Tuesday, March 30, 2010

သမီးမြတ်နိုး ၃နှစ်ပြည့်မွေးနေ့

သူများကလေးများဆို ၁ နှစ် ၁နှစ်ပြည့်သွားတာ သိပ်မြန်တာပဲလို့ စာဖတ်သူတွေ ခေါင်းစဉ်ဖတ်မိတာနဲ့ တွေးမိမှာပဲ။ ကျွန်တော်တို့လည်း အဲဒီလိုပဲ တွေးပေမယ့် ကိုယ့်ကလေး ဆိုရင် တစ်နှစ် တစ်နှစ် ကြီးပြင်းအောင် အတော် ပင်ပင်ပန်းပန်း မွေးယူရတယ်ဆိုတာတော့ ကိုယ်တွေ့မှပဲ ကြုံရတော့တယ်။ အထူးသဖြင့် မိဘဆွေမျိုး အကူအညီကို များများစားစား မရဘဲ အလုပ်တစ်ဘက်နဲ့ဆိုတော့ တစ်ရက် တစ်ရက်က အားရတယ်ကို မရှိပါဘူး။ ဒီလိုနဲ့ပဲ သမီးလေးမြတ်နိုးလည်း ၃ နှစ်ပြည့်လာတယ်။

ဒီတစ်ခေါက် သမီးမွေးနေ့ အတွက်တော့ သူတို့ ကျောင်းမှာပဲ သူ့သူငယ်ချင်းတွေနဲ့ လုပ်ပေးလိုက်တယ်။ ကျောင်းမှာဆိုတော့ ကလေး ကလေးချင်းလည်းဖြစ်တယ်။ အိမ်မှာလုပ်ရင်တော့ ကိုယ်က မလုပ်တတ်ရင် ကလေးပွဲ မဖြစ်ဘဲ လူကြီးပွဲပဲ ဖြစ်သွားမယ်။ ကျောင်းမှာတော့ ကလေးတိုင်း စားနိုင်တဲ့ ကိတ်မုန့်လေး ၃-၄ လုံး ၀ယ်သွားပြီး သူတို့လက်အပ်လိုက်ရုံပါပဲ။ အထွေအထူး မကုန်ကျပေမယ့် သူတို့က ပျော်ရတယ်။

သမီးက ကံကောင်းတယ်။ သူ့မွေးနေ့ဆိုရင် အိမ်မှာ ပွဲမလုပ်ဖြစ်ပေမယ့် အလှူလုပ်ဖြစ်တယ်။ စင်္ကာပူမှာတုန်းကတော့ ဘုန်းကြီးကျောင်း သွားပြီး ဆွမ်းတွေ ဘာတွေ ကိုယ်တိုင် ချက်ပြုတ်ပြီး ကပ်နိုင်တယ်။ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ၂ နှစ်ပြည့်အတွက် ဆစ်ဒနီက ဘုန်းကြီးကျောင်းမှာ ဆွမ်းတွေ ဘာတွေမဟုတ်ပေမယ့် သွားလှူပြီး ဘုန်းကြီးက ပရိတ်တွေ ဘာတွေ ရွတ်ပေးလိုက်သေးတယ်။ ဒီနှစ်တော့ ကိုယ်တိုင်ကိုယ်ကျလည်း မလုပ်နိုင်တာရယ်ကြောင့် မြန်မာပြန်က မိဘတွေကိုပဲ အလှူလုပ်ပေးဖို့ အကူအညီတောင်းရတယ်။ ဘိုးဘွားတွေကလည်း လူကြီးတွေဆိုတော့ အလှူများလုပ်ရရင် ဘုန်းကြီးကို ဆွမ်းတွေ ဘာတွေ ကပ်ရရင် ၀မ်းမြောက် ၀မ်းသာရှိကြ တက်တက်ကြွကြွ ရှိကြတာဆိုတော့ ကိုယ်လိုချင်တာမျိုးထက်တောင် ပိုပြီး လှူတတ် တမ်းတတ်သေးတယ်။ အဲဒါနဲ့ အဘိုးအဘွားတွေက အိမ်နားက ဘုန်းကြီးကျောင်းမှာ ဆွမ်းချက်ပြီး နေ့ဆွမ်း လှူပေးတယ်။ ရွှေတိဂုံ ဘုရားမှာလည်း သွားလှူပေးဦးမည်တဲ့။ နောက်ပြီး ကိုယ့်ကလေးတွေကတော့ ကောင်းကောင်းမွန်မွန် မိဘနဲ့ နေရတာ ဆိုတော့ မိဘမဲ့ကလေးတွေ အတွက်လည်း လှူဖို့ ပြောထားတယ်။ နိုင်ငံခြားမှာ ရှာပြီး မြန်မာပြည်မှာ လှူရတာလောက် တန်တာ မရှိဘူး။ တစ်သိန်း ဆိုရင်တောင် နိုင်ငံခြားက လူတွေအတွက် အသေးအဖွဲပေမယ့် မြန်မာပြည်မှာတော့ အတော်လေး လှူလို့ကောင်းသေးတယ်။



သမီးကတော့ ၃ နှစ်ပြည့်တယ်သာ ပြောတယ် အခုကတည်းက အ၀တ်အစား ဖက်ရှင်တွေ စိတ်ဝင်စားနေပြီ။ အခုမွေးနေ့အတွက် ၀တ်စုံကလည်း သူ့ဘာသူ ရွေးဝယ်တာ။ Mall မှာ သူများ ကြိုက်ရင်တော့ လက်က မချတော့ဘူး။ မကြိုက်ရင်လည်း ဘယ်လိုမှ ၀တ်ပေးလို့ကို မရဘူး။ မနက်မနက် ကလေးထိန်းကျောင်း သွားခါနီးဆို  ရှူတင်သွားဖို့ ကျနေတာပဲ။ Daycare ရောက်ရင် သူ့ကို ဆရာမတွေက ဟယ်... မြတ်နိုးက လှလိုက်တာ.. မြတ်နိုး အင်္ကျီလေး ဖိနပ်လေးက လှလိုက်တာ ပြောပြောကြတာကို အင်မတန် ကြည်နူးနေတာလေ။

သမီးက ၃ နှစ်မှာ ၁၄.၂ ကီလို (၃၁ ပေါင်ကျော်) ရှိနေပြီ။ အဲဒါ ပေါင်တစ်ရာ မရှိတဲ့ သူ့အမေရဲ့ ၃ ပုံ ၁ ပုံ နီးပါးပါပဲ။ အရပ်ကတော့ ၉၁ စင်တီမီတာ ရှိပါတယ်။ ၃ ပေနီးပါးဆိုတော့ သူ့အမေ ချီထားရင် ကလေးနဲ့ အမေနဲ့ မမျှတော့ဘူး။ အမေမပြောနဲ့ အဖေတောင် ကြာကြာမချီနိုင်တော့ဘူး။ ဒါလည်း သူတို့ကတော့ ခပ်တည်တည်ပဲ။ လူပေါ်ကကို မဆင်းဘူး။ သမီးနဲ့ သားက ပြောင်းပြန်။ သမီးက အိမ်စာ ကြိုက်တယ်။ ဗမာစာ ကြိုက်တယ်။ ခရမ်းချဉ်သီးချက်နဲ့ ထမင်းနဲ့မျိုး ဆိုရင်လည်း ကြိုက်တယ်။ အစပ်တော့ မဟုတ်ဘူးပေါ့။ သမီးက ထမင်း မစားရရင် မနေနိုင်ဘူး။ သားကတော့ ထမင်းဆိုရင် လှည့်တောင် မကြည့်ဘူး။ သားက ကျောင်းမှ ကျွေးတာတွေကို ပိုကြိုက်တယ်။ အိမ်ရောက်ရင် အမေနို့ပဲ စို့တော့တယ်။ သမီးကတော့ အိမ်ရောက်ရင် ထမင်းလည်း စား နွားနို့လည်း သောက်ဆိုတော့ အစားအသောက်တွက် စိတ်ချရတယ်။


သမီးက စကားကတော့ အင်္ဂလိပ်လိုရော မြန်မာလိုရော ပြောတယ်။ ဘိုလိုပြောရင် ပိုသဘောကျပြီး ပြောပြောဆိုဆို ရှိတယ်။ အင်္ဂလိပ်လိုကတော့ I တွေ You တွေပါ မှန်အောင် ပြောတတ်နေပြီ။ Social ကတော့ သိပ်မကောင်းသေးဘူး။ လူစိမ်း ပတ်ဝန်ကျင်စိမ်းဆိုရင်လည်း ကြောက်တတ်တယ်။ တွေ့နေကျသူတွေတောင် မတွေ့တာ ကြာရင် ဖြစ်ဖြစ် တွေ့တွေ့ချင်းဆိုရင် ဖြစ်ဖြစ် အနေစိမ်းသေးတယ်။ ကျောင်းမှာဆိုရင်လည်း သူဘာသူ နေရတာ သဘောကျတယ်။ ဒါမျိုးက အနည်းငယ်တော့ စိုးရိမ်ရပေမယ့် သိပ်ရဲလွန်းတဲ့ ကလေးလိုမျိုး ပြောမနိုင် ဆိုမနိုင် ဖြစ်မှာတော့ မပူရဘူး။ သမီးက ပြောရင် နားလည်တယ်။ အရိပ်အကဲ သိတတ်တယ်။ သားကတော့ ငယ်လို့ မသိတာကို မဟုတ်ဘူး။  နားလည်လျက်နဲ့ ယောက်ျားလေးဆိုတော ယောက်ျားလေး အထာပေါ့။ မိဘကို ဂရုစိုက်တာ မဟုတ်ဘူး။ ပေါ့ပေါ့ပဲ။ ကိုယ်လုပ်ချင်တာပဲ သိတယ်။ ကျွန်တော်တော့ ၀ဋ်လည်တာပေါ့လေ။


သမီးက ဒီတစ်နှစ်မှာတော့ အတော်လေး သိသိသာသာ တိုးတက်လာပါတယ်။ ၂ နှစ်အထိကတော့ ပီဘိကလေးပဲ။ အခုတော့ လူကြီးစိတ်လေးတွေ ၀င်လာပြီ။ အ၀တ်အစားကြိုက်တတ်တာတို့။ အပြုအမူ အပြောအဆိုတို့။ သူ့အမေ အလှပြင် ပစ္စည်းတွေဆို အကုန် စိတ်ဝင်စားတယ်။ အပြင်သွားလို့ နှုတ်ခမ်းနီလေး စိတ်ကျေနပ်ရုံ ဆိုးပေး တို့ပတ်လေး ရိုက်ပေးရင်တော့ သူ့အမေကို ကျေးဇူးတင်လို့ မဆုံးဘူး။ သူ့အမေ ဘယ်လို ၀တ်လည်း ဘယ်လို အလှပြင်လည်းကိုလည်း ရုံးက တခြား လုပ်ဖော်ကိုင်ဖက်တွေလို သူကလည်း စောင့်ကြည့် အကဲခတ်တဲ့ အထဲပါနေပြီ။ သူ့အမေ အ၀တ်အသစ်ဝတ်လည်း သိတယ်။ လှလှပပ ပြင်ထားရင်လည်း အဖေ့သမီးက အမေ့ဆီ တန်းရောက်သွားတာပဲ။


ပြီးတော့ သီချင်းတွေ ဘာတွေလည်း ကြိုက်တတ်တယ်။ YouTube ကြည့်ပြီး လိုက်ဆိုတယ်။Hi5 တို့ဘာတို့ ကြည့်တော့တဲ့ အရွယ် မဟုတ်တော့ဘူး။ Taylor Swift ဆို အသည်းစွဲပဲ။ Taylor Swift ရဲ့ Love Story ဆိုရင်လည်း Princess ... Princess ဆိုပြီး ကြိုက်တယ်။ Fifteen သီချင်းကိုလည်း ၁၅ နှစ်သမီးလို သူကြိုက်စရာကျနေတာပဲ။ Guy Sebastian ဆိုတဲ့ Australian Idol ယောက်ျားလေး အဆိုတော်ကိုလည်း ကြိုက်တယ်။ Lady Gaga ကြိုက်တယ်။ သူ့ကိုသူများ မြီးကောက်ပေါက်ကျနေတာပဲ။ အဖေနဲ့လည်း ရုပ်ရှင်တွေလိုက်ကြည့်တယ်။ Transformer တို့ Terminator တို့ကို ကြောက်ကြေက်နဲ့ ပြီးတဲ့ အထိ ကြည့်တယ်။ ၃ နှစ် ၃နှစ် ကလေးပေါက်စ မဟုတ်တော့ဘူး။ အတော်လေး ခံစားတတ်နေပြီ။ သြော်ပြီးတော့ So You Think You Can Dance ကိုလည်းကြိုက်တယ်။

1-10 Numbering ရပြီး ရေတွက်တဲ့ နေရာမှာ သုံးမှန်း သိပေမယ့် ပစ္စည်းတွေကိုတော့ တိတိပပ Count မလုပ်တတ်သေးဘူး။ အကြီး အသေး သိတယ်။ မြန်မာလိုတော့ မဟုတ်။  Big one နဲ့ Tiny one နဲ့ ဆိုပြီးတော့။ စာတွေ ဘာတွေတော့ မသင်ပေးသေးဘူး။ ၄ နှစ်ပြည့်ပြီးရင်တော့ တစ်ခုခု စသင်ပေးမလားပဲ။ အခုတော့ ငယ်ပါသေးတယ်။



ကျွန်တော်လည်း မအားတာနဲ့ အသေအချာ မရေးနိုင်တော့ဘူး။ ဒါပေမယ့် အခုတောင် အရင်တုန်းက ကလေးတွေ အကြောင်း ကိုယ့်စာကိုယ် ပြန်ဖတ်ပြီး အမှတ်ရရတယ် ဆိုတော့ လောလောဆယ် မှတ်မိသလောက် ရေးထားလိုက်မယ်။ နောက်လည်း ကိုယ်ကိုယ်တိုင်ပြန်ဖတ်လည်း ကြည်နူးရပါတယ်။ 

လောလောဆယ်တော့ သမီးလေး မွေးနေအလှူတွေကို ရေးမှတ်ထားပြီး အမျှဝေလိုက်ပါတယ်။

ဟောဒါကတော့ သူတို့ ကျောင်းမှာ ဒီနေ့ လုပ်တဲ့ Birthday Party လေးပါပဲ။

Tuesday, March 16, 2010

ဟစ် ၆၀ ပြည့် အမှတ်တရ

ဟုတ်ပါတယ်။ ၆၀ ပါ။ Statcounter အရ ဆိုရင်တော့ ဟစ် ၆ သိန်းပါ။ ပို့စ် ၂၄၅ ခုကို အချိန် ၃ နှစ် အတွင်းမှာ ရေးပြီး ဟစ် ၆ သိန်း ရလာတယ်ဆိုတာ ကျွန်တော် မယုံချင်ပါဘူး။ ဒီလောက် မထူးဆန်းတဲ့ အတွေ့အကြုံတွေ ဒီလောက် Cliche ဖြစ်တဲ့ စာတွေ၊ ဒီလောက် စွဲမက်ဖွယ်ရာ မရှိတဲ့ ရေးဟန်တွေနဲ့ ဒီလို ဟစ်တွေ ရတယ်ဆိုတော့ ကျွန်တော်လို ဘလော်ဂါအတွက်တော့ တန်ပါတယ်။ တစ်ဘက်ကလည်း Management စကားနဲ့ ဆိုရရင်တော့ ပို့စ်နည်းနည်းနဲ့ ဟစ်များများ ရတာ Efficiency ကောင်းတယ် ပြောရမည်။ ထားပါတော့။ ကျွန်တော့် ဘလော့က ရောင်းကောင်းတယ်။ ဟစ်ကောင်းတယ်။ ဒါပေမယ့် ဒီဘလော့က စာတွေ ဖတ်ပြီး လူတွေရော တကယ် အကျိုးရှိရဲ့လား ဆိုတာကတော့ ကိုယ့်ဘာကိုယ်အတွက် မေးစရာ တစ်ခုဖြစ်လာပါတယ်။ Efficiency တော့ ကောင်းပါတယ်။ Effective ဖြစ်ရဲ့လားပေါ့။ အဲဒီလို Effective ဖြစ်တဲ့ စာတွေ၊ ထိတဲ့ စာတွေကိုသာ ရေတွက်ကြည့်မည်ဆိုရင် ကျွန်တော်မှာ Hit ဖြစ်တာ ၆၀ တောင် ရှိပါ့မလား တွေးတောမိပါတယ်။

ကျွန်တော်ရေးတာတွေက သတ်သတ်မှတ်မှတ် ရှိပါတယ်။ တကယ်တော့ ဒီလိုဆိုတာ ကြားကောင်းအောင် ပြောတာပါ။ တကယ်တော့ ကျွန်တော့် ဗဟုသုတတွေက Limited သိပ်ဖြစ်လှပါတယ်။ ဒါကြောင့် ကျွန်တော် ရေးတာတွေက ကလေးတွေအကြောင်း ဟင်းချက်နည်း သြစတြေးလျအကြောင်းနဲ့ ITနဲ့ သက်ဆိုင်တာ နည်းနည်းပါးပါးပါ။ ဒီအကြောင်းအရာတွေထဲမှာ ဟင်းချက်နည်း ပို့စ်က Effective အဖြစ်ဆုံး ဖြစ်နေတာ ၀မ်းနည်း ၀မ်းသာ ကိုယ့်ကိုယ်ကို ရိပ်စားမိလိုက်ပါတယ်။ ဘာကြောင့် ဟင်းချက်နည်း ပို့စ်တွေက သြစတြေးလျအကြောင်းတို့ ကလေးအကြောင်းတို့ထက် Effective ဖြစ်တယ် ထင်ရသလဲဆိုတာ ရှင်းပြပါရစေ။


အထက်က ပုံမှာ ပြထားတာကို ဟင်းချက်နည်းနဲ့ စဉ်းစားကြည့်မယ်ဆိုရင် ဒီဘလော့က ဟင်းချက်နည်းကို တစ်ယောက်ယောက်က ဖတ်မိတယ်။ ပြီးတော့ Ingredient တွေ ရလို့ပဲ ဖြစ်ဖြစ် စိတ်ပါလို့ပဲ ဖြစ်ဖြစ် ချက်စားဖြစ်တယ်။ဒီဘလော့က နည်းအတိုင်း ချက်ပြုတ်လိုက်တာ အရသာ ရှိတဲ့ ဟင်းတစ်ခွက် ဖြစ်ပြီး စားလို့ ကောင်းတယ်။ အဲဒီလို ချက်စားဖြစ်တဲ့ အကြောင်းကို တနည်းနည်းနဲ့ ဥပမာ Comment နဲ့ပဲ ဖြစ်ဖြစ် Facebook မှာပဲ ဖြစ်ဖြစ် ကိုယ်ပိုင်နေရာတစ်ခုမှာ ဖြစ်ဖြစ် အသိပေးတယ် ဆိုရင် Cycle တစ်ခုလုံး ပြည့်တဲ့ အတွက် အဲဒီကျမှ တကယ့် Hit တစ်ခု ရတယ် မှတ်ယူကြည့်ရအောင်။

အဲဒီလိုသာ တိုင်းတာမယ်ဆိုရင် ဟင်းချက်နည်း ရေးတဲ့ မြန်မာ ဘလော့တွေက တခြား (ဥပမာ နယူကလီးယား) အကြောင်း ရေးတာတွေထက် Effective ဖြစ်တယ် ပြောရမည်။ ကျွန်တော်တို့ အပါအ၀င် လူတွေက ဟင်းချက်နည်းစာတွေ ဖတ်မိတယ်။ ပြီးတော့ လိုက်ချက်တယ်။ စားတယ်သောက်တယ်။ အကျိုးရှိတယ်ပေါ့။ ဒါကလည်း နယူကလီးယားလိုမျိုး တိုင်းပြည် အုပ်ချုပ်ရေးလိုမျိုး အကြောင်းတွေ ရေးတဲ့ မြန်မာ ဘလော့တွေက လက်တစ်ဘက်နဲ့ ရေလို့ ရအောင် နည်းသေးလို့ပါ။ အရေအတွက် နည်းတော့ ပြည့်စုံမှု တော်ရုံတန်ရုံ မရှိနိုင်တဲ့ အတွက် အားကိုးလို့ Reference လုပ်လို့ မရသေးတော့ Effective မဖြစ်သေးပါဘူး။ ဒီထက် ပြည့်စုံတဲ့ အင်္ဂလိပ်လို့ Web Site တွေက အရာအထောင် ရှိနေတော့ တကယ့်တကယ် လိုအပ်လာရင် အဲဒီ Web Site တွေဆီပဲ ရောက်သွားပါတယ်။ ကျွန်တော့်အတွက်လည်း IT နဲ့ ပက်သက်ရင် မြန်မာ ဘလော့တွေ Web site တွေ အတော်များများ ရှိနေတာတောင် တကယ် လိုအပ်လာရင် အင်္ဂလိပ် Web Site တွေကပဲ အကူအညီ ရတာပါ။

မြန်မာ အစားအစာ ချက်နည်းကတော့ ဘယ်တော့မှ အင်္ဂလိပ် လိုရေးထားတဲ့ Web Site တွေက ပိုကောင်းနိုင်မှာ မဟုတ်တဲ့ အတွက် Effective အဖြစ်ဆုံး မြန်မာ ဘလော့တွေ (Web Site တွေ)လို့တောင် ပြောရမည်။ တကယ်တော့ ဒီလိုရေးရတာ IT အကြောင်း Engineering အကြောင်းလိုမျိုးတွေ ရေးထားတဲ့ မြန်မာWeb Site တွေကို အားမပေးတာ မဟုတ်ပါဘူး။ မြန်မာတွေအတွက် လိုအပ်နေတဲ့ အချက်အလက်တွေကို မြန်မာလို ရေးထာတဲ့ Web Site တွေ၊ ဘလော့တွေမှာ ပိုပြီး ရှာတွေ့နိုင်အောင် ရေးရတာ ပိုပြီး Effective ဖြစ်အောင် တစ်နည်းတစ်လမ်းနဲ့ တင်ပြတာပါ။ ပညာတတ်ဆန်ဆန် ဥပမာ ပေးရရင်တော့ မြန်မာ စာလုံးပေါင်း သတ်ပုံအကြောင်း ရေးတဲ့ ဘလော့တွေ Web Site တွေကလည်း မြန်မာတွေနဲ့ ပက်သက်ရင် အင်မတန် Effective ဖြစ်တဲ့ စာတွေပါပဲ။ နိုင်ငံရေး စာတွေကလည်း မြန်မာလို ရေးရင် ပိုပြီး Effective ဖြစ်ပါတယ်။ CNN မှာ မြန်မာအကြောင်းဖတ်လို့ လူတွေ ခံစားရရုံ သက်သက်ပါ။ မြန်မာလို ရေးထာတဲ့ စာတွေကသာ မြန်မာတွေကို မျိုးချစ်စိတ် တက်ကြွစေတာပါ။ ဝတ္ထုတွေ၊ ကဗျာတွေလည်း အဲဒီလိုပါပဲ မြန်မာ ကဗျာဖတ်ပြီး ခံစားရတဲ့ ရသမျိုးလိုချင်ရင်တော့ မြန်မာ ကဗျာမှာပဲ ရနိုင်မှာပါ။ အချက်အလက်လိုချင်ရုံ ဆိုရင်တော့ အင်္ဂလိပ်လိုပဲ ဖြစ်ဖြစ် တရုတ်လိုပဲ ဖြစ်ဖြစ် ရေးထားတဲ့ စာတွေမှာလည်း ဖတ်နိုင်ပါတယ်။

တခြားဖက်က ကြည့်ရင် သြစတြေးလျ အကြောင်း ကျွန်တော်ရေးတယ်။ ဒီကိုလာချင်တဲ့ သူက ဖတ်မိတယ်။ ဖတ်မိပြီး လိုက်လုပ်လိုက်တာ သြော်ဇီကို ရောက်လာတယ်။ ဒီရောက်တော့လည်း နေရထိုင်ရတာ အဆင်ပြေတယ် ဆိုရင် Cycle တစ်ခု ပြည့်တဲ့ အတွက် Hit တစ်ခုရတယ် ဆိုပါတော့။ အဲဒီလိုဆိုရင် သြစတြေးလျနဲ့ ပက်သက်ပြီး ကျွန်တော် Hit ဘယ်နှခုများ ရနိုင်ပါသလဲ။ တစ်ခုမှ မရနိုင်သေးဘူး ထင်ပါတယ်။ ကလေး ပို့စ်တွေလည်း အနည်းနဲ့ အများ ဒီလိုပါပဲ။ စာဖတ်သူတွေက ကလေးရှိဦးမှ ပြီးတော့ ရှိရင်လည်း ဒီစာတွေက သူတို့ အတွက် အသုံးဝင်ဦးမှပါ။

မြန်မာလို ရေးမှ ဖြစ်တဲ့အကြောင်းတွေကို မြန်မာလို ရေးတာ Effective ပိုဖြစ်တယ် ကျွန်တော် ခံယူပါတယ်။ အဲဒါကြောင့် IT နဲ့ ပက်သက်ရင် ကျွန်တော် နောက် ဘလော့ တစ်ခုမှာ အင်္ဂလိပ်လိုရေးပါတယ်။ မြန်မာလိုရေးတဲ့ ဘလော့မှာတော့ (ကလေးရှိရှိ မရှိရှိ သြစတြေးလျ အကြောင်း စိတ်ဝင်စားမစား) မြန်မာ အများစုအတွက် ချိန်ရွယ်ပြီး ရေးတဲ့ အတွက် Effective မဖြစ်တဲ့ ပို့စ်တွေ အများကြီး ရှိနိုင်ပါတယ်။ IT Blog မှာတော့ အင်္ဂလိပ်စာဖတ်တဲ့ IT သမားအားလုံးအတွက်သာ ရည်ရွယ်ပြီး ရေးတဲ့ အတွက် အဲဒီ ဘလော့က အခု We She Me ဘလော့လောက် Hit မများပေမယ့် အဲဒီ ဘလော့မှာတော့ Every hit counts တယ်လို့ ပြောလို့ရပါတယ်။

ဘလော့ရေးတာ စာဖတ်သူ အကျိုးရှိမှ မဟုတ်ပါဘူး။ ကျွန်တော် အကျိုးရှိလာရင်လည်း ထိတယ်။ Hit ရတယ် ဆိုချင်ပါတယ်။ ဥပမာ ကျွန်တော်က စာတစ်ပိုဒ်ရေးမိတယ်။ အမှားအယွင်း ပါနေတယ်။ ဖြည့်စွက်ဖို့ လိုအပ်နေတယ်ဆိုရင်လည်း စာဖတ်သူတွေက ပြင်ပေးမှ၊ အဲဒီလို ပြင်ပေးတာကိုလည်း ကျွန်တော်က လက်ခံ ကျေးဇူးတင်ရင် ဟစ်တစ်ခု ရတယ် မှတ်ယူပါတယ်။ အကျိုးရှိတယ်ပေါ့။ အဲဒါကြောင့် ကျွန်တော် Comment ပေးတဲ့ နေရာမှာ Anonymous ကို ဖွင့်ထားပေးတာပါ။ အလွယ်တကူ အမှားပြင် ဝေဖန်နိုင်အောင် ခံယူချက် သဘောထား ကွဲလွဲနိုင်အောင်ပါ။


အခုခေတ်က Web 2.0 ခေတ်ပါ။ Version 2.0 ဆိုတာ နည်းပညာပိုင်းနဲ့ ပက်သက်တယ်ဆိုတာထက် ပြောင်းလဲလာတဲ့ စတိုင်ကိုပြောတာပါ။ အတိုချုပ် ပြောရရင်တော့ Web 1.0 ဆိုတဲ့ ခေတ်တုန်းက Web Site တွေကို ကုမ္ပဏီတွေ သတင်းဌာနတွေကသာ ရေးပါတယ်။ အခုခေတ်မှာတော့ content တွေကို အင်တာနက် သုံးသူတွေကပါ ရေးလာပြီ။ ဘလော့ရေးသလိုမျိုးက Web 2.0 မှာသာ ဖြစ်တဲ့ Phenomenon ပါ။ အရင်တုန်းက အင်တာနက်သုံးသူတွေက Comment တောင် အလွယ်ပေးလို့ ရတာ မဟုတ်ပါဘူး။ အဖတ်သက်သက်ပါ။ အခုတော့ ကိုယ်တိုင်ကိုယ်ကျ ပြောဆိုလို့ရတယ်။ ၀င်ရောက် ဆွေးနွေးလို့ ရတယ်။ Share လို့ရတယ်။ အင်တာနက်သုံးသူတွေမှာ Express လုပ်လို့ ရလာပါပြီ။ ပြီးတော့ ဒီဘလော့မှာ စာဖတ်သူတွေကလည်း မြန်မာပြည် ပြင်ပက ၉၉% ရှိတဲ့ အတွက် ချုပ်တည်းစရာ မလိုဘဲ အင်တာနက်ကို ဖတ်ချင်တဲ့ အချိန် ဖတ်လို့ရသလို ရေးချင်တာလည်း ရေးလိုရပါတယ်။ အဲဒါကြောင့် အခွင့်အရေး ရတုန်း ကိုယ်ပြောချင်တာတွေကို ဖွင့်ပြောလိုက်ကြပါ။ ဘလော့မှာမှ မဟုတ် Facebook မှာပြောမလား နည်းတစ်ခုခုနဲ့ အင်တာနက်ပေါ်မှာ Express လုပ်ကြပါ။ Web 2.0 ကြီးထဲမှာ ပြည့်ပြည့်၀၀ စီးမျောကြပါလို့ တိုက်တွန်းချင်ပါတယ်။ Effective ဖြစ်အောင် လုပ်နိုင်ရင်တော့ ကိုယ်ရော သူရော အကျိုးများမှာ အမှန်ပါပဲ။

နောက်တစ်ခု သတိထားမိတာက စာဖတ်မိပြီး အကျိုးလည်းရှိလျက်နဲ့ အင်တာနက်လည်း ကောင်းကောင်းသုံးတတ်ပါလျက်နဲ့ Appreciate လုပ်ဖို့ အားသိပ်မထည့်ချင်တာမျိုးလေးတွေပါ။ တကယ်တော့ "Thanks" ဆိုတဲ့ စကားလုံး တစ်လုံးက ဘယ်လောက် တာသွားနိုင်တယ် ဆိုတာ နားမလည်လို့လည်း ဖြစ်ကောင်းတယ်။ လမ်းဘေး သောက်ရေအိုးစင်လောက်တောင် အသိအမှတ် မပြုတာမျိုးလည်း ဖြစ်နိုင်ကောင်းတယ်။ လမ်းဘေးမှာ ချထားတာပဲ၊ အင်တာနက်မှာ ရှိနေတာပဲဆိုပြီး Granted လို သဘောထားတတ်ကြပါတယ်။ ဒီနေရာမှာ ကျွန်တော့်ကို ကျေးဇူးတင်ရမည် အတင်း မဆိုလိုပါဘူး။ တခြား ဘလော့ရေးနေသူတွေ အားလုံး၊ စာရေးနေသူတွေ အားလုံးအတွက်လည်း ရည်ရွယ်ပါတယ်။ စာတစ်ခု ဖတ်မိတယ်၊ ကိုယ့်အတွက်လည်း အကျိုးရှိတယ် ဆိုရင် ကျေးဇူးသာ အမြန်တင်လိုက်ပါ။ ဘလော့တွေမှာ ချရေးနေကြတာ အဲဒီစာရေးသူတွေ ဆီက ရစရာတွေထဲမှာ Tip of the iceberg ပဲ ရှိပါသေးတယ်။ ကျေးဇူးတင်လိုက်တဲ့ အတွက် စာရေးသူဆီက ဒီထက် Advance ဖြစ်တဲ့ စာတွေ ပိုပြီး ဖတ်လို့ ကောင်းတဲ့စာတွေ ရလာနိုင်စရာ အကြောင်းတွေ ရှိပါမည်။ အားပေးတော့ အားတက်တဲ့ သဘောမျိုးပါပဲ။ ကိုယ့်အတွက်လည်း ပိုအကျိုးများဖို့ပဲ ဖြစ်စေမှာပါ။ စာရေးသူတွေမှာလည်း အချိန် အတော်ယူပြီး ရေးထားရတာ မိနစ်ဝက်စာလောက်တော့ အချိန်ယူပြီး Thanks ပြောပေးလိုက်ကြပါလား။ (ဒီနေရာမှာ အကြောင်းကြောင်းကြောင့် မလုပ်နိုင်သူများကို မဆိုလိုပါဘူး။ ဥပမာ စာမရိုက်တတ်တဲ့ လူကြီး စာဖတ်သူတွေလိုမျိုး။)

ကျွန်တော့် စာဖတ်ပြီး ကြိုက်လို့ Quote လုပ်တယ်၊ အသုံးလည်းဝင်ပြီး အဲဒီတဲ့ အတွက် တစ်နည်းတစ်ဖုံနဲ့ Appreciate လုပ်တာကိုမှ Count လုပ်တယ် ဆိုရင် ကျွန်တော်လို့ သူများ ဘလော့တွေမှာ တော်ရုံတန်ရုံ Comment မပေးဖြစ်တဲ့သူ (ကိုယ့်ဘလော့ကိုယ်မှာတောင် comment တိုင်းကို စာမပြန်နိုင်တဲ့သူ) က သူများစာတွေ ဖတ်ပြီး ဘယ်လို Appreciate လုပ်သလဲ ပြန်မေးစရာ ရှိပါတယ်။ ကျွန်တော် Share ပါတယ်။ ပြီးပြီးရော အလိုအလျောက် Share တာမျိုး မဟုတ်ဘဲ မြင်တာနဲ့ ဖတ်မိအောင် Share ပါတယ်။ ကျွန်တော် တစ်ခါတစ်လေ ပထမဆုံး အပိုဒ်မဟုတ်ဘဲ မြင်တာနဲ့ စိတ်ဝင်စားမဲ့ စာနေရာကို တကူးတက Quote လုပ်ပြီး Share ပါတယ်။ အဲဒီလိုမျိုးတွေ Share ရင် အဲဒီစာရေးတဲ့ သူကို ကျွန်တော်က Comment မပေးတောင် သူ့ဘလော့ကို ကိုယ်တိုင်ကိုယ်ကျ မလာဖြစ်တောင် Hit တစ်ခု ပေးတယ် ခံစားစေချင်ပါတယ်။အဲဒီလို စေတနာပါပါ Share ပေးလို့လည်း ဒီဘလော့မှာ ပို့စ်အသစ် မတင်ထားတာတောင် နေ့တိုင်း လာအားပေးသူများကြောင့် အခုလို ဟစ်များရတာပါဆိုတာ ထပ်ပြောပါရစေဦး။

သုတ ရသ မပေးနိုင်တောင် Effective ဖြစ်တဲ့ ဘလော့မျိုး Web Site မျိုးလည်း ရှိပါသေးတယ်။ ဗဟုသုတ အချက်အလက်တော့ မပေးနိုင်ဘူး။ ဒါပေမယ့် ဖျော်ဖြေမှုတော့ ပေးနိုင်တာ မျိုးတွေပါ။ ဘလော့ဆိုတာမျိုးက သုတေသန စာတမ်းမျိုးလည်း မဟုတ်သေးဘူး။ အပျော်ရေးကြ ဖတ်ကြတာပါ။ အဲဒီလို ရည်ရွယ်ချက်နဲ့ ကြည့်မည် ဆိုရင်တော့ ဖျော်ဖြေမှု ပေးနိုင်တဲ့ ဘလော့တွေ Web Site တွေက Effective ဖြစ်တယ်တောင် ပြောလို့ ရဦးမည်။ ဥပမာ Myanmar Celebrities Web Site လိုမျိုး။ မင်းသား မင်းသမီးတွေ အကြောင်း သိရလို့ ထမင်းဝမှာ ပိုက်ဆံရမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ထမင်းဖိုး တခြားနည်းနဲ့ ပိုက်ဆံရှာပြီးရင်တော့ ဖျော်ဖြေမှုလေးကလည်း လိုအပ်ပါသေးတယ်။ အထူးသဖြင့် ပြည်ပရောက် မြန်မာများကလည်း ကိုယ့်တိုင်းပြည်က မင်းသား မင်းသမီးတွေ အကြောင်း သိပ်သိချင်ကြတာ။ ဒီလိုမျိုးအတွက်တော့ ဒီလို ဖျော်ဖြေမှု ပေးနိုင်တဲ့ Web Site တွေ ဘလော့တွေက လိုအပ်နေဦးမှာပါပဲ။ ကျွန်တော့် ဘလော့ကတော့ ဖျော်ဖြေမှု ရသပေးလား အမှန်တကယ် အသုံးဝင် အသုံးချနိုင်တဲ့ သုတတွေ ပေးသလားဆိုတာတော့ နှစ်ခုစလုံး ဝေေ၀ပါးဝါးပါပဲ။

အဲဒီလို အဖတ်လည်း မတစ်၊ အရည်လည်း မတစ်နဲ့ ဘာကြောင့်များ ဘလော့နေကြသလဲ မေးစရာ ရှိပါတယ်။ IT တွေ Engineering တွေလိုမျိုး နည်းပညာ ဘလော့တွေကရော အင်္ဂလိပ်လို ရေးထားတဲ့ ဘလော့တွေ ရှိနေလျက်နဲ့ ဘာကြောင့် ရေးနေကြသေးလဲ။ အဲဒီ မေးခွန်းတွေ အတွက် အဖြေကများ အခု အချိန်မှာ အကျိုးအများကြီး မရှိသေးပေမယ့် လိုအပ်မည့် မြန်မာ တစ်ယောက်ယောက်ကများ ဖတ်မိသွားပြီး အသုံးဝင်သွားရင် ရေးရကျိုး နပ်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အချိန်တွေ ရင်းပြီး ရေးနေကြတယ် ဖြစ်မလားပဲ။ ဒါမှမဟုတ် ဘလော့ ဖတ်တဲ့သူတွေက အကျိုးတစ်ခုခု အတွက် မဟုတ်ဘဲ ဖျော်ဖြေရေးအနေနဲ့သာ ဖတ်သလို ဘလော့ ရေးတဲ့သူတွေကလည်း ကိုယ့်ဘာသာကိုယ် အပျင်းပြေ ရေးနေကြတာလည်း ဖြစ်နိုင်တယ်။ ဒီလို ဘလော့ရေးတာကို အားလပ်ချိန်မှာ Hobby တစ်ခုအနေနဲ့ ရေးနေတာမျိုး ပေါ့ပေါ့ပါးပါး သဘောထားတယ်ဆိုရင် ထိသလား မထိသလား အကျိုးရှိသလား မရှိသလား ဘာမှ စဉ်းစားနေစရာ မလိုတော့ဘူး။ အပျော်တမ်းပေါ့။ ကိုယ်တွေက Professional တွေမှ မဟုတ်တာ။ ဟစ် ၆၀ လား ဟစ် ၆ သိန်းလား ခေါင်းခြောက်ခံ စဉ်းစားမနေပါနဲ့ အထွေအထူး ခံစားမနေပါနဲ့တော့ မောင်အန်ဒီလိုသာ ပြောလိုက်ကြပါတော့။ ။

တခြားဖတ်ရန်

ဟစ် ၄ သိန်းပြည့် အမှတ်တရ
ကျွန်တော့်ပို့စ်တွေက အရမ်းကို ကိုယ်ရေးကိုယ်တာ ဆန်နေပါလား။ ကျွန်တော့်ရဲ့ Privacy တွေ အနည်းနဲ့ အများ ပွန်းပဲ့သွားတာပါလား မြင်လာတယ်။ ပြောရမယ်ဆိုရင်တော့ ကျွန်တော် ဟစ်တွေရဖို့ အတွက် Privacy တွေနဲ့ Trade လုပ်လိုက်ရပါလားလို့ သုံးသပ်မိတယ်။

ဟစ် ၃ သိန်းပြည့် အမှတ်တရ

တယ်လီဖုန်း သီအိုရီနဲ့ ကြည့်မည်ဆိုရင် တယ်လီဖုန်းကွန်ယက်တစ်ခုရဲ့ တန်ဖိုးက ချိတ်ဆက်ထားတဲ့ တယ်လီဖုန်း အရေအတွက်ရဲ့ ထပ်ကိန်းနဲ့ အချိုးကျတယ်တဲ့။ တယ်လီဖုန်း ၁ လုံးထဲနဲ့ ကွန်ယက်ဆောက်လို့ မရပါဘူး။

ဟစ် ၂ သိန်းပြည့် အမှတ်တရ
`ကွန်ပြူတာ သုံး တာ ၁၀ မိနစ် ပြည့် တိုင်း.. မျက်စိကို အနားပေးဖို့..အဝေး ကို လှမ်းလှမ်း ကြည့် ပေးပါ´ ဆို သလိုပဲ.. ပုံရိပ်ယောင် ကမ္ဘာထဲ မှာ..ပျော်မွေ့ပြီးတိုင်း.. ဘလော့ တွေ ဖတ်ပြီးတိုင်း.. ဟိုး-------အဝေးကို လှမ်း လှမ်း ကြည့်ပေး ကြ ရမယ် ..ထင်ပါရဲ့။

Hit တစ်သိန်း အမှတ်တရ

အရင်းကြေလား မကြေလား ဘယ်လို တွက်လဲဆိုတော့ ကျွန်တော် ပို့စ်တစ်ခု ရေးဖို့ အနည်းဆုံး ၂ နာရီကနေ ၆ နာရီလောက် အချိန်ယူရပါတယ်။ ပျမ်းမျှဆို ၄ နာရီပဲထား။

Monday, March 08, 2010

သားဦး သမီးဦး

မြန်မာ စကားတစ်ခုရှိတယ်။ သားဦး အရူးတဲ့။ တကယ်တော့ သားဦး သမီးဦးဆို မိဘတွေက အရူးအမူး ချစ်တတ်ကြလို့ သားဦး အရူးလို့ ပြောကြတယ်ဆိုပဲ။ သားသမီးဦး ရလာတဲ့ မိဘတွေ အရူးအမူး ဖြစ်ကြပြီး ကလေးကို မလုပ်သင့် တာတွေလုပ် မပြုသင့်တာတွေ ပြုနေတာမျိုးတွေ တွေ့နေရရင်တောင် မိဘတွေကို သားဦးအရူးမို့ ဖြစ်နေတာပါဆိုပြီး အပြစ်မဆိုရက်ကြပါဘူး။ ကြည့်ပါဦး သူ့ကလေးကို ချစ်လိုက်တာ ဆိုပြီး မိဘကိုတောင် ချီးကျူးတတ်ပါသေးတယ်။ ဒီစကားကိုပဲ တခြား နောက်တစ်မျိုး အဓိပ္ပါယ် ယူပြီး ပြောကြတာလည်း ရှိသေးတယ်။ သားအကြီးဆုံး သမီးအကြီးဆုံးများဖြစ်ရင် သားဦးအရူး ဆိုပြီးတော့။ ကျွန်တော့် အထက်မှာ အစ်ကိုတစ်ယောက် ရှိတယ်။ အိမ်မှာများ သူပေါက်ကရတစ်ခု လုပ်ပြီဆို အမေကနေစပြီး ကျန်တဲ့ ညီအစ်ကိုတွေက ဆွမ်းကြီး ၀ိုင်းလောင်းကြတယ်။ သားဦး အရူးလေ ဆိုပြီးတော့။

နောက်ပြီး ကျွန်တော် တွေ့ကြုံခဲ့ရတဲ့ မိသားစုတွေ အားလုံးကို ပြန်သုံးသပ်ကြည့်လိုက်တော့ များသောအားဖြင့်က သားဦး သမီးဦးတွေက အငယ်တွေလောက် မဖြစ်ထွန်းကြပါဘူး။ (ကိုယ်တွေ့ဖူးတဲ့ အထဲက ပြောတာပါ။ ယေဘုယျအားဖြင့် သဘာဝအားဖြင့် မှန်ချင်မှလည်း မှန်မယ်လေ။)အိမ်မှာလည်း သမီးကြီးနဲ့ သားအငယ် ရှိတာ အသက်ကသာ ကွာတာ သားက သမီးလုပ်သမျှ သမီးပြောသမျှကို အကုန်လိုက်ပြောနိုင်တယ် အကုန် လိုက်လုပ်နိုင်တယ်။ နောက်ဆို သမီးကတောင် နောက်ကောက်ကျသွားနိုင်တယ်။ သားက အရမ်းသွက်တယ်။ အလွန်အကင်းပါးတယ်။ စကားဆိုလည်း အတော်လေးကို ပြောတတ်နေပြီ။ သမီး သားအရွယ်ကနဲ့ စရင် သားက အများကြီးသာတယ်။

ပြောရမည်ဆိုရင်တော့ သားက သမီးထက် အစစ အရာရာ ပိုပြီး ဖွံ့ဖြိုးတိုးတက်တယ်။ ကျွန်တော်တို့ တွေးမိတယ်။ သိပ္ပံနည်းကျတော့ မှန်ချင်မှ မှန်မည်။ သားကို ကိုယ်ဝန်ဆောင်တော့ အမေဗိုက်က ချောင်ချောင်ချိချိ ဖြစ်နေပြီ။ သမီးကို ကိုယ်ဝန်ဆောင်ပြီးသားဆိုတော့ မိခင်က အစစအရာ ကမ္မဇီဝအားဖြင့် ပြောင်းလဲထားပြီးပြီဆိုတော့ သားအတွက် ပိုပြီး အဆင်ပြေစေတယ်။ အဲဒီလိုနဲ့ သားက မိခင်ဆီက အဟာရတွေ သွေးတွေ ကောင်းကောင်း ရထားလို့များ သားအငယ်က သမီးကြီးထက် ပိုပြီး ဖွံ့ဖြိုးတိုးတက်ရတာများလားပေါ့။ ပြောလို့မရဘူး ဒီအကြောင်းကို ဆေးဘက်ဆိုင်ရာတွေက စစ်တမ်းတွေ ကောက်ပြီး လုပ်ချင်လည်း လုပ်ကြမလားပဲ။ ဥပမာ မိခင် ဆေးလိပ်သောက်တဲ့ သားသမီးတွေက တိုးတက်မှု နည်းတာတို့ ကိုယ်ဝန်ဆောင်စဉ်မှာ အဟာရချို့တဲ့သော အိုင်အိုးဒင်း ချို့တဲ့သော မိခင်တွေရဲ့သားသမီးတွေက ဉာဏ်ရည်သိပ်မကောင်းတာတို့ ဘာတို့တောင် ဒီလိုပဲ စစ်တမ်းတွေကောက် စစ်ဆေးပြီး စူးစမ်းထားကြသေးတာပဲ။

နောက်တစ်ချက် ဖြစ်နိုင်တာက မိဘတွေက ပထမဆုံး ကလေးမှာတော့ မလုပ်တတ် မကိုင်တတ်နဲ့ ဖြစ်ပြီး နောက်ကလေးတွေကျတော့ အတွေ့အကြုံရှိထားတော့ ပိုကောင်းအောင် ပြုစု ပျိုးထောင်နိုင်တာလည်း ဖြစ်မည်။ ဥပမာ ကျွန်တော်ငယ်ငယ်က ဘယ်ဘက်လက်နဲ့ စာရေးတော့ ကျွန်တော့် အစ်ကိုတုန်းကလို အတင်း မလုပ်တော့ဘဲ ပေးရေးတာမျိုး။ အထူးသဖြင့် ပညာရေး ကျန်းမာရေးနဲ့ ပက်သက်ရင် မိဘတွေက ပထမဆုံး ကလေးမှာတော့ အသေအချာ ရေရေရာရာ မသိထားရင်တောင် နောက်ကလေးတွေဆို ပိုပြီး ဗဟုသုတ ပြည့်ဝနေတော့ နောက်မှ ရောက်တဲ့ ကလေးအတွက် အစစ အရာရာ ပိုကောင်းနေတတ်တယ်။ ပထမကလေးမှာ ပထမဆုံးအကြိမ် အပြင်းအထန်ဖျားလို့ ကိုယ်အပူချိန် အရမ်းများနေတာကို မိဘတွေ အနေနဲ့ အပူချိန် အရမ်း မတက်သွားအောင် ရေပတ် တိုက်ပေးရကောင်းမှန်း မသိပေမယ့် နောက်အကြိမ်တွေ နောက်ကလေးတွေမှာတော့ ဒီလိုမျိုး ထပ်မဖြစ်နိုင်တော့တာမျိုး။ သားသမီး အကြီးတွေ ပညာရေးအတွက် ဘယ်ကျောင်းထားရမလဲ ဘယ်စာကို ဘယ်လို သင်ပေးရမယ်မှန်း မသိပေမယ့် နောက်ကလေးတွေမှာတော့ အတော်များများကို မိဘတွေက သိနေတာမျိုးတွေက သာဓကတွေပါပဲ။

နောက်တစ်မျိုး တွေးကြည့်တာကတော့ ကလေးအငယ်တွေက ကိုယ့်ထက် အကြီးကို လိုက်ကြည့်ထားပြီး သင်ယူလို့ အငယ်တွေက အကြီးတွေထက် ပိုပြီး ဖြစ်ထွန်းတာလည်း ဖြစ်နိုင်တယ်။ သားကဆို သမီးလုပ်သမျှ အကုန် လိုက်ကြည့်ထားတယ်။ မှတ်ထားတယ်။ ပြီးတော့ ရှောင်သင့်ရင် ရှောင်တယ်။ ဘယ်စကားလုံးကို ဘယ်အချိန်မှာ ပြောလိုက်လည်း ရှေ့ကတစ်ယောက် ပြောတာကို ကြည့်ထားပြီး သူ့ဘာသူ စကားပြောသင်တယ်။ ကျွန်တော်တို့ကတောင် အထူးတလည် သင်ပေးနေစရာ မလိုဘူး။ သူ့အစ်မဆီကနေ သူ့ဘာသူ ကြည့်ပြီး သင်ယူသွားတယ်။ တစ်ခါတစ်လေ သူ့ဘာသာပြောတဲ့ စကားလုံးတွေကိုတောင် သမီးက လိုက်တုပပြီး ပြောနေသေးတယ်။ ဘယ်ကနေ ဘယ်လို ရသွားလဲ မသိဘူး။ သားက သူ မကြိုက်တာ ကျွေးရင်ပဲဖြစ်ဖြစ် တစ်ခုခု မကြိုက်တာဆိုရင် ကယ်..ကယ်နဲ့ ပြောရော အဲဒါကို သမီးက လိုက်တုပြီးပြောတယ်။ သမီးကလိုက်ပြောတာ ဆိုက်ကိုလည်း ပါတယ်။ သားက တစ်ခုခု လုပ်ပြ ပြောပြရင် လူကြီးတွေက ၀ိုင်းချီးကျူးကြ ၀ိုင်းချစ်ကြဆိုတော့ သမီးက သူကျန်ခဲ့မှာ စိုးလို့ လိုက်လုပ်တာ။

တကယ်တော့ ကလေးတွေ အတွက် အကောင်းဆုံး မြင်ဆရာကတော့ သူတို့ အရွယ်ကလေးတွေပါပဲ။ တချို့ အပိုင်းတွေဆို လူကြီးတွေက သင်ပေးမိချင်မှ သင်ပေးမိမည်။ သူတို့ အချင်းချင်း တစ်ယောက်ဆီက တစ်ယောက် သင်ယူတာက ပိုပြီးတော့လည်း အတတ်မြန်တယ်။ လူကြီးသင်ပေးတာထက်လည်း အလွယ်တကူ လက်ခံတယ်။ လူကြီးက အကောင်း ပြောရင်တောင် ကလေးတွေက လက်ခံချင်မှ လက်ခံတာ။ သူတို့ အချင်းချင်းဆိုရင်တော့ ဟုတ်နေတာပဲ။ သားနဲ့ သမီးကို ကလေးထိန်းကျောင်း ပို့ထားတာ ဒီလိုမျိုး အတွက်တော့ ကောင်းတယ်။ ဒီအရွယ်ကလေးတွေမှာ ဘာတွေ တတ်နေပြီလဲ ဘာတွေ လုပ်တတ်ရမှာလည်း ဘယ်လို Activity တွေ ရှိရမည်ဆိုတာ ကလေးထိန်းကျောင်းမှာ သူ့ဘာသူ ဖြစ်သွားတယ်။ ကလေးကို အိမ်မှာ တစ်ယောက်တည်း ထားမှ ကိုယ်က တခြားကလေးတွေနဲ့ တန်းတူ ဖြစ်အောင် မျက်ချည်မပြတ် လိုက်ကြည့်ပြီး တစ်ခုမကျန်အောင် အသေအချာ လိုက်လုပ်ပေးနေရမည်။

နောက်ပြီးတော့ အကြီးတွေက အငယ်တွေကို တွဲခေါ်တယ်။ သင်ပေးတယ်။ ပြောပြတယ်။ အဲဒီတော့ အငယ်တွေက အမှားကို အကြီးတွေလောက် မလုပ်မိတော့ဘူး။ သမီးဆို အသက်သာ သုံးနှစ် မပြည့်သေးတယ်။ သူ့မောင်လေးကို ပြုစု စောင့်ရှောက်ပုံများကတော့ တကယ့်အစ်မကြီးပဲ။ အမကြီးတော့လည် အမိအရာ အစ်ကိုကြီးတော့လည်း အဖ အရာပေါ့။ သူ့မောင်လေး တစ်ခုခု မဟုတ်တာ လုပ်နေရင် ကျွန်တော်တို့ကို လာပြောတယ်။ သူ့မောင်လေးကိုလည်း မလုပ်ရဘူး ပြောပြတယ်။ သူ့မောင်လေး ပါးစပ်ထဲကို မဟုတ်တာ တစ်ခုခု ထည့်နေမလား။ သောက်စရာ အရည်တွေ မှောက်ချထားမလား ပူစရာမလိုရဘူး။ သမီးက အစအစ အရာရာ တကယ့် အစ်မကြီး တစ်ယောက်လိုပဲ။ သူ့မောင်လေး လူကြီးတွေ ဆူလိုက်လို့ဖြစ်ဖြစ် လိုချင်တာ မရလို့ဖြစ်ဖြစ် ငိုနေပြီ ဆိုရင်လည်း သမီးက သူ့စောင်လေးနဲ့ မျက်ရည် သုတ်ပေးတယ်။ ခေါင်းတွေဘာတွေ စောင့်မိလို နာပြီး ငိုနေရင်လည်း မြတ်နိုးက မိဘတွေထက် ဦးအောင် သူ့စောင်လေးနဲ့ ကျတ်ပူထိုးပေးတယ်။ အသက် ဘယ်လောက်ငယ်ငယ် အကြီးတွေကတော့ အကြီးလိုပါပဲ။ အငယ်တွေကိုဆိုရင် ပြုစု စောင့်ရှောက်ပေးတယ်။ အဖော်လုပ်ပေးတယ်။ အခါများစွာမှာလည်း အကြီးတွေက စွန့်လွှတ် အနစ်နာခံပေးလိုက်လို့ အငယ်တွေရဲ့ ဘ၀က ပိုမို ကောင်းမွန်သွားစေတယ်။

အလယ်မို့လို့ လပ်တယ် အလယ်အလတ်ဆိုပြီး အလတ်ကောင်တွေ အတွက် စကားရှိတယ်လေ။ သားဦးသမီးဦးလေးဆိုလည်း ရူးနေအောင် ချစ်လိုက်ရ။ အငယ်ဆုံး အထွေးဆုံး သားသမီးဆိုရင်လည်း အလိုလိုက်ရ ချစ်လိုက်ရနဲ့ အလယ်က သားသမီးတွေ မိဘတွေရဲ့ မေတ္တာကို ငတ်မွတ်တယ်ဆိုပြီး ခံစားကြတယ်။ အဲဒီလိုမျိုးပဲ သားလေးကို သမီးလေးနဲ့ ကပ်လျှက်မွေးလိုက်တော့ သမီးလေးကို ဂရုမစိုက်နိုင် ဖြစ်မှာစိုးလို့ သူ့အမေ သားငယ်ထူးကို ဂရုစိုက်နေချိန်မှာ ကျွန်တော်က သမီးလေးမြတ်နိုးကို ပိုပြီး ဂရုစိုက်ရ အလိုလိုက်ရရော။ အဲဒီလို လုပ်တော့လည်း သူ့အမေက ဒီသားလေးက မမျှော်လင့်ဘဲ ရလာတာမို့ Plan မဆွဲဘဲ ရလာတာမို့ ကျွန်တော်က မချစ်ဘူး တွေးထင်ပြီး ခံစားနေမှာ စိုးလို့ သားလေးကိုလည်း ကျွန်တော်မှ ချစ်ပြလိုက်ရတာ။ တကယ်လည်း ချစ်ပါတယ်။ ဒါပေမယ့် အဲဒီလို မခံစားရအောင် Assure လုပ်ရတော့ ကျွန်တော့်မှာ သားနဲ့ သမီးကို လိုအပ်တာထက်တောင် ပိုချစ်နေသေးတယ်။ စာဖတ်ပရိတ်သတ် တချို့ကလည်း သမီးလေးတုန်းက Post တွေ အများကြီး ရေးတယ်နော်။ သားလေး အကြောင်းကနည်းတယ်တဲ့။ တကယ်တော့ နှစ်ယောက်စလုံးကို ချစ်ပါတယ်။ အခု နှစ်ယောက် ရှိလာတော့ အလုပ်ပိုရှုပ်လာပြီး သူတို့ အကြောင်းတွေကို အသေအချာ မမှတ်ထားမိလို့ သားလေး မွေးပြီးတဲ့ နောက်ပိုင်းမှာ ကလေးအကြောင်း Post တွေက နည်းသွားတာပါ။ နောက်ပြီး ကလေးတွေက ကလေးထိန်းကျောင်းသွား မိဘတွေက ရုံးတက်နဲ့ ဆိုတာကြောင့်လည်း နည်းနည်းပါပါတယ်။ သမီးကိုလည်း သားဦး အရူးပေါ့ အရူးအမူးချစ်ရ။ သားကိုလည်း အငယ်လေး မို့လိုချစ်ရနဲ့။ ဘယ်လိုပဲ အဓိပ္ပါယ် ယူယူ သားဦး အရူးဆိုသလိုမျိုး မဖြစ်ရအောင် သမီးလေးနဲ့ သားလေးနဲိ့မိဘဆီက မေတ္တာရည် အတူအမျှ သောက်ရနိုင်အောင်ရယ် သူတို့လေးတွေ တတ်နိုင်သမျှ အတူတူ ဖွံ့ဖြိုး တိုးတက်အောင်ကတော့ ကျွန်တော်တို့ နှစ်ယောက်စလုံးရဲ့ အဓိက Concern ပါပဲ။

Film