Thursday, April 15, 2010

ပုစွန် Recipe များ

ဟင်းချက်နည်းတွေ မတင်တာ ကြာလို့ ပုစွန် Receipe အသစ်၃ခု နဲ့ အဟောင်း၃ခုကို တခါတည်း စုတင်လိုက်ပါတယ်။ ပထမ တစ်ခုကတော့ ပုစွန်ချည်းပဲ မဟုတ်ပါဘူး။ ပုစွန်နဲ့ Seafood ရောရာပါ။ ပုစွန်ပါတယ်၊ ပြည်ကြီးငါးပါတယ်၊ ဂဏန်းနည်းနည်း၊ ငါးအသား၊ ဂုံးနဲ့ ယောက်သွား (Mussle) ပါတယ်။ ကျွန်တော်တို့ ၀ယ်တဲ့ အထုပ်က Marina Mix ဆိုပြီး နာမည်ပေးထားပေမယ့် ဘယ်လို Seafood ရောရာနဲ့ မဆို ချက်လို့ ကောင်းပါတယ်။ Frozen လုပ်ထားတာတဲ့ အထုပ်ပါ။ Frozen တွေ ထားတဲ့ နေရာမှာ အအေးခံပြီး ရှာကြည့်ရင် တွေ့နိုင်ပါတယ်။ ဒီမှာလည်း လတ်လတ်ဆတ်ဆတ် ၀ယ်လို့ရတာတွေ ရှိပါတယ်။

Frozen လုပ်ထားတာဆို အချိန်ရရင် အပြင်မှာ အရည်ဖျော်ထားပါ။ မရရင်တော့ Microwave နဲ့သတိထားပြီး ရေခဲ ဖျော်ထားလိုက်ပါတယ်။ လေးယောက်စာ Seafood ရောရာ ၅၀၀ဂရမ်စာ ချက်ပါတယ်။ ၀ယ်လို့မရရင်တော့ ပုစွန်၊ ပင်လယ်ငါး၊ ပြည်ကြီးငါး ၂၀၀ ဂရမ်စီ ရောချက်လည်း ရနိုင်မည် ထင်ပါတယ်။ ကြက်သွန်ဖြူ ခပ်များများ အကြီး ၁၀ တက်လောက်၊ ငရုတ်သီးစိမ်း ၁၀ တောင့် ၁၅တောင့် ခပ်များများ ကြက်သွန်နီ ဥသေးသေးတစ်လုံး ကြီးရင် တစ်ဝက်ကို စက်ထဲမှာ ကြိတ်ထားလိုက်ပါတယ်။ ခရမ်းချဉ်သီး သေးသေး ၂ လုံး ကြီးရင် တစ်လုံးကို သေးသေးလှီးစိတ်ထားပါတယ်။ ပင်စိမ်းရွက် (Basil) ကို ရေဆေးပြီး တစ်ရွက်စီ ထွင်ထားပါတယ်။ သေးသေးလှီးထားလည်း ပိုကောင်းပါတယ်။


ချက်တဲ့ အခါ တစ်မူ ထူးတာကတော့ ကြိတ်ထားတဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီးတွေကို ဆီ အရင်မသတ်ဘဲ ဆီပူထဲကို Seafood တွေ အရင်ထည့်လိုက်ပါတယ်။ Frozen လုပ်ထားတာမို့ ခဏကြာရင် ရေတွေ အများကြီး ထွက်လာပါလိမ့်မည်။ အရည်သွက်သွက်လေး ချက်မှာမို့ စိတ်မပူပါနဲ့။ ခရမ်းချဉ်သီး လှီးထားတာတွေ ထည့်လိုက်ပါတယ်။ အရည်နဲ့မို့ ဆားနည်းနည်း များများထည့်ပါတယ်။ ကြက်သွန်ဖြူ၊ ငရုတ်သီးကြိတ်ထားတာတွေ ထည့်တယ်။ ဆီမသတ်ဘဲ နောက်မှ ထည့်တဲ့ အတွက် ကြက်သွန်ဖြူနံ့ ခပ်ပြင်းပြင်း ငရုတ်သီး ခပ်စပ်စပ် စားရပါတယ်။ ကြက်သွန်ဖြူ အစိမ်းနံ့တော့ မထွက်လို့ အပြင်မှာ စားလည်းရပါတယ်။ ကျက်ခါနီးကျရင် ပင်စိမ်းရွက် အုပ်ပါတယ်။ အရည်သောက်လို့လည်း ရအောင် ကျဲတောက်တောက်လည်း မဖြစ်အောင် အနေအထား ချိန်ပြီး ချက်ပါတယ်။

Frozen ကိုချက်တဲ့ အတွက် ရုံးက ပြန်လာမှ ချက်တာတောင် အစအဆုံး နာရီဝက် မကြာတဲ့ အတွက် အလုပ်များသူတွေ အတွက် သင့်တော်ပါတယ်။ အရသာကတော့ မြန်မာလျှာနဲ့ တည့်ပါတယ်။ ထမင်းနဲ့ မစားဘဲ အီတာလျှံခေါက်ဆွဲ ကြိုက်ရာ စပါဂတ်တီပဲ ဖြစ်ဖြစ် တခြားခေါက်ဆွဲတွေ အထူအပါး အလုံးအပြား ကြိုက်တာနဲ့ စားလည်း ရပါတယ်။

သူမကို ချက်ကျွေးတော့ ကြိုက်ပါ့မလားလို့ ထင်နေတာ သူမက ငယ်ငယ်က စားလေ့ရှိတဲ့ အင်းသားဟင်း တစ်မျိုးဖြစ်တဲ့ ငါးဖယ်ဟင်းနဲ့ တူလို့ အင်မတန်ကြိုက်တယ် ဆိုပါတယ်။ ငါးဖယ်ကို ခြစ်ထားတာ မဟုတ်ဘဲ အကောင်လိုက်ကို အပိုင်းပိုင်းပြီး ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနဲ့ ဆီကျန် ရေကျန်ချက်တာပါ။ အရသာ အတော်လေး ဆင်တယ် ဆိုပါတယ်။ အဲဒီဟင်းကတော့ ငရုတ်သီးတွေ အများကြီး ပိုပါပြီး "စပ်စီးစိမ်းလွှင့်တယ်" လိုတောင် ပြောပါတယ်။ စိပ်စီးစိမ်းဆိုတာ ငရုတ်သီးစိမ်းကို သူတို့ အရပ်မှာ ခေါ်တာပါ။ ပြီးတော့ ပြောသေးတယ်။ ဒီဟင်းက အိမ်ထောင်သက် ၅ နှစ်အတွင်းမှာ ချက်ကျွေးသမျှထဲမှာ အစပ်ဆုံးပါတဲ့။ ဟုတ်လည်းဟုတ်တာပဲ ကျွန်တော်က အစပ်မစားတော့ အဲဒီလောက် စပ်တာ တစ်ခါမှ မချက်ဖူးပါဘူး။



နောက်တစ်မျိုးကတော့ ပုစွန်သုပ်ပါ။ ပုစွန် လတ်လတ်ဆတ်ဆတ်ကို အစိမ်းသုပ်စားလည်း ရပါတယ်။ ပြုတ်ပြီးသား Cooked ပုစွန်ကို သုပ်လည်းရပါတယ်။ ပုစွန်ကို ဆီပူထဲမှာ ခဏလေး လှိမ့်ထားတာကတော့ အမွှေးဆုံးပါပဲ။ ပုစွန် အစိမ်း သုပ်တာကိုတော့ ဓနုဖြူသွားတုန်းက စားသလောက် ဘယ်တော့မှ မကောင်းပါဘူး။ ပုစွန် အစိမ်းကိုတော့ ကြက်သွန်ဖြူထောင်းထားတာရယ် ဆားရယ် နယ်ပြီး သံပုရာသီး တစ်လုံးလုံး ငြှစ်ပြီး တစ်နာရီလောက် နှပ်ထားရပါတယ်။ ပြီးတော့ ပုစွန်တွေကို အတုံးလေးတွေ လက်တစ်ဆစ်ရဲ့ တ၀က်လောက် လှီးပါတယ်။ ကြက်သွန်ဖြူ နည်းနည်းကို သေးသေးလှီးစိတ်ထားပါတယ်။ ကြက်သွန်နီ တစ်ဥကို ခပ်ပါးပါးလှီးထားပြီး ပဲကြာဆံ တစ်ထုံးကို ရေနွေးဖျောထားပါတယ်။ ငရုတ်သီးစိမ်း ၄-၅ တောင့်ကို လှီးထားပါတယ်။ ပြီးရင် အားလုံးရောနယ် ဆားနည်းနည်းထည့်ပြီး သုပ်ပါတယ်။ ယိုးဒယားစတိုင် လိုချင်ရင် သကြားလေး နည်းနည်း ထည့်ရပါတယ်။ နံနံပင်ဖြစ်ဖြစ် ပင်စိမ်းဖြစ်ဖြစ် ရှောက်ရွက်ဖြစ်ဖြစ် အုပ်ပြီး စားလို့ ရပါတယ်။ ပုစွန်ချဉ်နဲ့ မတူလှပေမယ့် အလွမ်းပြေတော့ စားလို့ရပါတယ်။ အဆီနည်းလို့ ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။



နောက်တစ်ခုကတော့ သူမရဲ့ လက်ရာ ပုစွန်ဖွဲခြောက်ကြော်ပါ။ ပုစွန်ဆိတ်သေးသေးလေးတွေကို အခြောက်ခံထားတဲ့ အထုပ်တွေ ၀ယ်လို့ ရပါတယ်။ အမှိုက်တွေ မပါဘဲ သန့်သန့်ရှင်းရှင်း အခြောက်ခံထားလား ကြည့်ဝယ်ဖို့တော့ လိုပါလိမ့်မယ်။ ချက်နည်းကလည်း လွယ်ပါတယ်။ ကြက်သွန်နီ ဆီချက်ချက်ပါတယ်။ ကြက်သွန်နီတွေ လိုချင်တဲ့ အရောင် ရပြီဆို ဆယ်လိုက်ပါတယ်။ မီလျှော့ထားပြီး ဆီပူတွေ ချန်ထားပါတယ်။ ဆီပူထဲကို ငရုတ်သီး အကြမ်းမှုန့်တွေ ထည့်ပါတယ်။ ညှော်ပါမည်။ ချက်ချင်းပဲ ပုစွန်ဖွဲအခြောက်လေးတွေထည့်ပါတယ်။ ငံပြာရည် နည်းနည်းလောင်းထည့်လိုက်ပါတယ်။ နည်းနည်းနှံ့အောင် ငံပြာရည်ကျက်အောင် မီးနည်းနည်းနဲ့ ကြော်ပါတယ်။ အရသာပါအောင် အချိုမှုန့် နည်းနည်း ဒါမှမဟုတ် ကြက်သားမှုန့်နည်းနည်းတော့ ထည့်ရပါတယ်။ တအောင့်နေရင် ဆယ်ထားတဲ့ ကြက်သွန်နီကြော်တွေ ထည့်မွှေပါတယ်။ နှံအောင်မွှေပြီးရင် ပုစွန်ဖွဲခြောက် အစပ်ကြော်ရပါပြီ။ ငါးပိကြော်တွေ ငံပြာရည်ချက်တွေလို ခပ်ပြင်းပြင်း အကြော်တွေကို ငြီးငွေ့လာရင် ခပ်ရွရွ ပုစွန်ဖွဲခြောက်ကြော်လေးကို ပြောင်းပြီး ကြော်စားကြည့်ပါ။ ဆီလေး ပဲငံပြာရည်လေးနဲ့ပဲ မွှေထားတဲ့ ထမင်းကြော်နဲ့ စားလို့ လိုက်ဖက်ပါတယ်။

အခြားပုစွန်ဟင်းများ

 

 

 

14 comments:

ရွှန်းလဲ့ - 4/15/10, 10:52 PM

စမ်းကြည့်အုံးမယ် ရုံးပိတ်ရက်ကျရင်...ကျေးဇူးတင်ပါတယ်.... :)

Phyo Evergreen - 4/15/10, 10:53 PM

ပုဇွန်ဆိုရင်တော့ အစိမ်းမကြိုက် ဘူးဗျ..။ အနံ့မရှိဘဲ.ဟင်းခတ်များများနဲ့ တူးရင်တူးနေပစေ ကျက်နေအောင်ချက်ထားမှကြိုက်တာဗျို့..။
ပုဇွန်ကို သရက်သီးသနပ်နဲ့ မဆလာနဲ့ အရည်စပ်စပ်ချက်တာကိုအကြိုက်ဆုံးဘဲ. ပုဇွန်ကဏန်းဟင်းခေါ်လားမသိဘူး...။

တန်ခူး - 4/15/10, 11:24 PM

ပုဇွန်သုတ်လေးက ထမင်းမြိန်မယ့် ပုံလေးနော်… ကိုအန်ဒီတို့ များ ရှေ့ သွားနောက်လိုက်ညီပါ့… ပုဇွန်ကို တခါတလေ ဘယ်လို လုပ်စားရမှန်းမသိတော့ ခုလို နည်းအသစ်လေးတွေ ဝေမျှပေးတာ ကျေးဇူးပါ

မိုးဦးစံပယ် - 4/16/10, 1:52 AM

ကိုအန်ဒီ့ပိုစ့်ကိုဖတ်ပြီးမှ "စပ်စီးစိမ်းလွှင့်" ချက်စားဖို့ သတိရသွားပြီ။ စပ်စီးစိမ်းလွှန့် နဲ့ ပဲသီးပြုတ်၊ ဟင်းရွက်ပြုတ်နဲ့ကပ်စားလိုက်ရရင်..တွေးရုံနဲ့ လျှာရည်လည်သွားပြီ။

yanmyo - 4/16/10, 1:53 PM

ကြည့်ရင်းဖတ်ရင်း ဗိုက်ဆာလာတယ်ဗျာ..၊

Myitchaythu - 4/16/10, 3:33 PM

Thanks for your recipe:)

Anonymous - 4/16/10, 11:45 PM

စပ်ဆီးစိမ်းလွှင့်နဲ့ ပျဉ်းတော်သိန်ရွက်နဲ့ ကပ်စားရင် ကောင်းမှကောင်း...
ငါးဖယ်နဲ့ဆို ပိုကောင်းတယ်
အိမ်ကို သတိရသွားပြီ

ချစ်ကြည်အေး - 4/17/10, 2:54 PM

ပထမဆုံးဟင်းခွက်လေးကို စိတ်ဝင်စားတယ် ကိုအန်ဒီရေ...ကိုယ်တိုင်ချက်လေ့ရှိတယ် ဆိုတော့ အမျိုးသမီးကံ ကောင်းတာပေါ့၊ ချက်ကြည့်ပါအုံးမယ်...:)

လသာည - 4/18/10, 12:45 PM

ပြည်ကြီးငါးနဲ့ ပုဇွန်တွဲချက်တာလေးကို အရမ်းကို သဘောကျတယ်.. စားကောင်းမယ့်ပုံလေးပဲ..။
ပုဇွန်အစိမ်းစားတဲ့ပွဲလေးလည်း စားချင်စရာပဲ.။. ဂျပန်လူမျိုးတွေက ငါးအစိမ်း၊ ပုဇွန်အစိမ်းကို စားကြတော့ ဒီရောက်တော့ စမ်းစားဖြစ်တယ်။ စားရင်းက ကြိုက်သွားတာ.. အခုဆို တစ်လတစ်ခါကို စားချင်နေတယ်..။

ပုံတွေကြည့်ပြီး ဗိုက်ဆာသွားတယ်း))

Anonymous - 4/19/10, 1:27 PM

Bro


how to call ငါးဖယ် in English?
I want to buy it from market.

Thank

Anonymous - 4/23/10, 12:38 AM

Nga Phe is called "Featherback Fish".

Anonymous - 4/23/10, 12:52 PM

အောက်က လင့်မှာ မြန်မာငါးတွေ အကြောင်း ရေးထားတယ်

http://www.myanmardotcom.com/MyanmarMarine.aspx

Andy Myint - 4/23/10, 1:41 PM
Thanks.. this is useful for us too
ဂျာမုန်းဒန် - 4/28/10, 5:57 AM

အားပါးပါး..ကောင်းလိုက်တာ။
အားလုံးဂွတ်ကောင်းပဲဟေး။
ဂျာမုန်း

Post a Comment

Many thanks for dropping a comment…

Film