Tuesday, January 26, 2010

မာစတာကီး

စကားဝိုင်း တစ်ခုမှာ အမျိုးသမီး တစ်ယောက်က ပြောတယ်

ရှင်တို့ ယောက်ျားတွေက မိန်းမတွေနဲ့ ထည်လဲ အိပ်တော့ “ယောက်ျားကောင်း မောင်းမတစ်ထောင်”တဲ့။ မိန်းမတွေက ယောက်ျား တစ်ယောက်ထက်များ ပိုအိပ်မိရင်တော့ မကောင်းတဲ့ မိန်းမ။ ကြေးစားမတဲ့။ အတော်လည်း မတရားတာပဲ။ မိန်းမတွေကိုဆိုရင် နှိမ်ချင်ကြတာပဲ။
အဲဒီတော့ ယောက်ျားတစ်ယောက်က ပြန်ပြောတယ်။
ဒါက ဒီလို ရှိပါတယ် အစ်မကြီးရယ်။ သော့တံတစ်ချောင်းက သော့ခလောက်တွေ အများကြီးကို ဖွင့်နိုင်ရင် “မာစတာကီး”လို့ ခေါ်တယ်လေ။ သော့ခလောက် တစ်ခုကို ဘယ်သော့တံမဆို ဖွင့်နိုင်ရင်တော့ သုံးစားလို့မရတဲ့ သော့ခလောက် ဖြစ်သွားမှာပေါ့....

မှတ်ချက် - အင်တာနက်မှ ဟာသကို ဘာသာပြန်သည်။

Saturday, January 23, 2010

ကလေးတစ်ယောက်ရဲ့ အခွင့်အရေး

မြေကြီးပေါ်မှာ ထောင်ထားတဲ့ အပ်တစ်ချောင်းနဲ့ မိုးပေါ်က ကျလာတဲ့ အပ်တစ်ချောင်း ထိဖို့မလွယ် သလို ကလေး တစ်ယောက် ရဖို့ကလည်း မလွယ်ဘူးလို့ ဆိုကြတယ်။ ကလေးတစ်ယောက် ရဖို့ဆိုတာကလည်း အရက်မူးပြီး မှားလို့ပဲဖြစ်ဖြစ် တားဆေး အကာအကွယ် မသုံးမိလို့ပဲ ဖြစ်ဖြစ် ရလွယ်ပြန်တယ်လည်း ဆိုကြတယ်။ ဘယ်လိုပဲ ဆိုဆို Anna ဆိုတဲ့ ကလေးမလေးကိုတော့ Engineered လုပ်ပြီး မွေးထားတာပါ။ ၃ ယောက်မှာ အငယ်ဆုံး ဖြစ်တဲ့ Anna ကို ဖန်ပြွန်သန္ဓေနည်းနဲ့ မွေးယူထားတာပါ။

ကလေးမရနိုင်တော့လို့ မဟုတ်ဘဲ ရည်ရွယ်ချက် ရှိရှိနဲ့ ကလေးမလေးကို မွေးခဲ့တာပါ။ သူ့အစ်မ သွေးကင်ဆာ ရောဂါသည်လေး Kate အတွက် သွေးထုတ်ယူဖို့ သူ့ဟာ လူ့လောကထဲကို ရောက်လာတာပါ။ ဒါကြောင့်လည်း Genetically Match ဖြစ်အောင် ဖန်ပြွန်နည်းနဲ့ မွေးယူထားတာပါ။ အစကတော့ သွေးပဲ ထုတ်ယူတယ်။ နောက်တော့ ကျောရိုးထဲနေ ရိုးတွင်းခြင်ဆီ ထုတ်ယူတယ်။ ဒီလို ထုတ်ယူပြီးရင် Anna အတွက် သုံးလေးရက်လောက် အိပ်ရာထဲ လဲနေတာမျိုး။ အဲဒီအတွက်တော့ ကလေးမလေးကို လည်ဆွဲလေးတွေ ဘာလေးတွေ ပေးကြပါတယ်။

သူ့ အသက် ၁၁ နှစ်အရွယ်၊ သူ့အစ်မ Kate ရဲ့ ကျောက်ကပ်တွေဟာ ပျက်စီးစ ပြုလာတဲ့ အတွက် Anna ရဲ့ ကျောက်ကပ်တစ်ခုကို ထုတ်ယူဖို့ စီစဉ်ကြတယ်။ အဲဒီလောက်အထိတော့ ကလေးမလေးလည်း မခံစားနိုင်တော့လဲ နာမည်ကြီး ရှေ့နေတစ်ယောက် အကူအညီနဲ့ သူ့မိဘတွေကို တရားပြန်စွဲပါရော။

ကလေးတွေ အမေက အရင်တုန်းက ရှေ့နေပါ။ သူ့သမီးလေးမှာ ကင်ဆာရှိကတည်းက အလုပ်ထွက်ပြီး အချိန်ပြည့် သမီးကိုပဲ ပြုစုလာတာပါ။ သူ့ရင်ထဲမှာ သူ့ခေါင်းထဲမှာတော့ သမီးကြီးလေး Kate ကျန်းမားရေးက ပထမ ပါပဲ။ ပြီးတော့ Anna က သူ့အစ်မ အတွက် လုပ်ပေးတာပဲလို့ ရိုးရိုးပဲတွေးပါတယ်။ သမီးလေး Anna က တရားပြန်စွဲတယ်ဆိုတာ သိလိုက်ရတော့ တုန်လှုပ်သွားပေမယ့် စာတွေ ပြန်ဖတ်ပြီး သမီးအကြီးလေး Kate အတွက် တရားရုံးမှာ ရင်ဆိုင်ဖို့ ပြင်ဆင်ပါတော့တယ်။

တရားခွင်မှာ သမီးလေး Anna က သူ ခံစားခဲ့ရတာတွေ၊ သူပေးဆပ်ခဲ့ရတာတွေကို ဘယ်လို ဖော်ထုတ်မလဲ။ ကလေးအဖေကရော ဘယ်သမီးဘက်ကလိုက်မလဲ။ ကလေးအမေကရော သေအံ့မူးမူး ဖြစ်နေတဲ့ Kate အတွက် ဘယ်လို တရားရင်ဆိုင်မလဲ။ နောက်ဆုံး ဘယ်လို ကံကြမ္မာနဲ့ ဒီမိသားစု ရင်ဆိုင်ရမလဲဆိုတာကိုတော့ အခွေသာ ငှားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒီကားက မနှစ် ကတည်းက ရုံတင်တာဆိုတော့ အခုမှ အခွေထွက်လို့ ကြည့်ဖြစ်တာပါ။ Trailer ကြည့်ပြီးကတည်းက ကတုံးတွေ တွေ့လိုက်လို့ ကင်ဆာနဲ့ ပတ်သက်တဲ့ ကားပဲ ကြည့်ကောင်းမှာပဲ တွေးပြီး ငှားကြည့်ဖြစ်တာ မှန်သွားတယ်။ တော်ရုံလည်း ရုပ်ရှင်မကြည့်တဲ့ သူမကတော့ ကြည့်ပြီးတော့ ငိုနေလို့ မနည်း ဖြောင်းဖြရသေးတယ်။ သရုပ်ဆောင်တွေ ဒါရိုက်တာတွေကတော့ ပုံမှန်ပါပဲ။ မိဘကို တရားစွဲတဲ့ ကလေး၊ ကင်ဆာရောဂါသည် ကလေး၊ ဒီလို မောင်နှမတွေကြားက အကြီးကောင်လေး၊ ဒီကလေးတွေအတွက် ဘ၀ကို ပုံအောထားတဲ့ ကလေးအမေ၊ ဒီလိုမိသားစုရဲ့ အိမ်ထောင်ဦးစီ စတဲ့ အဓိက သရုပ်ဆောင်တွေ အပြင် တရားသူကြီး၊ ရှေ့နေတွေ ဆရာဝန်တွေက သူ့ အခန်းနဲ့သူ အပိုအလိုမရှိ သရုပ်ဆောင်သွားပါတယ်။ ဇာတ်ကောင်တွေရဲ့ နာမည်ကို စာတန်းထိုး မိတ်ဆက်ပေးတာကတော့ အင်မတန်ချာလွန်းပါတယ်။ (ဘိုနာမည်တွေ မှတ်ရခက်တဲ့ ကျွန်တော့် အတွက်များလားပဲ။) ဒါကလွဲရင်တော့ အစအဆုံး ဇာတ်လမ်းထဲမှာ မျောဝင်ပြီး ကြည့်နိုင်တဲ့ Drama ဇာတ်ကားကောင်းတစ်ခုပါ။

ဇာတ်လမ်းမှာ ကလေးမလေးက သူ့မိဘတွေကို Medical Emancipation အတွက် တရားစွဲပါတယ်။ Emancipation ဟာ 'လွတ်မြောက်ခြင်း' လို့ အဓိပ္ပါယ်ရပြီး Medical Emancipation ကိုတော့ တရားရေးရာမှာ ဘယ်လိုပြောမယ် မသိပါဘူး။ 'ကိုယ်ပိုင်ဆန္ဒနှင့် အညီ ဆေးကုသခွင့်' ရရှိရေးလို့ပဲ ပြောမလားပဲ။ အချုပ်ဆိုရရင်တော့ ကလေးတွေက အသက်မပြည့်သေးရင် မိဘရဲ့ အုပ်ထိန်းမှုအောက်မှာ ရှိသေးတဲ့ အတွက် ကလေးတွေကို ဆေးကု ဆေးရုံတင်တဲ့ အခါ အုပ်ထိန်းသူရဲ့ ခွင့်ပြုချက် ပါရတယ်။ တနည်းအားဖြင့် ကလေး ဆေးကုသဖို့ကို မိဘက ခြယ်လှယ်နိုင်ပါတယ်။ အဲဒီအတွက် လက်ရှိ မိဘအုပ်ထိန်းသူရဲ့ လက်အောက်ကနေ လွတ်ပြီး တခြား တစ်ယောက်ပဲဖြစ်ဖြစ် ကလေး ကိုယ်တိုင်အတွက်ပဲ ဖြစ်ဖြစ် လိုအပ်သလို စီမံခွင့်ပါ။ ပုံမှန်အားဖြင့်တော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျသွားရင် သူတို့ဆန္ဒနဲ့ သူတို့ ဆေးကုသပိုင်ခွင့် အတွက် အသုံးချကြတယ် ဖတ်ရပါတယ်။ မိဘအုပ်ထိန်းသူ အောက်က ကလေးတစ်ယောက်ကို သူ့ဆန္ဒမပါဘဲ သူ့ကျောက်ကပ်ကို ထုတ်ယူမည်ဆိုတဲ့ အတွက် ဒီလုပ်ထုံးလုပ်နည်းကို ဇာတ်လမ်းထဲမှာ အသုံးပြုသွားပါတယ်။

ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို တစ်ယောက်ကနေ တစ်ယောက် ထုတ်ပြောင်း ခွဲစိတ်လို့ ရနေတဲ့ ခေတ်ကြီးမှာတော့ ကျောက်ကပ် တစ်ခုထုတ်တာကို သတ်သတ်မှတ်မှတ် အခြေအနေ တစ်ရပ်မှာ ကြည့်လိုက်ရင်တော့ စိတ်ဝင်စားဖွယ် ဇာတ်လမ်း ဖြစ်လာတာပဲ။ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေလိုအပ်တဲ့ အချိန် အသင့် ရှိနေအောင် ကိုယ်ဘာကိုယ် Clone လုပ်ပြီး မွေးထားတဲ့ The Island ဇာတ်ကားထပ်တော့ ဒီကားကို အများကြီး ပိုကြိုက်မိပါတယ်။ အကျဉ်းသားတွေဆီကနေ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ ထုတ်နေတယ်လို့ တရုတ်ပြည်ကြီးမှာ လူမျိုးစု တစ်စုက ဖော်ထုတ်လိုက်တာ အိန္ဒိယမှာ ဖိလစ်ပိုင်မှာ မိသားစုအတွက် ၀မ်းရေးအတွက် ကျောက်ကပ်တစ်လုံး ဒေါ်လာ ၅ထောင် ၁သောင်းနဲ့ ရောင်းစားနေတယ် ကြားနေရပါတယ်။ ဥပဒေရှိတဲ့ အခွင့်အရေးရှိတဲ့ နေရာမှာတော့ ကလေးတစ်ယောက်ကို (မိဘဖြစ်နေဦးတော့) ဘယ်သူရန်ကနေ ဖြစ်ဖြစ် အကာအကွယ်ရှိပါလားလို့ ဒီကားမှာ ကြည့်လိုက်ရတယ်။

သြစတြေးလျလို နိုင်ငံမှာတော့ ကိုယ့်ကလေးကို ကိုယ်ရိုက်မိရင်တော့ အရပ်ကဖြစ်ဖြစ် ကျောင်းကဖြစ်ဖြစ် အုပ်ထိန်းသူ လုပ်ပြီး မိဘကို တရားစွဲနိုင်တယ် ကြာားမိပါတယ်။ မိဘနဲ့ တရားတတောင် ပြိုင်ဆိုင်တယ် ဆိုတာကတော့ မြန်မာဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ မကြုံဘူးတော့ ဇာတ်လမ်းကို အစမှာ တစ်ဘက်ကနေ ကြည့်မိပါတယ်။ နောက်တော့မှ ကလေးမလေး Anna ကို သနားစိတ် ၀င်လာတာပါ။ ပြီးတော့ ကိုယ်တိုင်လည်း မိဘအနေနဲ့ အချိန်ပိုင်း တစ်ခုမှာ ကိုယ့်သားသမီးတွေ အကုန်လုံးကို တပြေးညီ ချစ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းလည်း ဖြစ်စေပါတယ်။

သားသမီးဆိုတာ ရတနာပါပဲ။ ဒါပေမယ့် နာတာရှည် မကျန်းမာတဲ့ ကလေးရဲ့ မိဘအနေနဲ့ တွေးမိရင်တော့ မိဘအတွက်လည်း ၀ဋ်ကြွေးတစ်ခု ကပ်တစ်ခု ကျိန်စာတစ်ခုအလားပါပဲ။ အရင်တုန်းက ဘုရားမှာ ဆုတောင်းဖြစ်ရင် အလုပ်ကောင်းပါစေ ထီပေါက်ပါစေ ဆုတောင်းတယ်။ အခုတော့ သားသမီးကံ ကောင်းပါစေပဲ ဆုတောင်းတော့တယ်။ သားသမီးတွေဟာ မိဘတွေအတွက် ၀ဋ်ကြွေးတစ်ခု အနှောက်အယှက် တစ်ခု မဖြစ်စေဖို့ မိဘအနေနဲ့ရော သားသမီးအနေနဲ့ပါ ဆုတောင်းတယ်။ အရင်တုန်းက ဆေးထိုးရင်း ကလေးက (ဘာကြောင့်မှန်းမသိ) ပိုလီယိုဖြစ်သွားတယ် ကြားမိတော့ အခု ကလေးတွေ ဆေးထိုးရင် (မဖြစ်နိုင်တော့ မှန်းသိပေမယ့်) မဖြစ်ပါစေပဲ အထပ်ထပ် ဆုတောင်းနေတော့တယ်။ ကလေးဆိုတာကလည်း ဘယ်ကဘယ်လို လာမှန်း မသိနိုင်တဲ့ ကင်ဆာမပြောနဲ့ ဆော့ရင်း ချောလဲရင်းနဲ့တောင် ဘ၀တစ်ခုလုံး အတွက် အတိမ်းအစောင်းဖြစ်သွားနိုင်တာတွေ တွေ့ဖူး ကြားဖူးနေတော့ ဒါဟာ ဘယ်လိုမှ မခံစားနိုင်တဲ့ ကြောက်မက်ဖွယ် ကံအကြောင်းတစ်ခုပါပဲ။ ဒီကားကြည့်ပြီး သူမငိုတယ်ဆိုတာလည်း ဘာကြောင့်ဆိုတာ ကျွန်တော်လည်း ခံစားနိုင်ပါတယ်။ ။

တခြားဖတ်ရန် -

My Sister's Keeper (IMDB)

ဖန်ပြွန်သန္ဓေသားလောင်း အပို ရှိသည်

ဖန်ပြွန်သန္ဓေ နည်းပညာရဲ့ အံ့ချီးဖွယ်ရာကြောင့် ကလေး ရပြီးတဲ့ နောက်မှာ ကျွန်မတို့ လင်မယား ဆုပ်လည်းဆူး စားလည်းရူး ဖြစ်နေရပါပြီ။ ကျန်နေသေးတဲ့ အေးခဲထားတဲ့ သန္ဓေ သားလောင်းလေးတွေကို ဘာလုပ်ရမယ် ဆိုတာပါ။

Monday, January 11, 2010

ကလေးခင်အောင်လုပ်နည်း

ကိုယ်နဲ့ မခင်သေးတဲ့ ကလေး (ဆိုပါတော့ စကားလည်း နည်းနည်းပါးပါး ပြောတတ် ကိုယ်ပြောတာလည်း နားလည်တဲ့ ၂နှစ်ခွဲ ၃နှစ်ကနေ ၅နှစ် ၆နှစ် ကလေး)တစ်ယောက်နဲ့ ဆုံလို့ သူနဲ့ ခင်အောင် ဘယ်လို စလုပ်မလဲ။ များသောအားဖြင့်ကတော့ သားနာမည် ဘယ်လိုခေါ်လဲ သမီးနာမည် ဘယ်လိုခေါ်သလည်း မေးမယ်။ ပြီးတော့ အင်္ကျီလေးက လှတယ် ဘာတယ်ပြောမယ်။

တကယ်တော့ ကလေးတွေကို နာမည်မေးရင် သူတို့က သူစိမ်းဆိုရင် သိပ်မပြောချင်ပါဘူး။ နာမည်မေးတာမှ မဟုတ်ပါဘူး။ သူစိမ်းဆိုရင် သူတို့က ရုတ်တရက်ကြီးတော့ စကားဘယ်ပြန်မလဲ။ ပြီးတော့ ဒီလိုမေး ဒီလိုပြောရုံနဲ့ ကလေးကလည်း ကိုယ့်ကို တော်ရုံတန်ရုံ မခင်လွယ်ပါဘူး။ တွေ့တုန်း ခဏပဲ ဖြစ်ပါမယ်။

ကလေးတွေကို ခင်အောင် လုပ်တဲ့ ကိုယ်တွေ့ နည်းတစ်ခု ပြောပြချင်တယ်။ Bluffing လုပ်ပါ။ ညာတယ် ဖြီးတယ်တော့ မဟုတ်ပါဘူး။ ကလေးတွေကို Bluff လုပ်တယ် ဆိုတာ သူတို့ သိထားတာ တစ်ခုကို ကိုယ်က မသိချင်ယောင် မှားချင်းယောင်ဆောင်ပြီး လုပ်ပြ ပြောဆိုတာပါ။

ကလေးက ခွေးရုပ်လေး ကိုင်ထားရင် ကြောင်လေးက ချစ်စရာလေးပါလားလို့ ပြောကြည့်ပါလား။ သူက မသိချင်ယောင် ဆောင်နေသေးရင် ငှက်ကလေးက ချစ်စရာလေးပါလား ဆက်ပြောကြည့်ပါ။ ကလေးက ပြန်ပြီး တုန့်ပြန်လာပါလိမ့်မယ်။ တကယ်လို့မှ မတုန့်ပြန်သေးရင် အရုပ်ကလေးကို ကိုင်နေတုန်း အား ကိုက်တယ် ကိုက်တယ်ဆိုပြီး အရုပ်က ကိုယ့်ကို ကိုက်တဲ့ပုံ ဆောင်ကြည့်ရင် အနည်းဆုံးတော့ ကလေးက ရယ်လိမ့်မယ်။ အဲဒီအချိန်က စပြီး ကလေးက ကိုယ့်ကို စိတ်ဝင်စားသွားမယ်။ ကိုယ့်ကို ခင်ချင်သွားပါမည်။

ပြီးတော့ ကလေးတွေ ရှေ့မှာ ပေါက်ကရ တစ်ခုခု လုပ်ပြရင် သူတို့က ပြင်ပေးပါလိမ့်မယ်။ ဒီနေရာမှာတော့ ကလေးရဲ့ အခြေခံနဲ့ ပတ်ဝန်းကျင် အနေအထားကို အံဝင်ဂွင်ကျ လုပ်တတ်ဖို့တော့ လိုတယ်။ ဥပမာ ရေခွက်ကိုင်ထားရင် ရေကို နှာခေါင်းကနေ သောက်ပြသလို နားကနေ သောက်ပြသလိုပဲ ဖြစ်ဖြစ် လုပ်ပြတာမျိုးတို့ပါ။ သူ့ကစားစရာ တစ်ခုခု ရှိရင်လည်း အဲဒီ ကစားစရာနဲ့ အမှားတစ်ခုခု လုပ်ပြရင် သူက ကြည့်ပြီး အသည်းယားလာပြီး နည်းနည်းရဲလာရင် ကိုယ့်ကိုပြင်ပေးမယ် ပြီးတော့ ဘယ်လို လုပ်ရမည်ဆိုတာ သင်ပေးမယ်။ ဒီလိုနဲ့ ကလေးနဲ့ အတူတူ ဆော့ဖြစ်သွားပါလိမ့်မည်။

ကလေးတွေက သရုပ်ဆောင်တာလည်း ကြိုက်တယ်။ ဥပမာ သူတို့ ရှေ့မှာ အစားစားရင် အစာနင်သလိုမျိုး လည်ပင်းကို ကိုင်ပြီး အ..အ.. အစ်..အစ် ဆိုပြီး လုပ်ပြရင်လည်း စိတ်ဝင်တစား ကြည့်လာပါလိမ့်မည်။ ဒါမှ မဟုတ် အိပ်ငိုက်ချင်ယောင်ဆောင်ပြလည်း ကြိုက်တတ်ပါတယ်။ ဥပမာ ပြောတာပါ။ ဒါတွေမှ မဟုတ်ပါဘူး။ အဆင်ပြေသလိုသာ လုပ်ပြကြည့် ကလေးက စိတ်ဝင်စားလာပြီး ကိုယ်နဲ့ ခင်လာပါလိမ့်မည်။

သူစိမ်းကလေးမှ မဟုတ်ပါဘူး ကိုယ့်ကလေးကို ကိုယ် Bluff လုပ်ရင်လည်း ကိုယ်နဲ့ ပိုခင်လာပါလိမ့်မည်။ ဒီနေရာမှာ ကိုပေါရဲ့ သူ့သမီးလေးကို Bluffing လုပ်ပုံလေးကို သူ့blog ကနေ ကူးယူ ဖော်ပြလိုက်ပါတယ်။

သမီးတို့ ကျောင်းကို မိဘအနေနဲ့ အတူလိုက်ရတော့မယ့် အခါမျိုးဆိုရင် “သမီး… ဘာမှ မပူနဲ့သိလား။ သမီးသူငယ်ချင်းတွေကိုတွေ့ရင် ဖေဖေ အင်ဒီးယန်းအက ကပြမယ်” လို့ ကြိုပြောထားနှင့် တတ်သေးတယ်။ အဲဒီတော့ သမီးက ကျောင်းရောက်တဲ့အခါ ကျနော်တကယ် ထဖောက်လေမလားဆိုပြီး သူ့မှာ စိုးတထင့်ထင့်နဲ့။ ကျောင်းမှာ သူက တနေရာသတ်သတ်။ ကျနော်တို့က တနေရာသတ်သတ် ထိုင်ရတာမျိုးဆိုရင် သမီးနဲ့ အကြည့်ချင်းဆုံတဲ့အခါ ဘယ်သူမှ မသိအောင် မသိမသာ အင်ဒီယန်းအက ကသလို တွန့်ပြတာမျိုး ကျနော် လုပ်ပြလေ့ရှိပါတယ်။ သမီးက အဲဒီအခါကျရင် မမြင်ချင်ယောင် ဆောင်နေတတ်တယ်။

နောက်ပြီး ကလေးတွေကို Bluff လုပ်တာလည်း တစ်ခါတည်း မလုပ်ဘဲ တစ်မျိုးတည်းကိုပဲ အခါခါ လုပ်ပြလည်း သူတို့က ငြီးငွေ့သွားတယ် မရှိပါဘူး။ အထပ်ထပ် လုပ်လေ သဘောကျလေပါ။ ကိုယ်မှားတိုင်းလည်း သူတို့က ပြင်ပေးပါလိမ့်မည်။ ကိုယ်လုပ်ပြတိုင်းလည်း သူတို့က ပျော်ပါတယ်။ ကလေးတွေကလည်း ကိုယ် Bluffing လုပ်နေမှန်း သိတာတောင် အသည်းယားတတ်ပါတယ်။ အဲဒီလို ကလေး အသည်းယားတတ်တာ အင်မတန် ချစ်ဖို့ ကောင်းပါတယ်။ ပျော်စရာကောင်းပါတယ်။

ကလေးတွေကို တစ်ခုခု (သချာင်္လို ဘာသာစကားလိုမျိုးတော့ မဟုတ်ဘူးပေါ့။ သေးသေးမွှားမွှား တစ်ခုခု) သင်ချင်ရင်လည်း သူတို့ကို ဒီအတိုင်း သွားမသင်ပါနဲ့။ သူတို့ကို မေမြန်းပြီး သူတို့ အသင်ကို ခံလိုက်ရင် ကလေးက စိတ်ပါလက်ပါ မျောပါလာပါတယ်။ အဲဒီကျမှ ကိုယ်က ကိုယ်ပြောချင်တာလေးတွေ ပြောပြ မှားနေတာလေးတွေ ပြင်ပေးရင်းနဲ့ ကလေးက တတ်သွားပါတယ်။

ကလေးတွေကို အတင်းဝင်မရောပါနဲ့။ သူကို မသိချင်ယောင်ဆောင်ပြီး သူစိတ်ဝင်စားအောင် လုပ်ပြပါ။ သူတို့ Interact လုပ်လာအောင် စပေးပါ။ အထူးသဖြင့် အမှားပြင်ပေးချင်သလိုမျိုး။ လူကြီးတွေကို သင်ပေးချင်စိတ် ပြင်ပေးချင်စိတ်က ကလေးတွေမှာ ရှိနေပါတယ်။ Bluffing လုပ်တဲ့အခါ ကလေးတွေ အမှတ်မမှားသွားအောင် စိတ်မထိခိုက်သွားအောင်တော့ သတိထား ရမှာပေါ့။ ဒီလိုလေး သိထားရင် ကလေးတစ်ယောက်က ကိုယ့်ကို စွဲစွဲမက်မက် ခင်သွားအောင် လုပ်ဖို့ မခက်တော့ ပါဘူး။ အရေးကြီးဆုံးကတော့ ဒီနည်းတွေနဲ့ ကိုယ့်ရဲ သားသမီးတွေကိုပါ ခင်အောင်လုပ်လို့ရတာပါပဲ။

စကားချပ်။ ။ လူကြီးများလည်း အမှန်ကို သိလျက်နဲ့ Bluffing လုပ်ခံရတာ ကြိုက်ပါတယ်။ အမျိုးသားများ အမျိုးသမီးများကို Bluffing လုပ်နည်းကတော့ မခင်ဦးမေတို့ TZAတို့ ရေးရင် ဖတ်ရတာပေါ့။ (ပျော်စေ ခင်စေပါ။)

တခြားဖတ်ရန် - “ကိုယ့်ရှူးကိုယ့်ပတ်” (ကိုပေါ)

Friday, January 08, 2010

ပဲစောင်းလျားသီးသုပ်

ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး။ မြင်တော့လည်း စားချင်တာနဲ့ ပဲစောင်းလျားသီး သုပ်စားဖြစ်တယ်။ အနီးအနားမှာတော့ အလွယ်တကူ ၀ယ်လို့မရပေမယ့် ဆစ်ဒနီမြို့တောင်ဘက်က Cabramatta ဆိုတဲ့ ဆင်ခြေဖုံး တစ်နေရာမှာ ဗီယက်နမ်ဈေးသွားတော့ တွေ့လို့ဝယ်ခဲ့တာ။ သြစတြေးလျမှာ လူမျိုးပေါင်းစုံနေတယ်။ ဒီမှာ ဗြိတိလျှတွေအပြင် ဗီယက်နမ်တွေ၊ ကိုရီးယားတွေ အရှေ့အလယ်ပိုင်းက အီရန်တွေ လက်ဘနွန်(နီစ်)တွေ ဆူဒန်နီစ်တွေ စုံနေအောင် ရှိတယ်။ အဲဒီ ကဘ္ဘရာမတ္တားမှာတော့ ဗီယက်နမ်တွေ စုနေပြီး အဲဒီက ဈေးကြီးက ဗီယက်နမ်ဈေးလို့ ပြောရအောင် ရောက်သွားတာနဲ့ လူတွေ ရောင်းတဲ့ ပစ္စည်းတွေ ဆိုင်တွေ အစားအသောက်တွေ အမြင် အကြားအနံ့ အကုန်လုံးက သြစတြေးလျနဲ့ ဘာမှကို မဆိုင် ဗီယက်နမ်က ဈေးတစ်ခုထဲ ရောက်သွားသလား ခံစားရမယ်။ အဲဒီမှာ မြန်မာ အကြိုက် ဟင်းသီးဟင်းရွက်တွေလည်း အတော်များများရှိတော့ သူမက အဲဒီကိုဆို သိပ်သွားချင်တာ။ အိမ်နဲ့က အသွားပြန်ဆို ကီလို ၇၀ လောက်ဝေးတာ ဆိုတော့ ရန်ကုန်-တိုက်ကြီး ခရီးနီးပါပါပဲ။ အသွားဖြစ်ဖြစ် အပြန်ဖြစ်ဖြစ် ၁ နာရီကျော်ကျော်ပဲ မောင်းရပါတယ်။

လူဆိုတာလည်း အခက်သား။ အစားအသောက်ဆို Exotic ဖြစ်ရင် ပိုစားချင်တယ်။ ရန်ကုန်မှာတုန်းက ဘာဂါတွေ၊ ပီဇာတွေ မကောင်းပေမယ့် စားချင်တယ်။ နိုင်ငံခြားရောက်တော့ မြန်မာပြည်က ဟင်းရွက်ကန်ဇွန်းကို တမ်းတမ်းတတ စားချင်ပြန်တယ်။ ဒီတစ်ခေါက်ရောက်သွားတော့ ၀ယ်ဖြစ်တဲ့အထဲမှာ ပဲစောင်းလျားသီးလည်း သုပ်စားဖို့ ပါတယ်။ ပဲစောင်းလျားသီးက အစိမ်းစားကြည့်ရင် နာမည်နဲ့ လိုက်အောင် အနည်းငယ် ဖန်ပါတယ်။ အဲဒါကြောင့် ရေနွေးကို ပွက်ပွက်ဆူအောင် တည်ပြီး ၂ မိနစ် ၃ မိနစ်လောက် ပြုတ်လိုက်ပါတယ်။ အစိမ်းရောင်လည်း မနွမ်းသွားစေရပါဘူး။ အဲဒါဆို အဖန်ပျောက်ပြီး အချိုတက်လာပါတယ်။ ပြီးတော့ ဟိုဖက်ထိပ် ဒီဖက်ထိပ်အနေ အညှာကို ချိုးပြီး အကြောမျှင် နှစ်ဘက် နွှာလိုက်ပါတယ်။ ပြီးတော့ မထူမပါးလှီးပြီး ကြက်သွန်ကြော်၊ နှမ်း၊ ငရုတ်သီးစိမ်းထည့် ဆားဖြူး သံပုရာသီးနည်းနည်း ညှစ်ပြီး သုတ်လိုက်ပါတယ်။ မြေပဲနည်းနည်းထောင်းထည့်လည်း ကောင်းပါတယ်။ သရက်ချဉ်သုပ်လိုပဲပေါ့။ အရသာကတော့ တခြားအသုပ်တွေလို ခပ်ပြင်းပြင်းမဟုတ်ပေမယ့် စားလိုကောင်းပါတယ်။




ပဲစောင်းလျားသီးကို သူမတို့ဘက်မှာ တောင်ကြီးမှာတော့ ပဲလေးထောင့်လို့ခေါ်တယ်။ ဘိုလိုတော့ Winged Bean တဲ့။ Four-Angled Bean လို့လည်းပြောတယ်။ သူဟာနဲ့ သူတော့ ဟုတ်နေ မှန်နေတာပဲ။ ရှမ်းပြည်မှာ ပအို့တွေက ပဲလေးထောင့်ကို ရင့်သွားရင် အထဲက ပဲစေ့တွေကို လှော်စားတယ်။ အရမ်းမွှေးပြီး စားလို့ကောင်းတယ်တဲ့။ ပဲစောင်းလျားသီးက တစ်ပင်လုံး စားလို့ရတယ်။ အထူးသဖြင့်တော့ အမြစ်ကို ပြုတ်စားကြတယ်။ ပဲမြစ်ပြုတ်ဆိုတာ ပဲစောင်းလျား အပင်ကပေါ့။ ဆီလေးနဲ့ ဆားလေးနဲ့ဆို ပဲမြစ်ပြုတ်က စားလို့ကောင်းတယ်။ စင်္ကာပူက အစားအသောက်တွေ Blog တစ်ခုမှာတော့ ပဲစောင်းလျားသီးကို Cuttlefish နဲ့ ငရုတ်ဆီနဲ့ သုတ်ထားတွေ့မိတယ်။ စားလို့ကောင်းမဲ့ပုံပဲ။ ပဲစောင်းလျားသီးကို သီးစုံချဉ်ရည်ဟင်းထဲ ထည့်ချက်လည်း ရတယ်။ ဟင်းရည်ကို ပိုချိုစေတယ်။ ပြုတ်ပြီး Sambal Paste နဲ့ တို့စားလည်းကောင်းတယ်။ အဲဒီ ပုဇွန်ခြောက် ငရုတ်သီးအနှစ်နဲ့ပဲ ကြော်စားလည်း စပ်စပ်လေး ရတယ်။ ထိုင်း အင်ဒိုနီးရှာ စားသောက်ဆိုင်တွေမှာ အဲဒီလိုမျိုးတွေ ရနိုင်တယ်။



ှSource: http://singapuradailyphoto.blogspot.com/2009/12/2nd-kitchen-balestier-road.html

ပဲစောင်း“ခါး”သီးလို့ ရေးထားတာကို စာဖတ်သူ တစ်ယောက် အမှန်ပြင်ပေးလို့ ပဲစောင်း“လျား”သီးလို ပြင်လိုက်ပါတယ်။ စိတ်ထဲမှာ လုံးလုံးကို ပဲစောင်းခါးသီးလို့ပဲ ထင်ထားတာပါ။

တခြားဖတ်ရန် - မုန်လာချဉ်ဖတ်သုပ်




Sunday, January 03, 2010

မြန်မာပြည်အတွက် လူကြုံပစ္စည်း

ရေခြာမြေခြား ရောက်နေသူတွေအတွက် မြန်မာပြည်က ကိုယ့်မိသားစုကိုပဲဖြစ်ဖြစ် သူတို့ဆီကပဲဖြစ်ဖြစ် လူကြုံပစ္စည်း ပေးနေ ယူနေကြပါပဲ။ အခုဆို နိုင်ငံခြားထွက်တဲ့သူကလည်း သိပ်ကိုများတာဆိုတော့ တစ်ခါမဟုတ် တစ်ခါတော့ ကိုယ်သိတဲ့ သူနဲ့ လူကြုံပါးလိုက်ဖို့ သိပ်ကို လွယ်သွားပြီ။ စင်္ကာပူလို နိုင်ငံဆို အသိမရှိရင်တောင် အခကြေးပေးနိုင်တဲ့ Courier Service တွေကဆင့် ရန်ကုန်ကနေ ပေးမလား စင်္ကာပူကနေ ပေးမလား လေယာဉ်ထွက်တဲ့ နေ့တိုင်း စာရွက်စာတမ်းတွေ ပစ္စည်းတွေ ပေးနိုင်တယ်။ အစားအသောက်တောင် ပေးနိုင်သေးတယ်။ သိုင်းဝတ္ထုတွေထဲက အာမခံကုမ္ပဏီတွေလို အန္တရာယ် မများလို့တော်တော့တယ်။ စင်္ကာပူကသူတွေအတွက် အလျင်လိုရင် လေဆိပ်မှာစောင့်ပြီးတောင် ပေးနိုင်သေးတယ်။ ကူညီတတ်တဲ့သူ ကူညီနိုင်တဲ့ သူနဲ့ဆို ဖြစ်နိုင်တယ်။ ဘာတွေပါသလဲဆိုတာတော့ သယ်တဲ့သူကို ဖွင့်ပြရတာပေါ့။

စင်္ကာပူမှာတုန်းကတော့ လူကြုံပေးဖို့ သိပ်လွယ်တယ်။ ကိုယ့်အသိမရှိရင်တောင် အသိရဲ့အသိကနေ တဆင့် လူကြုံပေးနိုင်သေးတယ်။ တစ်ယောက်တစ်ယောက် ပြန်ခါနီးဆို လက်တို့ကြပြီ။ SMS ပို့ကြပြီ။ ဘယ်နေ့သွားပြီး ဘယ်နေ့ပြန်လာမှာ။ ဒီကနေလည်း ထည့်ပေးလို့ရတယ်။ ဟိုကနေလည်း ထည့်ပေးလို့ရတယ်ဆိုပြီး ပြောကြ ကူညီကြတယ်။ မြန်မာပြည်က ထည့်ပေးလိုက်တဲ့ လူကြုံပစ္စည်းတွေ သွားယူရင်လည်း ကိုယ်နဲ့တောင် တခါမှ မတွေ့ဘူးတဲ့ သူတွေလည်း ပါတတ်တယ်။ စင်္ကာပူကို အလုပ်လာလုပ်တဲ့သူကနေ ရုံးကိစ္စနဲ့လာတဲ့သူ အလည်လာတဲ့သူ ဆေးလာကုတဲ့သူ စသည်စသည်နဲ့ လူကြုံထည့်ပေးလိုက်တာမျိုးတွေ ကြုံဖူး ကြားဖူးတယ်။

စင်္ကာပူမှာကလည်း ဈေးဝယ်လို့ သိပ်ကောင်းတာ။ မြန်မာပြည်ကလူတွေကလည်း စင်္ကာပူကဆို အ၀တ်အထည်ကနေ လျှပ်စစ်ပစ္စည်းတွေ အထိကြိုက်ကြတာဆိုတော့ မြန်မာပြည်က ကိုယ့်မိသားစုကို ကိုယ်ပြန်တဲ့ အချိန်အထိ မစောင့်နိုင်တော့ဘဲ လူကြုံနဲ့ နည်းနည်းစီ နည်းနည်းစီ ထည့်ပေးလိုက်ကြတတ်တယ်။ လူကြုံရှိရှိ မရှိရှိ ဈေးကျတဲ့ အချိန် ၀ယ်ပြီးစုထားတယ်။ လူကြုံရပြီဆိုတာနဲ့ ထည့်ပေးလိုက်ရုံပဲ။ တစ်ခါတစ်လေကျတော့ ဆေးဝါးတွေ ကျန်းမာရေးသုံးပစ္စည်းတွေ ဖြစ်နိုင်သလို စင်္ကာပူကနေ ကြမ်းတိုက်တဲ့ တုတ်တံနဲ့ ရေပုံးကို ကြိုက်လွန်းလို့ မြန်မာပြည်ကို လူကြုံပါးလိုက်တာ ကြားဖူးတယ်။

မြန်မာပြည်ကနေဆို စာရွက်စာတမ်းကနေ ငပိထောင်းအထိ လူကြုံနဲ့ပဲ ဖြစ်ဖြစ် ၀န်ဆောင်ပေးတဲ့သူတွေနဲ့ပဲ ဖြစ်ဖြစ်ထည့်ပေးကြတယ်။ အဓိကကတော့ စာရွက်စာတမ်းတွေပါ။ စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ သားသမီးတွေအတွက် မြန်မာပြည်ကနေ တစ်ပတ်တစ်ခါ တစ်ပတ်စာ ဟင်းချက်ပြီး ပို့ပေးတယ်ဆို အမှန်တကယ်ပါ။ ကျွန်တော့် အသိတစ်ယောက်ပါ။ စင်္ကာပူ ရောက်စတုန်းကလည်း အိမ်ကနေ လူကြုံတွေ ထည့်ထည့်ပေးတတ်တယ်။ နောက်တော့ သွားယူရတာ အဆင်မပြေတာတို့ ဘာတို့ကြောင့် အရေးကြီးတာပဲ ထည့်ပေးဖို့ အိမ်ကို ပြောထားရတယ်။

ကျွန်တော်တို့ကတော့ တချို့တွေလို စင်္ကာပူနဲ့ ရန်ကုန်ကို အိမ်ဦးနဲ့ ကြမ်းပြင် ဥဒဟို ကူးသန်း သွားလာခဲ့တာ မဟုတ်တော့ ကိုယ်က လူကြုံသယ်ပေးရတယ်ဆိုတာ ယှဉ်ကြည့်ရင် အင်မတန် နည်းပါတယ်။ သူများတွေကပဲ ကိုယ့်အတွက် လူကြုံသယ်ပေးရတာမျိုး။ လူကြုံသယ်ပေးတာတောင် ကျေးဇူးမတင်တဲ့ အခွင့်အရေးယူတဲ့သူတွေလည်း ရှိတတ်ပါတယ်။ ဥပမာ လူကြုံပစ္စည်းက အကြောင်းတစုံတရာကြောင့် ပုံပျက်သွားရင် သံသယ၀င်တာမျိုး။ ဒါမျိုးက မြန်မာပြည်ကို သယ်သွားရင် ဖြစ်တတ်တယ်။ ရန်ကုန်လေဆိပ်က မင်းမှုထမ်းများကလည်း တာဝန်အရဆိုပြီး ဟိုဖြဲ ဒီဖြဲ ရှာတတ်တာကိုး။ တချို့ကလည်း စီးပွားဖြစ်ပစ္စည်းတွေကို လူကြုံနဲ့ထည့်ပေးတတ်တယ်။

သြစတြေးလျ ရောက်တော့ လူကြုံက အတော်နည်း သွားပြီ။ ကိုယ်ကိုယ်တိုင်က အသိနည်းတာလည်း ပါပါတယ်။ သြော်ဇီ အကောက်ခွန်ကလည်း အစားအသောက်ဆို အင်မတန်စစ်ဆေး တားမြစ်တတ်တော့ စင်္ကာပူလို အစစ အရာရာ လူကြုံထည့်ဖို့ မှာဖို့ဆိုတာ သိပ်မလွယ်တော့ဘူး။ ဒီက မြန်မာဆိုင်တွေကလည်း စင်္ကာပူလို ၀န်ဆောင်ပေးတယ် မကြားမိဘူး။ (ရှိရင်လည်း ရှိမှာပေါ့)

တလောက သူငယ်ချင်း တစ်ယောက်ပြန်လို့ မြန်မာပြည်ကို လူကြုံပါးလိုက်တယ်။ လူကြုံထည့်ပေးလိုက်တာက သားနဲ့ သမီးရဲ့ ဓါတ်ပုံတွေနဲ့ ဗီဒီယိုတွေပါ။ Soft copy တွေလည်း ဖြစ် DVD နဲ့ ရိုက်ရင် ၁၀ချပ် ၁၅ချပ်လောက် ဖြစ်နေတာနဲ့ Portable Harddisk လေးထဲထည့်ပေးလိုက်တယ်။ ကျွန်တော်တို့ကလည်း သားနဲ့ သမီးကို ကြုံရင်ကြုံသလို ဓါတ်ပုံ၊ ဗီဒီယို ရိုက်ရိုက်နေတာဆိုတော့ အတော်လေးကို များပါတယ်။ ပြောရရင် 40GB လောက်ကို ရှိတယ်။ ဒါတောင် တစ်နှစ်စာပဲ ရှိသေးတယ်။ ရန်ကုန်က အဘိုးအဘွားတွေ ဘကြီးဦးလေး ဒေါ်ကြီးဒေါ်လေးတွေကလည်း ကလေးတွေကို အရမ်းကြည့်ချင်ကြတာ ဆိုတော့ သူတို့ကလည်း လူကြုံ ရှိရင် ဒါလေးတွေပဲ စောင့်နေကြတာ။

တကယ်ဆိုရင်တော့ ဒီလိုမျိုးတွေက လူကြုံနဲ့ ပေးစရာ မလိုသင့်ပါဘူး။ အင်တာနက်ကြီး ရှိနေတာ အင်တာနက်ပေါ်ကနေ ၀ိုင်ယာကြိုးမျှင် ဖန်ကြိုးမျှင်တွေကနေ တဆင့် Upload လုပ်ပေးလိုက်။ ဟိုကနေ Download လုပ်ယူ။ ဒီလိုမျိုး ဖြစ်နေရမှာ။ အခုခေတ် အင်တာနက်ကလည်း ဓါတ်ပုံတွေ ဗီဒီယို Sharing Site တွေဆိုတာ အတော်ရေပန်းစား သုံးလို့ လွယ်နေတာပဲ။ ခက်တာက မြန်မာပြည်က အင်တာနက်ကလည်း ပက်ကျိလို နှေးတာဆိုတော့ ဗီဒီယို မပြောနဲ့ ဓါတ်ပုံတစ်ပုံ ကူးယူဖို့တောင် ၃-၄ မိနစ်လောက် စောင့်ရတာ။ အင်တာနက်သုံးဖို့ကလည်း ဟိုကျော်ဒီခွနဲ့ ပညာရှင်တွေပဲ ကိုယ်သွားချင်တဲ့ Web Site သွားလို့ရတာ ဆိုတော့ သူများတွေ ၀ါယာကြိုးပေါ်ကနေ ပို့တဲ့ဟာကို ကိုယ့်အလှည့်ကျမှပဲ လူကြုံနဲ့ ထည့်ပေးလိုက်ရတော့တယ်။ လူကြုံကို မစောင့်ဘဲ စာတိုက်ကနေများ ထည့်ပေးချင်ရင်တော့ ဒီလို ပစ္စည်းမျိုးဆို အမျှသာ အရင်ဝေလိုက်တော့။ DVD လောက်ဆိုရင်တော့ ရကောင်းတယ်။ ၂ ပတ်လောက်ကြာရင်။

အဓိကကတော့ မြန်မာပြည်မှာ Infrastructure ကောင်းကောင်း မရှိတော့ အင်တာနက်ကို ကောင်းကောင်း မထောက်ပံ့နိုင်ဘူး။ နိုင်ငံခြားထွက်တဲ့သူ များလာတဲ့ အတွက် ရေခြား မြေခြားကနေ ဆက်သွယ်မှုတွေ များလာတယ်။ ဒီအတွက် Email လောက်တော့ ရနေသေးတာကိုပဲ မောင်မင်းကြီးသားများကို ကျေးဇူးတောင် တင်နေရဦးမယ်။ တချို့ကိစ္စ အတော်များများတွေ အတွက်တော့ မြန်မာပြည်က အင်တာနက်က ဘယ်လိုနည်းနဲ့မှ မလုံလောက်သေးပါဘူး။ အခြေခံ အုတ်မြစ်မကောင်းတော့ ဒီပေါ်မှာ အဆောက်အဦးတွေ ထပ်မဆောက်နိုင်တာ ရှင်းပါတယ်။ မြန်မာပြည်မှာ software ပဲဖြစ်ဖြစ် Animation လိုမျိုး digital media တွေအတွက် Out-sourcing လုပ်ဖို့ဆိုတာ အင်မတန်ကို ခက်ခဲသွားပြီ။ စကားမစပ် တလောက ကြားလိုက်တာ အိန္ဒိယက ကုမ္ပဏီ တစ်ခု အမေရိကားမှာရှိတဲ့ ဆေးရုံတွေအတွက် CT Scan လိုမျိုး လူနာကို ဓါတ်မှန်လိုမျိုး ရိုက်ထားတာကို ကုလားဆရာဝန်တွေက စစ်ဆေးပေး ကြည့်ပေးပြီး Result ကို ချက်ချင်းပို့ပေးတယ်တဲ့။ Digital နဲ့ ပက်သက်လာရင် Outsourcing ဆိုတာ Software တင် Animation တင်မကဘဲ ဒါမျိုးတွေလည်း လုပ်လို့ ရပါသေးတယ်။

ကျွန်တော်တို့လိုမျိုးတော့ ဓါတ်ပုံ၊ ဗီဒီယို ပို့ဖို့ အခက်အခဲဖြစ်တာ နည်းပါတယ်။ ဒါပေမယ့် နိုင်ငံခြားရောက်နေတဲ့ သူတိုင်းအတွက် တကယ် လိုအပ်တာကတော့ မြန်မာပြည်ကို ငွေလွဲဖို့ပါ။ သူသူငါငါကတော့ မြန်မာပြည်ကို ငွေပြန်ပို့ကြတယ်။ နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့သူတွေကလည်း ငွေလိုတဲ့ အခါ လှမ်းမှာရတာ ရှိတယ်။ အဲဒီလို ငွေလွဲငွေပို့ဖို့က တရားဝင်လွှဲဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ မြန်မာပြည်မှာ အစိုးရအောက်က နိုင်ငံခြားငွေကြေးဘဏ်လား ဘာလားတော့ ရှိတယ်။ အဲဒီမှာ စာရင်းဖွင့်ဖို့ဆိုတာ လူတိုင်း လုပ်နိုင်တာမျိုးမဟုတ်ဘူး။ ကုမ္ပဏီရှိတဲ့သူပဲ သင်္ဘောသားပဲ ဖွင့်နိုင်တယ် ဆိုလား။ ပြီးတော့ ၁၀% အခွန်ဖြတ်တယ် ဆိုလား။ အသေအချာတော့ မသိ။ မလွယ်တာ လူတိုင်း မလုပ်နိုင်တာ မကိုက်တာကတော့ အသေအချာပဲ။

အဲဒီတော့ ဟွန်ဒီခေါ်တဲ့ ငွေလွှဲ ငွေပို့ စနစ်ကိုပဲ အားကိုးနေရတယ်။ စင်္ကာပူမှာကတော့ ဟွန်ဒီတွေက Pennisula Plaza မှာ ကွမ်းယာဆိုင်ထက် များသေးတယ် ဆိုရင် မလွန်ပါဘူး။ သြစတြေးလျတို့ အမေရိကားတို့မှာတော့ ငွေလွှဲချင်ရင် ဖုန်းဆက်လိုက်ပြီး သူတို့ Account ထဲ ငွေထည့်ပေးလိုက်ရတယ်။ ကိုယ်တိုင်ကိုယ်ကျ သွားဖို့ မလွယ်ဘူးလေ။ တလောကပဲ အမေရိကားက မြန်မာ ဟွန်ဒီတစ်ယောက်ကို ငွေကြေးခ၀ါချမှုနဲ့ အဖမ်းခံရတယ် ဆိုတာကြားလိုက်သေးတယ်။ နိုင်ငံခြားရောက်နေတဲ့ မြန်မာတွေက နည်းမှ မနည်းတာ။ အားလုံးက တစ်ယောက် နည်းနည်း ပို့တဲ့ ငွေတွေကို ဟွန်ဒီနည်းနည်းလေးက လွှဲပေးနေရင်တော့ သူတို့ဆီမှာ ငွေကြေးစီးဆင်းနှုန်းက ကြောက်ခမန်းလိလိပဲ။ အစိုးရက အာရုံစိုက်မိရင်တော့ မလွယ်ကြောပဲ။ အမေရိကားလို Big Brother ကြီးက စောင့်ကြည့်နေရင်တော့ ဘယ်သူ့ Account မှာ ငွေတွေ ဘယ်လောက် စီးဆင်းနေတယ်ဆိုတာ အလွယ်သိနိုင်တာမျိုးကိုး။

ငွေလွဲဖို့ စနစ်ကောင်းကောင်း ရှိဖို့ကတော့ ဗီဒီယို ဓါတ်ပုံ Online ကြည့်နိုင်သလောက်တော့ မရိုးရှင်းပါဘူး။ နောက်ကွယ်မှာ အင်မတန် နက်နဲတဲ့ အရာတွေ များစွာပါနေပြီ။ Infrastructure တင် Procedure တင် မကတော့ဘူး။ ငွေကြေးစနစ်တွေ နိုင်ငံရေးတွေ ပါ ပါဝင်လာပြီဆိုတော့ နိုင်ငံခြား Account ကနေ မြန်မာပြည်က Account ကို ငွေလွှဲဖို့ဆိုတာ နောက် ၅ နှစ်မှာ ဖြစ်ရင် အင်မတိ အင်မတန် ကံကောင်းလို့လို့ ဆိုရမယ်။ Account to Account မလွှဲနိုင်ရင်တောင် Western Union လိုမျိုး နိုင်ငံတကာ ငွေပို့ငွေလွှဲ စနစ်လောက် ဖြစ်ထွန်းရင်တောင် အတော်ကျေးဇူးတင်ရမည်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုဖြစ်ဖို့ မြန်မာငွေကြေးက နိုင်ငံတကာမှာ လဲလှယ်နိုင်တဲ့ အနေအထားကို ရောက်နေပြီလို့ ယူဆနိုင်မယ်။

ငွေတွေ Data တွေ လွှဲတာ ပို့တာ အခုနေတော့လည်း မြန်မာ့နည်း မြန်မာ့ဟန်ပေါ့လေ။ လုံးဝကြီး မဖြစ်နိုင်တာမဟုတ်သေးပေမယ့် သူ့ဟာနဲ့သူတော့ အဆင်ပြေအောင် ဖန်တီးယူနေကြတာဆိုတော့....။ ။

Film