Saturday, January 15, 2011

Iron Man ထူး

အခု စာရေးနေချိန်မှာ သားက ၃ နှစ်ပြည့်ဖို့ ၄လ လိုသေးတယ်။ ဒါပေမယ့် သားက ကြည့်စရာ အစ်မ တစ်ယောက် ရှေ့မှာ ရှိတာရော၊ ကလေးထိန်းကျောင်းကို ငယ်ကတည်းက ပို့တာရောကြောင့် အတော်လေးကို လူလားမြောက်နေပြီ။ ၃ နှစ် မပြည့်သေးဘူး Comic ဇာတ်ကောင်တွေကို ကြိုက်နေပြီ။ Super Hero တွေကို ကြိုက်နေပြီ။ Spidermanတို့ Batmanတို့ Ironmanတို့ကိုဆို အကုန်ကြည့်တယ်။ ကာတွန်းကားလည်း ကြည့်တယ်။ ဗီဒီယို ဇာတ်လမ်းလည်း ကြည့်တတ်တယ်။ တော်ရုံတန်ရုံ ဒီအရွယ် ကလေးတွေက ဗီဒီယိုကို ကာတွန်းလောက် မကြည့်တတ်သေးပါဘူး။ သားကတော့ ကြည့်တယ်။

ငယ်ငယ်တုန်းကတော့ Thomas ကိုကြိုက်တယ်။ Thomas ဆိုတာ ရထားလေး ဇာတ်လမ်း။ ၂ နှစ်မပြည့်ခင်လောက်ထိတော့ ဇာတ်လမ်းကို TVမှာ ကြည့်တယ်။ နောက်ပိုင်းတော့ သိပ်မကြည့်တော့ဘူး။ ရထားတွဲလေးတွေကတော့ ကစားစရာ ဆိုင်တစ်ခုမှာ စားပွဲလိုက် လမ်းတွေ ရထားတွေနဲ့ ဆင်ပေးထားတာ ၀င်ဝင်ဆော့တာနဲ့ ဟိုးတလောကပဲ One set ၀ယ်ပေးလိုက်ရတယ်။ သားက ရထားလမ်းတွေတော့ ကောင်းကောင်း မဆင်တတ်သေးလို့ သူ့အစ်မက ဆင်ပေးတယ်။ သူက မောင်းတယ်။ သမီးက အိမ်ဆောက်တုံး ဆက်တာတွေ၊ ရထားလမ်းဖောက်တာတွေဆို ကောင်းကောင်းရတယ်။

သား စပြီး ကြည့်ဖြစ်တဲ့ ကားက Toy Story 2။ အဲဒီမှာ Buzz Light ကိုကြိုက်တယ်။ Buzz Light ဆိုတာ အဲဒီ ရုပ်ရှင်ထဲက Space Ranger။ ပြီးတော့ Woody လို့ခေါ်တဲ့ Cow Boy ကို ကြိုက်တယ်။ ဇာတ်လမ်းထဲမှာ အဲဒီ အရုပ်ကလေးတွေကို ပိုင်တဲ့ ကောင်လေးက Andy ဆိုတော့ သူ့အဖေ နာမည်နဲ့ တူလို့ ပထမတော့ Woody ကို Andy ဆိုပြီး မှားနေသေးတယ်။ Woody ကလည်း သူ့အတွက် အသံထွက်ရတာ နည်းနည်း ခက်တယ်လေ။ Buzz Light အရုပ်တွေ ဆိုင်ပေါ်တင်တော့ ဈေးကလည်း ကြီးတာနဲ့ တော်တော်နဲ့ မရလိုက်ဘူး။ နောက်ပိုင်း ဈေးကျသွားတော့မှာ အလတ်တစ်ခု အသေးတစ်ခု ရလိုက်တယ်။ အတော်လေး ဆော့ပြီးတော့ ငြီးငွေ့သွားပြီး Batman ကို တွေ့သွားတယ်။

Batman ကို စွဲစွဲမြဲမြဲကြိုက်နေချိန်မှာပဲ McDonald’s က Happy Meal မှာ Batman အရုပ်ကလေး ပေးတော့ အတော်ပဲ ဖြစ်သွားတယ်။ လက်ထဲမှာ ကိုင်နိုင်ရုံ ပလတ်စတစ် အရုပ်ကလေးပါ။ ကြိုက်တော့ အမြဲတမ်း အဲဒီ အရုပ်ကလေးနဲ့ ဆော့တယ်။ အိပ်လည်း ယူသွားတယ်။ ဟိုသွား ဒီသွား ကားပေါ်မှာ ဆိုလည်း အဲဒီ အရုပ်နဲ့ပဲ။ ဖြစ်ချင်တော့ တစ်ရက်ကျတော့ အဲဒီ အရုပ်ကလေးက ပျောက်သွားရော။ Happy Meal ကလည်း အရုပ်တွေကို တစ်လ တစ်ခါ ပြောင်းတာဆိုတော့ ပြန်မရတော့ဘူး။ စတိုးဆိုင်တွေ အရုပ်ဆိုင်မှာလည်း Batman ကရှာလို့ မလွယ်ဘူး။ Batman ကိုပိုင်တဲ့ ရေးဆွဲတဲ့ DC Comics အုပ်စုက အရုပ်လုပ်ဖို့ လိုင်စင်ပဲ မချပေးလို့လား လိုင်စင်က ဈေးပဲ ကြီးလို့လားတော့ မသိဘူး Batman အရုပ်က အပြင်မှာ ရှာလို့ကို မရဘူး။ Spiderman တို့ Transformers တို့ Star Wars တို့ကတော့ ပေါမှပေါပဲ။ လူကြီးတွေမှာ အပြင် သွားရင် Mall အသစ်တစ်ခုခု ရောက်တိုင်း Batman ရှာရတယ်။ ကစားစရာဆိုင် တွေ့ရင် သေးသေး ကြီးကြီး Batman ရှိလား ၀င်ဝင်မေးရတယ်။ ဘယ်လိုမှ ရှာလို့ မရဘူး။ eBay မှာတော့ ရှိတယ်။ မ၀ယ်ဖြစ်လိုက်ပါဘူး။

ကံကောင်းချင်တော့ Iron Man ကို စိတ်ပြောင်းသွားတယ်။ Batman ကိုတော့ ကြုံရင် ကြုံသလို မေးတယ်။ အိပ်မက် ယောင်တယ်။ အိပ်ရာထ ထချင်း မေးသေးတယ်။ Iron Man 2 ကို ကြည့်ပြီးတော့ Red Iron Man၊ Black Iron Man ဖြစ်သွားရော။ Iron Man လက်က Repulsor နဲ့ တွန်းလိုက်တာကို သိပ်သဘောကျတာ။ အဲဒီ ရုပ်ရှင်ထဲမှာ Iron Man က Doughnut စားတဲ့ အခန်းက သူတို့ ၂ ယေက်စလုံး အကြိုက်ပဲ။ "Iron Man eat Doughnut" ဆိုပြီး ဘယ်လို စားတာ ဘာညာနဲ့ ပြီးတော့ Doughnut တောင်းစားကြရော။ Iron Man အလှည့်ရောက်တော့ အရုပ်တွေကတော့ ဆိုင်မှာ များပါတယ်။ သားလိုချင်တာ Dress-Up ။ ရောင်းတဲ့ လူတွေကလည်း ရောင်းတယ်လေ။ ခေါင်းစွပ်က တစ်ခု၊ လက်က Repulsor က တစ်ခု၊ အနီရောင် ၀တ်စုံက တစ်ခု၊ ရင်ဘတ်က ပါဝါထုတ်တဲ့ Chest Arc Reactor က တစ်ခု၊ တစ်ကိုယ်လုံး ပြည့်အောင် ဆိုရင် မနည်း ဆင်ရမှာ။ ပိုက်ဆံ 100$ ကျော်ဖိုး ၀ယ်ရင်တောင် အပြည့်အစုံ မရချင်သေးဘူး။ အဲဒါကြောင့် မသိချင်ယောင် ဆောင်နေရတယ်။

အဲဒီတော့ ကိုထူးတို့က သူ့ဘာသူ ကြံပြီး Iron Man မဖြစ် ဖြစ်အောင် လုပ်တယ်။ ပထမဆုံး တွေ့သွားတာက အိမ်မှာ ဖုန်တွေ ဘာတွေ ရှင်းတဲ့ အခါ သုံးဖို့ ဖြစ်ဖြစ် ဆေးသုတ်တဲ့ အခါမျိုးမှာ သုံးဖို့ ဖြစ်ဖြစ် ၀ယ်ထားတဲ့ မျက်နှာဖုံးစွပ်ကို တွေ့သွားပြီး Iron Man Head ဆိုပြီး စွပ်ထားတယ်။ နောက်တော့ သူတို့ ကစားစရာထဲကပဲ လက်ဖျံမှာ စွပ်လို့ ရတဲ့ ပိုက်တစ်ခုကို လက်မှာ Repulsor ဆိုပြီး စွပ်စွပ်ထားပြီး လက်ဝါး ဖြန့်ထုတ်ပြီး “Boom ... Boom” ဆိုပြီး Iron Man လို လုပ်ပါရော။ Christmas ကာလမှာ စတိုးဆိုင်တစ်ခုမှာ Angel Winges ပုံစံ စက္ကူပြားနဲ့ လုပ်ထားတာတွေ ဝေတော့ သူ့အတွက် Wing တစ်ခု ရလိုက်တယ်။ အဲဒါတွေ အာလုံးပေါင်းလိုက်တော့ သူ့အတွက် Iron Man Dress-up တစ်ခု ဖြစ်သွားပါရော။ ၀တ်စုံပြည့် ၀တ်ပြီး သူ့အစ်မကို တဘွန်းဘွန်းနဲ့ လက်ဝါးဖြန့်ပြီး Iron Man ရဲ့ Repulsor လိုမျိုး လိုက်လုပ်ရင် မြတ်နိုးခမျာ ကြောက်လို့ ဆိုပြီး ထွက်ပြေးရင် သူက သဘောကျတယ်။ အဖေကပါ Iron Man လို ပျံလိုရအောင် လက်ပေါ်မှာ မှောက်ပြီး အမြင့်ကို ချီပေးရင်း အကြိုက်ပဲ။



သားက အဲဒီလိုပဲ ထွင်ပြီး သိပ်ဆော့တတ်တယ်။ သားက သမီးထက် ကစားစရာတွေ ပို ကြိုက်တတ်တယ်။ သမီးက အထွေ အထူး တောင်းတာ သိပ်မရှိဘူး။ စာဖတ်တယ်။ များသောအားဖြင့် သူ့အမေက ဖတ်ပြရတာပေါ့။ ဆေးခြယ်တယ်။ စာရေးတယ်။ သားကတော့ အမြဲတမ်း သူ့ Favourtie Character တစ်ခု ရှိတယ်။ အဲဒီ Character အတွက် အရုပ်တွေကလည်း ရတော့ သူ့စိတ်ကြိုက်ပဲ။ ကံကောင်းတယ်။ သူ့တို့ အလှည့်ကျတော့။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ရွှေဘုံသာလမ်းက ၂ဆိုင်လား ၃ ဆိုင်လား ရှိတဲ့ ကစားစရာ ဆိုင်မှာ ငေးမောရတယ်။ သားကလည်း အဖေနဲ့ တူတာ ဖြစ်မည်။ ငယ်ငယ်တုန်းက ဒီလုံးတို့ ကိုပူစီတို့ ဖတ်ပြီး ဆော့သလို သူတို့ အလှည့်ကျတော့ Batman တို့ Iron Man တို့ Spider Manတို့ ဖြစ်သွားပြီ။






ဒီကြားထဲမှာ သားက Spider Man လည်း ကြည့်သေး ကြိုက်သေးတယ်။ Spider Man လို လက်ချောင်းတွေကို ကွေးပြီး “ဖျစ် ဖျစ် .. ဖျီး.. ဖျီး” နဲ့ ပင့်ကူမျှင်တွေ ထုတ်တတ်သေးတယ်။ Spider Man လက်ချောင်းတွေကို ဘယ်လို ကွေးတယ် ဆိုတာကို မောင်နှမ ၂ ယောက်က ငြင်းရသေးတယ်။ ကိုထူးကတော့ လက်ညှိုးနဲ့ လက်ခလယ်နဲ့ပဲ လုပ်တတ်တာကို မြတ်နိုးက Spiderman ပုံတွေ အရုပ်တွေ ကြည့်ပြီး မတူတူ အောင်လိုက်လုပ်ပြီး ဒီလို လုပ်ရတယ် ပြော။ ကိုထူးကလည်း မဟုတ်ဘူး။ သူလုပ်တဲ့ ပုံကမှ မှန်တာတဲ့။ မောင်နှမ ၂ ယောက်ကတော့။ Spider Man အရုပ်လေး Happy Meal က ရလိုက်တာ အတော် ဆော့လိုက်ရတယ်။ Daycare ကိုပါ ယူယူ သွားတာ သူ့သူငယ်ချင်းတွေက ပါ လိုချင်ပြီး သူတို့ မိဘတွေကို ပူဆာလားမသိဘူး နောက်ပိုင်း ၃-၄ယောက်က ကျောင်းကို အရုပ်တွေ ယူယူလာပြီး အတူဆော့ကြတယ်။ သူက ဆရာကြီးလေ။ ဒါတောင် Spider Man ကျောပိုးအိတ်၊ Spider Man ဖိနပ်တို့ ၀ယ်ပေးထားသေးတယ်။ Spiderman ကျောပိုးအိတ်တုန်းက မနည်း ရှာပြီး ၀ယ်ပေးလိုက်ရတာ။ အနားမှာ ရှိတဲ့ ဆိုင်က အိတ်တွေက သေးတာနဲ့ ပုံမကောင်းတာနဲ့ ဖြစ်နေတယ်။ ကလေးပစ္စည်းတွေကတော့ ပြောမနေနဲ့ ကလေးတွေ မြင်လိုက်တာနဲ့ လိုချင်အောင် လုပ်ထားတာ။




ဒီမှာကလည်း ကလေးတွေကို ၀ိုင်းထိန်းပေးမည့် ဆွေမျိုးတွေ ဘာတွေ ဗမာပြည်မှာလို မရှိဆိုတော့ ကလေးတွေကို တီဗွီကတော့ တစ်နေ့ကို ၁-၂ နာရီ တိုင်သည်တော့ ပေးကြည့် ဖြစ်တယ်။ အနည်းဆုံး မိဘတွေ ထမင်းချက် ဟင်းချက်နေချိန် Daycare က ပြန်လာ ချိန်မှာ တီဗွီ ဖွင့်ပေးထားမှ ထမင်း ကောင်းကောင်း ချက်လို့ ရတာ။ Daycare မှာလည်း တနေကုန် တနေခမ်း ဆော့ပြီးပြီ ဆိုတော့ အဲဒီ အချိန်လောက်တော့ ပေးကြည့်မှ။ သူတို့ ကြည့်ချင်တဲ့ အစီအစဉ်တွေ ကူးပေးထားရတယ်။ ဒီမှာလာတဲ့ Play School ဆိုတဲ့ အစီအစဉ်ကိုတော့ ကလေး ၂ ယောက်စလုံး ကြိုက်တယ်။ အခွေတွေ ၀ယ်ပေးထားရတယ်။ Toy Story 3 တို့ Despicable Me တို့ ဆိုတာ အခု နောက်ဆုံး ၀ယ်ပေးထားတာတွေ။ အဲဒါပြီးရင်တော့ မောင်နှမ ၂ ယောက်မို့ အဖော်ရလို့ တခြား ကစားနည်းတွေလည်း ကစားပါသေးတယ်။ နောက်တစ်ခေါက်မှာ သူတို့ ဘယ်လို ကစားတယ် ဆိုတာ ရေးဦးမယ်။ ။



15 comments:

ko 9 - 1/16/11, 1:02 AM

ဟုတ်တယ်ဗျ..
ကလေးပစ္စည်းတွေကလိုချင်အောင်လုပ်ထားတယ်။
ဈေးလည်းကြီးတယ်ဗျ။
အပြင်သွား၇င်လိုချင်အောင်ခင်းကျင်းထားတယ်.
ကလေးကလိုချင်တော့ငို..
လူတွေကြားထဲဆိုတော့ရှက်လို့ဝယ်ပေးလိုက်၇ေ၇ာ.။

Anonymous - 1/16/11, 2:22 AM

နောက်ဆုံးပုံက တကယ့် ကိုအန်ဒီအသေးစားလေးပဲ။ ကလေးတွေအကြောင်းမဖတ်ရတာကြာလို့လွမ်းနေတာ။ စာပြန်ရေးတာဝမ်းသာတယ်..ကျောင်းရယ်အလုပ်ရယ် ကလေး၂ယောက်ရယ်ဘလော့ရယ် အချိန်မျှတတ်တဲ့ ကိုအန်ဒီနဲ့သူမကို တကယ်အားကျမိတယ်။ များများရေးနိုင်ပါစေဆုတောင်းတယ်...။
အမာခံပိတ်သတ်
ဝေတိုး

Shinlay - 1/16/11, 3:30 AM

Iron Man ထူး ကိုနှုတ်ဆက်ပေးပါ။
မြတ်နိုးကိုလည်းနှုတ်ဆက်ပေးပါ။

nu-san - 1/16/11, 3:41 AM

သားနဲ့ သမီးအကြောင်းလေးတွေ မျှော်နေတာပါ.. မောင်နှမ ၂ ယောက်ရှိတော့ တစ်ယောက်နဲ့ တစ်ယောက် အဖော်လုပ်ပြီးကစားလို့ရတာပေါ့နော်.. ကိုထူးက ယောင်္ကျားလေး သဘာဝအတိုင်း ဆော့တတ်တာရယ် သမီးက မိန်းကလေး သဘာဝအတိုင်း စာလေးဖတ်လိုက် ပုံလေးတွေ ချယ်လိုက်နဲ့..အရမ်းကို ချစ်ဖို့ကောင်းကြတာပဲ..

ကိုထူးလေးတောင် ဘာလိုလိုနဲ့ကို ၃ နှစ်ပြည့်တော့မယ်... :) သမီး မြတ်နိုး က ၄ နှစ်ပြည့်ဖို့ ၂ လအလိုပေါ့..

Nyi Linn Thit - 1/16/11, 9:20 AM

သားက ထွင်ပြီးကစားတတ်တာ သဘောကျတယ်၊ ဘာပဲပြောပြော သူလိုချင်တာကို ရှိတာနဲ့ ဖြစ်အောင်လုပ်တတ်တာ ကောင်းတာပေါ့၊

ကျနော့်သားလည်း imagination တွေနဲ့ ထွင်လေ့ရှိတယ်၊လောလောဆယ် တော့ သူ Chugginton ရထားလေးတွေကို ကြိုက်နေတယ်၊ ကျနော်တို့လည်း တနေ့တနေ့ သူ့ကျောင်းကပြန်လာရင် အဲဒီ ရထား DVD တစ်ခုခုဖွင့်ထားပေးပြီးမှ ချက်ပြုတ်ရတာ အဆင်ပြေတယ်၊ ကြည့်ချိန်ကိုတော့ ၁ နာရီထက် မကျော်အောင် သတိထားပြီး limit သတ်မှတ်ပေးထားတယ်၊

ချော(အစိမ်းရောင်လွင်ပြင်) - 1/16/11, 11:13 AM

ညီမ တူလေးက ပါရိန်းဂျားနဲ့ စူပါမဲန်း ခရေဇီ..
စူပါမဲန်း အင်္ကျီဝယ်ခိုင်းလို့ ၀ယ်ပေးတော့ အဲဒါဝတ်ပြီး တိုက်ပေါ်က ခုန်ချမယ် ပြောတယ်.. ၃နှစ်ကျော် ကလေးလေးက
ဒါကြောင့် သူတို့ကြည့်တို့ဇာတ်ကားတွေက သူတို့လေးတွေရဲ့စိတ်ကို တော်တော်လွှမ်းမိုးနိုင်တာကို သတိထားမိရတယ်..

ရွှန်းလဲ့ - 1/16/11, 3:49 PM

သားသား တော်တော်ကြီးလာပြီပဲ
မီးမီးအကြောင်းလည်း ရေးပါအုံး.... :)

JUSTICE999BURMA - 1/16/11, 7:21 PM

ဟုတ်ပါ့ မဖတ်ရတာ ကြာပြီပဲ... ဖြူစင်တဲ့ အရွယ်လေးတွေ လုပ်သမျှ ညစ်ထေးမှုမရှိ... အရိုးခံလေးတွေ.. (အပူအပင်ကင်းတဲ့ ကလေးလေး ဘ၀ကို တစ်ခါပြန်ပြီး ရချင်သေးတယ်)

(ကျန်းမာကြပါစေဗျာ)

rose - 1/17/11, 2:07 AM

ချစ်စရာလေး သားသားက။ အတောင်ပံ အဖြူကိုလည်း ကျောမှာ တပ်ထားတယ်။ အောက်ဆုံးက ပုံလေးမှာ ဗိုက်ကိုလည်း ရှေ့ပစ်ထားသေးတယ် ပီားးပိာ ချစ်စရာ ကောင်းလိုက်တာ ကိုအန်ဒီတို့ သားလေးကး)

စန္ဒကူး - 1/17/11, 12:07 PM

သားက အကြံတယ်ကောင်းပါလား..
ကူးကူးတို့တောင်အဲလိုမစဉ်းစားတတ်ဘူး။
ကြီးလာရင်တော်တော်ထက်မယ့်ပုံဘဲ။

Andy Myint - 1/17/11, 9:58 PM
ဟုတ်တယ် Ko 9. တခါတလေ ကလေး ကစားစရာ တွေ ကလေး ပစ္စည်း တွေမှာ လူကြီးတွေ ကြိုက်လွန်းလို့ ၀ယ်လာတာတွေ ရှိသေးတယ် အဟီး

ဆက်လက် အားပေးနေတယ် ကြားလို့ ၀မ်းသာပါတယ် မဝေတိုး။ သားက ကြီးလာလေ အဖေ တူလေပဲ။

ဟယ်လို မရှင်လေး .. အမပို့သတဲ့ မေတ္တာ ကြောင့် ကလေးတွေ ကျန်းမာ ပါတယ်။

ဟုတ်တယ် မနုစံ သူတို့က ကိုယ့်ဘာကိုယ်လည်း ဆော့တတ်တယ်။ နှစ်ယောက်ပေါင်းလည်း ဆော့တယ်။ အားအားရှိ ဆော့နေတာပဲ။ အမ သမီးလေး အတွက်လည်း Happy Birthday ပါ။

ယောက်ျား ကလေးတွေက ထွင်တတ်၊ မိန်းကလေးတွေက အာရုံ စူးစိုက်တတ်တာ သတိထားမိတယ် ကို Nyi Linn Thit ။ သူတို့ကိုလည်း တီဗွီ အကြည့် မများအောင် သတိထားနေရတယ်။ ငယ်ငယ် ရွယ်ရွယ်နဲ့ မျက်လုံး ထိခိုက်မှာ စိုးလို့ရယ် တခြား စာဖတ်တာတွေ မလုပ်မှာ စိုးလို့ရယ်။

ကလေးတွေကတော့ ဒီလိုပါပဲ ချော။ လူကြီးတွေတောင် စိတ်မှာ အလွှမ်းမိုး ခံရတတ်တာ ဆိုတော့။ သတိထားတော့ စောင့်ကြည့်နေရပါတယ်။

ဒီလိုနဲ့ ၃ နှစ်ပြည့်တော့မယ် မရွှန်းလဲ့။ မြတ်နိုးအကြောင်းလည်း ရေးပါဦးမယ်။

ဒီအရွယ် ကလေးတွေကတော့ တကယ့်ကို အပူအပင် ကင်းတယ် JUSTICE99BURMA ။ ကျောင်းတတ်လို့ အလယ်တန်း မရောက်ခင်ထိပေါ့။

အဲဒီ အတောင်ပံက တကယ်ဆို မိန်းကလေးတွေ အတွက်လေRose ။ သားကတော့ အတောင်ပံ ပါရင် ပျံလို့ ရတယ် ဆိုပြီး တပ်ထားတယ်။ သူ့ စိတ်ကူး နဲ့ သူပေါ့။ သားက ဗိုက်ပူတာက အစ အဖေနဲ့ တူတယ် အဟီး။

မျှော်လင့်ရတာပဲ စန္ဒကူး။ ယောက်ျားလေးတွေက ဆော့ဖို့ဆိုရင်တော့ ရတယ်။ သိနေတယ်လေ။
Law Shay - 2/9/11, 11:38 PM

You let your son watch a PG-13 (Parental Guidance strongly advised, no admission for ages under 13 without parents) show (i.e. Iron Man 2) ? Oh my Buddha !!!

Andy Myint - 2/13/11, 8:14 PM
Thanks for your concern, Ko Law Shay. As parents, we do know which scene is scary or inappropirate for kids and we do skip them.
Anonymous - 6/22/11, 5:44 AM

ကိုအန်ဒီရေ ကျွန်တော် Myanmar Blog Reader မှာ အစ်ကို့ ရဲ့ အလှမပျက်အ၀မပျက်လေးတွေ့ လို့ နိပ်လိုက်တာ မရှိတော့ ဘူး တဲ့  ဆင်ဆာမိသွားတာလားပာင် :D

whiteghostlay

စံပယ်ပန်း - 10/27/12, 3:40 PM

ကိုအန်ဒီ

ဘလော့ရေးတာ ဘာလို့နားထားတာလဲ ခင်ဗျ..။ တစ်နှစ်ကျော်နေပြီ..။ တစ်နေ့တက်လာနိုး၊ တစ်နေ့တက်လာနိုးနဲ့ ကျွန်တော့်ဘလော့မှာ ချိတ်ပြီး စောင့်နေတာ..။

ဘလော့အသစ်ရေးတာရှိသလား..။ ရှိရင်လည်း လိပ်စာပေးပါဦး ခင်ဗျ..။

Post a Comment

Many thanks for dropping a comment…

Film