓိပ္ပါယ် ယူယူ သားဦး အရူးဆိုသလိုမျိုး မဖြစ်ရအောင် သမီးလေးနဲ့ သားလေးနဲိ့မိဘဆီက မေတ္တာရည် အတူအမျှ သောက်ရနိုင်အောင်ရယ် သူတို့လေးတွေ တတ်နိုင်သမျှ အတူတူ ဖွံ့ဖြိုး တိုးတက်အောင်ကတော့ ကျွန်တော်တို့ နှစ်ယောက်စလုံးရဲ့ အဓိက Concern ပါပဲ။

32 comments:

ချစ်ကြည်အေး - 3/8/10, 1:47 AM

ကလေးတွေကို ပြုစု ပျိုးထောင်ရတာ သိတ်အရေးကြီတယ်နော် ချိုင်းဆိုက်ကော်လော်ဂျီ ကို စိတ်ဝင်စားတယ်၊ သူတို့ နဲ့ ကောင်းကောင်း ကော်နက် လုပ်တတ်ချင်တာ၊ ကလေး မရှိပေမဲ့ပေါ့လေ...:)

Rita - 3/8/10, 1:47 AM

စိတ်ဝင်စားမိပါတယ်။

ဒီဘလော့ကို စဖတ်တုန်းကလည်း ကလေးကြောင်းက စဖတ်မိတာ။ ဒါပေမဲ့ ဒီလိုအကြောင်းမဟုတ်ဘူး။ အရေပြားတွေအကြောင်းရေးထားတာ ဖြစ်နေတော့ ကလေးမိဘက ကလေးဆရာဝန်မို့ ကလေးကျန်းမာရေးကြောင်းပဲရေးနေတာနေမယ် လို့ တွေးမိသေးတယ်။ သိပ်လည်း စိတ်မဝင်စားခဲ့မိဘူး။

သူတို့အမူအကျင့်တွေအကြောင်းကိုတော့ အတော်ပဲ စိတ်ဝင်စားမိပါတယ်။

ချစ်ကြည်အေး - 3/8/10, 1:53 AM

စကားမစပ် ကိုအန်ဒီရေ ကျမ လင့်ခ်အတွက် ကျေးဇူးနော်၊ ကျမ ပို့စ်အသစ်တင်ထားတာ မတက်သေးဘူးနော်...လင့်ခ် အလုပ်မ လုပ်တာများလား...စီဘောက်မရှိလို့ ဒီမှာပဲရေးခဲ့ပါတယ်ရှင်...:))

ရွှန်းမီ - 3/8/10, 2:30 AM

ဒါကြောင့် အကြီးဆုံးသားသမီးတွေက အမွေပိုရသင့်တယ်လို့ ရှေးတုန်းက ယူဆကြတာထင်တယ်..

စန္ဒကူးမေ - 3/8/10, 2:49 AM

ဖြစ်နိုင်တယ်.. ကူးကူးဆိုအကြီးဆုံး.ဒါပေမယ့်အငယ်နှစ်ယောက်က ပိုထက်တယ်.. ဆုံဖြတ်ချက်ရဲတယ်..ပြတ်သားတယ်.. ကူးနဲ့ဆန့်ကျင်ဘက်..
မိဘတွေကတော့ သမီးဦးမို့ချစ်သလို..သားအလယ်တစ်ဦးတည်းမို့လည်းချစ်တာဘဲ..အငယ်ဆုံးကျလဲအငယ်ဆုံးမို့..
ဒါတောင် တစ်ခါတစ်လေ ကိုယ့်များမချစ်တော့ဘူးလားလို့ အငယ်နှစ်ယောက် ထွက်လာတုန်းက အမြင်ကတ်မိသေးတယ်..
ကြီးတော့ လဲ မိဘမေတ္တာနားလည်လာတာပါဘဲ။

Shinlay - 3/8/10, 4:09 AM

ကလေးတွေ တိုးတက်လာပုံကို စိတ်ဝင်စားစွာဖတ်သွားပါတယ်။
ဘာလိုလိုနဲ့ သူတို့ တောင် ကြီးပြင်းလာကြပြီ။
ကျမလည်း ကလေးတစ်ယောက်လောက်များရှိရင် ချစ်ကြည့်ချင်လိုက်တာ။

ThuHninSee - 3/8/10, 7:29 AM

အိမ်မှာ ကျွန်မအစ်မကလေးဘ၀ပုံတွေက ကျွန်မရဲ့ပုံတွေထက်
ပိုများတာတော့ အသေအချာပဲ။ချစ်တာတော့ နှစ်ယောက်လုံးကိုတူတူချစ်မှာပါ။
သမီးကြီးမို့အမေမျက်နှာလျွဲရအောင် အိမ်ကိုကူ ပေမယ့် တစ်ခုခုဆို သူကအရင်ငိုလွန်းလို့
ကျွန်မက အငယ်ပေမယ့် အစ်မကြီး အမြဲ လုပ်ရတယ်။ :D

rita - 3/8/10, 2:29 PM

တွေ့ကြုံခဲ့ရတဲ့ မိသားစုတွေ အားလုံးကို ပြန်သုံးသပ်ကြည့်လိုက်တော့ များသောအားဖြင့်က သားဦး သမီးဦးတွေက အငယ်တွေလောက် မဖြစ်ထွန်းကြပါဘူး။
အလယ် လူမို့လို့ လပ်တယ်
agree agreeeeeee
:)

ရွှေရတုမှတ်တမ်း - 3/8/10, 2:30 PM

ကိုAndy ရဲ့အယူအဆကို ကျနော့ကိုယ်တွေ့အရ ထောက်ခံတယ်ဗျာ...

Anonymous - 3/8/10, 5:38 PM

- ကျနော့ အတွေအကြုံတွေ အရတော့ အဲဒီဟာက မှားနေတယ်ဗျ။ ဝေကို မဝေဖန်သင့်တာ။ "များသောအားဖြင့်က သားဦး သမီးဦးတွေက အငယ်တွေလောက် မဖြစ်ထွန်းကြပါဘူး။" ဘာညာ စသဖြင့်ပေါ.။

လူပေါ်မှာ ပဲမူတည်တယ်လို့ မထင်မိဘူးလား။ ခလေးတုန်းကတော့ ဟုတ်ပါလိမ့်မယ်။ ကြီးတော့လည်း သူ့အရည်အချင်း ကိုယ့်အရည်အချင်း သူ့ဟာနဲ့သူ ကိုယ့်ဟာနဲ့ကိုယ် ပါပဲ။ ယှဉ်စရာ အကြောင်းကိုမရှိပါဘူး။
-- Ko Andy, I am writing this for your daughter's sake.--
--- Don't let her see this post when she's grown up. Or else she may hate both of you and your son bcoz she may feel that the parents looked down on her.---
ကိုယ့်သားသမီးချင်း ဟိုယှဉ်ပြော ဒီယှဉ်ပြောလုပ်မိနေတာ မိဘတွေရဲ့ မဟာအမှားပဲ။

ရွှေဘ၇ူနိုင်း - 3/8/10, 6:04 PM

မှန်ပါတယ်,ကျွန်တော်၇ဲ့သမီးက ၉နှစ်,သားက ၃နှစ်ပါ။အငယ်ကCatch up ပိုကောင်းပါတယ်။
အတတ်လဲမြန်တယ်,
သိပ်မကြာခင်အကြီးလုပ်သလိုလိုက်လုပ်မယ်။
အကြီး၇ဲ့ဟာတွေကိုသူ့ဟာလုပ်မယ်,
ပစ္စည်းတွေလုကြမယ်,၇န်ဖြစ်မယ်,သူ့ထက်ငါဦးအောင်တိုင်မယ်
ဟဟ..ပျော်စ၇ာအချိန်တွေပေါ့ဗျာ..

ပုံ
ဝါ၇င့်မိဘတဦး

ကိုဇေယျာ - 3/8/10, 6:53 PM

:D

*First Child*: perfectionist, reliable, conscientious, a list maker, well organized, hard driving, a natural leader, critical, serious, scholarly, logical, doesn’t like surprises, a techie.

*Middle Child*: mediator, compromising, diplomatic, avoids conflict, independent, loyal to peers, has many friends, a maverick, secretive, used to not having attention.

*Youngest Child*: manipulative, charming, blames others, attention seeker, tenacious, people person, natural salesperson, precocious, engaging, affectionate, loves surprises.

*Only Child*: little adult by age seven, very thorough, deliberate, high achiever, self-motivated, fearful, cautious, voracious reader, black-and-white thinker, talks in extremes, can’t bear to fail, has very high expectations for self, more comfortable with people who are older or younger.

http://larrycheng.com/2010/03/06/why-are-80-of-harvard-students-first-borns/

ဒဏ္ဍာရီ - 3/8/10, 10:58 PM

အကို့ရဲ့ အယူအဆကို လက်ခံတယ် အကို.. အတူတူပဲ နွယ်လည်း သားလေး မွေးတုန်းက ဘာမှ မလုပ်တတ်မကိုင်တတ်နဲ့ မိဘတွေကပဲ လုပ်ပေးခဲ့ရတယ်။ ကလေးကိုလည်း ဘာလုပ်လုပ်ဆိုပြီး လွှတ်ထားတတ်တယ်။ အခု ၈ နှစ်ဆိုတော့ သားက သိတတ်နေတယ်။ အငယ် မောင်နှမတွေလည်း မရှိတော့ လောလောဆယ် ဗိုလ် ဖြစ်နေတယ်။ အခု အကိုပြောပြတဲ့ အကြောင်းအရာလေးကို မှတ်သားထားပါ့မယ်။

ခင်မင်လေးစားလျှက်

Anonymous - 3/9/10, 5:12 AM

I guess everything is about resource and timing.

The age differences between sibilings may have
impact on them, so will be the fortunes of the
parents.

Anonymous - 3/9/10, 7:57 AM

အငယ်က ပိုတက်လွယ်တယ်ဆိုတာ ကိုအန်ဒီတို့ သူ့ကို daycare ပို့တာ ပိုစောလို့ ထင်ပါတယ်။ daycare ပို့တဲ့ ကလေးတွေက smarter, think quicker, speak earlier etc.. လို့ ရေးရေးနေကြတာပဲ။

SM

nu-san - 3/9/10, 8:45 AM

မြတ်နိုးက မောင်လေးကို ကူပြီး ထိန်းပေးတယ်ဆိုကတည်းက တော်တော်ကို အားကိုးရနေပြီပဲ.. သမီးလေးက လိမ္မာလိုက်တာ.. အကြီးပီသပါ့.. မိသားစုလိုက် အပြင်ထွက်လည်ဖြစ်လို့ ရိုက်ထားတဲ့ပုံလေးတွေ ကြည့်ရရင် ဘေးကနေ ကိုယ်ပါ အလိုလိုနေရင်း ပျော်နေတာ.. မြတ်နိုးတို့ ကိုထူးတို့ကို ဓာတ်ပုံတွေကြည့်ရင်းကပဲ ကလေးတွေက တဖြည်းဖြည်း ကြီးလာကြပြီ..

Nge Naing - 3/9/10, 10:24 AM

ကျွန်မမှာတော့ တယောက်တည်းရှိတော့ နှိုင်းယှဉ်လို့ မတတ်ဘူး။ ကလေးကတော့ ရူးမရူးမသိဘူး ကျွန်မကတော့ အခုထိ ရူးတုန်းပဲ။ ကျွန်မသားအပေါ်မှာ ချစ်တာ မွေးခါစတုန်းကနဲ့ ဘာမှမခြားဘူး။ ကိုအန်ဒီပြောတာ မဆိုင်ပေမဲ့ ကျွန်မလည်း လက်တွေ့အရ သားဦးတွေဟာ အငယ်တွေလောက် ထွန်းထွန်းပေါက်ပေါက် သိပ်မတွေ့ဘူး။ တခုရှိတာက သားဦးတွေက မွေးတဲ့အချိန်တုန်းကပဲ မိဘတွေအတွက် ပေါ်ပြူလာဖြစ်ပြီး နောက်ကလေးတွေလည်း မွေးရော သူက အငယ်တွေအပေါ် အစစအရာရာ အနှစ်နာခံသမား ဖြစ်သွားကြတာများတယ်။ မိဘရဲ့ ဦးစားပေးမှုလည်း မရကြတော့ဘူး ကျွန်မ ကလေးထပ်မယူဖြစ်တာ နောက်ကလေးတယောက်ယူလိုက်ရင် ဒီသားလေးကို အခုလို ဂရုစိုက်နိုင်တော့မှာ မဟုတ်ဘူးဆိုပြီး ကျွန်မသားကို ဒုတိယနေရာ ဘယ်တော့မှ မဖြစ်စေချင်တာတခုပါတယ်၊

Anonymous - 3/9/10, 1:48 PM

အဲ.လိုသာဆိုရင် မောင်နှမတွေအများကြီးမွေးထားတဲ.မိဘတွေဘယ်နှယ်.လုပ်ရပါ.။
ကျွန်တော်တို. အဖေအမေဆိုရင်မွေးထားတာ ကျွန်တော်တို.မောင်နှမ၆ယောက်၊ အားလုံးထဲမှာ အမအကြီးဆုံးက အထက်ဆုံးဘဲ၊သူပြောတာဆို ကျွန်တော်တို.အငယ်တွေနားထောင်ရတယ်၊သူကဘဲ အငယ်တွေကို အိမ်မှုကိစတွေကို အမေ.ကိုယ်စားတဆင်.ပြန်သင်ပေးသွားတာဘဲ။
သူကငယ်ငယ်ထဲက အမေနဲ.အတူတူအိမ်အလုပ်လုပ်တယ်၊စာမှာဆိုလဲသူတော်တယ်၊အငယ်တွေကို ကောင်းကောင်းဂိုက်ဒ်လုပ်နိုင်တယ်။
အဲ.လိုမျိုးကျတော. သားဦးက အငယ်တွေလောက် မဖြစ်ထွန်းဘူးဆိုတာ ဘယ်မှဟုတ်လို.လဲ။

Anonymous - 3/9/10, 1:49 PM

ဒီပိုစ်ကို မြတ်နိုးလေး ကြီးလာရင် မဖတ်မိပါစေနဲ့..ကိုယ်ချင်းစာလို့ပါ… ကိုယ့်တုန်းကလည်း မိဘတွေနဲ့ နေတဲ့ အနှစ် ၂၀လောက်အထိ အငယ်ကပဲ တော်တယ်၊အငယ်ကပဲချောတယ်၊အငယ်ကပဲ လုပ်နိုင်တယ်ဆိုတဲ့ စကားတွေနဲ့ကြီးပျင်းခဲ့ရတဲ့ ဆိုက်ကိုလ် ရသွားတဲ့ကလေးတယောက်ဖြစ်ခဲ့ဘူးလို့ပါ…..

Anonymous - 3/9/10, 1:53 PM

ပြီးတော.လဲ အဖေနဲ.အမေကလဲ ၆ယောက်စလုံးအပေါ်မှာ fare and square ဘဲ။
တကယ်.တကယ်က မိသားစုထဲမှာ အကြီး၊အငယ်၊အလတ်ဆိုပြီးခွဲမနေဖို.က မိဘအပေါ်မှာဘဲမူတည်ပါတယ်၊ မိဘကိုယ်တိုင်က အားလုံးအပေါ်မှာ မျှမျှတတဖြစ်အောင် ဆုံးဖြတ်တတ်ရင်၊ ကိုင်တွယ်တတ်ဖို.ဘဲလိုပါတယ်။

TK - 3/9/10, 2:53 PM

မြတ်နိုးရေ.... သမီးအဖေတော့ သင်တန်းပေးဖို့လိုနေပီ။ :-)
ဒီမယ် ကိုအန်ဒီ၊ ကျုပ်မှာလည်း သမီး၂ယောက်ရှိတယ်။ အငယ်တွေက ပိုပါးနပ်တာ အမှန်ပဲ။ မပါးဘဲ ရှိမလား။ အကြီးကိုကြည့်ပီး သူ့မှာဆောင်ရန်ရှောင်ရန်တွေ အပြည့်ကိုးဗျ။
အရေးကြီးဆုံးအချက်ပြောလိုက်မယ်...
**မိဘအထင်ကြီးလေးစားခံရတဲ့ခလေးက ဘဝမှာပိုဖြစ်ထွန်းလိမ့်မဗျား။**ကဲဒီလောက်ဆို အကြီးလေးကို ဘယ်လိုမြှောက်ပင့်လို့ အငယ်လေးကို ဘယ်လိုအားပေးပြီး balance ညီအောင် လုပ်ရမလဲ သိလောက်ပါပြီ။ သားသားမီးမီးများကို အကောင်းဆုံး ပျိုးထောင်နိုင်ပါစေသား။

p/s ကျနော့်သမီးလေးတွေကို အဲဒီနည်းနဲ့ပြုစုပျိုးထောင်နေပါတယ်။ ကျနော့် မွေးသဖခင်ဆီက ရတဲ့နည်းလေးပါ။ ကျနော်တို့မောင်နှမတွေအားလုံး ဖြစ်ထွန်းကြတယ်။ ကြွားတာမဟုတ်ပါဘူး။ အဖေ့ကျေးဇူးတွေကို အောက်မေ့မိလို့ပါ။

dowain - 3/9/10, 3:00 PM

ိဒါဟာအမြဲတမ်း မမှန်လောက်ပါဘူး။ ကျမတို. အစ်မအကြီ:ဆုံးက ဆရာဝန်ပါ။ မမကြီး က အရမ်းကိုထက်တာပါ။ မမကြီးကြောင်.ကျမတို. အငယ်တွေ အားလုံး ထက်ထက်မြတ်မြတ် နဲ. လမ်းမှန်ကိုရောက်သွားကြတာပါ။ သူ့မှာသားသုံးယောက်ရှိပါတယ်။ တစ်ယောက်ကဆေးကျောင်းမှာပါ။်တစ်ယောက်က Singapore မှာ Poly တက်နေပါတယ်။ တစ်ယောက်က နောက် နှစ် ဆယ်တန်းပါ။ ကျမကြားဖူးတာကတော့ ရှေ့နွားဖြောင်. ဖြောင်. သွားမှ နောက်နွားဖြောင်. ဖြောင်. လိုက်တယ် တဲ.။

Andy Myint - 3/9/10, 4:27 PM
Comment တွေ၊ အကြံပေးတာတွေ၊ ထောက်ပြတာတွေ အတွက် ကျေးဇူးပါဗျာ။ ကြိုလည်း ကြိုဆိုပါတယ်။ အထင်တော့ မလွဲလိုက်ကြပါနဲ့ ခင်ဗျာ။ သားနဲ့ သမီးကို Discriminate လုပ်တာ မဟုတ်ပါဘူး။ မိဘတွေ အနေနဲ့လည်း ဘယ်သားသမီးက ဘယ်လိုဆိုတာ သိမှသာ လိုအပ်တဲ့ ထောက်ပံ့မှုတွေ ပေးနိုင်မှာမို့ သူတို့ကို မျက်ခြေမပြတ် စောင့်ကြည့်နေပြီး သတိမူဖို့ လိုတယ် မဟုတ်ပေဘူးလား။ Birth Order က ဆိုင်မဆိုင် ဆိုတာကိုတော့ မှတ်သားစရာလေးတွေနဲ့လည်း ငြင်းသွားရင် ဖတ်ရ မှတ်ရတာပေါ့။ ဘာရယ်မဟုတ်ပါဘူး။ Scientific မဟုတ်တောင် ကိုယ်တွေ့လေးတွေ သိရတာပေါ့။ ကျေးဇူးတင်ပါတယ်။ (စကားမစပ် အရင် ခေါင်းစဉ်က Offending ဖြစ်နေမှာစိုးလို့ ပြောင်းလိုက်ပါတယ်။ တခြားဟာတွေ မရည်ရွယ်ပါဘူး။)
Anonymous - 3/9/10, 5:10 PM

မြန်မာဘလော.ဂ်တွေအများကြီးရှိတဲ.အထဲကမှ ဒီ “We She Me ” ကိုဖတ်တာ အဲ.ဒါကြောင်.ပါဘဲ။
ကောင်းကောင်းမွန်မွန်ကွန်မန်.တွေပေးကြတယ်၊ ငါတကောကော ကောကြတဲ.ကွန်မန်.မျိုးတွေမဟုတ်ဘူး၊ ဘလော.ဂ်ပိုင်ရှင်ကလဲ ကောင်းကောင်းမွန်မွန်ပြန်လည်ဖြေကြားပေးတယ်။
ကျေးဇူးတင်ပါတယ်။

လသာည - 3/9/10, 7:27 PM

ကို Andy....
ဒီပိုစ်က အရမ်းကို စိတ်ဝင်စားစရာကောင်းပါတယ်.. ကျွန်မက စိတ်ပညာဆို အကုန်စိတ်ဝင်စားသူ.း)
ဟုတ်ပါတယ်..။ သားကြီး သမီးကြီး သားငယ် သမီးငယ်ဆိုတာက individual differences ရှိပါတယ်။ သားကြီးတိုင်း မညံ့သလို သားငယ်တိုင်းလည်း မထက်ပါဘူး..။ တစ်ဦးချင်းစီကို မိဘမေတ္တာမျှပေးရင်.. အားလုံး သူ့စွမ်းရည်နဲ့သူ တော်ထက်တဲ့ကလေးတွေ ဖြစ်လာမှာပါ။

ကို Andy..တို့မိသားစုကို တော့ တကယ်ပဲ အားကျပါတယ်.. ။ သားလေးရော သမီးလေးရော ချစ်စရာလေးတွေနော်။ ကို Andy..တို့ရဲ့ မေတ္တာကြောင့်ကို သားရော သမီးရော သူနေရာနဲ့သူ ထက်မြက်တဲ့ကလေးတွေ ဖြစ်လာမှာ သေချာပါတယ်..။

Anonymous - 3/10/10, 4:54 AM

ဒီပို့စ်မှာ မိဘ၂ပါးရဲ့ သားသမီး၂ယောက်လုံးကို ညီညီမျှမျှထူးချွန်လာစေချင်တဲ့ မေတ္တာကိုမြင်နေရတယ်။ ကျမရောအမျိုးသားရော မိသားစုထဲမှာအကြီးဆုံးတွေပါ။ ငွေရှာနိုင်တာ၊ ပညာထူးချွန်တာ နဲ့ ထက်မြက်တာကို တိုင်းတာမယ်ဆိုရင် ၂ဖက်မိသားစုထဲမှာ ကျမတို့၂ယောက်လုံးကို အထက်ဆုံးလို့ပြောလို့ရနိုင်ပါတယ်။ ကျမသိတဲ့ ပတ်ဝန်းကျင်မှာလဲ အကြီးဆုံးတွေက အထက်ဆုံးတွေရှိသလို ကိုအန်ဒီပြောသလို သိပ်မထက်တာတွေလဲရှိတယ်။ ကျမအထင်ကတော့ လူတယောက်အောင်မြင်သူဖြစ်လာဖို့ဆိုတာ သူ့ရဲ့ ပင်ကိုယ်ဗီဇရယ် ပျိုးထောင်နည်းရယ် စနစ်ကျမှန်ကန်ဖို့နဲ့ အချိုးညီဖို့ အရေးကြီးတယ်ထင်ပါတယ်။ ဘုရားရှင်က နိဗာန်ရောက်ကြောင်းတရားကိုတဦးစီရဲ့ ဗီဇနဲ့ ဥာဏ်ရည်ကို လိုက်လို့ တမျိုးစီ(customize)ဟောတယ်လို့ ဖတ်ဖူးပါတယ်။ ဘုရားရှင်ကအလုံးစုံသိတော်မူလို့ ဘယ်သူကို ဘယ်တရားဟောရမယ် သိနိုင်ပေမယ့် ပုထုဇဉ်မိဘတွေအနေနဲ့ ဘယ်လိုပဲ ညီမျှအောင်ချစ်ဖို့ အမှန်ဆုံးပျိုးထောင်နိုင်ဖို့ ကြိုးစားပေမယ့်လည်း အနည်းနဲ့အများတော့ မှားတတ်တာပါပဲ။ ကလေး၂ယောက်ရဲ့ ဗီဇကမကွာဖူးဆိုရင် ဗီဇကို(constant)ထားစဉ်းစားရင် ကိုအန်ဒီပြောသလို အငယ်တွေက မိဘရဲ့ ပျိုးထောင်ပုံကျွမ်းကျင်မှူအကျိုးကို ပိုခံစားရနိုင်ပါတယ်။ အငယ်လေးရဲ့ဗီဇက ပိုထက်နေရင်တော့ သူသိပ်တော်သွားနိုင်သလို အကြီးရဲ့ဗီဇက သိပ်ထက်နေရင်ပျိုးထောင်မှူအနည်းငယ်လျော့ရပေမယ့် အကြီးကပို ဖြစ်ထွန်းနိုင်တာပါပဲ။ ဘယ်သားသမီးက ဘယ်လိုဖြစ်လာမယ်ဆိုတာ မှန်းလို့မရနိုင်တာက သူတို့ ဗီဇကို အမြင်အထင်နဲ့ပဲ မှန်းနိုင်ပီး အတွင်းစိတ်ကို တကယ်မသိနိုင်ဖူးလေ။ မိဘတွေက သားသမီးတိုင်းကိုညီမျှအောင်ချစ်ဖို့ကြိုးစားတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဖူး။ ညီညီမျှမျှချစ်တယ်လို့ သားသမီးတိုင်းက ထင်အောင်သာချစ်တတ်ဖို့ ပိုအရေးကြီးတယ်ထင်တာပဲ။ ပြောတော့သာလွယ်တာ တကယ်တမ်းမှာ being good parents က သိမ်မွေ့နက်နဲတဲ့ အနုပညာတခုပါပဲ။ ကိုအန်ဒီတို့၂ယောက် ဒီအနုပညာကို အကောင်းဆုံးဖြစ်အောင်ဖန်တီးနေတာကို ဖတ်ရတာနဲ့တင်ကြည်နှူးရတယ်။
ဝေတိုး

Anonymous - 3/10/10, 4:24 PM

My apology for not knowing how to type in Burmese, this is my first time giving comment (more like sharing my own experience). I have been reading your blog almost daily since I found that a month ago and addicted to your interesting topics and great writing, thank you!
That’s the way we were grown up and there were lots of pros and cons regarding such kind of recognition by parents, of course I was the youngest one and had the most benefits out of it :-)
Since we found out that I have twins, first thing came to my mind was how to treat them equally. My twins are different looking, different personality, and different in size too. My parents tried to differentiated by calling them big sis and little sis (although they are only 1 min apart), and tried to teach older one (so they called!) to give up everything on younger one’s demand since they were 1 year old. That created one unhappy child and one bullying child; believe it or not nowadays kids can really sense the situation even at that young age. My parents were visiting while the kids were young so that practice didn’t last long at my house. Here’s how we work to get two independent and happy children (not that I am an expert, but it works for my family, probably because of twins factor, kids with different ages may be different situation too, but some of them may be applicable to every family with more than one kid):
- Take care of or protect each other as siblings (not because who is older or younger). Make sure that they understand they are both equally responsible for each other’s behavior.
- Do what you really like rather than doing something because other one is doing (no child stay behind), they have freedom to like different things/activities.
- If something is not yours, ask other one and get permission to use (older one does not have to give up): means learn to share and take turn.
- As for the parents: try not to praise one child only in front of the other child (e.g. Sam is very good at art, in the mean time Alex is good at dancing), if you need to reprimand one child, do it when the other one is not around or take him/her out of scene and talk it out, give each child enough time (one-on-one time, when mom is with one kid, dad take one kid out, and take turn next time, of course family time is a “must have” too) to learn more about their desire and behavior, tell them that you love them equally.
- For twins: I try not to put them in same outfit unless they want to (even so I differentiate them with their favorite color) just to make sure that they are different individuals. (Although I must confess I love the twins with same outfit, so cute!!).
- Do not let other people say “this one is prettier, this one is smarter, I love this one more, etc.” (That happen in family with more than one kid), especially we Burmese people are so good at giving such kind of comment in front of your face! You have to protect their development by saying that your kids have different strength and personalities.
I don’t say that I have the best kids, but I am quite sure we have happy kids.

Anonymous - 3/11/10, 12:08 PM

သားဦး သမီး ဦး ကတော့ ဟုတ်ပါပြီ
ရီးစားဦး အချစ်ဦး ကကောဘယ်လိုတုန်း
ခုမဟေသီနဲ့ဘာကွာတုန်း
post တစ်ခုလောက်လုပ်ပါဦး

Andy Myint - 3/11/10, 12:23 PM
ဒီလူနှယ့် အာလူး စားချင်နေတယ်နဲ့တူတယ်။ :D

အကြံပေးသွားတဲ့ တခြား စာဖတ်သူတွေကို အင်မတန် ကျေးဇူးတင်ပါတယ်။
Anonymous - 3/11/10, 3:33 PM

အဟီးဟီး အပေါ်က အနောနမတ်စ် ပြောသွားတာထောက်ခံပါတယ်ဗျို.။
ဘလော.ဂ်ပိုင်ရှင်ကြီး အာလူးစားရမယ်.ပို.စ် မျိုးဆိုလဲ အင်မတန်စိတ်ဝင်စားဖို.ကောင်းမယ်ထင်ပါတယ်။

Anonymous - 3/14/10, 4:11 AM

အာလူးစားချင်သူများ :D

Nyein - 3/30/10, 2:00 PM

Happy Birthday My Little Princess Myat Noe. Ti Ti loves You so much.

Post a Comment

Many thanks for dropping a comment…

Film