Wednesday, June 09, 2010

ကျေးဇူးတင်လိုက်ပါ

ညီလင်းဆက် ရီတာကိုပေါတို့ ရေးထားတာတွေနဲ့ ပြောင်းပြန်ဆန် ရေးရမှာ ခပ်လန့်လန့်ရယ်။ ဒါပေမယ့် သမိုင်းပေး တာဝန် ရှိလာတော့ (ဘယ်သူမှလည်း ပေးထားတာ မဟုတ်ဘဲနဲ့) ရေးလိုက်ပါဦးမည်။ တကယ်တော့ သူတို့နဲ့ ပြောင်းပြန်ရေးတယ် ဆိုတာထက် တခြား Perspective တစ်ခုကနေ ရေးတာပါ။ သူတို့ရေးထာတာတွေကို အပေါ်ယံ ရှပ်ယူလိုက်မည် ဆိုရင်တော့

ကိုယ့်ဝါသနာ ကိုယ့်ခံယူချက်နဲ့ ကိုယ်ကျိုးအတွက် လုပ်နေတာ ကျေးဇူးကို မျှော်လင့်မနေပါနဲ့
လို့ရပါတယ်။ ဒီနေရာမှာ သူတို့က ဒါကို ဆိုလိုချင်တယ် ဆိုတာထက် စာဖတ်သူက ဒီလို ရနိုင်တယ်လို့ ဆိုချင်ပါတယ်။ ကျွန်တော်ကတော့
ကိုယ့်ကို တစ်ခုခု လုပ်ပေးရင် ကျေးဇူးသာ တင်လိုက်ပါ
လို့ ခပ်ရှင်းရှင်းသာ ဆိုချင်ပါတယ်။

ဒီလို ကျွန်တော်နဲ့ သူတို့ ဘာကြောင့် ကွာသွားရသလဲဆိုတော့ Target Audience မတူလို့ပါ။ သုံးနေတဲ့ ဥပမာတွေ ဖြစ်တဲ့ ကျောင်းဆရာ၊ ဆရာဝန်၊ ဂျာနယ်လစ်တွေ၊ ဘလော်ဂါတွေ၊ တောင်သူလယ်သမားတွေ၊ နိုင်ငံရေး လုပ်နေသူတွေကို "ထုတ်လုပ်သူ" တွေလို့ အုပ်စုဖွဲ့လိုက်မည်။ ကျောင်းသားတွေ၊ လူနာတွေ၊ စာဖတ်သူတွေ၊ သာမန် ပြည်သူတွေကို "စားသုံးသူ" တွေလို့ အုပ်စုခွဲလိုက်ရင် သူတို့ ပြောချင်ပုံက ထုတ်လုပ်သူ လူတန်းစားတွေ၊ ထုတ်လုပ်သူဖြစ်မည့် လူတန်းစားတွေကိုပါ။ ကိုယ်ထုတ်လုပ်စရာ ရှိတာ ထုတ်လုပ် စားသုံးသူဆီက ကျေးဇူးကို မျှော်ကိုးပြီး မထုတ်လုပ်နဲ့၊ စားသုံးသူကိုလည်း ကျေးဇူးတွေနဲ့ မချည်နှောင်နဲ့ ဆိုချင်ပုံပါ။

ကျွန်တော်ကတော့ စားသုံးသူ လူတန်းစားတွေကို ပြောချင်တာပါ။ ကျေးဇူးတင်လိုက်ပါလို့။ ကျေးဇူးတင်တယ်ဆိုတာ "Say Thank you" လုပ်လိုက်ပါ လိုမျိုးက အများစုပါ။ "Owe Gratitude" ကတော့ အတိုင်းအဆနဲ့ပါ။ မိဘလိုမျိုးဆိုရင်တော့ Owe Gratitude ဆိုပေမယ့် ဆရာဝန်လိုမျိုးဆိုရင်တော့ Say Thank you ပါ။ ဆရာဝန်တောင်မှ ကိုယ်က ဆေးခန်းသွားပြီး ပြတဲ့ ဆရာဝန်လား ညကြီးမင်းကြီးမှာ သူ့ကိုယ်ရေးကိုယ်တာ ဘေးချိတ်ပြီး ကိုယ့်အသက်ကို ကယ်တဲ့ ဆရာဝန်လား ကွာသွားပြီး Say Thank you လုပ်ဖို့နဲ့ Owe Gratitude လုပ်ဖို့က ကွာသွားပါတယ်။ ဒီနေရာမှာ Say Thank You လုပ်ဖို့ဆိုတာ "ကျေးဇူးတင်ပါတယ်" ပြောတယ်ဆိုတာ အပြင် တခြား တခြား Gesture တွေနဲ့လည်း လုပ်လို့ရပါတယ်။ ပြုံးပြတာကနေ လက်ဆောင်တွေဘာတွေ ပေးတာအထိပေါ့။ သေချာတာကတော့ ဆေးကုပေးတဲ့ ဆရာဝန်ကို ဆေးပြန်ကုပေးပြီး ကျေးဇူးဆပ်ဖို့လိုမျိုးကတော့ တော်ရုံတန်ရုံ မကြုံနိုင်ပါဘူး။ ပြောချင်တာကတာ့ ကိုယ်က ကျေးဇူးတင်ဖို့အတွက် သူလုပ်ပေးထားသလောက် ပြန်မလုပ်ပေးရပါဘူး ဆိုတာပါပဲ။ ကျေးဇူးတင်ရတယ်ဆိုတာ အင်မတန် ပေါ့ပါးပါတယ်။

တကယ်တော့ ညီလင်းဆက်တို့ ကိုပေါတို့က မလိုအပ်ဘဲ Owe Gratitude မလုပ်မိဖို့ ပြောတာပါ။ သူတို့တွေက Say Thank you လုပ်ဖို့ တားတာ မဟုတ်ဘူးဆိုတာကိုတော့ ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် Say Thank you လုပ်ဖို့ ပါ မလိုဘူးလို့ သူတို့ စာဖတ်သူတွေ တဖြည်းဖြည်း စိတ်ထဲကို ၀င်သွားနိုင်တော့ အခုလို ရေးလိုက်တာပါ။ ကျွန်တော်က ဘာကြောင့် ဒီလောက် ကျေးဇူးတင်ဖို့ စွတ်ပြောနေရသလို ဆိုတော့ ခေတ်ကြီးက အချင်းချင်း မထိန်းရင် ပျက်သွားနိုင်တဲ့ အနေအထားမှာ ရှိနေလို့ပါ။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကနေ လူတွေရဲ့ စိတ်နေစိတ်ထားအထိ အချင်းချင်းမှ မထိန်းသိမ်းရင် မကောင်းတဲ့ ဘက်ကိုပဲ ဦးတည်နေချင်ပါတယ်။ လူတွေက (အထူးသဖြင့် လူငယ်တွေက) အရင်တုန်းက လူတွေနဲ့ မတူတော့ ပါဘူး။ အတွေးအခေါ်တွေက ဆန်းသစ်တယ်။ Dynamic ဖြစ်တယ်။ အရှိန်ပါတဲ့ အတွက် လမ်းမကြောင်းပေးရင် မှားယွင်းဖို့ အင်မတန် လွယ်ပါတယ်။ မှားယွင်းသွားရင်လည်း ဆိုးကျိုးက ပိုပြင်းထန်ပါတယ်။

အခုခေတ် လူငယ်တွေက အရာရာကို ပေါ့ပေါ့တန်တန် သဘောထားကြပါတယ်။ အဲဒါကိုမှ လူကြီးများက ဖေါ့ပေးလိုက်ရင် ပိုပြီး လွတ်သွားပြီး စည်းမဲ့ ဘောင်မဲ့ ဖြစ်သွားနိုင်ပါတယ်။ (ဒီနေရာမှာ အချုပ်အချယ် မခံရတဲ့သူတွေက Creativity ပိုကောင်းတယ် ဆိုတာကို နောင်များမှ ပြောချင်ပါတယ်)။ ထုတ်လုပ်သူလူတန်းစားကို ဟေ့လုပ်စရာ ရှိတာလုပ် ကျေးဇူးကို မျှော်ကိုးမနေနဲ့ လို့ဆိုတာကို စားသုံးသူများက ဒီလူတွေ လုပ်စရာ ရှိတာကို လုပ်ကြတာ ကျေးဇူးတင်စရာ မလိုပါဘူးလို ထင်သွားနိုင်ပါတယ်။ နိုင်ငံရေး လုပ်နေသူတွေကိုလည်း လူတွေက ဒီလို ထင်နေကြတာ ခပ်များများပဲ။ သူ့ယုံကြည်ချက် သူ့ခံယူချက်နဲ့ လုပ်နေတာ ကျေးဇူးတင်စရာမလိုပါဘူး ဆိုပြီး သာမန်ပြည်သူတွေက ထင်နေကြတယ်။ ကျေးဇူးမတင်တော့ မထောက်ပံ့။ နောက်က လိုက်လာတဲ့ သူတွေ မပါတော့ ရှေ့တန်းက လူတွေက တဘုန်းဘုန်းကျနဲ့ တိုးမပေါက်ဘူး ဖြစ်နေတာပေါ့။ ကိုပေါဆိုချင်တဲ့ နိုင်ငံရေးသမား ကြောင်ဖားတွေကိုဆိုတာ သဘောပေါက်ပါတယ်။ ဒါပေမယ့် သာမန်ပြည်သူတွေက နိုင်ငံရေးသမားတွေကို ကျေးဇူးတင်စရာမလိုဘူးလို့ အတွေးဝင်သွားမှာ စိုးလို့ ထပ်ဖြည့်ပေးတဲ့ သဘောပါ။ ၀ါဒဖြန့်တယ် ဆိုတဲ့ စကားက အလကား မဟုတ်ပါဘူး။ တစ်ခုခုကို ပြောပါများရင် လူတွေက အဲဒီဘက်ကို ပါသွားချင်ပါတယ်။

မြန်မာများက ကျေးဇူးတင်ချင်ရင် ကိုယ့်အလုပ်ရှင်တောင် ကိုယ်ကျေးဇူးတင်တာ။ တကယ်တော့ အလုပ်ရှင်က ကိုယ့်ကို လုပ်ခပေး ကိုယ်က အလုပ်ပြန်လုပ်ပေး ကျေးဇူးတင်စရာ မလိုပါဘူးလို့ တွေးတဲ့သူတွေလည်း ရှိတယ်။ ဒီနေရာမှာ ကျွန်တော့် အမြင်ကတော့ Say Thank you လုပ်လိုက်ပါ။ ဆိုတာက စိတ်ထဲမှာ ပေါ့ပေါ့ပါးပါးတော့ ကျေးဇူးတင်ပေးလိုက်ပါ။ မိဘနဲ့ သားသမီးလို ကျေးဇူးခံ ကျေးဇူးစားတော့ မဟုတ်ဘူးပေါ့။ ဘာဖြစ်လို့ ကျေးဇူးတင်လိုက်ပါလည်းဆိုတော့ အဲဒီလို ကျေးဇူးတင်တဲ့ စိတ်မရှိရင် အလုပ်ထဲမှာ ကိုယ်က မပျော်တော့ဘူး။ နောက်ဆုံး ကိုယ်ပဲ ပူလောင်လာလိမ့်မည်။ အလုပ်ထဲမှာ မပျော်ဘူး ဖြစ်လာလိမ့်မည်။ (အနိုင်ကျင့်တဲ့ အလုပ်ရှင် ရှိတာ အလုပ်ပြောင်းချင်တာကတော့ တခြား အကြောင်းအရာ တစ်ခုပါ။) အလုပ်ရှင်ကလည်း ကိုယ့်ကို ကျေးဇူးတင်ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ အလုပ်ရှင် ဖြစ်ဖို့တော့ ရေတိုမှာ အခွင့်အလမ်း နည်းပါးပေမည့် Team Leader လိုမျိုး Manager လိုမျိုးဖြစ်လာရင် ကိုယ့် Team ထဲက လက်အောက်ငယ်သားတွေက အလုပ်တစ်ခု ပြီးသွားတိုင်း နှုတ်ကနေ ဖြစ်စေ Email နဲ့ဖြစ်စေ Lunch ကျွေးပြီး ဖြစ်စေ ကျေးဇူးတွေ တင်နေရတာ ကြုံလာရမှာပါ။ အဲဒီလို မလုပ်ဘဲ သူလည်း လခစားမို့လို့ လုပ်နေတာ ကျေးဇူးတင်စရာ မလိုပါဘူး ဆိုရင်တော့ Productivity မှာ အများကြီး ထိခိုက်နိုင်ပါတယ်။

ဟိုတယ် တံခါးစောင့်ကိုတောင် လာလည်သူတွေက ကျေးဇူးတင် ကြသေးတာပဲ။ (Thanks မပြောတောင် ပြုံးပြလိုက်ရင် ရပါပြီ။)သူ့ဘာသူ လစာယူထားလို့ လာသမျှလူကို တံခါးဖွင့်ပေးရတယ်ဆိုတဲ့ စင်္ကာပူက တရုတ်တွေရဲ့ အတွေးအခေါ်ကို မြန်မာတွေဆီကို မကူးဆက်စေချင်ပါဘူး။ နှုတ်ဖျားက ကျေးဇူးတင်လိုက်တာ အပေါ်ယံတွေပါလို့ ရေးမည့်အစား ကျေးဇူးတင်တာ That's the way it works ပါ။ လူယဉ်ကျေးမှုပါလို့ပဲ ရေးချင်ပါတယ်။ Old School ဖြစ်တယ်ပဲ ပြောပြော ဖောက်ထွက်မတွေးဘူးပဲ ပြောပြောပါ။ ဒါမှမဟုတ် ဒီလောက်ကတော့ လူတွေသိပါတယ် ပြောစရာ မလိုဘူးဆိုပေမည့် ကျွန်တော်တော့ ပေါ့ပေါ့ပါးပါးတောင် ကျေးဇူးမတင်တတ်သူတွေနဲ့ အခါများစွာမှာ တွေ့နေရတာပါပဲ။

ကျွန်တော်အနေနဲ့ ဒီနေရာမှာ Say Thank You ကို စောင်းပေးပြောတဲ့ အတွက် ပေါ့ပေါ့ပဲ ကျေးဇူးတင်လိုက်၊ ပြီး ပြီးရော ဆိုတာမျိုးလည်း မဟုတ်သေးပါဘူး။ လူတွေကို လမ်ကြောင်းပေးတဲ့ အခါ အလွယ်လမ်းကနေ စမှ အများစုက လိုက်လာတဲ့ သဘောရှိပါတယ်။ ကျေးဇူးတင်တယ် ဆိုတာ ပါးစပ်ဖျားကနေ ပေါ့ပေါ့လေး ပြောလိုက်ရုံနဲ့ မပြီးဘူး။ သူတထူးကို ကျေးဇူးအထူး သိတတ်ဖို့ ကြုံရင် ကြုံသလို ကျေးဇူးဆပ်တတ်ဖို့ လိုတယ်လို့ အများကြီး ပြောလိုက်ရင် လေးလံသွားပြီး နဂိုကမှ ပေါ့ပေါ့ပါးပါးတောင် ကျေးဇူးမတင်တတ်သူတွေက ခက်ပါတယ်ကွာ ဖြစ်သွားမှာ စိုးလို့ပါ။ Owe Gratitude ကတော့ အခြေအနေ အတိုင်းအဆနဲ့ပါ။ လူတိုင်း အလွယ် ပြုမူသင့်တာကတော့ Say Thank you ပါ။

ကြုံလို့ တစ်ခု ပြောရရင် ကျွန်တော် လူပျိုတုန်းက နိုင်အာဂရာ ရေတံခွန်ကို ကလေးအဖေတစ်ယောက်နဲ့ သွားဖူးပါတယ်။ ဒီလူက မိသားစုအတွက် ပိုက်ဆံစုနေတော့ မသွားချင်ဘူး။ ပြီးတော့ နိုင်အာဂရာလည်း ဘာထူးလည်း ရေတွေ ကျနေတာပဲ ဆိုပြီး ခံယူထားတဲ့လူ။ ကျွန်တော်က အတင်းခေါ်တော့ လိုက်လာပြီး ဟိုကျတော့ မပျော်ဘဲ ဟာ..ရေတွေ ရေတွေ ဟေ့ ဆိုပြီး ကျွန်တော်ကို နောက်ပါတယ်။ တကယ်လည်း သူ စိတ်မပါပါဘူး။ သူ့အတွက်တော့ အတွင်းကျကျ မြင်တော့ ရေတွေကို ရေတွေလို့ပဲ မြင်တယ်။ ကျွန်တော်ကတော့ ရေတွေ ဒီလောက် ထုကြီး ထည်ကြီးနဲ့ ကျနေတာ အဲဒီအောက်ကို ၀င်ရတာ ဘ၀မှာ အတွေ့အကြုံတစ်ခုလို့ပဲ ခံစားရတယ်။ အဲဒီတုန်းကတော့ ကိုယ်က ငယ်သေးတာကိုး။ ဒါပေမယ့် အခုနေ သွားမလား မေးရင် ရေတွေပဲ ဘာလုပ်ဖို့ ပိုက်ဆံ အကုန်ခံပြီး သွားကြည့်မှာလည်း ဆိုပြီး ဒီလူ့လိုပဲ တွေးပြီး သွားမှာ မဟုတ်ဘူး။ ပြောချင်တာကတော့ လူတွေက တစ်ခုခုကို အတွင်းကျကျ မြင်သွားတဲ့ အခါ အပေါ်ယံတွေကို ဂရုမစိုက်တော့ဘူး ဆိုတာပါ။ အသက်အရွယ် အတွေ့အကြုံ ရင့်ကျက်သူများကတော့ အတွင်းကျကျ မြင်နိုင်ပေမည့် သာမန်လူများကတော့ မမြင်နိုင်ပါဘူး။ အဲဒါကို မြင်တဲ့သူတွေက ပြောချလိုက်ရင် မမြင်တဲ့သူတွေက အဓိပ္ပါယ်ကောက်လွဲသွားနိုင်ပါတယ်။ ကျွန်တော်လည်း ကျေးဇူးတင်တယ် ဆိုတာ အခါများစွာမှာ အပေါ်ယံတစ်ခုလို့ပဲ သဘောထားပါတယ်။ အထူးသဖြင့် ကိုယ်က ထုတ်လုပ်သူ ဖြစ်နေရင်ပါ။ ဒါပေမယ့် ဒါကို ကျွန်တော် ဂုဏ်တစ်ခု လုပ်ပြီး ထုတ်မပြောချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက ကျေးဇူးတင်တယ်ဆိုတာ အပေါ်ယံကြောတစ်ခု ဆိုတာ မှတ်ယူသွားပြီး အဲဒီကနေ မလိုအပ်တဲ့ အရာ တစ်ခု လို့ မှတ်ယူသွားနိုင်ပါတယ်။

ကျွန်တော်တို့ ကိုယ်တိုင်က အခြေခံပညာသင်ပေးတဲ့ ဆရာ၊ဆရာမများကိုတော့ အခုထက်ထိ မှတ်မှတ်ရရနဲ့ တွေ့ရင် ထိုင်ကန်တော့ပေမည့် တက္ကသိုလ်တန်းသင် ဆရာ၊ ဆရာမများကိုတော့ အဲဒီလောက် ကျေးဇူးမတင်တတ်ကြပါဘူး။ တကယ်တန်း ပြောရမည်ဆို တက္ကသိုလ်တန်းတင် ဆရာ၊ဆရာမများက ပညာရပ်ဆိုင်ရာမှာ အများကြီး အဆင့်အတန်း မြင့်သေးတယ်။ သူတို့ သင်ပေးတာနဲ့မှ ထမင်းစားရတာ။ ဒါပေမယ့် တက္ကသိုလ်ဆရာများကိုတော့ ပွဲပြီး ဖုတ်ဖတ်ခါ ထသွားကြတဲ့ ကျောင်းသားများက ခပ်များများ။ ဘာကြောင့်များလဲ။ အခြေခံပညာသင် ဆရာများက အနစ်နာခံတယ်လို့ ဆိုမလား။ ဒါဆို အတွင်းကျကျ မြင်တတ်သူများကတော့ ဒီဆရာများဟာ တက္ကသိုလ်ဆရာတွေလောက် ပညာမတတ်လို့ ဒီလောက်လခပဲ ရနေတာ သနားစရာလား စသည် စသည် အဲဒီဘက်ကို အတွေးစ ထုတ်ပေးလိုက်ရင် လူတွေက အဲဒီဘက်ကို ယိုင်သွားနိုင်ပါတယ်။ ငယ်ငယ်တုန်းက အတွေးအခေါ်တွေက ဖြူစင်သေးတော့ (၀ါ) မရင့်ကျက်သေးတော့ အခြေခံပညာသင် ဆရာတွေကို ကျေးဇူးတွေ တင်ပြီး အရွယ်ရောက်တော့ အတွေးအခေါ်တွေက ရှုပ်ထွေးပြီး (၀ါ) ရင့်ကျက်ပြီး တက္ကသိုလ်တန်းသင်ဆရာတွေလည်း PhD တက်ဖို့ ရာထူးတက်ဖို့ ကိုယ့်ကို စာသင်နေတာ ဒီလောက်ကြီး ကျေးဇူးတင်နေစရာ မလိုပါဘူး ထင်ကြတာလား တွေးကြည့်ပါတယ်။ ဒါဆို အတွေးအခေါ် ရင့်ကျက်သွားရင်(၀ါ) ရှုပ်ထွေးသွားရင် ဒါမှမဟုတ် အတွင်းကျကျ ကြည့်လိုက်ရင် ကိုယ့်ကို စာသင်ပေးတဲ့ သူချင်း တူတူကိုတောင် အမြင်တွေ ပြောင်းလဲသွားနိုင်သလား။

ထုတ်လုပ်သူနဲ့ စားသုံးသူ လူတန်းစားက (ပြောရမည်ဆို) 20-80 ရှိပါတယ်။ လောကမှာ စားသုံးသူက ပိုများပါတယ်။ စာဖတ်သူတွေထဲမှာလည်း စားသုံးသူ အချိုးက ပိုများတယ် ဆိုရင် မမှားလောက်ပါဘူး။ စာတွေက ထုတ်လုပ်သူတွေအတွက် ရည်ရွယ်တယ် ဆိုပေမယ့် တကယ်ဖတ်နေကြတာက စားသုံးသူလူတန်းစားတွေက အများစုပါ။ အဲဒီတော့ စာသုံးသူလူတန်းစားက ဘယ်လို အဓိပ္ပါယ် ကောက်သွားနိုင်တယ်ဆိုတာ တာဝန်မယူနိုင်ပါဘူး။ ဥပမာ ၀ိနည်းမညီတဲ့ ဘုန်းကြီးတွေ အကြောင်းရေးတယ်။ ရေးလိုက်တာက ဘလော့မှာ။ ဘလော့ကို ဖတ်တာက ဗုဒ္ဓဘာသာဝင်တွေနဲ့ တခြား ဘာသာဝင်တွေ။ ဘုန်းကြီးနဲ့ သာသနာတော် ပြန့်ပွားရေးက ဘယ်နှယောက်ပါမလဲ။ ဗုဒ္ဓဘာသာဝင်တွေက ငါတို့မှာတော့ လှူလိုက်ရတာ ကန်တော့လိုက်ရတာ ဒင်းတို့ကတော့ နေချင်သလိုနေတယ်ဆိုပြီး လှူချင် တန်းချင်စိတ် ကုန်ခန်းသွားမည်။ တခြား ဘာသာဝင်တွေကရော ဘာပြောမလဲ။။ ရေးလိုတော့ ရပါတယ်။ သတင်းတွေမှာလည်း ခရစ်ယာန်ကျောင်းတွေမှာ ဖောက်ပြန်တဲ့ ဘုန်းကြီးတွေ အကြောင်းတွေ တွေ့နေရတာပဲ။ ရည်ရွယ်ချက်ကတော့ ဒီလို ဖောက်ပြန်တဲ့ သူတွေကို ဒီလိုရှုပ်ချတယ် ဆိုတာရယ် လူတွေကို သတိထားဖို့ အကြောင်းကြားချင်တာရယ်ပါ။ ဒါပေမယ့် ခုတ်ရာတခြား ရှရာတခြား မဖြစ်အောင် အထူးသတိထားဖို့တော့ လိုပါတယ်။

တကယ်တော့ သူတို့ရဲ့စာတွေက ထုတ်လုပ်သူတွေကို အပြင် စာဖတ်သူတွေထဲက စားသုံးသူတွေကိုလည်း မှန်ကန်တဲ့ ထုတ်လုပ်သူတွေ ဖြစ်လာဖို့ လမ်းကြောင်းပေးချင်ပုံပါ။ သူတို့အနေနဲ့ ထုတ်လုပ်သူတွေကို စိတ်ထားတတ်ဖို့ သတိပေးတဲ့ အနေနဲ့ ရေးသလို ကျွန်တော်အနေနဲ့လည်း စားသုံးသူတွေကို ကျေးဇူးတင်တာနဲ့ ပက်သတ်ပြီး အယူမလွဲဖို့ ထပ်ဖြည့်ပေးတယ်ဆိုတာကို နားလည်ပြီး ဖြစ်တာတောင် ထပ်လောင်း ပြောချင်ပါတယ်။

95 comments:

Mon Petit Avatar - 6/9/10, 5:15 PM

Thank you for sharing your theory and I am glad to know that I am not alone.

An Asian Tour Operator - 6/9/10, 5:17 PM

ဒီပို့စ် အတွက် ကျေးဇူးပါ။ ;))

Rita - 6/9/10, 5:18 PM

ကိုအင်ဒီ ထုတ်လုပ်လိုက်တဲ့ ဒီ post ကို စားသုံးလိုက်ရသူ တစ်ဦးမှ Thank u လုပ်သွားပါတယ်
:)

Vista - 6/9/10, 5:28 PM

ခံယူချက်ခြင်းထပ်တူကျပါတယ် ..ကျေးဇူးတင်သွားပါတယ်။

Anonymous - 6/9/10, 5:35 PM

ကျေးဇူးတင်ပါတယ်။

စာသုံးသူတစ်ဦး

Anonymous - 6/9/10, 5:44 PM

Interesting post.
Thank U:)

Soe Yu - 6/9/10, 5:44 PM

I would like to say Thank You for your productivity of this post. :)

ချစ်ကြည်အေး - 6/9/10, 5:58 PM

တကယ်ပဲ ကိုအန်ဒီ ကျမ ပို့စ် အကြမ်းတောင်ချရေးပြီးနေပြီ...၊

အဲဒီလိုစိတ်ထားမျိုးရှိဖို့ လိုတဲ့အကြောင်း၊ ဆန်ပေးလို့ ဆီရတာပါကွာလို့ သဘောထားနေရင် ကြာရင် စက်ရုပ်တွေလို နှလုံးသား မဲ့ကုန်ကြမှာ စိုးရိမ်စရာ...။ ကိုအန်ဒီ ရေးထားတာ ပါဖက်ပဲ...ကျမပို့စ်တောင် တင်ဖို့ ပြန်စဉ်းစားလိုက်ပါအုံးမယ် ဟားဟား...:)

yhmyo - 6/9/10, 6:08 PM

Many thanks for your post

ကိုဇေယျာ - 6/9/10, 6:24 PM

Thank you

Anonymous - 6/9/10, 6:43 PM

I'm a half producer and half consumer one in my life. Anyway, thank you so much for this post, I really appreciate it.

Anonymous - 6/9/10, 7:16 PM

ကျေးဇူးတင်ပါတယ်ရှင်

Rita - 6/9/10, 7:17 PM

အပေါ်က ကွန်မန့်က လျှမ်းပြီး ရေးမိလိုက်သလိုပဲ။

နိုင်ယာဂရာ အကြောင်းကို ပြောထားတာ သဘောကျမိပါတယ်။ စိတ်ဝင်စားစရာ ဥပမာပါ။

Anonymous - 6/9/10, 7:47 PM

ခံယူချက်ချင်းတူပါတယ်။ ဒီပိုစ်အတွက် ကျေးဇူးအရမ်းတင်မိတယ်

မီလျှံနာ - 6/9/10, 7:53 PM

ကျေးဇူးပဲ ကိုအင်ဒီရေ.. ဒီပို့စ်လေးအတွက်..

တကယ်က ညီလင်းဆက်၊ ရီတာနဲ့ ကိုပေါတို့က စာအရမ်းဖတ်ပြီး ကိုယ့်ဟာကိုယ် အထင်ကြီးစိတ်နဲ့ အတွေးအခေါ် ကြောင်တောင်တောင် ဖြစ်သွားကြတာပါ။ တခါတလေ စာအရမ်းဖတ်တဲ့လူတွေ၊ စာအုပ်ကြီးအတိုင်းတွေးခေါ်နေရာက ရှေးရိုးအတိုင်း မလိုက်ပဲ လမ်းသစ်ဖောက်မယ်ဆိုပြီး တွေးခေါ်ရာက ကြောင်တောင်တောင် ဖြစ်သွားကြတာလေ.. ဖြစ်တတ်ပါတယ်...

စာနဲ့ လက်တွေ့ကို ဆက်စပ် တွေးခေါ်တတ်ဖို့၊ တဖက်စွန်းမရောက်ပဲ မျှမျှတတ တွေးခေါ်တတ်ဖို့၊ ဆင်ခြင်နိုင်တဲ့ ဦးနှောက်နဲ့ စာနာတတ်တဲ့ နှလုံးသား ချိန်ခွင်မျှဖို့ အဲဒါတွေ သူတို့မှာ အပြည့်အဝ မရှိကြလို့ပါ ပဲ အဲဒီလို ကောက်ချက်ချမိပါတယ်။

ကျေးဇူအရမ်းတင်ပါတယ်။ (တင်ချင်လို့ တင်တာပါ။)

Ei - 6/9/10, 8:34 PM

ကိုအန်ဒီ ရေးထားတာဖတ်ရတော့ ကျမတော်တော် ၀မ်း သာသွားပါတယ်။ကျေးဇူးတရားကို ခံစားမိတဲ့အတွက် လူသားတွေရဲ့ ရင်ထဲမုာ စေတနာ၊ မေတ္တာ တွေကို ဖြစ်ပေါ်လာစေတယ် လို. ယုံကြည် မိ လို.ပါ။ ကျေးဇူးတင်ပါတယ်ရှင်။

Rita - 6/9/10, 8:37 PM

ကျွန်မပြောတဲ့ ဗမာဝတ်စုံ ဝတ်တဲ့ကိစ္စ ဥပမာက အဲဒီ အထက်က ပုဂ္ဂိုလ်လိုမျိုးကို ပြောတာပါပဲ ကိုအင်ဒီ
:)))
(တကယ်ကို နှစ်နှစ်လိုလို ပြုံးပြီး ရေးမိပါတယ်)

Rita - 6/9/10, 8:37 PM

မှတ်ချက်။ Ei မဟုတ်ပါ

kokomaung.uk - 6/9/10, 8:40 PM

ဟုတ်ပါတယ်။ ကျေးဇူးပြန်မဆပ်နိုင်ရင်တောင် အပြုံးလေးတစ်ခု သို့မဟုတ် thank you ဆိုတဲ့ စကားတစ်ခုက ကူညီပေးတဲ့သူအတွက် စိတ်ရွှင်လန်းမှုဖြစ်စေပါတယ်။

Hana San - 6/9/10, 8:41 PM

ဒီဆောင်းပါးကို တစ်ယောက်က link ပေးလို့ ဖတ်မိတာ။ ဆောင်းပါးရှင်ကို အလွန်ပင်ကျေးဇူးတင်ပါတယ်။ လူငယ်တွေအတွက် စေတနာထားပြီး စာရေးတဲ့အတွက် ပိုလို့ပင်ကျေးဇူးတင်ပါတယ်။ စာဖတ်သူမှာ IQ နဲ့ EQ တွေ level မတူညီတတ်ကြတာ စာရေးသူက အမြဲသတိရှိပြီး စာဖတ်သူ အယူမမှားစေဖို့ စေတနာထားရေးပေးတာကို အလွန်ပင်ကျေးဇူးတင်ပါတယ်။

ဂျစ်တူး - 6/9/10, 8:53 PM

ကျေးဇူးတင်ပါတယ်ရှင်...ဒီပို့စ်လေးအတွက်...

Anonymous - 6/9/10, 8:59 PM

ဒီပို့စ်လေးရေးပေးတာ တကယ်ကိုကျေးဇူးတင်ပါတယ်။
ဒီပို့စ်ကိုတော့ အပြည့်အ၀အမြင်တူစွာထောက်ခံပါတယ်။


စာဖတ်သူ

ဖြိုးအောင် - 6/9/10, 9:04 PM

တဖြေးဖြေးနဲ့ ဘလော့ဂ်လည်ရတာ တရုတ်ကား ကြည့်နေရသလိုပါပဲ...
ကိုညီလင်းဆက် ရေးထားတာရော ကိုအန်ဒီပိုစ့်ကိုပါ ကြိုက်တယ်။ ကိုအန်ဒီ့ ပိုစ့်ကို ပိုသဘောကျတယ်။ စေ့စေ့စပ်စပ်အမြင်နဲ့ လူသားဆန်တဲ့ နွေးထွေးမှု့ကို တွေ့ရလို့ပါ။

ဖြိုးအောင် - 6/9/10, 9:11 PM

မေ့သွားလို့ ကိုအန်ဒီရေ..
အကို့ပိုစ့်တွေ အားလုံးကို ဖတ်ဖြစ်တယ်။ မသိသေးတာတွေ သိရလို့ သိပြီးသားတွေကိုလဲ တခြားရှူ့ထောင့်ကအမြင်ကို ဖတ်ရလို့ ပိုစ့်အားလုံးအတွက်(သားရဲ့အီအီးပိုစ့်မပါ)
တကယ့်ကို ကျေးဇူးတင်တယ်ဗျာ။

Ko Paw - 6/9/10, 9:19 PM

မလန့်ပါနဲ့ ကိုအင်ဒီ။ မိုးပေါ်ထောင် ဖောက်တာပါ။း-) ဒါပေမယ့် “ကျေးဇူး” တွေ ဖောင်းပွကုန်ရင်တော့ ကိုအင်ဒီကြီးကို တရားခံရှာရမယ်ဗျိုး။ ဒီခေတ်ကြီးထဲမှာ စက်က အလိုအလျောက် ပြန်ဖြေတဲ့ “သင့်ယူ”တွေရော၊ လူတွေက မိတ္တဗဋီကာတွေဖတ်ပြီး စက်ရုပ်ဆန်ဆန် လျှာဖျားလေးနဲ့ ပြောတဲ့ “သင့်ခ်ယူ”တွေရော လှိုင်လှိုင်ကြီး ကြားနေရတဲ့ ခေတ်မို့ပါ။

ကိုအင်ဒီရေးတာက စားသုံးသူဖက်ကရေးတာဆိုတော့ ကျနော့်ပို့စ်နဲ့ ဆန့်ကျင်တယ်လို့တော့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် ကျေးဇူးတင်ပုံတွေနဲ့ ပတ်သက်ပြီး ကျနော် မြင်မိတွေးမိတာလေးတွေ နောက်တပို့စ်မှာ ရေးဖို့ အစီအစဉ်ရှိပါတယ်။

Ko Paw - 6/9/10, 9:21 PM

အပေါ်က ကွန်မင့်ထဲမှာ “မိတ္တဗလဋီကာ” လို့ ဖတ်ပါရန်။

လသာည - 6/9/10, 9:21 PM

ဒီအတွေးကို နှစ်ခြိုက်စွာ ထောက်ခံမိပါတယ်..။

Anonymous - 6/9/10, 9:22 PM

ကိုအန်ဒီ ..သတိသာထားတော့ စာအုပ်ကြီးနဲ့ကိုင်ပေါက်ခံရတော့မယ်..

ကျနော်ကတော့ ဒီပို့စ်အတွက် တကယ်ကျေးဇူးတင်ပါတယ်။


စာဖတ်သူ

Rita - 6/9/10, 10:10 PM

မလိုအပ်ဘဲ စေတနာ့ဝန်ထမ်း ဝင် လျှာရှည်ပါရစေ ကိုအင်ဒီ။
"ပြောင်းပြန်ဆန် ရေးရမှာ" ဆိုတဲ့ စကားလုံးကို အကြောင်းအရာတူ စာရေးကြသူချင်း (ဥပမာ- ကိုပေါနဲ့ ကိုအင်ဒီ) နားလည်ပေမယ့် ဖတ်တဲ့လူတွေမှာ အယူအကောက်လွဲနေသလားလို့ပါ။

ကျွန်မ နားလည်သလိုပြောပါမယ်။
ဒီ post ဟာ ကိုပေါ၊ ကိုအင်ဒီ၊ ညီလင်းဆက် အမြင်တစ်ခုတည်းနဲ့ ရှုထောင့်ပြောင်းရေးနေခဲ့ကြတာ။ သူတို့ ငြင်းနေကြတာ မဟုတ်ဘူး ဆိုတာပါပဲ။ (ကိုယ့်ဘာသာကိုယ် ချန်ထားခဲ့တယ်။ ထမင်းသိုးဟင်းလို့ သဘောထားပြီး)

အပေါ်က Anonymous ID နဲ့ စာဖတ်သူ ရေးသွားတဲ့ မှတ်ချက်မျိုးက ကိုပေါ၊ ကိုအင်ဒီတို့အတွက် ဘာမှ မဖြစ်စေနိုင်တာ သိပေမယ့် အပြုသဘောဆောာင်တယ် မယူဆလို့ ဝင်ရေးတာပါ။

Anonymous - 6/9/10, 10:42 PM

မမဟနရဲ့ကျေးဇူးကြောင့်..ဒီပို့စ်လေးကို ဖတ်ရပါတယ်....အတွေး..အမြင်လေးအရမ်းကောင်းပါတယ်..လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်...

ရွှေရတုမှတ်တမ်း - 6/9/10, 10:55 PM

ကိုAndyရေ...
say Hi နဲ့ say thank yau ကအကျင့်ပါနေလို့ ကျနော်ကတော့ အမြဲပြောမှာပဲ.
အဲဒါတွေပြောလို့ အဲဒီ စကားဖေါင်းပွ သွားတယ်လို့တော့ မယူဆမိဘူးဗျို့..
Niagra fall ကတော့ ရေ လို့ပဲ မြင်ရင်တော့ ရေပါပဲလေ..
ကျနော်ကတော့ ပထဝီဝင်အနေအထား ဘူမိဗေဒ အနေအထားကို လေ့လာရမိလို့ ဘယ်နှစ်ခါသွားသွား မရိုးဘူးဗျာ..

ကိုတာ - 6/9/10, 11:00 PM

ကိုအင်ဒီ ..........
ကျွန်တော်ဟာ စာဖတ်သူ တစ်ယောက်ပါ ကွန်မန့်လည်း တစ်ခါမှမရေးဘူးပါ ။ ကျေးဇူးနဲ့ ပတ်သတ်ပြီး ကိုပေါတို့ ကိုညီလင်းဆက်တို့ ရီတာတို့ရဲ့ ဘလော့တွေမှာ ရေးထားတာတွေ ဖတ်ပြီးတဲ့ အခိုက်မှာ စိတ်တွေ ရှုပ်ထွေးသွားခဲ့တယ် ။သူတို့ပြောချင်တဲ့ ဆိုလိုရင်းကို ကျွန်တော်ပဲ နားမလည်တာလားလို့ လည်း အထပ်ထပ် စဉ်းစားမိတယ် ခု ကိုအင်ဒီရေးထားတဲ့ post ကိုဖတ်လိုက်ရတဲ့ အချိန်မှာ ကျေနပ်ပီတိဖြစ်မိသလို အတွေးအခေါ်ချင်းလည်း ထပ်တူကြတယ်လို့ ခံစားမိတယ်။ ဒါကြောင့် ကိုအင်ဒီကို တစ်ခုခုပြောချင်တဲ့စိတ် တအားဖြစ်လာလို့ ဒီကွန်မန့်လေးကို ရေးဖြစ်သွားတာပါ ။ ကိုဖြိုးအောင် ရေးထားသလိုပဲ ကိုအင်ဒီရဲ့ ဒီpost မှာ လူသားဆန်တဲ့ နွေးထွေးမှုကို ကျွန်တော်လည်းတွေ့လိုက်ရတယ်။ ဒီ post အတွက် ကိုအင်ဒီရေ ကျေးဇူးဗျာ ။

ရွှန်းမီ - 6/9/10, 11:02 PM

“သူ့ကျေးဇူးကို မှတ်ထားပါ၊ ကိုယ့်ကျေးဇူးကို မေ့ပစ်ပါ” ဆိုတဲ့ စကားပုံလေး မှတ်မိနေပါတယ်။
ကျေးဇူးပြုဖူးသူဘက်က "you owe me" ဆိုတဲ့ Attitude မျိုး မထားသင့်သလို၊ ကျေးဇူးခံစားဖူးသူဘက်က "It is just your job" ဆိုတာမျိုးတွေးပြီး မသိဟန်ဆောင်နေတာလည်း မဖြစ်သင့်ဘူးပေါ့နော်။ ဒါပေမယ့် လူတွေမှာ တစ်ဖက်က ကျေးဇူးသိတတ်အောင် သင်ပေးရသလို တစ်ဖက်က ကျေးဇူးကြွေး ပြန်တောင်းနေတာမျိုး မဖြစ်အောင်လည်း ထောက်ပြရပါတယ်။
ပြောချင်တာက ဘာအကြောင်းပဲဖြစ်ဖြစ် အစွန်းနှစ်ဖက်ကို ကြိုးစားရှောင်တာ ကောင်းပါတယ် ကိုအန်ဒီ..

ကိုညီလင်းဆက်၊ မရီတာ၊ ကိုပေါ တို့ ပြောခဲ့တာတွေက ဒီက အစ်မ တင်ပေးထားတဲ့ ဇာတ်လမ်းထဲကလို ကျေးဇူးရှင်ကို ဖြစ်မယ်လို့ နားလည်ပါတယ်..
http://naynaynaing.blogspot.com/2007/10/blog-post_24.html

ကျေးဇူးတရားနဲ့ပတ်သက်လို့ ထောက်ပြဆွေးနွေးသွားသူတွေကိုလည်း အမြင်လေးတွေသိခွင့်ရလို့ ကျေးဇူးတင်ပါတယ်။

လေးစားစွာ အားပေးလျက်..

ှShinlay - 6/9/10, 11:28 PM

စိတ်ဝင်စားစရာပါ။ ကျေးဇူးတင်ပါတယ်။

Anonymous - 6/9/10, 11:41 PM

တကယ်သိချင်လို့ပါရှန်..ကျေးဇူးပြုပြီး ဖြေပေးပါနော်.. အမြင်နဲ့ ရှူုထောင့်ဘယ်လိုကွာပါသလဲရှန်းးးးး((

Kay - 6/9/10, 11:41 PM

ဒီနေ့ အင်တာနက်ပေါ်တက်လိုက်လို့.. ဟိုမှာ ကျေးဇူး..ဒီမှာကျေးဇူးဖြစ်နေတာနဲ့.. နောက်ဆုံး.. သဘောအတူဆုံး ကျေးဇူး မှာ..အလေးအနက် ကျေးဇူးတင်လိုက်ပါရစေ...။
ခေတ်ကြီးက.. တိုးတက်တယ်ဆိုပြီး.. အောက်ပြုတ်ကျ နေတဲ့ အထဲ မှာ.. တတ်နိုင်သမျှ.. ကျေးဇူးတရားလေးတွေ ..လောကပါလ တရားလေးတွေကို.. အချင်းအချင်း..ထိန်းသိမ်းနိုင်ကြပါစေ လို့.. ။

:) - 6/10/10, 12:12 AM

ညီလင်းဆက်၊ ရီတာ ၊ ကိုပေါတို့ပို့စ်တွေဖတ်ပြီး သူတို့က ကျေးဇူးပြုသူ(ကိုအန်ဒီ့အခေါ် -ထုတ်လုပ်သူ) ဖက်က ရေးတာဖြစ်မှာပါလေလို့ တွေးမိတယ်။

ကျွန်မတွေးမိတာလည်း တချို့စာဖတ်သူ အယူတိမ်းမှာလားလို့ပါပဲ။
ကိုအန်ဒီ ပြည့်ပြည့်စုံစုံ၊ ဒေါင့်စေ့စေ့ ရေးပြသွားလိုက်တာ အားကျမိတယ်။ ကျွန်မရေးပြဖို့ ဝေးစွခြောက်ပါး၊ တွေးတာတောင် ဒေါင့်စေ့စေ့မတွေးတတ်ဘူး၊


SDL

Anonymous - 6/10/10, 12:22 AM

ကျမ ဘလော့ ဖတ်နေခဲ့တဲ့ တနှစ်ကျော် ကာလ ထဲ ကျမအတွက် အကောင်းဆုံး ပို့စ်နဲ့ အကြိုက်ဆုံး ပို့စ်တွေ ကို ပြ ပါဆိုရင်တော့ ကိုအန်ဒီ ရေးတဲ့ အခု ပို့စ် နဲ့ မိုးချိုသင်း ဘလော့ထဲက ကောင်းကင်စိတ် နဲ့ မြေကြီးလို
ကျင့်တဲ့ ဧည့်သည်ကြီး ပို့စ် နှစ် ခု ပါဘဲ .. ဖတ်ရတာ အနှစ်သာရ အရမ်းပြည့်ဝ လို့ ပါ ... ဖတ်နေရင်း နဲ့လည်း စာရေးသူ ကို ကျေးဇူး တွေ တင်နေမိတာပါ ...

စာပိုဒ်တိုင်း ရေးထားတဲ့ အကြောင်းအရာတွေ သိပ် ကောင်းတယ် ကိုအန်ဒီ ... နိုင်ဂါရာ ရေတံခွန် အလည်ထဲ သင်္ဘော ကြီး နဲ့ ရောက် သွား လို့ ခံစားရတဲ့ ခံစားမှု မျိုး က တခြားရေတံခွန်တွေ ပင်လယ်ကမ်းစပ် တွေ ဆီ ရောက်သွားလို့ ခံစားရတဲ့ ခံစားမှု နဲ့ လုံးဝ မတူတာ အမှန်ဘဲဗျ ... ကျမတော့ တနှစ်တခါ ကို သွားချင် နေတာ ( ရေ ချင်းတော့ မတူ .. )
အယူမလွဲ ဖို့ ထပ်ဖြည့်ပေးတဲ့ ကိုအန်ဒီ့ ရဲ့ စေတနာ အတွက် ကျေးဇူး ဆိုတဲ့ စကားလုံး ထက် ကောင်းတာရှိရင် ပြောချင်သေးတယ် .... ကျေးဇူးအထူးတင်ပါဧ်။ ။

mie nge

Anonymous - 6/10/10, 12:38 AM

အရမ်းကောင်းတဲ့အရေးအသားပါပဲ။
ဒီပို့စ်အတွက် တကယ်ကျေးဇူးတင်ပါတယ်။

ကိုယ်တိုင်..လုံးဝမရေးနိုင်တဲ့တင်ပြပုံကို အရမ်းသဘောကျပါတယ်။

မြတ်နိုး

Mar Mar - 6/10/10, 12:58 AM

I totally agree with you. Many Thanks

Rita - 6/10/10, 1:00 AM

(Anonymous - 6/9/10 11:41 PM)
ဟုတ်ပါတယ် ကိုယ်ရေးလိုက်တာ လော သွားပါတယ်။
သဘောတရားတစ်ခုတည်းပေါ်မှာ ရှုထောင့်ပြောင်းရေးတယ်လို့ ပြင်ဖတ်ပေးပါ။

Zaw Myo Lwin - 6/10/10, 1:02 AM

Thanks a lot to your thoughtful article and it's a truth. Have a nice one!

ko thant - 6/10/10, 1:03 AM

WE SHE ME ,

THANK YOU SO MUCH FOR YOUR POST!
AS YOU KNOW ,
KO PAW , NYI LYNN SECK AND RITA ARE
99.99.

Ko ZERO - 6/10/10, 1:16 AM

I would like to say "Thanks you!" for ur post. Your point-of-view was quite perfect.

KoZero

Anonymous - 6/10/10, 1:20 AM

အရှင်ဇနကာဘိဝံသ ဟောတဲ့ တရားတပုဒ်ကို သတိရမိတယ်။
ကတညုတ ကတဝေဒီ (သူတပါးတို့ ပြုထားအပ်ဖူး မြတ်ကျေးဇူးကို အထူးတတ်သရွေ့ ဆပ်လေ့ရှိသည် လည်းကောင်း) ဆိုပြီး မြေခွေးနဲ့ ခြင်္သေ့ ဇာတကလေးနဲ့ ဆရာတော် ဟောထားတာ။ တိရစ္ဆာန်တွေတောင် ကျေးဇူးတရားကို မမေ့ကြဘူးပေါ့။ မြန်မာ့ယဉ်ကျေးမှုမှာလဲ တလုပ်ကျွေးဖူး သူ့ကျေးဇူးဆိုပြီး ကျေးဇူးမမေ့ဖို့ ညွန်ပြပေးထားတာပဲ။
တိုင်းတပါးတွေမှာ thank you နေရာတကာ ပြောကြတာလဲ ကောင်းတဲ့ အလေ့အထပဲလို့ ထင်ပါတယ်။ တယောက်နဲ့ တယောက် လေးစားမှုနဲ့ အသိအမှတ်ပြုရာကျပါတယ်။ ဒါကြောင့် ကျေးဇူးတွေ ဖောင်းပွလဲ ဖောင်းပွပါစေ။ လိုအပ်ပါတယ်။ ကောင်းပါတယ်။ အပိုလို့ မမြင်ပါဘူး။ ဒါဟာ ယဉ်ကျေးမှု တရပ်ပဲလို့ မြင်ပါတယ်။ ဒီပို့စ်အတွက် ကိုအန်ဒီကို ကျေးဇူး (အထူး) တင်ပါတယ်။ :)
M

Thu - 6/10/10, 1:42 AM

A calmness appeared when reading this post that would be flowed from author's mood via the words.
Thank You Indeed !

sbhs - 6/10/10, 2:19 AM

ကျွန်မကို စေတနာ အပြည့်နဲ အလကားနီးပါး အင်္ဂလိပ်စာ သင်ပေးခဲ့တဲ့ ဆရာကို အမြဲ သတိရ ဦးချမိတယ်၊၊ သူ့ ရဲ့ စေတနာကို ပူဇော်သောအားဖြင့်၊၊ ကျေးဇူးတင်တာထက် အဆမတန် ကိုပိုပါတယ်၊၊ အခုဆိုရင် 14 နှစ်တောင် ရှိပြီပေါ့၊၊ သူ့ ကျေးဇူးတွေကြောင့် လူတစ်လုံး၊ သူတစ်လုံး ဖြစ်ခွင့်ရလို့ ပါ၊၊ ဆရာ၊ ဆရာ့ကို ဒီနေရာက ဦးချ၊ ကန်တော့လိုက်ပါတယ်၊၊

ဒါပေမဲ့ အခကြေးငွေနဲ့ ပေးသင်ရတဲ့ ဆရာတွေကိုတော့ သိပ်ကျေးဇူး မတင် မိသလိုဘဲ၊၊ တခါတလေ အာစရိယ ပူဇော်ပွဲတောင် မုန့် စားလိုက်လို့ ကုန်သွား ရင် ငွေမထည့်ဖြစ်ဘူး၊၊ ကိုယ့်က နင့်နေအောင် ငွေပေးလို့ အခကြေးငွေ ကြောင့် သူတို့ ကသင်ပေးတာကိုသိလို့ ၊၊

Anonymous - 6/10/10, 3:31 AM

သက်ဆိုင်ရာလူတွေအားလုံးက လူတော်လူကောင်းတွေလို့ထင်မိပါတယ်..
ကျေးဇူးတင်တဲ့ကိစ္စက သူများကိုပျော်ရွင် မှု့ကိုပေးနိုင်ရင် ကိုယ်ဆီလည်းအေ ပျာ်ကူးစက်နိုင်ပါတယ်.
အပန်းမကြီးတဲအပြုံးလေးနဲ့ ကျေးဇူးတင်ပါတယ်လို့ပြောဖို့ရာ ပင်ပန်းတယ်ဆိုရင်လည်းမပြောပါနဲ့..ဟန်ဆောင်ပြီးပြောရတာပိုပြီးပင်ပန်းပါတယ်..
ပြောသင့်တယ်..မပြောသင့်ဘူးကတော့ မပြောတော့ပါဘူး..ကိုယ်ကိုတိုင်က တရားသူကြီးလည်းမဟုတ်ဘူး..
ဒီ post အတွက်တော့ ကျေးဇူးပါလို့ လိုက်လိုက်လျှဲလျှဲ ကျေးဇူးတင်ပါတယ်...ကိုAndy, NLS, ကိုပေါတို့ ရဲ့ပရိတ်သတ်တစ်ဦးပါ..Hopkins

Anonymous - 6/10/10, 3:33 AM

Great post! Thank you very much for posting this subject. I think, you can express what 80% စားသုံးသူ (readers)(ok, at least, me)r thinking about this subject.

Sorry to mention this in your blog, to be honest, I really upset when NLS started to raise weird thinking on this subject n Rita's follow-up post. I can somehow understand about Ko Paw's post but in my personal opinion,I think, they all mixed up 2 subjects "တာဝန်ကျေပွန်မှု"and "ကျေးဇူးတရား".

I totally agree what you wrote..
"နှုတ်ဖျားက ကျေးဇူးတင်လိုက်တာ အပေါ်ယံတွေပါလို့ ရေးမည့်အစား ကျေးဇူးတင်တာ That's the way it works ပါ။ လူယဉ်ကျေးမှုပါလို့ပဲ ရေးချင်ပါတယ်။"

TD

Anonymous - 6/10/10, 5:24 AM

အလွန်.အလွန်ကောင်းမွန်တဲ့ Post တစ်ခုပါ။ ဖတ်ပြီးသားတောင် အလွန်သဘောကျလို. နောက်တခါ ပြန်ဖတ်ဖြစ်ပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။

Anonymous - 6/10/10, 5:39 AM

Thanks Ko Andy,

Bravo, I totally agree with you.
Because we are about same age, we are same thinking.

Thanks a lot ko andy.

Gyidaw - 6/10/10, 8:02 AM

Perfect post. Excellent thinking n writing in every point of view.I always read ur blog n never comment.I really like to say thank u for ur sharing in cooking, thinking n experience.THANK U again especially for this post.

ဖြိုးအောင် - 6/10/10, 8:42 AM

ကိုအန်ဒီရေ..ဒီပိုစ့်နဲ့ ကွန်မင့်တွေ ဖတ်ပြီး၊ ကျနော်ရသွားတာတခုရှိတယ်။ ကျေးဇူးတရားနဲ့ မပတ်သက်ပါဘူး။
ကျနော်နဲ့ အကြည့်ချင်းတူရင် တခြားသူလဲ မြင်သွားလောက်ပြီ ထင်ပါရဲ့။

TZA - 6/10/10, 9:44 AM

ကျေးဇူးပါ၊ ဖတ်သွား မှတ်သွားပါတယ်။

Kyaw Hnin Se Lwin - 6/10/10, 1:01 PM

မြန်မာများက ကျေးဇူးတင်ချင်ရင် ကိုယ့်အလုပ်ရှင်တောင် ကိုယ်ကျေးဇူးတင်တာ။ တကယ်တော့ အလုပ်ရှင်က ကိုယ့်ကို လုပ်ခပေး ကိုယ်က အလုပ်ပြန်လုပ်ပေး ကျေးဇူးတင်စရာ မလိုပါဘူးလို့ တွေးတဲ့သူတွေလည်း ရှိတယ်။ ဒီနေရာမှာ ကျွန်တော့် အမြင်ကတော့ Say Thank you လုပ်လိုက်ပါ။ ဆိုတာက စိတ်ထဲမှာ ပေါ့ပေါ့ပါးပါးတော့ ကျေးဇူးတင်ပေးလိုက်ပါ။ မိဘနဲ့ သားသမီးလို ကျေးဇူးခံ ကျေးဇူးစားတော့ မဟုတ်ဘူးပေါ့။

ဒီပို့စ်လေးသိပ်ကိုသဘောကျပါတယ်။
တကယ်တော့ အားလုံးဟာ ကိုင်းကျွန်းမီ ကျွန်းကိုင်းမီပဲလို့ ညီမကတော့ထင်ပါတယ်။
ဥပမာ ကိုယ်ရတဲ့လုပ်ခ၊ ကိုယ်လုပ်အားပေးတဲ့အတွက်ရတာလို့တွေးလိုက်ရင် ကျေးဇူးတင်စရာမလိုသလိုပဲပေါ့။
ဒါပေမဲ့ ဒီအလုပ်ကိုအလုပ်ရှင်က ထူထောင်ထားတဲ့အတွက် ကိုယ်ကဒီအလုပ်လုပ်ခွင့်ရတယ်။
ဒီအလုပ်ကိုရေရှည်ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့အတွက် စားသုံးသူတွေရှိမှရမယ်။
စားသုံးသူတွေအနေနှင့်လည်း လုပ်ငန်းလုပ်ပေးသူ ၀န်ဆောင်ပေးသူတွေရှိလို့ အဆင်ပြေစွာစားသုံးခွင့်ရတယ်။
ဒီလိုရှုထောင့်မျိုးလေးတွေဖလှယ်တွေးတဲ့အခါ အချင်းချင်းကျေးဇူးတင်စိတ်နဲ့ စေတနာထားလုပ်တဲ့အခါ လုပ်ငန်းခွင်ဟာ သိပ်ကို ပျော်စရာကောင်းပါတယ်။
လေးစားမှုနှင့်အတူ..

ဇွန်မိုးစက် - 6/10/10, 1:01 PM

Thanks for your post. I like it. :)

Anonymous - 6/10/10, 1:33 PM

Thank you so much for sharing.......... Really THANK YOU, ..... ;)

Anonymous - 6/10/10, 1:35 PM

ထုတ်လုပ်သူတွေဖက်ကလည်း ကျေးဇူးအတင်ခံချင်လို့ လုပ်တာမဟုတ်ပဲ စိတ်သန့် သန့် နဲ့  စေတနာထားလုပ်ပေးဖို့ လိုသလို စားသုံးသူတွေဖက်ကလည်း ကျေးဇူးတင်ထိုက်သူကိုတင်သင့်တာပါပဲ..ပိုက်ဆံရလို့  လုပ်ုကတာပဲ..မလိုပါဘူးလို့ သာ သဘောထာုးကရင် လူတွေကြာရင်အကြင်နာတရားခေါင်းပါးလာမှာပါ..နှစ်ဦးနှစ်ဖက်မျှတရင်အကောင်းဆုံးပါဘဲ..

Anonymous - 6/10/10, 1:53 PM

ကိုအန်ဒီရေ ခင်ဗျား BLOG ကနေပြောခွင့်ပြုပါ။ နဲနဲ အရိုင်းဆန်သွားရင်ခွင့်လွှတ်ပါဗျာ
ညီလင်းဆက်၊ ရီတာ၊ ကိုပေါ....
ခင်ဗျားတို့မိဘတွေကိုလဲကျေးဇူးတင်မနေနဲ့ ။ သူတို့ဟာသူတို့ ကိလေသာဖောင်းပွလို့ခင်ဗျားတို့လူဖြစ်လာတာ။ မယုံရင်မေးကြည့် ညီလင်းဆက်၊ ရီတာ၊ ကိုပေါတို့ ဖြစ်ရစေလို့ရည်ရွယ်ချက်မရှိဘူး။
အရိုင်းဆန်သူ

moe - 6/10/10, 2:54 PM
This comment has been removed by the author.
Anonymous - 6/10/10, 2:59 PM

ခံယူချက်ခြင်းထပ်တူကျပါတယ် , KoPeace

Anonymous - 6/10/10, 3:56 PM

အပေါ်က Anonymous နဲ့သဘောချင်းတူပါတယ်။ စေတနာအဓိကပါ။ ကျေးဇူးတင်ထိုက်သူကို ထုတ်ပြောပြော မပြောပြော ကျေးဇူးတင်ပါတယ်။ အပေါ်က Comment ကအမြင်ကပ်လို့ရွဲ့ရေးတာပါ။
အရိုင်းဆန်သူ

့ - 6/10/10, 4:08 PM

ကျမ အနောက်တိုင်းမိသားစုအိမ်ကို အလည်သွားတော့ သူတို့မိသားစုအချင်းချင်းရဲ့ပြောဆိုဆက်ဆံပြောဆိုပုံလေးတစ်ခုကို လေးစားအားကျမိခဲ့ပါတယ်...တစ်ယောက်ယောက်ကိုအခြားတစ်ယောက်ယောက်က တစ်စုံတစ်ခုလုပ်ပေးတိုင်း ...ဥပမာ...ယောင်္ကျားလုပ်သူက မိန်းမလုပ်သူကို ကော်ဖီလေးဖျော်ပေးတာမျိုး..သားလုပ်သူက အမေကို ရေလေးတစ်ခွက်ခတ်ပေးတာမျိုး..တစ်ခုခုကူညီပေးတိုင်း " Thank you" လို့အလေးအနက်ပြောကြပါတယ်..သူတို့ကိုကြည့်ပြီးလည်း အင်မတန်နွေးထွေးတဲ့စိတ်ဖြစ်မိပါတယ်..."Thank you " လို့ပြောတဲ့သူရော..."Thank you " လို့အပြောခံရတဲ့သူရော နှစ်ယောက်စလုံးရဲ့စိတ်ထဲမှာ ကြည်နူးနွေးထွေးမိဖြစ်ပေါ်မယ်ဆိုတာ ကျွန်မယုံကြည်မိပါတယ်...ဒါကြောင့် ကျွန်မတစ်စုံတစ်ယောက်ပေါ် "thank you " လို့ပြောတဲ့အခါမှာလည်လေးလေးနက်နက်ကိုပြောတတ်လာပါတယ်...ကျွန်မ ဒီပို့စ်လေးကိုဖတ်ပြီးတော့လည်း စာရေးသူကို နွေးထွေးစွာ ဖြင့် " ကျေးဇူးတင်ပါတယ် " လို့ပြောချင်လို့ ဒီ ကွန့်မန့်လေးရေးလိုက်ပါတယ်... ကျေးဇူးတင်ပါတယ်..ကိုအန်ဒီ

Anonymous - 6/10/10, 4:30 PM

ကျေးဇူး ( အထူး ) ပါ ကိုအန်ဒီ..။

တီတီတာတာ - 6/10/10, 4:51 PM

ဒီဆောင်းပါးနဲ့တော့ မပတ်သက်ပါဘူး ။ ဘလော့လောကက ရှေ့နေတွေ တရားခွင်မှာ တရားပြိုင်ကျသလိုပဲနော်။

EEK - 6/10/10, 5:23 PM

အခုရက်ပိုင်းအတွင်း ခံစားနေရတာလေးတွေနဲ့  ဒီပို့ စ်တွေက အကြောင်းအရာလေးတွေ တိုက်ဆိုင်နေလို့  ကိုယ့်ခံစားချက်ကို ဒီမှာ လာရင်ဖွင့်တာပါ။ ထုတ်လုပ်သူ လူတန်းစားထဲမှာ တမျိုး အပါအ၀င် ဖြစ်မယ့် (ချို့ တဲ့တဲ့ မိသားစုက) သားကြီး၊ သမီးကြီးတွေရဲ့  ခံစားချက်လေးပါ။ မိသားစုကို အငယ်တွေကို တတ်နိုင်သလောက် ရှာဖွေ၊ ကျွေးမွေး၊ ထောက်ပံ့ပေးကြတဲ့ အခါမှာ ငါ့ကို ကျေးဇူးတင်ရမယ်။ တသက်လုံး ကျေးဇူးသိတတ် နေရမယ် ဆိုတဲ့ စိတ်မျိုးနဲ့  လုပ်ပေးခဲ့ကြတာ မဟုတ်ပါဘူး။ ငါ အကြီး ငါ တာဝန်ယူရမယ် ဆိုတဲ့ စိတ်စေတနာ အရင်းခံနဲ့ ကြိုးစား ပေးဆပ်ခဲ့ကြတာပါ။ ဒါကို အငယ်တွေ အနေနဲ့  ကျေးဇူးမတင်ရင်တောင်မှ အသိအမှတ်ပြုပေးသင့်ပါတယ်။ အသိအမှတ်ပြု မခံရတဲ့ အခါ၊ ခြေစုံအကန် ခံရတဲ့ အခါမှာ ငါဒီလောက် လုပ်ပေးထားရက်နဲ့ ဆိုတဲ့ မချိတင်ကဲ စိတ်မျိုး ခံစားရမိပါတယ်။ ကျေးဇူးရှင် မျက်နှာဖုံးစွပ်ထားချင်တာမျိုး မဟုတ်ပေမယ့် ခံစားရလွန်းတဲ့ အခါ ငါပေးဆပ်ခဲ့ရတာတွေ မြင်ရဲ့ လားဆိုတဲ့ စကားမျိုးတွေ ပွင့်ထွက်လာတတ်ပါတယ်။ (အမှန်တကယ် စွန့် လွှတ်ပေးဆပ်ခဲ့ကြတဲ့ နိုင်ငံရေးသမား အချို့ လဲ ဒီလိုပဲ ခံစားကြရမယ် ထင်ပါတယ်။) ကျမတို့  က လူတွေ၊ သာမန် ပုထုဇဉ်တွေပဲလေ။ အားလုံးကို ဥပေက္ခာပြုနိုင်ရလောက်အောင် တရားမပေါက်သေးပါဘူး။ နောက်ဆုံးပြောချင်တာကတော့ ထုတ်လုပ်သူတွေ ရင်ထဲမှာလည်း ကွဲကြေနေတဲ့ နှလုံးသားနဲ့  မျက်ရည်စက်တွေ ရှိတတ်ပါတယ်။ ဒါလေးတွေကို မြင်အောင် ကြည့်ပေးကြပါ။
ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်တတ်ကြပါစေ။

Anonymous - 6/10/10, 6:49 PM

Journalists, politicians, celebrities, soldiers, teachers are just professions. No need to pity or thank a politician being jailed, journalists got killed, celebrities lost homes after being broke,
soldiers fall in battlefields or teachers got low paid. It is just a choice of profession. They got
what they are worth.

Aung Myo Htet - 6/10/10, 7:13 PM

သေချာတော့ တခြားBlogက Postတွေကို မဖတ်မိဘူး။ ဖြည့်စွက်ပြောချင်တာကတော့ ကိုယ်ကကျေးဇူးပြုဘူးတဲ့သူတွေက ပါးစပ်ကနေ ကျေးဇူးတင်တာထက် ကျေးဇူးမကန်းကြရင် တော်ပါပြီ။

ဖြိုးအောင် - 6/10/10, 9:17 PM

EEK ကွန်မင့်ထဲကလို ကျနော့်ဘ၀မှာကြုံခဲ့ဘူးတယ်.ကျနော်ကအဲ့လို ရှင်းလင်းအောင် ပြောမပြတတ်ခဲ့လို့..အချို့သော ဘလော့ဂ်မှာ ကွန်မင့်မပေးခဲ့ဖြစ်ဘူး..
တချို့က ဖွင့်ပြောတော့လဲမကြိုက်၊ မပြောတော့လဲ စားပြီးနားမလည် ဆိုတာမျိုး...ကိုယ်ကြုံခဲ့ဘူးတာပြောတာပါ။

rita - 6/10/10, 9:59 PM

KO ANDY

THANKS YOU.

Nge Naing - 6/10/10, 10:22 PM

အစကတော့ ဘာကိုရေးထားမှန်းမသိဘူး သက်ဆိုင်ရာ ပို့စ်တွေမှာ ဘာေ၇းထားတယ်ဆိုတာ သွားကြည့်လိုက်မှ သဘောပေါက်သွားတယ်။ အပေါ်မှာ ရေးထားတဲ့ မှတ်ချက်တွေကိုလည်း ဖတ်ဖြစ်ပါတယ်။ ဒီပို့စ်အတွက် ကျေးဇူးတင်ပါတယ်ဆိုတာကလွဲပြီး ဘာမှ မပြောတော့ဘူး။

မိုးချိုသင်း - 6/11/10, 8:37 AM

အလုပ်များနေလို့ အခုမှ စာလာဖတ်ဖြစ်ပါတယ် ကိုAndy..
ကျေးဇူး ကို ပိုင်းခြားစိတ်ဖြာတာထက် ဘယ်သူမှ တာဝန် မပေးထားဘဲ တာဝန်ရှိတယ်လို့ ခံစားပြီးရေးတယ်ဆိုတာလေးကို အလေးအနက် ကျေးဇူးတင်မိပါတယ်။ စားသုံးသူအပေါ် စေတနာရှိတဲ့ မျှတတဲ့ ပို့စ်လို့ မြင်ပါတယ်။ ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေနော်။
အမ

ရဲတာရာ - 6/11/10, 8:49 AM

ကျေးဇူးတင်ပါတယ် တကယ်ပါ ပိုစ့်ကောင်းလေးတစ်ပုဒ်ဖတ်ရလို့ပါ

Aung Win Myat - 6/11/10, 2:43 PM

“ကိုယ့်ကို တစ်ခုခု လုပ်ပေးရင် ကျေးဇူးသာ တင်လိုက်ပါ” ဆိုတာထက် “ကိုယ့်ကို ကောင်းတဲ့ တစ်ခုခု လုပ်ပေးရင် အသိအမှတ်ပြုလိုက်ပါ” လို့ယူဆပါတယ်။ “ကျေးဇူး” ဆိုတဲ့ စကားလုံးမှာ မမြင်ရတဲ့ attached string တွေအများကြီး ပါတယ်လို့ ထင်ပါတယ်။
“Say Thank You” ကို one-time off (e.g enquiry, phone conversion, coincident) သုံးတာ ပြဿနာမရှိပေမယ့် နေ့စဉ် အလုပ်ခွင်မှာ အမြဲသုံးရင် devalue ဖြစ်တတ်ပါတယ်။ One-time off မှာတောင် လိုအပ်မှ ပြောသင့်တယ် လိုထင်ပါတယ်။ ဆိုလိုချင်တာက အဆင်မပြေရင်လည်း “Say Thank You” လုပ်ရင် နောက်တခေါက်လဲ ဒီလိုလုပ် လို့ရမယ် လို့ထင်စေပါတယ်။ ဒီ မန်နေဂျာ က ဘယ်လိုလို လုပ်လုပ် “Say Thank you” လို အောက်က employee တွေထင်သွားရင် personal အရကော၊ role အရပါ devalue ဖြစ်သွားပါလိမ့်မယ်။ အဲ့ဒီ မန်နေဂျာ ရဲ့ “Thank you” ဟာ employee motivation အပေါ်အကျိုးသက်ရောက်မှု နဲသွားပါလိမ့်မယ်။
အဓိကကျတာက အခြေအနေပေါ် မှုတည်ပြီး ဘယ်လောက်အသိအမှတ်ပြုသင့်တယ်လို့ ပြုလုပ်တဲ့ဆုံးဖြတ်ချက်ပါ။
One-Time off (i.e One time relationship, “Say Thank you”)
One on One/Many (Need to give back something back based on previous one, Professional ethic)
Minimal ~~ Maximum effort (Based on gratitude that you have earned)
Life Time (very special for your life, e.g Parents)

ကိုယ်အလုပ်ကို စေတနာ၊ ဝါသနာ ပါပါလုပ်တာနဲ့ “ကျေးဇူး” နဲ့ဘာမှမပတ်တတ်ဘူးလိုထင်ပါတယ်။

Best Regards,
/awm

Anonymous - 6/11/10, 3:41 PM

ကျေးဇူးတင်ပါတယ်/Thank you.. ဆိုတာကို အသိအမှတ်ပြုခြင်း လို့ ယူဆပါတယ်။ တစ်ဦးတစ်ယောက် /တခုခု ကြောင့် ကိုယ့်အတွက်အကျိုးတစုံတရာ ဖြစ်သွားရင် ကျေနပ်တဲ့စိတ် နဲ့ အသိအမှတ်ပြုလိုက် တာပါ။(ပြီး-ပြီး ရောပြောခြင်းမပါ ပါ)
လုပ်ပေးလိုက်တဲ့လူဖက်ကလည်း ကိုယ့် effort လေးတခုကို အသိအမှတ်ပြုပေးတာကိုသိရရင် အနဲဆုံးတော့ ၀မ်းသာပီတိဖြစ်ရပါတယ်။
တခါတခါ ကိုယ့်ဖက်က ဘာမှမဟုတ်တာလေးတခုကူညီလိုက်ပေမယ့် တဖက်သားအတွက် တော်တော်လေးအကျိုးရှိသွားတဲ့အခါ ကူညီလိုက်တဲ့သူက ကျေးဇူးတင်ဖို့မလိုဘူးယူဆထားပေမယ့်.. ရရှိသွားတဲ့သူဖက်က ကျေးဇူးအထူးကိုတင်မိတာပါပဲ။
ဒါပင်မဲ့- ကျေးဇူးတင်စကားမဆိုချင်တောင် ဒါလေးကူညီရတာတောင် ဖြစ်နေလိုက်တာ ဆိုတာမျိုး မတုံ့ပြန်မိဖို့တော့ လိုပါတယ်။

SHWE ZIN U - 6/11/10, 5:00 PM

ဒီဘလော့ဂ် လေးကို မကြာခဏစာလာဖတ်ဖြစ်ပေမဲ့ ကော့မန် မရေးဖြစ်ခဲ့ပါဘူး...

အခုတော့ ကျနော် မရေးရင် ကျေးဇူးမသိရာ ရောက်သွားမှာ ဖြစ်တဲ့ အတွက် ရေးခဲ့ပါတယ်..

ကျနော်လည်း စာတွေဖတ်ပြီး အဲလိုလေး ခံစားနေရတာ ..ဒါပေမဲ့ ဘာမှ မရေးဖြစ်ခဲ့ဘူး..

ကိုယ်ပြောချင်တာတွေ ကိုယ်ခံယူနေတာတွေ ပြည့်ပြည့်စုံစုံ ပါနေတဲ့ အတွက် ကျေးဇူး အထူးတင်ပါတယ်ဗျာ..

လေးစားစွာဖြင့်
ရွှေစင်ဦး
.

NK - 6/11/10, 7:21 PM

နိုက်တင်ဂေးကိုဥပမာထားပြီးပြောတာကို သဘောကျမိလို့ပါ..၀ါသနာကြောင့် လား ဘယ်သူမှမလုပ်လို တဲ့လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပေးချင်တာလားဆိုတာကတော့ ကိုအန်ဒီသုံးတဲ့ (ထုတ်လုပ်သူ လူတန်းစားတွေ) ကာယကံရှင်ပဲသိပါလိမ့်မယ်…
ထုတ်လုပ်သူလူတန်းစား တွေ ဟာကိုယ်လုပ်ချင်လို့လုပ်တာဖြစ်တဲ့အတွက် ကျေးဇူးတင်စရာမလိုဘူးဆိုပါတော့….. လူတယောက်ဟာ တခြားလူတစ်ယောက် ကားတိုက်ခံရမဲ့အရေးက ကယ်တင်လိုက်တယ် ဒီတော့ ထုတ်လုပ်သူလူတန်းစားကြီးသေသွားတယ်ပေါ့ စားသုံးသူလူတန်းစားကအသက်ရှင်ကျန်ခဲ့တယ် …. ဒါကရော ထုတ်လုပ်သူလူတန်းစားက မိမိဝါသနာကြောင့် ကယ်တင်လိုက်တာပေါ့ အဲလိုလား စားသုံးသူကကော သူကမနေနိုင်မထိုင်နိုင် ၀ါနာပါလို့ဝင်ကယ်တာပဲ ကျေးဇူးတင်စရာမလိုဘူးပေါ့ အဲလိုလား… ကြောက်စရာ လောကပါလား… လူသားလို့ခေါ်ကြဦးမှာလား ကိုယ့်ကလေးတွေကိုလဲ အဲလိုပြောဆိုသွန်သင်ကြမှာလား….. စစချင်းရေးကာစကတော့ အသီးသီးကို မှန်ပါတယ် လို့ခံစားမိတယ်…..ဥပမာ “မျက်မှန်” ပေါ့ အဲဒီထဲက ယောက်ကျားလို လူမျိုးလို လူတွေပွားလာတာ များလာတာ (မြန်မာပြည်မှာအများဆုံးပြောပါတယ်)ု မုန်းတီးရာက စရေးကြတာပဲ.. တဖြေးဖြေး comment တွေကများလာ ဖြေရှင်းနေရင်းဒေါသသံတွေပါလာရော..နောက်တစ်ခုက တချို့ comment တွေရဲ့ မမှီမကမ်း မေးခွန်းတွေဟာ blogger တော်တော်များများကို ကိုယ့်ကိုယ်ကိုယ်အထင်ကြီးဖို့အားပေးစေတယ် အနဲ နဲ့အများ ပရိတ်သတ်ခိုင်ခိုင်မာမာရှိတဲ့သူတွေလဲဖြစ်တယ်…စာဖတ်အားကောင်းပြီး ဗဟုသုတစုံတာရယ် တော်ရုံအထင်မကြီးတတ်တာရယ်ပေါင်းလိုက်တော့ ငါတကော လို့ဗမာပြောပြောရတော့မယ်… ကိုယ့်ထင်မြင်ချက်ကို ကိုယ်ရေးတဲ့အခါ… ကိုယ်က တခေါင်းထဲသုံးရေးခဲ့တယ် ရေးတဲ့အချိန်မှာလဲ စေတနာပါတယ်…အနဲဆုံးငါရေးတဲ့စာသားစာချောဖို့ဆိုတဲ့စေတနာလေးတော့ထည့်ရေးကြတာပဲ…

NK - 6/11/10, 7:21 PM

အားထုတ်မူတွေလဲပါတယ် အကျိုးမရှိစာတွေမဟုတ်ဘူး ..မသိသေးတဲ့သူတွေအတွက် အသိသစ်တွေလဲဖြစ်စေတယ် ..ဒီလောက်နဲ့တင် ကျေနပ်သင့်ပါပြီ…. ငါပြောတာပါမမှားဘူးဆိုတာမျိုးထပ်မံ ဖြေရှင်းမနေသင့်တော့ပါဘူး …comment ဆိုတာ မ,တစ်ရာသားဝင်နေကြတာ 10 ယောက်ရေးရင် 10ခေါင်းစာ ပေါက်ကရ/အတည်အကုန်ထွက်နိုင်ပါတယ်.. blogger ဆိုတာလဲ စားရေးနေတဲ့သူတွေပါ ကိုယ့်ကလောင်ကိုယ်တန်ဖို့းထားကြပုံမှာစာရေးစရာတွေ လောက်ရှိကြမှာပါပဲ (သူ့အထွာနဲ့သူ့ပေါ့) စာရေးဆရာမှာတော့ comment ဆိုတာတက်လို့မရတော့သူတို့မှာတော့ ဒီလောက်ခွမကျ ကြဘူးပေါ့…သေချာတာက လက်တောင်အတိုအရှည်မညီတော့ ပြောရတာခက်ပါတယ် .. တခါတလေ ကျေးဇူးတင်ပါတယ်ဆိုတာ ပီတိကိုရစေပါတယ်… ကိုယ့်ကို service ပေးလာတဲ့သူကို ကျေးဇူးတင်လိုက်ပါ..သူတို့တစ်ကယ်ပျော်ပါတယ်… ဒါဟာပြန်ဆပ်နေရမဲ့ ကြွေးတခုလဲမဟုတ်ပါဘူး..လူတစ်ယောက်ကို စိတ်လက်ချမ်းသာစေပါတယ် ကြည်နူးစေပါတယ်…ယဉ်ကျေးမူတခုလဲဖြစ်ပါတယ် ကိုယ်က service ပေးရတဲ့အခါမျိုးမှာ မျှော်လင့်ချက်မထားပါနဲ့ မေ့ပစ်လိုက်နိုင်ပါစေ .. ‘မျက်မှန်’ ထဲက လူမျိုးများနေတဲ့အတွက် တခုထဲနဲ့တော့ ကျေးဇူးမလိုအပ်ဘူး ကိုယ် feel လာလို့ကိုယ်လုပ်တာ လုပ်ပေါ့လို့ မဆိုလိုက်ပါနဲ့ တကယ့်ကို လောကကြီး ပျော်စရာပျောက်ကွယ်သွားပါလိမ့်မယ်..
ပုံပြင်လေးတခု သူငယ်ချင်းကပြောပြဘူးတယ် ….ဂြိုလ်ကြီးတခုပေါ်မှာနေကြတဲ့ လူတွေဟာ သိပ်ကိုစည်းကမ်းရှိကြပါတယ်တဲ့ခေါင်းဆောင်ကောင်းတယောက်အောက်မှာစနစ်တကျ ပိပြားစွာနေထိုင်ကြတယ် အိပ်ချိန်ဆိုအားလုံးအိပ်ကြတယ် စားချိန် ကစားချိန် အပန်းဖြေချိန် အားလုံးဟာ တူတူပဲ တသမတ်ထဲပဲ စည်းကမ်းကလဲကောင်း ပတ်ဝန်းကျင်ကောင်းအောက် မှာဂြိုလ်တခုလုံးရှိတဲ့ လူအများကြီးဟာ ဘာမဆို စိတ်တူကိုယ်တူပဲတဲ့..တနေ့မှာတော့ ဂြိုလ်သူ/သား အထီးအမတစုံဟာ ကလေးတယောက်မွေးလာတယ်… ဒီကလေးမွေးပြီးနဲနဲကြီးပြင်းလာကထဲက ဂြိုလ်မှာရှိတဲ့သူတွေအားလုံး တခုပြီးတခု စိတ်ညစ်တော့တာပါပဲ …ဒီကလေးဟာ သူများစားချိန်သူအိပ်တယ်..သူများနားချိန်သူကစားတယ် အကုန်သူများနဲ့ဆန့်ကျင်ဘက် ဘယ်သူပြောပြောမရဘူး ဘယ်သူ့စကားမှလဲနားမထောင်ဘူးတဲ့ သူလုပ်ချင်တာလုပ်တာပေါ့ အများနဲ့အမြဲဆန်ူကျင်နေတဲ့ တယောက်ထဲသော ဂြိုလ်သားလေးပေါ့…. တနေ့တော့ သူ့လုပ်သမျှတွေလက်သင့်မခံနိုင်တဲ့သူတွေက စုပေါင်းတိုင်တန်းမူကြောင့်အကြီးအကဲတွေ ခေါင်းချင်းရိုက်ကုန်ကြတယ် ဒီကလေးဟာ ဆုံးမလို့လဲမရ ပြောလို့လဲနားမထောင် ..သူတို့အနေနဲ့ကလဲ အများကိုဦးစားပေးရမယ်လေ…သတ်ပစ်ဖို့ဆိုတာလဲမဖြစ်နိုင်တဲ့အတူတူ နောက်ဆုံးတော့ ဒီကောင်လေးကို ယာဉ်တခုစီစဉ်ပေးပြီး ဂြိုလ်ကနေမျှောလိုက်ကြတယ်… သူဟာ တယောက်ထဲယာဉ်ငယ်လေးနဲ့ တဖြေးဖြေးသူနေတဲ့ ဂြိုလ်နဲ့ဝေးသွားတယ် ဒါပေမဲ့မကြာပါဘူးတဲ့ ခန နေတော့ သူ့လို့ပဲ တခြားဂြိုလ်ကနေမျှောလိုက်တဲ့ယာဉ်ငယ်တွေဟာ မရေတွက်နိုင်အောင်များလာတယ်တဲ့ သူတို့ဦးတည်နေတာ ကဘာဂြိုလ်ကိုပါတဲ (ka bar ကိုမြန်မာလို စာလုံပေါင်းမရှာတတ်လို့ပါ) အဲတော့ ဂြိုလ်တခုဆီကမျောလာတဲ့ မနိုင်ရင်ရာ ဂြိုလ်သားတကောင်စီဖြစ်နေတဲ့ တို့တွေဟာ ဘာလို့များတစ်ယောက်နဲ့တယောက်မတူညီနိုင်တာကို သူမှားတယ် ငါမှားတယ်ဝေဖန်လို့ဖြစ်ပါ့မလဲ… စဉ်းစားကြည့်လေ မနိုင်ရင်ကာဖြစ်လို့အမျှောခံထားရပါတယ်ဆိုမှ ကိုး……

NK - 6/11/10, 7:22 PM

ကိုအန်ဒီနဲ့တော့မဆိုင်ပါဘူး ဖတ်ဖြစ်စေချင်လို့အကို့ ဆီမှာပါတင်လိုက်မိတာ ကျေးဇူးပါ တင်ခွင့်ရလို့လေ

Anonymous - 6/12/10, 12:35 PM

ဟုတ်ပါတယ်.. ဒီ post မှာ..လူသားဆန်တဲ့ နွေးထွေးမှုကို တကယ် ခံစားရပါတယ်.. တကယ်ကို လေးလေးနက်နက် ကျေးဇူးပါ.. :)

Anonymous - 6/12/10, 5:32 PM

I totally agree with you...
Thank You , Andy
MZM

zizawa - 6/12/10, 6:42 PM

Crime brings together honest men and concentrates them တဲ့။ Durkheim ရဲ့  crime အမြင်ကို ထပ်ဆင့်ရှင်းထားတဲ့ quote တခု။ ကိုအင်ဒီရေးတာကို စုပြုံထောက်ခံတာကိုသာကြည့်။ အဲဒိအတွက် ကိုပေါနဲ့ ရီတာကို criminal လို့ဆိုလိုတာ မဟုတ်ပါ။ Durkheim ရဲ့ အယူအဆကို ခုအဖြစ်အပျက် ပြက်ပြက်ထင်ထင်ကြီး ပြနေတာကို မြင်ရတော့ မနေနိုင်လွန်းလို့ မန့်မိပါတယ်။

TNS - 6/12/10, 8:36 PM

ကျေးဇူးဆိုတဲ့ စကားကို စာလုံးအဖြစ်ရေးတတ်ပြီး
ကျေးဇူး ဆိုတဲ့ အတိမ်အနက်ကိုမှ နားလည်ရကောင်းမှန်း မသိတာ
ကမ္ဘာ နာတယ်......။



ဒီပို့ အတွက် ကျေးဇူးတင်တယ်...ကိုအန်ဒီ..။
အင်မတန် လူသားဆန်တဲ့ ပို့ စ်ပါ။

Anonymous - 6/13/10, 10:03 PM

Ko Andy,

အခြားသူတွေရဲ့ ကျေးဇူးပို့စ်တွေနဲ့ ကွန်မန့်တွေကို ပါသေသေချာချာ ဖတ်ပါတယ် ။ အပေါ်ကလူတွေ ပြောခဲ့သလိုဘဲ လူသားဆန်ပြီး နွေးထွေးမှုပေးတဲ့ ကိုအင်ဒီရဲ့ပို့စ်ကို ဖတ်မိပြီးရင်ထဲက လှိုက်လှိုက်လှဲလှဲ
ကျေးဇူးတင်မိပါတယ်။

Anonymous - 6/14/10, 1:43 AM

ကိုအင်န်ဒီ နှင့်မိသားစုအား လေးစားကျေးဇူးတင်စွာဖြင့်

တခြားသူတွေရဲ့ကျေးဇူးပို့စ်တွေကိုဖတ်ကြည့်တာ ထုတ်လုပ်သူတွေမှာ စေတနာမပါသလိုဘဲ ။ ကိုအင်န်ဒီရဲ့ ပို့စ်ကကျတော့ စေတနာနဲ့ထုတ်လုပ် ထားတာဖြစ်လို့ စားသုံးသူအနေနဲ့ သေသေချာချာ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်သွားပါတယ်။ စာဖတ်သူတွေရဲ့ရင်ထဲကကျေးဇူး စကားကို စာရေးသူအနေဲ့ ၀မ်းသာပီတိနဲ့ခံယူမယ်လို့ သိနေပါတယ်။ ဖတ်ချင်ဖတ်မဖတ်ချင်နေ ရေးစရာရှိတာတော့ ရေးရမှာဘဲလို့တော့ မလုပ်ဘူးမဟုတ်လား။း)

Anonymous - 6/14/10, 2:34 AM

ဟုတ်ပါတယ် တခြားသူတွေရဲ.ကျေးဇူးပိုစ့်ထက် ကိုအန်ဒီရဲ.ကျေးဇူးပိုစ့်ကို အထူးအားပေးထောက်ခံကြတာဟာ ရေးသူတွေရဲ.စေတနာကွာခြားသွားလို.ပါ။ စာဖတ်သူတွေဟာ စဉ်းစားဆင်ခြင်နိုင်စွမ်းရှိတဲ့သူတွေချည်းပါဘဲ။ အလကားသက်သက်တော့ ကိုအန်ဒီ့ကို အားပေးထောက်ခံနေတာမဟုတ်ပါဘူး။ လူသားဆန်တဲ့နွေးထွေးမှုမျိုးအပြင် ငါဆရာကြီးပဲဆိုတဲ့ပုံစံမျိုး ဒီဘလောဂ့်မှာ မတွေ.ရတဲ့အတွက်လဲ ကျေနပ်စရာပါ။ ကျေးဇူးတင်ပါတယ် ကိုအန်ဒီ။

Anonymous - 6/14/10, 11:52 PM

Ko Andy,

Many thanks for all your post. I always read your blog almost everyday. =)
your post are really good ones with lots of meaning.
keep up your good job!!

Anonymous - 6/15/10, 3:18 PM

ဒီ ပို့စ်ကို အရမ်းသဘောကျလို့ FB မှာ share ပေးချင်တယ်။ ဘယ်လို လုပ်ရမလဲဟင်။

Anonymous - 6/15/10, 7:02 PM

really thanks for your right thinking...

Anonymous - 6/18/10, 12:56 PM

ဒီ post အတွက်တကယ်ကို ကျေးဇူးတင်ပါတယ် ။
“နိုင်ငံရေး လုပ်နေသူတွေကိုလည်း သူ့ယုံကြည်ချက် သူ့ခံယူချက်နဲ့ လုပ်နေတာ ကျေးဇူးတင်စရာမလိုပါဘူး ဆိုပြီး သာမန်ပြည်သူတွေက ထင်နေကြတယ်။ ကျေးဇူးမတင်တော့ မထောက်ပံ့။ နောက်က လိုက်လာတဲ့ သူတွေ မပါတော့ ရှေ့တန်းက လူတွေက တဘုန်းဘုန်းကျနဲ့ တိုးမပေါက်ဘူး ဖြစ်နေတာပေါ့။”
မှန်လိုက်တာ လူတွေ က ကိုယ် အနစ်နာမခံနိုင်ရင် တောင် အနစ်နာခံ ခဲ့တဲ့သူတွေကို ကျေးဇူးတင်သင့်တယ်။ 1988 ကသာ ကျောင်းသားတွေ အသေခံ အနစ်ခံ ပြီးမတောင်းဆိုခဲ့ ရင် အခုထိ ပြည်သူ့ဆိုင်က ပေးတဲ့ဆန်ကို တိုးစားနေရပြီး computer ဆိုတာ ဘာမှန်းသိမှာတောင်မဟုတ်ဘူး။Singapore ရောက်ဖို့ဝေးစွ။ အဲဒီတုံးက ကိုယ်တွေက မူလတန်းဘဲ ရှိသေးပြီးဘာမှ မလုပ်နိုင်ခဲ့ပေမဲ့ အခု ရတဲ့အခွင့်အရေးတွေက ကိုယ်အစ်ကို အရွယ် အစ်မအရွယ်တွေအနစ်နာခံခဲ့လို့ဆိုတဲ့ ကျေးဇူးတင်စိတ်ဖြစ်မိတယ်။ သူတို့ တွေ အဲဒီတုံးက ဘယ်အရွယ်ရှိမလဲ ပျော်ရွှင်စွာကျောင်းတက်ရမဲ့ ၂၀ ပတ်ဝန်းကျင်မှာ ကိုယ်အနာခံလိုက်လို့ကိုယ်တိုင်းပြည်ကြီးကောင်းသွားတော့ မယ်ဆိုပြီးတက်ကြွတဲ့ စိတ်၊ ကိုယ့်တိုင်းပြည်အတွက် တာဝန် ရှိတယ်ဆိုတဲ့ စိတ် တွေနဲ့လုပ်ခဲ့ကြတာဘဲ။ကျေးဇူးအတင်ခံချင်လို့အသေခံခဲ့ကြတာမှမဟုတ်တာ။
တကယ်ရလားတဲ့ အခွင့်ရေးကျတော့ ဘယ်သူတွေ့ရလဲ။စားသုံးသူတွေ။ စီးပွါးရေးတံခါးတွေပွင့်တော့ စီးပွါးရေးလုပ်တဲ့သူတွေနဲ့ စားသုံးသူတွေပါဘဲ။ကိုယ်တွေလဲ ဘာမှမလုပ်နိုင်ပါဘူး။ဒါပေမဲ့ အခွင့်ရေးတွေ၊ပြောင်းလဲခဲ့မှူတွေ အတွက်ကျေးဇူးတင်ပါတယ်။လူတွေကကျေးဇူးတင်ဖို့ နဲ့ သိဖို့သာ တော်တော်စဉ်းစားကြတာ။ အခွင့်ရေးကိုသုံးဖို့တော့ သုံးသင့်လား မသုံးသင့်လား စဉ်းစားကြပုံမပေါ်ဘူး။တဖြည်းဖြည်းနဲ့ အရိုင်းစိတ်တွေများလားမှာ စိုးရိမ်စရာပါ။

Anonymous - 6/20/10, 9:40 AM

တကယ်ကောင်းတဲ့ post ပါ။ ကျမလဲဖတ်နေရင်းမမိုးချိုသင်းပြောသလိုပဲ ကိုအန်ဒီရဲ့ဒီpostကိုရေးတဲ့ စိတ်စေတနာကို လေးစားမိပါတယ်။

ခနွဲ - 6/23/10, 1:01 AM

ကျေးဇူးတင်ပါသည်။ အဟဲ. .လာလည်သွားတယ်။ စီပုံးမတွေ့လို့။

Anonymous - 6/26/10, 12:33 AM

The opening of Burmese economy is more to do with
market economy and less to do with 1988 uprising.
If you say thanks to us (yes we have paid
a big price for that), it will be biggest
joke of the century. You are in Singapore
not because of globalization: Burma has
opened up (it will open up anyway even if
8888 never happened, that was why BSPP government had defaulted debts and asked
for LDC status so that those money can be
used for reinvestment instead of paying
interest for the debts and as we all knew
BCP UG had exploited it. Even if Burma opens (her legs) for Singapore to let her citizens
go to Singapore for work, if the city state
is not in need of cheap manpower and foreign
talent, you might not be there. So say thanks
to SEDB and Uncle Li. Stop the craps, think
before you open your mouth or write comment.
Sick of it.

မြစ်ကျိုးအင်း - 6/28/10, 5:46 AM

စာဖတ်သူ သက်သက်ဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်က ပြောပြလို့ လာဖတ်ဖြစ်ပါတယ်။ ဒီပို့စ်မတိုင်ခင်က ဆက်စပ်တဲ့ ပို့စ်တွေ ဖတ်ဖြစ်ပါတယ်။ ဖတ်ပြီးတိုင်း မျက်မှောင်ကုတ်မိခဲ့တယ် အယူအဆ မတူတာ ဖြစ်မှာပါလေတွေးပြီး တိတ်တိတ်လေးပဲ ပြန်လာခဲ့ပါတယ်။ ဒီပို့စ်လေး ဖတ်ရတာ အစားကောင်းကောင်း စားလိုက်ရသလို ခံစားချက်လေး ရလိုက်တယ်ဗျာ။ ပြီးပြည့်စုံတယ် သိပ်ကောင်းပါတယ်။
ခေတ်ကြီးက မောဟတွေ များနေတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း ဒေါသတွေ ထွက်လွယ်တယ်။ အလုပ်ရဲ့ ဖိအားဆိုတာလည်း ရှိနေခဲ့တယ်။ တယောက်ကို တယောက် ဘယ်လိုနည်းလမ်း မျိုးနဲ့ပဲ ဖြစ်ဖြစ် ပြုံးပျော်သွားအောင် လုပ်သင့်ပါတယ်။ ထုတ်လုပ်သူနဲ့ စားသုံးသူ ၂၀-၈၀ ဆိုတဲ့ အသိကြောင့်ပဲ ကိုယ့်အလုပ်ရှင်ကို ကျေးဇူးရှင်လိုပဲ တွေးထားတယ်။ ကိုယ်က သိပ်တော်နေရင်တောင် ကိုယ်လိုလူက အများကြီးပါ။ အလုပ်ခန့်မယ့်သူ မရှိရင် အဆင်ပြေဖို့ မလွယ်ဘူး။ ကျေးဇူးတင်လိုက်တော့ စိတ်အေးချမ်း သွားရတယ်။
ဒီပို့စ်လေးရဲ့ အရေးအသားနဲ့ အတွေးအခေါ်ကို လေးစားမိပါတယ်။ လင့်ချိတ်ထားခွင့် ပြုပါဗျာ။

myat - 8/17/10, 10:26 PM

ဒီpost လေးကိုဖတ်ပြီးရေးတဲ့သူရဲ့စိတ်စေတနာကိုလေးစားပြီးကျေး
ဇူးတင်ပါတယ်။ဆက်စပ်တဲ့postတေ၊ွcommentတွေဖတ်ဖြစ်ပါတယ်။ကျွန်မ
ရဲ့ဘ၀င်မတျတဲ့စိတ်ကိုရှင်းလင်းကျေနပ်စိတ်ဖြစ်စေတဲ့အတွက်ဝမ်းသာ
စွာနဲ့ထပ်ပြီးကျေးဇူးတင်ပါတယ်ရှင်။

Post a Comment

Many thanks for dropping a comment…

Film