ကိုယ်ချင်းစာတယ် ဆိုရာဝယ်
ဒီနေ့သတင်းတစ်ခုမှာ ကိုယ့်ပါတီဝင်တွေကိုယ်တိုင် ၀ိုင်းပြီး ဖြုတ်ချတာ ခံလိုက်ရတဲ့ သြစတြေးလျက ၀န်ကြီးချုပ်ဟောင်း Kevin Rudd ကို ကိုယ်ချင်းစာတဲ့ အကြောင်း သူလိုပဲ ဖြုတ်ချခံရဖူးတဲ့ ပါတီခေါင်းဆောင်ဟောင်းက ဒီလို ပြောပါတယ်။
I don't just have sympathy. I've got empathy.Sympathy နဲ့ Empathy က ခပ်ဆင်ဆင်ပေမည့် အတွင်း သဘောထားက အတော်လေး ကွာသွားတာကို တွေ့ရပါတယ်။ Sympathy ရဲ့ အဓိပ္ပါယ်ကို မြန်မာ အဘိဓာန်မှာတော့ “ကရုဏာ။ သနားခြင်း။ ကြင်နာခြင်း။ ညှာတာခြင်း။ ထောက်ထားမှု။ စာနာခြင်း။ ထပ်တူ ၀မ်းနည်းကြေကွဲခြင်း။ အမြင်တူခြင်း။ သဘောထားတူခြင်း” လို့ တူမယောင် ကွဲလွဲလေးတွေ ဆိုထားပါတယ်။ Empathy ကတော့ ရှင်းပါတယ်။ “မျှဝေခံစားခြင်း။ စာနာကြည့်ခြင်းလို့” ပဲဆိုထားပါတယ်။ Empathy ကို ခံစားချက်နဲ့ ပတ်သက်ရင်တော့ “တခြားသောသူတစ်ဦး၏ စိတ်ခံစားမှု(Emotion) နှင့် အာရုံခံစားမှု(Feeling) ကို မျှဝေခံစားခြင်း”လို့ ပြောပါတယ်။
Empathy ကို အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ထားကြပါတယ်။
- တပါးသူကို အလေးပေးထားသော စိတ်ဓါတ်လှုံဆော်မှု
- တခြားသောသူ၏ တွေ့ကြုံခံစားချက်များကို မိမိ၏ အတွေ့အကြုံနှင့် နှီးနွယ်၍ ခံစားသိရှိနိုင်ခြင်း
- မိမိကိုယ်ကို တခြားသူ၏ နေရာတွင် ၀င်ရောက်၍ ထိုသူ၏ အာရုံခံစားမှုများကို နားလည်ပေးနိုင်ခြင်း
- တခြားသူ၏ အခြေအနေကို ကိုယ်ပိုင် အနေအထားထက် ပိုမို သင့်လျော်အောင် အာရုံတုန်ပြန့်မှု
တခြားသူကို Empathise လုပ်ဖို့ ကိုယ်ချင်းစာဖို့ ဆိုတာ ထိုလူရဲ့ စိတ်အနေအထားကို နားလည်နိုင်မှသာ ဖြစ်နိုင်ပါတယ်။ စိတ်အနေအထားဟာလည်း ထင်မြင်ယုံကြည်ချက်(Belief) နှင့် လိုအင်ဆန္ဒတွေ(Desire) အပေါ်မှာ အခြေခံသွားတဲ့ အတွက် ဒီအခြေခံတွေကို နားမလည် သဘောမပေါက်နိုင်လျင် ထိုသူကို ကိုယ်ချင်းစာဖို့ မလွယ်ပါ။ အဲဒါကြောင့် တခြားသူတစ်ဦးရဲ့ နေရာမှာ ၀င်ကြည့်ဖို့ဆိုတာ ရှုပ်ထွေးနက်နဲတဲ့ စိတ်ကူးနိုင်စွမ်း တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် တခြားသူရဲ့ ခံစားချက်တွေကို သိရှိ နားလည်နိုင်စွမ်းကတော့ မွေးရာပါ စွမ်းဆောင်ရည် တစ်မျိုး ဖြစ်ပါတယ်။ သူတပါးရဲ့ ခံစားချက်တွေကို ပိုမို လေးလေးနက်နက် တိတိကျကျ သိနိုင်အောင်တော့ လေ့ကျင့်ယူနိုင်ပါတယ်။ သူနဲ့ကိုယ် တစ်သားတည်း ဖြစ်အောင်တော့ Empathy မရှိနိုင်ပါဘူး။ တခြားသူကို Sympathetic ဖြစ်တယ် ဆိုတာကတော့ အတိဒုက္ခရောက်နေသူ လိုနေသူ တစ်ဦးအတွက် စိုးရိမ်ပူပန်ပြီး ထိုသူကို ပိုမိုကောင်းမွန် ပျော်ရွှင်အောင် လိုအင်ဆန္ဒပြည့်ဝ စေလိုတာမျိုး ဖြစ်ပါတယ်။
Empathy ရှိတယ်ဆိုတိုင်း Sympathetic ဖြစ်တာ မဟုတ်ပါဘူး။ တခြားသူတစ်ဦးရဲ့ အတွေးစိတ်ကူး၊ ခံစားချက်နှင့် ရပ်တည်ချက် သဘောထားတွေကို နားလည်းပေးနိုင်လို့ အဲဒီလူနဲ့ ပိုမို နီးနီးကပ်ကပ် ဆက်ဆံပြောဆိုနိုင်တာ Empathy ပါ။ Empathy ဆိုတာ ကိုယ်တွေ့ကြုံခဲ့ရတာနဲ့ တခြားသူ ခံစားနေတာရတာကနေ တူညီချက်လေးတွေကို မိမိကိုယ်တိုင်နဲ့ ထိုသူကို ရောထွေးမိခြင်း မရှိဘဲ နာလည်းခံယူ ခံစားပေးနိုင်ခြင်းပါ။ Sympathy ကတော့ လူတစ်ယောက်ကို သနားနေတာပဲ ရှိပြီး ထိုသူရဲ့ လက်ရှိအနေအထားကို နားလည်ခြင်း မရှိပါဘူး။ ဥပမာ တစ်ယောက်က “ဟေ့.. ငါတော့ ဒီနေ့ အလုပ် ဖြုတ်ခံလိုက်ရတယ်” လို့ ဆိုလာရင်
(က) - မပူပါနဲ့ကွာ။ ငါတို့လို လူတွေ အတွက် အလုပ်က မရှားပါဘူး။ ခဏနေ ပြန်ရမှာပါ။လို့ ပြန်ပြောရင် (က)နဲ့ (ခ)မှာ ဘယ်ဟာက Sympathy ဘယ်ဟာက Empathy ဖြစ်မလဲ။
(ခ) - ဟင်း.. မင်းတော့ အတော့်ကို ပူပန်နေရမှာပဲ..နော့်
Sympathy က မိမိကိုယ်တိုင် တခြားသူလို လိုက်ပြီး ခံစား(၀မ်းနည်း)တာပါ။ ဥပမာ ရုပ်ရှင်ကြည့်ပြီး လိုက်ငိုတာ Sympathy ပါ။ သူ့အတွက် ကိုယ်က လိုက်ခံစားတာပါ။ Empathy ကတော့ သူ့ခံစားချက် သူ့အနေအထားကို နားလည်ပေးပြီး သူနဲ့ကိုယ်နဲ့ ဆက်နွယ်မှု တစ်ခု ရယူလိုက်ပေမယ့် သူနဲ့ကိုယ်ကြားမှာ စည်းခြားထားပါတယ်။ Fine Line တစ်ခု ရှိပါတယ်။
Empathy က စိတ်ခံစားချက် ဆိုပေမယ့် Intellectual ဖြစ်ပါတယ်။ Emotional Intelligence ဖြစ်ပါတယ်။ ကိုယ်စိတ် ဒုက္ခရောက်နေသူတစ်ဦးကို ထိရောက်တဲ့ အကူအညီ ပေးနိုင်ဖို့ Sympathy ထက် Empathy ပိုရှိအောင် ကြိုးစား နားလည်ပေးဖို့ လိုပါတယ်။ ဒုက္ခရောက်နေတဲ့သူတစ်ဦအတွက် “အေး ငါလည်း ဒီလိုဖြစ်ဖူးတယ်။ ဒီလို ကြုံဖူးတယ်” လို့ ပြောပေးတာ သူ့အတွက် အားတက်စရာပါ။ “ငါလည်း ဒီလိုတော့ တွေးမိသား” လို့ အတွေးအခေါ်ခြင်း ထပ်တာ နှစ်ဦးနှစ်ဘက် ဆွေးနွေးဖို့ အစကောင်းပါ။ ဒါဟာ Empathy ကို ပြတာပါ။
မိမိ ဆိုလိုနေတာကို နာလည်း သဘောပေါက်အောင် မိမိရပ်နေတဲ့ နေရာကို တခြားသူကို ၀င်ရပ်ပြီး အမြင်ချင်း တူအောင် လုပ်ပေးနိုင်တာ Empathetic Communication တည်ဆောက်နိုင်တာဟာ ကျောင်းဆရာတွေ၊ စာရေးသူတွေ၊ ဆရာဝန်တွေ အတွက် လိုအပ်ချက် တစ်ခုပါ။ Empathy ကို Communication Tool တစ်ခုအနေနဲ့ အကျိုးရှိအောင် အသုံးချနိုင်ပါတယ်။ စာဖတ်သူဟာလည်း စာရေးသူကို Empathy မထားမိရင် စာရေးသူရဲ့ စာကို မိမိ လိုသလို ကောက်ချက်ချနိုင်ပါတယ်။ Empathetic ဖြစ်တဲ့ သူတွေဟာ စာဖတ်တဲ့အခါပဲဖြစ်ဖြစ် ၊ ကျောင်းစာ လေ့လာတဲ့အခါပဲ ဖြစ်ဖြစ်၊ အလုပ်ခွင်ထဲမှာပဲ ဖြစ်ဖြစ် ပိုမို အောင်မြင်ပါတယ်။
တခြားသူကို Empathise ဖြစ်ဖို့ဆိုတာ သူ့နေရာမှာဆို ကိုယ်ဘယ်လို ခံစားရမည်။ ကိုယ်ဘယ်လို ပြုမူမည်လို့ နားလည်ပေးတဲ့ အတွက် Self-concept တစ်ခုပါပဲ။ အရာ ခပ်များများကို သတိမူမိဖို့ Awareness ရှိဖို့တော့ လိုပါတယ်။ သူနဲ့ကိုယ်ရဲ့ အတွေးအခေါ်၊ ခံစားချက်၊ ရပ်တည်ချက် စတာတွေရဲ့ တူညီတာတွေ ကွဲပြားတာတွေကို သတိမူ နားလည်ဖို့ လိုပါတယ်။
ရုပ်ရည် ရူပကာလို ဉာဏ်ရည်ဉာဏ်သွေးလို မျိုးရိုးလိုက်တာမျိုးနဲ့ မတူတာကတော့ Empathy ရှိအောင် လေ့ကျင့်ပေးလို့ ရပါတယ်။ အထူးသဖြင့် ကလေးတွေကိုပါ။ ကလေးက သူ့အမေ စိတ်မကောင်းတဲ့ စိတ်တိုတဲ့အခါ လာချော့တာ ကလေးရဲ့ Empathy ကို ပြတာပါ။ ခွေးလို တိရစ္ဆာန်တွေလည်း သခင်ကို ခေါင်းနဲ့ တိုးဝှေ့တာ လျှာနဲ့ လျက်တာ သခင်ရဲ့ စိတ်ကို နားလည်လို့ပါ။ Empathy မဖွံ့ဖြိုးသေးရင် တခြားကလေးငိုရင် အဲဒီကလေးက လိုက်ငိုချင်တယ်။ တခြားကလေး ဗိုက်နာရင်တောင် သူဗိုက်နာတယ် ထင်တတ်ပါတယ်။ Empathy ရှိလာရင်တော့ တခြားကလေး ငိုရင် သူ့ကစားစရာ သူ့မုန့်လေး ပေးပြီး ချော့မည်။ တခြားကလေး ဗိုက်နာ၊ ခေါင်းနာဖြစ်ရင် သူ့ကို သွားပွတ်ပေးပါမည်။ ဖေးမပေးတဲ့ သဘောပါ။
ကလေးတွေကို Empathy ရှိအောင် ဘယ်လို သင်ပေးရသလဲဆိုတော့ သူတို့ကို တခြားသူရဲ့ ခံစားချက်ကို နားလည်အောင် ပြောပြရပါတယ်။ ဥပမာ ကလေးက တခြားကလေးကို ရိုက်နှက်ရင် ဆူငေါက်တာထက် ဒီလို ရိုက်လာရင် တခြားသူမှာ ဘယ်လိုနာကြောင်း ပြောပြတာ။ (စိတ်ဓါတ်ကျနေလို့) ၀မ်းနည်းနေတဲ့ မိဘတွေ၊ (Stress များလို့) ဒေါသထွက်နေတဲ့ မိဘတွေနဲ့ နေရတဲ့ ကလေးများကတော့ Sympathy နဲ့ ရောထွေးပြီး Empathy မဖွံ့ဖြိုးတော့ပါဘူး။
Empathy ရှိတဲ့သူ သူတပါးကို နားလည်တတ်တဲ့သူဟာ အပေါင်းအသင်းဆံ့ပါတယ်။ ကိုယ်ကိုယ်ကိုသာ အဟုတ်ထင်သူ (Narcissism) တွေဟာ Empathy နည်းပါးပါတယ်။ အရွယ်ရောက်လာတာနဲ့ အမျှ လူဟာ Empathy ပိုရှိလာပြီး ထို့ထက်များအောင် လေ့လာ လေ့ကျင့်လို့ ရပါတယ်။ လူတစ်ယောက်ကို Empathy ထားဖို့ တပါးသူရဲ့ လက်ရှိအခြေအနေကို ထဲထဲဝင်ဝင် သိရှိအောင် ချဉ်းကပ်လေ့လာဖို့ လိုပြီး သူရဲ့ နေရာမှာ ရပ်ကြည့်ဖို့ အတွက် ကိုယ့်ရဲ့ အတ္တနဲ့ မာနကိုလျှော့ပြီး လောဘ၊ ဒေါသ၊ မောဟတွေကို ကင်းနိုင်သမျှ ထားတတ်ဖို့ လိုပါတယ်။ ။
အကိုးအကား
- http://en.wikipedia.org/wiki/Empathy
- http://xnet.kp.org/permanentejournal/fall03/cpc.html
- http://bexhuff.com/2008/05/empathy-vs-sympathy
- http://www.wisegeek.com/what-is-the-difference-between-sympathy-and-empathy.htm
- http://www.drkutner.com/parenting/articles/develop_empathy.html
- http://samvak.tripod.com/empathy.html
- http://www.parentingtheatriskchild.com/Empathy.html
22 comments:
တော်တော်ကိုးကားထားတာဘဲ။
ဒါနဲ့စကားမစပ်..
ကိုယ့်ထိမှ နာသတဲ့။
Thanks for sharing, Ko Andy. I would like to request a post concerning narcissism as well.
Thanks for sharing...
အားနာတယ် ကွန်မက်ရေးမိတာတွေ ကို
အတည်ပေါက်ကြီးတွေဘဲလာလာရေးကြတယ်။
မရေးဘဲဖတ်ဘဲသွားရမလိုဖြစ်တယ်။ လေးစားသောအားဖြင့်
အင်း...မူလလက်ဟောင်းကိုAndy ၇ဲ့လက်၇ာပါပဲ။
အကိုးအကားစုံစုံလင်လင်နဲ့ေ၇းတဲ့သူပဲ။
ွGood ...
ကလေးတွေကြီးလာတော့အချိန်ပို၇ပြီးစာပိုေ၇းနိုင်ပါစေ...
I like this post
Thank you again, Ko Andy, I have read your post regarding narcissus and can't help but wonder how narcissist I am.
Good sharing. Thanks.
အနုစိတ်တယ် ကိုအန်ဒီ။ သဘောကျပါတယ်။
Thanks for your sharing.
Great post, thanks you.
I really like this post. Thanks for sharing.
Nice post!! I enjoy reading it.
ဖတ်ရတာ သဘောကျပါတယ်။ ရင့်ကျက်ခြင်းရဲ့ စိတ်အနေအထားတခုလို့ နားလည်မိပါတယ်။ ကလေးတွေကို လေ့ကျင့်ပေးဖို့လိုတယ် ဆိုတာလေး အဖိုးတန်တယ်။
Thank you for your post. it is nice.
ဒီပိုစ့်ကို တင်တင်ခြင်း ဖတ်ဖြစ်ပေမယ့် အခုမှ ကွန်မန့် ဖြစ်တော့တယ် ကိုအန်ဒီ။
ဒီပိုစ့် ကွန်မန့်မှာ ကြိုက်ကြပါတယ်လို့ပဲ အများစုက ရေးထားကြပြီး ကျေးဇူးတင်လိုက်ပါ ပိုစ့်လို ကိုယ်ပိုင် အမြင်တွေကို မဖလှယ်ကြတာ ထူးဆန်းနေမိတယ်။
နန္ဒာ မြန်မာလို နားလည်သလောက် ပြောရရင် Sympathy နဲ့ Empathy နှစ်မျိုးက တူသလိုလိုနဲ့ တကယ်တော့ ခြားနားတယ်။
Sympathy စိတ်က သူများ ဝေဒနာကို မျှဝေခံစား အသိအမှတ် ပြုရာရောက်ပြီး၊ Empathy စိတ်က နားလည်ပေးပြီး ထပ်တူထပ်မျှ ခံစားတဲ့ သဘောဆောင်ပါတယ်။
Empathy စိတ်ဟာ နှစ်ဦးသားအကြား တိုင်ပင် မထားကြပေမယ့် ဆုံးဖြတ် လုပ်ဆောင်တာမှာ သွားတူ နေတာမျိုးပါ။
Empathy စိတ်နဲ့ Sympathy စိတ် နှစ်မျိုးလုံးဟာ ကရုဏာစိတ် Compassion ရဲ့အခြေခံတွေ ဖြစ်ကြပြီး ၊ မေတ္တာ Love ဆိုတာမှာလဲ နှစ်မျိုးလုံးနဲ့ အကြုံးဝင်ကြပါတယ်။
ဒီပိုစ့်ကို ဖတ်ရတာ နှစ်သက်မိပါတယ်။
နန္ဒာ (SMNTL)
ဒါဆိုစိတ်ကူးပေါက်တာတွေလာရေးမယ်။
စာလုံးနှစ်လုံးရဲ့ ဇစ်မြစ်ကို သေချာလေ့လာပြီး တင်ပြပေးတာ တကယ်ကို တန်ဖိုးရှိပါတယ်။ ကျနော်လဲ ဒီစာလုံးနှစ်လုံးကို အဓိပ္ပါယ်အတူတူလို့ဘဲ မှတ်သားထားသူတစ်ယောက်ပါ။ အခုလို ရှင်းပြပေးတော့လဲ သေချာနားလည်သွားတာပေါ့ဗျာ။
ကိုအန်ဒီတန်ဖိုးရှိတဲ့ပို့ စ်လေးပါ... ကျွန်မအထင် သနားဂရုဏာစိတ်က လူတွေမှာဖြစ်ဖို့ လွယ်ပေမယ့် ကိုယ်ချင်းစာစိတ်ကတော့ သိပ်မလွယ်လှပါဘူး... ကလေးတွေကို Empathy ရှိအောင် ဘယ်လိုသင်ပေးရမလဲဆိုတာလေးကို ပညာယူသွားပါတယ်... ဟိုတလောက မိဘစွန့် ပစ်သွားတဲ့ ကလေးကို နို့ မှုန့် လှူတာ ကလေးပုံလေးကို သားကိုပြပြီး အသေးစိတ်ရှင်းပြမိပါတယ်... သားက အဲဒီကလေးလေးရဲ့ ဓာတ်ပုံလေးတွေရတိုင်း စိတ်ဝင်တစားကြည့်တတ်တယ်... သားက ဖေဖေရောမေမေရောရှိတယ်... လိုချင်တာရတယ်...မေတ္တာအပြည့်အ၀ရတယ်... ညီညီလေးက သူ့ ကို နို့ တိုက်မယ့်မေမေတောင် မရှိဘူးလို့  ကိုယ်ချင်းစာတတ်အောင် ရှင်းပြခဲ့တယ်... ဒီပို့ စ်ဖတ်ပြီးမှ နောက်ဆို ဒါမျိုးလေးတွေ များများ သင်ပေးမှလို့  သတိထားမိတယ်... ကိုယ်ချင်းစာတရားတွေ မျိုးဆက်ပြတ်သွားရင် လုံခြုံမှုတွေလျော့ပါးလာမှာမို့ ပါ...
Post a Comment
Many thanks for dropping a comment…