Tuesday, January 18, 2011

မီးပူ တိုက်တဲ့ စက်

ကိုပေါရဲ့2011 Wish List ထဲမှာ အလိုအလျောက် မီးပူ တိုက်တဲ့ စက်လည်း ပါရော အိမ်ရှင်မ စာဖတ်သူတွေ ခေါင်းတွေ ထောင်လာပြီး သူတို့ပါ လိုချင်တယ် လိုချင်တယ် ဖြစ်ကုန်ကြရော။ တကယ်လည်း စက်တွေက နေ့စဉ် ဘ၀တွေမှာ အတော်လေးကို အကူအညီ ပေးပါတယ်။ ခလုတ် နှိပ်လိုက်တာနဲ့ အခုချက်ချင်း မီးတောက်တဲ့ မီးဖို တွေ မရှိတုန်းက ခက်ခဲပါတယ်။ ဓါးတောင်ထဲက သံချောင်းတို့၊ Cast Away ထဲက Tom Hanks တို့ မီးဘယ်လို မွှေးတယ် အသာထား။ မှတ်မိသေးတယ်။ ငယ်ငယ်ကဆို အမေဈေးက ပြန်လာခါနီးဆို မီးမွှေး ပေးထားရတယ်။ ဒါတောင် မီးသွေးနဲ့ ထင်ရှုး အချောင်းလေးတွေနဲ့ မွှေးရတာ။ အနည်းဆုံး မိနစ် ၂၀လောက် အချိန်ပေးရတယ်။ ဒါမှ အမေပြန်လာရင် အဆင်သင့် ဖြစ်နေအောင်။ အခုများတော့ ခလုတ်တစ်ချက် နှိပ်လိုက်တာနဲ့ မီးကို ရနိုင်ပြီ။

မီးဖို ဆိုတာ အခုခေတ်မှာ ပါမွှား ပဲ။ အ၀တ်လျှော်စက် ၊ ပန်းကန်ဆေးစက် ၊ ဖုန်စုပ်စက် ၊ ရေခဲသေတ္တာ ၊ Oven ၊ Microwave Oven ၊ တို့များ မရှိရင် နေ့စဉ် Life Style က မတွေးဝံ့စရာပဲ။ အထူးသဖြင့် ဒီမှာ ကူဖော်လောက်ဖက် မရှိ ကလေး ၂ယောက်နဲ့ ကျွန်တော်တို့ မိသားစု အတွက်တော့ တကယ့်ကို မလွယ်ကြောပဲ။ အခုတော့ ဒီလို စက်တွေကြောင့် အိမ်ထောင် အလုပ် (Household chores) တွေဆိုတာ အမေတို့ ခေတ်တုန်းကလို ဒီလောက်ကြီး ပင်ပန်းတော့တာ မဟုတ်ဘူး။

တခြားဘက်က ပြန်ကြည့်တော့ မီးပူ တိုက်တဲ့ စက်အစား မီးပူ တိုက်စရာ မလိုတဲ့ အင်္ကျီ ဆိုရင်ရော မဖြစ်ဘူးလား။ မီးပူ တိုက်တဲ့ စက်ကို ဈေးပေါပေါ ရအောင် မထွင်နိုင် မရောင်းနိုင်သေးခင်မှာ မီးပူ တိုက်စရာ မလိုတဲ့ Wrinkle Free အင်္ကျီတွေ ဘောင်းဘီတွေဆိုတာ ၂၀-၃၀ ပိုပေးရင် ၀ယ်လို ရနေပါပြီ။ တီရှပ်တွေ ဂျင်းဘောင်းဘီတွေ ဆိုတာလည်း မီးပူ တိုက်စရာ မလိုတဲ့ အတွက် လူငယ်တွေ အကြိုက်ပဲ။ အခုနောက်ပိုင်းဆို အင်္ကျီတွေက မီးပူတိုက်စရာ မလိုတဲ့ Wrinkle Free တွေ အပြင် ချွေးမစုပ်တဲ့ အသားတို့ ပိန်းကြာရွက်လိုမျိုး မိုးရေ အလွယ်တကူ မစိုတဲ့ အင်္ကျီတွေအပြင် Nano Techonlogy နဲ့ လုပ်ထားတဲ့ ဘက်တီးရီးယား ရှင်းလင်းပေးတဲ့ ပိတ်စနဲ့ ချုပ်ထားတဲ့ အ၀တ်အစား တွေတောင် ၀ယ်လို့ ရနေပြီ ဆိုတော့ မီးပူတိုက်တဲ့ စက်ဆိုတာ ဒီလောက်ကြီး တောင့်တ ရတာ မဟုတ်တော့ပါဘူး။


မီးပူ တိုက်ပေးတဲ့ စက်အစား မီးပူတိုက်စရာ မလိုတဲ့ အ၀တ်အစားတွေ ပေါ်လာတော့လည်း ကျွန်တော်တို့ နေစဉ် ဘ၀တွေက အတော်အတန် အဆင်ပြေသွားပါတယ်။ တီထွင် ထုတ်လုပ်တဲ့ သူများကလည်း မီးပူတိုက်စက်ကို သည်းကြီးမည်းကြီး ထွင်မနေဘဲ မီးပူ တိုက်စရာ မလိုတဲ့ အ၀တ်အစားတွေ တီထွင် ရောင်းချတဲ့ အတွက် အမြတ်အစွန်းတွေ ရနိုင်ကြပါတယ်။ အနှစ် သဘောကတော့ တစ်ခုတည်း တစ်ယောက်တည်းက ဒိုင်ခံ လုပ်ပေးမည့်အစား တစ်ဘက်က အရာတွေက ကိုယ့်ဘာကိုယ် အဆင်ပြေအောင် လုပ်လို့လည်း ရသေးတယ် ဆိုတာပါပဲ။

ကွန်ပြူတာ လောကမှာတော့ ဒီလို တစ်ယောက်တည်း တစ်ခုတည်းက ဒိုင်ခံလုပ်ပေးတာကို Centralized System လို့ခေါ်တယ်။ ဟိုးအရင်ခေတ်က Main Frame လို စက်ကြီးတွေမှာ ကီးဘုတ်နဲ့ မော်နီတာပဲ ပါတဲ့ Dumb Terminal လိုစက်တွေက ချိတ်ထားပြီး အချက်အလက်တွေ ရိုက်ထည့်၊ အဲဒီ Server ကြီးက တွက်ချက်ပေးပြီး Terminal တွေမှာ ပြန်ပြ လုပ်တယ်။ နောက်ပိုင်း PC (Personal Computer) တွေက တွက်ချက်မှုအားတွေ သိုလှောင်နိုင်စွမ်းတွေ များလာတော့ PC တွေ ခေတ်စားလာပြီး ကိုယ့်စက်မှာ ကိုယ် သုံးလို့ရလာတယ်။ ကိုယ်စက်မှာကိုယ် သုံးနိုင်တဲ့ Microsoft Office လိုမျိုး Software တွေကနေ Distribute Computing တွေပါ လုပ်လာနိုင်တယ်။

SETI လို့ခေါ်တဲ့ ET တွေကို ထောက်လှမ်းတဲ့ အဖွဲ့တစ်ဖွဲ့ ရှိတယ်။ အရှည်ဆိုရင် Search for Extra-Terrestrial Intelligence ပါ။ သူတို့က စလောင်းတွေနဲ့ ဟိုး ကမ္ဘာအပြင်ဖက်က Electormeganitc Wave တွေကို ဖမ်းပြီး Analyze လုပ်ကြည့်တယ်။ အဲဒီလို ဖမ်းနားထောင်းတယ်ဆိုတာ အချိန်ပြည့် လုပ်နေတာဖြစ်ပြီး တစ်မိနစ် တစ်မိနစ်မှာ တွက်ချက်စရာ အချက်အလက်တွေ ဆိုတာလည်း အသိန်း အသန်းနဲ့။ အဲဒီတော့ သူတို့က စနစ်တခု ထွင်လိုက်တယ်။ သူတို့ အချက်အလက်တွေကို ကျွန်တော်တို့ စက်တွေမှာ အကူ တွက်ပေးနိုင်တဲ့ စနစ်မျိုး။ ကိုယ့်စက် အားနေတဲ့ အချိန်မှာ သူတို့က အချက်အလက်တွေ အလိုအလျှောက် ပို့ပေး ကျွန်တော်တို့ စက်တွေက တွက်ချက်ပြီး ပြန်ပို့ပေးတာ။ အဲဒီလို Volunteer လုပ်ပေးတဲ့ စက်တွေက သိန်းနဲ့ ချီ ရှိတာ ဆိုတော့ သူတို့ အတွက် အတော်လေး အဆင်ပြေသွားပါတယ်။ သဘောကတော့ ကွန်ပြူတာ အကြီးကြီးတစ်ခုတည်း ထွင်မယ့်အစား စက်အသေးလေးတွေမှာ ခွဲပြီး တွက်ချက်တာမျိုးပေါ့။

အိမ်ထောင် တစ်ခုမှာလည်း အရင်တုန်းကဆို အဖေ တစ်ယောက်တည်း ငွေရှာရင် လုံလောက်တယ်။ Breadwinners တစ်ယောက်တည်း၊ ငွေရှာစက်ကြီး တစ်ခုတည်းပေါ့။ အခုခေတ်မှာတော့ မရတော့ဘူး။ မလုံလောက်တော့ဘူ။ သားသမီးတွေကပါ အရွယ် နည်းနည်း ရောက်လာရင် ကိုယ့်မုန့်ဖိုး ကိုယ်ရှာ။ ကိုယ့်ကျောင်းစားရိတ် ကိုယ့်ဘာကိုယ် စုဆောင်းရတယ်။ သားသမီးက မလုပ်ရင်တောင် အနည်းဆုံး အဖေရော အမေရော အလုပ်လုပ်မှ အိမ်စားရိတ်ကို ကာမိမည်။ တစ်ယောက်တည်းက ရှာတာထက် အားလုံးက နည်းနည်း နည်းနည်း မျှဝေ ရှာဖွေမှ အလုပ် ဖြစ်တော့တယ်။

နိုင်ငံနဲ့ ချီပြီး ကြည့်မည်ဆိုရင် ဗမာတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို မီးပူတိုက်တဲ့ စက်လို သဘောထားတဲ့ သူတွေ ရှိနေတယ်။ ပြည်သူ ပြည်သားတွေကို ဒီမိုကရေစီ ခေါက်ရိုး ကျိုးအောင် အချိန်တန် အမေပဲ မီးပူတိုက်ပေးမည် မျှော်လင့်နေကြပုံပဲ။ ကိုယ့်ဘာကိုယ် Wrinkle Free ဖြစ်အောင် လုပ်ပြီး ပြန့်ပြန့် ရှင်းရှင်း နေကြမည် စိတ်ကူးရမည်။ ဒေါ်စု ကိုယ်တိုင် လူတွေကို ကိုယ့်အား ကိုယ်ကိုးဖို့ ပြောထားတဲ့ စကားကို ပြန်လည် နားထောင်ကြည့်ရအောင်။


“ကျမ အထင် လူတွေက သူတို့လုပ်ချင် ဖြစ်ချင်တဲ့နေရာတွေကို သွားနိုင်ဖို့ ကျမကို ကူညီစေချင်ခဲ့တာပါ..ကျမ သူတို့ကို ကြိုးစား သင်ပေး နေတာကတော့ သူတို့ ကိုယ်တိုင်က ကူညီနိုင်တယ် ဆိုတဲ့ အချက်ပါပဲ... ကျမတို့ တူတူ လုပ်ကြမယ်.. သူတို့ ကျမ တစ်ယောက်တည်းကို အားကိုးလို့ မရဘူးလေ..တခြား ဘယ်သူ တစ်ဦး တစ်ယောက် ပါတီ အဖွဲ့အစည်း တစ်ခုကိုလည်း သူတို့ လိုချင်တာကို ရောက်ဖို့ အားကိုးလို့မရပါဘူး...”

ဒီစကားမှာ သူမက လူတိုင်း “Wrinkle Free” ဖြစ်ဖို့ ဆုံးမထားတာကို တွေ့ရမည်။ ခေါင်းဆောင်ကောင်း ဆိုတာ ဒီလိုပဲ။ ကိုယ့်လူတွေကို လုပ်နိုင် ကိုင်နိုင်အောင် နည်းပေး လမ်းပြ လုပ်ပေး၊ လုပ်ပိုင်ခွင့် အာဏာတွေ ပေးပြီး ကိုယ့်ရဲ့ တန်ခိုး အာဏာကို ပိုမို ကြီးထွားစေတာပဲ။ ဗမာပြည်မှာ ဒီမိုကရေစီ ထွန်းကားအောင် လုပ်ဖို့ သူမ တစ်ယောက်တည်း လုပ်မည့် အစား လူတိုင်း လုပ်နိုင်အောင် ဆုံးမ သွန်သင်ခြင်းကသာ သူမရဲ့ ကြိုးပမ်း လုပ်ဆောင်ချက်တွေကို ပိုမို အောင်မြင်စေမည် ဆိုတာ အသေအချာ သိထားလို့ပဲ။

အဲဒီတော့ မီးပူတိုက်စက်ဆိုတာ မလိုအပ်တော့ဘူးလား ဆိုရင်လည်း မဟုတ်သေးဘူး။ ဒိုဘီဆိုင် (Laundary Service) တွေ၊ ဟိုတယ်တွေမှာ လိုအပ်သေးတယ်။ Commercial တွေအတွက်ကတော့ လိုအပ်သေးတာပဲ။ သူတကယ် လိုအပ်တဲ့ နေရာတွေမှာ လိုအပ်နေတာပဲ။ ဗမာတွေ ကိုယ့်ဘာသာကိုယ် ဒီမိုကရေစီကို လေ့လာကြ၊ ထွန်းကားအောင် ကျင့်ကြံကြ။ ဒေါ်စုလို ခေါင်းဆောင်တွေကတော့ ခေါင်းဆောင် အချင်းချင်းတွေ့ဆုံဖို့လိုကနေ Vision တွေ ချမှတ်ဖို့ Policy တွေ ချမှတ်ဖို့ စသည် စသည် ခေါင်းဆောင်တွေ လုပ်ရမည့် အလုပ်မျိုးတွေ လုပ်ဖို့ အချိန်တွေ အများကြီး အကျိုးရှိရှိ သုံးရဦးမည်။

အသေးအမွှားပေမယ့် အခုလတ်တလော ဘလော့တွေမှာ တွေ့နေ ကြားနေရတာ တစ်ခုက ဖောင့် (Font) မသွင်းဘဲ စာဖတ်သူက ဖတ်လို့ ရအောင် ဘလော့ရှင်တွေကို ပူဆာလို့ ဘလော့ရှင်တွေက သူတို့ စာတွေကို မြင်ရအောင် နည်းမျိုးစုံနဲ့ ကြိုးစားသော်ငြား ဟို Browser မှာတော့ ရတယ် ဒီမှာတော့ မရဘူး အကန့်အသတ်တွေ။ ဟိုဖောင့်တော့ ရတယ် ဒီဖောင့်တော့ မရဘူး အခက်အခဲတွေကတော့ ရှိနေဆဲပါပဲ။ ကိုဇက်တီတို့ သူ့ဘလော့ကို ဖောင့်ပြောင်းတော့ ကျွန်တော့်မှာ သူ့စာ ဖတ်ချင်တော့ သူ့သုံးတဲ့ ဖောင့်ကို လိုက်သွင်းရတယ်။ သူစာတွေ အလိုအလျှောက် မြင်ရအောင် ကိုဇက်တီကြီးကို မီးပူတိုက်စက်လို သဘောထားရင် သူ့စာ မဖတ်ရရုံပဲ ရှိမှာပေါ့။ နည်းပညာလည်း မကျွမ်းကျင် သားကလည်း ဖောင့်မသွင်းပေးလို့ ဒေါ်ရင်ရင်တို့လို မဖတ်ရတော့ဘူး ဆိုရင်တော့ တစ်မျိုးပေါ့ (နောက်တာ ကိုTZA)။ ရုံးမှာ ကန့်သတ်ထားလို့ ဖောင့်သွင်းလို့ မရဘူး၊ Changhi လေဆိပ်မှာ အများသုံး ကွန်ပြူတာကနေ ကြည့်ချင်တယ် ဆိုရင်တော့လည်း ချွင်းချက် ထားပါတော့။ အဲဒီလိုမှ မဟုတ်ရင်တော့ စာဖတ်သူတွေက ကိုယ့်ဘာကိုယ် “Wrinkle Free” ဖြစ်အောင် ကိုယ့်စက်ကိုယ် ဖောင့်သွင်းနိုင်ပါတယ်။ ဘလော့ရှင်တွေ အနေနဲ့လည်း အနည်းဆုံး ကိုယ်ဘယ်ဖောင့်သုံးတယ်။ ဘယ်မှာ Download လုပ်လို့ရတယ် ပြောရပါတည်။

ဖောင့် သွင်းတာကနေ မိသားစု အရေး အလယ်၊ နိုင်ငံ့ အရေး အဆုံးမှာ ထားပြီး စာဖတ်သူကို မေးချင်တာ တစ်ခုကတော့ - “Are you a dumb terminal?”

တခြားဖတ်ရန် - The Weakest Link


16 comments:

Anonymous - 1/18/11, 1:24 AM

တို့ တစ် ၊ တို့ တစ်

မှတ်ချက်များကိုပါစောင့်ဖတ်မည်။ :)

Thanyawzin - 1/18/11, 1:37 AM

မီးပူ တိုက်တဲ့ စက်ဆိုလို့ အပြေအလွှားလာဖတ်သွားပါတယ် :)

TZA - 1/18/11, 2:14 AM

ဟားဟား.. ကောင်းလိုက်တဲ့ဥပမာတွေ.. ကြိုက်သဗျာ..

ဒေါ်ရင်ရင်ကတော့ သူဖတ်လို့မရရင် ဒီဘလော့ဂ်ရေးတဲ့သူ စာတောင်မရိုက်တတ်ဘူးလားလို့ပဲ ပြောမှာဗျ..

မေဓာဝီ - 1/18/11, 7:39 AM

မီးပူတိုက်စက်ကနေ ဆွဲတွေးသွားတဲ့ အတွေးလေးက ကောင်းလိုက်တာ။
နည်းပညာရော နိုင်ငံရေးရော ဘလော့ပေါ်က ယူနီကုတ်ပြဿနာရော အကုန်ကို ပါသွားတယ်။
ကျမလဲ ... ပြောရရင်တော့ ဒေါ်ရင်ရင်လိုပါပဲ။ :)

Nyi Linn Thit - 1/18/11, 9:50 AM

အတွေးစလေးတွေ ဆွဲထုတ်သွားတာ တထိုင်တည်းနဲ့ကို တော်တော်လေး စုံသွားတယ်၊

Hmmm....I'm trying to be a PC !

Anonymous - 1/18/11, 10:18 AM

အဲလိုမျိုးတွေရေးလို့ကို... မပြောင်းချင်တာ..
အစထဲက ဇော်ဂျီကိုတိုက်နေတဲ့ ယူနီကိုမျက်မုန်းကျိုးနေတာ..
အခုတခါ ကိုယ်ကမပြောင်းတာပဲ အပြစ်ဖြစ်၇ပြန်သေးဆိုတော့..
ကျနော်တို့လဲ ဒေါ်ရင်ရင်ပဲလုပ်ပါ့မယ်

T T Sweet - 1/18/11, 10:44 AM

ကိုအန်ဒီ စာတွေ ပြန်ရေးလာတာ သိပ်ဝမ်းသာတယ်။ အတွေးအရေးလေးတွေ သိပ်ကောင်းလို့ ဒီပို့စ်ကို သိပ်ကြိုက်ပါတယ်။
အိမ်မှာငှါးနေတဲ့ခလေးတွေ ဒီစနစ်ကျင့်သုံးနေတာကြာပြီ။ ယောက်ျားလေးတွေဆိုတော့ မီးပူတိုက်ရမှာပျင်းတော့ အ၀တ်ကို မရှုံ့အောင် အကြာကြီးခါပြီးမှ အင်္ကျချိတ်နဲ့ သေချာဆန့်နေအောင် လှမ်းကြတယ်။ ၂ယောက် ၃ယောက် အဲဒီအတိုင်းပဲ။
နည်းပညာတွေ တိုးတက်လာတော့ လူတွေက နည်းပညာကိုပဲလုံးလုံးမီခိုချင်လာပြီး ရေသာခိုချင်လာတယ်။ အင်ဂျင်နီယာပိုင်းမှာ အလုပ်လုပ်နေရတဲ့သူတွေလဲ လူတွေရဲ့ အလိုကို ပြည့်ဝဖို့ တော်တော်လေးကို စဉ်းစားတွေးခေါ်ရတယ်။

shin - 1/18/11, 12:44 PM

ကိုယ်ကိုတိုင်ကတော့ Blogမရေးပဲဖတ်ပဲ ဖတ်တော့ ပြသနာတော့သိပ်မရှိလှဘူး။ သေချာတာတခုကတော့ Blogတွေဘာ ပြောင်းပြောင်းဖတ်နေကျ blog တွေကိုတော့အဆင်ပြေအောင် new font သွင်းပြီးဖတ်ဖြစ်နေမှာပါ။

ဆုမြတ်မိုး - 1/18/11, 1:32 PM

အရမ်းကောင်းတဲ့ ဥပမာလေးတွေပါ...။

JulyDream - 1/18/11, 1:59 PM

မီးပူတိုက်တဲ့စက်လည်း လိုချင်ပါတယ်... “Wrinkle Free” လည်း လုပ်ပါမယ်။

Anonymous - 1/18/11, 4:16 PM

ဒီပို့စ်က ပိုဈေးကြီးတဲ့ Wrinkle Free ကို ၀ယ်ဖို့ ချိန်ဆနေရသူနဲ့ မတတ်နိုင်သူတွေကို ထည့်တွက်မထားဘူး.. ကိုယ်ပိုင် ကွန်ပျူတာမရှိ လုပ်ချင်တိုင်းလုပ်လို့မရတဲ့ အများသုံး အင်တာနက်ကဖေးက ရုံးက စာဖတ်သူတွေကို ထည့်တွက်မထားဘူးး)

JUSTICE999BURMA - 1/18/11, 6:28 PM

လိုချင်တာတွေကတော့ အများကြီးပါပဲလေ... အပြင်မှာ စိတ်ကူးအိမ်မက်တွေ လက်တွေ့ ဖြစ်နိုင်ပေမယ့်... အထဲပြန်ရောက်သွားရင် ဘုံနိမ့်ကိုဆင်းမိတဲ့ အသူရာလို ဖြစ်ဖြစ်နေတော့... အင်း .. ပြောတတ်တော့ဘူး...

Andy Myint - 1/18/11, 10:20 PM
နံပါတ်တစ် စာဖတ်သူ ...နောက်ဆို ပို့စ်တင်ပြီးတာနဲ့ ကောမန့် ကိုယ်ဘာကိုယ် ရေးပစ်လိုက်မည်။

ဒီအတိုင်းဆိုရင်တော့ တကယ့် မီးပူတိုက်တဲ့စက်ကို စိတ်ဝင်စားတဲ့ လူတွေ အတော်များနေပြီ Thanyawzin

ဟီးဟီး ကောင်းသားပဲ FB ပေါ်က ဖတ်လို့ မရတဲ့ စာတွေကို ဒေါ်ရင်ရင်ကို ပေးဖတ်ရမည်TZA

ဒါတောင် ဘာသာရေးတစ်ခု တွေးထားပြီး မေ့ကျန်ခဲ့လို့ မမေဓာဝီ။ ဘုရားကိုပဲ အားမကိုးနဲ့ ကံကံ၏ အကျိုးလို့ တွေးထားတာ။ ဘာသာရေးဆို ဆရာမလေး ရေးရင် ပိုကောင်းမှာ :)

I am trying to be a Mac, Nyi Lin Thit ... which is fun and cool

မျက်မုန်းကျိုးနေတဲ့ စာဖတ်သူ.... အီ.. ပြန်စဉ်းစာကြည့်တော့ ကျွန်တော်လည်း ယူနီကုတ်သမား ဖြစ်နေပါရောလား။ တကယ်တော့ ဆိုလိုချင်တာ ဘလော့ရှင်ကိုပဲ အားမကိုးနဲ့ ကိုယ့်ဘာကိုယ်လည်း ဖောင့်သွင်းလို့ ဆိုလိုတာပါ။

အားတုန်းခဏပါ T T Sweet ။ သူတို့နည်းတွေကလည်း ကောင်းသားပဲ။ အဟုတ်ပဲ User တွေက Demand သိပ်များတယ် ဟီးဟီး။

အခုလို စာဖတ်သူတွေ ရှိတော့ စိတ်အေးရပါတယ် Shin

ဒီလိုပဲ စိတ်ကူးထဲ ပေါ်လာတာပဲ မဆုမြတ်မိုး

အိမ်ထောင်ရှင်မ စက်နဲ့ Wrinkle Free အင်္ကျီ မီးပူတိုက်နေတာ မြင်ချင်တယ်လား ကို JulyDream (သားရွှေအိုးထမ်းလာသလိုလေ)

ထည့်မတွက်ထားဘူးဆိုတဲ့ စာဖတ်သူ... အမလေးဗျာ မီးပူတိုက်တဲ့ စက်ဆို Wrinkle Free အင်္ကျီ ထက်ဈေးပိုကြီးဦးမယ်။ ရုံးက ကွန်ပြူတာတွေ Changhi လေဆိပ်က အများသုံး ကွန်ပြူတာတွေ ထည့်ရေးထားပါတယ် ခင်ညာ။

ဒီအတိုင်းပဲ ဆင်းလာခဲ့ပါ.. ဒီအတိုင်းပဲ.. ဒီအတိုင်းပဲ... JUSTICE999BURMA
aung mon - 1/24/11, 1:44 PM

အစ်ကိုတို့ blog ကိုဖတ်နေတာကြာပါပြီ။
ဒီ post ကိုတော့ fb မှာ share လိုက်ပါတယ်။
မြင်းထိန်း ငတာ လိုဖြစ်နေမလားတော့မသိဘူး။
ဒီ Post ကိုတော့ သဘောကျတယ်ဗျာ။

Andy Myint - 1/27/11, 9:20 PM
Share ပေးတာ ကျေးဇူးတောင် တင်ရပါသေးတယ် အောင်မွန်
မိုးချိုသင်း - 6/8/11, 6:02 AM

အတွေးကို ဆန့်သွားလိုက်တာများ ကောင်းလိုက်တဲ့ ပို့စ် လို့ ရေရွတ်မိတယ်။

အမတို့အဖြစ်က ထင်းချောင်းရှာသူ ရှာ၊ ရေနံဆီလောင်းသူ လောင်း၊ မီးမွှေးဖို့ ကျောက်ပွတ်တဲ့အထိ လုပ်စရာ ခေတ်မဟုတ်တော့ပေမဲ့ အဲဒီလောက်နီးနီး တယောက်တလက် ၀ိုင်းဖို့ လိုနေသေးတာတော့ အမှန်ပဲ။

quote လုပ်ထားတဲ့ စာသားလေးကြောင့် ကျေးဇူးကမ္ဘာပါ ကိုအန်ဒီ။

အမ MCT

Post a Comment

Many thanks for dropping a comment…

Film