Friday, February 04, 2011

နင့်ကြောင့် ငါ့ကြောင့်

ဇာတ်လမ်း(၁) - နင့်ကြောင့်

သြစတြေးလျကို ပြောင်းလာပြီးတဲ့နောက် ကျွန်တော့်ဘ၀ဟာ အင်မတန်ကို စိတ်ညစ်စရာ ကောင်းပါတယ်။ ပြောင်းလာကာစမို့ အဆင်မပြေရတဲ့ အထဲ အပြင်မှာ ကလေး တစ်ယောက် ဗိုက်ထဲမှာ ကလေး တစ်ယောက်နဲ့ အင်မတန် စိတ်ဖိစီးမှု များပါတယ်။ သြစတြေးလျလို နိုင်ငံခြားသားကို အလုပ်ခန့်ဖို့ ခက်ခဲတဲ့ နေရာမှာ အင်္ဂလိပ်စကား လည်လည်ဝယ်ဝယ် မပြောတတ်နဲ့ အလုပ်ကို ၃-၄လလောက် ရှာ၊ ရှာလို့ ရတော့လည်း အလုပ်မှာ အချိန်ပေးရနဲ့ မိန်းမနဲ့ ကလေးတွေအတွက် အချိန်ပေးဖို့ အတော်ခက်ပါတယ်။ နေမြေအသစ် အလုပ်အသစ် ပတ်ဝန်းကျင် အသစ်မှာ အတော်လေးကို ရုန်းကန်ရပါတယ်။

အပင်ပန်းဆုံး အချိန်တွေကတော့ ကျွန်တော့် မိန်းမက ကျွန်တော့်ကို နင့်ကြောင့် ဒီလို အဆင်မပြေဖြစ်ရတာ၊ စင်္ကာပူမှာ နေနေတာ အဆင်ပြေလျက်နဲ့ နင်ဒီကို ပြောင်းချင်လို့ လိုက်လာရတာ လို့ပြောတာတွေပါပဲ။ ဘာတစ်ခု အဆင်မပြေ မဖြစ်လိုက်နဲ့ နင့်ကြောင့် နင် ဒီကို ပြောင်းလာလို့ ဒီလို ဖြစ်ရတာလို့ပဲ ပြောတော့တယ်။ အစတော့ ကျွန်တော်လည်း ကိုယ့်ဘာသာကိုယ် Guilty ဖြစ်နေပါတယ်။ အင်း..စင်္ကာပူ မှာ နေရင် အကောင်းသား ပိုများ အဆင်ပြေမလား ဒီကို ပြောင်းလာပါတယ်။ အဆင်မပြေ စရာတွေချည်းပဲ ဆက်တိုက် ဖြစ်နေတော့တယ်။ ငါမှားတာ။ သူဒီလို ပြောတော့လည်း ဘယ်တတ်နိုင်မလဲ။ ကိုယ့် အမှား ပဲကိုးလို့ ပြောသမျှ ခေါင်းငုံ့ခံပြီး တတ်နိုင်သလောက် သူ အဆင်ပြေအောင် လုပ်ပေးပါတယ်။

ရောက်စက သူများ စိတ်ပြေလက်ပျောက် အလည် သွားမလားဆိုပြီး အပြင် ခေါ်တော့လည်း ရထားနဲ့ သွားရတာ စင်္ကာပူ မှာလို အဆင်မပြေ။ အပြင်မှာ ရင်ခွင်ပိုက် ကလေးငယ် တစ်ယောက်နဲ့ ဗိုက်ထဲမှာ နေ့စေ့လစေ့တော့မည့် ကိုယ်ဝန်နဲ့ သူပဲ ပင်ပန်းပြီး နောက်ဆုံးတော့ နင့်ကြောင့် ဒီလိုဖြစ်ရတာ ဆိုတာပဲ အဖတ်တင်ပါတယ်။ ကျွန်တော်ကလည်း သူပျော်ပါစေဆိုပြီး တခြားအရာတွေ စီစဉ်ပေးလည်း စင်္ကာပူမှာလို ထပ်တူထပ်မျှ မလုပ်နိုင်တော့ ကဲ ဘယ်နှယ့်ရှိစ သြော်ဇီ ဆရာကြီး ဆိုပြီး မျက်စောင်းထိုးရင်တောင် ကျွန်တော်က ၀မ်းသာနေရပါသေးတယ်။

ဒီမှာနေရတာ ဆွေမရှိ မျိုးမရှိ အဖော်အပေါင်း ရှားရှားပါးပါးနဲ့ မို့ ကျွန်တော် အလုပ်သွားတဲ့ အချိန်တွေဆို အိမ်မှာ သူနဲ့ ကလေးတစ်ယောက်နဲ့ပဲ ကျန်ခဲ့တော့ သူလည်း အထီးကျန်တာရော နယ်မြေသစ် အိမ်အသစ်မှာ ကြောက်တာနဲ့ရော စိတ်ထောင်းကိုယ်ကြေ ဖြစ်သမျှတွေက အလုပ်က ပြန်လာတဲ့ ကျွန်တော်ကို ဆီးကြိုနေပါတယ်။ အလုပ်မှာ ပင်ပန်းခဲ့တာတွေကို အမြန်မေ့ထား မိန်းမ စိတ်မငြိုငြင်အောင် အရင် လုပ်ရပါတယ်။

အစမှာတော့ ကျွန်တော်လည်း ကိုယ့်အမှားဆိုပြီး ခေါင်းငုံ့ခံ ဖြေရှင်းပါတယ်။ နောက်တော့ ကျွန်တော်လည်း ယောက်ျားပဲ။ ယောက်ျားမာနတွေက ထောင်းကနဲ ထောင်းကနဲ့ ထလာပါတယ်။ ငါက ကောင်းစေချင်လို့ ဒီကို ပြောင်းလာတာ မင်းက ၀ိုင်းမကူတဲ့ အပြင် အားအားရှိ ငါ့ကိုပဲ အပြစ်တင်နေတယ်။ ရေပြောင်း မြေပြောင်း မှာ ဒီလောက်တော့ အခက်အခဲ ဆိုတာ ရှိမှာပေါ့ နည်းနည်းတော့ သည်းခံ ၀ိုင်းလုပ်မှပေါ့ ဆိုပြီး မြင်လာ ပြောလာပါတယ်။

အလုပ်ကလည်း အသစ်ဆိုတော့ ပင်ပန်းတော့ မိန်းမက စိတ်မပျော်လို့ မှိုင်နေရင်တော့ ကျွန်တော်ကို့ သုန်မှုန်တယ် ထင်လာပါတယ်။ ကလေးနဲ့ အိမ်ကိစ္စနဲ့ ပင်ပန်းလို့ မိန်းမ အိပ်ရာ စောစောဝင်ရင်တောင် ကျွန်တော်နဲ့ မျက်နှာချင်း မဆိုင်ချင်တယ် ထင်ပြီး နေချင်သလိုနေ ငါလည်း နေချင်သလို နေမယ် ဆိုပြီး အရက်ကလေး တစ်ခွက် ၀ိုင်လေး တစ်ခွက်နဲ့ နေနေပါတော့တယ်။ နင့်ကြောင့်လို အပြောမခံရအောင် သူ့ကိုလည်း ဘယ်မှ မခေါ်သွားတော့ဘူး။ နေ့စဉ် လုပ်နေကျတွေကလွဲရင် အမှား မပါအောင် အပို မလုပ်တော့ဘူး။ ၀တ်ကျေတန်းကျေပဲ လုပ်ပေးတော့တယ်။ ပိုလုပ်လည်း အပြစ်ပဲ အပြောခံရမှာ ဆိုတော့ မလုပ်တာပဲ ကောင်းတော့တယ် တွေးပြီး နေနေတော့တယ်။

ကိုယ်က ဒီလိုပဲ ခပ်တန်းတန်း နေပေမယ့် ဗိုက်ထဲက ကလေးကတော့ အချိန်တန် အပြင်ကို ထွက်လာပြီး ကျွန်တော်တို့ အတွက် အလုပ်တွေပို ပြဿနာတွေပို ရန်ဖြစ်စရာတွေပဲ ပိုလာပါတော့တယ်။ ကလေး ၂ ယောက်မွေးပြီး အလုပ်နဲ့ ဝေးနေ ကိုယ်ပိုင် ၀င်ငွေမရှိတော့ သူက စိတ်ဓါတ်ကျလာရာကနေ စိတ်တွေပျက်လာပြီး စိတ်တွေတိုလာပါတော့တယ်။ စင်္ကာပူမှာဆို ကလေး ၂ ယောက်နဲ့လည်း ကိစ္စမရှိ မြန်မာပြည်က အမျိုးတွေ ခေါ်လို့ရတယ်။ အခု နင့်ကြောင့် ငါတစ်ယောက်တည်း သိမ်းကျုံးလုပ်နေရပြီ။ အလုပ် ထွက်လုပ်ဖို့ နေနေသာသာ ကိုယ့်ကလေး ၂ ယောက်ကိုတောင် ဘယ်လို နိုင်အောင် ထိန်းရမလဲဆိုပြီး နောက်ဆုံး ကျွန်တော်ပဲ လက်ညှိုးထိုးခံရပါတယ်။

ကျွန်တော်ကလည်း သူ အလုပ်နဲ့ ဝေးနေတာ စာဖတ်ဖို့ အချိန်မရတာတွေ မမြင်တော့ဘူး နင့်ဘာနင် အလုပ်မရတာ နင်အသုံးမကျလို့ နင်ကြောင့်ဆိုပြီး ပြန်ပြီး လက်ညှိုး ၂ ချောင်းနဲ့ ပြန်ထိုးတတ်လာပါတယ်။ နင်ဘာနင် အသုံးကျရင် အလုပ်ရှာပါလား ဆိုပြီး မှတ်လောက် သားလောက်အောင် ပစ်ထားလိုက်ပါတယ်။ သူ့ဘာသူ ဆိုတာ့ ဘယ်မှာ အလုပ်က ရပါလိမ့်မယ်။ သူကလည်း ငါ့ဘာငါ စင်္ကာပူမှာဆိုရင် အလုပ်က ရနေတာ ကြာပြီ နင့်ကြောင့် နင်ဒီကို ခေါ်လာလို့ အလုပ်မရတာ ဆိုပြီးတော့ပဲ ပြန်ပြောတယ်။ ကျွန်တော်ကလည်း ဘယ်ခံတော့မလဲ နင်အလုပ်မရတာ နင့်ကြောင့်ပဲ ပြန်ပြောလိုက်တာပေါ့။ ဒီလို မိန်းမ ဘာမှ အလုပ် ၀ိုင်းရှာပေးမနေတော့ဘူးဆိုပြီး မှတ်လောက် သားလောက် ရှိအောင် ပစ်ထားလိုက်တာ အချိန်အတော်ကြာမှ အလုပ်ရသွားတယ်။

အလုပ်ရသွားတော့ ပြဿနာက မအေးသွားတဲ့ အပြင် ပိုတက်တယ်။ အလုပ်မှာ သူပင်ပန်းလာသမျှဟာ “နင့်ကြောင့်”တွေပဲ ဖြစ်သွားတယ်။ ကျွန်တော်ကလည်း မခံတော့ဘူး။ နင့်ကြောင့် ဖြစ်ရတာဆိုပြီး ပြန်ပြောတတ်လာတယ်။ နှစ်ယောက်စလုံးက အလုပ်မှာ ပင်ပန်းသမျှကို လင်မယား ရန်ဖြစ်ပြီး အိမ်မှာ ပေါက်ကွဲကြတယ်။ ရန်ပွဲတွေရဲ့ အစကလည်း နင့်ကြောင့်ကနေ စတာချည်းပါပဲ။ တစ်ယောက်ကို တစ်ယောက်လည်း သည်းမခံနိုင်တော့သလို သည်းခံစရာလည်း မရှိတော့ပါဘူး။ ရန်ဖြစ်နေတဲ့ အချိန်မှာ ကလေးတွေ ဘယ်လို နေမယ်လဲ တွေးနေဖို့လည်း အချိန်မရှိတော့ပါဘူး။ သူတို့ဘာသူတို့ ချောင်တချောင်ချောင်မှာ ကုပ်ပြီး မိဘတွေကို ကြည့်နေကြရင်လည်း ကြည့်နေမည်။ အခန်းထဲ အသာလေး ၀င်သွားရင်လည်း ၀င်သွားကြမည်။

ဒီလိုနဲ့ နှစ်ယောက် စလုံး နင့်ကြောင့်လိုက်တာ နောက်ဆုံးတော့ ဘယ်လိုမှ အတူတူ မနေနိုင်တော့ဘဲ သူလည်း သူပျော်ရာ စင်္ကာပူမှာ ပြန်သွားပြီး အလုပ်သွားလုပ်နေပြီး ကျွန်တော်ကတော့ သြစတြေးလျမှာ ကျန်ခဲ့ပါတယ်။ ကလေးတွေကိုတော့ အဘိုးအဘွားတွေ ရှိရာ မြန်မာပြည်ကို ပို့ထားလိုက်ပါတော့တယ်။ ဒီလို ဖြစ်ရတာကိုလည်း ကျွန်တော်တို့ ၂ ယောက်စလုံးက နင့်ကြောင့်လို့ အပြန်အလှန် စွပ်စွဲကြရုံကလွဲလို့ ဖြေရှင်းစရာ နည်းလမ်းလည်း မတွေ့တော့ပါဘူး။


ဇာတ်လမ်း(၂) - ငါ့ကြောင့်

စင်္ကာပူကနေ သြစတြေးလျကို ပြောင်းလာနိုင်တာနဲ့ ပက်သတ်ပြီး ကျွန်တော် အလွန်ဂုဏ်ယူပါတယ်။ စင်္ကာပူလို အနီးအပါး နိုင်ငံစုံက လူအပေါင်းလာနေတဲ့ နိုင်ငံကနေ သြစတြေးလျလို လာဖို့ ခက်ခဲတဲ နိုင်ငံကို ပြောင်းလာရလို့ပါ။ အထူးသဖြင့် ကျွန်တော့် မိန်းမရှေ့မှာ ဆို မကြာခဏ ၀င့်ကြွားလေ့ရှိပါတယ်။ ငါ့ကြောင့် မင်း သြော်ဇီမှာ နေရတာ ဆိုတာမျိုးပေါ့။ မိန်းမကလည်း “ဟုတ်ပါပြီတော်” ဆိုပြီး ခပ်ပြုံးပြုံး နေလေ့ရှိပါတယ်။

ရောက်စက မြင်မြင်သမျှက ဘိုအသုံးဆောင်တွေ ဘိုအစားအစာတွေ ဆိုတာ့ ဘယ်သွားသွား ဘာစားစား ငါ့ကြောင့် မင်းဒီလို ဖြစ်ရတာ ဆိုပြီး မိန့်မိန့်ကြီး ကြည့်တဲ့ အခါကြည့်။ မနေနိုင်လို့ ပါးစပ်က ထွက်သွားပြီး ငါ့ကြောင့် မင်းဒီလို အဆင့်အတန်းနဲ့ နေရတာ ဆိုပြီး ပြောလည်း မိန်းမက “ကျေးဇူးပါတဲ့..ရှင်” ပြောတဲ့ အခါလည်း ပြောပေါ့။ သူ ဒီမှာ ပစ္စည်းလေး တစ်ခု ၀ယ်ပြီး ကြည်နူးနေရင်ဖြစ်ဖြစ် ပျော်ရွှင်နေရင် ဖြစ်ဖြစ် ကျွန်တော်ကတော့ ငါ့ကြောင့်သူ ဒီလို ပျော်ရွှင်ရတာ ဆိုပြီး ကြံဖန် ကြည်နူးတတ်ပါသေးတယ်။ ဆစ်ဒနီလို လူတိုင်းသိတဲ့ လူတိုင်းအလည် လာချင်တဲ့ မြို့မှာ ကမ္ဘာပေါ်မှာ Icon တစ်ခုအနေနဲ့ ကျော်ကြားတဲ့ Opera House နဲ့ Darling Harbour ကို အလည်သွားနိုင်တာလည်း မင်း ငါနဲ့သာမို့ ပေါ့လို့ ခပ်တည်တည်နဲ့ ပြောတတ်ပါသေးတယ်။

“မင်း စင်္ကာပူမှာဆို ကားစီးနိုင်မှာ မဟုတ်ဘူး။ အခု ငါဒီကို ပြောင်းလာလို့ အိမ်နဲ့ ကားနဲ့ နေရတာ” ပြောရင်လည်း မိန်းမက “ဟုတ်တယ်နော် စင်္ကာပူမှာဆို ချမ်းသာမှ ကားစီနိုင်တာ..” ဆိုပြီး ကျွန်တော်ပျော်အောင် ပြန်ပြောတတ်ပါတယ်။ ကျွန်တော်က ဒီမှာ ကလေးနှစ်ယောက်နဲ့ အိမ်နဲ့ ကားနဲ့ တင့်တောင်း တင့်တယ် ထားနိုင်တာ ငါလို ယောက်ျားနဲ့မို့ လို့လည်း တွေးတတ်ပါတယ်။ ထုတ်ပြောမိတာလည်း ဘယ်နှစ်ခါမှန်းကို မရေတွက်နိုင်တော့ပါဘူး။

သူ့သူငယ်ချင်းထဲက တစ်ယောက်ယောက်ကို မြန်မာပြည်မှာ ကျန်နေတာများ မတွေ့လိုက်နဲ့ တွေ့လိုက်တာနဲ့ “See .. မင်း ကိုယ့်ကြောင့် ဒီလိုနေရာမှာ ဒီလိုနေရတာ။ သူများတွေ ဘယ်လို နေနေရတယ်တွေ့လား” ဆိုလိုက်ရင်.. တခါတလေလည်း “သူတို့က နိုင်ငံခြား မထွက်ချင်လို့ပါ” ပြန်ပြောရင်ပြော .. တခါတလေလည်း “ဟုတ်..ကျေးဇူး” ဆိုပြီး ပြန်ပြောရင်ပြောတတ်ပါတယ်။

အဆိုးဆုံးကတော့ သူ ကျွန်တော်နဲ့ ယူလိုက်လို့ ဒီလို ဘ၀မျိုး ရောက်နေရတာလို့ ကျွန်တော် ဒီလိုပဲ မကြာခဏ စိတ်ကြီး ၀င်တတ်တာပါပဲ။ မင်း ငါနဲ့သာ မယူဘဲ ဟိုအကောင်နဲ့ ယူလိုက်ရင် မင်းဘ၀က ဘယ်လို ဖြစ်နေမှာ ။ မင်းအခုဆို ဘယ်လို ရုန်းကန်နေရမှာ။ မင်းငါနဲ့ ယူလိုက်လို့ မင်းဒီလို တင့်တောင်းတင့်တယ် နေရတာ ပြောတတ်ပါသေးတယ်။

ကျွန်တော် ဒီလို “ငါ့ကြောင့်”လို့ အခြောက်တိုက် ဘ၀င်မြင့်သမျှကို သူကတော့ ဘယ်တော့မှ ကာပြန်မပြောပါဘူး။ မကြားချင်ယောင် ဆောင်လိုက်တာမျိုး၊ ပြုံးပြတာမျိုး၊ နှုတ်ကနေ ပြန်ပြောတာမျိုးနဲ့ပဲ ကျွန်တော်ကို ပြန်တုန့်ပြန်ပါတယ်။ သူ့အတွေးထဲမှာ ဘယ်လိုရှိမလဲ၊ သူတကယ်ပဲ ကျွန်တော်ကြောင့် ဘ၀က ပြောင်းလဲသွားတာလား၊ ကျွန်တော်နဲ့ မတွေ့ဘဲ တခြားတစ်ယောက်နဲ့ တွေ့လို့ ဘ၀က တကယ်တမ်း ဒီထက် အများကြီး ပိုကောင်းနေမလား ကျွန်တော် မတွေးမိပါဘူး။ ဒါမှဟုတ် ကျွန်တော် လုပ်ပေးရင်ပြီးရော ကျွန်တော့် ၀သီ “ငါ့ကြောင့်” ပြောတတ်တာလေးတော့ သည်းငြီးခံ နေလိုက်မည် စိတ်ကူးထားလားလည်း ကျွန်တော် ဘယ်တုန်းက မစဉ်းစားမိပါဘူး။ ကျွန်တော်ကတော့ ဘာလေးပဲ ဖြစ်ဖြစ် ငါ့ကြောင့် လို့တော့ နာမည်ယူလိုက်ရမှ အာသာပြေနေပါတော့တယ်။

ဇာတ်လမ်း (၃) - နင့်ကြောင့် ငါကြောင့်

အိမ်ထောင် ကျပြီးနောက် လင်ရယ် မယားရယ် ဖြစ်လာရင် ဘ၀တွေဟာ ပိုပြီး ပီပြင်လာပါတယ်။ အထူးသဖြင့် အနာဂတ် အတွက် ပိုပြီး တွေးလာရပါတယ်။ တကိုယ်တည်း သမား ဘ၀မှာ ကောင်းကျိုး၊ ဆိုးကျိုးမှန်သမျှ ကိုယ်လုပ်သမျှ ကိုယ်ကိုယ်တိုင်ပဲ ခံစားရတဲ့ အတွက် ကောင်းသည် ဆိုးသည် မသိသာလှပါဘူး။ တခြားသူ တစ်ယောက်ဟာ ကိုယ့်ဘ၀ရဲ့ အစိတ်အပိုင်း ဖြစ်လာပြီး ကိုယ့်ရဲ့ အကောင်း အဆိုးတွေကို ကိုယ်နဲ့ အတူ ခံစားရလာတဲ့ အခါမှာတော့ အကောင်း အဆိုးတွေဟာ သိသာလာပါတယ်။ ရုန်းကန်ရတဲ့ အချိန်တွေမှာ ကြုံတွေ့ရမည့် အခက်အခဲတွေ၊ အောင်မြင်လာချိန်မှာ စံစားရမည့် အကျိုးအမြတ်တွေကို ဝေမျှ ခံစားတတ်ပြီး တစ်ဦးကို တစ်ဦး နားလည် အကူအညီ ပေးမှသာ ဘ၀ကို အဖော်ကောင်း တစ်ယောက်နဲ့ ဖြတ်သန်းရသလို ဖြစ်မှာပါ။

နိုင်ငံ တစ်နိုင်ငံကနေ တစ်နိုင်ငံ ပြောင်းတဲ့အခါ ကြုံတွေ့ရမည့် Stress တွေ Culrural Shock တွေ ဟာ မျှော်လင့်ထားတာထက် ပိုမို ခက်ခဲနိုင်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ သြစတြေးလျကို ပြောင်းလာတဲ့ အခါ အလျင်စလို မလုပ်ဘဲ စင်္ကာပူမှာ ပျော်သလောက် နေပါတယ်။ နောက်ဆုံး အချိန်တန်တော့မှ သူရော ကိုယ်ပါ ပြောင်းချင်တော့မှ ပြောင်းလာကြပါတယ်။ ဒီလို နိုင်ငံပြောင်းဖို့ နံပါတ်တစ် Tip ကတော့ လက်ရှိနေရာမှာ ပျော်သလောက်နေပါ၊ နောက်ဆုံး တကယ်ပြောင်းချင်တယ် ဆိုမှ ပြောင်းလာပါ။ ဒီရောက်ပြီးမှတော့ ဟိုမှာ ဘယ်ဟာ မလုပ်ခဲ့ရလို့ ဒီဟာ မလုပ်ခဲ့ရလို့ ဆိုတဲ့ နောင်တတွေ နည်းမှာပါ။ ဒါတောင် အနည်းနဲ့ အများ ရှိနိုင်ပါသေးတယ်။ ဥပမာ ကျွန်တော်တို စင်္ကာပူမှာ နေပြီး အနီးအနားက နိုင်ငံတွေ ဥပမာ ထိုင်းနဲ့ ဟောင်ကောင်ကို မလည်လိုက်ဖြစ်တာတွေ တွေးမိပြီး စိတ်မကောင်းပါဘူး။ အဲဒီတုန်းကလည်း ကိုယ့်ရဲ့ Priortiy က ညီအကို မောင်နှမတွေကို စင်္ကာပူ အရောက်ခေါ်ရေး ဆိုတော့ ဒီဟာတွေ နောက်ဆုတ်ထားပြီး အကောင်အထည် မဖော်ဖြစ်တော့ပါဘူး။ စင်္ကာပူလိုနိုင်ငံမှာ အမျိုးအစုံအလင်နဲ့ သားဦး သမီးဦးလေး မွေးလာဖြစ်လာတာကိုတော့ ကျေနပ်မိပါတယ်။

ကံကောင်းချင်တော့ ကျွန်တော် ဒီကို ပြောင်းလာတာ အလုပ်ပါ တစ်ခါတည်း ပါလာတာပါပဲ။ အရွယ်ကောင်း တစ်ယောက်အတွက် အလုပ်လက်မဲ့ ဖြစ်ရတာလောက် စိတ်ဖိစီးမှုများ တာ မရှိုနိုင်ပါဘူး။ မိသားစု ထဲမှာ အိမ်ထောင်ဦးစီး တစ်ယောက်အတွက်တော့ ပုံမှန် ၀င်ငွေ ရနေရေးဟာ ပထမ ဦးစားပေး တာဝန် ဖြစ်နေတော့တာပါပဲ။ အလုပ်ကို တပါတည်း မယူနိုင်ဘူးဆိုရင်တော့ အလုပ် ရနိုင်ရေးအတွက် လိုအပ်တဲ့ အရည်အချင်းတွေတော့ ပါလာရပါမည်။ ဘယ်လို အရည်အချင်းတွေ လိုအပ်တယ်၊ ဘယ်အလုပ်တွေဟာ ပိုကောင်းတယ်၊ အလုပ် ဘယ်မှာ ဘယ်လို ရှာရမည်။ အလုပ်ရှာ ဖို့အတွက် ဘာတွေ လိုသလဲ၊ အလုပ်ရှာလို့ ကောင်းတာ မကောင်းတာ ဘယ်အချိန်တွေလည်း (ဥပမာ ခရစ်စမတ်နဲ့ နှစ်ကူးကာလ ဆိုရင် မကောင်း) ဆိုတာကတော့ မရောက်ခင်ကတည်းက သိနေရပါမယ်။ တကိုယ်တည်း သမား စွန့်စွန့်စားစားနဲ့ အလုပ်လာရှာတာ ဆိုရင်တော့ အေးအေးဆေးဆေး နေလို့ ရပေမယ့် ကိုယ့်မှာ မိသားစု ရှိလာရင်တော့ အလွန်ဆုံး တောင့်ခံနိုင် ဘယ်နှစ်လ ဘယ်နှစ်ရက်လည်း ဆိုတာလည်း တွက်ထားရပါမယ်။ ဥပမာ ကိုယ့်မှာ ရှိတာ ဒေါ်လာ ၃သောင်း ဆို ဘယ်နှစ်လ အလုပ်မလောက်ဘဲ ဒီအတိုင်း စားနိုင်မလဲ ဆိုတာမျိုးပါ။

သြော်ဇီမှာ အိမ်ငှားတဲ့ အခါ စင်္ကာပူလို မလွယ်နိုင်ပါဘူး။ တစ်ကိုယ်တည်း သမား၊ လင်မယား ၂ ယောက်တည်းဆိုရင်တော့ အခန်း တစ်ခန်းတည်း ငှားနေလို့ ရပါတယ်။ စင်္ကာပူမှာလိုတော့ မြန်မာအိမ် အချင်ချင်း ငှားနေတာမျိုး မဖြစ်နိုင်ပါဘူး။ တစ်အိမ်လုံး ငှားမည် ဆိုရင်လည်း အိမ်ထောင် ပရိဘောဂတွေ မပါပါဘူး။ ပါတဲ့ အိမ်တွေကလည်း အတော် ဈေးကြီးပါတယ်။ အဲဒါကြောင့် ရောက်ရောက်ချင်း လိုအပ်တဲ့ အိမ်ထောင် ပရိဘောဂတွေ အကုန် ပြန်ဝယ်ရပါမည်။ စောင် ခေါင်းအုံး၊ ပန်းကန် ခွက်ယောက်ကနေ တီဗွီ ရေခဲသေတ္တာ၊ စားပွဲ ကုလားထိုင် အကုန် အကုန် ၀ယ်ရပါမည်။ အဲဒီအတွက်ရယ် အိမ်စပေါ်တွေ ဘာတွေအတွက်ရယ် ဒေါ်လာ ၁သောင်းလောက်က အသာလေး ရှောကနဲ့ ထွက်သွားနိုင်တယ် ဆိုတာလည်း သိထားရင် ကုန်သွားတော့မှ မျက်လုံးပြူး မျက်ဆန်ပြူး မဖြစ်ရတော့ပါဘူး။

သြော်ဇီလို မြန်မာ သိပ်မများသေးတဲ့ နေရာကိုလာရင် အထီးကျန် ဆန်တတ်တာကို အထူးသဖြင့် အိမ်မှာနေနေခဲ့ရမယ့် ဇနီး၊ မယားက ကြိုတင် သိထားပြီး အဲဒီ ဒဏ်တွေကို ခံနိုင်တယ် ဆိုမှ လာသင့်ပါတယ်။ သြော်ဇီမှ မဟုတ်ပါဘူး၊ အမေရိကားလို ကျယ်ပြန့်တဲ့ နိုင်ငံတွေမှာလည်း အိမ်ထောင်ရှင်မတွေက အိမ်မှာ ကျန်ခဲ့ရင် ဘယ်လို ခံစားရတယ်ဆိုတာ သူတို့ပဲ သိနိုင်ပါတယ်။ သတင်းခေတ်ကြီးမှာတော့ သူတို့ အတွက် တခြားသူတွေနဲ့ ဆက်သွယ်စရာ နည်းလမ်းတွေ ရှိနေတော့ အနည်းနဲ့ အများ သက်သာစေပါတယ်။ ဘလော်ဂ့်တွေ Web Site တွေ ဖတ်တာမျိုးကနေ Skype လိုမျိုး သူငယ်ချင်း အမျိုးတွေနဲ့ တစ်ဦးနဲ့ တစ်ဦးတွေ့ပြီး စကားပြောတာမျိုးတွေ လုပ်နိုင်အောင် ဖန်တီးပေးထားခြင်းဖြင့် အထီးကျန်ဆန်မှုတွေကို သက်သာစေနိုင်ပါတယ်။ ဒါအပြင် ယောက်ျား ဖြစ်သူက ရုံးမှ အနည်းဆုံး နေ့လည် ထမင်းစားချိန်လောက် ဖုန်းခေါ်ပေးခြင်းမျိုးတွေလည်း လုပ်မှ တစ်ဦးနဲ့ တစ်ဦး စိတ်ထဲမှာရော အပြင်မှာရော အပြတ်အတောက် မရှိတော့မှာပါ။ ဒီလို ဖုန်းခေါ်ပေးတာ Chat တာဟာ မိန်းမ အလုပ်ထဲ ရောက်သွားရင်တောင် လုပ်လို့ရတာမျိုးပါ။

ကျွန်တော်တို့ ရောက်စက သမီးက ၆လသားလေး ဆိုတော့ သူမလည်း ကလေးတစ်ဘက် အိမ်အလုပ် တစ်ဘက်နဲ့ အတော်လေး အလုပ်များပြီး Occupied ဖြစ်ပေမယ့် ကျွန်တော် အိမ်မှာ မရှိတဲ့ အချိန်ဟာ သူမအတွက်တော့ အတော်လေး အထီးကျန် နေပါသေးတယ်။ အဲဒါကြောင့် ခင်ပွန်းသည်က အလုပ်ထဲမှာ အခြေကျပြီး ၁လ-၂လ လောက်နေမှ ဇနီးဖြစ်သူကို အတူနေဖို့ ခေါ်တာ ခင်ပွန်းဖြစ်သူအတွက် နှစ်ဘက် ဗျာမများရသလို ဇနီးသည်ကိုလည်း ပိုပြီး ဂရုစိုက်နိုင်ပါတယ်။ ကျွန်တော်လာတုန်းက အရင် တစ်ယောက်တည်း လာပြီး အခြေကျမှ သူမကို ခေါ်လိုက်ပါတယ်။ အလုပ်ကတော့ စင်္ကာပူမှာ လုပ်ခဲ့တဲ့ အလုပ်ပဲမို့ အလုပ်ထဲမှာ အခြေကျဖို့ အချိန် သိပ်မစောင့်လိုက်ရပါဘူး။

အဲဒါကြောင့် သြော်ဇီ ပြောင်းခါစ လူတွေအနေနဲ့ လစာ များများ မမက်ဘဲ ကိုယ်နိုင်နိုင်တဲ့ အလုပ်ကို ပထမ ၆လ ၁ နှစ်လောက်တော့ လုပ်ရင် Stress ကို နည်းနည်း လျှော့နိုင်တယ် အကြံပေးလိုပါတယ်။ ၆လ ၁နှစ်တန်မှ Local Experience လည်းရပြီးမှ လစာလည်း များများ တာဝန်လည်း ပိုယူရမည့် အလုပ်ကို ပြောင်းလုပ်နိုင်ပါတယ်။ ကျွန်တော်တုန်းက စင်္ကာပူမှ တဆက်တည်း ရလာတဲ့ အလုပ်ကနေ ၆လ အကြာမှ ထွက်လိုက်ပြီး လစာ ပိုများတဲ့ အလုပ်ကို ပြောင်းလိုက်ပါတယ်။ အခုအချိန်မှာ သူမရော ကျွန်တော်ရော အလုပ်ပြောင်းမည်ဆို နောက်ထပ် တစ်နှစ် ၁ သောင်းလောက် ပိုရတဲ့ အလုပ်ကို ရနိုင်ပေမယ့် လက်ရှိ အလုပ်မှာပဲ အေးအေးဆေးဆေး နေကြပါတယ်။ ကလေး ၂ ယောက်နဲ့ ကိုယ်ခံနိုင်မည့် ၀န်ထုပ်ဝန်ပိုးကိုပဲ ကိုယ်ထမ်းပါတယ်။ ဘ၀ကို ကိုယ်တတ်နိုင်သလောက် အနေအထားနဲ့ပဲ ဖြတ်သန်းချင်ပါတယ်။ အလုပ်ပင်ပန်းတာကနေ အိမ်ထောင်ရေး ထိခိုက်တာမျိုးဆိုရင် မတန်ပါဘူး။

ယောက်ျားတွေဟာ မိန်းမတွေထက် ပိုပြီး စွန့်စားတတ်တာဟာ မွေးရာပါပဲ။ တစ်နေရာကနေ တစ်နေရာကို ပြောင်းမည် ဆိုရင် ယောက်ျားများ အတွက်က ဖောင်ဖျက်ပြီး သွားမှသာ ပိုပြီး အလုပ် ဖြစ်ပေမယ့် မိန်းမတွေ အတွက်ကတော့ ပိုပြီး အစိုးရိမ် ကြီးစရာပါ။ အဲဒါကြောင့် သူတို့ကို စိတ်လုံခြုံမှု ပေးဖို့အတွက် နေရာသစ်မှာ အဆင်မပြေရင် နေရာဟောင်းကို ပြန်သွားနိုင်သေးကြောင်း အထောက်အထား တစ်ခုခု ပြထားဖို့ လိုပါတယ်။ သြော်ဇီကို ပြောင်းလာခါနီးတော့ ကျွန်တော်တို့ စင်္ကာပူ PR ကို မရရအောင် လျှောက်လိုက်ပြီး အဲဒီ အခြေအနေကို ထိန်းသိမ်းထားလိုက်တော့ သူမအနေနဲ့ အစိုးရိမ်ကြီး မဖြစ်ရတော့တာဟာ နောင်ရေး လုံခြုံမှုသာမက နေ့စဉ် ဘ၀တွေမှာ ပါ မသိသာလိုက်ဘဲ အဆင်ပြေစေပါတယ်။

ယောက်ျားတွေ အတွက် မိဘမောင်ဘွားတွေကို သိပ်အတွယ်အတာ မများပေမယ့် မိန်းမဖြစ်သူတွေကတော့ အိမ်ထောင်ကျ ကလေးရနေသေးလည်း မိဘမောင်ဘွားတွေကို ခင်တွယ်နေပါသေးတယ်။ အဲဒါကြောင့် အနည်းဆုံး မိန်းမဖြစ်သူရဲ့ မိဘတွေကို အလည်ခေါ်ပေးနိုင်ဖို့လည်း မျှော်လင့်ထားရပါမည်။ သြစတြေးလျကို အလည်ခေါ်ရတာဟာ စင်္ကာပူလောက်တော့ ဗီဇာမလွယ်နိုင်သလို အကုန်အကျလည်း ပိုများနိုင်ပါတယ်။ အမျိုးသမီးများအတွက် အထူးသဖြင့်တော့ ကလေး မွေးချိန်လိုမျိုးမှာ မိဘတွေကို လိုအပ်တတ်တော့ ကြိုတင် ပြင်ဆင် သတင်းယူထားတာ အကောင်းဆုံးပါ။

အရေးကြီးတဲ့ နောက်အချက်ကလည်း ဇနီးဖြစ်သူ လုပ်ငန်းခွင် ပြန်ဝင်နိုင်ရေးပါ။ ဒီလို အလုပ်လုပ်တဲ့ အတွက် အပိုဝင်ငွေလည်း ပိုရသလို ဇနီးဖြစ်သူကလည်း အပြင် အသိုင်းအ၀ိုင်းနဲ့ ထိတွေ့ရတဲ့ အတွက် သူ့အတွက် ပိုကောင်းစေပါတယ်။ အဲဒီအတွက် ဇနီးသည်ရဲ့ လက်ရှိ အခြေအနေဟာ ကိုယ်သွားမယ့် နိုင်ငံနဲ့ အဆင်ပြေ မပြေ ကြည့်ရပါမယ်။ လိုအပ်မည် ထင်ရင် လုပ်လည်း လုပ်နိုင်မည်ဆိုရင် နိုင်ငံ မပြောင်းခင်ကတည်းက ကြိုတင် သင်တန်းတက်ထားနိုင်ပါတယ်။ နေရာသစ်ရောက်နေရင်တော့ အဲဒီနေရာမှာ လိုအပ်တာတွေအတွက် မွမ်းမံသင်တန်းလိုမျိုး ထပ်တက်သင့် တက်ရပါမည်။ ဇနီးသည် အလုပ်ရရေး အတွက် ခင်ပွန်းသည်က ကူညီတာ နှစ်ဦးစလုံး ကောင်းဖို့ပဲ ဖြစ်ရပါတယ်။ ကျွန်တော်တို့တုန်းက အကြောင်းတွေကိုတော့ “ကလေးအမေ လုပ်ငန်းခွင် ပြန်ဝင်သောအခါ” ပို့စ်မှာ ရေးပြီး ဖြစ်လို့ အဲဒီမှာ သွားဖတ်နိုင်ပါတယ်။

နှစ်ယောက်စလုံး အလုပ်လုပ်တဲ့ အခါ ကသီလင်တ နိုင်တာလေးတွေ ရှိနိုင်ပေမယ့် တစ်ဦးကို တစ်ဦး ကူညီမည် ဆိုရင်တော့ အိမ်အလုပ် ရုံးအလုပ်မျှသွားမှာပါ။ သြစတြေးလျဟာ စင်္ကာပူလို အကူ အိမ်ဖော် မခေါ်နိုင်တဲ့ နေရာဆိုတာလည်း သိထာပြီး လင်မယား ၂ ယောက်တည်းနဲ့ အိမ်အလုပ်တွေကို နိုင်နိုင်သလားလည်း မလာခင် စဉ်းစားထားရပါမည်။ အသိထဲမှာ စင်္ကာပူမှာ အိမ်ဖော်နဲ့ အဆင်ပြေ နေတဲ့သူကလည်း ဒီကို မလာချင်ဘူးလို့ ခပ်ရှင်းရှင်းပဲ ပြောပြပါတယ်။ (စင်္ကာပူမှာ အဆင်ပြေနေတာလည်း တခြား အဓိက အကြောင်းတစ်ခုပါ)။

ဒါတွေဟာ လက်ရှိ ကျွန်တော်တို့ ဘ၀ကို သြော်ဇီမှာ ဘယ်လို ဖြတ်သန်းခဲ့ရတယ် ဆိုတာ အကျဉ်းချုံးပဲ ရှိပါသေးတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကြုံတွေ့ရမည့် အခက်အခဲတွေက မတူနိုင်ပေမည့် လက်နက် ပြည့်စုံမှ စစ်ထွက်သလို အစစ အရာရာ ပြင်ဆင်ပြီးမှ ထွက်ရင်တော့ အခက်အခဲတွေမှာ တော်ရုံ အထိမနာ အကျမနာတော့ပါဘူး။

အချုပ်

အပေါ်က ဇာတ်လမ်း ၁ လို ကျွန်တော်တို့ ဖြစ်ခဲသလားဆိုရင်တော့ ၉၅% မဖြစ်ခဲ့ဘူးလို့ ပြောရမှာပဲ။ ရောက်ရောက်ချင်းမှာ Cultural Shock ဖြစ်ပြီး ၂ ယောက်စလုံး အနည်းငယ် ခံစားခဲ့ရတာကိုတော့လည်း မငြင်းသာပါဘူး။ ဒါတောင် ၂ ယောက်စလုံးက သြော်ဇီမလာခင် တခြား အနောက်နိုင်ငံမှ ၂နှစ် ၃နှစ် နေထားဖူးသေးတယ်။ အဓိကကတော့ စင်္ကာပူလို အစစ အရာရာ အလွယ်တကူ မရနိုင်ခဲ့တာ (ဥပမာ Public Transport နဲ့ ကိုယ်လိုချင်တာတွေ ဘယ်မှာ ၀ယ်ရမှန်းမသိတာ တချို့ ၀ယ်လို့မရတာ)၊ ဆွေမျိုး သူငယ်ချင်း နည်းပါးတာ၊ ကလေး ငယ်လေး တစ်ယောက်နဲ့ နောက်ကလေး တစ်ယောက်ကို ကိုယ်ဝန်လွယ်ထားရတာ။ ဒီလို အခက်အခဲလေးတွေပဲ ရှိရုံ ရှိခဲ့တော့ အမှိုက်ကစ ပြဿဒ် မီးလောင်တာမျိုးတော့ မရှိခဲ့ပါဘူး။ ဒီလို ကံကောင်းရတာလည်း မိဘမောင်ဘွားကို ကျွေးမွေး စောင့်ရှောက်ခဲ့လို့ လို့ယုံကြည်ပါတယ်။ အပေါ်ကလို ရေးထားတာကတော့ နိုင်ငံ တစ်နိုင်ငံက တစ်နိုင်ငံ အပြောင်းမှာ အခက်အခဲတွေ ရှိတတ်ပြီး တစ်ဦးကို တစ်ဦး မကူညီဘဲ ပြစ်တင်နေမယ် ဆိုရင် အဲဒီလို အဖြစ်အပျက်မျိုးတွေ ကြုံနိုင်တယ်ဆိုတာ တစ်ဘက်လှည့် စဉ်းစားစေချင်လို့ပဲ။

အဲဒီလို အဆင်ပြေ လွန်းလို့ ဇာတ်လမ်း ၂ ထဲကလို ကျွန်တော်က လက်မထောင်နေပြီ ဆိုရင်လည်း ကျွန်တော်က ရေအိုင်ထဲက ဖားသူငယ် ဖြစ်တော့မှာပေါ့။ သြစတြေးလျဟာ နိဗ္ပာန်လည်း မဟုတ်သေးပါဘူး။ ပြောရမယ်ဆိုရင်တော့ သြစတြေးလျမှာ နေနေရတဲ့ ကျွန်တော်တို့ အနေအထားဟာ ရန်ကုန်မှာ ပညာနဲ့ လုပ်စားတဲ့ သူတွေ စိတ်မှန်းထားတဲ့ ပုံမှန် ဘ၀လောက်ပါပဲ။ ပုံမှန် လစာ ရှိတယ်၊ အိမ်(ခန်း)ရှိတယ်၊ ကား ရှိတယ်။ သားသမီးတွေကို ပြုစု ပျိုးထောင်နိုင်တယ်။ ဒီလောက်ပါပဲ။

မိန်းမကို တင့်တောင်းတင့်တယ် ထားနိုင်တာ ငါကြောင့်လို့ လက်မထောင်တဲ့ ယောက်ျားတွေ ရှိသလို ဒီလို ထားနိုင်လို့ ယောက်ျားကို ဘုရားလို ကိုးကွယ်နေတဲ့ သူတွေ ရှိတာလည်း ကြားဖူးပါတယ်။ တကယ်တော့ ဒီလို အောင်မြင်ခဲ့ရင် ဒါ နှစ်ယောက် ကံဆုံလို့ ကံကောင်းလို့ အောင်မြင်တယ်လို့ မှတ်ပါတယ်။ ဘယ်လောက်ပဲ အစွမ်းအစ ရှိရှိ စိတ်ထား မကောင်းတဲ့ မိန်းမ၊ အထိန်းအသိမ်း မကောင်းတဲ့ မိန်းမနဲ့ တွေ့ရင် အလကား ယောက်ျားပဲ ဖြစ်မှာပဲ။ မိန်းမကတော့ ကောင်းပါတယ်။ အိမ်ထောင်ကျပြီးမှ အကြောင်းကြောင်းကြောင့် စီပွားပျက်တာ ကျန်းမာရေး မကောင်းဖြစ်သွားတာတွေလည်း တွေ့နေရတာပဲ။

ယောက်ျားပဲ ဖြစ်ဖြစ် မိန်းမပဲ ဖြစ်ဖြစ် ကိုယ်နဲ့ အိမ်ထောင်မကျရင်လည်း အချိန်တန် သူ့ဟာသူ ကံပါရာနဲ့ အိမ်ထောင်ကျသွားမည်၊ ဒါမှမဟုတ် သူသွားချင်တဲ့ လမ်းကို သူ့ဘာသူ ဦးဆောင်သွားမှာပဲ။ တချို့ ကောင်လေးတွေ အိမ်ထောင် မကျခင်တော့ အရည်အချင်း မရှိသလိုပဲ။ အိမ်ထောင်ကျမှ ကြီးပွားသွားတာတွေလည်း ရှိပါတယ်။ ကံဆုံလို့ပေါ့။

သူမ ကျွန်တော်နဲ့ အိမ်ထောင်ကျလို့၊ ကျွန်တော် သူမနဲ့ အိမ်ထောင်ကျလို့ ဒီလို ကံကောင်းရတယ် ကံဆိုးရတယ် ဘယ်တုန်းကမှ မတွေးမိဘူး။ ဒီရထား စီးရင် ဒီဘူတာရောက်မယ် ဆိုတာ ၂ ယောက်စလုံး သိလို ဒီရထား စီးခဲ့တာ ဒီဘူတာကို ရောက်လို့လည်း ၀မ်းနည်း ၀မ်းသာကြီး အလွန်အကျွံ မဖြစ်ရပါဘူး။ မျှော်လင့်ထားတဲ့ ဘူတာကို ချောချောမောမော ရောက်လာလို့ ၀မ်းသာကြတာကတော့ ဓမ္မတာပါပဲ။

ယောက်ျားကလည်း ဒီလို အိမ်ထောင် ဖြစ်နေတာ ငါကြောင့်လို့ လက်မ မထောင်သင့်သလို့ မိန်းမကလည်း ကျွန်မ အထိန်းအသိမ်းကောင်းလို့ အခုလို စုဆောင်းမိတာ အခုလောက် ဖြစ်တာ ကျွန်မကြောင့်လို့ အလွန်အမင်း မပြောရပါဘူ။ တစ်ယောက်ကို တစ်ယောက်တော့ လိုသလောက်တော့ Appreciate လေး နှုတ်နဲ့ ပဲဖြစ်ဖြစ် တခြားနည်းနဲ့ပဲ ဖြစ်ဖြစ် တော့ လုပ်ပေးရင် ရပါပြီ။

လင်မယားတွေလည်း ဘ၀ရဲ့ အခက်အခဲဆုံး အချိန်တွေမှာ အတူတကွ အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ဖို့ ဆိုတာကတော့ ကျွန်တော်တို့ လင်မယား ၂ ယောက်တည်းသာ တောင်းတဲ့ ဆု မဟုတ်လောက်ပါဘူး။ ။

တခြားဖတ်ရန်

43 comments:

Anonymous - 2/4/11, 11:35 PM

In real life, it is hard to face the hundreds of difficulties calmly. So I often behave as the first case. The worst thing is feeling depression!!!!
Thanks Ko Andy. I have to try my best!

N/A - 2/4/11, 11:50 PM

ဇာတ်လမ်း( ၃ ) ကျွန်တော်တို့နဲ့တိုက်ဆိုင်တဲ့ အချက်လေးတွေ တွေ့တယ်ဗျာ.. သိပ်အစွန်းရောက်မဖြစ်ခဲ့လို့သာ..
အသိတိုးစေပါတယ်.. ကျေးဇူးပါ..

Shinlay - 2/5/11, 12:32 AM

နှစ်ယောက် အတူတူ သာတယ်နာတယ်မတွေးပဲ တယောက်နဲ့ တယောက်
လေးစားမှု ရှိရင် မျှော်မှန်းထားတဲ့ဆုတောင်းတွေပြည့်မှာပါ။ ဒါအပြင်
ဘေးကပြောတာကိုတော့ အထူးသတိထားသင့်ပါတယ်လို ထင်ပါတယ်။
ကျမတို့ နှစ်ယောက် အခက်ခဲဆုံးအချိန်တွေမှာ ကျမကို ပြောလာတဲ့
ဘေးကအကြံပြုချက်တွေ က အပျက်ဘက်ကိုဦးတည်တာတွေနဲ့ ကြုံခဲ့ ဘူးပါတယ်။
အဲ့ဒီတုန်းကသာ နားယောင်မိရင်.....

Anonymous - 2/5/11, 12:34 AM

တိုက်တိုက်ဆိုင်ဆိုင်ပဲ သူငယ်ချင်းတစ်ယောက်ရဲ့ အမျိုးသားကတော့ ဇာတ်လမ်း(၂)ကအတိုင်းပဲ ငါနဲ့ယူလို့ နင်ဒီနိုင်ငံရောက်လာတာ၊ ငါ့နဲ့ယူလို့ ဒီလိုပညာတွေတတ်လာတာ၊ ငါနဲ့ယူလို့ နင်ဒီလိုအလုပ်ရတာနဲ့ ငါချင်းကို ထပ်နေတာပဲ။ သူနဲ့မယူပဲ တခြားသူနဲ့ယူမိရင် ဒီထက်ပိုပြီး စိတ်ချမ်းသာချင်လဲ ချမ်းသာနိုင်တာပဲဆိုတာကို တရားမရှိပုံများ ပြောပါတယ်။

Anonymous - 2/5/11, 12:39 AM

ရေးထားတာတွေက ပြည့်စုံတယ် လက်တွေ့ကျတယ် ကြိုက်တယ်

mie nge

စန္ဒကူး - 2/5/11, 12:41 AM

မကြုံဖူးသေးပေမယ့် ပထမဇတ်လမ်းလေးဖတ်ပီး
စိတ်ထဲ နင့်ကနဲ့ဖြစ်သွားတယ်.. နောက်ပိုင်းဆက်ဖတ်မှ ဇတ်လမ်းလိုရေး ထားတာမှန်းသိမှ သက်ပြင်းချနိုင်တော့တယ်.ဟူးးးးးး

မိုးစက်ပွင့် - 2/5/11, 1:16 AM

ဟုတ်တယ်...ကူးကူးပြောသလိုဘဲ၊ စစချင်း ဖတ်နေရင်း စိတ်မကောင်းဘူး၊ ဒီလောက်တောင် ဖြစ်ခဲ့ရတာလား ဆိုပြီး။ ဇာတ်လမ်း(၂)ရောက်မှ နည်းနည်းသဘောပေါက်လာတယ်။ သင်ခန်းစာ ယူစရာ၊ စိတ်ထားတတ်စရာလေးတွေ အမြဲဖတ်ရတဲ့အတွက် ကျေးဇူးပါပဲ ၀ီရျှီမီ။

Republic - 2/5/11, 2:32 AM

ဝေမျှရေးပေးထားတာလေး ကောင်းပါတယ် ။ကျေးဇူးပါ

ဆုမြတ်မိုး - 2/5/11, 2:48 AM

လာဖတ်တာနဲ့တန်အောင်ဗဟုသုတရပါတယ် ကျေးဇူးတင်ပါတယ်

ချော(အစိမ်းရောင်လွင်ပြင်) - 2/5/11, 3:11 AM

ကောင်းလိုက်တာ တကယ်ကို စေ့စေ့စပ်စပ်ရေးထားတာမို့ သတိထားသင့်တဲ့ အချက်တွေကြီးပါဘဲ..
အိမ်ထောင်တစ်ခုမှာ ၂ဦးသား နားလည်မှုကိုယ်စီနဲ့ ညှိညှိနှိုင်းနှိုင်းရှိမှသာ ဘယ်နေရာဘဲ ရောက်ရောက် အဆင်ပြေချောမွေ့နိုင်မယ်ဆိုတာကို မီးမောင်းထိုးပြထားသလိုဘဲ..
ကျေးဇူးပါ

Anonymous - 2/5/11, 3:33 AM

အရေးအသားနဲ့တင်ပြပုံလေးလှတယ်။ အဆိုးအကောင်း အမြဲတွဲနေတာ၊ ချိန်ဆဖို့၊ကံ၊+++ စသဖြင့်ပေါ့။

“ ဆိုဗိယက်ယူနီယံတွင် ဘတ်ထရန်ရပ်ဆယ်တွေ့ခဲ့ရသည် လူတိုင်းလိုလိုမှာ သိပ်သေချာနေကြသည်။ သေချာတာတွေများလွန်းတော့ သူ့ရင်ထဲ သိပ်မသေချာခင်တော့။”ဆိုတာလေး စိတ်ထဲရောက်လာတယ်။ အကောင်းအဆိုးကို သေချာရေးပြထားလို့လေ။ အားနည်းချက်၊ အားသာချက် စတာတွေနဲ့ဆက်စပ်ပြီးတော့ပေါ့။
တော်သေးပြီ :)

Soe Mya Nandar Thet Lwin (Borros Roxo) - 2/5/11, 4:57 AM

ဘလောဂ့်ဆိုတာကို ကိုယ်တိုင် မရေးခင် စသိလာကထဲက ကိုအန်ဒီရေးတဲ့ ပိုစ့်တွေကို ဖတ်ရင်း ရင်းနှီးနေခဲ့တာ ၃နှစ်နီးပါးရှိခဲ့ပြီ။

စဖတ်တော့ သမီးငယ် မြတ်နိုးလေးကို ပြုစုပျိုးထောင်တာတွေကို အသေးစိတ် ရေးတာ၊ သားလေးမွေးလာတော့လဲ သားအကြောင်းတွေ ရေးတာ၊ ဖွယ်ဖွယ်ရာရာ ဟင်းချက်တာတွေကို အစီအစဉ် ကောင်းကောင်းနဲ့ တင်ဆက်နိုင်တာ စတာတွေနဲ့ အစပြုခဲ့တယ်။

အဲဒီကထဲက ဖခင်တယောက် သားသမီးအပေါ် ထားတဲ့ မေတ္တာ၊ စာအရေးအသား၊ အတွေးအမြင် ကောင်းကောင်းနဲ့ တင်ဆက်နိုင်လို့ ကိုယ်တိုင်လဲ ပိုစ့်အသစ်တက်တိုင်း အမြဲဖတ်သလို၊ ပိုစ့်အဟောင်းတွေလဲ မွှေနှောက်ဖတ်ပြီး၊ ပတ်သတ်ရာ မိတ်ဆွေတွေကိုလဲ ဝီရှီမီ ဘလောဂ့်ဖတ်ဖို့ ညွှန်ဖြစ်တယ်။

ကိုအန်ဒီ ရေးခဲ့တဲ့ ပိုစ့်တွေထဲက " ကြက်ဥနဲ့ ကြက်၊ ကာမသုခ ချို့တဲ့သူများ၊ ငန်းတစ်အုပ်ရဲ့ အထ္တုပတ္တိ၊ Elite ယောင်ဆောင်ခြင်းနဲ့ အခုဒီ နင့်ကြောင့် ငါကြောင့် " ပိုစ့်တွေကို တော်တော် နှစ်သက်မိတယ်။

Quote: "ရုန်းကန်ရတဲ့ အချိန်တွေမှာ ကြုံတွေ့ရမည့် အခက်အခဲတွေ၊ အောင်မြင်လာချိန်မှာ စံစားရမည့် အကျိုးအမြတ်တွေကို ဝေမျှ ခံစားတတ်ပြီး တစ်ဦးကို တစ်ဦး နားလည် အကူအညီ ပေးမှသာ ဘ၀ကို အဖော်ကောင်း တစ်ယောက်နဲ့ ဖြတ်သန်းရသလို ဖြစ်မှာပါ။"

ဒီပိုစ့်ကို ဖေ့စ်ဘွတ်မှာ ပြန်ရှယ်လိုက်ပါတယ်။

ကိုအန်ဒီတည်ဆောက်ထားတဲ့ မိသားစုဘဝက တကယ် လက်တွေ့ကျ ပြည့်စုံလို့ အားကျမိတယ်။ တကယ်!!!

အမအတွက်လဲ စိတ်ချမ်းသာရသလို ကလေးတွေအတွက်လဲ ကိုအန်ဒီတို့ မောင်နှံဆီမှာ လူလာဖြစ်ရတာ ကံကောင်းလိုက်တာလို့ တွေးမိတယ်။

အမြဲ ချမ်းမြေ့သာယာအောင်မြင်တဲ့ မိသားစု ဖြစ်ပါစေလို့ ဆုမွန်တောင်းပါတယ်ရှင်။

ခင်မင်လေးစားအားကျလျှက်
နန္ဒာ

Anonymous - 2/5/11, 5:41 AM

ရေးထားတာလေး သဘောကျတယ် ...
လင့်ခ် ယူသွားတယ် ဗျို့ ..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

rose - 2/5/11, 10:06 AM

ကိုအန်ဒီ... စာ လာဖတ်ပါတယ်။ တန်ဖိုး ရှိလိုက်တဲ့ ပို့စ်လေး။ နှစ်သက်မိတယ်။ ရို့စ်နဲ့ သူလည်း ရန် မကြာခဏ ဖြစ်လေ့ မရှိပေမယ့် ဖြစ်တဲ့ အခါ သူ့ကြောင့် ကိုယ့်ကြောင့် ဆိုပြီး အပြစ်တင် လွှဲချတတ်တယ်။ ဒီပို့စ်လေး ဖတ်ပြီး ဆင်ခြင်ဦးမှ ဆိုတဲ့ အသိလေး ရသွားတယ်။ တစ်ဦးကို တစ်ဦး သည်းခံ ခွင့်လွှတ်မှုတွေနဲ့ ချည်နှောင်မှ ခိုင်မြဲမှာနော်။

မောင်မျိုး - 2/5/11, 2:18 PM

အေးအတူ ပူအမျှ တို့ဘ၀လေးပေါ့ ဖတ်ရတာ သင်ခန်းစာရတယ် ဘ၀ရဲ့အ ခက်ခဲ အကြပ်တဲတွေကိုရင်ဆိုင်ဖြေရှင်းကြတဲ့ ဘ၀တိုက်ပွဲရဲ့ ရှေ့တန်ုးတိုက်စစ်မှူး ၂ ဦးပေါ့ ။ နင့် ကြောင့် ငါ့ကြောင့် လို့ ပြောတတ်ကြပေမယ့် သူတို့လေးတွေ ရှိနေတော့ ဘ၀ကနေပျော်မှာပါ ယောက်ျားတစ်ယောက်အတွက် ဖခင်ကောင်းတစ်ယောက် ယောက်ျားကောင်းတစ်ယောက်ဖြစ်တည်ခွင့်ရခြင်းကလည်း ဂုဏ်တစ်ရပ် လို့ကျနော်တော့ထင်တယ် အစ်ကိုရေ ။

Anonymous - 2/5/11, 7:09 PM

နားအလည်နိုင်ဆုံးပို့စ်ပါ။
mm

Aung Myo Htet - 2/5/11, 7:59 PM

Auက ရှားရှားပါးပါးသူငယ်ချင်းအနေနဲ့ ဇာတ်လမ်း(၁)စဖတ်ကတည်းက မဟုတ်ပါဘူးလို့ တွေးနေတာ မင်းPostကို ဖတ်ရတာကလည်း Jet Li ရဲ့ Heroကြည့်ရသလို ဟုတ်မလိုလိုနဲ့ ဇာတ်ကြောင်းက ပြောင်းပြောင်းသွားတယ် :)

pandora - 2/6/11, 1:34 AM

"လင်မယားတွေလည်း ဘ၀ရဲ့ အခက်အခဲဆုံး အချိန်တွေမှာ အတူတကွ အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ဖို့ ဆိုတာကတော့ ကျွန်တော်တို့ လင်မယား ၂ ယောက်တည်းသာ တောင်းတဲ့ ဆု မဟုတ်လောက်ပါဘူး။ "

မိသားစုတိုင်းရဲ့ မျှော်လင့်ချက်ပါ။ ကိုအန်ဒီရဲ့ ပို့စ်လေးက ရပ်ဝေးမှာ ရုန်းကန်နေရတဲ့ မိသားစုတွေရဲ့ ဖြစ်လေ့ဖြစ်ထရှိတာလေးတွေကို ထင်ဟပ်ပြီး သတိပေးစေလို့ ကျေးဇူးတင်ပါတယ်။

Andy Myint - 2/6/11, 4:11 PM
ကျေးဇူး မပန်...

(Real life comment) Reader, that's right. Experience or reading matters when facing real life difficulties.

N/A ... တိုက်ဆိုင်နိုင်ပါတယ်။ လင်မယားတွေက ဒီလိုပဲ ရုန်းကန်ခဲ့ရတာ ဆိုတော့။

မှတ်သားလောက်ပါတယ် Shinlay ။ ဘေးစကားလည်း တော်ရုံ တန်ရုံ မယုံနဲ့ ဆိုတာ။

(တိုက်တိုက် ဆိုင်ဆိုင်ပဲ ဆိုတဲ့) စာဖတ်သူ... ကျွန်တော်လည်း အဲဒီလို လူမျိုးတွေ တွေ့ဖူးပါတယ်။

ကြိုက်တယ် ဆိုလို့ ၀မ်းသာပါတယ် Mie Nge

ဟူးးးး တော်သေးတာပေါ့ စန္ဒကူး ..အောက်မှာ ပြန် ဖြေပေးထားလို့

အားပေးတာ ကျေးဇူး Republic

အမှန်ပဲ မဆုမြတ်မိုး လာဖတ်တဲ့ သူတွေရဲ့ အချိန်တွေကို လေးစားပြီး ရေးသင့်တယ်။

ဟုတ်တယ် ချော။ အိမ်ထောင်တစ်ခုဟာ ၂ ယောက်ပါတယ် ဆိုပဲမယ့် တကယ်တော့ ပန်းတိုင် တစ်ခုတည်း ခံစားချက် တစ်ခုတည်း ဖြစ်ပါတယ်။

သေချာတာတွေ များလွန်းလို့ သိပ်မသေချာသလို မသေချာတာတွေ များလွန်းလို့ သိပ်မသေချာတော့တာတွေပေါ့ (ဘတ်ထရန်ရပ်ဆယ်) စာဖတ်သူ

အခုလို အရှည်ကြီး မှတ်မှတ်ရရ ရေးသွားပေးတာတွေ ဖတ်လိုက်ရတော့ Soe Mya Nandar Thet Lwin ဟာ အမာခံ စာဖတ် ပရိတ်သတ်လို့ သိလိုက်ရလို့ ၀မ်းသာပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။

လင့်ယူသွားတဲ့ အတွက် Many Thanks ပါ မဆောင်နှင်းရွက်

ကိုယ်ချင်းစာ နားလည်မှု၊ သည်းခံ ခွင့်လွှတ်မှုတွေ လိုအပ်တာ အမှန်ပဲ Rose

တိုက်စစ်မှုးဆိုပြီး ဂိုးတွေ တဂိုးပြီး တဂိုး ရွှတ်နေမှ ဒွက်ခ မောင်မျိုးရေ

MM နားအလည်နိုင်ဆုံး ပို့စ် ဆိုတာကလည်း နားလည် မိပါတယ်။ လင်မယားတွေ ဆိုတာ ဒီလိုပဲလေ..

သြော်ဇီက ရှားရှားပါးပါး သူငယ်ချင်းက အခုလို ဖြေရှင်း သက်သေခံပေးလို့ တော်သေးတာပေါ့ Aung Myo Htet။ ရေးသာ ရေးလိုက်ရတာ စာဖတ်သူတွေက ယုန်ထင် ကြောင်ထင် ဖြစ်နေမှာလည်း စိုးရသေးတယ်။
JUSTICE999BURMA - 2/6/11, 6:01 PM

ရင်မောလိုက်တာဗျာ... ဘာပဲဖြစ်ဖြစ် စာဖတ်သူတွေ အတွက် ဘယ်လိုပြင်ဆင်သင့်တယ်.. ဘာတွေလိုအပ်တယ်ဆိုတာတွေ ပါသိသွားတာပေါ့...

အစ်ကိုတို့  အစ်မတို့  ကျန်းမာကြပါစေ

T T Sweet - 2/7/11, 12:46 AM

တိုက်တိုက်ဆိုင်ဆိုင်ပဲ ကိုအန်ဒီရေ ... ကျွန်မတို့လဲ အသိုက်ပြောင်းဖို့ ပြင်ဆင်နေတုံး နေတုံး ဒီပို့စ်တက်လာတာ။ သိချင်တာတွေ သိသင့်တာတွေ မမေးလိုက်ရပဲ ပို့စ်ထဲမှာ တော်တော်ပါသွားတယ်။ ကျေးဇူးအထူးပါ။

Rita - 2/7/11, 12:41 PM

ကျန်တာတွေထက် ကလေးတွေနဲ့အကြောင်း တွေးမိတိုင်းမှာ အလေးပြုမိပါတယ်။ ဒါတောင် ကလေးတွေအကြောင်း အစပိုင်းပို့စ်တွေတုန်းက မဖတ်မိခဲ့ဘူး။

Andy Myint - 2/7/11, 10:43 PM
ကိုယ်တိုင် ရင်ဆိုင် တွေ့ကြုံတဲ့အခါ ကိုင်တွယ်ဖြေရှင်း ပြီးရင်တော့ အခက်အခဲ အဆန်းတကြယ် ဟုတ်တော့မှာ မဟုတ်ပါဘူး ရီတာ။ အခုတော့ တွေးမိပြီး ခက်ခဲနေတယ် ထင်လို့ပါ။

တကယ်တမ်း Migrate လုပ်ရင် ဖတ်ရတာထက် ပိုပြီး ရင်မောရမယ် JUSTICE999BURMA ။ ဆုတောင်းအတွက် ကျေးဇူးဗျာ။ အလုပ်များတော့ ကျန်းမာမှ ရတယ်။

တကယ် ပြောင်းလာတော့မယ်ပေါ့ T T Sweet ။ အင်း အမတို့လို အခြေကျပြီး သူတွေ အတွက်က ပိုစဉ်းစားရ ပိုစီစဉ်ရတာပေါ့။ ကျွန်တော်တို့က စင်္ကာပူ ရောက်ကတည်းက ခဏပဲ နေမယ်ဆိုပြီး စိတ်ကူးထားတော့ ထ ပြောင်းလိုက် ရုံပဲ။ တကယ်တမ်း ဒီပို့စ်ထဲမှာ ပြောင်းဖို့ အတွက် များများစားစား Specific မရေးထားပါဘူး။ အမတို မေးချင်တာ ရှိရင် Email သာ ပို့လိုက်။ ကိုမောင်ခြိမ့် သူငယ်ချင်းတွေကတော့ ကျွန်တော်တို့ထက် အတွေ့အကြုံ ပိုများမှာပေါ့။ ဆစ်ဒနီ လာမှာ ဆိုရင်တော့ ဆုံရတာပေါ့။
Anonymous - 2/8/11, 3:34 AM

ကျမတို့လဲ စင်္ကာပူမှာ ၆နှစ်နေခဲ့ပီး အဲဒီနားနီးတဲ့ အင်ဒိုနီးရှား ဗီယက်နမ် ဗုဒ္ဒဂါယာ တွေမလည်ခဲ့ရတာ နောင်တရနေတာ။ ကျမတို့အဖြစ်မှာက အိမ်ထောင်ဦးစီးကျောင်းပြန်တက်သောအခါ လို့ဆိုရမလိုပဲ။ ဂရင်းကဒ်လဲမရှိ နိုင်ငံရေးခိုလှူံခွင့်လဲမယူ သူကအချိန်ပြည့်ကျောင်းပြန်တက်နဲ့ အဲဒီအချိန်က နင့်ကြောင့်ပြောချင်စိတ်ခဏခဏပေါ်ပေမယ့် တကယ်မပြောဖြစ်ခဲ့တာက ကျမသဘောနဲ့ပြောင်းခဲ့တာမို့ပေါ့...တိန်။
ဝေတိုး

Mg Chaint - 2/8/11, 9:38 PM

ကိုအန်ဒီရေ...

ပို့စ်တွေ ဖတ်ပြီး ရင်းနှီးနေတာ ကြာပါပြီ။ တီဆွိကတော့ ကိုအန်ဒီပို့စ်ထဲကလိုပဲ နင့်ကြောင့်တွေပဲ ဖြစ်လာမလား ဘာဖြစ်လာမလဲတော့ မသိဘူး။ စလုံးမှာ သူငယ်ချင်းတွေနဲ့ နေလာတဲ့ ဘ၀ကနေ တစ်ယောက်တည်းဆိုရင်တော့ ကျွန်တော်လဲ သူရဲ့ pressure ကိုတွေးကြောက်မိတာတော့ အမှန်ပါပဲ။
အဆင်ပြေရင် ကျွန်တော် ပရိုးဖိုင်းမှာ အီးမေးလ်ပါတယ်လေ။ ဖုန်းနံပါတ်ပို့လိုက်ပါလား။ မိတ်ဆွေတိုးတာပေါ့။

Andy Myint - 2/9/11, 12:07 AM
ကိုမောင်ခြိမ့် Profile က Private များ ဖြစ်နေလား မသိဘူး။ မမြင်ရဘူး ခင်ဗျာ။ ကျွန်တော့် Gmail ကတော့ ကျွန်တော့် နာမည် အစ အဆုံးပါပဲ။ နာမည် တစ်လုံးနဲ့ တစ်လုံးကြားမှာ "." တွေ "_" ဘာတွေ မပါဘူး။ သြော်ဇီမှာတော့ ပျင်းစရာ ကောင်းတာ အမှန်ပဲ ကိုမောင်ခြိမ့်။ ကျွန်တော်တို့က ကလေးငယ်လေးတွေနဲ့ မို့ အားချိန် နားချိန် ပျင်းဖို့တောင် အချိန် မရှိလို့ တော်တော့တယ်။ ပထမပိုင်းတော့ ဒီလို နည်းနည်း ခက်ခဲမှာပါပဲ။ ရေရှည်မှာတော့ ကောင်းဖို့ပါ။ အစပိုင်းမှာ TT Sweet က "နင်ကြောင့်" ဆိုရင် နောက်ပိုင်းကျမှ ကိုမောင်ခြိမ့်ကလည်း "ငါ့ကြောင့်" ပြန်ပြောနိုင်မှာပါ။ ဟီးဟီး နောက်တာ။

အမေရိကားကို ပြန်သွားဖို့ ကျွန်တော်တို့လည်း စဉ်းစားသေးတယ် မဝေတိုး ။ စင်္ကာပူမှာ IT သမားတွေ အတွက် H1 ရဖို့ လမ်းကြောင်းတွေ အတော် တီးခေါက်မိတယ်။ နောက်တော့ အဲဒီ Green Card မရခင် ကာလရယ် ၊ ပထမပိုင်း ၁နှစ် ၂နှစ်ရယ်ကို မရင်းနိုင်တာရယ် သြော်ဇီက အသစ်အစမ်းလည်း ဖြစ်တာနဲ့ သြော်ဇီကို ရွေးလိုက်တာ။ အမတို့ကတော့ တောင့်ခံနိုင်တော့ ရောက်သွားတာပေါ့။ ဟုတ်တယ် စင်္ကာပူမှာ နေတုန်း နီးနီးနားနား လျှောက်သွားထားမှ တန်ကာကျတယ်။ အခုမှ အဲဒီ Asian နိုင်ငံတွေ ပြန်သွားရင် လေယာဉ်ဖိုးနဲ့ မတန်ဖူး။ ထိုင်းတို့ စင်္ကာပူတို့ကတော့ လေယာဉ် Transit ၀င်တာနဲ့ ရောက်နိုင်ပေမယ့် အမ ပြောသလို အင်ဒိုနီရှားတို့ ဘာတို့ကတော့ သပ်သပ် သွားမှကို ဖြစ်တာ။ အစပိုင်း ဒါမှမဟုတ် အရမ်း ခက်ခဲတဲ့ အချိန် နင့်ကြောင့် ငါ့ကြောင့် နည်းနည်းပါးပါး ဖြစ်ရင်လည်း သဘာဝ ကျပါသေးတယ်။ ဟီးဟီး.. အမ အနေအထားက "ငါ့ကြောင့်" ပင်ပန်း ရရှာတယ် ဖြစ်နေခဲ့တာပေါ့။ လင်မယားတွေ ဒီလိုပဲ ရုန်းကန်ရတာ သိရတော့ ကိုယ်တင်ပဲ မဟုတ်ဘူးဆိုပြီး (မဆီမဆိုင်) အားတက်မိပါတယ်။
ဇူလိုင် - 2/9/11, 1:40 PM

ကိုAndy က အရေးအသား ထိမိတယ်။ ကိုယ်တွေ.လေးတွေ အခြေခံပြီး Reader ကို အချိန်တိုတို အတွင်းမှာ Message တစ်ခုခု ပေးနိုင်တယ်။ ကျောင်းမှာ သံခိပ် နိုင်ခဲ.ပုံပဲ။ ဘုန်းကြီးဝတ်ရင်လည်း တရားဟော ကောင်းမယ်။ စမ်းကြည်.ပါလား။ (just kidding...သူမ will kill me...:))

ဇွန်မိုးစက် - 2/11/11, 6:39 PM

ကိုအန်ဒီရေ... နှစ်ယောက်မဟုတ်ဘဲ တစ်ယောက်ထဲ ပြောင်းလာရင်ရော ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရနိုင်မလဲ မသိဘူးနော်။ :-/

ဆစ်ဒနီမှာ ဆွေမျိုးတွေရှိပေမယ့် တကယ်တမ်း migrate လုပ်မယ်ဆို ကိုယ့်အားကိုယ်ကိုးရမယ့် သဘောမှာ ရှိနေတယ်။

မင်းပျို - 2/12/11, 4:57 PM

လာလည်တာပါ..အသစ်အဆန်းတွေစားချင်တိုင်းအမတို.ဆီကို ရောက်ဖြစ်ပါတယ်..

Andy Myint - 2/13/11, 8:13 PM
လာလည်ပါ မင်းပျို

ဘုန်းကြီးတော့ မ၀တ်ပါရစေနဲ့ဦး ဇူလိုင် ။ ကျောင်းဆရာလောက်တော့ ထား။ Message တစ်ခု ပေးနိုင် မပေးနိုင် ရ မရဆိုတာ စာဖတ်သူရဲ့ ပါရမီ အခံ ကောင်းမှလည်း ဖြစ်တာပါ။

တစ်ယောက်တည်းဆိုရင်တော့ အတော်လေး ပျင်းဖို့ ကောင်းမှာ ဇွန်မိုးစက် ။ စိတ်ပါရင် PR လောက်ပဲ ရအောင် လုပ်ထားပြီး နောက်ပိုင်း လိုအပ်မှ လာလည်း ဖြစ်တယ်။ သေချာတယ် အစစ အရာရာ ကိုယ်အားကိုယ် ကိုးမှ ရမှာ။
မနီလာ - 2/14/11, 7:06 PM

ကိုအန်ဒီ

ဒီပို့ စ်ထဲကလို နင့်ကြောင့် ငါ့ကြောင့်ဆိုတာမျိုးဖြစ်ခဲ့ဖူးပါတယ်...အခုတော့အိမ်ထောင်သက်ကလေး ရလာတော့ နားလည်မှုနဲ့ ပဲ ခွင့်လွှတ်နိုင်အောင်ကြိုးစားပါတယ်...
ကျွန်မတို့ မိသားစုက စင်ကာပူ ပီအာပါ။ သြော်ဇီကိုလာချင်နေတာ...
ကိုအန်ဒီရေးထားတဲ့ သြော်ဇီအကြောင်းပို့ စ်တွေ သေချာဖတ်ပြီးပါပြီ
အစကတော့ စင်ကာပူမှာ ကလေးတွေကျောင်းပြီးအထိ နေမယ်စိတ်ကူးခဲ့ပါတယ်...ဒါပေမယ့် စင်ကာပူရဲ့ ဥပဒေက အသေတွက်လို့ 
မရဘူးဆိုတာ အားလုံးသိပြီးဖြစ်မှာပါ...
ကျွန်မတို့ ပီအာသက်တမ်း ၅နှစ်ပြည့်တဲ့ အခါ ထပ်မတိုးပေးဘူးတို့  ပီအာ၅ သောင်းကို နိုင်ငံသားပြောင်းခိုင်း မယ်တိို့ဆိုတဲ့အသံတွေကြားရတော့ အရမ်းစိတ်ပျက်ခဲ့ရပါတယ်....
ကျွန်မ မသိသေးတဲ့ အချက်ကလေးတွေ အချိန်ရရင်ဖြေပေးပါနော်...ကျွန်မက သာမာန်အိမ်ရှင်မ တစ်ယောက်ပါ..သမီးနှစ်ယောက်ကျောင်းကြို ကျောင်းပို့ နဲ့ 
အလုပ်မလုပ်နိုင်ပါဘူး...ဒီမှာတော့ အိမ်ဝယ်ထားတာမို့ သိပ်ပြသနာမရှိပေမယ့်
သြော်ဇီမှာ ယောက်ျားလစာ တစ်ခုထဲနဲ့ ရပ်တည်လို့ ရပါ့မလား....စင်ကာပူမှာ
အိမ်ရှင်မတွေ အချိန်ပိုင်းအလုပ်တွေ လုပ်၇တာလွယ်သလို သြော်ဇီမှာကော
လွယ်သလား သိချင်ပါတယ်ရှင်...အချိန်၇ရင်ဖြေပေးပါ...
ကိုအန်ဒီတို့ မိသားစုကို အရမ်းအားကျပါတယ်...သြော်ဇီပီအာ ရရင်ကိုအန်ဒီ
အိမ်မှာ လာငှားနေမယ်နော်...ဟဲ ဟဲ

rita - 2/21/11, 12:32 PM

online နဲ့ဝေးနေလို့ဒီပိုစ့်လေးကိုခုမှပဲဖတ်ဖြစ်တာ.. စဖတ်မိတာနဲ့စိတ်ထဲမှာ တခုခုတော့မှားနေပြီလို့ထင်သား ...
bcoz ခန့်မှန်းမိသလောက်က ကိုအန်ဒီတို့လင်မယားက ခုလိုနင့်ကြောင့် ငါကြောင့် တွေလုပ်မဲ့လင်မယားမဟုတ်လောက်ပါဘူးလို့ :)

ဆုမြတ်မိုး - 2/24/11, 1:36 AM

ကိုအန်ဒီဘလော့က တကယ့်ကိုအဖိုးတန်ပါတယ်... စာတွေအဖိုးတန်သလို ကိုအန်ဒီ့ ဘလော့ကတဆင့်လူတွေလာလို့လည်းကျေးဇူးတင်ပါတယ်
ဆုမြတ်ကအရေးအသားသိပ်မကောင်းသလို ဘလော့ရေးတာမကြာသေးလို့သိပ်ပြီးတော့လူမသိပါဘူး ကိုအန်ဒီဆီမှာ feed roll တက်ရင်လူအယောက်လေးရာလောက်လာပါတယ်...အရမ်းကျေးဇူးတင်ပါတယ် ကိုအန်ဒီ

ခင်မင်လေးစားလျက်
ဆုမြတ်

Vista - 3/4/11, 3:37 PM

နင့်ကြောင့် ငါ့ကြောင့် တွေများလာရင် မငြိမ်းချမ်းတော့ဘူး ။
ဘာဖြစ်ဖြစ် အတူတူပဲပေါ့။

Mogyothwar - 3/6/11, 7:14 PM

Andy is so uneducated, stupid and very obstinate
guy. He uses stolen-material zawgyi font to destroy Burmese languages. Lucky , Burma got rid of him but he still destroying the country he was born and grew up.
Shame on you, once Burmese and now Abo.

Han Kyi - 3/23/11, 7:04 AM

နင့်ကြောင့် ငါ့ကြောင့်တွေပြောမနေတော့ပါဘူးလေ ကိုယ့်ကြောင့်လို့ပဲတွေးပြီး အပြင်းအထန်ကြိုးစားရင်းနဲ့ပဲ တိုးတက်လာတာပါပဲ....

မြစ်ကျိုးအင်း - 3/24/11, 7:41 PM

ဆုံးရှုံးတာနဲ့ကြုံကြုံ ဝမ်းမြောက်စရာနဲ့ကြုံကြုံ နှစ်ဦးသား တစ်စိတ်တစ်သဘောထဲ ဖြစ်နေရင် သာယာတဲ့ အိမ်ထောင်ဖြစ်မယ်လို့ ထင်ပါတယ်။
ကိုအန်ဒီတို့လည်း သာယာတဲ့ မိသားစု ဘဝလေးကို ရင့်သန်တဲ့ ဥာဏ်အမျှော်အမြင်နဲ့ တည်ဆောက်သွားနိင်မယ်လို့ယုံကြည်ပါတယ်။
အဆင်ပြေ ပျော်ရွှင်ပါစေဗျာ
ခင်မင်သောအားဖြင့်
မြစ်ကျိုးအင်း

ye - 3/27/11, 7:46 PM

Hi bro Andy,
I always read yr blog,I like yr blog,
Thank for sharing everything.
Can I contact with gmail?

lwin - 4/14/11, 2:38 PM

Reading this post can cure some extent of my postnatal depression. Thanks! "သူမ ကျွန်တော်နဲ့ အိမ်ထောင်ကျလို့၊ ကျွန်တော် သူမနဲ့ အိမ်ထောင်ကျလို့ ဒီလို ကံကောင်းရတယ် ကံဆိုးရတယ် ဘယ်တုန်းကမှ မတွေးမိဘူး။ ဒီရထား စီးရင် ဒီဘူတာရောက်မယ် ဆိုတာ ၂ ယောက်စလုံး သိလို ဒီရထား စီးခဲ့တာ ဒီဘူတာကို ရောက်လို့လည်း ၀မ်းနည်း ၀မ်းသာကြီး အလွန်အကျွံ မဖြစ်ရပါဘူး။"

ဆူးသစ် - 4/24/11, 4:20 PM

တစ်ခါမှ မရောက်ဖူးပေမယ့် ရောက်ဖြစ်တဲ့အခါ ဖတ်ရတာ အရသာရှိပါတယ်။ စလုံးမှာ ဇနီးသည်ရောက်လာပြီး ဘ၀တစ်ခုစနေရတဲ့ ကျွန်တော့်အတွက်လည်း မှတ်သားစရာတွေ တိုးပါတယ်။ ကျေးဇူးပါ။

SHWE ZIN U - 6/10/11, 2:46 PM

ဖတ်ဖြစ်ပေမဲ့ မမန့်ဖြစ်ဘဲ ပြန်ပြန်သွားမိတယ် ဒီပိုစ့် လေးဖတ်ရတာ သဘောကျတယ်ဗျာ ကျေးဇူး

White Dream - 8/2/11, 12:41 AM

We She Me ကို မရောက်တာ ၁ နှစ်တောင် တကယ် ကျော်ခဲ့ပြီပဲ။ ရောက်မိလို့ အဖိုးတန် ပို့စ်လေးကို ဖတ်ရတော့ တကယ် ကျေနပ်မိပါတယ်။

ma tauk - 8/9/11, 2:11 AM

Good to read!

Post a Comment

Many thanks for dropping a comment…

Film