Thursday, May 06, 2010

ကိုယ်တစ်လုံးနဲ့ ကိုယ်အမျိုးမျိုး

သူမက ခင်မင်ပြီး သူ့ထက် အသက်သို့မဟုတ် ၀ါကြီးတဲ့ သူတွေနဲ့ စကားပြောတဲ့ အခါ သူ့ကိုသူ "ကျွန်တော်" ဆိုတဲ့ နာမ်စားကို သုံးတတ်လို့ မန္တလေးသူလည်း မဟုတ်ဘဲနဲ့ ဘာလို့များ ဒီလို ပြောရသလဲလို့ ကျွန်တော်က မေးတဲ့အခါ "ကျမ (ကျွန်မ)" လို့ မသုံးချင်လို့လို ပြောပြပါတယ်။ သူမပြောတာ ကျွန်တော်နားလည်ပါတယ်။ "ကျမ" ဆိုတဲ့ နာမ်စားက အရပ်ဆန်သလို စကားပြောတဲ့ တစ်ခါတစ်လေမှာလည်း နည်းနည်း ပြတ်သလိုလို ရိုင်းသလိုလို ခံစားရနိုင်ပါတယ်။ "ကိုယ်" ဆိုတဲ့ နာမ်စားနဲ့ စာရင်တော့ "ကျမ"က အထက်တန်း မဆန်ဘူးလို့ ပြောမယ်ဆို ငြင်းချင်လည်း ငြင်းနိုင်ပါတယ်။ "ကိုယ်" ဆိုတာက အထက်စီး ဆန်တယ်လည်း ခံစားရနိုင်လို့ သူမက မသုံးချင်ဘူးလို့လည်း ပြောပြပါတယ်။

ကျွန်တော်ငယ်ငယ်လေးကတည်းက အမေနဲ့ ခင်တဲ့ ဆရာဝန်မ တစ်ယောက်က သူ့ကိုယ်သူ "ကိုယ်" နဲ့ပြောတာ အမြဲလိုလို ကြားခဲ့ရတော့ "ကိုယ်"လို့ ပြောရင် လူက အလိုလိုကို အထင်ကြီးနေတော့တယ်။ "ကိုယ်ကလေ... " "ကိုယ်တို့တွေ..." လို့ ပြောတာ ပညာတတ်မှ ပြောတာလို့ အစွဲကြီး စွဲပြီး အဲဒီလို ပြောတဲ့သူနဲ့တွေ့ရင် ပညာတတ်ပဲ ဖြစ်မှာဆိုတာ စိတ်ထဲမှာ မှတ်ထားတော့တယ်။ ၁၀တန်း ရောက်တော့လည်း ကျူရှင်မှာ ဆရာမတစ်ယောက်က နိုင်ငံခြား တက္ကသိုလ်တစ်ခုက ဒေါက်တာဘွဲ့ရ တစ်ယောက်နဲ့ သင်ရတော့ သူက ကျွန်တော်တို့လို ကျောင်းသားလေးတွေနဲ့ စကားပြောရင် "ကိုယ်ကလေ" ဆိုပြီး ပြောတာကို အရမ်း သဘောကျခဲ့တယ်။

အရမ်းကို ခင်ရတဲ့ အပေါင်းအသင်းထဲမှာတော့ ဒီလို ပြောတာမျိုး မရှိဘဲ "နင်" နဲ့ "ငါ" နဲ့ပဲ ပြောကြပေမယ့် တစ်ခါတစ်လေတော့လည်း "ကိုယ်" လို့ ပြောတတ်တဲ့ ကောင်မလေးတစ်ယောက်လား နှစ်ယောက်လားနဲ့တော့ ခဏတဖြုတ် ကြုံဖူးပါတယ်။ အရွယ်ရောက်တဲ့ အချိန်ကျမှ မြန်မာ အသိုင်းအ၀ိုင်းကြားမှာ အပြည့်အ၀ မနေရတာကလည်း "ကိုယ်"လို့ ပြောတတ်တဲ့ သူတွေနဲ့ ကြုံဖို့အရေး နည်းပါးသွားတာပါ။

အမျိုးသမီး ဘလောါဂါတွေများတဲ့ မြန်မာ ဘလော့တွေပေါ်မှကျတော့မှ "ကိုယ်" တွေကို ပြင်ပလောကမှာထက် တွေ့နေရပါတော့တယ်။ အမျိုးသား ဘလော်ဂါတွေကတော့ ရှင်းတယ်။ "ကျနော်" နဲ့ "ကျွန်တော်" ကသာ အားလုံးနီးပါး ရှိပါတယ်။ အမျိုးသမီးတွေကတော့ "ကျမ/ကျွန်မ"နဲ့ "ကိုယ်" အချိုးအစားက မတင်မကျ ရှိလာပါတယ်။ "ကျမ/ကျွန်မ" လို့သုံးပေမယ့် အင်မတန် သိမ့်မွေ့တဲ့ စာတွေ၊ အင်မတန်မှ ဖတ်ရတာ နူးညံ့တဲ့ စာတွေလည်း ရှိနေတော့ ဂျူးရဲ့ "ကျွန်မ" လွန်းထားထားရဲ့ "ကျွန်မ" တို့ထက် အင်မတန် မိန်းမ၊ အိမ်ထောင်ရှင်မ၊ မိခင်ဆန်တဲ့ "ကျမ/ကျွန်မ"တွေ နုနုရည်(အင်းဝ)ရဲ့ "ကျွန်မ" ဇာတ်ကောင်တွေထက် ဘ၀မှာ အများကြီး ကံကောင်းတဲ့ "ကျမ/ကျွန်မ"တွေ တွေ့လာရပြီး ကျွန်တော့်အတွက် "ကျမ/ကျွန်မ" နာမ်စားက အများကြီး နူးညံ့လာပါတယ်။ အရပ်ဆန်ဆန်ကိုပဲ ပိုပြီး ထဲထဲဝင်ဝင် ရှိလာတော့မှ နားလည်မှုတွေ ပိုပေးလာနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ "ကျမ/ကျွန်မ" လိုဆိုတဲ့ ပညာမတတ်တာတွေ၊ စိတ်ကြီးဝင်တာတွေ၊ ယဉ်ကျေးမှု ခေါင်းပါးတာတွေ၊ အရိုးဆန်တာတွေ တွေ့လာရတော့ အဲဒီ နာမ်စားအပေါ်မှာ (Sir နဲ့ Mr လို့) သတ်သတ်မှတ်မှတ် ခွဲခွဲခြားခြား မရှိတော့ဘဲ အထွေအထူး မခံစားရတော့ပါဘူး။

"ကိုယ်" ဆိုတဲ့ နာမ်စား အပေါ်မှာတော့ နည်းနည်း Particular ဆန်နေပါသေးတယ်။ အစမှာတော့ "ကိုယ်" လို့ ကိုယ့်ကိုယ်ကို သုံးတတ်တဲ့ ဘလော့ဂါ တစ်ယောက်က ကျွန်တော့်ဖတ်ခဲ့ရတဲ့ စာတွေ၊ တွေ့ကြုံခဲ့ရတဲ့ သူတွေထဲမှာ အနူးညံ့ဆုံး "ကိုယ်" ပါပဲ။ သူရဲ့စာတွေက အင်မတန်မှ သိမ်မွေ့တယ် မဆိုချင်ပေမယ့် အင်မတန်မှ သန္တရသ ပေးနိုင်စွမ်းတယ်။ ရေခဲမုန့် ချောကလက် အကောင်းစား စားလိုက်ရသလို လူကို ပျော်ရွှင်စေပြီး ဖတ်နေတဲ့ အချိန်တောက်လျှောက် ကြည်နူးစေပါတယ်။ ဒီလိုကြောင့်လည်း စာဖတ်သူအပေါင်းရဲ့ အားပေးမှုကို ခံရပြီး သူ့ရဲ့အောင်မြင်မှုကပဲ ဘလော်ဂါတွေကို "ကိုယ်" ဆိုတဲ့ စကားလုံး သုံးဖို့ အကြောင်းဖန်လာသလား အမျိုးသမီးတွေကပဲ "ကိုယ်" ဆိုတာ သုံးတတ်လို့လားတော့ မသိ၊ နောက်ပိုင်းမှာ "ကိုယ်" တွေ အတော် ထွက်လာပါတယ်။

စင်္ကာပူမှာ နာမည်ကြီးခဲ့တဲ့ ဘလော့တစ်ခုက သူ့စာတွေကို Email တွေနဲ့ ပို့ကြတာ စာအုပ်တွေမှာ စာရေးတဲ့ လူတစ်ယောက်ဆီကို ရောက်သွားပါတယ်။ အဲဒီ Post က သွားရင်းလာရင်း တွေးတောမိတဲ့ အကြောင်းကို ရေးထားတာ ဖြစ်ပြီး အဲဒီ Post ထဲမှာ "ကိုယ်" ဆိုတဲ့ နာမ်စား သုံးထားပါတယ်။ ဘလော့တွေ သိပ်မဖတ်တတ်တဲ့ အဲဒီလူက ကျွန်တော်နဲ့ စကားပြောဖြစ်တော့ အဲဒီစာအကြောင်း ဆွေးနွေးရင်း သူက အဲဒီ စာရေးဆရာမ (သူကတော့ ဘလော်ဂါလို့ မသုံးတတ်တော့ အဲဒီလိုပဲ ပြောပါတယ်) ဆိုးတော့ မဆိုးဘူး။ ဒါပေမယ့် အတွေးအခေါ်က ဘယ်နားမှာ ဘယ်လို ဘယ်နားမှာ ဘယ်လိုဆိုပြီး ကျွန်တော့်ကို ရှင်းပြပါတယ်။

တကယ်တော့ အဲဒီဘလော့က ယောက်ျားက အမည်ခံရေးပေမယ့် ဘလော့ တစ်ခုလုံးမှာ "ကျွန်တော်"တွေ "ကိုယ်" တွေနိုင်အောင် မထိန်းနိုင် ဖြစ်နေပါတယ်။ ပို့စ်တစ်ခုထဲ ဖတ်မိတဲ့ စာရေးဆရာကတော့ ဒီဟာကို ရေးထားတာ အမျိုးသမီးပဲလို့ တထစ်ချ မှတ်ပြီး ကျွန်တော့်ကို လာဆွေးနွေးနေတော့ ကျွန်တော်က စာအကြောင်းပဲ ဆွေးနွေးပြီး ဒီထက်ပိုပြီး မပြောချင်တော့တာနဲ့ အဲဒီ စကားပွဲလေးက အိုးနင်းခွက်နင်းပါပဲ။ အဲဒီ ပို့စ်မှာလည်း "ကိုယ်"အပြင် အမျိုးသမီးတစ်ယောက်ရဲ့ ခံစားချက်တွေ၊ အမြင်တွေပါနေတာလည်း ဖြစ်လို့ ဒီစာဖတ်ပြီး စကားပြောဖြစ်တဲ့ စာရေးဆရာရဲ့ အတိမ်အနက်ကောက်ပုံကို အဲဒီဘလော့ရဲ့ သတိလစ်မှုတွေကို လေ့လာမိပါတယ်။

"ကျမ/ကျွန်မ" နဲ့ အများကြီးဆင်လှတဲ့ "ကိုယ်" တွေကတော့ အများစုပါပဲ။ အဲဒီ နာမ်စားကြောင့် စာဖတ်ရတာ မထောက်စေတာ၊ စာတစ်ပုဒ်လုံးရဲ့ လမ်းကြောင်းကို တခြားဖက် မဆွဲသွားတာ၊ အထွေအထူး ခံစားချက် မပေးတာ တွေပါ။ ဖြစ်သင့်ပါတယ်။ တကယ်တော့ အဲဒီလို နာမ်စားတစ်ခုက စာတစ်ပုဒ်လုံးကို ဖြစ်ဖြစ် စာဖတ်သူကိုဖြစ်ဖြစ် သြဇာသက်ရောက်စေတာ (မလိုအပ်ရင်) မဖြစ်သင့်ဘူးလို့ စာဖတ်သူ တစ်ယောက်အနေနဲ့ ထင်ပါတယ်။ "ကိုယ်" ကိုလိုအပ်လို့ သုံးတာလား၊ သုံးနေကျမို့ သုံးတာလား၊ စတိုင်နဲ့ သုံးတာလား၊ ကိုယ့်ကိုယ်ကို ဆွဲတင်ဖို့ သုံးတာလား စာဖတ်တဲ့ သူတွေက သိလျက်နဲ့ ဖြစ်စေ မသိတသိဖြစ်စေ ခံစားရစေပါတယ်။ စာကို သီအိုရီဆန်ဆန် ရေးတတ်တဲ့ ခုနင်ကလို စာရေးဆရာများကတော့ "ကိုယ်" ဆိုတဲ့ စကားလုံးရဲ့ သက်ရောက်မှုကို ပိုသိမယ် ထင်ပါတယ်။

ကိုယ်သိ ကိုယ်တတ် "ကိုယ်" ကိုလည်း ကြုံရပါတယ်။ ကိုယ်က ဘယ်လောက် သိကြောင်း ဘယ်လောက် ဖတ်ကြောင်း ကိုယ့်ရဲ့ အတွေးအခေါ်တွေ ကိုယ့်ရဲ့ အဆင့်အတန်းတွေက ဘယ်လို၊ ကိုယ်က ဘယ်လို ကြုံခဲ့တာ ကိုယ်က ဘယ်လို လုပ်ခဲ့လိုက်တာတွေမျိုး စသည် စသည်။ အစကတည်းက "ကိုယ်" နဲ့ ကိုယ့်ကိုယ်ကို မောင်းတင်လာပြီး "ကိုယ်"ရည်မွှန်းတဲ့ စာတွေကိုလည်း တခြား ပရိတ်သတ်ကတော့ မသိ ကျွန်တော်က အဲဒီစာတွေကို ဖတ်ပေမယ့် အဲဒီဘလော်ဂါ အပေါ်မှာတော့ အထင်ကြီးခြင်း အကောင်းမြင်ခြင်း ကြိုးစား ထားကြည့်သော်ငြား ဘယ်လိုမှ မအောင်မြင်ပါ။ ဘလော့တွေပေါ်မှာ ကိုယ်ရည်သွေးကြတာ ကျွန်တော်ကိုယ်တိုင် မပါဘူးလို့ မငြင်းနိုင်ပါဘူး။ ဒါပေမယ့် နည်းနည်းတော့ စာဖတ်သူ လက်ခံနိုင်အောင် ဖြစ်စေချင်ပါတယ်။

တကယ်တော့ ကျွန်တော်ဟာ နာမ်စား တစ်ခုရဲ့ လွှမ်းမိုးမှုကို မခံရသင့်ပါဘူး။ "ကျမ/ကျွန်မ" လို့ သုံးထားရင် ဘလော့ရေးသူ နာမ် သို့မဟုတ် စာရဲ့ အကြောင်းအရာကိုသာ အလေးပေးသင့်သလို "ကိုယ်" ဆိုတဲ့ နာမ်စားက စာရေးသူ နာမ်ကို လွှမ်းမိုးသွားလို့ ကျွန်တော်လို့ စာဖတ်သူရဲ့ စိတ်/ကောက်ချက်ကို မဆိုင်တဲ့ တခြားဖက်ကို ဆွဲချသွားစေတာ ကျွန်တော့်ရဲ့ လိုအပ်ချက် တစ်ခုလည်း ဖြစ်နိုင်ကောင်းပါတယ်။ "ကိုယ်" နာမ်စား သုံးသုံး "ကျွန်မ" နာမ်စား သုံးသုံး စာရေးသူ နာမ်ရဲ့ ပေးချင်တဲ့ Message ကိုသာ ယူဖို့ စာဖတ်သူ တစ်ယောက်အနေနဲ့ ကြိုးစားရဦးမှာ ဖြစ်သလို နာမ်စား တစ်ခုကြောင့် စာဖတ်သူတွေရဲ့ လမ်းကြောင်း မပြောင်းသွားအောင်လည်း ဘလော့ရေးနေသူ တစ်ဦးအဖို့ ဆင်ခြင်ရပါဦးမည်။ ။

တခြားဖတ်ရန်
Context
တိမ်လာတဲ့ အနက်

35 comments:

Mon Petit Avatar - 5/6/10, 1:26 AM

What a sensational post. I am still asking myself what kind of pronoun I would use, and more importantly what kind of person I am.

သိင်္ဂါကျော် - 5/6/10, 1:38 AM

ကျွန်မ ဆိုတဲ့ နာမ်စားက မိန်းမဆန်လွန်းလို့ မသုံးချင်တာမျိုးလည်း ရှိမှာလေ..။ ကျွန်တော် ဆိုတာကိုတော့ မန္တလာသူ မဟုတ်လည်း ပြောကြတာ များပါတယ်..။ စကားပြောတဲ့ အခါ ကျွန်တော် လို့ ပြောပေမယ့် စာရေးတဲ့ အခါ သုံးရင် မသိတဲ့လူက ယောက်ျားလေး လို့ ထင်မှာစိုးရတယ်။ အဲဒီတော့ နာမ်စား ရွေးလိုက်တဲ့ အခါ တို့ ဒါမှမဟုတ် ကိုယ် ဆိုတာတွေ ဖြစ်ကုန်တယ်လို့ ထင်တာပဲ..။

Anonymous - 5/6/10, 1:39 AM

Use of "ကိုယ်' by Ma Moe Cho Thin- very lovely, gentle and adorable because she is humble and she never seems to be so much proud of her status or knowledge.

I also came across with Rita on Ma KOM's cbox and read some posts at her blog, and I feel that girl is trying to show off herself, how much she read great books, and how much she's capable , how much her thinking skill is high, and she seems to regard her blog readers as the dumb ones, who are inferior to her in terms of knowledge or reading skills. In that case, the use of "ကိုယ်'may become disgusting, thats what I honestly feel so.

For Ma KOM, even if she use "ကိုယ်', due to her sincerity and simplicity, its still very lovely, and thats why most of her blog readers like her much.

Kay - 5/6/10, 2:06 AM

အယ်... ကိုယ် လည်း.. ကိုယ်ပဲ ထင်တယ်.. ပြန်ပြေးကြည့်လိုက်အုံးမယ်..။း)

TZA - 5/6/10, 2:12 AM

ကျွန်ုပ်မျက်စိလည်သွားလေပြီ၊ I လိုက်လျှင်ကိစ္စမပြတ်လော။

Anonymous - 5/6/10, 2:30 AM

ပုံမှန်ဖတ်နေတာကြာပြီဆိုပေမဲ့ ပထမဆုံးမှတ်ချက်ရေးတာပါ။ သဘောကျလွန်းတာရော ကိုယ်အတွေးကိုယ်အမြင်ကလည်း ကိုယ်စားပြောနေသလို ကိုယ်ကခံစားမိတာရောနဲ့ :) ။ ကိုအန်ဒီညွှန်းတဲ့ သန္တရသပေးနိုင်စွမ်းတဲ့ဆိုတဲ့ စာရေးသူကိုလည်း (ကျနော့်အထင်မမှားဘူးဆိုရင်ပေါ့)ဘယ်သူဆိုတာ ရိပ်စားမိပါတယ်။မြန်မာဘလော့ဂ်လောကမှာ ပထမဆုံး "ကိုယ်"ကို အများဆုံး အတွင်ကျယ်ဆုံး စသုံးသူ(ဆောရီး..သူ့နကိုယ်ကိုက အဲ့ဒီလိုပြောလေ့ရှိပုံရပါတယ်)ပဲလို့ ထင်တာပဲ။ စဦးပိုင်းကတော့ အဲ့ဒီ ကိုယ် ဆိုတဲ့အသုံးကို ခံစားလို့မရတာကလွဲရင် သိပ်ဖတ်ကောင်းတဲ့ ဘလော့ဂ်ဆိုပြီး ပုံမှန်သည်းခံပြီး ဖတ်ဖြစ်ပေမဲ့ နောက်ပိုင်း ဘယ်လိုမှ မခံစားနိုင်တော့လို့ မဖတ်ဖြစ်တော့တဲ့အထိအောင်ပါပဲ။ ကိုအန်ဒီပြောသလိုပဲ သူကစလို့နောက်ပိုင်းမှာ နကိုယ်က မကိုယ်တဲ့သူတွေတောင် တကိုယ်တည်းကိုယ်လာကြတာကိုလည်း သတိထားမိပါတယ်။ အဲ့ဒီ ကိုယ် ဆိုတဲ့ အသုံးအနှုံးကြီးက နည်းနည်း စီးပိုးသလိုလို တင်စီးသလိုလို ဘယ်လိုကြီးမှန်းမသိ အီတီတီအောင့်သက်သက်ခံစားရလို့ပါ။(ကိုယ့်တဦးတည်းအမြင်သာဖြစ်ကြောင်း)။ ကိုအန်ဒီ ပြောသလိုပါပဲ။ ကိုယ် ကို ကိုယ့်အကြိုက်မကိုက်လို့ မဖတ်ဖြစ်လိုက်တဲ့စာကောင်းတွေကိုနှမြောလို့ ကိုယ်တိုင်မရေးတတ်မရေးနိုင်တဲ့အကြောင်းကိစ္စတွေကို ရေးပေးနေတဲ့ ကိုယ်တချို့ရဲ့စာတွေကို သူသူကိုယ်ကိုယ်ဖတ်ကြသလို ကိုယ်ရောစိတ်ပါ ဖတ်နိုင်ဖို့ ကိုယ့်ကိုယ်ကို ဖျောင်းဖျမိပါတယ်။ ကျေးဇူးပါ ကိုအန်ဒီရေ။
*တခါမှမရေးဖူးပေမဲ့ ဒီမှတ်ချက်ကို ကိုယ်ထူကိုယ်ထ ကိုယ်တိုင်ကိုယ်ကျ ရေးသွားပါကြောင်း*
ကိုအန်ဒီတို့ မိသားစု ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာပါစေကြာင်း။။။။။

Anonymous - 5/6/10, 2:39 AM

စာကြွင်းပါခင်ဗျ။ ကိုယ်တချို့ကိုပဲ ဆိုလိုတာပါ။ ကိုယ်တိုင်းတော့ မဟုတ်ဘူးပေါ့။ တချို့များ ကိုယ်လို့ တခါတလေသုံးပေမဲ့ မလွတ်တမ်းဖတ်နေရတဲ့သူတွေရှိတာကိုး။ မကေရေ..ပြန်ပြေးမကြည့်နဲ့ခင်ဗျာ။မကေရဲ့ ပရိတ်သတ်ပါပဲ။ မကေရဲ့ကိုယ်တွေကတော့ အေးဆေးပါ။ ဒီလိုလေ..စာတပုဒ်ရေးလို့ စာလုံးရေ ၃၀၀ မှာ ကိုယ်ကချည်း ၅၀ လောက်ပါတဲ့သူမျိုးဆို ပိုအညင်ကပ်တာမျိုး ဖြစ်မိတာရယ်ပါ။နောက်ဆိုရင်တော့ ဘယ်ကိုယ်မဆို ဖတ်နိုင်အောင်ကျင့်ယူရမှာပေါ့။ ဖတ်ချင်တာကိုးဗျ ။

johnmoeeain - 5/6/10, 3:39 AM

eek...
ကိုယ်ကိုယ့်ကိုတောင် တော်တော် ပြန်စဉ်းစားနေမိပါတယ်...။
ကျွန်မလို့ တစ်သက်လုံး မသုံးခဲ့တာကတော့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကြောင့်ရော ပင်ကိုယ်စရိုက်ကြောင့်ဖြစ်မယ်...။
ခုတော့ နာမ်စားတစ်ခုကို ပြန်တွေးပြီး အဖြေရှာနေမိတယ်....။
အတွေးလေးတွေ ရခဲ့ပါတယ်...။ 10Q :)

ZT - 5/6/10, 3:57 AM

တိုက်တိုက်ဆိုင်ဆိုင် မနေ့ကပဲ အဲဒီ စင်ကာပူက နာမည်ကြီးတဲ့ သန္တရသ ပေးတယ် ဆိုတဲ့ ဘလော့ခ်အကြောင်း ဆွေးနွေးဖြစ်တယ်။ (ကျွန်တော်တို့ ရည်ညွှန်းတာ ဘလော့ခ်တစ်ခုတည်းပဲ ထင်ပါရဲ့။) ကျွန်တော် ညွှန်းလိုက်လို့ အဲဒီဘလော့ခ်ကို ဖတ်လာတဲ့ မိန်းကလေး တစ်ယောက်က ရေးတဲ့သူက မိန်းကလေး ဖြစ်ရမယ်လို့ ပြောလိုက်လို့ ကျွန်တော် အံ့အားသင့်သွားတာ အမှန်ပဲ။ အ တယ် ပြောလည်း ခံရမှာပဲ။ ကျွန်တော် သူ့ဘလော့ခ်ကို မွှေနှောက်ဖတ်ဖူးပေမယ့် မရိပ်မိတာ အမှန်ပဲ။ တခြားသူ ပြောမှပဲ သတိထားမိတော့တယ်။ :D

Moe Cho Thinn - 5/6/10, 9:17 AM

ကိုအန်ဒီတော့ analysis တွေ လုပ်နေပြီဟေ့။ ကြောက်လိုက်တာ..

ပုံ
"ကိုယ် သုံးမိသူ တဦး"

Rita - 5/6/10, 11:08 AM

စရေးတော့ ကျွန်မ၊ နောက်တော့ ကိုယ်။

ဘာလို့လဲ ဆိုတော့ ဘလော့မှာ စာစရေးတုန်း ရွေးလိုက်မိပေမဲ့ အပြင်မှာ တကယ်မသုံးတဲ့ နာမ်စားမို့ နောက် ရေးရတာစိတ်မပါတာနဲ့ အပြင်မှာ များများသုံးဖြစ်တဲ့ နာမ်စား ပဲ ပြောင်းသုံးလိုက်တော့တာ။ ဒါပေမဲ့ ဘလော့တွေမှာ comment ရေးရင်တော့ ကိုယ့်ထက် အသက်သိသိသာသာစီနီယာကျမယ်လို့ ထင်ရင် ကျွန်မနဲ့ပဲ ဂရုစိုက်ရေးမိ ပြန်မိပါတယ်။

ဒါပေမဲ့ တခြားစာရေးသူတွေ ဘယ်လိုနာမ်စားသုံးတယ် ဆိုတာကိုတော့ စာဖတ်ချိန်မှာ သတိမထားမိဘူး။ မဖတ်တဲ့အချိန်မှာ ဘယ်ဘလော့ဂါကတော့ ဘာနာမ်စားနဲ့ရေးလဲ ဆိုတာ ဖျတ်ခနဲစဉ်းစားလိုက်လဲ ပေါ်လာမယ် မထင်မိဘူး။ တယောက်စ နှစ်ယောက်စ ကလွဲလို့။

ပြီးခဲ့တဲ့ ၁ရက် ၂ရက်ကတင် နာမ်စားတွေ အကြောင်းရေးမလို့ အတွေးရနေသေးတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဒီ post ဖတ်ရတော့ အတော် စိတ်ဝင်စားမိတယ်။ ကိုယ့်ဘာသာဆိုရင်တော့ ဒီလို အာရုံခံစားမှုကောင်းကောင်းနဲ့ ရေးနိုင်မယ် မထင်မိပါဘူး။ ကျွန်မ ရေးဖို့ စဉ်းစားမိတယ် ဆိုတဲ့အကြောင်းကလဲ ကိုယ့်ဘာသာ သုံးလာဖြစ်တဲ့နာမ်စားတချို့အကြောင်းပါပဲ။

ဒါနဲ့ ကိုအန်ဒီ ရော ကိုဇက်တီရော ပြောသွားတဲ့ ယောက်ျားနာမည်ခံထားပေမဲ့ မိန်းမရေးတာဖြစ်နိုင်တဲ့ ဘလော့ဆိုတာ ခုထိစဉ်းစားလို့ မရသေးဘူး။

စန္ဒကူး - 5/6/10, 11:21 AM

ကိုအန်ဒီပြောမှ ပြန်စဉ်းစားမိတယ်.
ကူးတော့.. အဆင်ပြေတာသုံးလိုက်တာဘဲ..
စာရေးလဲစကားပြောသလိုရေးမိတော့ သုံးနေကျကိုယ့်နာမည်ကိုယ် ပြန်သုံးမိတာများတယ်.. ဒါပေမယ့်အချို့နေရာတွေတော့ ကျွန်မ လို့ သုံးမိတယ်.. ကိုယ်... လို့သုံးဖို့တော့ တစ်ခါမှစိတ်ကူးမရဘူး။ (ကိုယ့်ကိုကိုယ်၊ ဆိုတဲ့စာကြောင်းတွေကလွဲလို့)
အပေါ်စီးဆံနေမလားလို့ ထင်မိတာပါ.. တစ်ကယ်တော့ ကိုယ် လို့သုံး ထားတဲ့သူတွေရေးတဲ့စာဖတ်မိရင်လဲ သဘောကျမိတယ်။ ပိုရင်းနှီးပွင့်လင်းတယ်လို့ခံစားရတယ်။ ကျွန်မကသာမသုံးချင်တာပါ သူများသုံးရင်တော့ သဘောကျတယ်။ ပီးတော့ သူတို့တွေက ၀ါရင့် စာရေးသူ သို့ အသက်အရွယ် ၀ါရင့်သူတွေ ဖြစ်မယ်လို့ စိတ်ထဲမှာ ဖတ်တိုင်းထင်မိတာဘဲ။

Rita - 5/6/10, 11:35 AM

အပေါ်က (Anonymous - 5/6/10 1:39 AM) ကိုတော့ တခုလောက် ပြောချင်ပါတယ်။ ရေးချင်ရင် ကိုယ့်ဆီ တိုက်ရိုက် လာရေးတာ ပိုမကောင်းဘူးလား။ လိုအပ်တယ်ထင်လို့ comment moderate လုပ်ထားပေမယ့် ကိုယ့်ဘလော့မှာ ဒါမျိုးလာရေးလို့လည်း မတင်ပေးဘဲနေမှာ မဟုတ်ပါဘူး။

ကိုယ့်ဆီမှာ အဖက်လုပ်လို့ လာမရေးချင်လို့ပေါ့ ဆိုရင်လည်း ဒီမှာတော့ မရေးသင့်ဘူးလို့ ထင်တယ်။

ခုတော့ ကြားထဲက ဘလော့ပိုင်ရှင်ကို ကြားညပ်သွားစေနိုင်တဲ့ comment မျိုးကြီး ဖြစ်နေတယ်။ ဖတ်ရတာ ကိုအင်ဒီကို အတော် မျက်နှာပူမိပါတယ်။

ခုလောလောဆယ်ကိုပဲ ဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေ အကြောင်း ဟိုဘက် site ကနေ ဒီဘက် site ကို ပြောင်းတင်နေတာဆိုတော့... ပြောစရာရှိရင် ဘယ်နေရာကတော့ ဘယ်လိုကြွားနေတယ်။ ဘယ်နေရာကတော့ စာဖတ်သူကို ဘယ်လို နှိမ့်ချနေတယ် တချက်ချင်း လာထောက်လို့ ရပါတယ်။ တခုတော့ရှိတယ်နော်။ ဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေအကြောင်းရေးနေပါတယ်ဆို ဘယ်လောက်စာဖတ်တယ်လို့ သိစေချင်တာ ဆိုတဲ့ အထင်အမြင်မျိုးကိုတော့ နှစ်သိမ့်ပေးဖို့ တတ်နိုင်မယ် မထင်ဘူး။

ခု ဒီ comment ကို တုန့်ပြန်ဖို့ ဆန္ဒရှိတယ် ဆိုရင်လည်း ကိုယ့်ဘလော့မှာပဲ လာရေးပါ။ တင်ပေးပါမယ်။ ဒီမှာတော့ မရေးပါနဲ့။ ကိုယ့်အတွက် အရေးမကြီးပေမယ့် ဘလော့ပိုင်ရှင်ကို အားနာလို့ပါ။

(ပြုံးပြီး ရေးသွားတာနော် :)))

Anonymous - 5/6/10, 9:04 PM

အဲဒီဘလော့၈်က ကိုယ်ဆိုတာ ကိုဘွိုင်းဇ် တီဇက်အေနဲ့ ကိုပေါတော့ မဖြစ်နိုင်ဘူး။
း)

ချစ်ကြည်အေး - 5/7/10, 12:27 AM

ကိုအန်ဒီရေ...ဒီနေရာမှာတော့ အမနဲ့ လွတ်လပ်စွာ သဘောထား ကွဲလွဲပြီဟေး...:)

အမ အမြင်တော့ ကျမ၊ ကိုယ်၊ ကျနော် ဘာပဲသုံးသုံး နာမ်စားက နာမ်စား ပါပဲ၊ ဒီလောက် မတာပါဘူး၊ ရေးတဲ့ စာတွေကပဲ ဘလော့ဂ်ရေးသူကို ပြဌာန်းသွားမှာပါပဲ...။ အမတော့ အဲလိုပဲ ယုံကြည်တယ်....

ခင်မင်စွာ
အမ ချစ်ကြည်အေး

zizawa - 5/7/10, 12:37 AM

ဘလော့လောကဆိုတာ semi-public ဖြစ်နေတယ်လို့ ယူဆထားပါတယ်။ ကိုယ့်စာတွေကို အများဖတ်ရအောင်တင်တယ်ဆိုပေမယ့် ဖတ်တဲ့လူက ဘလော့ဂါတွေရယ် နိုင်ငံခြားရောက်နေတဲ့ ဗမာတွေကအများစုဆိုတာ မသိစိတ်ထဲမှာရော သိစိတ်ထဲမှာပါ ရှိပါတယ်။ ရေးတဲ့စာထဲမှာတောင် ဘယ်စာကို လူနည်းစုဖတ်မယ်။ ဘယ်စာကိုတော့ လူများစုဖတ်မယ်ဆိုပြီး ရေးကတည်းက မှန်းပြီးသားပါ။ ဖတ်မယ့်လူကိုလိုက်ပြီး ပြောချင်တဲ့ tone ကိုချိန်ပြီး ကိုယ့်စာထဲက နာမ်စားတွေပြောင်းသွားတယ်လို့ ယူဆပါတယ်။ ကိုယ်ယူထားတဲ့ identity ပေါ်မူတည်ပြီး ဘလောဂါအချင်းချင်းကျတော့ သုံးတဲ့ နာမ်စားကတမျိုး၊ ရပ်ထဲရွာထဲသူစိမ်းတွေနဲ့စကားပြောတဲ့အခါ နာမ်စားတမျိုး၊ မိသားစုတွေနဲ့ပြောတဲ့အခါကျတမျိုး ကိုယ့်ကိုကိုယ်အခုလို နာမ်စားတွေအများကြီး (တခါတလေ မရည်ရွယ်ဘဲနဲ့) ခွဲထားမိရက်သား ဖြစ်နေရော။

ဂျာနယ်မှာ မဂ္ဂဇင်းမှာရေးမယ်ဆိုရင်တော့ ကိုယ်လို့သုံးဖြစ်မယ်မထင်ဘူး။ အခုလိုမန့်တော့ ကိုယ်နဲ့ပြောရတာ အဆင်ပြေနေပြန်ရော။

Soe Mya Nandar Thet Lwin (Borros Roxo) - 5/7/10, 1:05 AM

ဒီပိုစ့်က ကိုအန်ဒီရဲ့ အတွေးအမြင်ကို လက်ခံပါတယ်။

ကိုယ်ဆိုတာကို အသုံးပြုတဲ့အခါ စာရေးတဲ့သူရဲ့ ရေးသားတဲ့ talent အပေါ် မူတည်ပြီး စာဖတ်တဲ့ သူတွေမှာ ခံစားချက်ကိုယ်ဆီ ယူဆချက်ပေါင်းစုံ ဖြစ်သွားစေတယ်။

နန္ဒာ မြန်မာ grammar မသင်ခဲ့ဖူးဘူး။ ဒါပေမယ့် နန္ဒာ ငယ်ငယ်ထဲက ကိုယ့်ကိုကိုယ် ကိုယ်စားပြုပြီး မြန်မာလို စကားပြောတဲ့အခါ "ကျွန်မ" လို့ မသုံးဖြစ်တာ မသုံးတတ်တာ အခုချိန် အထိပဲ။ နောက်လဲ သုံးဖြစ်မှာ မဟုတ်ဘူး။ အဲဒီတော့ ကိုယ့်ကိုကိုယ် ကိုယ်စားပြုပြီး မြန်မာလို စကားပြောတဲ့ အခါမှာ ကိုယ့် နာမည်မှာပါတဲ့ "နန္ဒာ" ဆိုတာပဲ အများအားဖြင့် အသုံးပြု ဖြစ်တယ်။

ကိုယ့်ထက်အသက်ကြီးတဲ့သူတွေ ၊ မိဘအရွယ်တွေနဲ့ စကားပြောရင်တော့ ရိုသေမှု့ အနေနဲ့ "သမီး" လို့ ကိုယ့်ကိုကိုယ် အသုံးပြု ပြောတယ်။ ကိုယ့်ထက်ငယ်တဲ့ မြန်မာကလေးငယ်တွေနဲ့ စကားပြောရင် ကိုယ့်ကိုကိုယ် "မ" လို့ သုံးဖြစ်တယ်။

ဘလောဂ့် စရေးတုန်းက စာရေးရင် အပြင်မှာ ပြောဆိုဆက်စံသလို လိုအပ်လာရင် ကိုယ့်နာမည် "နန္ဒာ" ဆိုတာ ထည့်ရေးတယ်။ သတိပြုမိလာတဲ့ အခါ ပိုစ့်တွေထဲ ကိုယ့်နာမည် ထည့်ရေး ပြောနေတာဟာ စာဖတ်သူအပေါ် သိပ်နုနေ နွဲ့နေသလို ခံစားလာရလို့ ကိုယ့်ကိုကိုယ် ကိုယ့်နာမည် အစား "ကိုယ်" လို့သုံးဖြစ်လိုက်တယ်။

အသုံးအနှုံးနာမ်စားတွေက အထူးသဖြင့် မြန်မာလူမျိုးများနဲ့ ဆက်စံတဲ့ လူမှု့ဆက်သွယ်ရေးမှာ အတိုင်းအတာ တစ်ခုအထိ ထိရောက်မှု ရှိတယ်လို့ မြင်ပါတယ်။ ဒါကြောင့် စိတ်ဓါတ်ကောင်းဖို့က အဓိကကျတယ်ဆိုတာ မှန်ပေမဲ့ ဘယ်နေရာမှာမဆိ "နှုတ်ချို လျှိုတစ်ပါး" ၊ "အသံကြောင့် ဖားသေ" ဆိုတဲ့ စကားပုံတွေက ရှိနေလေတော့ အများက ယဉ်ကျေးတယ် ၊ သိမ်မွေ့တယ်လို့ ထင်ရတဲ့ အသုံးအနှုံးကို သုံးတာ အကောင်းဆုံး ဖြစ်မယ် ထင်တယ်။

ဘယ်လိုပဲ အသုံးပြုပါစေ အခြင်းခြင်း ပြောဆိုဆက်စံကြတဲ့အခါ ထိုက်တန်တဲ့ ရိုသေမှုရှိပြီး အဆင်ပြေရင် ပြီးတာပဲလို့ ထင်ပါတယ်။

လေးစားလျှက်.,
စိုးမြနန္ဒာသက်လွင်

Anonymous - 5/7/10, 1:44 AM

ပြည်တွင်းမှာက တပ်ထဲကအရာရှိတွေအများဆုံးသုံးတဲ့နာမ်စားပဲ။ ဒါကြောင့် ကျမလဲငယ်ငယ်က မုန်းခဲ့ဖူးတယ်။ အထက်စီးဆန်တယ်ထင်ခဲ့ဖူးတယ်။ အခုတော့ သုံးသူရဲ့ tone ကိုပဲခံစားတော့တယ်ဆိုတာတောင် ငယ်ငယ်က အစွဲတွေက တခါတခါလွှမ်းမိုးတုန်းပဲ။ ကိုအန်ဒီ လိုတော့ အသေးစိတ်မသုံးသတ်တတ်ဖူး။ အစအဆုံးပြုံးပီးဖတ်မိတယ်။
ဝေတိုး

Anonymous - 5/7/10, 1:49 AM

မချစ်ကြည်အေးပြောသလိုပါဘဲ၊
“ရေးတဲ့ စာတွေကပဲ ဘလော့ဂ်ရေးသူကို ပြဌာန်းသွားမှာပါပဲ”

လသာည - 5/7/10, 12:38 PM

အပေါ်က zizawa ပြောသလိုပဲ..ဖတ်မယ့်လူကိုလိုက်ပြီး ပြောချင်တဲ့ tone ကိုချိန်ပြီး ကိုယ့်စာထဲက နာမ်စားတွေပြောင်းသွားတယ်လို့ ယူဆပါတယ်။

ကျွန်မကတော့ တခါတလေ ပေါ့ပေါ့ပါးပါး သူငယ်ချင်းတွေကို ပြောပြသလို ရေးတဲ့အခါ တို့က မနေ့က ဒီလိုဖြစ်သွားတာ လေ.. လို့ ရယ်မောတဲ့အသွင်နဲ့ သုံးတတ်ပါတယ်။ ပေါ့ပေါ့ပါးပါးသဘောနဲ့ ခင်မင်ရင်းနှီးတဲ့သူငယ်ချင်း ပြောမနာဆိုမနာတွေကို ရည်ရွယ်ပြီး သုံးတာပါ။

ဒါပေမယ့် ကိုယ်ကိုယ်တိုင်က ဗဟုသုတအတွက် လေ့လာဖတ်မှတ်ပြီး ရေးဖြစ်တဲ့အခါမျိုး၊ ပိုစ်မျိုးမှာကျတော့ အဲလိုစာမျိုးကို(အဲလိုစာမျိုးမိုလို့) တကူးတကလေးစားစွာ လာဖတ်မယ့်သူကို ပြန်လေးစားတဲ့အနေနဲ့ “ကျွန်မ”လို့ ပဲသုံးဖြစ်ပါတယ်။

ကွန်မန့်ဆိုရင်လည်း လေးစားတဲ့အနေနဲ့ များသောအားဖြင့် “ကျွန်မ”၊ တအားရင်းနှီးသူကျရင် “တို့”လို့ သုံးဖြစ်ပါတယ်။

ပို့စ်ထဲမှာ “ကိုယ်”တော့ မသုံးဖြစ်ဘူး။ ဘာဖြစ်လို့လဲမသိဘူး “ကိုယ်”လို့ သုံးလိုက်ရမှာ တဖက်လူကို အားနာသလို ခံစားမိလို့ပါ။ ကိုယ့်ထက်သိတဲ့တတ်တဲ့သူ၊ အသက်အားဖြင့် ဂုဏ်အားဖြင့် မြင့်သူပါနေခဲ့ရင်လို့တွေးပြီး “ကိုယ်”ကလို့ သုံးရမှာ စိတ်ထဲက အားနာနေမိတာပါ။

အဲဒါက ဒီပိုစ်ကိုဖတ်ပြီး အခုထိကိုယ့်ဘာသာသုံးမိတဲ့ နာမ်စားအသုံးအပေါ်မှာ ပြန်သတိထားဆင်ခြင်မိသွားတာပဲဖြစ်ပြီး ကျန်တဲ့ ဘလော့ဂါများ၊ မိတ်ဆွေများက သုံးတဲ့ နာမ်စားတွေကိုကျတော့ ဘာသုံးသုံး နှစ်သက်မိတာပါပဲ။

သူတို့သုံးတဲ့ နာမ်စားနဲ့ သူတို့ပေးချင်တဲ့ ဘလော့က အချက်အလက်တွေကို ဘယ်လိုမှ တွဲမတွေးဖြစ်ပဲ၊ စာကိုပဲ ခံစားဖတ်မိတတ်ပါတယ်။ ကိုအန်ဒီ အခုလိုရေးပြတော့မှ အဲလိုတွဲတွေးတတ်သူမိတ်ဆွေများလည်း ရှိသေးပါလားလို့ သိသွားပါတယ်။ ကျေးဇူးတင်ပါတယ်။

ကိုအန်ဒီပြောသလိုပဲ..“နာမ်စား တစ်ခုကြောင့် စာဖတ်သူတွေရဲ့ လမ်းကြောင်း မပြောင်းသွားအောင်လည်း ဘလော့ရေးနေသူ တစ်ဦးအဖို့ ဆင်ခြင်ရပါဦးမည်”
ကျွန်မလည်း ဆင်ခြင်ရဦးပါမယ်.. ။။
ခင်မင်စွာဖြင့်..

T T Sweet - 5/7/10, 3:05 PM

ကိုအန်ဒီရေ
အေးအေးဆေးဆေးဖတ်ချင်လို့ ခုမှဖတ်ဖြစ်ပါတယ်။

ကျွန်မဆိုတာက အပြင်မှာ အကြီးတွေနဲ့ အမြဲသုံးတဲ့ နာမ်စားပေမဲ့ စာရေးတော့ သိပ်မသုံးဖြစ်ဘူး။ အဲ အက်ဆေးစတိုင် ပို့စ်လေးတွေဆိုရင်တော့ ကျွန်မဆိုတဲ့ နာမ်စားလေးက သုံးလို့ကောင်းလို့ သုံးဖြစ်ပါတယ်။ အများအားဖြင့်တော့ ဖတ်သူနဲ့ ပိုရင်းနှိးတယ်ထင်ရတဲ့ ကိုယ့်နာမည်လေးကို နံစားအဖြစ်နဲ့သုံးပါတယ်။

တစ်ခါတစ်လေလဲ ဘလော့တွေ အဖတ်များပြီး "ကိုယ်" ဖြစ်သွားတာတွေလဲရှိပါတယ်။ ဘာရယ် ရည်ရွယ်ချက်မရှိပဲ ရေးရင်းနဲ့ကို သူ့အလိုလိုနာမ်စားက "ကိုယ်" ဖြစ်သွားတာမျိုးပါ။ ဘလော့ပဲဖြစ်ဖြစ် ၊ စာပဲဖြစ်ဖြစ် ဖတ်တာများရင် ဖတ်ထားတဲ့စာရဲ့ အာဘော်၊ ရေးနည်းကို စွဲပြီး ရေးတတ်တာမျိုး ဖြစ်တတ်ပါတယ်။ခုလဲ ဘလော့လောကမှာ အရေးများတာ ဖတ်ရင်း စွဲပြီး ရေးတာများလာတာဖြစ်မယ်လို့ ယူဆပါတယ်။

ကိုယ်လို့ရေးတဲ့ထဲ သူငယ်ချင်း သက်ဝေရေးတာလေးတွေက ပညာတတ်ဆန်တယ်၊ အထင်ကြီးစရာကောင်းတယ် လို့ ခံစားရတယ်။ မချိုသင်းရေးတာလေးတွေကျတော့ မိသားစုဆန်တယ်။နွေးထွေးမှုရှိတယ် ခံစားရပြန်ရော။ ရေးတဲ့ အကြောင်းအရာပေါ် မူတည်ပြီး ခံစားချက်လဲ ပြောင်းလဲပါတယ်။

ဟိုးအရင်ခေတ်ကတော့ "ကိုယ်" လို့ သုံးတတ်တာ ဆရာမကြိး ကြည်အေး မဟုတ်လား။

နန်းညီ - 5/7/10, 4:14 PM

နန်းညီကတော့ နာမည်ပဲ သုံးလေ့ရှိတယ်.. ကျနော်လို့ ပြောတဲ့ မိန်းကလေးတွေကိုကျ (ပါစင်နယ်အမြင်အရ) မကြိုက်ဘူး.. ကိုယ်ချင်ကိုယ်.. မချင်မ.. နော်ချင်နော်.. အဓိကတော့ စိတ်တွင်းရည်ရွယ်ချက်နဲ့ စေတနာပဲလို့ ထင်မိပါတယ်.. အသက်ရော ဝါရော ငယ်လို့လားတော့မသိ.. ကိုယ်လို့ သုံးတာကိုလည်း အထက်ဆီးဆန်တယ် မခံစားမိဘူး..

ကိုယ်နိုင်တဲ့လူတွေ ကိုယ်ချင်တဲ့လူတွေ ကိုယ်ပါစေ..း)

မြစ်ချေသူ - 5/7/10, 11:50 PM

ကိုအန်ဒီပိုစ့်ဖတ်ပြီးမှ ကိုယ်သုံးခဲ့တဲ့ နာမ်စားတွေကို ပြန်စီရီနေရင်း ငယ်ကအကြောင်းတွေ ပြန်သတိရလာတယ်။ ငယ်ငယ်ကတော့ သူငယ်ချင်းချင်းဆို ကိုယ့်နာမည် ထည့်ပြောတတ်တယ် ဆရာမတွေနဲ့  ကိုယ့်ထက် အသက်ကြီးတဲ့သူတွေ ဆိုရင် သမီးလို့ သုံးခဲ့တယ်။ အညာဘက်မှာ အဲတုန်းက ဒီလိုနာမ်စားသုံးတဲ့သူ ကတော်တော်ရှားခဲ့တာ။ အဲတော့ သူငယ်ချင်းတစ်ချို့ က ကျမသုံးတဲ့ နာမ်စားကို လှောင်ရယ်ခဲ့ကြတယ်။ လူကြီးတွေကတော့ သဘောကျကြတယ်။
ကိုယ်ဆိုတဲ့ နာမ်စားသုံးတဲ့သူ အညာမှာတော့ မကြုံခဲ့ဘူး။ ရန်ကုန်မှာ ကျောင်းပြောင်းနေတော့ ၁၀တန်း ဘော်ဒါ အတူတက်တဲ့ သူငယ်ချင်းနဲ့ ကြမှ ကိုယ် ဆိုတဲ့ အသုံးကို စကြားဖူးခဲ့တာ။ အဲသူငယ်ချင်းက စကားပြောရင် ကိုယ်နဲ့ ယူပဲ။ ပထမတော့ ဘယ်လိုကြီးမှန်မသိဘူး သူနဲ့ လမ်းအတူလျှောက်ရင် စကားမပြောဖို့ ကြိုးစားတယ် သူပြောလေ့ရှိတဲ့ ကိုယ်၊ယူ ဆိုတာကို ဘေးလူကြားပြီး ကိုယ်ပါရောအကြည့်ခံရမှာဆိုးလို့ လေ။ နောက်တော့လဲ ကျင့်သားရသွားတာပါပဲ။ အခု သူများနိုင်ငံရောက်မှ ကိုယ်ပါသာ ဘာနာမ်စားတွေ သုံးနေလဲ သတိမထားမိတော့ဘူး။ နာမ်စားတော်တော်များများကို သုံးမိနေတော့တာ ဒါပေတဲ့ ကိုယ် နာမ်စားတော့ မပါသေးဘူး)

ဘလောဂ်တွေပေါ်မှာ တစ်ချို့  ရေးနေကြတဲ့ ကိုယ် နာမ်စား ကို တစ်ခါတစ်လေ တော့ သတိမထားမိလိုက်ဘူး တစ်ခါတစ်လေတော့ ကိုယ်ဆိုတဲ့နာမ်စားအသုံးကို ကြည့်ပြီး အထင်ကြီးသလို့ တော့ ဖြစ်တယ်။

ဒါပေမဲ့ အပြင်မှာ ကိုယ်နာမ်စားသုံးတဲ့သူ တစ်ချို့ ကိုတော့ အမြင်ကပ်တယ်...

pandora - 5/8/10, 12:48 AM

ဒီနာမ်စားအကြောင်းကို ကိုအန်ဒီက အခုလို သတိထားမိတာ စူးစမ်းလေ့လာမှု အမြင်ကို ချီးကျူးမိပါတယ်။ ဒီကိစ္စမျိုးဆန်ဆန် သဘောထားလေး ပြောတော့ပြောချင်နေခဲ့တာပါ။ ကြုံကြိုက်လို့ ကိုယ်ပိုင် အတွေ့အကြုံနဲ့ ယှဉ်ပြီး ၀င်ဆွေးနွေးလိုက်ပါမယ်။

သတိထားမိရင်တော့ စာရေးတဲ့အခါမှာ ပန်ဒိုရာက ပုဂလိကအနေနဲ့ ရေးရမယ့် အကြောင်းအရာတွေ ပါလာရင် တတ်နိုင်သလောက် နာမ်စားဖျောက်ပြီး ရေးပါတယ်။ ကိုယ့်ကိုယ်ကို ရည်ညွှန်းစရာ လိုအပ်လာရင် ပန်ဒိုရာက လို့ တခါတလေ နာမည်ကိုပဲ သုံးနှုန်းတာတွေ ရှိတယ်။ မလွှဲသာတဲ့နေရာတွေမှာ ကိုယ့်ဘလော့ဂ်မှာ ကိုယ့်ကွန်ပြူတာက ကိုယ့်ကို စသဖြင့် ကိုယ်ပါတဲ့ အသုံးအနှုန်းတွေ ညှပ်သုံးလေ့ရှိပါတယ်။ (အွန်လိုင်းမှာ ကိုယ့်ထက်ကြီးတယ် ထင်ရတဲ့ ရင်းနှီးသူတွေကို ကျနော် အနော် စသည်ဖြင့် နောက်သလို ပြောလေ့ရှိတယ်။ အပြင်လောကမှာတော့ ကျွန်မ လို့ သာမန်ပဲ သုံးနှုန်းတာပါ။) စာရေးသူရဲ့ နာမ်စားကို ကျွန်မ လို့တော့ ရေးလေ့ မရှိပါဘူး။ သုံးသမျှ အသုံးအနှုန်းတိုင်းဟာ တမင်သတိထားပြီး ရွေးချယ်ထားတာပါ။ အဲဒီနောက်ကွယ်မှာ တွေးမိတဲ့ အယူအဆ တစ်ခု ရှိထားခဲ့လို့ပါ။

မြန်မာစာမှာက ကျာ/းမ ကွဲပြားတဲ့ နာမ်စားတွေ ရှိနေတော့ကာ စာဖတ်သူအနေနဲ့ ရေးသူဟာ ကျားလား မလား ဆိုတာကို သိသာစေပါတယ်။ ကိုယ်ပိုင်နာမ်စားနဲ့ အတည် စာတစ်ခုခု ရေးတဲ့အခါ (ကဗျာ ဆောင်းပါး စသည်) အကြောင်းအရာ တူစေကာမူ ယောင်္ကျားတစ်ယောက် ရေးတဲ့စာနဲ့ မိန်းမတစ်ယောက် ရေးတဲ့စာ ဆိုတာကို ကြိုသိထားလို့ရင် မြန်မာစာဖတ်သူတွေကြားမှာ ခံစားရှုမြင် အလေးထားပုံခြင်း မတူဘူးလို့ ထင်မိတယ်။ ကျား/မ နာမ်စားတွေကို မြင်မြင်နေရတဲ့အခါ ဒါကို သတိရစေပါတယ်။ ဒါဟာ စာရေးသူ ဖော်ပြချင်တဲ့ အကြောင်းအချက် ဒါမှမဟုတ် တင်ပြချင်တဲ့ အမြင်သဘောထားကို အနည်းငယ်ဖြစ်စေ တိမ်းစောင်းစေတယ် လို့ ထင်မိပါတယ်။ တခြား စာရေးသူတွေအတွက် မဟုတ်တောင် အနည်းဆုံးတော့ ပန်ဒိုရာရဲ့ အမြင်သက်သက်ပါ။ မှန်ချင်မှလည်း မှန်ပါမယ်။ အစွဲလို့လည်း ဆိုနိုင်ပါတယ်။ ဒါကြောင့် ပန်ဒိုရာ ရေးတဲ့စာကိုဖတ်တဲ့အခါ ဒါက မိန်းမ တစ်ယောက်ရေးတာပါလား ယောင်္ကျားတစ်ယောက် ရေးတာပါလား ဆိုတဲ့ အစွဲတွေကို စာဖတ်နေစဉ် မေ့ပျောက်စေနိုင်ဖို့ ရည်ရွယ်ပြီး ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို ပိုထိရောက်စေဖို့ neutral အနေအထားရောက်အောင် အားထုတ် ရေးပါတယ်။ ၀တ္ထုရေးတဲ့ အခါမှာတော့ စာရေးသူက ဇာတ်လိုက်လို့ ယူရေးတဲ့အခါမျိုးမှာ ဇာတ်ကောင် အနေအထားကို မူတည်ပြီး သင့်တော်တဲ့ နာမ်စားကို သုံးဖြစ်ပါတယ်။

ဒီလို ကျား/မ ကိစ္စတွေ ပြောရတာ အငြင်းပွားဖွယ်ပါ။ ဒါပေမယ့်လည်း မြန်မာလူမှု အသိုင်းအ၀ိုင်းအနေနဲ့ ယောင်္ကျားလေးတွေးသလိုပဲ ယောင်္ကျားစိတ်ပဲ ဆိုတာမျိုးက ချီးကျူးစကားလို ဖြစ်နေပြီး မိန်းမဆန်တယ် မိန်းမလိုမိန်းမရ ဆိုတာမျိုးက ကဲ့ရဲ့နှိမ်ချသလို နောက်ဆက်တွဲ အနက်တွေ အရိပ်ထင်နေသေးတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ဒါကလည်း မှားတယ် မှန်တယ် ဆိုတာထက် လက်ရှိ မြန်မာ့လူမှုအဖွဲ့အစည်းရဲ့ gender နဲ့ပတ်သက်တဲ့ အနေအထားကို အချက်အလက်အနေနဲ့ ပြောတာပါ။

ကိုယ်ဆိုတဲ့ နာမ်စားနဲ့ ပတ်သက်လို့ လူအတော်များများ တွေးကြတာက ကျားမ အနေအထားထက် အသက်ဂုဏ်ဝါ အနေအထားကို ပိုစဉ်းစားတာ တွေ့ရတယ်။ တခါတခါ ကိုယ် ဆိုတဲ့ အသုံးက ကျောတယ် ရင့်တယ်လို့ ထင်စရာပေါ့။ ဒါကတော့ အဲဒီနာမ်စားကို ဘယ်လောက်အထိ ကြိမ်ဖန်များစွာ သုံးနေသလဲ ဆိုတာရယ် (ငယ်ငယ်က သင်ရတဲ့ မိဘုရားဖွားစော ကျောက်စာလား၊ ငါတွေ အများကြီးပါတဲ့အခါ စိတ်ကို တမျိုးခန့်မှန်းရသလိုပေါ့)၊ နောက်ဆက်တွဲ ၀ါကျတွေရဲ့ အနေအထားရယ်မှာ မူတည်မယ် ထင်ပါတယ်။ မိတ်ဆွေတစ်ယောက်ကလည်း ရှုထောင့်တမျိုးက ပြောလာပါတယ်။ အသက်လတ် အသက်ကြီးပိုင်း အမျိုးသမီးတွေဟာ ကျွန်မ လို့ သုံးလေ့မရှိလို့ဖြစ်စေ အကျင့်မရလို့ဖြစ်စေ မသုံးချင်ဘူးဆိုရင် ကျွန်တော်လို့လည်း ထင်ယောင်ထင်မှား မဖြစ်စေချင်ဘူးဆိုရင် နာမည် အဖျားဆွတ်ပြီး နာမ်စားသုံးရမှာကိုလည်း တွန့်ဆုတ်တတ်ကြပါတယ် တဲ့။ ဒီလိုဆိုတော့ “ကိုယ်”ဆိုတာက သုံးလို့ ပိုအဆင်ပြေသလို ဖြစ်နေပါတယ်။ အထက်စီးဆန်သလို ဖြစ်မဖြစ်ကတော့ စောစောက ပြောခဲ့သလိုပဲ လေသံမှာ မူတည်မှာပါ။

ပန်ဒိုရာ

Anonymous - 5/8/10, 3:06 AM

ဘလော့ရေးနေသူများထဲမှာ စာရေးတာဝါသနာပါတဲ့သူ ၊ စာရေးဆရာ ၊ စာရေးဆရာ ဖြစ်ချင်သူ ၊ အပျော်သဘော ၊ စိတ်ပြေလက်ပျောက် ခြေပျောက် ၊ ဘီယာသောက် ၊ မိတ်ဆွေများများရရန် ၊ အိမ်အလွမ်းပြေ ၊ အမျိုးမျိုးရှိမှာပါ ။


စာအုပ်စာရင်းလက်တထွာလောက်ရေးသွားတဲ့ စာရေးဆရာကြီးတွေ အသုံးပြုတဲ့ နာမ်စား တချို့မှာ။။ “ ကျွန်တော်” “ မိမိ” စတဲ့ နာမ်စားတွေကိုသာ တွေ့ဖူးပါတယ် ။


“ ကိုယ်ဆက်ရေးချင်သော ဝတ္ထုများ” နှင့် ”ကျွန်တော်ဆက်ရေးချင်သော ဝတ္ထုများ” ။ ဒီနှစ်ခုရဲ့လေ ဟာ မတူပါဘူး ။ “ ကျွန်မဖတ်ခဲ့သော စာအုပ်များ” နှင့် “ ကိုယ် ဖတ်ခဲ့ဖူးသော စာအုပ်များ” ၊ “ ကျွန်တော် နှင့် အခြားသူတို့၏ အကြောင်းများ “ နှင့် “ ကိုယ် နှင့် အခြားသူတို့၏ အကြောင်းများ”။ လွတ်လပ်ခွင့် ၊ ဆိုပါတော့ ၊ အရ “ကိုယ်” ကို ” ကိုယ်” ကာ ကိုယ် လည်း ကိုယ် နိုင်ပါတယ် ကို။ ကိုနော်။----ဇွတ်

Anonymous - 5/8/10, 4:12 AM

It in real life depends on who you deal with or talk to in genrality. It's also important to consider the speaker's age group and the place where he /she was born and raised. I came across with those 70 plus people ,who still use "Ko" when they talk to the friends of the same age or even to the yonger ones as it must be the trend of those days. So, they keep using it. I also have a friend, a specialist medical doctor, who always uses either "Ko " or "Kyanaw " though I call him uncle. It's his habit. When you really think about it ,it's not that simple. For there are many factors involved.
For authors or bloggers, if I like them I like them no metter which first person pronoun they use,given using properly, in their articles , novels or posts as substance and style of writting are much more vital to me. Regardless of using "Ko" or "Kyama" or whatever, some sounds very gentle, lovely and friendly while some are perceived as arrogant, boastful,show off.
To Rita.....I in my judgement believe that you are so enthusiastic about sharing what you have read with the readers. You are just candid and frank. Not showing off! keep going!

Ko Paw - 5/8/10, 8:00 AM

ကိုယ်ပြန်လာပြီ..... ကိုယ့်မွေးသောဌာနေဆီ.... (ဝင်းဦးသံဖြင့်)

ကိုယ်အင်ဒီရေ.... အဲလေ.... ကိုအင်ဒီရေ.... အမှန်တော့ “ကိုယ်” ဆိုတာ အင်္ဂလိပ်လိုတော့ body ပေါ့။ ခေါင်းမဟုတ်ဘူးဆိုတဲ့သဘော။

ဒီလောက် များပြားလှတဲ့ အမျိုးသမီး ဘလော့ဂါတွေထဲမှာ “များတို့က” လို့ ရေးတဲ့ ဘလော့ဂါ တယောက်မှ မတွေ့မိသေးတာ ဆန်းတယ်နော်။ “ဟွန့်... များတို့က ရေးချင်ပေါင်” ဆိုတာမျိုးလေ။

တကယ်လို့ “ကိုယ်” အသုံးအနှုန်းဟာ ဝိဝါဒ ကွဲပြားစရာ ဖြစ်နေမယ်ဆိုရင် “အတို့ကျွန်” ဆိုတဲ့ နာမ်စားလေး ပြောင်းသုံးနိုင်ကြပါသေးတယ်လို့ ကျနော် အကြံပြုပါရစေ။ “အို... ကိုပေါငဲ့....ဘဇာကြောင့် အတို့ကျွန်လို့ သုံးရမည်ကို ပြောပါစံ့”

ဒါမှမဟုတ်..... မိမိတို့ ဆိုတဲ့ နာမ်စားကို သုံးစွဲကြပါ။ “မိမိတို့အနေနှင့် “ကိုယ်”ဆိုသော ဝေါဟာရကို ထပ်ခါတလဲလဲ မသုံးစွဲခဲ့ပါကြောင်း၊ အကယ်၍ အဖန်တလဲလဲ သုံးစွဲသူများရှိကြပါက တစုံတရာ ပြဿနာများပေါ်ပေါက်ခဲ့သော် ထိုသူများ၏ တာဝန်သာဖြစ်ကြောင်းနှင့် မိမိတို့ အစိုးရအနေဖြင့် လုံးဝတာဝန်ယူမှာ မဟုတ်ပါကြောင်း......” အစရှိတဲ့ ဒေါ်မိမိတို့ ညီအစ်မတတွေရဲ့ လေသံအတိုင်း ရေးရင်လည်း တမျိုးတဘာသာ ဆန်းသစ်နိုင်ပါတယ်။

ဒါ့အပြင် လေဒီယိုတွေထဲမှာ ပြောသလို ယောင်္ကျားဆိုရင် “ဦး”၊ မိန်းမဆိုရင် “ဒေါ်လေး” စသဖြင့် သုံးနိုင်ပါသေးတယ်။ “အခုလို လာရောက် ကွန်မင့်ပေးတဲ့အတွက် ဦးတို့ ဝီရှီမီဘလော့ဂ်က ကျေးဇူးတင်ကြောင်း ပြောပါရစေကွယ်။”

ရေးသက်ကြာလာတဲ့ အမျိုးသမီးဘလော့ဂါတွေဆိုရင် ကိုယ့်ကိုယ်ကို “အမေ” ဆိုတဲ့ နာမ်စား၊ အမျိုးသားဘလော့ဂါတွေက “အဖေ” ဆိုတဲ့ နာမ်စား ပြောင်းသုံးကြရင်မကောင်းဘူးလား။ ဥပမာ... “ဘလော့ဂ်လာဖတ်တဲ့လူတွေကို အဖေ့အနေနဲ့ အမြင်မတော်တာလေးတွေ ပြောပြချင်တယ်” ဆိုတာမျိုး။ “ဟောဒီမှာ... အမျိုးတွေအတွက် လက်ကိုင်အိတ်ကလေးတွေ အမေ ဈေးက ဝယ်လာခဲ့တယ်” ဆိုတာမျိုး။း-)

နည်းနည်း ပိုပြီးရေးသက်ကြာသွားသူ ဘလော့ဂါဘိုးအေ၊ ဘွားအေများအနေနဲ့လည်း “ဘိုးဘိုးပြောမယ်” “ဘွားဘွားပြောမယ်” စသဖြင့် ရေးလိုက ရေးနိုင်ပါကြောင်း။

Jittoo - 5/8/10, 12:16 PM

အင်း ဒီလိုနေရာမျိုးကျတော့လည်း အင်္ဂလိပ်တို့  အသုံးအနှုံးလေးကို သဘောကျမိပါရဲ့။ အသက်အရွယ်အစားမရွေး I နဲ့  You နှစ်မျိုးပဲရှိလေသောကြောင့်။ ဟိဟိ။

Anonymous - 5/8/10, 7:52 PM

အလုပ်မရှိ ခွေးမြီးသန်းရှာ

Nge Naing - 5/9/10, 10:43 PM

မန္တလေးသူ မဟုတ်ပေမဲ့ ကျွန်မလည်း အရင်က အိမ်ထောင်မကျခင်က ကျနော်လို့ပဲ ပြောပါတယ်။ အဓိကက အိမ်မှာ အစ်ကိုအကြီးဆုံးက ဒီလိုပြောတော့ အကုန်လုံးက ဒီလိုပဲ လိုက်ပြောကြလို့ပါ။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှ ကျမလို့ ပြောင်းပြောတယ်။ ဒါပေမဲ့ အရင်က လျှာကျိုးနေတဲ့သူတွေနဲ့ဆို ကျနော်လို့ သုံးနေဆဲပဲ။ တရားဝင်အနေနဲ့တော့ စာရေးရင် Formal ပိုကျတယ်ထင်လို့ ကျွန်မကို သုံးပြီး စကားပြောသလို ပြောရင် ကျမပဲ ပြောပါတယ်။

moe.thanzin.cho - 5/11/10, 6:02 PM

ကိုယ့်ကိုယ်ကို "ကိုယ်" ဟုသုံးပြီး သူတပါးကို "သူ" ဟုသုံးပါသည်။ များသောအားဖြင့်နာမ်စားမပါဘဲ ပြောပါသည်။ မဖြစ်မနေ သုံးရတော့မယ်ဆိုမှ နာမည်ခေါ်ပါသည်။ ပြောလိုရာပြောပါလေ။

ဝေလင်း - 5/15/10, 1:36 AM

ခက်တော့လည်း ခက်တယ်အစ်ကိုရ..။ အစ်မ ရီတာပြောသလိုပဲ ကျွန်တော်လည်း စာဖတ်ရင် နာမ်စားတွေ သတိထားမိခဲတယ်။ ကိုယ်တိုင်တော့ ကျွန်တော်ဆိုတဲ့ နာမ်စားပဲ သုံးဖြစ်တယ်။ အပြင်မှာစကားပြောရင်လည်း ဒီလိုပဲ ပြောနေကျဆိုတော့။ အစ်ကို ပြောမှ သေချာစဉ်းစားကြည့်ပြီး စိတ်ကူးထဲစာစီကြည့်တာ တော်တော်တော့ ထောက်တာပဲ..။ ဒါပေမယ့် ရေးတဲ့လူပေါ်လည်း မူတည်မှာပါ။ တချို့ဘလော့တွေ “ကိုယ်” သုံးနေပေမယ့် လုံးဝသတိမထားမိပဲ စာထဲပဲ စိတ်ရောက်နေအောင် ရေးတဲ့ ဘလော့တွေလည်းအများကြီးပါ။ အဓိကကတော့ အရေးအသားလို့ပဲ ထင်မိပါရဲ့။ ငယ်တုန်းက စာစဖတ်ကာစ “ကျွန်ုပ်”ဆိုတဲ့ အသုံးတောင် တော်တော် ထောက်တာကလား...။ နောက်တော့လည်း ကျင့်သားရသွားတာပါပဲ။ သတိတောင်မထားမိဘူး...

ဇွန်မိုးစက် - 5/16/10, 2:13 AM

WeSheMe ကို လာလည်ဖူးပေမယ့် ခုမှမန့်ဖြစ်တာပါ။

အပြင်မှာ စကားပြောရင် ကျွန်မလို့ သုံးလေ့သုံးထမရှိတဲ့အတွက်ကြောင့် ဘလော့ဂ်ရေးတော့ ကျွန်မလို့ရေးရမှာ တစ်မျိုးဖြစ်နေလို့ ကိုယ်လို့ပဲ သုံးလိုက်တယ်။

စကားပြောပို့စ်မှာ ကိုယ်လို့အသုံးများတယ်။ တစ်ချို့စကားပြေမှာ သူမလို့သုံးဖြစ်တယ်။ နည်းတော့နည်းတယ်။ ရေးပြီးသမျှ ကျွန်မလို့သုံးတဲ့ပို့စ်တစ်ပုဒ်ပဲ ရှိခဲ့ပါတယ်။ တစ်ခါတစ်လေကျတော့ ရေးတဲ့စာအလိုက် နာမ်စားသုံးနှုန်းမှုလေးတွေ ကွဲလွဲသွားတတ်ပါတယ်။

စာတွေဖတ်လို့ကောင်းတဲ့အခါမျိုးမှာ နာမ်စားကို သိပ်သတိမမူမိတော့ပါဘူး။

te te - 5/23/10, 3:42 AM

ဟေးဟေး ပျော်စ၇ာကြီး တစ်ယောက်တစ်မျိုးစီဘဲ

Thu - 6/11/10, 7:58 PM

"ကိုယ်" this word brought me toward memoir of late my mother. Last 25 years ago, when we frequently visited to mother village (Mahlaing Tsp., Mandalay Division), most of her friends used this pronoun. All of my friends admired on usage of this "ကိုယ်" by villagers.
History Prof. Dr. Than Tun quoted his senior word " Myanmar literature is learning the Upper Burma cultures and civilizations". (See in Dr.Than Tun Brief Bibilography, What I want to say my own life).

Post a Comment

Many thanks for dropping a comment…

Film