Tuesday, February 23, 2010

မပြတ်သေးဘူး

တစ်နေ့တော့ အိမ်ကို သူငယ်ချင်း မိသားစု တစ်စု လာလည်ပါတယ်။ သူတို့ကလည်း ကလေးရှိ၊ ကျွန်တော်တို့ကလည်း ကလေးရှိတော့ တွေ့လို့ရှိရင် ကလေးတွေ အကြောင်း ပြောဖြစ်ကြတယ်။ သမီးလေးက အတော် ကြီးနေပြီနော် သားလေးကရော အမေနို့စို့တုန်းပဲလား နို့ပြတ်သွားပြီလား မေးတော့ သူမ ပြန်ဖြေပုံကိုလည်း ကြည့်ပါဦး

ကလေးတွေကတော့ ပြတ်သွားပါပြီ...

မှတ်ချက် - အရပ် ဟာသကို WeSheMe-ise လုပ်ထားခြင်းသာ ဖြစ်သည်။

Sunday, February 21, 2010

ကလေးအမေ လုပ်ငန်းခွင် ပြန်ဝင်သောအခါ

အမျိုးသမီးတွေ အတွက်တော့ အိမ်ထောင်ပြုတာကြောင့်ပဲ ဖြစ်ဖြစ် ကလေး မွေးတာကြောင့်ပဲ ဖြစ်ဖြစ် ဘ၀လမ်းကြောင်းက အများကြီး ပြောင်းလဲသွားနိုင်ပါတယ်။ များသောအားဖြင့်တော့ ကလေး မွေးလိုက်ရင် အလုပ်အကိုင်ဘက်မှာ အများကြီး ထိခိုက်သွားနိုင်ပါတယ်။ ကလေးမွေးဖို့ အနည်းဆုံးတော့ ခွင့် ၃လလောက်တော့ ယူရတာပဲ။ ခွင့် ၃ လယူတာဟာ စင်္ကာပူလို နိုင်ငံက တိုက်တိုက်တွန်းတွန်း ခိုင်းတဲ့ ကုမ္ပဏီတွေမှာတော့ ဘော့်စ်က မကြည်ဖြူတာကနေ အလုပ်ပြုတ်သွားတာမျိုးအထိ ရှိတာတွေ ကြားနေရပါတယ်။ သြစတြေးလျလို အမေရိကားလိုနိုင်ငံတွေမှာလည်း ကလေးအမေတွေဟာ ယေဘုယျ အားဖြင့် လခနည်းတယ်၊ အထက်ကို တမ်းလှမ်းဖို့ အခွင့်အရေး နည်းနေတာတွေ ရှိနေသေးတာပဲ။

Drawing:icn2


သမီးကြီးလေးကို ကိုယ်ဝန်ရတော့ သူမက စင်္ကာပူက ကုမ္ပဏီ တစ်ခုမှာ Contract အနေနဲ့ အလုပ်လုပ်နေတာပါ။ Permanent မဟုတ်ပါဘူး။ IT အလုပ်တွေက ဒီလိုမျိုးတွေ ရှိတတ်ပါတယ်။ ဖြစ်ချင်တော့ ကိုယ်ဝန် ၇လလောက်မှာ ကန်တရိုက်က ပြည့်သွားပြီး နောက်ထပ် ထပ်တိုးဖို့ကို မန်နေဂျာက အနည်းဆုံး ၆လ လောက်ကနေ တိုးချင်တယ် ဆိုတာနဲ့ ကိုယ်ကလည်း ကလေးမွေးပြီးရင် ၂လ ၃လလောက် ခွင့်ယူရမှာဆိုတော့ ထပ်မတိုးဖြစ်တော့ ပါဘူး။ အဲဒီကနေစပြီး သူမ အလုပ်ထွက်လိုက်ပါတယ်။ နောက်ပြီး စင်္ကာပူကနေ သြော်ဇီပြောင်းဖို့လည်း အစီအစဉ်ကလည်း ရှိထားတော့ မထူးဘူးဆိုပြီး အလုပ်ထွက်လိုက်တာပါ။

ဒီကိုရောက်တော့လည်း သမီးလေးက ငယ်သေးလို့ ကလေးထိန်းကျောင်း မပို့ချင်တာနဲ့ သမီးလေး ကျောင်းပို့နိုင်တဲ့ အချိန်မှာ အလုပ်ရှာမယ် စိတ်ကူးကာမှ သားလေးကိုပါ ကိုယ်ဝန်ထပ်ရှိလာတော့ မထူးဘူး သားလေးကို မွေးပြီးမှ အလုပ်ရှာမယ်ဆိုပြီး နေလိုက်ပါတယ်။ အဲဒီလိုနဲ့ သားလေး တစ်နှစ်ကျော်မှ အလုပ်ရှာဖို့ စလုပ်တော့ သူမ အလုပ်နဲ့ ဝေးနေတာ ၂ နှစ်ကိုတောင် လအတော် ကျော်သွားပါပြီ။
ကလေးဆိုတာမျိုးကလည်း ပထမတစ်ယောက်သာ ရဖို့ ခက်တာ နောက်ကလေးတွေ ရဖို့ ဆိုတာကလည်း မိခင် ခန္ဓာကိုယ်က အတော်လည်းကို ပြောင်းလဲ ပြုပြင်ထားပြီးပြီဆိုတော အတော်လေး လွယ်သွားပါပြီ။ လသားအရွယ် ကလေးလေးနဲ့ အလုပ်တွေ ရှုပ်ပြီး အကာအကွယ်တွေ ဆေးတွေ ပုံမှန်သောက်သုံးဖို့ ပျက်ကွက်လို့ နောက်ကလေး တစ်ယောက် ဆက်တိုက်ရတာမျိုးတွေကလည်း ကြားဖူးနေတာကနေ ကိုယ်ကိုယ်တိုင် ကြုံတွေ့လိုက်ရမှာပဲ သြော် အဲဒီလိုလည်း ကိုယ်စီမှာ လာဖြစ်နိုင်တာပဲလို့ ပြောရုံမှတပါး တခြား မတတ်နိုင်တော့ပါ။ တကယ်လို့ ဒီလို ကလေး ၂ ယောက် ဆက်တိုက် မယူချင်သေးဘူးဆိုရင်တော့ ကလေးမွေးပြီး ကလေး ၂လ ၃လ လသားလောက်မှာကတည်း ကာကွယ်တားဆီးဖို့ကို တင်းတင်းကျပ်ကျပ် စဖို့ တိုက်တွန်းပါရစေ။ အထူးသဖြင့် ကလေးက သမီးလို အမေနို့ မစို့ဘူးဆိုရင်တော့ နောက်ကလေး တစ်ယောက်ထပ်ရဖို့ ပိုပြီး လွယ်ကူစေပါတယ်။

ကံကောင်းချင်တော့ သြစတြေးလျမှာ ကိုယ်ဝန်ဆောင်စဉ်ကာလတွေ ကလေးမွေးတာတွေ တောက်လျှောက် ဆေးဖိုး မီးဖိုး အခမဲ့ နီးပါးသာကုန်ကျတာတွေ၊ ကလေးရှိတဲ့ မိသားစုတွေ အတွက် အခွန်လျှော့ပေါ့တာတွေ၊ ထောက်ပံ့ကြေးတွေ၊ စီးပွား ပျက်ကပ်ကြီးထဲမှာ Stimulus Package ဆိုပြီး ပိုက်ဆံတွေ သုံးဖို့ ပေးတာတွေနဲ့ ဆိုတော့ သားလေးအတွက် သိပ်မကုန်ကျလိုက်သလို သူမအလုပ်မဲ့ နေတဲ့ကာလတွေ အတွက်လည်း အများကြီး စိတ်မညစ်လိုက်ရပါဘူး။ ကိုယ်က ဒီလို အခွင့်အရေး အထောက်အပံ့တွေ ရနေတာကို အခွန် ပေးနေရတဲ့သူတွေက သိပ်မကျေနပ်ချင်ကြပါဘူး။ သူတို့ကတော့ ပိုက်ဆံတွေ ရှာလို့။ အလုပ်မလုပ်တဲ့ သူတွေကတော့ အလကား ထိုင်စားနေတယ်ဆိုပြီး သတင်းစာတွေ အထူးသဖြင့် အတင်းစာတွေ Tabloid တွေက လူထုအသံတွေမှာ ကြားနေရပါတယ်။ ကျွန်တော်တို့ အတွက်တော့ ရတဲ့ ထောက်ပံ့ကြေးတွေက အလုပ်လုပ်တဲ့ ကျွန်တော်ပေးထားတဲ့ အခွန်ရဲ့ ၄ပုံ၁ပုံတောင် မရှိချင်တဲ့ အတွက် ရသလောက်ကို ကိုယ့်ပိုက်ဆံ ကိုယ်ပြန်ရတယ်လို့ပဲ သဘောထားပါတယ်။

ဝင်ငွေကိစ္စ အပြင် စိတ်ပိုင်းဆိုင်ရာတွေလည်း ကလေးမိခင်တွေက ခံစားရပါတယ်။ အလုပ်ထဲ ပြန်ဝင်နိုင်ပါတော့မလား။ အလုပ်ထဲ ၀င်ရင်ရော အဆင်ပြေပါ့မလား။ အလုပ်မရှိရင် ယောက်ျားတစ်ယောက်တည်း နိုင်ပါ့မလား။ ယောက်ျားကရော ကြည်ဖြူပါ့မလား။ ကိုယ်မိဘတွေကိုရော အရင်လို ထောက်ပံ့နိုင်ပါဦးမလား။ ယောက်ျားက ကြည်ဖြူရင်ရော ကိုယ်က အိမ်ထဲမှာ အကြာကြီး နေနိုင်ပါ့မလား။ ပြင်ပလောကကြီးနဲ့ အဆက်အသွယ်ပြတ်လုနီးပါး နေနိုင်ပါ့မလား။ သူမလိုဆို သြစတြေးလျကို ပြောင်လားပြီး သြစတြေးလျ ဆိုတာကြီးကို လုံးလားပြားလား ဘာမှန်း မသိဘဲ ၂ နှစ်လောက် နေနေရတာ နောက်ဘယ်နှနှစ် ဆက်နေရဦးမှာလဲ။ ဒီလို အတွေးတွေနဲ့ သိမ်ငယ်နေရ စိုးရိမ်နေရတာ စိတ်ကို ထိခိုက်လာနိုင်ပါတယ်။

သြစတြေးလျလို အလုပ်လုပ်တဲ့သူတွေကို အခွန်အတုပ်တွေချ၊ အလုပ်မလုပ်တဲ့သူတွေကို ထောက်ပံ့တဲ့ နိုင်ငံမှာ ကလေး ၂ ယောက်လောက် ရှိထားတာနဲ့ အလုပ်ဆက်မလုပ်တော့တဲ့ မိခင်တွေ အများကြီး ရှိပါတယ်။ အထူးသဖြင့်တော့ ကလေးထိန်းခကြောင့်ပါ။ ကလေးထိန်းခက ၁ နှစ်အောက်ဆို တစ်နေ့ကို ဒေါ်လာ ၁၀၀ လောက် ၃ နှစ်အောက်ဆို ၈၀-၉၀ လောက်ပေးရပါတယ်။ ကလေး ၂ ယောက်ဆိုရင်တော့ တစ်လကို ၄ထောင်နီးပါး ကုန်နေပါပြီ။ တစ်လကို ၄ထောင် အသားတင် ၀င်ဖို့အတွက် တစ်နှစ်ကို ၆ သောင်းခွဲအထက် ရတဲ့ အလုပ်မှ အခွန်နှုတ်ပြီးရင် အိမ်ကို တစ်လ ၄ ထောင်လောက် ပြန်သယ်နိုင်တာဆိုတော့ တော်ရုံတန်ရုံကလေး အမေတွေက အလုပ်ပြန်မ၀င်ကြတော့ပါဘူး။ ကလေး ၅နှစ် ၆နှစ်လောက်မှာ ကျောင်းသွားတော့မှ အမေက အလုပ်ပြန်ဝင်ကြတာလည်း ရှိပါတယ်။

ကလေးကို Daycare မပို့ဖို့ အိမ်မှာထားချင်ရင်လည်း သြစတြေးလျက စင်္ကာပူမှာလို မိဘတွေ ခေါ်ဖို့ဆိုတာလည်း မလွယ်ကူလှပြန်ဘူး။ ၆လ ၁နှစ်လောက်တော့ ခေါ်ထားနိုင်ပေမယ့် စင်္ကာပူလို မိဘတွေက ၅နှစ် ဗီဇာ မရနိုင်ပါဘူး။ မိဘတွေ လာကူလည်း ခဏပဲ လာနိုင်တာမျိုးပါ။ ပြီးတော့ စင်္ကာပူက ကလေးမိဘတွေလို ကိုယ်နဲ့ ဆွေမျိုးနီးစပ်တွေကို ကလေးထိန်းဖို့ အကူကို အိမ်ဖော်အနေနဲ့ ဗီဇာလျှောက်ပေးပြီး ခေါ်ဖို့ဆိုတာ မဖြစ်နိုင်ပြန်ဘူး။ ဒီမှာ အိမ်ဖော် (Domestic Worker) တွေအတွက် ဗီဇာ ဆိုတာ ကုမ္ပဏီ CEO လို၊ UN အရာရှိတွေလို သံအမတ်တွေလို အတွက်သာ လျှောက်နိုင်တယ်ဆိုတော့ ကိုယ့်အတွက်တော့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။

ဒီလိုအကြောင်းတွေကြောင့် အလုပ်ပြန်ဝင်ဖို့ ခက်ခဲနေပေမယ့်လည်း အလုပ်မလုပ်ရင် ပိုပြီး ဘ၀က စိတ်ရော ကိုယ်ရော ပင်ပန်းခက်ခဲမှာဆိုတော့ သားလေး တစ်နှစ်ကျော်မှာ အလုပ်ပြန်ဝင်ဖို့ စဉ်းစားကြပါတယ်။ အမေ အလုပ်မ၀င်ခင်ကတည်းက သမီးလေးက Daycare ကို တစ်ပတ် ၂ ရက် သွားနေပါတယ်။ အိမ်မှာ သူမ တစ်ယောက်တည်း သားငယ်လေးနဲ့ သမီးနဲ့ မနိုင်တာနဲ့ သမီး ၂၀ လသား ရောက်တော့ ကလေးထိန်းကျောင်းမှာ တစ်ပတ် ၂ ရက်သွားနေပါတယ်။ သား ၆ လကျော်တော့ အဘိုးအဘွားတွေလည်း ပြန်သွားပြီ။ သူမလည်း အလုပ်ရှာဖို့ မလုပ်သေးပေမယ့် စာတွေကို အဆက်မပြတ်သွားအောင် အိမ်မှာ အားရင် အားသလို ဖတ်ဖို့ကြောင့်ရယ် သမီးကို Daycare တစ်ပတ်ကို ၂ ရက် ပို့ထားဖြစ်ပါတယ်။ IT မှာကလည်း နည်းပညာတွေက အသစ်အသစ်တွေ ထွက်နေတာကြောင့် အဆက်မပြတ် လိုက်နိုင်ဖို့လိုပါတယ်။ အထူးသဖြင့် အလုပ်ခွင်ကနေ ၂ နှစ်ကျော်လောက် အဝေးကိုရောက်နေတဲ့ သူမအဖို့ ပိုပြီး လိုအပ်ပါတယ်။ သူမတစ်ယောက်တည်း မဟုတ်ပါဘူး။ ဒါဟာ ကလေးအမေတွေအတွက် Post Maternal အတွေ့အကြုံ တစ်ခုပါ။ ဒီကို ကလေးငယ်လေးနဲ့ ပြောင်းလာတဲ့ ဆရာဝန်မ တစ်ယောက်လည်း ဒီက စာမေးပွဲတွေ ဖြေဖို့ ကလေးငယ်လေး တစ်ဘက်နဲ့ စာတွေ အသည်းအသန်ဖတ်နေရပါတယ်။ ဆေးဘက်ဆိုင်ရာ ပညာရပ်တွေကို ကလေးတစ်ဘက်နဲ့ ဖတ်ဖို့ဆိုတာ ဆရာဝန်မအချို့ ဘ၀မှာ ဖြတ်သန်းခဲ့ရတာမျိုးပါ။

သြစတြေးလျလို နိုင်ငံခြားသားကို အလုပ်ခန့်ဖို့ လက်တွန့်တဲ့ နေရာမှာ လုပ်ငန်းခွင်ကနေ ၂ နှစ်ခွဲလောက် ကင်းကွာနေတဲ့ သူမအဖို့တော့ အလုပ်ရှာဖို့ဆိုတာ တွေးကြည့်ရင်တော့ အင်မတန် မလွယ်တဲ့ ကိစ္စပါ။ အဓိက အဟန့်အတားကတော့ ဘာသာစကားပြောပါ။ နည်းပညာရပ်ဆိုင်ရာတွေက စာအုပ်တွေ ၀ယ်ပြီး အိမ်မှာ ဖတ်လို့ ရပါတယ်။ အင်္ဂလိပ်စကားပြောဆိုတာက စာဖတ်တာအပြင် လက်တွေ့လည်း ပါရတာမျိုး။ ၂နှစ်ခွဲလောက် အင်္ဂလိပ်စကားပြော လောကထဲကနေ အပြင်ရောက်နေတာရယ် သြစတြေးလျဆိုတာလည်း စကားပြောရင် လေသံက မျိုးကွဲလွန်းလို့ သူတို့ပြောတာတွေကို တော်ရုံတန်ရုံလူက နားလည်နိုင်တာ မဟုတ်ဘူး။ အဲဒါကြောင့် အလုပ်မရှာခင် သူတို့ စကားပြော သူတို့ လေသံ၊ သူတို့ လုပ်ငန်းခွင် သဘာဝတွေ သိရအောင် သင်တန်း တစ်ခု တက်ဖို့ စီစဉ်ရပါတယ်။

ကံကောင်းချင်တော့ သြစတြေးလျမှာ နိုင်ငံကူးပြောင်းလာတဲ့သူတွေ အတွက် အင်္ဂလိပ် စကားပြော သင်တန်းတွေနဲ့ အကူအညီ ပေးပါတယ်။ အင်္ဂလိပ်စာဆို ABC တောင်မသိတဲ့ ဒုက္ခသည်တွေ ကနေ သူမလို အလုပ်ရှာဖို့ အကူအညီ လိုနေတဲ့သူတွေ အထိ သင်တန်းက အဆင့်ဆင့် ရှိပါတယ်။ များသောအားဖြင့်ကလည်း အခမဲ့ပါ။ သူမတတ်တဲ့ သင်တန်းက Adult Migrant English Service (AMES) လို့ခေါ်တဲ့ သင်တန်းပါ။ http://www.ames.net.au/ မှာ ဘယ်လို သင်တန်းတွေ သင့်တော်တယ် ဆိုတာ အပြည့်အစုံကြည့်နိုင်ပါတယ်။

တကယ်တော့ အဲဒီသင်တန်းမှာ သူမတတ်တဲ့ အတန်းက အင်္ဂလိပ်စာ စကားပြော သပ်သပ် သင်တန်းမဟုတ်ပါဘူး။ ဒီကို ပြောင်းရွှေ့လာတဲ့သူတွေ အလုပ်ရှာနိုင်အောင် အကူအညီပေး နည်းပေး လမ်းပြလုပ်ပေးတဲ့ သင်တန်းမျိုးပါ။ လူတွေ အလုပ်လုပ်နိုင်မှ အစိုးရက အခွန်ရတာဆိုတော့ အစိုးရကလည်း ဒီလို သင်တန်းတွေကို အပြည့်အ၀ ထောက်ပံ့ထားလို့ သင်တန်းကြေးက အခမဲ့ပါ။ စကားမစပ် စင်္ကာပူမှာ ဒီလို သင်တန်းတက်မိတဲ့ မြန်မာ အမျိုးသမီးတစ်ယောက်ကို အကြောင်းပြုပြီး နိုင်ငံရေး အမြတ်ထုတ်မှုတွေ သတင်းစာတွေမှာ စည်းမရှိ ကမ်းမရှိရေးလို့ လူမျိုးရေး မကျေနပ်မှုတွေ ရှိတာတွေ တလောက ဖတ်လိုက်ရပါတယ်။

အခု ဒီက သင်တန်းမှာ များသောအားဖြင့်တော့ အင်ဂျင်နီယာတွေ၊ ကွန်ပြူတာသမားတွေ၊ စာရင်းကိုင်တွေ ပါပါတယ်။ နိုင်ငံပေါင်းစုံကပါပဲ။ အလုပ် ရှာဖို့ Web Site တွေ၊ ဘယ်မှာ ရှာရမယ် ဘယ်လိုရှာရမယ်တွေ ပြောပြတယ်။ အထူးသဖြင့် အစိုးရအလုပ် လျှောက်တဲ့နေရာမှာ ‘လက်ရေးလှ’ ရေးရတာမျိုးတွေ ပါလို့ အဲဒီလိုမျိုးတွေကို ညွှန်ပြပေးပါတယ်။ Resume မှာ ဘာတွေ ပါသင့်လည်း၊ ဘာတွေ ပါစရာမလိုဘူးလည်း ဘာတွေ မပါသင့်ဘူးလည်းတွေ ပြောပြသလို အကောင်းဆုံးကတော့ ကိုယ့် Resume ကို Grammar မှန်မမှန် စကားလုံး အသုံးအနှုန်းတွေ မှန်မမှန် စစ်ပေးသလို ဒီက အထာတွေနဲ့ ကိုက်မကိုက်ပါ စစ်ပေးပါတယ်။ သူများ Resume တွေနဲ့လည်း လဲလှယ်ကြည့်နိုင်တော့ ကိုယ် ဘာလိုလည်း သိရပါတယ်။ သင်တန်းပြီးတဲ့ အချိန်မှာ Resume ကောင်းကောင်းတစ်ခု ကျန်ခဲ့တာဟာ အင်မတန် အဖိုးတန်ပါတယ်။ ပြီးတော့ Interview အတွက်လည်း အသေအချာ သင်ပေးပါတယ်။ အင်တာဗျူးမှာ စတွေ့တွေ့ချင်း ဘယ်လိုပြောရမယ် တောက်လျှောက် ဘယ်လိုနေ ဘယ်လိုပြောရမည် ပြန်ခါနီး ဘယ်လို နှုတ်ဆက်ရမည်ဆိုတာတွေကို အသေအချာ သင်ပေးတဲ့ အပြင် Rehearsal တွေ Practice တွေ ကို ဆရာဆရာမတွေ အပြင် အချင်းချင်း အပြန်အလှန်လုပ်ရတော့ အင်တာဗျူး အတွေ့အကြုံလိုမျိုး ရလိုက်နိုင်ပါတယ်။

သင်တန်းကာလက နေ့လည်ဖက်တွေ တစ်ပတ် ၅ရက်နဲ့ ၁၀ ပတ်ဆိုတော့ အဲဒီကာလတွေက စပြီး သားက Daycare ကို စသွားရပါတယ်။ သားက ၁၄လပဲ ရှိသေးပြီး သားနဲ့ သမီးက တစ်ပတ်ကို ၂ ရက် Daycare သွားတော့ ကျန်တဲ့ ရက်တွေမှာ ကျွန်တော်က ရုံးကနေ နေ့တ၀က်လစ်ပြီး ကလေးထိန်းရပါတယ်။ တစ်ယောက်လုပ်စာနဲ့ ကလေး ၂ ယောက်လုံးကို Daycare ၅ရက်ပို့ရရင်တော့ ဘယ်လိုမှ မကိုက်တာနဲ့ ဒီလိုပဲ စီစဉ်ရပါတယ်။ ခွင့်ရက်တွေ တစ်နှစ်ကို ရက် ၂၀ ရထားတာ တခြားသုံးဖို့လည်း မရှိတော့ ဒီလိုပဲ ခွင့်ယူလိုက်တာပါပဲ။

သင်တန်းတက်ပြီးတော့ အလုပ်ရှာလိုက်တာ ကံကောင်းချင်တော့ အချိန် တစ်လ မရှာလိုက်ရပါဘူး။ ခေတ်ကြီးက တစ်ကမ္ဘာလုံး စီးပွားတွေ ပျက်နေပြီး သူမထက် Profile ကောင်းတဲ့ အလုပ် ဆက်တိုက်လုပ်ထားတဲ့ သူတွေ ၄-၅-၆လ အလုပ်ရှာနေရတဲ့ အချိန်မှာ တစ်လအတွင်း အလုပ်ရတာ အင်မတန် ကံကောင်းတယ် ဆိုရမှာပါ။ သင်တန်းကြောင့်တော့ အများကြီးပါပါတယ်။ တကယ်တော့ ဒီသင်တန်းဟာ ဒီကို ပြောင်းရွှေ့လာပြီး အလုပ် ရှာနေတဲ့ သူတွေအတွက် အင်မတန် သင့်တော်တဲ့ သင်တန်း တစ်ခုပါ။

သူမ အလုပ် စလုပ်တော့ သားက ၁၈လ ရှိနေပါပြီ။ အဲဒီ အချိန်က စပြီး သားနဲ့ သမီးက Daycare ကို တစ်ပတ်လုံး သွားတော့တာပဲ။ သမီးက ၃၂ လပါ။ ဒီလို တစ်ပတ်လုံး မသွားခင် တစ်ပတ်ကို ၂ ရက်လောက် သွားထားတော့ သူတို့ အတွက် နည်းနည်းတော်သေးပါတယ်။ အရမ်း Stress မများတော့ဘူးပေါ့။ ဒီက Daycare တွေက ကိုယ်က ဈေးကြီး ပေးရသလို သူတို့ကလည်း ပြန်စောင့်ရှောက်တာ ကောင်းပါတယ်။ ဆိုပါတော့ ကလေး ၅ ယောက်ကို Carer တစ်ယောက်တို့၊ အတွင်းမှာ ကစားစရာတွေ အစုံအလင်နဲ့ အပြင်မှာလည်း အမိုးအကာနဲ့ လွတ်လွတ်လပ်လပ် ကစားနိုင်တဲ့ Playground တွေနဲ့ ကလေးတွေ အတွက် အတော်လည်း ကောင်းပါတယ်။

မိဘ နှစ်ယောက်စလုံး အလုပ်မလုပ်ရင်တောင် ကလေးတွေကို အသက် ၂နှစ်ကျော်တာနဲ့ တစ်ပတ်ကို ၂ ရက်လောက်တောင် Daycare ကို ပို့ထားသင့်ပါတယ်။ ဒါမှလည်း ကလေးတွေ Social ရပြီး ကျောင်းကြီး တက်ဖို့ အဆင်သင့်ဖြစ်နေမှာပါ။ ကျွန်တော်တို့ အတွက်တော့ ကလေးကို အိမ်ဖော်တစ်ယောက်တည်းနဲ့ အိမ်မှာ ထားခဲ့ဖို့ထက်စာရင် Daycare က အစစ အရာရာ ပိုပြီး စိတ်ချရပါတယ်။ သူတို့ကမှာ အစားအသောက်ကျွေးရင် လက်အိပ်တွေ ဘာတွေနဲ့ ပြင်ဆင်ကျွေးမွေးသေးတယ်။ အိမ်မှာတော့ ဒီအတိုင်းပဲ။

ဒါပေမယ့် တစ်ပတ်ကို ၅ ရက်လုံး ထားရတော့ စိတ်မကောင်းပါဘူး။ အဲဒါကြောင့် မနက်ဆိုရင် သူတို့ကို မနှိုးရက်တာနဲ့ ရုံးကို နောက်ကျပေါင်းလည်း များပါပြီ။ ဖြစ်ချင်တော့ ကျွန်တော်ကပဲ ကားမောင်းတာဆိုတော့ ကလေးအကြိုအပို့ကို ကျွန်တော်က တာဝန်ယူထားတယ်။ မနက်ဆို သားက တော်ရုံတန်ရုံမထ၊ ကျွန်တော်ကလည်း မနှိုးတော့ ရုံးကို ၉နာရီခွဲ ၁၀ နာရီလောက်မှ ရောက် ညနေဆိုလည်း ၅နာရီ ဒေါင်ဆိုတာနဲ့ ပြန်ပြီ။ ဒါမှ ကလေးတွေကို ၆ နာရီ မထိုးခင် ကြိုနိုင်မှာလေ။ ၆နာရီဆို ကလေးထိန်းကျောင်းကလည်း ပိတ်ပြီ။ ဒီရုံးမှာလည်း အလုပ်လုပ်လာတာ ၁နှစ် ၂နှစ်ရှိပြီဆိုတော့ ဒီလိုပဲ မျက်နှာပြောင်တိုက်ပြီး သွားသုတ်သုတ် လာသုတ်သုတ်ပဲ။

ညနေ ၆ နာရီကျော်တော့ အိမ်ရောက်နေပြီ။ အိမ်ကို ကျွန်တော်က အရင်ရောက်တော ဆိုတော့ ကျွန်တော်ကပဲ ထမင်းဟင်းချက်ပေါ့။ စနေ တနင်္ဂနွေမှာ နည်းနည်း ချက်ထားတော့ ရက်တိုင်းတော့ မချက်ရပါဘူး။ တစ်ပတ်ကို ၂ရက် ၃ရက်လောက်တော့ ရုံးကပြန်လာရင် ဟင်းချက်။ ခဏနေ သူမက ပြန်လာ။ ထမင်းစားသောက်ပြီးတော့ ၈ နာရီခွဲလောက် ဖြစ်နေပြီ။ အဲဒီကြားထဲမှာ တစ်ခါတစ်လေ ညဖက်ကြီး ဈေးသွားလိုက်သေးတယ်။ ကလေးတွေ သောက်ဖို့ နို့တို့ အခြောက်အခြမ်းတွေကို ညဖက်ထွက်ဝယ်တယ်။ ဒီက Grocery Store အကြီးကြီးတွေကတော့ ၁၀နာရီ ၁၂ နာရီအထိ ဖွင့်တတ်ပါတယ်။ ကိုယ်က ထမင်းစားပြီး အစာကြေအောင်ရယ် ညဖက်ဆိုရင် လူရှင်းတော့ တစ်ရက်တော့ ဈေးထွက်ဝယ်ဖြစ်တယ်။ ဒီလိုနဲ့ ကြားရက်တွေဟာ အလုပ်နဲ့ အိမ်နဲ့တင် အချိန်မလောက်ပါဘူး။

ကလေးအမေ လုပ်ငန်းခွင် ပြန်ဝင်နိုင်ဖို့ဆိုတာ ခက်ခဲတတ်ပေမယ့် အကူအညီ အထောက်အပံ့ပေးရင်တော့ ဖြစ်နိုင်ပါတယ်။ သြစတြေးလျလို အစအစ အရာရာ ကိုယ့်ဘာကိုယ် လုပ်ရတဲ့ နိုင်ငံမှာတော့ ကလေးအမေ အလုပ်ပြန်လုပ်နိုင်ဖို့ ယောက်ျားဖြစ်သူကပဲ ကူညီမှ ဖြစ်နိုင်တော့မှာပါ။ ကျွန်တော့် အနေနဲ့လည်း သူမ အလုပ်ပြန်လုပ်မှသာ အိမ်ထောင်စု ၀င်ငွေကလည်း နည်းနည်း တိုးလာမည် သူမအတွက်လည်း စိတ်ရော ကိုယ်ပါ ကောင်းဖို့ ဖြစ်လာမှာဆိုတော့ လက်ရှိလုပ်နေတဲ့ အလုပ်မှာ နည်းနည်းတော့ Compromise လုပ်ရပါတယ်။ လောလောဆယ်တော့ သူမအတွက် အလုပ်ကို ဦးစားပေးရင် ပိုကောင်းတာ ဆိုတော့ သူမက ဦးစားပေးပေါ့။ ကျွန်တော်က အလုပ်ထဲမှာ အသားကျနေပြီဆိုတော့ တစ်နေ့ကို တစ်နာရီလောက် အလုပ်ထဲက ဖဲ့ယူထားလည်း သိပ်မသိသာပါဘူး။

တကယ်တော့ အကောင်းဆုံးက ကိုယ်ဝန်ရှိတဲ့ အချိန်မှာ ခိုင်ခိုင်မာမာ အလုပ်တစ်ခု ရှိထားပြီး ကလေးမွေးဖို့ အနည်းဆုံး ခွင့် ၃ လလောက်ယူနိုင်ဖို့ လိုပါတယ်။ တဖက်ကလှည့်ပြောရရင်တော့ အဲဒီလို အလုပ်တစ်ခု ရှိထားမှ ကလေးယူရင် ကောင်းတယ်လို့ ပြောလို့ရသလို၊ အဲဒီလို အလုပ်ရှိထားတဲ့ လူတွေကလည်း ကလေးယူဖို့ စဉ်းစားနိုင်တယ်လို့ ပြောလို့ရပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ အလုပ်ခွင်ကနေ ဝေးသထက် ဝေးသွားတတ်ပါတယ်။ ဒီလို ဖြစ်သွားလို့လည်း စိတ်ဓါတ်ကျစရာမလိုဘဲ အလုပ်နဲ့ ဆိုင်တဲ့ နည်းတွေ ပညာတွေနဲ့ အဆက်မပြတ်ထားမည်၊ လိုအပ်တဲ့ သင်တန်းတွေ တက်မည် လိုအပ်တဲ့ အထောက်အပံ့တွေကို ကိုယ်မိသားစုဆီက ခင်ပွန်းဆီက ရမည်ဆိုရင်တော့ ကလေးတစ်ယောက် မဟုတ် နှစ်ယောက်မွေးပြီးတောင် အလုပ် ပြန်ရနိုင်တယ်လို့ ဆိုချင်ပါတယ်။

အထူးသဖြင့် ဒီလို လုပ်ငန်းခွင်ကနေ အဆက်ပြတ်သွားမှာ စိုးလို့ ကလေးယူဖို့ ချီတုံချတုံ စဉ်းစားနေတဲ့ မိခင်လောင်းတွေကို ပြောလိုတာကတော့ အလုပ်ဆိုတာ ပြန်ရနိုင်ပါတယ်၊ ကလေးဆိုတာကတော့ မိခင် အရမ်း အသက်မကြီးခင် အခွင့်အရေးရတုန်း တစ်ယောက်တော့ ယူချင်ရင် ယူထားသင့်တယ် ဆိုတာပါပဲ။ ။

သူမ နှင့် အန်ဒီ အတူရေးသည်။

Sunday, February 14, 2010

ဘ၀ရဲ့ Sine Wave များ

Sine Wave တွေရဲ့ အတက်အကျ Pattern နဲ့ ရင်းနှီးခဲ့တာ အထက်တန်းကျောင်းသား ဘ၀ထဲကပါ။ အဲဒီလို အဖြူအစိမ်းဝတ် ကျောင်းသားဘ၀ ပြီးကတည်းကလည်း ဘ၀မှာ အတက်အကျတွေ စတင်ကြုံတွေ့ ရပြီး သတိထားမိခဲ့ပါတယ်။ ကံကောင်းချင်းတော့ ကျွန်တော့်ဘ၀ဟာ အကျချည်းပဲ မဟုတ်ခဲ့သလို အတက်ချည်းပဲလည်း မဟုတ်ခဲ့ပါဘူး။

 
(Drawing: icn2)
ဘ၀မှာ ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ သူ တစ်ယောက် အတက်အကျ သိပ်မြန် သိပ်များတဲ့ သူ တစ်ယောက်က ကြည့်မယ်ဆိုရင်တော့ ကျွန်တော့်ဘ၀ဟာ တုန်နှုန်းမဲ့ မျဉ်းဖြောင့် တစ်ကြောင်းလို၊ မတီးခတ်ဘဲထားတဲ့ ဂီတာကြိုး တစ်ချောင်းလို ပျင်းရိစရာ ကောင်းနေမှာပဲ။ တကယ်လည်း ကျွန်တော့်ဘ၀ဟာ စိတ်ဝင်စားဖွယ် ကောင်းလောက်အောင် စိတ်လှုပ်ရှားဖွယ်ကောင်းလောက်အောင် စာတစ်ပုဒ် မမြည်ပါဘူး။ တော်တော်များများ အတွက်တော့ ကျွန်တော့် ဘ၀ရဲ့ Wave တွေဟာ Amplitude နည်းလှပါတယ်။ ပြီးတော့ Frequency အမယ်မစုံတဲ့အတွက် ဂီတသံစဉ်တစ်ခုလို နားထောင်လို့ ကောင်းတဲ့ ကိုယ်ရေး အထုပ္ပ္ပတ္တိကောင်း တစ်ခုလည်း မရှိနိုင်ပါဘူး။ ကိစ္စမရှိပါဘူး။ လူတိုင်းမှာ Sine Wave တွေရှိနေပေမည့် စကေးတော့ မတူနိုင်ဘူးလေ။

အတွင်းသိတဲ့ သူတချို့ကတော့ ကျွန်တော်က အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်ရင် Fast Forward တစ်ခု ရခဲ့လို့ ကံကောင်းတယ် ပြောကြပါတယ်။ တကယ်တော့ အဲဒီလမ်းကြောင်းမှာလည်း ကျွန်တော် အတက်အကျလေးတွေ ရှိခဲ့ပါတယ်။ အတိအကျ ပြောရမယ်ဆို အဲဒီကာလတွေမှာတောင် တ၀က်တိတိကပဲ ကံကောင်းပြီး တ၀က်တိတိက မျှော်လင့်ထားသလောက် မဖြစ်ခဲ့ပါဘူး။ အဲဒီ ပုံစံဟာ အင်မတန် သေသပ်တဲ့ Sine Wave တစ်ခုပါပဲ။ တွက်တတ်ရင် အဖြေထွက်နိုင်တဲ့ Pattern တစ်ခုပါပဲ။ အဲဒီလိုမျိုး Pattern တွေအတွက် ကျွန်တော် မတုန်လှုပ်သင့်ပါဘူး။

ဒီလို အတက်အကျတွေနဲ့ ကျွန်တော် ဆက်လျှောက်ခဲ့တော့ ကျွန်တော့် Wave မှာ နောက်ထပ် Circle တွေ တစ်ခုပြီး တစ်ခု ရောက်ခဲ့ပါတယ်။ ဒီနေရာမှာ သချာင်္သဘောတရားနဲ့ အတော် တူပါတယ်။ Wave တွေမှာ Circle တစ်ခုပြီး တစ်ခု ရှိသလို ကျွန်တော့် ဘ၀ရဲ့ Sine Wave တွေမှာလည်း Circle (Cycle) လေးတွေ ရှိတာကို သတိပြုမိလာတယ်။ Circle (Cycle) တစ်ခုနဲ့ တစ်ခုမှာတော့ ကြာချိန်တွေက တသမတ်တည်း မရှိတော့ မတူညီတဲ့ တုန်နှုန်းတွေလို ကွဲပြားခြားနားတဲ့ ခံစားမှုတွေ ခံစားချက်တွေ ရှိလာပါတယ်။

ကျွန်တော် ကံကောင်းပါတယ်။ ဒီလို တက်လိုက်ကျလိုက် ဖြစ်နေပေမည့် အသေအချာ ပြန်သုံးသပ်ကြည့်တော့ လွန်ခဲ့တဲ့ ၅ နှစ် ၁၀ နှစ်ကနဲ့ စာရင် ကျွန်တော်ဟာ အနေအထား တစ်ခုကို ရောက်နေပါတယ်။ ဒါဟာ ကျွန်တော် တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ကျွန်တော်နဲ့ ရွယ်တူတွေက ဒီနေရာ မတိမ်းမယိမ်းမှာ ကိုယ့်စကေးနဲ့ ကိုယ်စီ ရှိနေကြတာပါ။ အသက် ၃၀ ကျော်ဆိုတာ လူတော်တော်များများရဲ့ တိုးတက်ဖို့ အရွယ်ဆိုတော့ ဒီနေရာရောက်နေတာ မထူးဆန်းပါဘူး။

ဒါပေမယ့် အသက်တွေကိုသာ X ၀င်ရိုးမှာ ထားလိုက်ရင် အသက် ၅၀ ဆိုတာ ယေဘုယျအားဖြင့် ကျချိန်လို့ ပြောလို့ရတဲ့ အတွက် ကျွန်တော်ဟာ ဒီအသက်အရွယ်မှာ Sine Wave ရဲ့ အပေါ်ထိပ်နားက Phase တစ်ခုကို ရောက်နေပါတယ်။။ (Phase ဆိုတာ မြင်အောင် ပြောရရင် Wave တစ်ခုပေါ်မှာ ကြိုက်တဲ့ နေရာ တစ်ခုကို လက်ထောက်လိုက် အဲဒါ Phase တစ်ခုပဲ။ ဒီကရီနဲ့လည်း တိုင်းပါတယ်)။ ဒီကရီနဲ့ ပြောမယ်ဆိုရင်တော့ Sine Wave မှာ အမြင့်ဆုံးနေရာက ၉၀ ဒီကရီဆို ကျွန်တော်က ၇၀ ဒီကရီလောက် ရောက်နေပါလား။ ရုတ်တရက် ကြည့်မည်ဆိုရင်တော့ ကျွန်တော်က ငါထိပ်နားရောက်တော့မည် ပြောတာဟာ သိပ်ဂုဏ်ယူနေသလိုပါပဲ။ ကိုယ့်ဘာသာကိုယ်တော့ ၇၀ ဒီကရီမှာတောင် ဒီလောက်ပဲ ရှိတာ ဘ၀ရဲ့ အမြင့်ဆုံး ၉၀ ဒီကရီမှာ ဘယ်လောက် အထိပဲ ရောက်နေမှာ အချိုးကျ တွက်ကြည်လိုက်တဲ့အခါ အတော်လေး အားမရဖြစ်စရာပါ။

ဒါဟာ အသက် ၄၀ မှာ လူတိုင်း Wave ရဲ့ထိပ်ဆုံးကို ရောက်တယ်ဆိုပြီး ကောက်ချက်ချထားလို့ပါ။ တကယ်တော့ ပုံသေမရှိပါဘူး။ ဥပမာပေးရရင် ရုပ်ရှင် မင်းသမီးတွေ အားကစားသမားတွေက အသက်ငယ်ငယ်မှာ Wave ရဲ့ ထပ်ဆုံးကို ရောက်ပေမည့် နိုင်ငံ့ခေါင်းဆောင်တွေလိုမျိုး ဆရာဝန်တွေလိုမျိုးတော့ အသက်အတော်ရမှ Peak ကိုရောက်တာမျိုး။ ဒါပေမယ့် ပြောလို့ရတာတော့ အသက်မွေးဝမ်းကျောင်းတစ်ခုမှာတော့ အသက်နဲ့ ဆိုင်တဲ့ Waveform တစ်ခုစီ ရှိတဲ့ အတွက် ကျွန်တော် လုပ်ကိုင်စားသောက်နေပုံနဲ့ ကျွန်တော့်ဘ၀ရဲ့ Waveform ကို ခန့်မှန်းကြည့်ဖို့ သိပ်မခက်လှပါဘူး။

ဘ၀မှာ အတက်အကျတွေရှိတယ် ဆိုပေမည့် အရာရာတိုင်း အတွက်တော့ မတူပါဘူး။ ဥပမာ ကျွန်တော့်အနေနဲ့ အခုအချိန်မှာ သားတစ်ယောက် သမီးတစ်ယောက် ရှိတဲ့အတွက် သားသမီးကံကောင်းတယ် ဆိုပေမယ့် အလုပ်အကိုင်မှာပဲ ဖြစ်ဖြစ်၊ ပညာရေးမှာပဲ ဖြစ်ဖြစ် အတက်ဘက်မှာ မရှိပါဘူး။ လူတစ်ယောက်စီအတွက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး စသည်စသည်တွေ အတွက် အတက်အကျမတူတဲ့ Wave လေးတွေ ရှိနေနိုင်တာပဲ။ လူတစ်ယောက်ဟာ အစစ အရာရာ ထပ်ဆုံးကို ရောက်နေဖို့ဆိုတာ သိပ်တော့ မလွယ်ကူလှပါဘူး။ (အစစ အရာရာ အောက်ဆုံးကို ရောက်နေဖို့တော့ ခြွင်းချက် အနေနဲ့ လွယ်ကူပါတယ်။)

ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့လည်း သံသရာကို ယုံကြည်တဲ့ အတွက် ဘ၀အဆက်ဆက်ကို Wave ပုံစံနဲ့ ကြည့်လိုက်မည် ဆိုရင် လူ့ဘ၀ကို ရထားတဲ့ အတွက် အတော်အတန်မြင့်တဲ့ နေရာတစ်ခု Phase တစ်ခုကို ရောက်ထားတယ် နားလည်ထားတယ်။ အခုဘ၀မှာ မကောင်းမှုတွေ လုပ်ရင် နောက်ဘ၀မှာ ခွေးဖြစ်ရင်တောင် ပြိတ္တာဘ၀ ငရဲသားဘ၀ထက်စာရင် တော်သေးတယ် ပြောလို့ရမည်။ သံသရာ တစ်ဘက်ကမ်းကို မရောက်မချင်းကတော့ ဘ၀တွေမျိုးစုံမှာ အတက်အကျတွေ မျိုးစုံမှာ ကျင်လည်နေရဦးမှာပဲ။ ။

Wednesday, February 03, 2010

၂၀၁၀ သြစတြေးလျ IT အလုပ် လစာ အညွှန်း

၂၀၁၀ အတွက် သြစတြေးလျက IT Fieldမှ အလုပ်တွေ အတွက် Salary Guide ကို သတင်းတစ်ခုမှာတွေ့လို့ တင်လိုက်ပါတယ်။ တစ်နှစ်စာ လခကို ၁၀၀၀ ဆ ကိန်းနဲ့ ဖော်ပြထားပါတယ်။




အပြည့်အစုံကိုတော့ PDF နဲ့ကြည့်နိုင်ပါတယ်။

တခြားဖတ်ရန်- သြော်ဇီက ၀င်ငွေ ထွက်ငွေ


Film