Sausage Rolls
အခုတလော လင်မယား ၂ ယောက်စလုံး TV မှာ နေ့တိုင်း ကြည့်ဖြစ်နေတာ MasterChef Series ပါ။ UK က လူတွေကတော့ MasterChef ကို ရင်းနှီးပြီး ဖြစ်မည်။ တခြား TV Show တွေလိုပဲ အပြိုင်အဆိုင်ပေါ့။ သူကတော့ အချက်အပြုတ်ပြိုင်ရတာ။ MasterChef က (Suvivor လို) တခြား TV Show တွေလိုမျိုး Contestant တွေကို အနိုင်ကျင့်တယ်လို့ မခံစားရဘဲ Contestant တွေကို လူလူသူသူ ဆက်ဆံတာ Judge တွေက စော်ကားမော်ကား ပြောတာမျိုး မဟုတ်ဘဲ ထိန်းထိန်းသိမ်းသိမ်းပြောတာတွေကြောင့် ကြည့်ဖြစ်သွားပါတယ်။။ American Idol က Simon Cowell တို့ကျတော့လည်း တည့်တိုးပြောတာ အပြောခံရတဲ့သူတောင် မျက်ရည်နဲ့ မျက်ခွက် ဖြစ်ရပေမည့် ကမ္ဘာကျော်ပြီး သူဌေးဖြစ်နေပြန်ရော။ Gordon Ramsay လောက် အပြောအဆို မဆိုးလျင်ပဲ အပန်းဖြေတဲ့ အချိန်မှာ ကြည့်ရ တော်ပါပြီ။ အခု MasterChef မှာတော့ Judge တွေက အပြောအဆိုလည်း မဆိုးဘူး ပိုကောင်းတာက တစ်ပတ်တစ်ခါ Master Class ဆိုပြီး Contestant တွေကို ချက်ပြတယ် သင်ပေးတယ်။ အဲဒါတွေကြည့်ပြီး ကိုယ်ကြိုက်လောက်မည့် အစာ ချက်နိုင်လောက်တာတွေ လုပ်စားဖြစ်တယ်။ တစ်ခု လုပ်စားဖြစ်တာ အလွယ်ဆုံး Sausage Roll။
ဒီမှာ Sausage Rolls စားကြတာ မြန်မာပြည်မှာ ဘိန်းမုန့်စားသလိုမျိုးပဲ။ မနက်စာ စားကြတယ်။ ဆိုင်တွေမှာလည်း စင်္ကာပူက လက်ဘက်ရည်ဆိုင်တွေ ပေါက်စီ ရောင်းသလိုကို ရောင်းကြတာ။ ရောက်စတုန်းကတော့ ၀ယ်စားသေးတယ်။ နည်းနည်းငန်ပြီး အသားထဲက အဆီများတာနဲ့ ကျန်းမာရေးအတွက် မကောင်းဘူး ဆိုပြီးတော့ မစားဖြစ်တော့ဘူး။ Sausage Roll ဆိုလို့ Sausage ၀က်အူချောင်းလိုမျိုးကို မြင်မိမည်။ တကယ်တော့ အတွင်းမှာ အသားအကြေကို ဌာပနာ လုပ်ထားတာ။ အပြင်က ဆိတ်သားပတ်ဖ်လို Pastry နဲ့ ပတ်ထားတယ်။ နောက်ပိုင်း ၀ယ်မစားဖြစ်တော့ပေမည့် MasterChef မှာ လုပ်ပြတော့မှ မြင်ပြီး အလွယ်လုပ်စားလို့လည်းရ ကိုယ့်ဘာကိုယ် ချက်စားတော့ အဆီ၊ အငန်ကိုလည်း ချိန်လို့ ရတော့ လုပ်စားကြည့်ကြတယ်။
Sausage Roll အတွက် အသားကတော့ ၀က်သားအကြေနဲ့ နွားကလေးသား (Veal) အကြေ ၂၅၀ ဂရမ်စီကို ရောလိုက်ပါတယ်။ Veal က အမဲသားလောက်လည်း မညှီဘူး။ ပိုလည်း နူညံ့တော့ သြော်ဇီရောက်ပြီးတော့မှ စားဖြစ်တယ်။ နို့စား နွားမတွေ နို့လိုက်ဖို့ နှစ်တိုင်း တစ်သား ပေါက်ဖို့လိုတယ်။ တစ်နှစ် တစ်သားမွေးလာတဲ့ နွားပေါက်လေးတွေထဲက အမတွေကိုပဲ နို့စားနွားလုပ်ဖို့ လိုတော့ အထီးတွေကို သိပ်ကြီးအောင် မစောင့်တော့ဘဲ Butcher ဆီပို့လိုက်ရော။ နွားကလေးဆိုတော့ ကြွက်သားတွေက အသားစားနွားတွေလို မမာတော့ စားရတာ နူးညံ့တယ်။ နို့တိုက်ပြီး မွေးထားတဲ့ Veal ဆိုရင် စားရတာ ပိုတောင် နူးညံ့တယ် ဆိုပါတယ်။ Veal အသား Texture နဲ့ အရောင်နဲ့က ၀က်သားနဲ့ အမဲသားကြားမှာ ရှိတော့ ဘယ်လိုရှိမည် ဆိုတာ စိတ်မှန်းကြည့်နိုင်ပါတယ်။
အဲဒီ Show မှာ ပြသွားတာက ကလေးတွေအတွက် လုပ်တာ ဆိုတော့ ကလေးတွေက ဟင်းသီးဟင်းရွက်ဆို ချေးများတတ်တော့ သူတို့ မသိအောင် ဘယ်လို ချက်ရမည် ဆိုတာ ပြသွားပါတယ်။ မုန်လာဥနီ ၂ဥကို အမျှင်တွေရအောင် ခြစ်နဲ့ခြစ်ပြီး ထောပတ် တစ်ဇွန်းလောက်နဲ့ ကြော်လိုက်တယ်။ မုန်လာဥတွေက ပျော်သွားပြီး အနှစ်လိုမျိုး ဖြစ်သွားတယ်။ ကြက်သွန်ဥနီ ၂ဥ ကြက်သွန်ဖြူ ၃-၄တက်ကို လေးစိတ်း သေးသေးလှီးပြီး ဆီနည်းနည်းနဲ့ အပူပေးပြီး မွှေတယ် ဆိုရုံ ကြော်လိုက်တယ်။ အဲဒီအချိန်မှာ Thyme လိုမျိုး အမွှေးအကြိုင် နည်းနည်း ထည့်ကြော်လည်း ရပါတယ်။

ပြီးတော့ အသား ၂ မျိုးရယ် မုန်လာဥနီနဲ့ ကြက်သွန်ကြော်ထားတာတွေရယ် Breadcrumb ၂ ခွက်ရယ် ရောမွှေလိုက်ပါတယ်။ Breadcrumb က ၀က်သား အမဲသားလိုမျိုး အသားအကြေတွေမှာ အဆီထွက်တတ်တော့ သူက အဆီတွေ စုပ်လိုက်နိုင်တယ်။ အရသာကို လုံးစေတယ်။ ဘာဂါအတွက် အသားပြားတွေ ဘာတွေလုပ်ရင်ဖြစ်ဖြစ် အသားလုံး ကြော်ရင်ဖြစ်ဖြစ် ထည့်တယ်။ (စကားမစပ် IT သမားများအတွက် - Web Page တွေမှာ အပေါ်ဘက်နားမှာ ရှိတတ်တဲ့ Navigation Link လေးတွေကို "Breadcrumbs" လိုခေါ်ပါတယ်) အားလုံးကို ဇလုံထဲ ထည့်ပြီး ဆားနည်းနည်းထည့်ပြီး သမသွားအောင် ဖိပြီး ရောမွှေလိုက်ပါတယ်။
ဆိတ်သားပတ်ဖ်လို အပြင်အခွံမှာ အလွှာလွှာ အထပ်ထပ်ဖြစ်တာမျိုးကတော့ Ready-made Puff Pastry ၀ယ်လိုက်ရုံပါပဲ။ Pastry အပြားကြီး တစ်ဖက်ကို ပေတံ ၂ ပြားစာလောက် Roll တစ်ခု လိပ်လို့ ရရုံလောက် ဖြတ်လိုက်ပြီး အသားအကြေတွေကို အတန်းလိုက် တင်ပြီး လိပ်လိုက်ပါတယ်။ လိပ်ပြီးမှ Pastry ပြားကို ဖြတ်ရင်လည်း အတိုင်းအတာ အတိအကျရပါတယ်။
အသား ၅၀၀ ဂရမ်နဲ့ဆို ၄လိပ်လောက် ရပါတယ်။ အလိပ်တွေကို တခါတည်း Baking Tray ထဲထည့်ပြီး အပေါ်က ကြက်ဥအနှစ် သုတ်ပါတယ်။ ကြက်ဥအနှစ်သုတ်ပြီး ဖုတ်လိုက်ရင် အရောင်လှပါတယ်။ ကြက်ဥအနှစ်သုတ်ပြီး အပေါ်က နှမ်းဖြုးပါတယ်။ သူတို့ကတော့ Basil Seed ဆိုတာ ဖြူးပါတယ်။ အိမ်မှာလည်း မရှိ တစ်ခါတစ်လေမှ လုပ်စားတာ ဆိုတော့လည်း ၀ယ်ပြီး မထည့်တော့ပါဘူး။ ပင်စိမ်းရွက် အစေ့ကို အခြောက်မစားဘူး ကြပေမည့် ပင်ပွားတော့ စာဖတ်သူတွေ သောက်ဖူးကြမည် ထင်ပါတယ်။ ပင်ပွားကလည်း ပင်စိမ်းရွက် အစေ့ပါပဲ။ မြိတ်ဖက်က အလှူတွေမှာ တိုက်တတ်တယ်။ Basil Seed လိုမျိုး ဘိန်းစေ့ဖြူးလည်း ရနိုင်ပါတယ်။ ဘိန်းစေ့ကလည်း ဈေးကြီးတော့ နှမ်းပဲ ဖြူးလိုက်ပါတယ်။
ကြက်ဥအနှစ်သုတ်တော့ သမီးက ၀ိုင်းကူပေးတယ်။ သားနဲ့ သမီးက အဖေနဲ့ အမေ ဟင်းချက်ပြီဆို ၀ိုင်းလုပ်ပေးချင်လို့ (ဆော့ချင်လို့) ချောင်းနေကြတာ။ ပေးလုပ်လိုက်တော့ ပျော်သည်ပေါ့။
ပြီးတော့ Oven ထဲကို ထည့်ပြီး ၁၈၀ ဒီကရီနဲ့ ဖုတ်လိုက်ပါတယ်။ ၁၅မိနစ် မိနစ်၂၀လောက် အကြာမှာတော့ Pastry တွေက မွပြီးတက်လာတယ်။ ကြက်ဥအနှစ်တွေက အရောက်တောက်ပြီး နှမ်းတွေက အဆီထွက်ပြီး အထဲက အသားတွေကလည်း ကျက်သွားပါတယ်။ ပြီးရင်တော့ စွေစွေလေးတွေ လှီးပြီးတော့ စားလို့ ရပါပြီ။ Sausage Roll လိုမျိုးပဲ ဖြစ်ဖြစ် ၀က်အူချောင်းလိုမျိုးပြဲဖစ်ဖြစ် ပဲသီးတောင့်လိုမျိုးကိုပဲ ဖြစ်ဖြစ် အဲဒီလို လှီးထားရင် တုံးတိလှီးထားတာထက် ကြည့်ကောင်းပါတယ်။
အခုဆို တစ်ခုခု ချက်စားမည်ဆိုရင် ကလေးရော လူကြီးရော စားလို့ ရတာမျိုးကို ရွေးပြီး လုပ်ဖြစ်တာ များလာတယ်။။ ပြီးတော့ ကလေးတွေက အစားချေးများတာ အကြောင်းရှိပါတယ်။ သမီးနဲ့သားမှာ သမီးက အသားမစားဘူး။ အသားဖတ်တွေကို မ၀ါးနိုင်လို့။ ကျွေးလည်း အသားတွေကို ကွမ်းဝါးသလို ၀ါးပြီး ထွေးထုတ်တယ်။ အဲဒါကြောင့် အခု Sausage Roll လိုမျိုး အသားတွေကိုကြိတ် မုန်လာဥနီတွေကို ကြိတ်ပြီး တခါတည်း စားလို့ ရတာမျိုး လုပ်ပေးတော့ ကြိုက်ပြီး စားကြတယ်။ Dumpling လိုမျိုး Dim Sum လိုမျိုး လုပ်ကျွေးလည်း စားကြတယ်။ အသားလုံးကြော်ကျွေးလည်း စားတယ်။ ကလေးတွေ အသားမစားရင် ဒီလို လုပ်ကျွေးခြင်းဖြင့် အသားများများ ကျွေးနိုင်ပါတယ်။
MasterChef (AU) web site မှာ Recipe တွေကို ဗီဒီယိုနဲ့ ကြည့်နိုင်ပါတယ်။ အခုမှ အစအဆုံး ကြည့်ရင်တော့ Series ကို စောင့်ကြည့်နေတာလောက် စိတ်မ၀င်စားနိုင်ပေမည့် အနောက်တိုင်း အစားအစာ ချက်နည်းတွေကို တီးခေါက်ချင်ရင်တော့ သွားကြည့်သင့်ပါတယ်။ အခု Sausage Rolls လုပ်နည်းကို ရုပ်နဲ့ အသံနဲ့ ကြည့်ချင်ရင်တော့ ဒီမှာ ကြည့်နိုင်ပါတယ်။

19 comments:
လုပ်စားကြည့်ပါအုံးမယ်။ အဲ့ဒီလိုမျိုး (အာလူးနဲ့ ) သုံးမြောင့်ပုံ လေးတွေတော့ လုပ်စားဖူးပါတယ်။
Thanks...Pls say hello to your family...
ဒီမိသားစု နဲ့ အိမ်နီးချင်လိုက်တာ..
အခုလို မုန့် ဖုတ်ရင် လာကူ လုပ်ချင်လို့ ပြောပါတယ်။ :)
အကိုနဲ့  အမရေ ...
ဒီတစ်ခါဝါးတီးကတော့ ကျနော်နဲ့  သိပ်အဆိုင်ဘူးဂျ။ ပြီးတော့ နဲနဲ အလုပ်ရှုပ်မယ်ထင်တယ်နော်။ ကိုယ့်မှာကလဲ ဒီလိုကျွေးစရာ သားသားမီးမီး ကလဲအရှိဝူးလေ။ ကြုံတုန်း ကြော်ငြာလေးဝင်ထားမှ ... ဟီးးးးးးးးး ဘာပဲဖြစ်ဖြစ် မုန့်  လေးကြည့်ရတာနဲ့  တင် တော်တော် အမောပြောသွားပြီ။ ကျန်းမာကြပါစေ ဗျာ။
ပျော်စရာကြီး ပြီးတော့ စားချင်စရာလေး...
သားရဲ့အကြိုက်ဆုံးအစားအစာထဲက တခုမို့  အတုခိုးသွားပြီ ကိုအန်ဒီရေ...မျှဝေပေးတာ ကျေးဇူးပါ
ဟဟ.. ဒီ video လေး Youtube မှာကြည့်ပြီးကတည်းက ဒီပို့စ်ဘယ်တော့လာမလဲလို့စောင့်နေတာ..။ စားကောင်းမယ့်ပုံဘဲ..။
ကျွန်တော်လည်း အချက်အပြုတ်နည်းနည်းတော့ဝါသနာပါတယ်.. Gordon Ramsay ကိုတော့သဘောကျတယ် အပြောဆိုးပေမယ့်အမှန်တွေပြောတာ..။ သူ့ရဲ့ Kitchen Nightmares Series တွေကြည့်ဖြစ်တယ်.။
ဘေးက အညွှန်းပို့စ်လေးတွေ လာဖတ်ရင်းနဲ့ ကိုအန်ဒီရဲ့ Yummy Yummy နဲ့ တိုးပါရောလား။ သမီးလဲ အဲလိုမုန့်မျိုးတွေ ကြိုက်တတ်တယ်။ သမီးကို လုပ်ကျွေးချင်တာ အိမ်မှာ Oven မရှိဘူးဗျို့။
သတိထားမိတာ ခလေးတွေက သူတို့ကိုယ်တိုင်ပါဝင်ကူညီပြီး ရလာတဲ့ အစားအသောက်ဆို ပိုစားကြတယ်။ ချက်ပြုတ်ရင်လဲ သိပ်ကူညီချင်ကြတယ်။
မြတ်နိုး လုပ်ကူနေပုံလေးကြည့်ရတာ စိတ်ရှည်မဲ့ပုံပဲ ...
သဘောကျပါတယ်။
I love to try one of those. Btw, I also love to watch the cooking show,Iron chef Japan, Jamie Oliver, Gordon Ramsay ( though he can be ill-mannered sometimes), etc.
စားချင်စရာလေး..
မိသားစု ပျော်ပျော်ပါးပါး လုပ်စားကြတာ
ပျော်စရာအားကျစရာ ကောင်းလိုက်တာ
အစားအစာတွေကလဲ စိတ်ဝင်စားစရာချည်း..
သဘောကျမိပါတယ်..
that's enough?? ချစ်စရာလေး..
ဒုတိယပုံ ဒီမှာမပေါ်လာဘူး... ဘာဖြစ်လဲမသိ.းO
Jamie Oliver ကို ကြိုက်တယ်၊ သူချက်ပြနေပုံတွေက တကယ့်ကို care free ပဲ။ ခုတော့ bake လို့မရသေးဘူး ကျမမှာ baking oven မရှိလို့....နည်းပဲ ကြည့်သွားတယ်...:)
ကိုအန်ဒီရေ
အဲလိုမျိုး ပုံစံနဲံ အသီးအရွက်မကြိုက်တဲ့ကလေးတွေကို စားစေတာ အန်မတန်ကောင်းပါတယ် အတုယူရတာပေါ့..သူငယ်ချင်းတယောက်ကတော့ သူ့သားနို့သိပ်မသောက်တော့လို့ ovaltine နဲ့အရောင်ပြောင်းတိုက်တာတွေ့ ဘူးတယ်… သူလဲအောင်မြင်တယ်.
American Idol က Simon Cowell ဟာသူပြောတာတွေက တဲ့တိုးကျပေမဲ့ မှန်နေတာများတယ်ထင်မိတယ်..ဘာလို့လဲဆိုတော့ သူဟာ သူ့အလုပ်ကို ပိုင်နိုင်တယ်ထင်မိလို့ပါ .. သူချီးကျူးတဲ့အခါမှာကြတော့လဲ Contestant တွေဟာ တခြားသူတွေရဲ့ စကားထက် ပိုအလေးထားတာ၊ ပျော်ရွှင်တာတွေ့  မိတယ် ဒါကြောင့်များအောင်မြင်သလားလို့… ခုတော့သူ မပါတော့မဲ့ Next Idol မှာတခြား Judge တွေကိုအစားထိုးလို့ကိုမရသေးဘူး ကိုအန်ဒီရေ … Ellen လဲမစွံလှဘူး…
NK
ဒီနေ့ လုပ်ဖြစ်ပါတယ်။ အဆင်ပြေစွာနဲ့ ပြီးသွားပါတယ်။
အသားက Breadcrumb နဲ့ ဥနီ ကြက်သွန်တွေရောထားလို့ 
ခပ်စိုစိုလေးဖြစ်နေတာ အရသာရှိပါတယ်။
မြန်လည်းမြန်တာကြောင့် မကြာခဏ လုပ်ဖြစ်ပါလိမ့်မယ်။
ညနေ အိမ်ဦးနတ်ပြန်လာရင် အမောပြေပေါ့။ မျှဝေပေးတာကျေးဇူးတင်ပါတယ်။
Sausage rolls လုပ်တဲ့ movie file က ဒီကနေ ကြည့်မရဘူး.. ဒါပေမယ့် မြတ်နိုးလေး ကို ရိုက်ပေးထားတဲ့ movie file တော့ ခဏခဏ ကြည့်ဖြစ်တယ်.. သူ့လက်လေးတွေနဲ့ ကြက်ဥအနှစ်သုတ်ပေးနေတာ စိတ်ပါလက်ပါနဲ့.. အမေကို ကူညီချင်နေတာ.. သမီးလေး မွေးရတာ အဲဒါတခုတော့ ကောင်းတယ်လို့ ပြောရမယ်.. မြတ်နိုးလေးက တအားချစ်ဖို့ကောင်းနေပြီ.. ကိုထက်လေးကိုလည်း ချစ်ပါတယ်.. :)) စမ်းလုပ်ကြည့်မလားဆိုပြီး လာကြည့်နေတာ.. puff pastry sheet အရင်ရှာရဦးမယ်.. :D
MasterChef Seriesကို ဒီပိုစ့်ဖတ်ပြီး အမှတ်ရမိနေတာနဲ့ ဒီမှာ TVက Series 2 ကြော်ငြာဝင်တဲ့အချိန်က သိပ်မကွာဘူး။ ဘယ်နေ့က စလဲတော့ မမှတ်မိတော့ဘူး။ ပြီးတာကတော့ ဒီနေ့ပဲ။ တနေ့ ၁နာရီ/နာရီဝက် တပတ် ၅ရက် ပြတာ အစအဆုံး အရသာရှိရှိနဲ့ ကြည့်ဖြစ်သွားတယ်။ ဒီမှာလဲ MasterChef Indiaလာနေတယ်။ AUလောက် ကြည့်လို့ သိပ်မကောင်းလှဘူး။ ဒါပေမယ့် မဆလာနံ့ သင်းသင်းလေးနဲ့ပေါ့ဗျာ။
Post a Comment
Many thanks for dropping a comment…