Tuesday, January 25, 2011

ပုစွန် ပဲကြာဆံပေါင်း

ပုစွန် ကြာဆံပေါင်း ကို ပထမဆုံး ကြားဖူးတာ ယိုးဒယားက ပြန်လာတဲ့ အစ်ကို တစ်ယောက်ဆီက။ စင်္ကာပူမှာ ပုစွန်တုပ်ကြီးတွေ လတ်လတ်ဆတ်ဆတ် ရတုန်း သူက ပုစွန် ကြာဆံပေါင်းကို ယိုးဒယားမှာ စားလာတာ ကောင်းလို့ လုပ်စားမည် ဆိုပြီး ပဲကြာဆံ အထွေးလိုက် ပေါ်မှာ ပုစွန်တုပ်ကြီးတွေ တင်ပြီး ပေါင်း၊ ပြီးတော့ ပဲငံပြာရည် နည်းနည်းဖြန်းပြီး စားတာ။ အရသာက မလုံးဘဲ သိပ်စားလို့ မကောင်းလိုက်ဘူး။

နောက် အတော်ကြာမှ ဆစ်ဒနီမှာ Burwood ဆိုတဲ့ အရပ် (Suburb) ကို သွားတော့မှ ပြန်စားဖြစ်တယ်။ Burwood ဆိုတာလည်း ရန်ကုန်က တရုတ်တန်းလိုပဲ တရုတ်စာတွေ အတော်စုံ အတော်ကောင်းတဲ့ နေရာပါ။ အဲဒီက ဟောင်ကောင် ခေါက်ဆွဲ ဆိုင်တစ်ခုမှာ စားဖြစ်တာ။ သူတို့ကတော့ မီး အပူ တိုက်ထားတဲ့ စဉ့်အိုး (Hotpot) နဲ့ ပြင်ထားတာပါ။ မှာပြီးတော့ လင်မယား ၂ ယောက် ပုစွန်တွေကို လက်နဲ့ ခွာလိုက် စားလိုက် လုပ်ကြတာ လက်တွေကို ပေကျံနေတာပဲ။ ဂဏန်းတို့ ပုစွန်တို့များ အပြင်မှာ စားရတာ အဲဒီလိုပဲ နည်းနည်းတော့ "ကြိုက်မရှက်" ဖြစ်မှ။


အဲဒီမှာတုန်းက စားလို့ ကောင်းတာနဲ့ လင်မယား ၂ ယောက် ဘယ်လို ချက်ထားသလည်းဆိုတာကို ကြည့်လိုက်တော့ ပုစွန်ဖွဲလေးတွေ ပါပြီး အဲဒီ အနံ့ (Aroma)နဲ့ ပုစွန်ဆီက ထွက်တဲ့ အနံ့ ၂ ခုပေါင်းက စားလို့ ကောင်းစေတာ ဆိုပြီး တွေ့လိုက်တယ်။ အဲဒါနဲ့ တစ်နေ့မှာ ပုစွန်ဖွဲလေးတွေကို ဆားရေ စိမ်ထားတာကို ကိုရီးယား ကုန်စုံဆိုင် တစ်ဆိုင်ကနေ သူမ ၀ယ်လာတယ်။ အဲဒီ ပုစွန်ဖွဲ အခြောက်လေးတွေကို ငရုတ်သီးနဲ့တော့ ကြော်စားဖူးတာလည်း ကောင်းတယ်။ ဆစ်ဒနီက မြန်မာ ဘုန်းကြီးကျောင်း အလှူ တစ်ခုမှာတော့ အဲဒီ ပုစွန်လေးတွေကို ငပိချက် ချက်ထားတား စားခဲဖူးတာလည်း အတော်လေး ကောင်းပါတယ်။ အသိ တစ်ယောက်အိမ် သွားတုန်က အဲဒီလို ပုလင်းလေး ၀ယ်လာပြီး ချက်မည်ဆို ဖွင့်လိုက်တာ အထဲက Gas စုနေတာတွေ ကန်ထွက်ပြီး တပုလင်းလုံး မျက်နှာကျက် ပေါ်မှာ ပေကုန်တာ ကြုံဖူးထားလို့ ဖွင့်တဲ့ အခါ အတော် သတိ ထားလိုက်ရတယ်။ သူက ငါးပိ ငါးခြောက်လိုတော့ အနံ့ မပြင်းဘူး။ ခရမ်းသီးတွေ ဘာတွေနှပ်တဲ့ အခါလည်း ပုစွန်ခြောက် အစား ထည့်ရင် ပိုစားကောင်းတယ်။



ပုစွန် ပဲကြာဆံပေါင်းက ချက်ရတာ လွယ်ပါတယ်။ ပုစွန်ထုပ်တွေကို ရေဆေးထား။ ခြေတွေ လက်တွေ ဦးမျှင်တံတွေ ဖြတ်ထား။ အခွံနဲ့ မချက်ချင်ရင်တော့ အခွံခွာထား။ အခွံနဲ့ ချက်ရင်တော့ ပိုနူးညံ့ပါတယ်။ ဂျင်းပါးပါး တစ်ပြား၊ ကြက်သွန်နီ ခပ်ကြီးကြီး တစ်ဥနဲ့ ကြက်သွန်ဖြူ ၅တက် ၆ တက်လောက်ကို ခပ်စိပ်စိပ် လှီးထားပြီး အရောင်တင်မှုန့် (Paprika) နည်းနည်း၊ နနွင်းမှုန့် နည်းနည်းပါသည်ဆိုရုံနဲ့ ဆီသတ်ပါတယ်။ ပြီးတော့ ၂ ယောက်စာ အတွက် ပုစွန်ဖွဲ ၂ ဇွန်း မောက်မောက်ထည့်ပါတယ်။ နည်းနည်း ငန်တတ်လို့ မထည့်ခင် သံစကာ စိပ်စိပ်ထဲထည့် ရေဘုံပိုင်အောက် ထားပြီး ရေဆေးထားပါ။ အနံ့ကောင်းလာအောင် မွှေပြီး ပဲကြာဆံ ၂ထုံး ၃ထုံးထည့်ပါတယ်။ ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ဇွန်း၊ တရုတ် ဟင်းချက်ဝိုင် ၂ဇွန်း ၃ဇွန်း ထည့်ပါတယ်။ စားရတာ စွဲအောင် သကြား ၁ ဇွန်း၊ အနံ့မွှေးအောင် နှမ်းဆီ ၁ ဇွန်း ထည့်ပါတယ်။ ရေကို ကြာဆံ မြုပ်အောင် ထည့်ထည့်ပေးရပါတယ်။ ကြာဆံတွေ ရေ၀ပြီး အရောင်နှံ့သွားပြီးဆိုရင် ပုစွန်ထုပ်ကြီးတွေ အပေါ်က ထည့်ပြီး မီးပိတ် အဖုံး အုပ်ထားပါတယ်။ ကြာဆံထဲမှာတော့ ရေပေါလော မရှိနေပေမယ့် ရေအ၀တော့ ရှိနေရပါတယ်။ ပုစွန်တုပ်တွေကို ရေငွေ့နဲ့ ကျက်အောင် ပေါင်းပါတယ်။ အိမ်မှာ ချက်တာဆိုတော့ ဆိုင်မှာလို ကြည့်ကောင်းအောင် လုပ်စရာ မလိုလို့ မွှေပေးလို့လည်း ရပါတယ်။ ရေလိုရင် ရေနွေး ထပ်ထည့်ပါ။ အရည်လေး ခပ်စပ်စပ်နဲ့ စားချင်ရင်လည်း ရေနည်းနည်း ပိုထည့်လို့ ရပါတယ်။ ကျက်ရင်တော့ ပူတုန်း စားလို့ ကောင်းပါတယ်။

မြန်မာ အရသာ ကိုမှ တမ်းတမ်းတတ စားချင်တယ် ဆိုရင်တော့ ပုစွန်ခွက်ကြော်သုတ် ကို သွားကြည့်နိုင်ပါတယ်။


Wednesday, January 19, 2011

လောကအလှ နှင့် အင်တာဗျူး

မဟနစံရဲ့ စီစဉ်ပေးမှုနဲ့ လောကအလှ Online Magazine နဲ့ အင်တာဗျူးလေး တစ်ခု လုပ်ဖြစ်ပါတယ်။ မေးခွန်းတွေကတော့

  • ကိုအန်ဒီ ဘလော့ဂ်နာမည်We, She,Me ဆိုတာလေးကို ဘာကြောင့် အဲဒီ နာမည်ပေးတယ်ဆိုတာ ပြောပြပါလား။
  • ဘယ်အချိန်က စရေးတာပါလဲ။
  • ခုဘာတွေ လုပ်နေပါသလဲ။
  • ဝါသနာအရ ဘလော့ဂ်ရေး၊ စာရေးတဲ့ခါ အခြား ပြင်ပက အလုပ်နဲ့ မိသားစုကိစ္စများနဲ့ဆိုတော့ အချိန် ကသီလင်တ နိုင်တာမျိုး ရှိပါသလား။
  • ကိုအန်ဒီ့စာတွေကို လာဖတ်သူတွေ နှစ်သက်ကြတာများတယ် ဆိုတာ ဘာကြောင့်ပါလဲ။
  • စာဖတ်တဲ့သူတွေအကြိုက်ဆုံး ပို့စ်တွေရှိပါသလား။ ကိုအန်ဒီ ကိုယ်ရေးတာကို ကိုယ် အနှစ်သက်ဆုံးပို့စ်ရော။
  • စိတ်ဖိစီးမှုတွေရှိလာရင် ဘယ်လို အောင်မြင်ပါသလဲ။
  • အားလပ်ချိန်များမှာ ဘာလုပ်ပါသလဲ။
  • ယနေ့ခေတ်လူငယ်များအပေါ် အမြင်လေး သိပါရစေ။
  • စာဖတ်သူများကို ဘာများ အမှာစကားပြောချင်ပါသလဲ။

အင်တာဗျူး ကဏ္ဍကို ကြည့်ကြည့်လိုက်တော့ အယောက် ၁၀၀ နီးပါးနဲ့ အင်တာဗျူးပြီးတာ တွေ့မိပါတယ်။ သိထားတဲ့ ဘလော်ဂါတွေရော မသိသေးတဲ့ ဘလော်ဂါတွေ ပါတွေ့လိုက်ရတယ်။ လောကအလှက အတော်လေးလည်း လုပ်နိုင်ကြတယ်။ တစ်နေ့ထဲမှာကို ၃-၄ ယောက်နဲ့ ဗျူးလိုက်လို့ လိုက်ဖတ်တဲ့သူတွေကတောင် အတော်လေး လိုက်ဖတ်ရမှာပါ။

အထွေအထူး မဟုတ်ပေမယ့် လောကအလှကို မရောက်ဖူးသေးတဲ့ သူများရှိရင်လည်း သိရအောင် Link ကို Share ပေးလိုက်ပါတယ်။ ဟောဒီမှာ သွားဖတ်နိုင်ပါတယ်။

Tuesday, January 18, 2011

မီးပူ တိုက်တဲ့ စက်

ကိုပေါရဲ့2011 Wish List ထဲမှာ အလိုအလျောက် မီးပူ တိုက်တဲ့ စက်လည်း ပါရော အိမ်ရှင်မ စာဖတ်သူတွေ ခေါင်းတွေ ထောင်လာပြီး သူတို့ပါ လိုချင်တယ် လိုချင်တယ် ဖြစ်ကုန်ကြရော။ တကယ်လည်း စက်တွေက နေ့စဉ် ဘ၀တွေမှာ အတော်လေးကို အကူအညီ ပေးပါတယ်။ ခလုတ် နှိပ်လိုက်တာနဲ့ အခုချက်ချင်း မီးတောက်တဲ့ မီးဖို တွေ မရှိတုန်းက ခက်ခဲပါတယ်။ ဓါးတောင်ထဲက သံချောင်းတို့၊ Cast Away ထဲက Tom Hanks တို့ မီးဘယ်လို မွှေးတယ် အသာထား။ မှတ်မိသေးတယ်။ ငယ်ငယ်ကဆို အမေဈေးက ပြန်လာခါနီးဆို မီးမွှေး ပေးထားရတယ်။ ဒါတောင် မီးသွေးနဲ့ ထင်ရှုး အချောင်းလေးတွေနဲ့ မွှေးရတာ။ အနည်းဆုံး မိနစ် ၂၀လောက် အချိန်ပေးရတယ်။ ဒါမှ အမေပြန်လာရင် အဆင်သင့် ဖြစ်နေအောင်။ အခုများတော့ ခလုတ်တစ်ချက် နှိပ်လိုက်တာနဲ့ မီးကို ရနိုင်ပြီ။

မီးဖို ဆိုတာ အခုခေတ်မှာ ပါမွှား ပဲ။ အ၀တ်လျှော်စက် ၊ ပန်းကန်ဆေးစက် ၊ ဖုန်စုပ်စက် ၊ ရေခဲသေတ္တာ ၊ Oven ၊ Microwave Oven ၊ တို့များ မရှိရင် နေ့စဉ် Life Style က မတွေးဝံ့စရာပဲ။ အထူးသဖြင့် ဒီမှာ ကူဖော်လောက်ဖက် မရှိ ကလေး ၂ယောက်နဲ့ ကျွန်တော်တို့ မိသားစု အတွက်တော့ တကယ့်ကို မလွယ်ကြောပဲ။ အခုတော့ ဒီလို စက်တွေကြောင့် အိမ်ထောင် အလုပ် (Household chores) တွေဆိုတာ အမေတို့ ခေတ်တုန်းကလို ဒီလောက်ကြီး ပင်ပန်းတော့တာ မဟုတ်ဘူး။

တခြားဘက်က ပြန်ကြည့်တော့ မီးပူ တိုက်တဲ့ စက်အစား မီးပူ တိုက်စရာ မလိုတဲ့ အင်္ကျီ ဆိုရင်ရော မဖြစ်ဘူးလား။ မီးပူ တိုက်တဲ့ စက်ကို ဈေးပေါပေါ ရအောင် မထွင်နိုင် မရောင်းနိုင်သေးခင်မှာ မီးပူ တိုက်စရာ မလိုတဲ့ Wrinkle Free အင်္ကျီတွေ ဘောင်းဘီတွေဆိုတာ ၂၀-၃၀ ပိုပေးရင် ၀ယ်လို ရနေပါပြီ။ တီရှပ်တွေ ဂျင်းဘောင်းဘီတွေ ဆိုတာလည်း မီးပူ တိုက်စရာ မလိုတဲ့ အတွက် လူငယ်တွေ အကြိုက်ပဲ။ အခုနောက်ပိုင်းဆို အင်္ကျီတွေက မီးပူတိုက်စရာ မလိုတဲ့ Wrinkle Free တွေ အပြင် ချွေးမစုပ်တဲ့ အသားတို့ ပိန်းကြာရွက်လိုမျိုး မိုးရေ အလွယ်တကူ မစိုတဲ့ အင်္ကျီတွေအပြင် Nano Techonlogy နဲ့ လုပ်ထားတဲ့ ဘက်တီးရီးယား ရှင်းလင်းပေးတဲ့ ပိတ်စနဲ့ ချုပ်ထားတဲ့ အ၀တ်အစား တွေတောင် ၀ယ်လို့ ရနေပြီ ဆိုတော့ မီးပူတိုက်တဲ့ စက်ဆိုတာ ဒီလောက်ကြီး တောင့်တ ရတာ မဟုတ်တော့ပါဘူး။


မီးပူ တိုက်ပေးတဲ့ စက်အစား မီးပူတိုက်စရာ မလိုတဲ့ အ၀တ်အစားတွေ ပေါ်လာတော့လည်း ကျွန်တော်တို့ နေစဉ် ဘ၀တွေက အတော်အတန် အဆင်ပြေသွားပါတယ်။ တီထွင် ထုတ်လုပ်တဲ့ သူများကလည်း မီးပူတိုက်စက်ကို သည်းကြီးမည်းကြီး ထွင်မနေဘဲ မီးပူ တိုက်စရာ မလိုတဲ့ အ၀တ်အစားတွေ တီထွင် ရောင်းချတဲ့ အတွက် အမြတ်အစွန်းတွေ ရနိုင်ကြပါတယ်။ အနှစ် သဘောကတော့ တစ်ခုတည်း တစ်ယောက်တည်းက ဒိုင်ခံ လုပ်ပေးမည့်အစား တစ်ဘက်က အရာတွေက ကိုယ့်ဘာကိုယ် အဆင်ပြေအောင် လုပ်လို့လည်း ရသေးတယ် ဆိုတာပါပဲ။

ကွန်ပြူတာ လောကမှာတော့ ဒီလို တစ်ယောက်တည်း တစ်ခုတည်းက ဒိုင်ခံလုပ်ပေးတာကို Centralized System လို့ခေါ်တယ်။ ဟိုးအရင်ခေတ်က Main Frame လို စက်ကြီးတွေမှာ ကီးဘုတ်နဲ့ မော်နီတာပဲ ပါတဲ့ Dumb Terminal လိုစက်တွေက ချိတ်ထားပြီး အချက်အလက်တွေ ရိုက်ထည့်၊ အဲဒီ Server ကြီးက တွက်ချက်ပေးပြီး Terminal တွေမှာ ပြန်ပြ လုပ်တယ်။ နောက်ပိုင်း PC (Personal Computer) တွေက တွက်ချက်မှုအားတွေ သိုလှောင်နိုင်စွမ်းတွေ များလာတော့ PC တွေ ခေတ်စားလာပြီး ကိုယ့်စက်မှာ ကိုယ် သုံးလို့ရလာတယ်။ ကိုယ်စက်မှာကိုယ် သုံးနိုင်တဲ့ Microsoft Office လိုမျိုး Software တွေကနေ Distribute Computing တွေပါ လုပ်လာနိုင်တယ်။

SETI လို့ခေါ်တဲ့ ET တွေကို ထောက်လှမ်းတဲ့ အဖွဲ့တစ်ဖွဲ့ ရှိတယ်။ အရှည်ဆိုရင် Search for Extra-Terrestrial Intelligence ပါ။ သူတို့က စလောင်းတွေနဲ့ ဟိုး ကမ္ဘာအပြင်ဖက်က Electormeganitc Wave တွေကို ဖမ်းပြီး Analyze လုပ်ကြည့်တယ်။ အဲဒီလို ဖမ်းနားထောင်းတယ်ဆိုတာ အချိန်ပြည့် လုပ်နေတာဖြစ်ပြီး တစ်မိနစ် တစ်မိနစ်မှာ တွက်ချက်စရာ အချက်အလက်တွေ ဆိုတာလည်း အသိန်း အသန်းနဲ့။ အဲဒီတော့ သူတို့က စနစ်တခု ထွင်လိုက်တယ်။ သူတို့ အချက်အလက်တွေကို ကျွန်တော်တို့ စက်တွေမှာ အကူ တွက်ပေးနိုင်တဲ့ စနစ်မျိုး။ ကိုယ့်စက် အားနေတဲ့ အချိန်မှာ သူတို့က အချက်အလက်တွေ အလိုအလျှောက် ပို့ပေး ကျွန်တော်တို့ စက်တွေက တွက်ချက်ပြီး ပြန်ပို့ပေးတာ။ အဲဒီလို Volunteer လုပ်ပေးတဲ့ စက်တွေက သိန်းနဲ့ ချီ ရှိတာ ဆိုတော့ သူတို့ အတွက် အတော်လေး အဆင်ပြေသွားပါတယ်။ သဘောကတော့ ကွန်ပြူတာ အကြီးကြီးတစ်ခုတည်း ထွင်မယ့်အစား စက်အသေးလေးတွေမှာ ခွဲပြီး တွက်ချက်တာမျိုးပေါ့။

အိမ်ထောင် တစ်ခုမှာလည်း အရင်တုန်းကဆို အဖေ တစ်ယောက်တည်း ငွေရှာရင် လုံလောက်တယ်။ Breadwinners တစ်ယောက်တည်း၊ ငွေရှာစက်ကြီး တစ်ခုတည်းပေါ့။ အခုခေတ်မှာတော့ မရတော့ဘူး။ မလုံလောက်တော့ဘူ။ သားသမီးတွေကပါ အရွယ် နည်းနည်း ရောက်လာရင် ကိုယ့်မုန့်ဖိုး ကိုယ်ရှာ။ ကိုယ့်ကျောင်းစားရိတ် ကိုယ့်ဘာကိုယ် စုဆောင်းရတယ်။ သားသမီးက မလုပ်ရင်တောင် အနည်းဆုံး အဖေရော အမေရော အလုပ်လုပ်မှ အိမ်စားရိတ်ကို ကာမိမည်။ တစ်ယောက်တည်းက ရှာတာထက် အားလုံးက နည်းနည်း နည်းနည်း မျှဝေ ရှာဖွေမှ အလုပ် ဖြစ်တော့တယ်။

နိုင်ငံနဲ့ ချီပြီး ကြည့်မည်ဆိုရင် ဗမာတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို မီးပူတိုက်တဲ့ စက်လို သဘောထားတဲ့ သူတွေ ရှိနေတယ်။ ပြည်သူ ပြည်သားတွေကို ဒီမိုကရေစီ ခေါက်ရိုး ကျိုးအောင် အချိန်တန် အမေပဲ မီးပူတိုက်ပေးမည် မျှော်လင့်နေကြပုံပဲ။ ကိုယ့်ဘာကိုယ် Wrinkle Free ဖြစ်အောင် လုပ်ပြီး ပြန့်ပြန့် ရှင်းရှင်း နေကြမည် စိတ်ကူးရမည်။ ဒေါ်စု ကိုယ်တိုင် လူတွေကို ကိုယ့်အား ကိုယ်ကိုးဖို့ ပြောထားတဲ့ စကားကို ပြန်လည် နားထောင်ကြည့်ရအောင်။


“ကျမ အထင် လူတွေက သူတို့လုပ်ချင် ဖြစ်ချင်တဲ့နေရာတွေကို သွားနိုင်ဖို့ ကျမကို ကူညီစေချင်ခဲ့တာပါ..ကျမ သူတို့ကို ကြိုးစား သင်ပေး နေတာကတော့ သူတို့ ကိုယ်တိုင်က ကူညီနိုင်တယ် ဆိုတဲ့ အချက်ပါပဲ... ကျမတို့ တူတူ လုပ်ကြမယ်.. သူတို့ ကျမ တစ်ယောက်တည်းကို အားကိုးလို့ မရဘူးလေ..တခြား ဘယ်သူ တစ်ဦး တစ်ယောက် ပါတီ အဖွဲ့အစည်း တစ်ခုကိုလည်း သူတို့ လိုချင်တာကို ရောက်ဖို့ အားကိုးလို့မရပါဘူး...”

ဒီစကားမှာ သူမက လူတိုင်း “Wrinkle Free” ဖြစ်ဖို့ ဆုံးမထားတာကို တွေ့ရမည်။ ခေါင်းဆောင်ကောင်း ဆိုတာ ဒီလိုပဲ။ ကိုယ့်လူတွေကို လုပ်နိုင် ကိုင်နိုင်အောင် နည်းပေး လမ်းပြ လုပ်ပေး၊ လုပ်ပိုင်ခွင့် အာဏာတွေ ပေးပြီး ကိုယ့်ရဲ့ တန်ခိုး အာဏာကို ပိုမို ကြီးထွားစေတာပဲ။ ဗမာပြည်မှာ ဒီမိုကရေစီ ထွန်းကားအောင် လုပ်ဖို့ သူမ တစ်ယောက်တည်း လုပ်မည့် အစား လူတိုင်း လုပ်နိုင်အောင် ဆုံးမ သွန်သင်ခြင်းကသာ သူမရဲ့ ကြိုးပမ်း လုပ်ဆောင်ချက်တွေကို ပိုမို အောင်မြင်စေမည် ဆိုတာ အသေအချာ သိထားလို့ပဲ။

အဲဒီတော့ မီးပူတိုက်စက်ဆိုတာ မလိုအပ်တော့ဘူးလား ဆိုရင်လည်း မဟုတ်သေးဘူး။ ဒိုဘီဆိုင် (Laundary Service) တွေ၊ ဟိုတယ်တွေမှာ လိုအပ်သေးတယ်။ Commercial တွေအတွက်ကတော့ လိုအပ်သေးတာပဲ။ သူတကယ် လိုအပ်တဲ့ နေရာတွေမှာ လိုအပ်နေတာပဲ။ ဗမာတွေ ကိုယ့်ဘာသာကိုယ် ဒီမိုကရေစီကို လေ့လာကြ၊ ထွန်းကားအောင် ကျင့်ကြံကြ။ ဒေါ်စုလို ခေါင်းဆောင်တွေကတော့ ခေါင်းဆောင် အချင်းချင်းတွေ့ဆုံဖို့လိုကနေ Vision တွေ ချမှတ်ဖို့ Policy တွေ ချမှတ်ဖို့ စသည် စသည် ခေါင်းဆောင်တွေ လုပ်ရမည့် အလုပ်မျိုးတွေ လုပ်ဖို့ အချိန်တွေ အများကြီး အကျိုးရှိရှိ သုံးရဦးမည်။

အသေးအမွှားပေမယ့် အခုလတ်တလော ဘလော့တွေမှာ တွေ့နေ ကြားနေရတာ တစ်ခုက ဖောင့် (Font) မသွင်းဘဲ စာဖတ်သူက ဖတ်လို့ ရအောင် ဘလော့ရှင်တွေကို ပူဆာလို့ ဘလော့ရှင်တွေက သူတို့ စာတွေကို မြင်ရအောင် နည်းမျိုးစုံနဲ့ ကြိုးစားသော်ငြား ဟို Browser မှာတော့ ရတယ် ဒီမှာတော့ မရဘူး အကန့်အသတ်တွေ။ ဟိုဖောင့်တော့ ရတယ် ဒီဖောင့်တော့ မရဘူး အခက်အခဲတွေကတော့ ရှိနေဆဲပါပဲ။ ကိုဇက်တီတို့ သူ့ဘလော့ကို ဖောင့်ပြောင်းတော့ ကျွန်တော့်မှာ သူ့စာ ဖတ်ချင်တော့ သူ့သုံးတဲ့ ဖောင့်ကို လိုက်သွင်းရတယ်။ သူစာတွေ အလိုအလျှောက် မြင်ရအောင် ကိုဇက်တီကြီးကို မီးပူတိုက်စက်လို သဘောထားရင် သူ့စာ မဖတ်ရရုံပဲ ရှိမှာပေါ့။ နည်းပညာလည်း မကျွမ်းကျင် သားကလည်း ဖောင့်မသွင်းပေးလို့ ဒေါ်ရင်ရင်တို့လို မဖတ်ရတော့ဘူး ဆိုရင်တော့ တစ်မျိုးပေါ့ (နောက်တာ ကိုTZA)။ ရုံးမှာ ကန့်သတ်ထားလို့ ဖောင့်သွင်းလို့ မရဘူး၊ Changhi လေဆိပ်မှာ အများသုံး ကွန်ပြူတာကနေ ကြည့်ချင်တယ် ဆိုရင်တော့လည်း ချွင်းချက် ထားပါတော့။ အဲဒီလိုမှ မဟုတ်ရင်တော့ စာဖတ်သူတွေက ကိုယ့်ဘာကိုယ် “Wrinkle Free” ဖြစ်အောင် ကိုယ့်စက်ကိုယ် ဖောင့်သွင်းနိုင်ပါတယ်။ ဘလော့ရှင်တွေ အနေနဲ့လည်း အနည်းဆုံး ကိုယ်ဘယ်ဖောင့်သုံးတယ်။ ဘယ်မှာ Download လုပ်လို့ရတယ် ပြောရပါတည်။

ဖောင့် သွင်းတာကနေ မိသားစု အရေး အလယ်၊ နိုင်ငံ့ အရေး အဆုံးမှာ ထားပြီး စာဖတ်သူကို မေးချင်တာ တစ်ခုကတော့ - “Are you a dumb terminal?”

တခြားဖတ်ရန် - The Weakest Link


Saturday, January 15, 2011

Iron Man ထူး

အခု စာရေးနေချိန်မှာ သားက ၃ နှစ်ပြည့်ဖို့ ၄လ လိုသေးတယ်။ ဒါပေမယ့် သားက ကြည့်စရာ အစ်မ တစ်ယောက် ရှေ့မှာ ရှိတာရော၊ ကလေးထိန်းကျောင်းကို ငယ်ကတည်းက ပို့တာရောကြောင့် အတော်လေးကို လူလားမြောက်နေပြီ။ ၃ နှစ် မပြည့်သေးဘူး Comic ဇာတ်ကောင်တွေကို ကြိုက်နေပြီ။ Super Hero တွေကို ကြိုက်နေပြီ။ Spidermanတို့ Batmanတို့ Ironmanတို့ကိုဆို အကုန်ကြည့်တယ်။ ကာတွန်းကားလည်း ကြည့်တယ်။ ဗီဒီယို ဇာတ်လမ်းလည်း ကြည့်တတ်တယ်။ တော်ရုံတန်ရုံ ဒီအရွယ် ကလေးတွေက ဗီဒီယိုကို ကာတွန်းလောက် မကြည့်တတ်သေးပါဘူး။ သားကတော့ ကြည့်တယ်။

ငယ်ငယ်တုန်းကတော့ Thomas ကိုကြိုက်တယ်။ Thomas ဆိုတာ ရထားလေး ဇာတ်လမ်း။ ၂ နှစ်မပြည့်ခင်လောက်ထိတော့ ဇာတ်လမ်းကို TVမှာ ကြည့်တယ်။ နောက်ပိုင်းတော့ သိပ်မကြည့်တော့ဘူး။ ရထားတွဲလေးတွေကတော့ ကစားစရာ ဆိုင်တစ်ခုမှာ စားပွဲလိုက် လမ်းတွေ ရထားတွေနဲ့ ဆင်ပေးထားတာ ၀င်ဝင်ဆော့တာနဲ့ ဟိုးတလောကပဲ One set ၀ယ်ပေးလိုက်ရတယ်။ သားက ရထားလမ်းတွေတော့ ကောင်းကောင်း မဆင်တတ်သေးလို့ သူ့အစ်မက ဆင်ပေးတယ်။ သူက မောင်းတယ်။ သမီးက အိမ်ဆောက်တုံး ဆက်တာတွေ၊ ရထားလမ်းဖောက်တာတွေဆို ကောင်းကောင်းရတယ်။

သား စပြီး ကြည့်ဖြစ်တဲ့ ကားက Toy Story 2။ အဲဒီမှာ Buzz Light ကိုကြိုက်တယ်။ Buzz Light ဆိုတာ အဲဒီ ရုပ်ရှင်ထဲက Space Ranger။ ပြီးတော့ Woody လို့ခေါ်တဲ့ Cow Boy ကို ကြိုက်တယ်။ ဇာတ်လမ်းထဲမှာ အဲဒီ အရုပ်ကလေးတွေကို ပိုင်တဲ့ ကောင်လေးက Andy ဆိုတော့ သူ့အဖေ နာမည်နဲ့ တူလို့ ပထမတော့ Woody ကို Andy ဆိုပြီး မှားနေသေးတယ်။ Woody ကလည်း သူ့အတွက် အသံထွက်ရတာ နည်းနည်း ခက်တယ်လေ။ Buzz Light အရုပ်တွေ ဆိုင်ပေါ်တင်တော့ ဈေးကလည်း ကြီးတာနဲ့ တော်တော်နဲ့ မရလိုက်ဘူး။ နောက်ပိုင်း ဈေးကျသွားတော့မှာ အလတ်တစ်ခု အသေးတစ်ခု ရလိုက်တယ်။ အတော်လေး ဆော့ပြီးတော့ ငြီးငွေ့သွားပြီး Batman ကို တွေ့သွားတယ်။

Batman ကို စွဲစွဲမြဲမြဲကြိုက်နေချိန်မှာပဲ McDonald’s က Happy Meal မှာ Batman အရုပ်ကလေး ပေးတော့ အတော်ပဲ ဖြစ်သွားတယ်။ လက်ထဲမှာ ကိုင်နိုင်ရုံ ပလတ်စတစ် အရုပ်ကလေးပါ။ ကြိုက်တော့ အမြဲတမ်း အဲဒီ အရုပ်ကလေးနဲ့ ဆော့တယ်။ အိပ်လည်း ယူသွားတယ်။ ဟိုသွား ဒီသွား ကားပေါ်မှာ ဆိုလည်း အဲဒီ အရုပ်နဲ့ပဲ။ ဖြစ်ချင်တော့ တစ်ရက်ကျတော့ အဲဒီ အရုပ်ကလေးက ပျောက်သွားရော။ Happy Meal ကလည်း အရုပ်တွေကို တစ်လ တစ်ခါ ပြောင်းတာဆိုတော့ ပြန်မရတော့ဘူး။ စတိုးဆိုင်တွေ အရုပ်ဆိုင်မှာလည်း Batman ကရှာလို့ မလွယ်ဘူး။ Batman ကိုပိုင်တဲ့ ရေးဆွဲတဲ့ DC Comics အုပ်စုက အရုပ်လုပ်ဖို့ လိုင်စင်ပဲ မချပေးလို့လား လိုင်စင်က ဈေးပဲ ကြီးလို့လားတော့ မသိဘူး Batman အရုပ်က အပြင်မှာ ရှာလို့ကို မရဘူး။ Spiderman တို့ Transformers တို့ Star Wars တို့ကတော့ ပေါမှပေါပဲ။ လူကြီးတွေမှာ အပြင် သွားရင် Mall အသစ်တစ်ခုခု ရောက်တိုင်း Batman ရှာရတယ်။ ကစားစရာဆိုင် တွေ့ရင် သေးသေး ကြီးကြီး Batman ရှိလား ၀င်ဝင်မေးရတယ်။ ဘယ်လိုမှ ရှာလို့ မရဘူး။ eBay မှာတော့ ရှိတယ်။ မ၀ယ်ဖြစ်လိုက်ပါဘူး။

ကံကောင်းချင်တော့ Iron Man ကို စိတ်ပြောင်းသွားတယ်။ Batman ကိုတော့ ကြုံရင် ကြုံသလို မေးတယ်။ အိပ်မက် ယောင်တယ်။ အိပ်ရာထ ထချင်း မေးသေးတယ်။ Iron Man 2 ကို ကြည့်ပြီးတော့ Red Iron Man၊ Black Iron Man ဖြစ်သွားရော။ Iron Man လက်က Repulsor နဲ့ တွန်းလိုက်တာကို သိပ်သဘောကျတာ။ အဲဒီ ရုပ်ရှင်ထဲမှာ Iron Man က Doughnut စားတဲ့ အခန်းက သူတို့ ၂ ယေက်စလုံး အကြိုက်ပဲ။ "Iron Man eat Doughnut" ဆိုပြီး ဘယ်လို စားတာ ဘာညာနဲ့ ပြီးတော့ Doughnut တောင်းစားကြရော။ Iron Man အလှည့်ရောက်တော့ အရုပ်တွေကတော့ ဆိုင်မှာ များပါတယ်။ သားလိုချင်တာ Dress-Up ။ ရောင်းတဲ့ လူတွေကလည်း ရောင်းတယ်လေ။ ခေါင်းစွပ်က တစ်ခု၊ လက်က Repulsor က တစ်ခု၊ အနီရောင် ၀တ်စုံက တစ်ခု၊ ရင်ဘတ်က ပါဝါထုတ်တဲ့ Chest Arc Reactor က တစ်ခု၊ တစ်ကိုယ်လုံး ပြည့်အောင် ဆိုရင် မနည်း ဆင်ရမှာ။ ပိုက်ဆံ 100$ ကျော်ဖိုး ၀ယ်ရင်တောင် အပြည့်အစုံ မရချင်သေးဘူး။ အဲဒါကြောင့် မသိချင်ယောင် ဆောင်နေရတယ်။

အဲဒီတော့ ကိုထူးတို့က သူ့ဘာသူ ကြံပြီး Iron Man မဖြစ် ဖြစ်အောင် လုပ်တယ်။ ပထမဆုံး တွေ့သွားတာက အိမ်မှာ ဖုန်တွေ ဘာတွေ ရှင်းတဲ့ အခါ သုံးဖို့ ဖြစ်ဖြစ် ဆေးသုတ်တဲ့ အခါမျိုးမှာ သုံးဖို့ ဖြစ်ဖြစ် ၀ယ်ထားတဲ့ မျက်နှာဖုံးစွပ်ကို တွေ့သွားပြီး Iron Man Head ဆိုပြီး စွပ်ထားတယ်။ နောက်တော့ သူတို့ ကစားစရာထဲကပဲ လက်ဖျံမှာ စွပ်လို့ ရတဲ့ ပိုက်တစ်ခုကို လက်မှာ Repulsor ဆိုပြီး စွပ်စွပ်ထားပြီး လက်ဝါး ဖြန့်ထုတ်ပြီး “Boom ... Boom” ဆိုပြီး Iron Man လို လုပ်ပါရော။ Christmas ကာလမှာ စတိုးဆိုင်တစ်ခုမှာ Angel Winges ပုံစံ စက္ကူပြားနဲ့ လုပ်ထားတာတွေ ဝေတော့ သူ့အတွက် Wing တစ်ခု ရလိုက်တယ်။ အဲဒါတွေ အာလုံးပေါင်းလိုက်တော့ သူ့အတွက် Iron Man Dress-up တစ်ခု ဖြစ်သွားပါရော။ ၀တ်စုံပြည့် ၀တ်ပြီး သူ့အစ်မကို တဘွန်းဘွန်းနဲ့ လက်ဝါးဖြန့်ပြီး Iron Man ရဲ့ Repulsor လိုမျိုး လိုက်လုပ်ရင် မြတ်နိုးခမျာ ကြောက်လို့ ဆိုပြီး ထွက်ပြေးရင် သူက သဘောကျတယ်။ အဖေကပါ Iron Man လို ပျံလိုရအောင် လက်ပေါ်မှာ မှောက်ပြီး အမြင့်ကို ချီပေးရင်း အကြိုက်ပဲ။



သားက အဲဒီလိုပဲ ထွင်ပြီး သိပ်ဆော့တတ်တယ်။ သားက သမီးထက် ကစားစရာတွေ ပို ကြိုက်တတ်တယ်။ သမီးက အထွေ အထူး တောင်းတာ သိပ်မရှိဘူး။ စာဖတ်တယ်။ များသောအားဖြင့် သူ့အမေက ဖတ်ပြရတာပေါ့။ ဆေးခြယ်တယ်။ စာရေးတယ်။ သားကတော့ အမြဲတမ်း သူ့ Favourtie Character တစ်ခု ရှိတယ်။ အဲဒီ Character အတွက် အရုပ်တွေကလည်း ရတော့ သူ့စိတ်ကြိုက်ပဲ။ ကံကောင်းတယ်။ သူ့တို့ အလှည့်ကျတော့။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ရွှေဘုံသာလမ်းက ၂ဆိုင်လား ၃ ဆိုင်လား ရှိတဲ့ ကစားစရာ ဆိုင်မှာ ငေးမောရတယ်။ သားကလည်း အဖေနဲ့ တူတာ ဖြစ်မည်။ ငယ်ငယ်တုန်းက ဒီလုံးတို့ ကိုပူစီတို့ ဖတ်ပြီး ဆော့သလို သူတို့ အလှည့်ကျတော့ Batman တို့ Iron Man တို့ Spider Manတို့ ဖြစ်သွားပြီ။






ဒီကြားထဲမှာ သားက Spider Man လည်း ကြည့်သေး ကြိုက်သေးတယ်။ Spider Man လို လက်ချောင်းတွေကို ကွေးပြီး “ဖျစ် ဖျစ် .. ဖျီး.. ဖျီး” နဲ့ ပင့်ကူမျှင်တွေ ထုတ်တတ်သေးတယ်။ Spider Man လက်ချောင်းတွေကို ဘယ်လို ကွေးတယ် ဆိုတာကို မောင်နှမ ၂ ယောက်က ငြင်းရသေးတယ်။ ကိုထူးကတော့ လက်ညှိုးနဲ့ လက်ခလယ်နဲ့ပဲ လုပ်တတ်တာကို မြတ်နိုးက Spiderman ပုံတွေ အရုပ်တွေ ကြည့်ပြီး မတူတူ အောင်လိုက်လုပ်ပြီး ဒီလို လုပ်ရတယ် ပြော။ ကိုထူးကလည်း မဟုတ်ဘူး။ သူလုပ်တဲ့ ပုံကမှ မှန်တာတဲ့။ မောင်နှမ ၂ ယောက်ကတော့။ Spider Man အရုပ်လေး Happy Meal က ရလိုက်တာ အတော် ဆော့လိုက်ရတယ်။ Daycare ကိုပါ ယူယူ သွားတာ သူ့သူငယ်ချင်းတွေက ပါ လိုချင်ပြီး သူတို့ မိဘတွေကို ပူဆာလားမသိဘူး နောက်ပိုင်း ၃-၄ယောက်က ကျောင်းကို အရုပ်တွေ ယူယူလာပြီး အတူဆော့ကြတယ်။ သူက ဆရာကြီးလေ။ ဒါတောင် Spider Man ကျောပိုးအိတ်၊ Spider Man ဖိနပ်တို့ ၀ယ်ပေးထားသေးတယ်။ Spiderman ကျောပိုးအိတ်တုန်းက မနည်း ရှာပြီး ၀ယ်ပေးလိုက်ရတာ။ အနားမှာ ရှိတဲ့ ဆိုင်က အိတ်တွေက သေးတာနဲ့ ပုံမကောင်းတာနဲ့ ဖြစ်နေတယ်။ ကလေးပစ္စည်းတွေကတော့ ပြောမနေနဲ့ ကလေးတွေ မြင်လိုက်တာနဲ့ လိုချင်အောင် လုပ်ထားတာ။




ဒီမှာကလည်း ကလေးတွေကို ၀ိုင်းထိန်းပေးမည့် ဆွေမျိုးတွေ ဘာတွေ ဗမာပြည်မှာလို မရှိဆိုတော့ ကလေးတွေကို တီဗွီကတော့ တစ်နေ့ကို ၁-၂ နာရီ တိုင်သည်တော့ ပေးကြည့် ဖြစ်တယ်။ အနည်းဆုံး မိဘတွေ ထမင်းချက် ဟင်းချက်နေချိန် Daycare က ပြန်လာ ချိန်မှာ တီဗွီ ဖွင့်ပေးထားမှ ထမင်း ကောင်းကောင်း ချက်လို့ ရတာ။ Daycare မှာလည်း တနေကုန် တနေခမ်း ဆော့ပြီးပြီ ဆိုတော့ အဲဒီ အချိန်လောက်တော့ ပေးကြည့်မှ။ သူတို့ ကြည့်ချင်တဲ့ အစီအစဉ်တွေ ကူးပေးထားရတယ်။ ဒီမှာလာတဲ့ Play School ဆိုတဲ့ အစီအစဉ်ကိုတော့ ကလေး ၂ ယောက်စလုံး ကြိုက်တယ်။ အခွေတွေ ၀ယ်ပေးထားရတယ်။ Toy Story 3 တို့ Despicable Me တို့ ဆိုတာ အခု နောက်ဆုံး ၀ယ်ပေးထားတာတွေ။ အဲဒါပြီးရင်တော့ မောင်နှမ ၂ ယောက်မို့ အဖော်ရလို့ တခြား ကစားနည်းတွေလည်း ကစားပါသေးတယ်။ နောက်တစ်ခေါက်မှာ သူတို့ ဘယ်လို ကစားတယ် ဆိုတာ ရေးဦးမယ်။ ။



Wednesday, January 12, 2011

Yes or No မပြောချင်တဲ့ အခါ

အင်္ဂလိပ်စာ အင်္ဂလိပ်စကားပြောဟာ လေ့လာ လေ့ကျင့်မှု ကောင်းကောင်းမရှိလျင် ကြားလို့ကောင်းအောင် အပြောမတတ်ရုံ သာမက မှန်အောင်ပင် မပြောနိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ Yes or No လိုမျိုးကိုတောင် မှန်အောင် မပြောတတ်တဲ့ အဖြစ်တွေ ကြုံရတတ်ပါတယ်။ ဥပမာ

“You don’t like spicy food, do you?” လို့ မေးတာကို ကိုယ်ကလည်း မကြိုက်လို့ ရှိလျှင်
“Yes, I don’t.” ဆိုပြီး ဖြေတတ်ပါတယ်။
“No, I don’t.” လို့ဖြေမှ မှန်ပါတယ်။

ဒီပို့စ်မှာ နေ့စဉ် ကြုံတွေ့နိုင်တဲ့ မေးခွန်းတွေကို Yes or No မပါဘဲ တိုတိုကျဉ်းကျဉ်း ဖြေပုံ ဖြေနည်းလေးတွေကို မှတ်မိသလောက် တင်ပြလိုက်ပါတယ်။

တစ်ခုခု မေးလာလို့ ကိုယ့်က ဟုတ်တယ် ဆိုပြီး အတိုင်းအတာနဲ့ ပြန်ဖြေတာမျိုးကတော့
Are you happy?
Very!


Do you like spicy food?
Verryy...

အရမ်းကြီး မဟုတ်လည်း “Rather” ကို တခါတလေ သုံးလည်း ရပါတယ်။
You are glad to be home, aren't you?
Rather!


Are you finished?
Almost..

Are you sure? လို့ မေးလာရင်
100% လို့ ဖြေသလို
I'm positive ပြန်ဖြေပါတယ်။ ဒီနေရာမှာ Positive ဆိုတာ "Sure" လိုပါပဲ။


စတိုးဆိုင်လိုမျိုးမှာ လျှောက်ကြည့်နေတုန်း ဆိုင်ဝန်ထမ်းတွေက အကူအညီ လိုသလား မေးလာလျင် မလိုပါဘူး ပြန်ဖြေတဲ့အခါ ဒီလိုလည်း ပြောနိုင်ပါတယ်။
Do you need any help?
I’m fine. Thanks. ဒါမှမဟုတ် I’m all right, thanks.
တစ်ဘက်လူက ကမ်းလှမ်းမေးလာတာကို No. လို ခပ်ပြတ်ပြတ် ပြန်ဖြေတာမျိုးထက် ဒီလို ပြန်ဖြေ တစ်ဘက်လူမှာ နားထောင်ရ ပိုအဆင်ပြေပါတယ်။

ကုန်စုံဆိုင် Check-out counter တွေမှာ ထည့်ဖို့ ပလက်စတစ်အိတ်လိုသလားမေးတာကို လိုပါတယ် ဒီလို ဖြေလည်း ရပါတယ်။
Do you want a bag?
Please.

“Yes, please.” ကို “Please” လို့ အတိုပြောလို့ ရပါတယ်။ တစ်ခုခု မေးလာတာ လိုချင်ရင် ဒီလို ပြန်ဖြေပါတယ်။

ကော်ဖီဆိုင်မှာ သကြားထည့်မလား မေးရင် ၂ထုပ် ၂ ဇွန်း ထည့်မည်လို့ ကိုယ်လိုချင်သလောက်ကို အတိအကျ ဒီလို ဖြေပါတယ်။
Do you want sugar?
2 Please.


အပေါ်မှာ ပြောခဲ့တဲ့ “Yes, I don’t.” လိုမျိုး မှားတတ်တာကတော့ ဒီလိုမျိုးပါ။ ဥပမာ စားသောက်ဆိုင်မှာ ထိုင်နေတုန်း ကိုယ့်စားပွဲက အလွတ်ခုံ တစ်လုံးကို လာတောင်းတဲ့ အခါ
Would you mind if I take it? လို့မေးတာကို
Yeah..yeah... ယူနိုင်ပါတယ် ဆိုပြီး ပြန်ဖြေတတ်တာပါ။ အဓိပ္ပါယ် ပြန်ကြည့်ရင်တော့ စိတ်ဆိုးမလား မေးတာကို စိတ်ဆိုးတယ် ပြန်ဖြေသလို ဖြစ်နေပါတယ်။ အဲဒီလို မေးလာရင်
“Not at all.” "လုံးဝ စိတ်မရှိပါ"လို့ ပြန်ဖြေပါတယ်။
“Of course not” "စိတ်ဆိုးစရာ အကြောင်းမရှိပါဘူး" လို့လည်း ပြောပါတယ်။

တစ်ခုခု မေးလာလို့ “သိပ်ဟုတ်တာတာပေါ့။ ဒါပေါ့” လို့ ဖြေတာကတော့ အောက်က နမူနာလိုမျိုးပါ။
Do you love your children?
Of course.
လို့ ဖြေရင် ချစ်တာပေါ့လို့ မြန်မာလို ဖြေသလိုမျိုးပါပဲ။ (ချစ်ပါတယ်) Yes ထက် ပိုတဲ့ သဘောရှိပါတယ်။

Life in Australia is quite relaxing, isn’t it?
Indeed
. လို့ ဆိုတာ (အဟုတ်ပဲ/ ဟုတ်ပ) လို့ ပြန်ဖြေသလိုမျိုးပါပဲ၊

Yes ပဲ ဖြေတာထက် ကိုယ့်ရဲ့ခံစားချက်ကိုလည်း ဖော်ပြနိုင်ပါတယ်။
Could you help me to ... ?
I’m glad to.

Can I visit your home this weekend?
That would be great.


“ကောင်းနေပြီ” “ရပြီ” ကို ဒီလို ဖြေလည်း ရပါတယ်။
Is the taste OK ?
Good enough (for me).


ကိုယ်အသေအချာ မသိတဲ့ အကြောင်း အခြေအနေ တစ်ခုခု ဟုတ်သလား မဟုတ်သလား မေးလာတာကို
Is that correct?
I believe so.
ဆိုပြီး ကိုယ်ကတော့ မှန်တယ်ယူဆတယ် ပြန်ဖြေပါတယ်။

Will she call us?
Perhaps
. ဆိုပြီး မသေချာရင် ဖြေပါတယ်။ ဒါမှမဟုတ် ကိုယ်ကလည်း ဖြစ်စေချင်တယ်ဆိုရင်
Hopefully... လိုမျိုး ဖြေလို့ ရတဲ့အခါ ဖြေပါတယ်။

ကိုယ့်ကို မေးလာတာကို အမေးလိုမျိုးနဲ့ ပြန်ဖြေတာမျိုးတွေလည်း ရှိပါတယ်။
Do you love shopping?
Who doesn’t!


အထက်မှ ရေးထားတာတွေကတော့ Yes or No မေးခွန်းတွေကို Yes ရော No ရော မပါပေမယ့် ပိုမိုကောင်းမွန် နားဝင်ချိုအောင် ပြောနည်းတွေကို မှတ်မိသလောက် စုစည်းထားတာပါ။ အလွယ်လေးတွေ ဖြစ်လို့ သိပြီးသား ဖြစ်နိုင်သလို မပြောမိရင်လည်း နှုတ်တိုက် လေ့ကျင့်ပြီး စမ်းကြည့်နိုင်ပါတယ်။

နောက်ပိုင်းမှာ ခေါင်းထဲ ပေါ်လာတာလေးတွေကိုလည်း ထပ်ဖြည့်သွားပါမည်။ စာဖတ်သူတွေထဲက ဒီလို ပြန်ဖြေတာမျိုးတွေကိုလည်း Contribute လုပ်သွားရင် ပိုမိုပြည့်စုံသွားပါမည်။

Wednesday, January 05, 2011

ယူနီကုတ်ပြောင်းကြစို့

ကျွန်တော့် ဘလော့က မြန်မာစာတွေကို ပြတဲ့အခါ ယူနီကုတ်စံ (Unicode Encoding Standard)မီတဲ့ ဖောင့် (Font) တစ်ခုခု ပြောင်းဖို့ချိန်နေတာ လွန်ခဲ့တဲ့ နှစ်ကတည်းကပါ။ ကွန်ပြူတာသမား တစ်ယောက်အနေနဲ့ ယူနီကုတ်ရဲ့တန်ဖိုးကို သိပေမယ့် ဒီလို ပြောင်းတာဟာ ကိုယ်တစ်ယောက်တည်းနဲ့ ပြီးတဲ့ ကိစ္စ မဟုတ်လို့ မပြောင်းဖြစ်ခဲ့ပါဘူး။ ကျွန်တော်က ဗမာပြည်သား ကွန်ပြူတာသမားဆိုပေမယ့် ဒီလို ဖောင့်တွေ မြန်မာစာ အက္ခရာတွေကို လေ့လာသူလည်း မဟုတ်၊ တီထွင်သူလည်း မဟုတ် စိတ်ဝင်စားသူလည်း မဟုတ်တဲ့ အတွက် ဘာဖောင့်ပဲဖြစ်ဖြစ် အစွဲမထားဘဲ သာမန်အသုံးပြုသူ တစ်ဦး (End User) တစ်ယောက် အနေနဲ့ပဲ သုံးပါတယ်။ ဆေးခန်းသွားတဲ့ အခါ ဆရာဝန်ပြောသမျှ နားထောင်သလိုပါပဲ။

ဘလော့ တစ်ခုလုံးရဲ့ ဖောင့်ပြောင်းရတာ နေ့စဉ် အလည်လာသူ (စာဖတ်သူ) ၃၀၀မှ ၁၀၀၀ကျော်ထိ ရှိတဲ့ ဘလော့ တစ်ခု၊ တခြား ဇော်ဂျီဖြင့် ရေးထားသော ဘလော့ အခု ၃၀ ခန့်ကို နေ့စဉ် Preview လုပ်ထားတဲ့ ဘလော့ တစ်ခု အနေနဲ့တော့ မလွယ်ပါဘူး။ ငါ့ဘလော့ဂ် ငါ ဖောင့် (Font) ပြောင်းတာ ငါ့စာဖတ်ချင်ရင် ငါရေးတဲ့ ဖောင့်နဲ့ လိုက်ဖတ်လို့ တင်းမခံနိုင်သေးပါဘူး။ ဒီလိုလုပ်ထားတာလို့ သူ့ဖောင့်သွင်းပြီး ဖတ်တာတောင် စာအကုန်လုံး ပီပီပြင်ပြင် မပေါ်လို့ မနည်းသည်းခံ ဖတ်ရတဲ့ ဘလော့တွေလည်း ရှိပါတယ်။ ပို့စ်လေးငါးခု ဖတ်ပြီးတော့မှ မျက်လုံးက အထာနပ်သွားလို့ ဖတ်နိုင်သွားတာပါ။ အစက ဘာရေးထားမှန်းကို မသိတာမျိုးတွေလည်း ရှိပါတယ်။

စာရိုက်တဲ့ အခါလည်း တခြား လက်ကွက်ကို ကျွန်တော့် အနေနဲ့ကတော့ ကျင့်လို့ရပါတယ်။ ဒါပေမယ့် တခါတလေမှ ရေးတဲ့သူတွေ အဖို့တော့ Comment ရေးချင်ရင်တော့ မလွယ်တာ အမှန်ပါ။ ဇော်ဂျီဖောင့် ခေတ်စားပြီးခါစကတောင် စာဖတ်သူတွေထဲမှာ ဇော်ဂျီ မရိုက်တတ်တဲ့ သူတွေ ရှိနေသလိုပါပဲ။ ဘလော့ရေးတဲ့ သူတွေကတော့ စာရေးနေကျဆိုတော့ ခဏနေ အဆင်ပြေသွားတာပါပဲ။ Comment ရေးသူတွေ အတွက်တော့ မလွယ်ပါဘူး။ ဘလော့ကို ပြောင်းတဲ့ အခါ ကိုယ်ရေးတဲ့ စာကိုပဲ ဖောင့်အသစ် (Keyboad Layout အသစ်) ပြောင်းလို့ရတာ မဟုတ်ပါဘူး။ တခြားသူတွေရေးတဲ့ Comment တွေကိုပါ ပြောင်းရပါဦးမည်။ Comment တွေကိုပါ ဖောင့်ပြောင်းပြီးမှ ရေးတဲ့သူက အရင် (ဇော်ဂျီ) လက်ကွက်နဲ့ပဲ ရေးဦးမည်ဆို အဲဒီစာတွေကို Convert မလုပ်မချင်း ဖတ်လို့ ရဦးမှာ မဟုတ်ပါဘူး။ သည်းညည်းခံပြီး စိတ်မှန်းနဲ့ ဖတ်ရင်တော့ ဖတ်လို့ရတာပေါ့။

အဓိက မပြောင်းဖြစ်ခဲ့တာကတော့ ဇော်ဂျီဖောင့်ကို အားကိုးတကြီး စောင့်နေခဲ့လို့ပါပဲ။ ဇော်ဂျီဖောင့် ယူနီကုတ် အနေနဲ့ ထွက်လာရင်တောင် ရေးထားတဲ့ စာတွေကို Convert လုပ်ရမည် ဆိုတာ သိထားပေမယ့် ဘလော့ရဲ့ အသွင်အပြင် စာလုံးအရွယ် စာလုံးအရောင် စာစီစာကျတွေကို ဇော်ဂျီနဲ့ ချိန်ပြီး လုပ်ထားလို့ တခြားဖောင့်ကို မပြောင်းချင်သေးပါဘူး။ ဇော်ဂျီက ထွက်လာပေမည့် ယူနီကုတ်စံ မမီဘူးဆိုတော့ လူလည်း အတော် စိတ်ပျက်သွားပါတယ်။ ဒီကြားထဲမှာလည်း သူ့စံ ကိုယ့်စံတွေကြောင့် အတော် မျက်စိလည်သွားပါတယ်။

နောက်တစ်ကြောင်းကတော့ "ယူနီကုတ်သမားတွေ" ပါပဲ။ ယူနီကုတ်သမားတွေဆိုတာ ယူနီကုတ် စံမီဖောင့် ထုတ်လုပ်သူတွေ မဟုတ်ပါဘူး။ ယူနီကုတ်ပြောင်းဖို့ အကူအညီ ပေးသူတွေလည်း မဟုတ်ပါဘူ။ ယူနီကုတ် မသုံးတာကိုပဲ ဟိုးမျိုးချစ်စိတ် နိုင်ငံရေးကနေ ပုဂွိုလ်ရေးရာအထိ လျှောက်ပြောတဲ့ သူတွေပါ။ ယူနီကုတ်မပြောင်းတာ မြန်မာစာကိုပဲ တန်ဖိုးမထားသလို Linguistic တွေလို မြန်မာ အက္ခရာတွေကိုပဲ မသိသလို ဖြစ်ရပါတယ်။

Amoxicillin သောက်ဖို့ကို သူ့ထဲမှာ ပါတဲ့ ဓါတ်တွေကဘာတွေ သောက်ပြီးရင် ကိုယ်တွင်းမှာ ဇီဝပြောင်းလဲမှု ဘာတွေ ဖြစ်မှာကို မသိဘဲ သောက်လို့ အပြစ်ပြောတဲ့ ဆရာဝန်လိုမျိုး ဖြစ်နေပါတယ်။ ဆရာဝန်က ဒီဆေးကို ဘယ်လိုသောက် ဘာနဲ့ မသောက်နဲ့ သောက်ပြီးရင် မူးဝေတတ်တယ်။ ဒီလောက်ပြောရင် လူနာကလည်း အဆင်ပြေ ဆရာဝန်လည်း အလုပ်မရှုပ်တော့ဘူးပေါ့။ အခုတော့ အဲဒီ ယူနီကုတ်သမားတွေ ခမျာ ဟိုး ကွန်ပြူတာ စံတွေ စနစ်တွေကနေ မြန်မာ အက္ခရာတွေအထိ လိုက်ရှင်းပြနေရတာ တစ်ခုခုတော့ လွဲချော်နေပါတယ်။ အဆိုးဆုံးကတော့ နိုင်ငံရေးကနေ လူမှုရေးအထိ ပါလာတာကတော့ အတော်လေး ပညာရှင်မပီသပါဘူး။

သူတို့ ဒီလိုဆိုတာ နားထဲဝင်ရ ခက်ပေမယ့် လူတွေခေါင်းထဲတော့ အနည်းနဲ့အများ ရောက်သွားပါတယ်။ Awareness အတော်လေးရလိုက်ပါတယ်။ ဟိုနားကလည်း ဆူဆူ၊ ဒီနားကလည်း ဆူဆူဆိုတော့ ဗမာ အင်တာနက်ရွာကြီးမှာ အတော်လည်း သတင်းလှုပ်သွားပါတယ်။ အဲဒီလိုဖြစ်သွားတာ ယူနီကုတ် ပြောင်းချင်သူများအတွက် အတော်ပါပဲ။ Domino Effect ယူဖို့ အချိန်ကောင်းပါပဲ။

ယူနီကုတ်ပြောင်းလို့ ဘာတွေဖြစ်မည်ဆိုတာ ဆရာသမားများက ပေရှည်ရှည် (တုတ်နဲ့ရွယ်ပြီး) ရှင်းပြထားလို့ အတော်လေး သိပြီး ဖြစ်မှာမို့ ဘာကြောင့် ပြောင်းသင့်တယ် ဆိုတာ မပြောတော့ပါဘူး။ ကျွန်တော့်လို "ကျွန်တော်" ကိုတောင် "ကျနော်" မရေးဘဲ "ကျွန်တော်" ရေးတဲ့သူတစ်ယောက်အနေနဲ့ စံတွေကို ဖြစ်နိုင်ရင် ပိုပြီး လိုက်နာချင်ပါတယ်။ စာဖတ်သူတွေလည်း ပြောင်းရမှာမို့လို့ အချိန်ကောင်းကို စောင့်နေခဲ့ပါတယ်။

ယူနီကုတ် ပြောင်းတဲ့အခါ Blogspot ဆိုရင် ပို့စ်တစ်ခုချင်းစီ ပြောင်းစရာ မလိုပါဘူး။ ပို့စ်ဘယ်လောက်များများ အများဆုံး ၂ နာရီကနေ ၃နာရီ အတွင်းပြောင်းလို့ ရပါတယ်။ ကျွန်တော် စမ်းကြည့်ပြီးပါပြီ။ Blogspot မှာ ဘလော့တစ်ခုလုံးကို File တစ်ခုထဲမှာ Export (Save) လုပ်လို့ရတာ ရှိပါတယ်။ အဲဒီ File ကို Myanmar NLP ကပဲဖြစ်ဖြစ် တခြား Converter နဲ့ပဲဖြစ်ဖြစ် ပြောင်းလိုက်ပြီး ဘလော့ထဲကို ပြန်ထည့် Import လုပ်လိုက်ရင် ဖြစ်နိုင်ပါတယ်။ ကိုယ့်စာတွေတင်မဟုတ် တခြား Comment တွေ ဘလော့ Template ထဲက စာတွေကိုပါ ပြောင်းသွားမှာပါ။ အစမ်းသပ်ခံ ဘလော့တစ်ခုမှာ Rehearsal လုပ်ကြည့်ပြီးမှ လုပ်မည်ဆိုရင် ပိုစိတ်ချရပါတယ်။ အစမ်းသပ်ခံ အတွက် ဘလော့အသစ်တစ်ခု Create လုပ် လက်ရှိဘလော့က Export လုပ်ထားတာကို အဲဒီဘလော့ထဲ Import လုပ်လိုက်ရင် ဘလော့တစ်ခု ထပ်ပွားလို့ ရပါတယ်။ ဒီလိုပွားပြီး အစမ်း လုပ်ကြည့်နိုင်ပါတယ်။

တကယ်တော့ ဖောင့်(Character Encoding/Keyboard Layout) ပြောင်းတာ ကိုယ်တစ်ယောက်တည်းနဲ့ မပြီးပါဘူး။ အာလုံးက လိုက်ပြောင်းမှာ ပိုတင့်တယ်တာမျိုးပါ။ ကိုယ်တစ်ယောက်တည်း ကန့်လန့်လည်း မဖြစ်တော့ဘူးပေါ့။ အများ စပါကလင် သောက်နေတဲ့ အချိန်မှာ ကိုယ်လည်း ဆော်ဒါခါး မသောက်ရတော့ဘူးပေါ့။ အဲဒါကြောင့် ယူနီကုတ်ပြောင်းဖို့ တခြားသူတွေကိုလည်း ဖိတ်ခေါ်ပြီးမှ ကျွန်တော့်ဘလော့ကို ပြောင်းချင်ပါတယ်။

အဲဒါကြောင့် ကျွန်တော့် ဘလော့ကို ယူနီကုတ် ပြောင်းဖို့ ဘယ်လို စဉ်းစားသလဲဆိုတော့ တခြား ယူနီကုတ်ပြောင်းမယ့် ဘလော့တွေက ပို့စ် ၇၅၀၀ ရတဲ့ အချိန်ကျရင် ပြောင်းပါမည်။ ဘယ်လိုတွက်သလဲ ဆိုတော့ (ဥပမာ) ပို့စ် ၁၅၀ စီရှိတဲ့ ဘလော့ဂ် ၅၀ ရရင် ပို့စ် ၇၅၀၀ ရပါပြီ။ အဲဒီအခါကျရင် အားလုံး ပြောင်းကြပါမည်။ ပို့စ် ၇၅၀၀ ဆိုတဲ့ စာနဲ့ ဒီစာတွေကို ဖတ်တဲ့သူတွေက မနည်းတဲ့ အတွက် (စာမရေးတောင်) စာပဲဖတ်တဲ့သူတွေကလည်း လိုက်ပြောင်းဖြစ်သွားမှာပါ။ ကိုယ် Unicode ပြောင်းလိုက်လို့ စာဖတ်တဲ့သူတွေ ကိုးလို့ကန့်လန့်ဖြစ်မှာလည်း အများကြီး မပူရတော့ပါဘူး။

အထူးအစီအစဉ်အနေနဲ့ကတော့ ဒီဘလော့ရဲ့ Feed Roll မှာ ၂၀၁၁ တစ်နှစ်တာလုံး အဲဒီလိုပြောင်းမယ့် ဘလော့တွေရဲ့ နောက်ဆုံး ပို့စ်တွေကို အော်တို တက်လာအောင် ဖော်ပြပေးပါမည်။ အခုလက်ရှိ အော်တိုတက်နေတဲ ဘလော့တွေကတော့ ကျွန်တော် ဘလော့ စရေးတုန်းကတည်းက ခင်မင်နှစ်သက်ခဲ့ရတာတွေပါ။ ဒီဘလော့ရဲ့ Feed Roll ကိုဖတ်သူ နေ့စဉ် အနည်းဆုံး ၃၀၀ ခန့် ရှိပြီး Link တစ်ခုကို စိတ်ဝင်စားရင် ၀င်စားသလို အနည်းဆုံး Hit ၁၀၀ လောက် တစ်ရက်အတွင်း ပို့ပေးတတ်ပါတယ်။ ဒီဘလော့မှာ ဖောင့်ပြောင်းပြီးသွားရင်တော့ အရင်ဖောင့် အဟောင်းသုံးနေသေးတဲ့ စာတွေက Feed Roll မှာ (အခု Unicode နဲ့ ရေးထားတဲ့ စာတွေလို) ကြည့်လို့ ကောင်းတော့မှာ မဟုတ်တော့ပါဘူး။

အဲဒါကြောင့် ယူနီကုတ် အတူတူပြောင်းဖို့ Comment နေရာမှာ မိမိဘလော့က လက်ရှိ ပို့စ်အရေအတွက်ကို ရေးပြီး Sign Up လုပ်သွားဖို့ တောင်းပန်ပါရစေ။ ပို့စ်အားလုံးပေါင်း ၇၅၀၀ ပြည့်သွားရင် ဘယ်လို ပြောင်းတယ်ဆိုတာ ပို့စ်တစ်ခုရေးပြီး အကြောင်းကြားပါဦးမည်။ ကျွန်တော့် ဘလော့လည်း ယူနီကုတ်တွေနဲ့ ထိုးထိုးထောင်ထောင် မဖြစ်တော့ဘဲ တခြား ဘလော့တွေနဲ့ အတူး လိုက်ပြောင်းရလို့ စာဖတ်သူတွေကို ဖောင့်အသစ်ထည့်စေဖို့ အားမနာရတော့ပါဘူး။ အဲဒီအတွက် အတူ လိုက်ပြောင်းမည့်သူတွေကို ကြိုတင် ကျေးဇူးဥပကာရ ဆိုပါရစေ။

နှစ်သစ်မှာ စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာကြပါစေ။ [ယူနီကုတ်သမားများ အပါအ၀င် :) ]

Film