ပုစွန် ပဲကြာဆံပေါင်း
ပုစွန် ကြာဆံပေါင်း ကို ပထမဆုံး ကြားဖူးတာ ယိုးဒယားက ပြန်လာတဲ့ အစ်ကို တစ်ယောက်ဆီက။ စင်္ကာပူမှာ ပုစွန်တုပ်ကြီးတွေ လတ်လတ်ဆတ်ဆတ် ရတုန်း သူက ပုစွန် ကြာဆံပေါင်းကို ယိုးဒယားမှာ စားလာတာ ကောင်းလို့ လုပ်စားမည် ဆိုပြီး ပဲကြာဆံ အထွေးလိုက် ပေါ်မှာ ပုစွန်တုပ်ကြီးတွေ တင်ပြီး ပေါင်း၊ ပြီးတော့ ပဲငံပြာရည် နည်းနည်းဖြန်းပြီး စားတာ။ အရသာက မလုံးဘဲ သိပ်စားလို့ မကောင်းလိုက်ဘူး။
နောက် အတော်ကြာမှ ဆစ်ဒနီမှာ Burwood ဆိုတဲ့ အရပ် (Suburb) ကို သွားတော့မှ ပြန်စားဖြစ်တယ်။ Burwood ဆိုတာလည်း ရန်ကုန်က တရုတ်တန်းလိုပဲ တရုတ်စာတွေ အတော်စုံ အတော်ကောင်းတဲ့ နေရာပါ။ အဲဒီက ဟောင်ကောင် ခေါက်ဆွဲ ဆိုင်တစ်ခုမှာ စားဖြစ်တာ။ သူတို့ကတော့ မီး အပူ တိုက်ထားတဲ့ စဉ့်အိုး (Hotpot) နဲ့ ပြင်ထားတာပါ။ မှာပြီးတော့ လင်မယား ၂ ယောက် ပုစွန်တွေကို လက်နဲ့ ခွာလိုက် စားလိုက် လုပ်ကြတာ လက်တွေကို ပေကျံနေတာပဲ။ ဂဏန်းတို့ ပုစွန်တို့များ အပြင်မှာ စားရတာ အဲဒီလိုပဲ နည်းနည်းတော့ "ကြိုက်မရှက်" ဖြစ်မှ။
အဲဒီမှာတုန်းက စားလို့ ကောင်းတာနဲ့ လင်မယား ၂ ယောက် ဘယ်လို ချက်ထားသလည်းဆိုတာကို ကြည့်လိုက်တော့ ပုစွန်ဖွဲလေးတွေ ပါပြီး အဲဒီ အနံ့ (Aroma)နဲ့ ပုစွန်ဆီက ထွက်တဲ့ အနံ့ ၂ ခုပေါင်းက စားလို့ ကောင်းစေတာ ဆိုပြီး တွေ့လိုက်တယ်။ အဲဒါနဲ့ တစ်နေ့မှာ ပုစွန်ဖွဲလေးတွေကို ဆားရေ စိမ်ထားတာကို ကိုရီးယား ကုန်စုံဆိုင် တစ်ဆိုင်ကနေ သူမ ၀ယ်လာတယ်။ အဲဒီ ပုစွန်ဖွဲ အခြောက်လေးတွေကို ငရုတ်သီးနဲ့တော့ ကြော်စားဖူးတာလည်း ကောင်းတယ်။ ဆစ်ဒနီက မြန်မာ ဘုန်းကြီးကျောင်း အလှူ တစ်ခုမှာတော့ အဲဒီ ပုစွန်လေးတွေကို ငပိချက် ချက်ထားတား စားခဲဖူးတာလည်း အတော်လေး ကောင်းပါတယ်။ အသိ တစ်ယောက်အိမ် သွားတုန်က အဲဒီလို ပုလင်းလေး ၀ယ်လာပြီး ချက်မည်ဆို ဖွင့်လိုက်တာ အထဲက Gas စုနေတာတွေ ကန်ထွက်ပြီး တပုလင်းလုံး မျက်နှာကျက် ပေါ်မှာ ပေကုန်တာ ကြုံဖူးထားလို့ ဖွင့်တဲ့ အခါ အတော် သတိ ထားလိုက်ရတယ်။ သူက ငါးပိ ငါးခြောက်လိုတော့ အနံ့ မပြင်းဘူး။ ခရမ်းသီးတွေ ဘာတွေနှပ်တဲ့ အခါလည်း ပုစွန်ခြောက် အစား ထည့်ရင် ပိုစားကောင်းတယ်။
ပုစွန် ပဲကြာဆံပေါင်းက ချက်ရတာ လွယ်ပါတယ်။ ပုစွန်ထုပ်တွေကို ရေဆေးထား။ ခြေတွေ လက်တွေ ဦးမျှင်တံတွေ ဖြတ်ထား။ အခွံနဲ့ မချက်ချင်ရင်တော့ အခွံခွာထား။ အခွံနဲ့ ချက်ရင်တော့ ပိုနူးညံ့ပါတယ်။ ဂျင်းပါးပါး တစ်ပြား၊ ကြက်သွန်နီ ခပ်ကြီးကြီး တစ်ဥနဲ့ ကြက်သွန်ဖြူ ၅တက် ၆ တက်လောက်ကို ခပ်စိပ်စိပ် လှီးထားပြီး အရောင်တင်မှုန့် (Paprika) နည်းနည်း၊ နနွင်းမှုန့် နည်းနည်းပါသည်ဆိုရုံနဲ့ ဆီသတ်ပါတယ်။ ပြီးတော့ ၂ ယောက်စာ အတွက် ပုစွန်ဖွဲ ၂ ဇွန်း မောက်မောက်ထည့်ပါတယ်။ နည်းနည်း ငန်တတ်လို့ မထည့်ခင် သံစကာ စိပ်စိပ်ထဲထည့် ရေဘုံပိုင်အောက် ထားပြီး ရေဆေးထားပါ။ အနံ့ကောင်းလာအောင် မွှေပြီး ပဲကြာဆံ ၂ထုံး ၃ထုံးထည့်ပါတယ်။ ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ဇွန်း၊ တရုတ် ဟင်းချက်ဝိုင် ၂ဇွန်း ၃ဇွန်း ထည့်ပါတယ်။ စားရတာ စွဲအောင် သကြား ၁ ဇွန်း၊ အနံ့မွှေးအောင် နှမ်းဆီ ၁ ဇွန်း ထည့်ပါတယ်။ ရေကို ကြာဆံ မြုပ်အောင် ထည့်ထည့်ပေးရပါတယ်။ ကြာဆံတွေ ရေ၀ပြီး အရောင်နှံ့သွားပြီးဆိုရင် ပုစွန်ထုပ်ကြီးတွေ အပေါ်က ထည့်ပြီး မီးပိတ် အဖုံး အုပ်ထားပါတယ်။ ကြာဆံထဲမှာတော့ ရေပေါလော မရှိနေပေမယ့် ရေအ၀တော့ ရှိနေရပါတယ်။ ပုစွန်တုပ်တွေကို ရေငွေ့နဲ့ ကျက်အောင် ပေါင်းပါတယ်။ အိမ်မှာ ချက်တာဆိုတော့ ဆိုင်မှာလို ကြည့်ကောင်းအောင် လုပ်စရာ မလိုလို့ မွှေပေးလို့လည်း ရပါတယ်။ ရေလိုရင် ရေနွေး ထပ်ထည့်ပါ။ အရည်လေး ခပ်စပ်စပ်နဲ့ စားချင်ရင်လည်း ရေနည်းနည်း ပိုထည့်လို့ ရပါတယ်။ ကျက်ရင်တော့ ပူတုန်း စားလို့ ကောင်းပါတယ်။
မြန်မာ အရသာ ကိုမှ တမ်းတမ်းတတ စားချင်တယ် ဆိုရင်တော့ ပုစွန်ခွက်ကြော်သုတ် ကို သွားကြည့်နိုင်ပါတယ်။


17 comments:
ကြာဇံခေါက်ဆွဲ ဆို ကြိုက်တတ်လို့ ကျမရဲ့  မျက်နှာစာအုပ်ထဲ ရှယ်ခွင့်ပြုပါ ကိုအန်ဒီ ... မျှဝေပေးတဲ့အတွက် ကျေးဇူးပါ ...
mie nge
လုပ်စားကြည့်ပါအုံးမယ်။ ကျေးဇူးပါရှင်
ဒီပို့စ်ကိုမြင်ဖူးသလိုလိုဖြစ်နေတယ်
ဘယ်ဟင်းနဲ့ ဆင်တင်တင်ဖြစ်နေလဲမသိ
ထိုင်းမှာတော့ စားဖူးတယ်
တချို့တွေက ခနောန်တတုံးထည့်ပြီး
ပေါင်းကြတယ် ပြောတာပဲ။ ကြားဖူးတာပါ
သေချာတော့ မသိဘူး :)
စမ်းလုပ်ကြည့်၇မယ်။ကျေးဇူးပါ။
အဲဒီလို အစားအသောက်တွေ သွားစားတဲ့ အခါမျိုးမှာ ကျနော့်ကို ဖုန်းဆက်ခေါ်လိုက်ရင် ဘယ်လောက် ကောင်းမလဲနော် ဟဲဟဲ
ဓာတ်ပုံတွေပဲ ကြည့်နေရလို့ ဟင်းချက်နည်းတွေ အသစ်တင်ပါဦးလို့ ပြောမလို့ စိတ်ကူးနေတာ.. :D ထိုင်းမှာလည်းတစ်ခါ စားဖူးတယ်.. ဒီမှာလည်း တစ်ခါ ၀ယ်စားဖူးတယ်..ထိုင်းမှာ စားတုန်းကလေ ပုဇွန် ကျောနာမှာစိုးလို့လား မသိဘူး အောက်ကနေ နံနံပင် အမြစ်တွေ ခံထားတယ်... :D ကျေးဇူး Andy.. လုပ်စားကြည့်လိုက်ဦးမယ်.. ပုဇွန်ဖွဲလေးတွေတော့ ဒီမှာ ရတတ်တယ်.. အဲဒီလို စိမ်ထားတာ မတွေ့မိသလိုပဲ..
ပုဇွန်ကြော် စားချင်တယ် ဒါမယ့် စားပြီးရင် ယားကောဗျး)
Ko Andy, any recommendation for restaurant at Burwood?
ှShare ပေးတာ ကျေးဇူးပါ Mie Nge
လုပ်စားကြည့်ပါ မShinlay. အငန်တော့ သတိထားပါ။ အငန်လွန်တတ်တယ်။
FB မှာ တင်ထားဖူးတယ်လေ မပန်ဒိုရာ။ FB က Segmented ဖြစ်လို့ Blog မှာ ထပ်တင်လိုက်တာ။ ဆား မဟုတ် ဟင်းချင်းတာ :)
အရသာလေးအောင် ခနောန်တုံး ထည့်ပေါင်းတာ ဖြစ်မယ် Baby Taster ။ အခုအတိုင်းလည်း အတော် စားလို့ ကောင်းပါတယ်။
သံချောင်းခေါက်လိုက်မယ် ကိုအောင် :D
သူများ ဟင်းချက်နည်းတွေက ကိုယ်ထက် ကောင်းလို့ သူတို့နည်းတွေ လိုက်ကြည့် လိုက်စားနေတာနဲ့ ကိုယ့်ဆီမှာ မရေးဖြစ်တော့တာ မနုစံ :P အမလည်း ထိုင်းမှာ စားလာဖူးတာကိုး။ ဒါဆိုရင်တော့ ထိုင်းမှာ လူကြိုက်များတဲ့ အစာဖြစ်ရမယ်။
ပုစွန်ကိုမှ Allergy ရှိတယ် ကြားရတာ စိတ်မကောင်းပါဘူး မောင်မျိုး
ကိုအန်ဒီနဲ့ အစ်မ ဝေမျှထားတဲ့ ပုဇွန်ပဲကြာဇံပေါင်း နည်းလေး အတွက် ကျေးဇူးပါ။ ကိုအန်ဒီတို့ နှစ်ယောက်က စားသောက်ဆိုင်မှာ သွားစားပြီး ဘာတွေ ထည့်ထားတယ် ဆိုတာ ကြည့်ရုံနဲ့ ပြန်ချက်တတ်တယ် ဆိုတော့ တော်လိုက်တား)
ကျွန်တော် အကြိုက်ဆုံး အစားသောက်တွေထဲ ပါတယ်ဗျ။
ပဲကြာဆန်လေးလာစားသွားပါတယ်...
ဒီနေ့ ဘလောခ် ကို ပြုပြုပြင်ပြင်လျောက်လုပ်ကြည့်ပါတယ်
အဲ့မှာ စတက်တက်စ်တစ် ကနေတဆင့် ကြည့်လိုက်တော့
ကျတော့ ဘလောခ် ကို လာကြတာ အများဆုံးက ကိုအန်ဒီကနေတဆင့် ဆိုတာတွေ့ရလို့ ကျေးဇူးတင်ရအောင်လာရင်းနဲ့
စာတွေ ဘတ်သွားပါတယ်
အချက်အပြုတ် ကြိုက်တော့ အဲ့တာတွေ အဓိက ဘတ်ဖြစ်ပါတယ်
ယူနီကုတ် ကိစ္စ စိတ်ဝင်စားပါတယ်
တလောက ဒေါင်းလိုက်တာ
အခု စာရေးရင် ဘာတွေ ပေါ်နေမှန်းမသိဘဲ ဂြိုလ်သားစာတွေ ဖြစ်နေလို့ ဇော်ဂျီ ပဲ ပြန်သုံးနေပါတယ်
MAC book နဲ့ ဆိုရင် ကော အဆင်ပြေအောင် ဘယ်လို လုပ်ရမလဲ သိချင်ပါတယ်
လောလောဆယ်တော့ ဘလောခ် က ပြင်လွန်းပြီး ချွန်းနေလို့ အရင်ပုံပြန်လိုချင်တာ ရှာမတတ်တော့ပါဘူး
ကြိုက်ရင် စားသွား ကိုစမ်းချောင်း။ မတွေ့တာတော် အတော်ကြာသွားပြီ။
စားသွားပါ မဆုမြတ်မိုး။
Mac Book တော့ ကျွန်တော်မှာ မရှိလို့ မစမ်းဖြစ်ဘူး အန်တီချမ်း။ Mac အတွက်လည်း Unicode Font ရှိတယ်။ ဟင်းချက်တာရော ဘလော့မှာ Present လုပ်တာ အတော်လေး သေသပ်တယ်နော်။
မေးမလို့မေ့မေ့နေတာ.. အဲဒီပုဇွန်ပိစိလေးတွေလေ..ဒီမှာတစ်ခါတစ်လေ လတ်လတ်ဆတ်ဆတ်ရတယ်.. စားချင်လွန်းလို့ဝယ်လာဖူးသေးတယ်..
ငပိချက်ချက်စားတော့ သူ့နှုတ်ခမ်းမွှေးအရှည်ကြီးတွေက တော်တော်ရှုပ်တယ်..
အဲဒါအဲဒီနှုတ်ခမ်းမွှေးအကုန်လိုက်ဖြုတ်ဖို့ကလဲ ပုဇွန်က ပိစိလေးတွေ..
နှုတ်ခမ်းမွှေးခြောက်ပြီးကျွတ်သွားအောင်လုပ်တဲ့နည်းများသိမလားလို့ပါ အကို..
ဟုတ်ကဲ့.. ကျေးဇူးပါ...
Post a Comment
Many thanks for dropping a comment…